Wednesday, December 19, 2012

" ပျံလေဦးပေါ့ ကြိုးကြာ "


 တကယ်တော့ လူတစ်ယောက်ကိုလူအများက အမှတ်ထင်ထင် ရှိနေနိုင်ဖို့ဆိုတာ ဒီလူက တခြားလူတွေကို ဘယ်လောက်ပေးဆပ်နိုင်ခဲ့လဲ၊ လူ့လောကကြီးရဲ့ ကောင်းကျိုးကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်ခဲ့လဲ ဆိုတာနဲ့ ကြည့်ပြီး ဆုံးဖြတ်ကြတာလို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုရှိသေးတာက အဲဒီလူရဲ့ ခံစားမှု၊ ပြီးတော့ အနုပညာ အဲဒါတွေဟာလည်း အဲဒီလူကိုအမှတ်ရစေတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။

ကျွန်တော် သူ့ကို သိခဲ့တာကြာပါပြီ။ မိတ်ဆက်ပေးလို့ သိတာမျိုးလည်း မဟုတ်။ သူငယ်ချင်း အဖြစ်နဲ့သိ တာလည်း မဟုတ်။ လုပ်ဖော်ကိုင်ဖက်လည်း မဟုတ်။ သူ့အနုပညာကို ခံစားရင်း သိရတာမျိုးပါ။

သူဟာ အဆိုတော် တစ်ယောက်ပါ။ ကျွန်တော့်အကြိုက်ဆုံး အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် ကျွန်တော်ကြိုက်တဲ့ အဆိုတော်တစ်ဦးပါပဲ။ ကျွန်တော့်အကြိုက်ဆုံး အဆိုတော်လို့ ပြောရင် ထူးအိမ်သင် လို့ကျွန်တော် ဖြေမယ်။ ဒါပေမဲ့ သူ့သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့တာပါပဲ။ မှတ်မိ သလောက် ပြောရရင် ကျွန်တော် သီချင်းတွေ သေသေချာချာ နားထောင်တတ်တဲ့ အချိန်မှာ သူ့သီချင်းတွေ ပါလာခဲ့ပါပြီ။

ဘာဖြစ်လို့ ပါလာခဲ့သလဲ ဆိုတော့ သူက ကိုငှက်လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ထူးအိမ်သင် တို့လို အသံအေးအေးနဲ့ ကိုယ်ပိုင်သံစဉ်တွေကို ဆိုနေခဲ့လို့ပါ၊ အဲဒီအချိန်တွေတုန်းကလည်း ကိုယ်ပိုင်သံစဉ် ခေတ် တစ်ခေတ်က အရှိန်ရလို့ အားကောင်းနေခဲ့တာကိုး။ ဒါပေမဲ့ သူက တော်တော်များများထက် သီချင်းဆိုတာ စောမယ်ထင်ပါတယ်။ သူကတော့ အသံအေးအေးနဲ့ သီချင်းတွေဆိုတတ်တဲ့၊ အများက ချစ်စနိုးနဲ့ ကိုတိုးကြီးလို့ ခေါ်တတ်တဲ့  အဆိုတော် ' ခင်မောင်တိုး ' ပါ။

သူ့သီချင်းတွေကို စသတိထားမိတာ 'မျက်သွယ်' အခွေထွက်မှပါ။ ဒါလည်း ကျွန်တော်တို့နဲ့ အိမ်နီးချင်း အစ်မကြီးတွေက အခွေဝယ်ထားလို့ နားထောင်ရတာ။ အဲဒီအခွေမှာ သူ့ကိုသတိထားမိသွားတယ်။ ဒါနဲ့ပဲ သူ့သီချင်းအဟောင်းတွေကို ရှာပြီး ဖြည်းဖြည်းချင်း နားထောင်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့သီချင်းတွေမှာ သူ့ကို သတိထားမိသွားတာက သူဟာ အသံအေးတယ်။ သူ့သီချင်းတွေဟာ ကိုယ်ပိုင်သံစဉ်တွေ ဖြစ်တယ် ဆိုတာပါပဲ။

နောက်တော့ ကျွန်တော်တို့ ဂစ်တာတီးတဲ့အခါ ညဘက်တွေ တိတ်ဆိတ်နေရင် ကိုတိုးကြီး သီချင်းတွေက နေရာယူတတ်တာ သတိထားမိပါတယ်။ အဆောင်တွေမှာလည်း ဒီသဘောပါပဲ။ ကျွန်တော်တို့ကျောင်းသားဘ၀ ခေတ်တွေမှာ ကံကောင်းတာတစ်ချက်က အဆောင်မှာ သီချင်းတွေ ဆိုကြသလို အဲဒီအဆောင်တွေမှာ ဆိုဖို့ သီချင်းတွေကလည်း သူ့ခေတ်သူ့အခါမှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှိနေတာပါပဲ။ ထူးအိမ်သင်၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး စတဲ့အဆိုတော်တွေ အပြင် ရော့ခ်ဂီတပါ အရှိန်ရလာတဲ့ အခါမှာတော့ ရော့ခ်ထဲက ဟဲဗီးတွေ မဟုတ်တဲ့ သီချင်းမျိုးတွေကပါ အဆောင်တွေမှာ နေရာရလာပါတယ်။

အဲဒီမှာ ကျွန်တော်တို့ သိလာခဲ့ရတာက အဆောင်တွေမှာ၊ ဒါမှမဟုတ် ညဘက်တွေမှာ ကျွန်တော်တို့ သီချင်းဆိုတဲ့အခါ ရော့ခ်လို ခပ်ပြင်းပြင်း သီချင်းတွေက အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ သီချင်းအေးအေးတွေနဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကသာ အဆောင်ဝန်းကျင်မှာ ပိုပြီး တိုးပေါက်ခဲ့တာ။

ကျွန်တော် ဂစ်တာတီးတတ်တော့လည်း ကိုတိုးကြီး သီချင်းတွေကို တော်တော်လေးတီးပြီး ဆိုတတ်ခဲ့ ပါသေးတယ်။ သူ့သီချင်းတွေထဲမှာ အကြိုက်ဆုံးလို့ ပြောရရင် 'ပန်းချစ်သူ' ပါ။ တီးတာတော့ မတီးတတ်ပါဘူး။ Classical ဖြစ်တော့ ကျွန်တော် မတီးတတ်ပါဘူး။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုတိုးကြီးက ကဗျာတွေကို အသံထည့်ဆိုတော့ 'မျက်သွယ်' ရယ်၊ 'ချစ်သူသိစေ' ရယ် စတဲ့သီချင်းမျိုးတွေကို ကြိုက်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ' လွမ်း ' ဆိုတဲ့ သီချင်းမျိုးကိုလည်း ကြိုက်မိပါတယ်။

နောက်ပြီး သူ့သီချင်းတွေထဲမှာ' ဝေးခဲ့ပြီ ပန်းခရမ်းပြာ' လိုသီချင်းမျိုးကို စိတ်ဝင်စားခဲ့ဖူးပါတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ပန်းခရမ်းပြာ ဆိုတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် အကြောင်း ကြားဖူးနားဝ ရှိခဲ့လို့ပါ။ တချို့ပြောပြတာပါ။ တံတားဖြူနားမှာ အရင်ကရှိခဲ့တယ်တဲ့။ ကျွန်တော်တော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ Main လို့ ပြောကြတဲ့ ရန်ကုန်တက္ကသိုလ်ဆိုရင် ကျွန်တော်တို့လို စက်မှုတက္ကသိုလ် ကျောင်းသားတွေလည်း ရင်ခုန်တာပါပဲ။ အင်းလျားတို့၊ ကန်ပေါင်တို့၊ ဂျပ်ဆင်တို့၊ မာလာတို့ ဆိုတာ လူတိုင်းရင်ခုန်ခဲ့ရတဲ့ အရာတွေပဲ မဟုတ်လား။

ပန်းခရမ်းပြာဆိုတာ ဗေဒါလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ကျွန်တော်ကတော့ ကျောင်းနဲ့ ဝေးကွာသွားခဲ့တဲ့ သူတိုင်းဟာ ပန်းခရမ်းပြာလို သီချင်းမျိုးကို အရွယ်မရွေး ကြိုက်နေနိုင်တယ်လို့ ထင်နေမိတယ်။

နောက်ထပ် ကြိုက်တဲ့ သီချင်းတွေကတော့ အများကြီး။ သဇင်ည၊ ခွန်အားဖြည့် မိငယ်၊ ကြိုးကြာသံ၊ ညီစေမင်း၊ ကြိုးမဲ့ချည်တိုင်၊ လေးညှို့ရှင် စတဲ့သီချင်းတွေပါ။ ကျွန်တော်မှတ်မိသလောက် ကြိုးကြာသံဟာ အရှေ့တိုင်း အသံလို့ သုံးသပ်ကြပါတယ်။ 

ကိုတိုးကြီး သီချင်းတွေရဲ့ ထူးခြားမှုက သူ့အသံနဲ့လိုက်ဖက်ပြီး သူ့သီချင်းရေးဖွဲ့သူတွေဟာလည်း သူနဲ့လိုက်ဖက်အောင် ရေးဖွဲ့ခဲ့လေသလားတောင် ထင်ရပါတယ်။ နောက်ပြီး သူ့သီချင်းရေးဖွဲ့သူတွေဟာ ဂီတကို တကယ်တတ်ကျွမ်းပြီးမှ ရေးဖွဲ့သူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော် မှတ်သားဖူးပါတယ်။ ကိုမောင်မောင်၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုတင်မောင်လှိုင်၊ ကိုနိုင်မင်း စတဲ့ တေးရေးသူတွေဟာ အသံကို ကောင်းကောင်းထည့်နိုင်သူတွေ ဖြစ်ပါတယ်။ ထူးခြားတာက ကိုမောင်မောင်တို့ဆို စန္ဒယား ကိုပါနိုင်ပြီး ဂီတသင်္ကေတတွေကိုပါ ကျွမ်းကျင်ပိုင်နိုင်သူတွေ ဖြစ်နေတာပါပဲ။

ကိုတိုးကြီးလို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ အဆိုတော် ခင်မောင်တိုးအကြောင်းကို ဖျတ်ခနဲ၊ ဖျတ်ခနဲ သိလိုက်ရတာလေးတွေလည်း ကျွန်တော် မျှဝေချင်ပါသေးတယ်။ ကျွန်တော့်အဖေက ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ သူငယ်ချင်း။ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း)ကလည်း ကိုတိုးကြီးနဲ့ သူငယ်ချင်း။ တစ်ခါတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ကိုတိုးကြီးတွေ့ပြီး သူတို့အကြောင်းကို အဖေ့ဆီက ကြားရပါတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ပြန်ပြောပြတာပါ။ သူမန္တလေးက ပြန်လာပြီးတော့ပါ။

" ခင်မောင်တိုးက တရားထိုင်နေပြီ " တဲ့။ ကြားကြားချင်း ကျွန်တော် အံ့အားသင့်မိပါတယ်။ အဆိုတော် တစ်ယောက်က တရားထိုင်နေပြီဆိုတာ လူတစ်ယောက် လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်ဆိုပေမယ့် တခြားသူတွေ လုပ်တာနဲ့ မတူသလို ဖြစ်နေတာကိုး။ ဒါပေမဲ့ တစ်ဖက်က ပြန်တွေးရင် ကျွန်တော်တို့ကသာ ချစ်စနိုးနဲ့ ကိုတိုးကြီးလို့ ခေါ်နေတာ။ သူနဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ရွယ်တူတွေ။ ကျွန်တော့်အဖေနဲ့ကျတော့ သူတို့က တစ်နှစ်၊ နှစ်နှစ်လောက် ငယ်မှာ။ ဒီတော့ အဖေ့အသက်တောင် အဲဒီတုန်းက ခြောက်ဆယ်နား ရှိနေတာ။ သူတို့လည်း ဘယ်ငယ်တော့မလဲလို့ တွေးမိလိုက်ပါသေးတယ်။

ကြုံတုန်းပြောရရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကလည်း ပဋ္ဌာန်းကိုတော်တော် ရွတ်ဖတ်တယ်လို့ ကျွန်တော် သိထားပါတယ်။ သူတို့တစ်တွေ အဲဒီလို လုပ်နိုင်ကြလို့လည်း သူတို့ရဲ့ ပါရမီတွေက ရင့်သန်လို့ ဒီဘ၀မှာ တော်တော်အောင်မြင်ကြတယ် ထင်ပါရဲ့။ ပြန်ဆက်ရရင်  အဲဒီအချိန်မှာ ကိုတိုးကြီး တရား ထိုင်နေပြီ ဆိုတာ တကယ် အမှန်ပဲ ဆိုတာ ကျွန်တော်နောက်ပိုင်း သိတာတွေနဲ့ ဆက်စပ်ကြည့်တော့ အမှန်တွေချည်း ဖြစ်နေတာပါပဲ။

နောက်တစ်ခုက ကျွန်တော့်အစ်ကိုနဲ့ ကိုတိုးကြီးရဲ့ ဆက်စပ်မှုလေးတွေပါ။ ကျွန်တော့်အစ်ကိုက အရင်က ရန်ကုန်မြို့ရဲ့ ထုတ်ကုန်တွေကို စာရင်းကောက်တဲ့ ကုမ္ပဏီကြီး တစ်ခုမှာ ဋ္ဌာနကြီးတစ်ဋ္ဌာနရဲ့ အရာရှိတစ်ယောက်ပါ။ အဲဒီမှာ City FM ကနေ နှစ်စဉ်နှစ်တိုင်း ဆုတွေပေးတော့ အဆိုတော်တွေအတွက် ဂီတအမျိုးအစားအလိုက် ပေးနေတဲ့အချိန်မှာ အဲဒီအတွက် အစည်းအဝေးတက်ရပါတယ်။ ကျွန်တော့်အစ်ကိုရယ်၊ ကိုမင်းချစ်သူ၊ ကိုကြည်မင်းသိန်းနဲ့ ဋ္ဌာနမှူး ဦးလှမြင့်ဆွေတို့ ပါပါတယ်။

အဲဒီအချိန်မှာ မြန်မာသံအတွက် အဲဒီနှစ်မှာ ဆုပေးစရာ မရှိဘူးလို့  ကိုမင်းချစ်သူနဲ့ ကိုကြည်မင်းသိန်းက ပြောကြတယ်။ ။ ဒါပေမဲ့ Data တွေစုဆောင်းထားတဲ့ ကျွန်တော့်အစ်ကိုက မြန်မာသံ ဒီနှစ်အတွက် ရှိပါတယ်လို့ ပြောတော့သူတို့ အံ့အားသင့်သွားတယ်။ ဘယ်သူလဲဆိုတော့ ခင်မောင်တိုး ပါလို့ အစ်ကိုကပြောပြတယ်။ ဦးလှမြင့်ဆွေက သေချာအောင် အစ်ကို့ကို မေးပါတယ်။ ' အကြိုက်ဆုံး မန္တလေး သီချင်းများ ' အခွေ ရှိပါတယ်ဆိုတော့ ကျန်သူတွေလည်း အဲဒီကျမှ သတိရသွားဟန်တူပါတယ်။ ဋ္ဌာနမှူးက Data အရရော သေချာအောင် အစ်ကို့ကို မေးပါတယ်။

အဲဒီမှာ အစ်ကိုက မြန်မာသံထဲမှာ အဲဒီနှစ်ရဲ့ ရောင်းအားအကောင်းဆုံးပါ ဆိုပြီး သူရထားတဲ့ စာရင်းနဲ့ ချပြမှ ဋ္ဌာနမှူးက တကယ်ရောင်းအားကောင်းတာဆို ဘာလို့မပေးနိုင်ရမှာလဲ၊ သူပေးမယ်ဆိုပြီး အဲဒီမှာ ကိုမင်းချစ်သူတို့ကလည်း ၀ိုင်းပြီး ဟုတ်ပါတယ်၊ ပေးလို့ရပါတယ် ဆိုပြီး ၀ိုင်းထောက်ခံကြတာ နောက်ဆုံး ကိုတိုးကြီးရဲ့ ' အကြိုက်ဆုံး မန္တလေး သီချင်းများ ' အခွေဟာ အဲဒီနှစ်ရဲ့ မြန်မာသံဆုကို ရခဲ့သလို အဲဒီအခွေ ထုတ်တဲ့ တေးထုတ်လုပ်ရေးလည်း အကောင်းဆုံး ထုတ်လုပ်မှု ရခဲ့ပါတယ်။

ကျွန်တော့်အစ်ကိုကို သူ့အရာရှိက ' မင်းကြောင့် ခင်မောင်တိုးတော့ ဆုရသွားပြီ ' လို့ ပြောတော့ အစ်ကိုကပြုံးလို့။ အမှန်က ရသင့်ရထိုက်တဲ့လူ မကျန်ခဲ့စေချင်တာပါ။ ပြီးတော့ သူကျေနပ်တာတစ်ခုက ကိုတိုးကြီးက သူကြိုက်တဲ့အဆိုတော်တွေထဲက တစ်ယောက်ဖြစ်နေတာကိုး။

နောက်တစ်ခုကလည်း ကျွန်တော့်အစ်ကို ကြုံရတာလေးပါ။ သူနောက်ထပ် ကုမ္ပဏီတစ်ခုကို ပြောင်းပြီး အဲဒီကုမ္ပဏီက ပါတီပွဲမှာ စတိတ်ရှိုးလုပ်တော့ ကိုတိုးကြီးပါ လာဆိုပါတယ်။ ကိုတိုးကြီးစင်ပေါ်တက်လာတော့ ကျွန်တော့်အစ်ကိုက သူ့တပည့်တွေကို ပြောတယ်။ ' မင်းတို့ငါ့နောက်က လိုက်အော်ပေး။ ငါပြောပေးမယ်။ စင်နားသွားရအောင် ' ဆိုတော့ သူ့တပည့်တွေကလည်း မငြင်းဘူး။ ' ဘာအော်ပေးရမလဲ ' ဆိုပြီး လိုက်လာတယ်တဲ့။

စင်နားရောက်တော့မှ ' ကိုတိုးကြီး........ချစ်သူသိစေ ကိုဆိုပေးပါ ' ဆိုပြီး ကိုတိုးကြီး သီချင်းဆို အရပ်၊ တီးလုံးသံကြားတိုင်း ထအော်ကြတာ။ သူ့တပည့်တွေနဲ့ သူပါ ပြိုင်တူအော်တာတဲ့။ အဲဒီအချိန်မှာ ကိုတိုးကြီး သူတို့ကို လှည့်ကြည့်တဲ့ အကြည့်ကို သူဘယ်တော့မှ မမေ့ဘူးတဲ့။ ဆိုနေရင်းနဲ့ကို မျက်လုံးကို ဝေ့ကြည့် တာပါ။

အကြောင်းက ရှိပါတယ်။ ကျွန်တော့် အစ်ကိုကြီး အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးက ရေသန့်ရော၊ ယမကာတွေပါ ထုတ်ပါတယ်။ သူတို့ပါတီပွဲ ကျင်းပတဲ့ အချိန်မှာ ဧည့်သည်ကလည်း အစုံပါပဲ။ ဒါပေမဲ့ ယမကာထုတ်တဲ့ ကုမ္ပဏီက ပါတီဆိုတော့ မြူးကြွချင်သူတွေ များမှာပါပဲ။ အဲဒီလို အချိန်မှာ သူ့သီချင်းတွေထဲကနေ တကယ်ကြိုက်လို့ မှတ်မှတ်ရရ လာတောင်းဆိုတဲ့ ပရိသတ်ရှိပါလားလို့ သူသိလိုက်ရတာကို အံ့ဩသွားတဲ့ မျက်လုံးမျိုးလို့ ကျွန်တော့်အစ်ကိုကြီးက ပြောပါတယ်။

ဒါနဲ့ပဲ သူ့ရဲ့ ဆိုလက်စ သီချင်းပြီးသွားတဲ့ အချိန်မှာ ကိုတိုးကြီးက ကြေငြာပါတယ်တဲ့။ ' ဟုတ်ကဲ့။ ကျွန်တော် နောက်တစ်ပုဒ် အနေနဲ့ မောင်စိန်ဝင်း( ပုတီးကုန်း) ရဲ့ ချစ်သူသိစေ ဆိုတဲ့ သီချင်းနဲ့ သီဆို ဖျော်ဖြေပါမယ် ' တဲ့။ ကျွန်တော့် အစ်ကိုကြီး အပါအ၀င် သူ့တပည့်တွေလည်း ပျော်လိုက်ကြတာ ဆိုတာ။ မပြောပါနဲ့တော့တဲ့။ ပိုပြီး ပျော်ကြတာက အဲဒီ သီချင်းအဆုံးမှာ သူတို့ ကုမ္ပဏီ သူဋ္ဌေးတွေက ကိုတိုးကြီးကို ဆုငွေတွေ အများကြီး တက်ပြီးချကြတယ်တဲ့။ အဲဒါ အဲဒီပါတီပွဲမှာ ဘယ်အဆိုတော်ကိုမှ ဆုမချဘဲ ကိုတိုးကြီးကိုပဲ ချတာတဲ့လေ။ ကျွန်တော့်အစ်ကိုကတော့ သူတော်တော်ကြိုက်တဲ့ အဆိုတော် ဆုတွေလည်း ရတော့ ပျော်ပြီးရင်း ပျော်နေတော့တာပါပဲ။ ဒါက ကျွန်တော့် အစ်ကိုပြောခဲ့တဲ့ ကိုတိုးကြီး အမှတ်တရလေးတွေပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုတိုးကြီးရဲ့ နာမကျန်းတဲ့ သတင်းတွေ ပလူပျံအောင် စကြားရပါတယ်။ သိသိချင်း စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်က စက်မှုတက္ကသိုလ်က Mechanical ကျောင်းသားတွေ စီစဉ်တဲ့ ' သမုဒယကျောင်း ' ဆိုတဲ့ အမှတ်တရ အစီအစဉ် ဗွီဒီယိုဖိုင်လေးကို ကြည့်နေတဲ့ အချိန်။

အဲဒါက ကျွန်တော်တို့ထက် ရန်ကုန်စက်မှုတက္ကသိုလ်ကို စောတက်ခဲ့ကြတဲ့ ကျောင်းသားတွေ စီစဉ်တဲ့ မှတ်တမ်းလေးပါ။ ၁၉၇၂ ခုနှစ်၊ စက်မှုဘာသာရပ် ဆိုတော့ ကျွန်တော်တို့ မမွေးခင် ကတည်းက ကျောင်းတက်နေတဲ့ သူတွေပါ။ အဲဒီအထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာကို ကိုတိုးကြီးက သီချင်းလုပ်ဆိုထားတယ်။ ကိုနိုင်မင်းက အသံထည့်ပေးထားတယ်။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုတိုးကြီးနဲ့ ဦးဝင်းထိန်ဦးတို့က သူတို့ဖြတ်သန်းခဲ့ရတာလေးတွေ ပြောပြ ထားတယ်။( အဲဒီ သမုဒယကျောင်းကို ကျွန်တော် ပို့စ်သတ်သတ် ရေးချင်ပါသေးတယ်)

အဲဒီဗွီဒီယိုဖိုင်လေးကို ကြည့်ရင်း ကိုတိုးကြီးနဲ့ ပတ်သက်တဲ့ အသံတွေက ဆက်ကြားနေရတုန်းပဲ။ တစ်ရက်ကျတော့ ဆုံးပြီတဲ့။ နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ဘယ်သူတင်တာလဲပေါ့။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်ကတောင် လှမ်းမေးတယ်။ ဟုတ်လားလို့။ ကျွန်တော်က သေသေချာချာ မသိတော့ ဘာမျှ ပြန်မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ နောက်ရက်ကျတော့မှ မဆုံးသေးဘူးဆိုတာ သိရပြန်တယ်။ ကျွန်တော့်အလုပ်ထဲက ကောင်လေးတွေက သေပြီဆိုပြီး သတင်းကိုအတည်လုပ်နေလို့ ကျွန်တော် က လောင်းမလားဆိုပြီး ခံငြင်းခဲ့သေးတာ။

တစ်ခါတစ်ခါကျတော့ အင်တာနက်ဆိုတာကြီးကို ကျွန်တော်ရွံပါတယ်။ ဖေ့စ်ဘွတ်ခ်ကိုလည်း ကျွန်တော် ရံဖန်ရံခါ စိတ်တိုင်းမကျတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းဆိုတာ အမှန်ကိုပေးမိရင် ပြဿနာ မရှိပေမယ့် အမှားကိုပေးမိရင်တော့ အားလုံးအတွက် ဒုက္ခရောက်ဖို့ ပိုများပါတယ်။ အားလုံး ဒုက္ခရောက်တာပါ။ အဲဒါကြောင့် ကိုတိုးကြီး မဆုံးခင်က ဆုံးပြီလို့ သတင်းထွက်လာတော့ ကျွန်တော်ပြောခဲ့ပါတယ်။

' မင်းတို့လုပ်တာနဲ့ ဟိုမှာ မျောနေရင်တောင် မျောတဲ့လူကို ပြန်သတိမရအောင် လုပ်နေ သလို ဖြစ်နေတယ်။ လူက တကယ်မဆုံးသေးဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆွမ်းတောင်သွပ်နေပြီ။ ဟိုက မျောနေရင်းနဲ့ ဟ-ငါ့ကိုဘာလို့ ဆွမ်းသွပ်ပါလိမ့်လို့ တွေးချင်တွေးနေမှာ။ တစ်ခုတော့ ကောင်းတယ်။ ကျိန်းတော့ကျေသွားတာပေါ့။ ကိုတိုးကြီး ပြန်ကျန်းမာလာမှာပါ ' လို့ ပြောခဲ့တာ။

နောက်တော့မှ ကိုတိုးကြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ တကယ်ဆုံးတော့တာ။ စင်ကာပူမှာဆုံးပြီး သူ့ရဲ့ အရိုးပြာအိုးကို မြန်မာပြည်ကို သူ့သမီးက ပြန်သယ်တာကို ဖေ့စ်ဘွတ်ခ်မှာတွေ့တော့  ကျွန်တော် အဲဒီဓာတ်ပုံမှာ မှတ်ချက်ဝင်ရေးခဲ့ပါတယ်။ သူများတွေက ကိုတိုးကြီး ကောင်းရာမွန်ရာ ရောက်မှာပါ ဆိုလို့ပါ။ ကျွန်တော်ကြားဖူးသလောက် ကိုတိုးကြီးက တရားတော်တော်ထိုင်ပါတယ် ဆိုတာလေးကိုပါ။

နောက်တော့ သတင်းစာထဲမှာ ကိုတိုးကြီးမိသားစုရဲ့ နာရေးအတွက် ကျေးဇူးတင်လွှာမှာ ကိုတိုးကြီး ထိုင်ခဲ့ဖူးတဲ့ တရား စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေရဲ့နာမည်တွေကို တွေ့လိုက်ရတော့ ကျွန်တော် သိထားတာတွေ မှန်ပါတယ်ဆိုတာကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။

အခုတော့ ကိုတိုးကြီးဆုံးတာ ဒီဇင်ဘာ ၁၅ ဆိုရင် တစ်လတောင် ပြည့်ပြီးခဲ့ပါပြီ။ မိသားစုနဲ့ အတူ ၀မ်းနည်းရင်းပဲ ကိုတိုးကြီး အမှတ်တရရေးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ကျွန်တော်ချရေးဖြစ်သွားတာပါ။

ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ သဇင်ဆောင် ဆိုတဲ့ မိန်းကလေးအဆောင်ရှိပါတယ်။ ကျွန်တော်တို့အခေါ် သမိုင်းဝင်းထဲမှာပါ။ ကိုရဲလွင်ကလည်း အဲဒီအချိန်က အာရ်အိုင်တီကလို့ သိရပါတယ်။ ကိုတိုးကြီးက ကိုရဲလွင် ရေးခဲ့တဲ့ ' သဇင်ည ' ဆိုတဲ့ သီချင်းလေးကို ဆိုခဲ့ဖူးတယ်။ သဇင်ဆောင်၊ သဇင်ည၊ ပြီးတော့ နိုဝင်ဘာ။ ကိုတိုးကြီးက ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ လွမ်းအောင် ထားခဲ့တာလား မသိပါဘူး။ ဒီနေ့အထိ ကျွန်တော်အပါအ၀င် စက်မှုတက္ကသိုလ်က ကျောင်းသား၊ ကျောင်း သူတွေဟာ သဇင်ဆောင် အကြောင်းပြောရင် အဲဒီသီချင်းကို ထည့်ပြောတတ်သလို သဇင်ည သီချင်းကို ပြောရင်လည်း သဇင်ဆောင် အကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။

ကိုတိုးကြီး အမှတ်တရတွေကို ပြောမကုန်ပါဘူး။ အသေချာဆုံး တစ်ခုကို ပြောရရင်တော့ ကိုတိုးကြီး အသံဟာ အင်မတန် ကျက်သရေရှိတဲ့ အသံဆိုတာ ငြင်းမရပါဘူး။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်လို နေရာမျိုးမှာ နားထောင်ကြည့်တဲ့အခါ အင်မတန်မှ နားထောင်ကောင်းပြီး အင်မတန်မှ ငြိမ်လှပါတယ်။ ကြိုးကြာငှက်အသံကို ကျွန်တော်မကြားဖူးပါဘူး။ ဒါပေမဲ့ ကြိုးကြာသံဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုတိုးကြီးဆိုထားတဲ့ သီချင်းက ရှိလေတော့ ကိုတိုးကြီး အသံကို သာယာနာပျော်ဖွယ် ကောင်းတယ်လို့ စာထဲမှာ အမြဲသိရတဲ့ ကြိုးကြာသံနဲ့ တင်စားချင်မိတော့တယ်။

လူရယ်လို့ ဖြစ်လာရင် မွေးဖွားပြီးရင် သေရမှာ ဓမ္မတာမို့ ကျွန်တော်တို့လည်း တစ်နေ့တော့ သေဆုံးခြင်း လမ်းကို မလွဲမသွေ လိုက်ကြရမှာပါပဲ။ အခုလည်း ကိုတိုးကြီးက သွားနှင့်ပြီမို့ သွားနှင့်ဦးပေါ့ ကိုတိုးကြီးလို့ စိတ်မကောင်းစွာ ပြောဖြစ်ကြရင်း ကျန်ခဲ့တဲ့ သူ့အနုပညာတွေကို တန်ဖိုးထားလို့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

ကြိုးကြာသံနဲ့ တူတယ်လို့ ကျွန်တော်တင်စားမိတဲ့ ကိုတိုးကြီးကို  ' ပျံလေဦးပေါ့ ကြိုးကြာ ' ရယ်လို့သာ.....။     ။

ဆူးသစ်
၁၄း၁၇ နာရီ၊ မြန်မာစံတော်ချိန်
၁၉.၁၂.၂၀၁၂


6 comments:

Candy said...

သူ့သီချင်းတွေ ညီမလည်း အရမ်းကြိုက်တာ... ခုတော့... :(

3rdthameetaw said...

သင်္ခါရ တရားတွေ ဆိုတော့လဲ
မလွန်ဆန်နိုင်ခဲ့ကြဘူးလေ နော်

Cameron said...

ဒီပို့စ်လေးဖတ်ပြီး ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့မောင်စိန်ဝင်းရဲ့ မျက်သွယ်ကဗျာနဲ့ အကိုတိုးကြီးရဲ့ သီချင်းဆိုသံတွေကို ပြန်ကြားယောင်လာမိတယ်...

Cameron said...

ဒီပို့စ်လေးဖတ်ပြီး ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့မောင်စိန်ဝင်းရဲ့ မျက်သွယ်ကဗျာနဲ့ အကိုတိုးကြီးရဲ့ သီချင်းဆိုသံတွေကို ပြန်ကြားယောင်လာမိတယ်...

Cameron said...

ဒီပို့်စ်လေးဖတ်ပြီး ငယ်တုန်းကဖတ်ခဲ့တဲ့ မောင်စိန်ဝင်းရဲ့ မျက်သွယ်ကဗျာနဲ့ ကိုတိုးကြီးအသံကိုတွဲပြီး ကြားယောင်မိသွားတယ်

လရိပ်အိမ် said...

ပန်းချစ်သူ သီချင်းကိုအကြိုက်ဆုံးပါ။
ချစ်သူသိစေ လဲကောင်းတယ်။

Related Posts Plugin for WordPress, Blogger...