Sunday, August 18, 2013

"ငယ်ဖော်စိတ်ဖြင့်စွယ်တော်ရိပ်တွင်တကယ်ပျော်၍ အိပ်မိသည်" အပိုင်း ( ၁ )


စွယ်တော်ရိပ်................။

သည်နာမည်ကို ကျွန်တော်ကြားဖူးနေသည်။ ရန်ကုန်မှာရှိစဉ်က စွယ်တော်ရိပ်ဆိုသော Web Site တစ်ခုကို ရန်ကုန်စက်မှုတက္ကသိုလ်က ကျွန်တော့်စီနီယာ အင်ဂျင်နီယာတစ်ယောက်က ပြော၍ ကျွန်တော်သိခဲ့ ရသည်။ စင်ကာပူက သူ့သူငယ်ချင်းများ ဖန်တီးတာဖြစ်ကြောင်းနှင့် စာရေးချင်လျှင် လှမ်းပို့၍ရသည် ဆို၍ ကျွန်တော်ပင် ရန်ကုန်စက်မှုတက္ကသိုလ်အတွက် ပထမဆုံးရေးဖြစ်ခဲ့သော ကဗျာအကြောင်းကို ပို့ဖြစ်ခဲ့ပြီး သူတို့ ဖော်ပြခဲ့သည်။

တလောကတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျွန်တော့်သူငယ်ချင်းများ၏ Status များတက်လာသောအခါ စွယ်တော်ရိပ်ဆိုသော နာမည်တစ်ခုကို ထပ်တွေ့ရသည်။ ကျွန်တော့်အထင် စွယ်တော်ရိပ် Web Site ကိုဖန်တီးသူတို့ပဲ ဆက်လက်ဖန်တီးလေသလား မသိ။ သို့သော် သည်တစ်ခါ စွယ်တော်ရိပ်ကတော့ဖြင့် Web Site မဟုတ်တော့ပြီ။ အနုပညာအားကောင်းကောင်းဖြင့် ဖန်တီးနေသော ကပွဲတစ်ခုဖြစ်နေလေသည်။

သည်လိုနှင့် တစ်နေ့မှာ မထင်မှတ်ဘဲ ကျောင်း ( ရန်ကုန်စက်မှုတက္ကသိုလ် ) တုန်းက ကျွန်တော်တို့ သူငယ်ချင်း နိုင်ဝင်းလှိုင် ကျွန်တော့်ဆီ ရောက်လာပြီး စွယ်တော်ရိပ်သင်္ကြန် အခွေများလာပေးသည်။ ကျွန်တော်နှင့်သူ Facebook မှာ အမြဲတွေ့နေပြီး ကျွန်တော်စိတ်ဝင်စား၍ စာရေးချင်မှန်းသိနေသောကြောင့် စွယ်တော်ရိပ်ကို သိစေရန်လာပေးခြင်းဖြစ်ပါသည်။

သည်လိုနှင့် ကျွန်တော်အချိန်အား ရလျှင်ရသလို စွယ်တော်ရိပ်ကို စတင်ခံစားခဲ့တော့သည်။ ပထမဦးဆုံး ခံစားမိသည်က စွယ်တော်ရိပ်အငြိမ့် ( ၂၀၀၆ ) ခုနှစ် ဖြစ်သည်။

စွယ်တော်ရိပ် အငြိမ့် ( ၂၀၀၆ ) ခုနှစ်...........

ဘကျော်( မြို့ပြ ) စီစဉ်၍ ရှေ့ထွက် မင်းသမီး ခင်ဖြူကြည်၊ ခေါင်းဆောင် မင်းသမီး ရွှေစင်မတို့နှင့် အတူ လူရွှင်တော်များ အဖြစ် တက်လူ၊ အောင်ပြည့်၊ သာလှနှင့် အာဘွားတို့ ပါဝင်သည့် အငြိမ့် ဖြစ်သည်။

ထိုစဉ်က သူတို့သည် Informatics Myanmar Water Festival ဆိုသော ခေါင်းစဉ်အောက်တွင် ကျင်းပသွားခဲ့ပြီး စင်မှာ သေးသေးပင်ဖြစ်သည်။ ဆိုင်းဝိုင်းကိုပင် စင်ပေါ်တင်ပြီး ကသွားခြင်းဖြစ်သည်။ လူရွှင်တော်ထဲတွင် တက်လူနှင့် အောင်ပြည့်မှာ လူရွှင်တော်သမ္ဘာရှိနေပုံရသည်။ သူတို့နှစ်ဦးက ထိန်းခေါ်သွား၏။

သူတို့မှာ အခက်အခဲများ များစွာရှိသည်ဟု ကြည့်နေရင်း ကျွန်တော်ခံစားနေရသည်။ အဘယ့်ကြောင့် ဆိုသော် မိုက်ကရိုဖုန်းက မကောင်း။ အသံကမထွက်။ မင်းသမီးအဆိုမှာ တချို့နေရာမှာ နောက်ခံအဆိုက ကီးမ၀င်။ ထို့ပြင် လူရွှင်တော် တက်လူသည် လူရွှင်တော် တာဝန်ကို ထမ်းပြီး ပတ္တလား သွားတီးနေရသည်။ လူမရှိ၍ တာဝန်မျှထမ်းနေရခြင်း ဖြစ်သည်။ သို့သော် ရှိသည့်လူနှင့် သူတို့နိုင်သလောက် ထမ်းနေခြင်းဖြစ်သည်။ ဗွီဒီယိုမှတ်တမ်းကိုပင် ရသည့်ထောင့်ကနေ အဆင်ပြေသလို မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။

အားနည်းချက်ကတော့ ရှိနေသည်။ သူတို့ကလည်း ကြိုတင်တောင်းပန်ရှာပါသည်။ ပညာသည်များ မဟုတ်ကြ၍ နားလည်ပေးကြပါရန်။ လူရွှင်တော်ပညာဆိုသည်ကလည်း မသေး။ တချို့လူရွှင်တော်များက အသစ်များ ဖြစ်နေ၍ လူရွှင်တော် အထာကို မသိ။ လူရွှင်တော်က လေသံကအစ အေးနေသည်။ ရှိသည့်လူကို ရွေးထားရတာလည်း ဖြစ်နိုင်သည်။ 

အမှန်က ကျွန်တော့်အမြင်အရဆို လူရွှင်တော်ဆိုသည်မှာ ပွဲကို တစ်ချိန်လုံး လှုပ်အောင် လုပ်နေရသည်။ လူရွှင်တော်ချင်း အထောင်၊ အပို့၊ အပင့်၊ အမြှောက်၊ အထောက် အားလုံးချက်ကျနေရသည်။ ကျွန်တော် ကြည့်ဖူးသော အငြိမ့်၊ ဇာတ်များကို အခြေခံ၍ ပြောခြင်းဖြစ်ပါသည်။ သို့သော် သူတို့သည် ပညာရှင်များ မဟုတ်၍ သူတို့အထာနှင့် သူတို့ကနေသည်ကိုပင် ကျွန်တော် အားရမိသည်။ သူတို့က မည်သည့်လူရွှင်တော်၏ စတိုင်ကိုမျှ မခိုး။ သူတို့လမ်းကို သူတို့ဖောက်၍ သူတို့ဘာသာ သွားနေသည်။ 

လူရွှင်တော်သဘာဝအရ သံချပ်ထိုးသည်ကိုလည်း သူတို့နိုင်သည်။ ကျန်သည့် မင်းသမီးနှင့် အပေးအယူကိုလည်း သူတို့ထိန်းသွားနိုင်သည်။ အဓိကက တက်လူနှင့် အောင်ပြည့်ဖြစ်သည်။ လူကြီးနှစ်ယောက်ကြားမှာ သာလှနှင့် အာဘွားက မျှောလိုက်သွား၍ အငြိမ့်က လှသွားသည်။ 

မိုက်ကရိုဖုန်းကတော့ သူတို့ဝန်ခံသွားသည်ကို နားထောင်ရသည်မှာ စင်ပေါ်မှာ သုံးခုသာရှိသည်တဲ့။ ပြီးတော့ သူတို့ဇာတ်တိုက်ချိန် လေးပတ်သာရသည်ဟု သိရသည်။ သည်တော့ ထိုမျှ ဖြစ်လာသည်ကိုပင် ကျွန်တော် အံ့ဩမိသေးသည်။ သူတို့သည်ထက် ပစ္စည်းစုံလျှင်၊ သည်ထက် အချိန်ရလျှင် သည်ထက် ပိုလုပ်နိုင်သည်ဟု ကျွန်တော်ယုံသည်။ သူတို့မှာ အနုပညာ အစွမ်းက မသေး။ လျှော့တွက်လို့မရ။

တစ်ခုတော့ ကျွန်တော် သိချင်သေးသည်။ မေးချင်သည်ဟု ဆိုကလည်း မမှား။ စင်ပေါ်မှာ ဆိုင်းဘုတ်လေး အသေးလေးတင်ထားတာ တွေ့သည်။ စွယ်တော်ရိပ် အငြိမ့်ဆိုတာကို ရေးထားသည်။ ပြီးတော့ ဒါရိုက်တာ ဆိုသည့် စကားလုံးကို ရေးထားတာ ဒါရိုတ်တာ ဟု ရေးထားသည်။ တ၀မ်းပူနှင့် သတ်ထားသည်။ ကျွန်တော် တစ်ခါမျှ မဖတ်ဖူးခဲ့။ လက်ရေးပန်းချီသမားက မှားတာပဲလား မသိ။

သူတို့ဟာသများမှာ ခေတ်ကိုတော့ ထင်ဟပ်သည်ဟု ကျွန်တော်ထင်သည်။ အခွန်ဆောင်ရသည့် အကြောင်းလည်း ပါသည်။ နှစ်လုံးရောဂါအကြောင်း၊ လာဘ်ပေးရသည့်အကြောင်း စသည်ဖြင့်ပါသည်။ ပြီးတော့ မပါမဖြစ် စင်ကာပူ၏ ပင်နီဆူလာပလာဇာကဆိုင်များအကြောင်း၊ ကာရန်တွေချိတ်သွားသည်။ အဓိကက တင်ပြပုံသာ ဖြစ်သည်။ လူရွှင်တော်ဆိုသည်မှာ အာသွက်ရသည်။ နည်းနည်းလေး လေးသွား လျှင်ပင် တကယ်ရယ်ရသော ပြက်လုံးသည် ရယ်ဖို့သိပ်မကောင်းတော့။

ကျွန်တော်က အားနည်းချက်များကို ထုတ်ပြနေသည် မဟုတ်။ စွယ်တော်ရိပ်၏ အစက ၂၀၀၁ ဟု ကျွန်တော် ကြားဖူးသည်။ အရင်က ကတာကို မကြည့်ဖူးခဲ့။ ယခု ၂၀၀၆ နောက်ပိုင်းကို ကြည့်ဖူးတာဖြစ်သည်။ ၂၀၀၆ က စပြီးလျှင် နောက်ကနှစ်တွေမှာ တိုးတက်မှု ရှိမရှိကို ချိန်ဆစေချင်၍ ဖြစ်သည်။ ၂၀၀၆ ခုနှစ်ကိုတော့ ကျွန်တော် သည်မျှနှင့် ရပ်ထားချင်သည်။

တကယ်တော့ ကျွန်တော်ရသည့်အခွေထဲမှာ ၂၀၀၇ ခုနှစ်ပါသည်။ ကျွန်တော့်ကွန်ပျူတာက ၂၀၀၇ ခုနှစ်အခွေကို လုံးဝ မဖတ်။ ထို့ကြောင့် ၂၀၀၈ ကို ကျွန်တော် ကျော်၍ကြည့်မိသည်။ ထိုသို့ကြည့်မိခြင်းကပင် ကျွန်တော့်အဖို့ တော်တော်ကောင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ ၂၀၀၈ သည် ၂၀၀၆ စွယ်တော်ရိပ်နှင့် ဘာမျှ မဆိုင်အောင် ကွာခြားသွားကြောင်း ပြနိုင် ခဲ့သည့် ပွဲဖြစ်နေ၍ပင်။

စွယ်တော်ရိပ် သင်္ကြန် ( ၂၀၀၈ ) ခုနှစ်.............

စင်က ကြီးလာသည်။ ၂၀၀၆ ကစင်မျိုးမဟုတ်တော့။ တကယ့်စင်ကြီးဖြစ်သည်။ ပြီးတော့ RIT ဆိုသော စကားလုံးကို သုံးလာသည်။ ကျွန်တော်သိသလောက် စွယ်တော်ရိပ်သည် RIT ကျောင်းသူ၊ ကျောင်း သား ဟောင်းများကပင် စခဲ့တာဖြစ်သည်။ ထို့ကြောင့် ထိုစကားလုံးက ပိုအသက်ဝင်သည်ဟု ကျွန်တော် ခံစားရသည်။

အဖွင့်ကိုကြည့်။ ဘုရားကန်တော့ခန်းနှင့် စသည်။ ပြီးတော့အဖွင့်သီချင်းကို လူငယ်အတွဲ သုံးတွဲက ဆိုသည်။ ထို့နောက် အစီအစဉ်တင်ဆက်သူများက စင်ရှေ့မှာ သူတို့တင်ဆက်သော အစီအစဉ်၏ အဓိက အကြောင်းကို ပြောသွားသည်။ " နှစ်စဉ် နှစ်တိုင်း RIT မျိုးဆက်ဟောင်းများက စီစဉ်ခဲ့ပြီးတော့ ဒီနှစ်မှာတော့ YTU မျိုးဆက်သစ် လူငယ်များကို လက်တွဲခေါ်ယူ ခဲ့ခြင်းလည်း ဖြစ်ပါတယ် " ဟုဆိုသည်။ တခြားတစ်ယောက်က ပြောပါသေးသည်။ " ဟုတ်ပါတယ်။ မျိုးဆက်ဟောင်းများက ကြည်ကြည်ဖြူဖြူ လက်ဆင့်ကမ်းပေးခဲ့တဲ့ အနုပညာအမွေကို မျိုးဆက်သစ်များကလည်း အားကြိုးမာန်တက် လက်ခံရယူခဲ့ကြပါတယ်။ ဒါကြောင့် ဒီနေ့ပွဲလေးဟာ သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်တစ်ခုတည်း မဟုတ်ဘဲ RIT, YIT, YTU, MTU, PTU ကျောင်းတော်ကြီးများရဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် မောင်နှမအားလုံး လက်တွဲစည်းလုံးမှု ပြယုဂ်တစ်ခုလို့ ဆိုချင်ပါတယ်ရှင် " ဟု ပြောကြားသွားသည်။

ထိုစကားလုံးများကိုတော့ ကျွန်တော် သဘောကျမိသည်။ ကျွန်တော်ကိုယ်တိုင် YIT ဟုဆိုကြသည့် ပထမနှစ်မှသည် ပဉ္စမနှစ်အထိ နှင့် YTU ဖြစ်ခဲ့သော နောက်ဆုံးနှစ် ကြားမှာ ကျင်လည်ခဲ့ရတာဖြစ်သည်။ နာမည်ပြောင်းလိုက်၍ ကျွန်တော်တို့ ပြောင်းလဲမသွား။ ကျွန်တော်တို့သည် အင်ဂျင်နီယာ ကျောင်းသား များသာ ဖြစ်ကြသည်။ ကျွန်တော်တို့၏ နောင်တော်ကြီးများ ဖြစ်ကြသည့် RIT ကျောင်းသူ၊ ကျောင်းသား များက လက်ဆင့်ကမ်းလျှင် ကောင်းမွေသော်လည်းကောင်း၊ ဆိုးမွေသော်လည်းကောင်း ကျွန်တော်တို့ ယူမည်ဖြစ်သည်။ ကျွန်တော်တို့၏ နောင်တော်ကြီးများ ကလည်း ကောင်းမွေများကိုသာ လက်ဆင့် ကမ်းနေသည်မှာ မလွဲ။

ထို့အတူ ကျွန်တော်တို့ နောက်က လိုက်တက်လာမည့် ညီငယ်၊ ညီမငယ်များကလည်း ကျွန်တော်တို့ ထားခဲ့ဦးမည့် ကောင်းမွေ၊ ဆိုးမွေကို လက်ခံမှာမလွဲ။ ကျွန်တော်တို့သည်လည်း ကောင်းမွေကိုသာ ပေးဖို့ ကြိုးစားနေမှာ အမှန်ဖြစ်လေသည်။ သည်သို့ခံစားမိရင်း RIT သင်္ကြန်တွေ့ဆုံပွဲလေးကို ခံစားမိပြန်သည်။

အစီအစဉ် တင်ဆက်သူများပြီးတော့ ပုဂံအက၊ သင်္ကြန်အက၊ သင်္ကြန်သီချင်းများနှင့် ဖျော်ဖြေမှု။ ခေတ်ပေါ် သင်္ကြန်သီချင်းနှင့် အကများလည်းပါသည်။ ထို့နောက် တီစကွဲယိမ်း။ YIT ကျောင်းသားများက ကပြဖျော်ဖြေသည်။ သီချင်းကောင်းသလို အကလည်း ကောင်း၏။ သေသေချာချာ၊ သေသေသပ်သပ် လုပ်ထားတာ သိသာသည်။ ကျွန်တော်တို့လို စက်မှုတက္ကသိုလ် ကျောင်းသားများ ကျောင်းကို လွမ်းသည့် ရေငတ်ကလေး ပြေသွားသည်။ ထိုကဲ့သို့ သီချင်းမျိုး၊ ကျောင်းနှင့် ဆိုင်သော ဇာတ်လမ်းမျိုးကို များများလုပ်စေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုတွေ့ဆုံပွဲ၊ ကပွဲသည် စွယ်တော်ရိပ် ဆိုသည့်ခေါင်းစဉ်အောက်မှာ ရှိနေသည် မဟုတ်လား။

တီစကွဲယိမ်းပြီးတော့ ကိုကြီးကျော် ပျော်တဲ့ ဒိုး။ လူရွှင်တော် ဩဘာနှင့် အဖွဲ့ဟု ဆိုသည်။ သူတို့လည်း ကြိုးကြိုးစားစားလေး တင်ဆက်ထားသည်။ ကိုကြီးကျော်ကို အပျိုတော်များ ထိန်းလျက်ထွက်သည်။ ဩဘာသည် လူရွှင်တော်ဟု ဆိုသော်ငြား ကိုကြီးကျော်ကိုလည်း သူကနိုင်သည်။

ကိုကြီးကျော်ပြီးတော့ ဒါရိုက်တာ ဒေါ်မာမာရီနှင့် ဇာတ်ညွှန်း ရေးဖွဲ့မှု ရွှေဇင်မတို့၏ မင်းကုသနှင့် ပပ၀တီ တေးသရုပ်ဖော် ဇာတ်လမ်းတိုဖြစ်သည်။ Ex-RIT, YIT ကျောင်းသား၊ ကျောင်းသူများနှင့် ၀ါသနာရှင် မောင်မယ်များ ပူးပေါင်းတင်ဆက်သည် ဟု ဆိုသည်။ ပပ၀တီ၏ နန်းတွင်း အပျိုတော်နှစ်ယောက် အဖြစ် သရုပ်ဆောင်သော ဟာသ သရုပ်ဆောင် အောင်ပြည့်နှင့် ဟာသမယ် မွန်ရီအောင် တို့နှစ်ယောက်မှာ ပရိသတ်ပွဲကျအောင်ကို ပြောနိုင်၊ ဆိုနိုင်၊ သရုပ်ဆောင်နိုင်ကြသည်။

" ပပ၀တီ မင်းသမီးကလေးကို မြန်မာပြည် ပို့လိုက်ရရင် မကောင်းဘူးလား " ဆိုသော စကားလုံးမှာ ပရိသတ် လက်ခုပ်သံက လျှံတက်သည်။ မြန်မာပြည်မှာ မီးက ခဏခဏ ပျက်နေသည်ကိုး။ ဟာသမယ်မှာ မျက်နှာသစ်ဖြစ်သော်ငြား သူမ၏ ပျက်လုံးလေးများကို သရုပ်ဆောင်မှုမှာ မရှက်မကြောက် သရုပ်ဆောင်နိုင်သည်။ ပပ၀တီကို မပို့ဘဲ သူ့ကိုပို့ရန် ပြောပြီး သူလည်း မီးလင်းကြောင်း၊ ဘာမီးလဲဟု ဆိုသောအခါ နောက်မီး ဟု ပြောလိုက်ပုံမှာ ပရိသတ်က ပွဲကျသွားလေ၏။

မင်းကုသနှင့် ပပ၀တီပြီးသောအခါ သင်္ကြန်သီချင်းအုပ်စုလိုက် ကကြသည်။ ထို့နောက် " မင်္ဂလာရှိသော မင်္ဂလာ " ဆိုသောပြဇာတ်ကို ကသည်။ ခေတ်ကိုထင်ဟပ်စေသော ဟာသလေးများပါသည်။ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားလေးများ စာသင်ခန်းကား အင်မတန် ရယ်စရာကောင်း၏။ နောက်မှ ကျွန်တော်သိရသည်မှာ ထိုအထဲက နှစ်ယောက်ကား နောက်ပိုင်းတွင် စွယ်တော်ရိပ်အငြိမ့်၏ ထင်ရှားမည့် လူရွှင်တော်နှစ်ယောက် ဖြစ်လာလေသည်။

ကျောင်းသားတစ်ယောက်က ကျောင်းသူတစ်ယောက်ကို ပြောသည်။  ၀တ်လာတာလည်း ကြည့်ဦး။ နိုက် ကလပ် တက်မှာလား၊ ကျောင်းတက်မှာလား ဆိုတော့ ထိုကျောင်းသူက ပြောပါသည်။ ဟယ်-နင်ကလည်း ခေတ်ရဲ့ သမီးပျိုဟဲ့။ မဟုတ်ဘူးဟဲ့။ ငါ့မာမီက နေ့တိုင်းကြက်သား ချက်တယ်ဟဲ့။ နေ့တိုင်း ကြက်သားချက်တော့ ငါကနေ့တိုင်း ကြက်သား စားတာပေါ့ဟယ်။ ငါဘယ်လို ၀တ်ဝတ် နိုက်ကလပ်ပုံ ပေါက်နေတော့တာပေါ့ဟယ် ဟုဆိုသည်။ ပရိသတ်ကား တ၀ါးဝါး။

ဆရာမက လူမိုက်အကြောင်း သင်သည်။ ဆရာမက မေး၏။ လူမိုက်ဆိုသည်မှာ မည်သို့ လူမျိုးဖြစ်ကြောင်း မေး၏။  ကျောင်းသူပုံစံ သရုပ်ဆောင်သည့် လူရွှင်တော်က ဖြေသည်။ လူမိုက်ဆိုသည်မှာ အာဖရိကကလာသူကို ပြောတာတဲ့။ နောက်ကျောင်းသား တစ်ယောက်က ဖြေသည်။ သူသည်လည်း နောင်တစ်ချိန် စွယ်တော်ရိပ်၏ အဓိက လူရွှင်တော်ဖြစ်လာမည့်သူပင်။ သူက ဖြေပါသည်။ လူမိုက်ဆိုသည်မှာ ရပ်ကွက်ထဲမှာ တုတ်ကိုင်ပြီး လိုက်ရိုက်တဲ့သူကို ပြောတာတဲ့။ ပရိသတ်ကား လက်ခုပ်သံ တဖြောင်းဖြောင်း။

နောက်ကျောင်းသား တစ်ယောက်က ထပ်ဖြေသည်။ သေနတ်တွေကိုင်ထားတဲ့သူကို လူမိုက်လို့ ခေါ်ပါတယ် ဆရာမတဲ့။ သူ့စကားနှင့်သူ ပြန်တော့ဖြည်ပါသည်။ ရုပ်ရှင်ထဲမှာ သေနတ်ကိုင်ပြီး လူသတ်နေတဲ့ သူတွေကို ပြောပါသည်တဲ့။ ပရိသတ်ကား သဘောများ ကျကြ၏။ ဟာသတို့၏ သဘော၊ သရော်ခြင်းတို့၏ သဘောမှာ အဖြည်ဆိုသည့်  ကိုယ့်စကားကို ပြန်ပြီး ဖြည်ရသော စကားမျိုး ရှိရ၏။ သူတို့ကား ထိုသဘောတရားကို ကျေညက်နေသည်။

ထိုပြဇာတ်အပြီးမှာတော့ စွယ်တော်ရိပ် အငြိမ့်ကို တင်ဆက်သည်။ ဒါရိုက်တာက ရဲမြင့် ဟုဆိုသည်။ ထိုမှာလည်း စာတမ်းထိုးသည့်အခါ ဒါရိုတ်တာဟု ဆိုကာ တ၀မ်းပူဖြင့်ပင် သတ်နေပြန်သည်။ ရဲမြင့်မှာပင် အောက်ကမြင့်ပါနေပြီး ညွှန်ကြားသည်မှာလည်း ညွန့်ကြားသည်ဟု ဆိုကာ အောက်ကမြင့်တွေ ပါနေပြန်သည်။ ဒါကတော့ အခွေကြည့်မှ မြင်ရမည့် အမှားဖြစ်၍ နားလည်ပေးနိုင်သော်ငြား ကျွန်တော် သိသလောက် စွယ်တော်ရိပ်သည် ယနေ့အထိ ပွဲပြီးတိုင်း အခွေထွက်နေဆဲပင်။ နောက်ဆုံး သတင်းများအရ ယခုနှစ်မှာ Sky Net က စပွန်ဆာပေး၍ မြန်မာပြည်မှာပင် ပြန်လွှင့်မည်ဟု ဆိုနေရာ အခွေကြည့်သူတို့ အမြင်မှာ တင့်စေရန်လည်း စဉ်းစားသင့်လှပေသည်။

အငြိမ့်မှာ လူရွှင်တော်က လေးယောက်။ ဩဘာ၊ ချိန်သီး၊ ပူလီ နှင့် ဒိုင်အုပ်ဟု ဆိုသည်။ ကျွန်တော့်အတွက် ကတော့ ၂၀၀၇ ကို မကြည့်လိုက်ရ၍ စွယ်တော်ရိပ်အငြိမ့်ကို ၂၀၀၆ ခုနှစ်နှင့်သာ အာသာဖြေထား ရသူ ဖြစ်သည်။ လူရွှင်တော်လေးယောက်သည် YTU ကဟု သိရသည်။ ၂၀၀၈ ကို ပိုမျှော်လင့်မိသည်။ မျှော်လင့်သည့်အတိုင်း သူတို့ကား အတိုင်အဖောက် ညီလှပါပေသည်။

ဩဘာသည် ခွန်းထောက်ကို နိုင်နင်းစွာဆိုသည်။ ထိုမျှဆိုလျှင်ပင် ကျွန်တော်က အမှတ်ကောင်းကောင်း ပေးချင်နေသည်။ အဘယ့်ကြောင့်ဆိုသော် သည်ဘက်ခေတ် လူရွှင်တော်များမှာ ခွန်းထောက်ကို ကောင်းကောင်း ဆိုသူ နည်းသွားလေပြီ။ ပြီးပြီးရော ရောချလာသူတွေ များလာသည်။ ယခုက အနုပညာရှင် စစ်စစ်များ မဟုတ်ကြ။ အင်ဂျင်နီယာများ ဖြစ်သည်။ သူတို့ကလေးတွေ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ ၀ိုင်းကြ၊ ၀န်းကြသည်။

ခွန်းထောက်မှာ ပညာများစွာ ရှိသည်။ တချို့က လေးချိုးကြီးများကို ဆိုကြသည်။ တချို့က သံချိုလေးချိုးဒွေးချိုး များကို ဆိုကြသည်။ ခွန်းထောက်ကို နားထောင်ရုံနှင့်ပင် လူရွှင်တော်ပါး ၀မ၀ မှန်း၍ ရပြီး လူရွှင်တော်အဆင့်ကို မှန်း၍ ရနေသည်။ ထိုအတွက် ကြည့်နေရင်းမှာပင် ကျွန်တော်က ဩဘာကို အမှတ်ပေးလိုက်မိသည်။ သူ့မှာ လူရွှင်တော် သမ္ဘာမျိုး ရှိနေသည်ဟု ခံစားရသည်။ ရှေ့ပိုင်း ပြဇာတ် မှာလည်း သူကမိန်းကလေးလို လုပ်၍ ဟာသအရွှန်းဖောက်သွားသည် မဟုတ်လား။

သည်လိုနှင့် သူတို့ အငြိမ့်မှာ ကျွန်တော် မျောတော့သည်။ တစ်ခုတော့ ပြောချင်သည်။ အပြော၊ အဆိုကောင်းလာပြီဆို မိုက်က သံရှည်ကြီး ထထမြည်သည်။ အာရုံတော့ ထွေပြားလှ၏။ ပရိသတ်ကား စွယ်တော်ရိပ်အဖွဲ့သားများကို နားလည်ပေးလေသည်။ စိတ်ရှည်လှ၏။

လူရွှင်တော်များ ပြောစကားအရ သူတို့သည် ရှေ့ကလူရွှင်တော်များ နေရာကို ထိုအငြိမ့်ကမှစ၍ တာဝန်ယူ ရသည့်ပုံ ပေါ်သည်။ ရှေ့ကအငြိမ့်ထဲမှာ ၂၀၀၆ ကိုသာ ကြည့်ခဲ့ရသည့် ကျွန်တော့်အတွက်တော့ တည့်တည့် ပြောရလျှင် ၂၀၀၆ ထက် အပြတ်သာ နေသည်။ ထိုအချက်မှာ ကောင်းသော အချက်ဖြစ်သည်။ ကျွန်တော်တို့နောက်လူများက ရှေ့လူထက် မသာလျှင် ကြာလျှင် ဆုတ်ယုတ်သွားပေလိမ့်မည်။ ထို့အတူ စွယ်တော်ရိပ်ကို လူများ စိတ်ဝင်စားမှု လျော့သွားနိုင်သည်။ သည်တော့ လူငယ်များ လွှဲပြောင်း ယူချိန်မှာ ပိုကောင်းမှသာ စွယ်တော်ရိပ်ဝိုင်းတော်သားများ ကြည်နူးနိုင်ပေလိမ့်မည်ဟု ကျွန်တော် ယူဆပါသည်။

လူရွှင်တော်များ အကြောင်းပြန်ဆက်ရလျှင် သူတို့မှာ ဟန်ချက်ကို ထိန်းတတ်သော သဘောကို သွားတွေ့ရသည်။ ပရိသတ်နားရော၊ အမြင်ရောမှာ လုံးဝ အာရုံမပျက်အောင် ဖမ်းစားထားနိုင်သည်။ ထိုအတွက် လေးယောက်စလုံးကို ချီးကျူးမိသည်။

သူတို့ပျက်လုံး တစ်လုံးကို ကြည့်ပါ။ တစ်ယောက်က ပြောသည်။ နိုင်ငံရေးနှင့် နွယ်သော ဟာသတစ်ခုကို ပျက်ပြီး၍ ပူလီကို ဒိုင်အုပ်က ပြောသည်။ ဟေ့ကောင် ပူလီ။ မင်းပြက်လုံး ထုတ်တာကြည့်ထုတ်နော်။  ငါပတ်စ်ပို့ သက်တမ်းကုန်ခါနီးပြီဟ။ တော်ကြာ ငါ့ကို အခွန်မဆောင်ဘဲ သက်တမ်းတိုးပေးရင် ဘယ်လိုလုပ်မလဲဟတဲ့။ ထိုအခါ ဩဘာက ကြားဝင်သည်။ အမလေး။ မဖြစ်နိုင်တဲ့ ကိစ္စတွေ လျှောက်ပြောနေတယ်။ မြန်မာ့ အားကစားသာ ကမ္ဘာကို လွှမ်းချင်လွှမ်းသွားမယ်။ ဒီကိစ္စ မဖြစ်နိုင်ဘူး ဟု မျက်နှာပေးနှင့် ဆိုသည်။ ပရိသတ်ကား တ၀ါးဝါး။

အကြောင်းကလည်း ရှိသည်။ စင်ကာပူမှာ အလုပ်လုပ်သူတို့မှာ အခွန်ကို နှစ်ခါပေးရသည်။ မြန်မာ သံရုံးသို့တစ်ခါ၊ စင်ကာပူ အစိုးရသို့တစ်ခါ။ ထို့ကြောင့်လည်း ပရိသတ်ကား လူရွှင်တော်များ၏ ပြက်လုံးကြားမှာ တ၀ါးဝါး ဖြစ်ရလေတော့သည်။

နောက်ဟာသတစ်လုံးကတော့ ကျွန်တော်တို့လို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေပါ ဟတ်ထိသည်။ ဩဘာက ပြက်သည်။ သူအ၀တ်အစားလဲနေတုန်း အဒေါ်ကြီး တစ်ယောက်က မေးသည်တဲ့။ မင်းတို့ပွဲကတာ ဘာပွဲတုန်းဆိုတော့ သူက ပြန်ရှင်းပါသည်တဲ့။ RIT သင်္ကြန်ပွဲတဲ့။ သို့သော် အားလုံးပါသည့်အကြောင်း၊ ဆိုလိုသည်မှာ YTU, MTU, MIT, PTU စသည်ဖြင့် ကျောင်းအားလုံး ပါသည့်အကြောင်း ရှင်းပြသည့်အခါ ထိုအဒေါ်ကြီးမှ တစ်ခွန်းသာ ပြောပါသည်တဲ့။

" မင်းနှယ့်ကွယ်။ လျှာရှည်လိုက်တာ။ ပြောလိုက်စမ်းပါတဲ့။ ပြောလိုက်စမ်းပါတဲ့။ ( ဩဘာကား မျက်နှာပေးပါ ချီထား၏။ ကျွန်တော်အပါအ၀င် ပရိသတ်ကား ကြားချင်လှနေပြီ။ )ကျောင်းတွေ ပိတ်ရင် ရှေ့ဆုံးက၊ မြို့ပြင်ထွက်ရင် ရှေ့ဆုံးကပါလို့ ပြောလိုက်။ မင်းတို့ကျောင်းမှန်းသိတယ်တဲ့ "။ ပရိသတ်သည်ကား တ၀ါးဝါး၊ လက်ခုပ် တဖြောင်းဖြောင်းနှင့်။ ကျွန်တော်သည်လည်း အခွေကြည့်ရင်း သဘောကျ၍ အားရစွာ ရယ်မောခဲ့ရသေးသည်။

ရှေ့ထွက် မင်းသမီးကတော့ မာမာအေးသီချင်း နောက်ခံ ထားကာ ကပြ ဖျော်ဖြေသည်။ ကျွန်တော်က လေဘာတီ မမြရင် သီချင်းဟု ထင်နေတုန်း နောက်မှ မှားမှန်းသိရသည်။ အမှန်က ဥဩမယ်တင်၏ သီချင်း။ ကျွန်တော်တို့ အိမ်မှာ ကက်ဆက်ခွေခေတ်က ရှိခဲ့သည့် သီချင်းများ။ စင်ကာပူ ပရိသတ် အတွက် ကျေနပ်ဖို့ကောင်းသည်။ ကျွန်တော်ကတော့ အလိုက်ကလေးတွေ ရသူဖြစ်၍ လိုက်ပင် ညည်းကြည့်မိသေးသည်။ အာယားမ တဲ့။ သီချင်းက။

နောက်တော့ လူရွှင်တော်တို့ ထုံးစံ သံချပ်က စသည်။ သင်္ကြန်လည်း ဖြစ်နေ၍ သံချပ်သည် အငြိမ့်နှင့် လိုက်၏။ သည်ဘက်ခေတ် လူရွှင်တော်များ၏ ပုံစံထဲမှာ သူတို့ မျက်ခြည်မပြတ်လိုက်နေသည်ဟု ကျွန်တော် အကဲခတ်မိသည်။ သံချပ်ကလေး ကောင်းနေစဉ်မှာ မိုက်ကြီးကတော့ ထထအော်နေသေးသည်။ ထိုအချက်ကို နောက်ပိုင်းမှာ တော်တော်ပြုပြင် ပြောင်းလဲရလိမ့်မည်ဟု ထိုစဉ်က ကျွန်တော် တွေးနေ မိသေးသည်။ သံချပ်မှာလည်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ကျွန်တော်တို့ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခွန်ဆောင်ရသည့် အကြောင်းက မပါမဖြစ်။ သူတို့သည် ခေတ်ကို လုံးဝ မပြတ်စေရ။ မီသလောက် ပြက်နေသည်ဟု ဆိုရမည်။ ဒါကပင် လူငယ်တို့၏ အသစ်ဟု ဆိုရမည်။

ပြီးတော့ ဩဘာ ကလေး ပြောသွားတာရှိသေးသည်။ သူတို့သည် အလုပ်မအားသည့်ကြားမှ ကျောင်းက လူများ စုစုစည်းစည်း ဖြစ်ချင်၍ ကပြခြင်းဖြစ်ကြောင်းနှင့် RIT ပွဲမှလွဲ၍ မည်သည့် နိုင်ငံရေး အသင်းအဖွဲ့၊ စီးပွားရေး အသင်းအဖွဲ့တို့အတွက် ကပြမည် မဟုတ်ကြောင်း ကြေငြာသွားတာလေးပါ။ သူတို့၏ အနုပညာဖြင့် RIT အတွက် ကပြမည်ဖြစ်ပြီး ကျန်မည်သည့်ပွဲအတွက်မျှ မကဖူး၊ ကရန်အစီအစဉ်လည်း မရှိကြောင်း ပြောသွားရာ ပရိသတ်ကား လက်ခုပ်တဖြောင်းဖြောင်း။

ဒါကတော့ မှန်သည်။ စွယ်တော်ရိပ်က မွေးဖွားလိုက်သူသည် စွယ်တော်ရိပ်အတွက်ဆို အမြဲတမ်း အဆင်သင့် ဖြစ်ရပေမည်။ စွယ်တော်ရိပ်က လွဲလျှင် ဖွဲနှင့်ဆန်ကွဲ။ ကျွန်တော်တို့သည်လည်း ထိုစိတ်က အမြဲ ရှိသည်။ ကျွန်တော်တို့ အင်ဂျင်နီယာများကို မွေးဖွားပေးရာ စွယ်တော်ရိပ် မဟုတ်လား။

ရှေ့ထွက် မင်းသမီးကလေး နှုတ်ခွန်းဆက်တော့ အသံကနည်းနည်းတော့ ကီးကြောင်နေသည်။ သူက အသစ်ကလေးဖြစ်ပြီး သီချင်းလေးနှင့် နှုတ်ဆက်သည်ကိုး။ ကီးကြောင်လို့ အဆင်မပြေတုန်း မိုက်က အသံမထွက်။ မင်းသမီးလေးက အသစ်မို့ ထိုသို့ဖြစ်သောအခါ ပို၍ ခက်တော့သည်။ သို့သော် ဩဘာသည် တင်္ခဏုပ္ပတိဥာဏ်ရွှင်သူ ဖြစ်သည်။ သူတို့မှာပါသော ကြိုးမဲ့မိုက်က ရင်ဘတ်နားမှာ ဖြစ်၍ မင်းသမီးကို သူ့ရင်ဘတ်နား ကပ်ကာ ပြောခိုင်းပြီး မိုက်ကအသံမထွက်ဘူး။ ဒီကိစ္စ နင်နဲ့ငါနီးဖို့ ဖြစ်လာတာပဲ ဟုဆိုရာ ပရိသတ်မှာ မိုက်ပျက်သွားသည်ကို နားလည်မှု ပေးနေတုန်း ဩဘာ ပြက်လုံးကြောင့် ပြုံးရတော့သည်။ လူရွှင်တော်ပီသပါပေသည်။

မင်းသမီးလေးများ၏ အကကိုတော့ ကျွန်တော် မဆန်းစစ်လို။ သင်ပြသည့်အတိုင်း ကကြရသည်ဖြစ်ပြီး အကလေးတွေလည်း မဆိုး။ သူတို့ကလေးတွေ ကြိုးစားကြသည်။ ခေါင်းဆောင်မင်းသမီးကျတော့ ၂၀၀၆ မှာ ရှေ့ထွက်လုပ်ခဲ့သည့် ခင်ဖြူကြည်။ သူကကျတော့ လေဘာတီမမြရင် သီချင်းနှင့် ကသည်။ သူကတော့ ပထမပွဲတွေ အတွေ့အကြုံ ရှိနေပေပြီ။ သို့သော် သူ့အလှည့်မှာလည်း မိုက်က ပျက်နေသေးသည်။

ကျွန်တော်က တချို့အချက်များကို မကောင်းမြင်သည်ဟု မထင်ပါရန် ကြိုတောင်းပန်ချင်သည်။ ကျွန်တော်တို့ ကျောင်းက ညီအစ်ကိုများ လုပ်သည့်ပွဲဖြစ်၍ အကောင်းချည်းသာ ဖြစ်စေချင်သည်။ အနုပညာရှင်များ မဟုတ်၍ အပြစ်မမြင်စေချင်ဘဲ အချစ်ဝင်စေချင်သည်ဟု သူတို့ဆိုသည့်အတိုင်း ကျွန်တော့် အမြင်က အပြစ်မြင်၍ မဟုတ် အချစ်ဝင်၍သာ တစ်နှစ်ပြီး တစ်နှစ် ပိုကောင်းစေချင်သည့် ဆန္ဒကြောင့်သာ ဖြစ်သည်။ ထို့ပြင် စာဖတ်သူများ တစ်နှစ်ပြီး တစ်နှစ် နှိုင်းယှဉ်၍ ရကောင်းနိုင်ပါသည်။ နှိုင်းယှဉ်ပြီးလျှင်ဖြင့် စွယ်တော်ရိပ်အပေါ် ပို၍ အချစ်ဝင်မှာ အသေအချာပင်။ ထိုသို့ ကျွန်တော် ရည်ရွယ်ပါသည်။

ပြက်လုံးများကိုတော့ ဆောင်းပါးရှည်မှာ စိုး၍ ချန်ခဲ့ပါမည်။ ၂၀၀၈ ကို သုံးသပ်ရလျှင် ၂၀၀၆ ထက် စွယ်တော်ရိပ်အငြိမ့်သည် သိသာစွာ တိုးတက်သည့်ဘက်ကို ရောက်သည်နှင့်အညီ များစွာ ကွာသွားခဲ့သလို ကျန်အက၊ ပြဇာတ်များသည်လည်း RIT သင်္ကြန်ကို ပိုလှ၊ ပိုအသက်ဝင်စေပါတော့သည်။

ကျွန်တော်ကတော့ သူတို့၏ အနုပညာ ပြပွဲကို ကြည့်ရင်း ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းများကို သတိရမိသလို ငယ်ငယ်တုန်းက သူငယ်ချင်း အဖော်များနှင့် ကျောင်းသားဘ၀ ငယ်ဖော်စိတ် ကလေးများဖြင့် နေခဲ့ရသည်ကို သတိရပြီး စွယ်တော်ရိပ်တွင် တစ်ရေးအိပ်ခဲ့ရသည်ကို ကြည်နူးနေမိပါတော့သည်။                 ။

ဆူးသစ်
၂၁း၁၉ နာရီ
၁၈.၈.၂၀၁၃


 [ ဆက်ပါဦးမည်။ ]


0 comments:

Related Posts Plugin for WordPress, Blogger...