Saturday, May 18, 2013

" အညာသား "


အမေ.........
တစ်မြေတည်းကဖွား
တစ်ဆန်တည်းကိုပဲစားလို့
တစ်ရေကိုပဲ သောက်ခဲ့ကြသူတွေမို့
သွေးမရင်းပေမယ့်
မွေးချင်းတွေလိုသူတို့က
ကျွန်တော့်အတွက် ညီအစ်ကိုလိုပေါ့ အမေ။

လူဆိုးလေးတွေ အမေ
မြာပွေချင် ပွေတယ်
အရက်သောက် မှောက်ချင်မှောက်တယ်
ကွမ်းစား ထွေးချင်ရာထွေးတယ်
အလုပ် လာချင်တဲ့အခါ လာတယ်
ဒါပေမဲ့......
သူတို့ကို ကျွန်တော် ခင်ပါတယ်အမေ။

နေပူကြီးထဲမှာလေ
ချွေးတွေထွက် အားကုန်ဖျော
ပြီးရင် ရယ်ရယ်မောမောနဲ့
အတောမသတ်တဲ့ အပြုံးတွေလှစ်
ဖုန်းအသစ်တွေ ဟိုကလိ သည်ကလိ
(ဘယ်လိုပဲနေနေ)
သူတို့ရင်ထဲမှာတော့ မြန်မာပြည်ကိုပဲ သိတယ်အမေ။

လစာထွက်တဲ့အခါ
စုမိတာလေး အိမ်ပြန်ပို့
အမေ့ဖို့ အဖေ့ဖို့
ညီလေးဖို့ ညီမလေးဖို့
.......ဖို့........ဖို့.........ဖို့နဲ့
သူတို့ဖို့က စင်ကာပူမှာပဲရှိ
ဘာလဲသိလား အမေ
ပူနေတဲ့ နေရယ်
ကျနေတဲ့ ချွေးရယ်
မြန်မာပြည်ကို လွမ်းတဲ့စိတ်ရယ်
အဖေအမေနဲ့ မိသားစုကို သတိရမှုရယ်
အဲဒါတွေပဲ သူတို့ဖို့ပါ အမေ။

လူတွေကထင်တယ်
စင်ကာပူမှာ အလုပ်ရငွေဝင်
ကြည့်စမ်း....သူတို့ အဆင်ပြေနေလိုက်တာများ
အိမ်မှာ ပစ္စည်းတွေပွားတက်လို့
ရေစက်နဲ့ ဆိုင်ကယ်
ဒီထက်ပို အဆင်ပြေတယ်ဆို
အိမ်ကလေး  ကားကလေးတွေ ၀ယ်လို့။

အဆင်ပြေလားလို့ အမေက မေးတဲ့အခါ
သားအဆင်ပြေတယ် အမေ၊ စိတ်မပူနဲ့လို့ပြော
( ဒါပေမဲ့...)
သူတို့ ဘယ်လောက်မောတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင် ခံစားသိတယ် အမေ
ကျွန်တော်လည်း ဒီလိုပဲ ပြောခဲ့ဖူးတာပဲလေ။

နေပူထဲမှာ လုပ်ရလည်း
အဲကွန်းခန်းထဲမှာ လုပ်ရသလို သဘောထား
အမေစိတ်မကောင်း ဖြစ်သွားမှာ တွေးပူလို့
ဖေးကူသူမရှိတဲ့ ဘ၀တွေကြား
ချွေးအတူတူကျခဲ့ရတာ ကျွန်တော်နဲ့ သူတို့ပေါ့အမေ။

အဆင်ပြေလားဆိုတဲ့ မေးခွန်းတွေ အပ်ကြောင်းထပ်အောင်လာတော့
အဆင်မပြေတာလည်း အဆင်ပြေပါတယ် သဘောထား
အဆင်ပြေတာလည်း အဆင်ပြေသလို ခံစားရင်း
မြန်မာပြည်က မိသားစုတွေပျော်ရင်
မှန်မှန်မှားမှား ညာချင်ညာမယ်
( အမေရယ်.....နိုင်ငံခြားမှာ.......)
လူညာလေးတွေ အမြဲအဆင်ပြေနေကြပါတယ်။           ။

သားလတ်
၂၁း၀၄ နာရီ
၁၈.၅.၂၀၁၃

[ ကျွန်တော်နှင့် အလုပ်အတူ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများသို့]

6 comments:

နွေတေးရှင် (မင်းဧရာ) said...

စိတ်မကောင်းလှဘူး အစ်ကိုကြီးရာ
ကျွန်တော်ရော ဘာထူးလို့လဲ
အဲဒီလိုဘဲ မိဘ ကိုလိမ်နေမြဲပေါ့
ဒါပေမယ့် ခါးကော့အောင် တစ်ယောက်တည်း ခံစားရပါစေ
ဆက်လက်ပြီး လိမ် နေဦးမှာဘဲ ကျွန်တော်ကတော့ ။

အစ်ကို ရေးခဲ့သမျှ ကဗျာ ထဲမှာ ကျွန်တော့် မျက်ရည်ကို ခြွေချ သွားနိုင်တာ ဒီကဗျာ ပေါ့ အစ်ကို ။

ရင်လှိုင်းခတ်သံ said...

အဆင်ပြေလားမေးလာရင် ပြေတယ်ပဲပြောပြောနေကြပေမယ့် ၊ အမေတွေဘက်ကလည်း သိသင့်သလောက်တော့ သိနေကြပါတယ်..။ ကိုယ့်သားသမီးတွေ ကိုယ်တွေကို လိမ်နေတယ်ဆိုတာကိုပေါ့...။ ချစ်လို့ လိမ်တာပဲကိုနော်....။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီကဗျာလေးဖတ်ပြီး တကယ်ခံစားရတယ် ကိုဆူးသစ်ရေ။ ခေါင်းစဉ်လေးပဲ မြင်တုန်းကတော့ အညာသားတဲ့။ ငါလည်း အညာသူပဲ ဆိုပြီး ဖတ်တာ.. တကယ်ဖတ်မိတော့မှ ကိုယ့်ဘဝကိုထင်ဟပ်ပြထားတဲ့ ကဗျာလေး ဖြစ်နေတော့တယ်။ မိဘတွေကို မညာချင်ဘဲ ထာဝရ ညာနေမိခဲ့တဲ့ တစ်ခွန်းတည်းသော စကားလေးက အစစအရာရာအဆင်ပြေတယ်နော် ဆိုတာလေးပါ။

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးး အကိုရယ်....ကဗျာလေးက
ဝါရင့်ရေးလက်ပီသစွာ စကားလုံးတိုင်းက
အဓိပ္ပါယ်ရှိရှိ ကာရန်တွေမိမိနဲ့ ချိတ်ဆက်
ဖွဲ့နွဲ့ထားတာ မျက်ရည်တောင် ကျမိတယ်...
တကယ့် ရင်တွင်းက ခံစားချက်တွေဆိုတော့လဲ
မပီပြင်ပဲ ခံနိုင်ရိုးလားးးးးးးးး ဒီကြားထဲ
ရေးဖွဲ့တဲ့သူကပါ တော်တော့ ညီမလေး
ဖတ်ပြီး အရမ်းကို စိတ်မကောင်းဖြစ်မိတယ်
အဲလိုလူမျိုးတွေ အများကြီးပဲနော် အကို
သူတို့ကို ကိုယ်ချင်းစာမိတယ်....သူတို့အတွက်
အများကြီးစိတ်မကောင်းဖြစ်မိတယ် ....
ဒါပေမဲ့ ကိုယ်လဲ ဘာမှလုပ်မပေးနိုင်တော့....

(အကိုရေ....အကို့ဆီလဲ စာတွေလာမဖတ်
ဖြစ်တာ အရမ်းကြာသွားပြီ...မတွေ့ကြရပေမဲ့
သတိတရတော့ ရှိနေပါတယ် အကို .....
နေကောင်းကျန်းမာလို့ အဆင်ပြေပါစေရှင်..:)
ခင်မင်လေးစားလျက်
မိုးနတ်

Unknown said...

အေးဗျာ သည်ကဗျာ ဖတ်လိုက်ရတာ ရင်ထဲကို နင့်ခနဲနေတာပဲ...ကိုယ့်မျက်စိအောက်မှာ အညာသားလေးတွေ မြင်နေရသလို ကိုယ်လည်း အညာသားစစ်စစ်က အညာစကားဟစ်နေမိတာလည်း တစ်ခါတစ်ခါဆိုတော့ ခံစားရတယ်...တကယ့် ကဗျာကောင်းပဲဗျာ...အကြောင်းအရာ တကယ်လှပါတယ်...စာမျက်နှာပေါ်ကို ရောက်သင့်တဲ့ကဗျာလို့ ခံစားမိပါတယ်...

အမ်တီအန် said...

မုသားမဲ့အညာ....

Related Posts Plugin for WordPress, Blogger...