Sunday, February 8, 2015

" ခွန်အားရှိသော ခြေလှမ်း ခွန်အားရှိသော မှတ်တိုင်"



တကယ်တော့ လူတစ်ယောက်ရဲ့ဘ၀မှာ ကိုယ်တိုင်ဖန်တီးထားတဲ့အနုပညာတစ်ခုကိုလူအများရှေ့ချပြရတာ မလွယ်ကူပါဘူး။ ပြီးတော့ အဲဒီအနုပညာ တစ်ခုဖြစ်လာအောင် ရင်းနှီးခဲ့ရတဲ့ အရင်းအနှီးတွေကလည်း အများကြီးပါပဲ။ အဲဒီအရင်းအနှီးတွေထဲမှာငွေကြေးဆိုတာထက် အဲဒီအနုပညာကို ဖန်တီးဖို့လေ့လာရတာက ပိုအရေးပါတယ်လို့ ထင်ပါတယ်။ အဲဒီလိုဖန်တီးဖို့အတွက်နှစ်ပေါင်းများစွာမှာ အချိန်ပေါင်းများစွာ ယူပြီးလေ့လာခဲ့ကြရပါတယ်။ ဒီနေ့လေ့လာပြီး မနက်ဖြန်မှာ အနုပညာဖန်တီးလို့ မဖြစ်နိုင်ပါဘူး။

ကျွန်တော့်ဘ၀မှာစာပေကိုတကယ်စိတ်ဝင်စားလာပြီလို့သိသိချင်းမှာပဲစာရေးနည်းတွေကိုလေ့လာခဲ့ပါတယ်။ ပြီးတော့အကြမ်းပေါင်းများစွာရေးခဲ့ပါတယ်။ ပြီးတော့သိမ်းရုံသိမ်းပြီး နောက်တော့အဖေ့ကိုချပြခဲ့ပါတယ်။ အဖေက ပြင်တယ်။ ဒါပေမဲ့ ကျွန်တော်ဘယ်မျှ မပို့ပါဘူး။ ကိုယ့်လက်ကိုယ် မယုံသေးတာလည်းပါပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တကယ်ဝါသနာပါခဲ့တဲ့ ကဗျာကစလို့ မဂ္ဂဇင်းတွေကို စပို့ပါတယ်။ အဲဒီနောက် ကဗျာလေးတွေ မဂ္ဂဇင်းထဲပါလာပြီး ၀တ္ထုတို စရေးပါတယ်။ နောက်တော့လုံးချင်းဝတ္ထုတွေ ရေးပြီး သိမ်းထားပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၀တ္ထုတိုပြိုင်ပွဲတွေမှာ ပြိုင်တာ ဆုတွေရပါတယ်။ နောက်တော့ မှတ်မှတ်ရရ ဘောလုံးဆောင်းပါး ပြိုင်ပွဲကို ရတနာသစ်မဂ္ဂဇင်းက ဆရာဦးခင်မောင်နိုင်(ကွယ်လွန်)တို့ ဦးစီး ကျင်းပတာမှာ ၀င်ပြိုင်တာ ဆုရပါတယ်။ ဆရာကတော့ ဖုန်းဆက်တော့ ကျွန်တော့်ကို ပြောပါတယ်။ " ခင်ဗျား ကလောင်နာမည် ဆူးသစ် ဆိုတာကို စတွေ့ကတည်းက ခင်ဗျားကို ကျွန်တော်တွေ့ချင်တာ " တဲ့။ ဒါလေးက ဆူးသစ် ဖြစ်တည်မှုရဲ့ အမှတ်တရပါ။ တကယ်တော့ အဲဒီကလောင်နာမည်ရဲ့ မူရင်း ဖြစ်တည်မှုက သီးခြားရှိတာမို့ နောက်မှပဲ ပြောပြပါတော့မယ်။

၂၀၀၀ ခုနှစ်ရောက်တော့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ အဲဒီအချိန်မှာ အဖေက မှုခင်းရှုထောင့် မဂ္ဂဇင်းရော၊ ဂျာနယ်ရော နှစ်ခုစလုံးမှာ တာဝန်ခံအယ်ဒီတာပါ။ အဖေက သူ့မဂ္ဂဇင်းက မှုခင်းတစ်ခုတည်း မဟုတ်တော့ဘဲ တခြားကဏ္ဍတွေပါ ထည့်မယ်။ ဒါပေမဲ့ လူငယ်ကဏ္ဍမှာ ဆောင်းပါးကို သူများတွေနဲ့ မထည့်တော့ဘူး။ မင်းရေး ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းတော့ တွေဝေပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက် ( ၃၀ ) တောင်မပြည့်သေးပါဘူး။ အဲဒီအတွက် လူငယ်မကျတကျ၊ လူလတ်မကျတကျပဲလို့ ကိုယ့်ကိုယ်ကို ခံယူထားတာပါ။ ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်ကတည်းက ကျွန်တော့်မှာ လူငယ်တွေကို ပြောစရာတွေ တော်တော်စုမိထားပါတယ်။ စာထဲကရယ်၊ အတွေ့အကြုံရယ်၊ နှစ်ခုစလုံးပေါင်းပြီးတော့ပါ။ တစ်ခါပြန်တွေးမိတာက ဆရာ လုပ်သလို ဖြစ်မလားဆိုတာပါ။ ဒါပေမဲ့ ကျွန်တော့်စိတ်က တချို့အချက်တွေ သူတို့မသိတာကို သူတို့ကိုထောက်ပြရင် သူတို့အတွက် အကျိုး ရှိမယ်။ ကိုယ့်ဘာသာသိမ်းထားလည်း ဘာမျှဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတော့ စာထဲက ရေးပြချင်စိတ်ပေါ်မိတယ်။ ဒါနဲ့ လူငယ်တွေကို အကြံပြုချင်တဲ့ " ရေစီး " ဆိုတဲ့ ဆောင်းပါးကို စရေးဖြစ်သွားတယ်။ အဲဒီအချိန်က ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ သူတို့ဘာသာသူတို့ မှန်တယ်လို့ထင်တဲ့အမြင်ကို နေရာ၊ အချိန်နဲ့ အ၀တ်အစားဆိုတာကို နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြချင်လို့ပါ။

ဒါနဲ့ ဆောင်းပါးပြီးချိန်မှာ အဖေ့ကို ပြပါတယ်။ အဲဒီအချိန် ကျွန်တော်ရေးတာက စကားပြေ ရေးဟန်ပါ။ စကားပြော ( အခုဆောင်းပါးလို ) မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က စကားပြေ ရေးဟန်ကို ပိုကြိုက်ပါတယ်။ ပြီးတော့ အဲဒီဆောင်းပါးတွေစရေးကတည်းက ကျွန်တော့်ခေါင်းထဲမှာ ရှိတာက ကျွန်တော်ကိုယ်တိုင် တက္ကသိုလ်ကျောင်းသား ဘ၀ကိုဖြတ်ပြီးခါစမို့ လူငယ်တွေကို အတွေးအမြင်တွေ မျှတာပဲရှိမယ်၊ ဆရာလုပ်ဖို့မဟုတ်ဘူး၊ ပြီးတော့ကိုယ်တိုင် မချမ်းသာသေးတဲ့အတွက် ဟိုလိုလုပ်ရင် ချမ်းသာမယ်၊ ဒီလိုလုပ်ရင် ချမ်းသာမယ်လို့ ပါမှာမဟုတ်ဘူး ဆိုတာကို စိတ်ပိုင်းဖြတ်ထားပါတယ်။

ဆောင်းပါးကို အဖေက ဖတ်ပြီးတော့ ကျွန်တော့်ကို တစ်ခွန်းပြောပါတယ်။ ငါလိုချင်တာ အဲဒီလိုဆောင်းပါးမျိုးပဲကွ တဲ့။ ကျွန်တော်တော်တော်ပျော်သွားပါတယ်။ ရေးဖို့အားလည်းတက်သွားပါတယ်။ ဒီလိုနဲ့ စကားပြေဆောင်းပါးတွေကိုချည်း ဆက်တိုက်ရေးလိုက်တာ ၂၀၀၅ ခုနှစ်အထိပါပဲ။ အဲဒီဆောင်းပါးတွေ ရေးနေစဉ်မှာပဲ အဖေတို့မဂ္ဂဇင်းတိုက်ကို ဖုန်းတွေလာပါတယ်။ ကျွန်တော့်ဆောင်းပါးကို တစ်ခါတစ်ခါ Font Size သေးလိုက်တာကို လက်မခံနိုင်လို့ ပြန်ပြီးကြီးပေးဖို့၊ ကျွန်တော့်ကိုဘယ်လို ဆက်သွယ်လို့ရမလဲ ဆိုတာမျိုးတွေ ကြားလာရလို့ ရေးရတာအားတက်လာပါတယ်။ ဒီကြားထဲမှာ ကျွန်တော့်ဆီကို ဖုန်းနဲ့၊ စာနဲ့ဆက်သွယ်ပြီး သူတို့ရဲ့အခက်အခဲလေးတွေ မေးတဲ့သူတွေလည်း ရှိလာပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ဖြေပေးပါတယ်။

ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာတော့ ဆောင်းပါးတွေကို စကားပြောပုံစံ ပြောင်းရေးခဲ့ပါတယ်။ အကြောင်းက တချို့ အကြောင်းအရာတွေမှာ စကားပြေက ပြောရခက်နေတတ်ပြီး စကားပြောနဲ့ ရေးတာက ပိုသွက်လို့ လူငယ်တွေ နားထဲ အ၀င်မြန်တယ်လို့ ယူဆလို့ပါ။ ကျွန်တော့်မှာ ညီငယ်တစ်ယောက်ရှိလို့ သူ့ကိုရည်ရွယ်ပြီး " ညီလေး ဖတ်ဖို့ ရေးတဲ့စာ " ဆိုပြီး ရေးလိုက်တာ ၂၀၁၄ ခုနှစ်အထိ တစ်လ မပြတ်ခဲ့ပါဘူး။

နောက်ပိုင်းစင်ကာပူရောက်ခဲ့တော့ အဲဒီဆောင်းပါးတွေမှာ စင်ကာပူက ယူစရာတွေချပြခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ " အဝေးရောက်ထွန်းတောက် မြန်မာနှင့် ညီလေးဖတ်ဖို့ရေးတဲ့စာ " ဆိုတဲ့စာစုတွေကို လုံးချင်းအနေနဲ့ ပထမဆုံး ထုတ်နိုင်ခဲ့ပါတယ်။

၂၀၁၄မှာတော့ အဖေက ကျွန်တော့်ကိုလှမ်းပြောပါတယ်။ စကားပြောဆောင်းပါးတွေတော့ ထုတ်ပြီးပြီ။ မင်းမှာစကားပြေဆောင်းပါးတွေ ကျန်သေးတယ်။ ထုတ်မယ်တဲ့။ တကယ်တမ်းတော့ အဖေက ပထမစာအုပ်ထုတ်မယ် ဆိုကတည်းက ကျွန်တော်က အဲဒီစကားပြေဆောင်းပါးတွေကို အရင်ထုတ်ချင် ခဲ့တာပါ။ အဖေက စင်ကာပူအကြောင်းတွေက လောလောဆယ်မှာ ပိုစိတ်ဝင်စားနေကြတယ်။ အဲဒါ အရင်ထုတ် ဆိုတော့ အဲဒါကိုအရင်လုပ်လိုက်တာပါ။

ဒီလိုနဲ့ အရင်ကတည်းက စာအုပ်ထုတ်ဖို့ ဆိုပြီး မိတ္တူ ဆွဲထားတဲ့ ဆောင်းပါးတွေကို အဖေက ကျွန်တော့်ဆီ ပို့ပေးပါတယ်။ ကျွန်တော့်ဇနီးက သယ်လာပေးပါတယ်။ ကျွန်တော်ဖတ်ပြီး စာကျတွေပြင်ပါတယ်။ အရင်ရေးထားတာတွေကို လုံးဝမပြောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက အတွေးတွေက တော်တော်လေးလတ်ဆတ်တယ်လို့ ထင်လို့ပါ။ ဖတ်ပြီးတော့ ရန်ကုန် ပြန်ပို့ပါတယ်။ အဖေက စာအုပ်ထုတ်ဖို့ စီစဉ်ပြီး စရိုက်ပါတယ်။

အရင်စာအုပ်တုန်းက ဆရာချစ်စံဝင်းနဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) တို့ရဲ့ အမှာစာပါပေမယ့် ဒီတစ်ခေါက်တော့ အမှာစာမပါတော့ပါဘူး။ ဆောင်းပါးက ၃၁ ပုဒ်ဖြစ်နေတော့ စာကတော်တော်များနေပါပြီ။ ဒီလိုနဲ့ စာအုပ်ဈေးကို ၂၅၀၀ ကျပ်သတ်မှတ်ပြီး မျိုးဆက်သစ် စာပေ၊ အမှတ် (၃၄ )၊ ၄ -လွှာ၊ ကျီတော်လမ်း၊ ကျီတော်ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ ကနေဖြန့်ချိဖို့ စီစဉ်ပါတယ်။ ထုတ်ဝေသူကတော့ ကျွန်တော့် ပထမစာအုပ်ကို ထုတ်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ရည် စာအုပ်တိုက်ကပါ။

အဲဒီစာအုပ်ထဲမှာ ပါခဲ့တဲ့ဆောင်းပါးတွေ အားလုံးဟာ တကယ်ကို ကျွန်တော့်ဘ၀ ဖြတ်သန်းမှုတွေထဲက ရခဲ့တဲ့ ကိုယ်တွေ့နဲ့စာတွေ့တွေချည်းပါပဲ။ ဘာသာပြန်တောင်တစ်ခုမျှ မပါပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဘာသာပြန်ရေးရမှာကို စိတ်မ၀င်စားတာပါ။ လိုအပ်မယ်၊ အခွင့်သင့်မယ်ဆိုရင်တော့ လုပ်ပါမယ်။ ဒါပေမဲ့ ကိုယ်သိထားတာကိုပဲ ချပြချင်တဲ့စိတ်က ပိုထက်သန်လို့ပါ။ စာအုပ်ရဲ့ ခေါင်းစဉ်ကိုတော့ " ခွန်အား ရှိသောစာ၊ ခွန်အားရှိသော လူငယ် " လို့ ပေးထားပါတယ်။

အခုဒုတိယစာအုပ်အတွက် ကျွန်တော့်မှာ ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။

ပထမဆုံးကတော့ အဖေနဲ့အမေပါပဲ။ အဖေက ကျွန်တော်စာရေးဖို့ ပျိုးထောင်သူဖြစ်သလို ကျွန်တော့် စာအုပ်တွေမှန်သမျှ အဖေနဲ့မကင်းပါဘူး။ အမေကတော့ အရင်ကတည်းက ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အပြင်စာတွေ အဖတ်ကောင်းပြီး ကျောင်းစာမလုပ်ချင်လို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ Roll နောက်ရောက် လည်း ဘာမျှ မပြောပါဘူး။ ဂစ်တာလေးတီး၊ သီချင်းလေးဆိုလည်း ဘာမျှမပြောပါဘူး။ မဟုတ်တာမလုပ်လို့ ဆိုတာထက် ကျွန်တော်က အနုပညာကို ၀ါသနာပါမှန်းသိလို့ပါ။ အဖေနဲ့အမေသာ မပံ့ပိုးခဲ့ရင် ဒီနေ့ ဆူးသစ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ပြီးတော့ ကျွန်တော့်ဇနီး။ သူနဲ့ချစ်သူ ဘ၀ရောက်တော့ သူကကျွန်တော့်ဝါသနာကိုသိပါတယ်။ ဒီတော့ ကျွန်တော်လိုအပ်တာကို သူကတတ်နိုင်သလောက် လိုက်ဖြည့်ဆည်းပေးပါတယ်။ ကျွန်တော် ဘလော့စလုပ်ဖို့ သူကပဲ စပြင်ဆင်ပေးတာပါ။ ပြီးတော့ ကျွန်တော့်စာအုပ်တွေ ထွက်ခဲ့ချိန်တိုင်း သူလည်း နောက်ကွယ်က တစ်စိတ်တစ်ပိုင်းပါပါတယ်။ ဒီနေ့အထိ ကျွန်တော့်အနုပညာအတွက် သူ့အချိန်တွေပါ ပေးထားခဲ့တာပါ။

နောက်ထပ် ကျေးဇူးတင်ရမှာက ကျွန်တော့်အစ်ကိုကြီးမိသားစုနဲ့ ညီလေးပါ။ သူတို့တစ်တွေက ကျွန်တော့်လို အနုပညာကို တအားကြီး ၀ါသနာ မပါပေမယ့် ကျွန်တော့် ဆောင်းပါးတွေ အပေါ်မှာတော့ သူတို့တော်တော်လေး တွန်းအားပေးခဲ့ပါတယ်။ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာကတော့ ဘာလိုတယ် ဆိုတာမျိုးလေးတွေကို ထောက်ပြတတ်ပါတယ်။

ပြီးတော့ အဖေ့ရဲ့စာပေမိတ်ဆွေ၊ သူငယ်ချင်းတွေပါ။ ဆရာ နန္ဒာမိုးကြယ်ဆို အဖေ့ဆီကနေ စာအုပ် နှစ်အုပ်ဝယ်သွားပြီး သူ့အိမ်က ကလေးကို ဖတ်ခိုင်းပြီး ဆောင်းပါးထဲက ပါတဲ့ တချို့ အချက်တွေကို ပြန်မေးပါတယ်တဲ့။

ပြီးတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တွေပါ။ မြန်မာပြည်ကရော၊ ဘလော့ပေါ်မှာရော၊ Facebook Page မှာပါ အမြဲလို ကျွန်တော့်စာတွေကို ဖတ်နေကျ သူတွေ ရှိနေတာ ကျွန်တော်သိပါတယ်။ သူတို့တစ်တွေရဲ့ အားပေးမှုကလည်း ကျွန်တော့်ကို တအားဖြစ်စေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဒုတိယစာအုပ်ဟာ ကျွန်တော့်စာပေခရီးလမ်း အတွက် မှတ်တမ်းကောင်း အဖြစ် ရေးထိုးနိုင်တယ်လို့ ယုံကြည်ရင်း အားလုံးကို ကျေးဇူးတင်မိပါတယ်။            ။

ခင်မင်လေးစားစွာဖြင့် 
ဆူးသစ်
၁၂း ၁၃ နာရီ ( စင်ကာပူစံတော်ချိန် )
၈.၂.၂၀၁၅

1 comments:

Aunty Tint said...

ဖခင်ရဲ့ အနီးကပ် မြေတောင်မြှောက် အားပေးမှုခံရတာ အားကျမိတယ်။ ဆူးသစ်ပြောသလို ကိုယ်တိုင်ဖန်တီးတဲ့ အနုပညာကို အများသူငှာတို့အရှေ့ချပြဘို့ဆိုတာ မလွယ်ကူလှသလို ငွေကြေးတစ်ခုနဲ့ရင်းနှီးဖန်တီးလို့လဲ မရတာသေချာတာပေါ့ကွယ်။ ဒီကနေ့အပြင်ထွက်ရင်း စာအုပ်ရှာလိုက်မယ်။

Related Posts Plugin for WordPress, Blogger...