Saturday, January 7, 2017

" သူ့ကို Credit ပေးတယ်ဆိုတာ ကိုယ့်ကိုလည်း Credit ပေးဖို့ပါ "


ကျွန်တော်Blog Posts တွေရေးနေဆဲကာလမှာ Facebook ပေါ်လာတော့ Blog မှာရေးတာရပ်သလိုဖြစ်သွားပါတယ်။ အဲဒီကာလမှာပဲကျွန်တော့်ကဗျာတစ်ပုဒ်ကို
Facebook User တစ်ဦးက ကဗျာဆရာကိုအမည်မသိလို့ပါဆိုပြီးသူ့အကောင့်မှာ
တင်ထားခဲ့ပါတယ်။ကျွန်တော့်အသိမိန်းကလေးတစ်ဦးကပြန်ရှယ်တော့မှ
ကျွန်တော်ကသိပြီးအဲဒီအကောင့်မှာကျွန်တော့်ကဗျာဖြစ်ကြောင်းနဲ့၊
အဖြူ ရောင်လမ်းကလေးဆိုတဲ့ ဘလော့မှာတင်ထားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။
အဲဒီကဗျာက ပိန်းရွက်ပေါ်ကရေများ ဆိုတဲ့ကဗျာပါ။

ဒီကတည်းက Facebook မှာသုံးစွဲသူတချို့ဟာသူများစာကိုယူပြီး Copy and Paste လုပ်ကာမသိရင်သူတို့စာတွေလိုလုပ်တတ်ကြတယ် ဆိုတာ သိခဲ့ရပါတယ်။
ပြီးခဲ့တဲ့တစ်ရက်မှာကျွန်တော်နဲ့ခင်တဲ့၊ကျောင်းမှာဆိုလည်းမေဂျာတူစီနီယာ၊
ဘလော့ဂါဆိုရင်လည်းသူကစီိနီယာဖြစ်တဲ့အစ်ကိုတစ်ဦးရဲ့ကဗျာကို
အကောင့်နာမည်ဘာမှန်းမသိသူတစ်ဦးကစာသားတချို့ပြောင်းပြီး
ယူတင်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့အဲဒီအစ်ကိုသွားပြောပြီး
သူတင်ထားတာကိုပြန်ရှယ်တဲ့အခါအဲဒီအကောင့်ပိုင်ရှင်က
မတောင်းပန်တဲ့အပြင်သူကတောင်အဲဒီအစ်ကိုအကောင့်ကို
ဖျက်မယ်လုပ်လို့ပြုံးရသေးတယ်။

ဒီနေရာမှာသီချင်းတွေကိုကော်ပီခွေအကူးခံရတဲ့ကိစ္စနဲ့ဒီနေ့Facebook မှာဖြစ်နေတာတွေတူနေတယ်လို့ပြောချင်ပါတယ်။သီချင်းခွေတွေကော်ပီ ကူးတော့မူရင်းခွေပိုင်ရှင်တွေကအသံထွက်လာတဲ့အခါ
လူငယ်တစ်ဦးတင်ထားတဲ့Status တစ်ခုကိုဖတ်ရပါတယ်။
ကော်ပီအကူးမခံချင်ရင်ခွေမထုတ်နဲ့ဆိုတဲ့သဘောမျိုးပါ။ကျွန်တော်တို့ဖတ်ပြီး စုတ်သပ်မိသလိုခုနောက်ပိုင်းဖြစ်နေတဲ့လူငယ်တချို့ရဲ့စိတ်ဓာတ်
နိမ့်ကျလာမှုကိုပါသတိထားမိပါတယ်။နိုင်ငံခြားသီချင်းကိုတော့ယူဆိုပြီး
သူတို့အခွေကျတော့ကော်ပီအကူးမခံချင်ဘူးဆိုတဲ့အပြောမျိုးလည်း
ကြားဖူးပါတယ်။တစ်ပိုင်းမှန်ပါတယ်။ကိုယ်ပိုင်သံစဉ်ရေးဆိုနိုင်ရင်
ပိုကောင်းနိုင်ပေမယ့်ကော်ပီဆိုသူတွေမှာလည်းသီချင်းကိုရေးရတာ
၊အစအဆုံးတီးရတာ၊စတဲ့အားထုတ်မှုတွေရှိပါတယ်။ဘယ်သူမှ
ကာရာအိုကေပြန်ဆိုပြီးခွေမထုတ်တဲ့အတွက်သူတို့မှာလည်းအရင်းအနှီးရှိပါတယ်။

ဒီတော့သီချင်းခွေထုတ်တဲ့သူကအပြစ်ဖြစ်ချင်နေပြီးကော်ပီခွေကူးသူ၊
အွန်လိုင်းတင်သူကအပြစ်မဟုတ်ဘူးလို့ယူဆနေကြတဲ့ခေတ်မှာ
သူများဖန်တီးထားတဲ့ ကိုယ်ပိုင်အနုပညာတွေကျတော့ရောတကယ်တန်ဖိုး
ထားသလားလို့မေးရင်လွယ်လွယ်ယူ၊လွယ်လွယ်ပြန်တင်နေကြ
တာကိုတော်တော်များများတွေ့နေရတာပါပဲ။

Facebook ပေါ်တင်တာပိုက်ဆံမရပေမယ့်ကိုယ့်အတွေး၊ကိုယ့်အနုပညာ
တစ်ခုကိုတင်ဖို့ဆိုရင်အားထုတ်မှုတော့လူတိုင်းလုပ်ကြရတာပါပဲ။
စာတစ်ကြောင်းတင်ရင်လည်းအဲဒါသူ့မူရင်းအတွေးပါ။
မှားတာမှန်တာထား။သူ့မူပိုင်ပါပဲ။ဓာတ်ပုံတစ်ပုံတင်ရင်လည်းအဲဒါ
သူ့အားထုတ်မှုပါ။သူအဲဒီနေရာကိုသွားတယ်။အဲဒီအချိန်မှာအဲဒီလိုပုံ ရဖို့စောင့်တယ်။ဒါတွေကသူငွေမရပေမယ့်အားထုတ် မှုတွေပါ။
သတင်းရေးတင်သူတွေ၊သတင်းဆောင်းပါးရေးသူတွေဆိုပိုဆိုးပါတယ်။ သူတို့တစ်တွေအဲဒီလိုသတင်းရဖို့ဘယ်လိုလိုက်ရတယ်၊ဘာတွေရင်းရတယ် ဆိုတာသူတို့လောက်ဘယ်သူမှမသိနိုင်ပါဘူး။သတင်း အချက်အလက်တွေရဖို့စာတွေလည်းအများကြီးဖတ်ရပါတယ်။နေ့ချင်းညချင်း
သတင်းဆောင်းပါးကောင်း မထွက်ပါဘူး။

ကျွန်တော်တို့လိုစာရေးသူတွေလည်းအတူတူပါပဲ။အတွေးတစ်ခုရတယ်။ ကဗျာဖြစ်မယ်။အတွေးတစ်ခုရတယ်။ဆောင်းပါး၊၀တ္ထု ဖြစ်မယ်။ဒါကိုငွေမရပေ မယ့်ချပြတယ်။ကျန်တဲ့သူတွေခံစားမယ်။ဒါဟာအနုပညာကိုဝါသနာပါလို့ဖြစ် ချင်ဖြစ်မယ်။ဒါမှမဟုတ်ကိုယ်ပေးချင်တဲ့ Message တစ်ခုကို သူများရစေချင်လို့ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ်အဲဒါတွေအားလုံးကိုစာရေးသူ အားထုတ်ထားတာပါ။ပြီးတော့တကယ့်အနုပညာတစ်ခုဖြစ်လာဖို့အနုပညာဓာတ်ခံ၊ ပါရမီရှိသူတွေသာအားထုတ်တတ်ကြတာပါ။

ကျွန်တော်ဆောင်းပါးဖြစ်ဖြစ်၊Facebook Post ဖြစ်ဖြစ်ရေးရင်အကြောင်းအရာ စုံမှရေးပါတယ်။စုထားတတ်ပါတယ်။ပြီးတော့အကြောင်းအရာတစ်ခု တင်ရင်တောင်အဲဒါကကိုယ်ပြောချင်တဲ့အနုပညာနဲ့ရောလို့ရရင်တင်လိုက်ပါ တယ်။ဒါတွေကတခြားသူသိပြီးသားဖြစ်ချင်ဖြစ်ပေမယ့်တခြားသူမသိသေး တာရော၊တင်ပြပုံမတူတာပါဖြစ်နိုင်ပါတယ်။အဲဒါကျွန်တော့်အားထုတ်မှုပါ။ ပြီးတော့အချိန်တစ်ချိန်ပေးခဲ့ရတာပါ။ခံစားမှုများစွာစိုက်ထုတ်ထားတာပါ။
အတွေးများစွာရင်းထားတာပါ။

ဒီလိုပြောလို့ Facebook ကစာတွေ၊သတင်းတွေကိုမရှယ်ရဘူးလား။
 မဟုတ်ပါဘူး။Facebook မှာရှယ်လို့ရလို့တောင် Share ခလုတ်လေး ထည့်ပေးထားတာပေါ့ဗျာ။ဒီတော့ရှယ်တာဆိုရင်ပြဿ     နာ မရှိပါဘူး။မူရင်းရေးသားသူ၊ မူရင်းအကောင့်ပိုင်ရှင်နာမည်ပါပါသွားတာကိုး။

မရှယ်ဘဲကော်ပီယူတယ်။ပြီးတော့ကိုယ့် Wall ပေါ်မှာပြန်
Paste လုပ်တယ်။ အဲဒီအထိရသေးတယ်။ဒါပေမဲ့ Credit ဆိုပြီး
မူရင်းစာပိုင်ရှင်၊ဓာတ်ပုံပိုင်ရှင်ကို နာမည်ပြန်မတင်ပေးဘူး။ရှင်းပါတယ်။ အဲဒီစာ၊အဲဒီပုံဟာသူများရေး၊သူများရိုက်ထားတာကိုသူရေးသလို၊
သူရိုက်ထားသလိုလုပ်တာပါပဲ။

အဲဒါဟာကော်ပီသီချင်းခွေကူးသူလိုသူများဖန်တီးထားတဲ့ပစ္စည်းနဲ့
ကိုယ်အမြတ်ထုတ်တာပါပဲ။အဓိကကတော့ကိုယ့်ဆီမှာမရှိတဲ့ဖန်တီးနိုင်စွမ်း၊
ကိုယ့်ဆီမှာမရှိတဲ့အားထုတ်မှု၊ကိုယ်မရနိုင်တဲ့အစွမ်းအစ၊ကိုယ်လိုချင်တဲ့
အသိအမှတ်ပြုမှုတစ်ခုကိုသူများအားထုတ်မှုနဲ့အချောင်နှိုက်ယူတာပါပဲ။

အဲဒီလိုလူတွေကိုတွေ့နေမြင်နေရတာဟာအဲဒီလူ့အဖွဲ့အစည်းအတွက်
နစ်နာပါတယ်။သဘောကတော့အဲဒီလူ့အဖွဲ့အစည်း၊အဆင့်ရှိပါတယ်လို့ပြချင် ရင်တောင်အဆင့်မရှိသူတွေပါနေတဲ့သဘောပါ။တစ်နည်းအားဖြင့်ပညာရေး အဆင့်နိမ့်ကျတယ်လို့လည်းသုံးသပ်လို့ရပါတယ်။

တွေးကြည့်ပါ။ကိုယ့်ဘာသာသီချင်းဆိုပြီးခွေထုတ်တာတောင်ကော်ပီကူးမခံချင် ရင်၊အွန်လိုင်းအတင်မခံချင်ရင်မထုတ်နဲ့ဆိုတဲ့အတွေးမျိုး၊သူများဖန်တီးပြီးသားကို
ကိုယ့်ဟာလုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေနဲ့ဘယ်ပညာရေးအဆင့်မြင့်ပြီလို့ပြောနိုင်
ပါသလဲ။တကယ့်ပညာရေးကအဲဒါမျိုးလုပ်နိုင်လောက်တဲ့အထိတွေးခေါ်မှု
မပေးပါဘူး။သူများအားထုတ်မှုကိုအသိအမှတ်ပြုခိုင်းပါတယ်။
သူများအနုပညာဖန်တီးမှုကိုတန်ကြေးပေးပြီးဝယ်ခိုင်းပါတယ်။
အဲဒီလိုဝယ်ဖို့လည်းအစိုးရကပါ၊ပါဝင်ပြီး စည်းကြပ်ပါတယ်။
ဆိုလိုတာကအတွေးအခေါ်နိမ့်မနေဘူးဆိုရင်စစ်မှန်တဲ့လူ့အသိုင်းအ၀ိုင်းက
လူတစ်ဦးချင်းစီရဲ့အားထုတ်မှုကိုအသိအမှတ်ပြုခိုင်းပါတယ်။

ကျွန်တော်တို့အဲဒီလိုစစ်မှန်တဲ့အတွေးတွေအားလုံးနဲ့ဝေးကွာနေခဲ့တာဆယ် စုနှစ်ဘယ်နှစ်ခုလောက်ကြာခဲ့ပြီလဲ။အဲဒီလိုကြာခဲ့ရုံတင်မက
အခုခေတ်သစ်မှာလည်းသူများဟာအချောင်ယူနာမည်ကြီးချင်သူတွေ၊
သူများစာ၊သူများပုံနဲ့လုပ်စားချင်သူတွေဘယ်နှစ်ယောက်လောက်
ထပ်မွေးထုတ်ခဲ့ပြီးပြီလဲ။

Credit ပေးတယ်ဆိုတာအဲဒီလူရဲ့ idea ပဲဖြစ်ဖြစ်၊အားထုတ်မှုဖြစ်ဖြစ်၊ အရည်အသွေးကိုပဲဖြစ်ဖြစ်ချီးကျူးမှု၊လေးစားမှု၊အသိအမှတ်ပြုမှုလုပ်လိုက်တာပါ။
Credit ရဲ့နောက်ထပ်အဓိပ္ပါယ်တစ်မျိုးကျတော့ဘာသာရပ်တစ်ခုကိုသေသေ ချာချာအောင်မြင်တတ်မြောက်တယ်လို့အသိအမှတ်ပြုတာမျိုးပါ။

တကယ်လို့သူများအားထုတ်မှုကို Credit မပေးနိုင်ဘဲအလကားနေ သူများဟာပဲယူသုံး၊သူများဟာပဲယူတင်၊ကိုယ့်နာမည်နဲ့သူများဟာကို
ကိုယ့်ဟာလုပ်ချင်သူတွေ၊အောင်မြင်ချင်သူတွေဟာယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းမှာလူမှန်ရင်နားလည်တတ်ကျွမ်းသင့်တဲ့လူမှုရေး
ပညာမှာ Credit တောင် မရသေးသူတွေဖြစ်တယ်လို့ဆိုချင်ပါတယ်။

တကယ်လို့စစ်မှန်တဲ့လူ့အဖွဲ့အစည်းကလူကောင်းအဖြစ်သတ်မှတ်
ခံချင်တယ်ဆိုရင်၊ဒါမှမဟုတ်လူအချင်းချင်းလေးစားမှုကိုလိုချင်တယ်ဆိုရင်၊
သူဖန်တီးထားတဲ့အနုပညာ၊ဒါမှမဟုတ်၊အားထုတ်မှုကနေသူ့လိုပဲ
လူလေးစားခံချင်တယ်ဆိုရင် ကိုယ့်ကိုပါပြန်လေးစားခံရဖို့ကတော့
 Copy and Paste မလုပ်ပါနဲ့။

သူ့စာ၊သူ့ပုံကိုတိုက်ရိုက်ယူရှယ်ရင်ရှယ်ပါ။ဒါမှမဟုတ်သူ့ကို Credit ပေးပါ။
 အဲဒီလို Credit ပေးလိုက်တာဟာသူ့ကိုပဲ Credit ပေးတာမဟုတ်ပါဘူး။ ကိုယ့်ကိုလည်းစစ်မှန်တဲ့လူ့အဖွဲ့အစည်းကလူတစ်ယောက်ရဲ့လိုက်နာသင့်တဲ့
လူ့ကျင့်ဝတ်ကိုကျင့်တယ်ဆိုပြီးလူမှုရေးရာနဲ့ပတ်သက်တဲ့ဘာသာရပ်မှာ Credit ပေးနေတယ်ဆိုတာသိသင့်ကြောင်းပါ။ ။

ဆူးသစ်
၁၂း၁၄ နာရီ ( စင်ကာပူစံတော်ချိန် )
၀၆.၁၁.၂၀၁၆
Related Posts Plugin for WordPress, Blogger...