Saturday, January 12, 2013

"စွယ်တော်ရွက်တို့ ဒဏ္ဍာရီ"


" တို့ ၀ိုင်အိုင်တီက အနုပညာသမား ပေါတယ်ကွ။ အထူးသဖြင့် စာပေသမားတွေ ထွက်တယ်။ အခုနာမည်ကြီးနေတဲ့ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း)၊ ဆရာ နွမ်ဂျာသိုင်းတို့၊ နောက် မစန္ဒာ၊ ဆုမိလဲ့၊ ပြီးတော့ စာအရေးကျဲတဲ့ မမြင့်ခိုင်၊ နောက် ငါမသိတဲ့ ဆရာတွေ အများကြီးပဲကွ "

" ဟုတ်တယ်။ မောင်စိန်ဝင်းက စက်မှုနဲ့ ပြီးတာတဲ့။ မစန္ဒာနဲ့ ဆုမိလဲ့က ဗိသုကာနဲ့ ပြီးတာတဲ့။ အခုလောလောဆယ်  စာရေးနေတဲ့ လင်းသန့်လည်း ဗိသုကာတက်တုန်းတဲ့ "

" ကာတွန်းဆွဲတဲ့ အော်ပီကျယ်လည်း Mech နဲ့ ပြီးတာနော် "

" ဟုတ်တယ်။ ပြီးတော့ အခု မဇ္ဈိမလှိုင်းလို့ နာမည်ကြီးနေတဲ့ တီးဝိုင်းထဲက ကိုခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုမောင်မောင်တို့ကလည်း တို့ကျောင်းကတဲ့။ မောင်စိန်ဝင်းတို့နဲ့ တစ်နှစ်တည်းတွေတဲ့။ တေးရေး ၀င်းမင်းထွေးနဲ့ တူးတူးလည်း တို့ကျောင်းကပဲ "

" ရုပ်ရှင်မင်းသား မင်းဦးက တို့ကျောင်းက ပြီးတာဆို။ တစ်လောက ဒွေးလည်း ကျောင်းပြီးသွားတယ်နော်။ တို့ကျောင်းက အနုပညာကျောင်းကြီးနဲ့တူတယ် "

' ၀ါဝါဦး ' လက်ဖက်ရည်ဆိုင်၏ မျက်နှာစာ စားပွဲမှာ ထိုင်ပြီး ငြင်းခုံနေကြသော သူငယ်ချင်းတွေကို ကြည့်ရင်း သူငြိမ်၍ နားထောင်နေမိသည်။ ပြောသည့်အကြောင်းများက သူသိပြီးသား ဖြစ်သော်လည်း အနုပညာကို စိတ်ဝင်စားသော သူများမို့ စကားဝိုင်းကို မပေါ့စေချင်၍ ငြိမ်နေခြင်းပင်။

" အနုပညာသမားတွေ ပေါခဲ့သလို သူတို့ပေးခဲ့တဲ့ နာမည်တွေလည်း အများကြီး ရှိခဲ့ဖူးတယ် "

" လုပ်စမ်းပါဦး။ ငါတို့ စိတ်ဝင်စားတယ်။ တော်တော်များများ မသိကြဘူးကွ "

ခဏအကြာမှာ သူဝင်ပြောတော့ ကိုအောင်ကျော်သက်က လက်ဖက်ရည်ခွက်ကို မ ရင်း ပြော၏။

" ကိုအောင်ကျော်သက်တို့ ခုန အနုပညာသမားတွေ အကြောင်းပြောတာ ကြားမှ ကျွန်တော် သတိပြန်ရတာပါ။ ဒီလိုဗျ။ အခု ကျောင်းသား အများစုနဲ့ ဆရာ၊ ဆရာမတွေ အများစု ဘတ်စ်ကားနဲ့လာ၊ လမ်းလျှောက်လာရင် ၀င်တဲ့ ဘတ်စ်ကားဂိတ်နားက အပေါက်ကို ' ပစ္စည်းမဲ့ဂိတ်' တဲ့။ ဟိုဘက် ဂိတ်ပေါက်ကြီးက ကားစီးနိုင်တဲ့ လူတန်းစား အနည်းစု ၀င်တာကိုး။ ဒါကြောင့် ဒီဘက်က ဂိတ်ကျဉ်းကျဉ်းလေးကို '  ပစ္စည်းမဲ့ဂိတ် ' လို့ခေါ်တာ "

" မင်းပြောမှပဲ ငါတောင် တော်တော် သဘောကျသွားပြီ။ ချမ်းသာတဲ့ လူတွေနဲ့ ပိုင်းခြားပြီး ပေးထားတာပေါ့။ ဟုတ်လား။ ဘယ်သူပေးခဲ့တာလဲ "

" ဆရာ နွမ်ဂျာသိုင်းတို့ လက်ထက်က ပေးတာ။ ဆရာ မောင်စိန်ဝင်းတို့နဲ့ တစ်နှစ်တည်းပေါ့။ ၁၉၇၀ ၀န်းကျင်က ဆိုတော့ တက္ကသိုလ် ရွှေရတုဝန်းကျင်ကာလက ပေးထားတာ။ စတုတ္ထနှစ် ကျောင်း သူ၊ ကျောင်းသားတွေကို သုံးပိုင်း နှစ်ပိုင်း ကျောင်းသားတဲ့။ နောက်တစ်ခုက ၀င်ဝင်ချင်းတွေ့ရတဲ့ တိုင်လုံးကြီးတွေကို သူတို့လက်ထက်က ရောမတိုင်လုံးကြီးတွေလို့ ခေါ်တယ်တဲ့။ အဲဒါ ဘာမှ မထူးဆန်းပေမယ့် ငါအရမ်းသဘောကျတဲ့ နာမည်လေးတစ်ခု ရှိခဲ့သေးတယ် "

" ဘာနာမည်လဲ "

" Lover's Lane တဲ့။ ချစ်သူတို့ လမ်းကလေး လို့ ခေါ်တယ် "

" ဘယ်နားက လမ်းကို ပြောတာလဲ "

" အခု ဒုတိယနှစ်တွေ တက်နေတဲ့ အဆောင်တွေ ရှေ့က လမ်းကလေးလေ။ ခရေပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့။ ကားပတ်ခ်ဘေးက စတာ။ စက်မှု အဆောင်လေးဆောင်ရယ်၊ ကားပြင် အလုပ်ရုံရယ်ကို ပတ်ပြီး ပြေပြေလေး ဆင်းသွားတယ်။ န၀ရတ်နားအထိ။ အဲဒီ လမ်းကလေးကို ခေါ်တာ "

" တော်တော် စိတ်ကူးကောင်းတဲ့ လူတွေပဲ။ ငါတို့နှစ်ကျတော့ ဘာနာမည်တွေ ထပ်ပေးခဲ့ရမလဲ မသိဘူး။ နောက် ငါတို့ရဲ့ ညီတော်၊ ညီမတော်တွေ အတွက် မှတ်မှတ်ရရ ဖြစ်အောင်လေ "

" စိတ်မပူပါနဲ့။ ဩဘာလမ်းက တို့တွေထားခဲ့တဲ့ အမှတ်တရ နာမည်တစ်ခုပေါ့ "

သူက ပြောတော့ " ဟာ-ဟုတ်သားပဲ " ဟု မင်းဘုန်းလှိုင်က အားရ၀မ်းသာ ပြောသည်။

" နောက်ပြီး အဆောင်တွေနဲ့ ပတ်သက်တဲ့ အလေ့အထတွေ၊ ကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ မဂ္ဂဇင်းကိစ္စ၊ အသုံးလုံး လုပ်အားပေးတို့၊ ရွှေရတုအနုပညာလုပ်ရှားမှုတို့၊ အပတ်စဉ် ထုတ်တဲ့ စက်မှုစာစောင် အကြောင်းတို့ အဲဒါတွေတော့ ရှိသေးတယ်။ အများကြီးပဲ။ အဲဒါတော့ နောက်မှ ပြောပြမယ်။ အတန်းတက်ဖို့ နီးနေပြီ။ သွားရအောင် " 

" အေးကွာ၊ စိတ်ဝင်စားတယ်။ ကျန်တဲ့ကျောင်းသားတွေလည်း သိချင်မှာပဲ။ ကျောင်းပြီးလို့ မင်းစာရေးရင် အဲဒါတွေ ထည့်ရေးစမ်းပါ။ အဲဒါတွေက ခေတ်တစ်ခေတ်မှာ ရှိတဲ့ ကျောင်းသားတွေကို ဖော်ပြ သလို ကျောင်းသားတွေရဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်အားကျ အတုယူစရာ ကောင်းတယ်ဆိုတာ နောင် လာမယ့် ကျောင်းသားတွေကို ဖော်ပြသလိုမျိုးဖြစ်မှာ။ သိလည်း သိသင့်ကြတယ်လေ "

" ငါ ၀တ္ထုရေးဖို့ ကျောင်းနဲ့ ပတ်သက်သမျှ Notes တွေ ထုတ်ထားတာ ရှိတယ်။ စိတ်မပူနဲ့။ အကုန်ရေးမယ် "

ပြောပြီး လက်ဖက်ရည်ဖိုး ရှင်းရန် စားပွဲထိုး အစ်ကိုကို လှမ်းခေါ်စဉ် ကိုအောင်ကျော်သက်က လက်ကာပြ၏။

" ငါတို့ မသိတာတွေ သိရတဲ့အတွက် ငါကပဲ အကုန်ခံပါ့မယ်။ ဒီနေ့ ငါဒကာပေါ့ "

သူဘာမျှ မပြောတော့။ ကျောင်းရောက်ပြီး တစ်ပတ်အတွင်းမှာ ရင်းနှီးခဲ့သူတွေ ဖြစ်သော်ငြား ငယ်ပေါင်းလို ရင်းနှီးသူများ ဖြစ်ခဲ့ကြသည်။

တကယ်တော့ ပထမနှစ်ဆိုသည်မှာ တက္ကသိုလ်တက်စ ကျောင်းသား၊ ကျောင်းသူတိုင်း တက်ကြွနေချိန်ပင်။ ထိုအချိန်မျိုးတွင် ကိုယ့်အစွဲနှင့်ကိုယ် စိတ်ဝင်စားစရာ ပြောဖြစ်ခဲ့တာလည်း မဆန်းကြ။ ထိုကဲ့သို့ မဆန်းလှသော ကာလတစ်ခုမှာပင် သူ့ဘ၀အတွက် ဆန်းပြားစရာ ကာလတစ်ခု ရောက်ခဲ့သည်။

Physic ဘာသာရပ်၏ လက်တွေ့မလုပ်ခင် တစ်ရက်မှာပင်။

*******************

" ခိုင်ထွန်း။ ဟေ့ကောင် ခဏကွာ "

ပထမနှစ် Section B ရှိရာ L-2 ၏ နောက်ဘက်လှေကားမှ တက်ပြီး အခန်းထဲ ၀င်မည်ပြုစဉ် နောက်ဘက်မှ ခေါ်သံကြောင့် လှည့်ကြည့်မိတော့ စိုးမင်းဆက်ကို တွေ့သည်။

စိုးမင်းဆက်က ဒီဇိုင်းရူး သူငယ်ချင်း။ စာအကြောင်း၊ ကဗျာအကြောင်း ဆွေးနွေးရင်းမှ ခင်လာသူ။ လေကြောင်းအင်ဂျင်နီယာ ဘာသာရပ်မှ လေယာဉ်ပျံ ပုံအပိုင်းအစများကို စုကာ သူ့စိတ်ကူးထဲက ဒီဇိုင်းတွေ ချချ ဆွဲတတ်သည်။ စာသမားမို့ ကျောင်းတက်တက်ချင်းပင် ပိုခင်ခဲ့ကြသည်။

" ဘာလဲ ဟေ့ကောင်။ ပြော "

" မင်းကို ငါ့ဘော်ဒါတစ်ပွေနဲ့ မိတ်ဆက်ပေးချင်လို့ကွာ။ သူက မင်း Roll နဲ့ ကပ်လျက်။ မင်းအထက်က။ မင်းတို့ မနက်ဖြန် Lab ရှိတယ် မဟုတ်လား။ အဲဒါ မင်းတို့အုပ်စုမှာ သူပါတယ်။ သူ့နားမှာ ယောကျာ်းလေးတွေချည်းပဲမို့ မင်းကို အကူအညီ တောင်းတာပါ "

" မင်းဘော်ဒါဆိုလို့ ယောကျာ်းလေးမှတ်တာ။ ရပါတယ်။ ဖစ်ဆစ်က ဘာလုပ်ရမှာမို့လို့လဲ "

" မသိဘူးလေ။ မိန်းကလေးတစ်ယောက်တည်းဆိုတော့ နည်းနည်းကြောင်နေမှာ စိုးလို့ "

အင်း.......အင်းဟု စကားဖြတ်ကာ အခန်းထဲဝင်ပြီး သူငယ်ချင်းတွေနှင့် စကားပြောနေလိုက်သည်။ ထူးထူးထွေထွေ သိပ်တွေးနေစရာ မလိုသည့် ကိစ္စမို့ မေ့ထားသော်ငြား ကိုယ့်အထက်က ကိုယ့်ထက် ခုံနံပါတ်မြင့်သူဟူ၍ လေးစားစွာ တွေ့ချင်နေသည်ကတော့ အမှန်ပင်။

စာသင်ချိန်တွေပြီး၍ နေ့လယ်အားလပ်ချိန် ထမင်းစားနေစဉ်မှာပင် စိုးမင်းဆက်နှင့် မိန်းကလေး တစ်ယောက် ပါလာ၏။

" ခိုင်ထွန်း၊ ဒါ ငါ့သူငယ်ချင်း၊ စံသီရိ တဲ့ "

တွေ့ရတာ ၀မ်းသာပါတယ် ဆိုသော စကားသံ စူး ရှရှကို ကြားရစဉ် မင်သက် တွေဝေနေပြီးမှ ဟုတ်ကဲ့ဟု အပြုံးနှင့် ဆိုလိုက်သည်။ တွေ့ရတာ ၀မ်းသာပါတယ်ဆိုတော့ မတွေ့ရရင် ၀မ်းနည်းစရာ ဆိုသော သဘောကို သက်ရောက်၍ လူတစ်ဦးနှင့် မိတ်ဆက်ပေးတိုင်း ဟုတ်ကဲ့ဟု ပြောရုံကလွဲ၍ သူဘာမျှ မပြောခဲ့။ အပြုံးနုနု၊ ဆံပင်ရှည်ရှည်နှင့် သူမ၏ အသံစူးရှမှုများကို ခဏအတွင်း သတိထားလိုက်မိသည်။ အပြောအဆို၊ အမူအရာ ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးတစ်ဦး အဖြစ် မှတ်ချက်ချလိုက်၏။

" စံသီရိ၊ နင်သူ့ကို ခင်ခင်မင်မင်ပေါင်း။ ငါလည်း ဒီကျောင်းရောက်မှ သိတာပါပဲ။ ဒါပေမဲ့ ပေါင်းလို့ ရတယ်ဟ။ ခင်သွားတယ်။ ပြီးတော့ နင်နဲ့ ပိုပြီး ပေါင်းရတာ အဆင်ပြေနိုင်တယ် "

စိုးမင်းဆက် စကားကြောင့် နားမလည်စွာ ငေးမိသည်။ ဘာဖြစ်လို့လဲဟု မေးလိုက်၏။

" စံသီရိက ကဗျာသမား ခိုင်ထွန်းရ "

" ဟာ-ဟုတ်လား။ ဒါဆို တော်တော် ၀မ်းသာတယ်ဗျာ။ ကျွန်တော်နဲ့ ဆွေးနွေးလို့ ဖြစ်ပြီပေါ့ "

" ကိုခိုင်ထွန်းလောက် ရေးအား မသန်ပါဘူး။ သီရိက ဖတ်အားပဲ သန်တာ "

' သီရိက ' ဆိုသော စကားလုံးသုံးလုံးကပင် ရင်ထဲကို အရှိန်ပြင်းစွာ ၀င်ဆောင့်သွားပြီလား မသိ။ ရင်တစ်ခုလုံး တုန်ခါသွားသည်။

ဤသို့နှင့်ပင် ယခင်က ဘာမျှ မဆန်းပြားခဲ့သော သူ့ကမ္ဘာလေးမှာ ဆန်းပြား၍ အံ့ဩဖွယ်ရာတို့ တစ်နေ့ပြီး တစ်နေ့ ဆက်တိုက်ကြုံလာရတော့သည်။ ထိုအံ့ဩမှုတို့ကို ဖန်တီးသူကတော့ သီရိ ဆိုသော သူမပင်။

*********************

သားလတ်
( ဆက်ပါဦးမည် )

[ ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ်တက်နေစဉ်ကာလမှာ ကျွန်တော်တို့ကျောင်း၌ မဂ္ဂဇင်းတစ်အုပ် ထုတ်ဖြစ်ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၊ ၁၉၉၆ ခု ခေါ်ပါသည်။ ထိုမဂ္ဂဇင်းထဲတွင် ကျွန်တော့် မဂ္ဂဇင်း ၀တ္ထုရှည်တစ်ပုဒ် အရွေးခံရပါသည်။ ယခု ထိုဝတ္ထုရှည်ကို ပြန်လည်ခံစားသည့် အနေဖြင့် ဘလော့ချစ်သူ၊ စာချစ်သူများ ခံစားနိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။ မဂ္ဂဇင်းဝတ္ထုရှည် ဖြစ်၍ ကျွန်တော့်အနေဖြင့် အားလုံးတင်ရန် အဆင်မပြေသောကြောင့် အပိုင်းခွဲကာ တင်ရသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ]


6 comments:

စံပယ်ချို said...

ဝိုင်အိုင်တီက စာပေပညာရှင်တွေအကြောင်းက
စိတ်ဝင်စားစရာကောင်းပြီး စံသီရိအငြောင်းကိုလဲ
ထပ်ပြီးသချင်သေးတယ်ကိုဆူးသစ်ရေ...
စောင့်မျော်လျှက်

Aunty Tint said...

ကျောင်းတော်ကြီးနဲ့ဆက်နွယ်နေတာလေးတွေ ဖတ်ရတာ ကြည်နူးစရာ ဆူးသစ်ရေ။ ဆက်ရန်လေးမျှော်နေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပျော်စရာ အကောင်းဆုံးက ကျောင်းသားဘ၀ဗျ
ကျောင်း အကြောင်းတွေ ပြောရင်
သမီးတော် တို့ လဲ သတိရမိတယ်

လွင်ပြင်လှိုင်းငယ် said...

ဆရာဆူးသစ်ရေ ကိုယ်မသိသေးတဲ့ ကျောင်းတော်ကြီးရ.်
ကိုယ်ကြိုက်နှစ်သက်တဲ့အနုပညာရှင်တွေအကြောင်းကိုဒီပို့လေးမှာတော်တော်သိလိုက်ရလို့ ကျေးဇူးပါနော် ဆက်ရန်လေးမျှော်နေမယ်နော် ။

မိုးနတ်ကြယ်စင် said...

ဟုတ်....နားလည်ပေးပါတယ် ..
အကိုတော်ရေ......
ဆက်ရေးနော်...အကို့ရဲ့ မဂ္ဂဇင်းဝတ္ထုရှည်လေးကို
ညလေးက မျှော်နေပါတယ်ရှင်......:)
ခင်တဲ့.....မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး
ဝတ္ထုလေး ဆုံးသွားတဲ့အခါ
ရင်တစ်လုံးကိုများ သိမ်းကြုံးယူသွားဦးမလား။

Related Posts Plugin for WordPress, Blogger...