Sunday, January 13, 2013

" စွယ်တော်ရွက်တို့ ဒဏ္ဍာရီ " ( ၂ )


ရစ်ပတ်လွယ်လျှင် ချစ်တတ်တယ်ဟု ဆိုရမည်ထင်၏။ သံယောဇဉ်ဖြင့် ငြိတွယ်နစ်မွန်းခဲ့ရသော ပထမ စာသင်နှစ်တွင် လက်တွေ့ခန်းများ၊ ကျူတိုရီယယ်၊ လက်ချာ စာသင်ခန်းများ၊ သူမနှင့် စကားပြောရင်း သွားလာခဲ့ရသော စာကြည့်တိုက်၊ န၀ရတ်၊ နွေးအေး၊ ၀ါဝါဦး၊ အောင်သိပ္ပံ၊ မေတ္တာပေါင်းကူး စသောနေရာများသည်ကား တစ်သက်တာ မေ့နိုင်ဖွယ်ရာမရှိ။

ဘယ်နေရာကြည့်ကြည့် သူမကြောင့် ရသောပီတိ၊ နှလုံးသားမှာ ပြည့်လျှံနေတော့သည်။ ကဗျာများကို ရေးပြီး ပြရသောအခါ ခံစား၍ဖတ်သော သူမ၏ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း သူမဘယ်ဘက် ပါးအလယ်မှ မှဲ့နက်ကလေးကို ငေးစိုက်ကြည့်ရခြင်းကပင် ရင်ခုန်ကြည်နူးစရာ။

ကျောင်းနှင့် ပတ်သက်သမျှ သိသလောက်ရှင်းပြသည့်အခါ နားထင်ကို လက်ညှိုးနှင့်ထောက်ပြီး နားထောင်တတ်၍ ညာဘက်နားရွက်နားမှာ မှဲ့နက်နက်ကလေးကို တွေ့ရသည့်အခါတွင်လည်း ဘာမှန်းမသိသော ဝေဒနာကို ခံစားရတာ ပျော်ရွှင်ကျေနပ်စရာ။

ကဗျာဆိုတာက
စာကိုအလှဆင်ထားတာပါခင်။

မမြင်ရရင် မနေနိုင်
မရေးရရင် တမှိုင်မှိုင်နဲ့
အဲဒီလောက်အထိ ကိုယ်ခုံမင်..........

ဆိုသော ကဗျာ တစ်ပိုင်းတစ်စကို ရေးချပြခဲ့ရင်း သူမကို စနောက်ခဲ့ဖူးသည်။ ထိုအခါ မျက်စောင်း တစ်ချက်ကို ၀င့်၍ ဆရာမတစ်ယောက်၏ ဟန်ပန်မျိုး ရှင်းပြနေသည့်အခါ ဟုတ်ကဲ့ပါ ခင်ဗျာ ဟုဆိုကာ အလိုလိုခေါင်းညိတ်ခဲ့ရ ဖူးတာတွေလည်း တကယ်တမ်း စွဲလမ်းတမ်းတနေချင်စရာ ကောင်းသည်။

သူမကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်မိပြီဟု သိရသည့်အခါကာလ အရင်လို ကဗျာပေးဖတ်ရခြင်းနှင့် မတူတော့။ ရင်ထဲက ရိုးတိုးရိပ်တိတ် စကားတွေ သိစေဟု ရည်ရွယ်လျက် ထိုအကြောင်းများ ဖွဲ့ဆိုထားသော ကဗျာတို့သာ ပေးဖတ်ခဲ့ပြန်သည်။

အကယ်၍များ
ဖွင့်ပြောထားပြီး၊ သူကားငြိုငြင်
ကိုယ့်မခင်လျှင်၊ ရင်မှာကြေကွဲ
အတွေးဝဲတော့၊ အမြဲမပြော
ရင်ထဲသောက၊ ပြည့်မောရစေ
ကိုယ်လေခံစား
ကြိတ်မှိတ်သွားမည်
အနားသူရှိ၊ သူ့ကိုကြည့်နေ
မသိလေလည်း၊ စိတ်ထဲမြတ်နိုး
တိတ်တခိုး ချစ်မည်........

ဆိုသော သူရေးထားသည့် ကဗျာတစ်ပုဒ်၏ နောက်ဆုံးပိုဒ်ကို သူမဘယ်လို ခံစားပြီးဖတ်သည် မသိသော်လည်း ဖတ်နေသည့်ကာလမှာ သူမမျက်နှာမှာ ဖြတ်ပြေးသွားသည့် အရိပ်တို့ကို ရှာရသော သူကတော့ အတွေးနှင့်ပင် ရင်မောရသည်။

ကဗျာအဆုံးမှာ ကောင်းပါတယ်ဟု မှတ်ချက်ချသော သူမစကားသံကို ဘယ်လိုမျှ မကျေနပ်နိုင်ခဲ့။ ကဗျာကို ဘာသာပြန်တတ်၊ အဓိပ္ပါယ်ဖွင့်တတ်ခဲ့သော သူမသည် ထိုကဗျာမျိုးမှာ ဘာမျှ အဓိပ္ပါယ်မဖွင့်တော့။ သည်မှာပဲ ကဗျာထဲကအတိုင်း ခင်မင်မှု ပျက်မှာစိုး၍ ငြိမ်နေတာက ပိုကောင်းမည်တွေးပြီး သူ့ဘာသာသူ ငြိမ်နေခဲ့ရပြန်တော့သည်။ သည်သို့နှင့် ပထမစာသင်နှစ် ပြီးဆုံးသွားခဲ့၏။ ခင်မင်မှုဆိုသော စည်းတစ်စည်းကို သူမကျော်ရဲခဲ့။

**************************

မည်သူ့ကိုမျှ ဖွင့်မပြောပြခဲ့ရ၍ သူငယ်ချင်းတွေပင် မသိခဲ့သော ပထမနှစ်ကျောင်းပိတ်ရက်မှာ သူ့ဘာသာတွေးကြည့်၏။ သူကသီရိကို ဖွင့်ဟပြောသည့်တိုင်အောင် သီရိနှင့်သူ နီးစပ်နိုင်ပါမည်လား။

ဦးလူပေါ ခေါင်းနှင့်တူ၍ ' ဦးလူပေါပေါင်းမိုး ' ဟု သူတို့ခေတ် ခေါ်သော ကားများစွာ ၀င်ထွက်သည့် အပေါက်မှ အရာရှိများစီးသည့်ကားနှင့် ကျောင်းအသွားအပြန်လုပ်သော သီရိနှင့် ကားဂိတ်ကို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်၊ ဘတ်စ်ကား ကျပ်ကျပ်သိပ်သိပ်ကို အဆင့်ဆင့် ပြောင်းစီးပြီး ' ပစ္စည်းမဲ့ဂိတ် ' မှ ၀င်ရသောသူ။ သည်အတိုင်းအတာကိုပင် သူနားလည် ခံစားနေမိ၏။

တစ်ချိန်မှာ သူက သီရိကို စွန့်လွှတ်ရမည်တဲ့လား။ ထိုသို့စွန့်လွှတ်ရန်လည်း မသေချာပါ။ သီရိကို သူက ချစ်တယ်ဟု ပြောပိုင်ခွင့် မရှိတော့ပြီလား။  စဉ်းစားရင်း သက်ပြင်းချခဲ့ရသည်က အကြိမ်ကြိမ်။ နောက်ဆုံး မှာတော့ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်း၏။ ထိန်းချုပ်၍ မရနိုင်သည့်အဆုံးမှာ ဖွင့်တော့ပြောရမည်ဟု စိတ်ပိုင်းဖြတ်သည်။

သည်သို့နှင့် ဒုတိယစာသင်နှစ်မှာ သီရိနှင့် သူတစ်ခန်းထဲ ပြန်ရောက်ခဲ့ရသည်။ လက်တွေ့လုပ်ချိန်တော့ မတူ။ ကိစ္စမရှိ။ တစ်ခန်းထဲ သူငယ်ချင်းအဖြစ် စကားပြောခွင့်၊ ထမင်းအတူတူစားခွင့်၊ သွားလာခွင့်များကို သူရခဲ့ပါသေးသည်။ သီရိတို့ မိသားစု၏ ကြွယ်ဝမှုတို့ကို တစ်စတစ်စပိုသိလာရလေ၊ သီရိကို ချစ်တယ် ဖွင့်ပြောဖို့ နောက်တွန့်လေဖြစ်ရင်း ထိုခံစားမှုတို့ကို သူ့ဘာသာ ကဗျာချရေး ဖြစ်ခဲ့ပြန်၏။

မခေါ်စွန့်ခွာ
ပျော်ဝံ့မှာလား၊ လျှောက်လာသည့်လမ်း
နွေထက်ကြမ်းလေ၊ ပင်ပန်းလေမည်
တွေးမိသည်ထိ၊ သူ့ဆီမျှော်ဆွေး
ဝေးဝေးမှာချန်၊ ရင်ကိုဒဏ်ခတ်
ချစ်တတ်သည့်စိတ်၊ ကိုယ့်ကိုနှိပ်စက်
ခုသိပ်ခက်ပြီ
လက်ကမ်းပြီးတော့ မခေါ်လိုပါ..............

ဆိုသော သူရေးခဲ့ဖူးသည့် ကဗျာတစ်ပုဒ်ကို ရွတ်ရင်း အလိုလို ကြေကွဲနေပြန်တာ သီရိမသိခဲ့။ မေဂျာခွဲမှာမို့ စာကြိုးစားဖို့၊ ကဗျာတွေ ရေးတာ ခဏရပ်ထားဖို့၊ သည်လောက်တော့ အမိန့်ပေးရမှန်း သူသိခဲ့သည်။

အမှန်တော့ သီရိရိပ်မိတန်သလောက် ရိပ်မိမည် ဖြစ်သော်လည်း ဘာမျှ မသိဟန်ဆောင်နေခြင်းကို သူနားလည်သည်။ သီရိကို လိုက်ချင်သောသူ တချို့အတွက် သူသည် အဟန့်အတား တစ်ခုသဖွယ် နေပြခဲ့ရသော်လည်း သီရိနှင့်သူ ဘာမျှမဖြစ်ခဲ့တာ စိုးမင်းဆက်တို့ပင် မယုံ။ ထိုမျှ တွဲသွားတွဲလာ လုပ်ပြီးမှ မငြိရကောင်းလားဟု စိုးမင်းဆက်က ကျိန်ဆဲသည်။ ကာတွန်းဆွဲသော ပန်းချီဆရာ ကိုမောင်မောင်၏သား ဆွေဆက်က သူ့ကို အပြစ်တင်သည်။ ထူးအိမ်သင်နှင့်တူ၍ ' ငှက်ကြီး ' ဟု သူတို့ခေါ်သော သွင်မောင်မောင်က ရှုတ်ချ၏။

ဟုတ်လည်း ဟုတ်သည်။ တစ်ကျောင်းလုံးမှာ သူနှင့်သီရိသည် လူမြင်သူမြင် နေရာတိုင်း မရောက် ဖူးသော နေရာမရှိ။ သူငယ်ချင်းတွေ မေးလျှင်လည်း သူငယ်ချင်းတွေပဲဟု ဖြေရုံကလွဲ၍ ဘာမျှ သူပိုမပြောခဲ့။ ကိုယ်တိုင်လည်း သီရိကို အံ့ဩသည်။ စိုးမင်းဆက်နှင့် ကျောင်းနေဘက်ဟု ဆိုသည့်တိုင် ယခုတော့ သူ့ကို ပိုမိုခင်တွယ်နေ၏။ ကဗျာသမား၊ စာသမားချင်းမို့ ပိုပြီး ခင်မင်တတ်တာဟုလည်း သူ့အတွေ့အကြုံအရ နားလည်နေမိသည်။

မှတ်မှတ်ရရ သတ္တုဗေဒဋ္ဌာန ရှေ့နားက စွယ်တော်ပင်ကြီးနားမှာ စကားများစွာ ပြောရင်း Soft Pen အနက်ရောင်ဖြင့် လက်မှတ်ထိုး၍ ' သီရိအတွက် '  ဟု ရေးပြီးပေးခဲ့တာတွေက ဘယ်လိုမှ မမေ့နိုင်စရာ။ ထိုစဉ်က စကားတွေကလည်း ဘယ်တော့မျှ တိုးတိတ်မသွား။

" စွယ်တော်ပင်ဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ တစ်ခုတည်းသော အမှတ်အသားပေါ့ သီရိ။ ကံ့ကော်တန်းလို့ ပြောရင် ရန်ကုန်တက္ကသိုလ်ကို သိသလိုမျိုး ဟိုအရင်က စက်မှုတက္ကသိုလ်ရဲ့ အထင်ကရဟာ စွယ်တော်ပင်တွေ ဖြစ်ခဲ့တယ်လေ။ ခုတော့ သူတို့တွေဟာ လူမြင်သူမြင်နေရာမှာ မရှိကြတော့ဘူး။ ချောင်တွေထဲ ရောက်ကုန်ပြီ။ အဲဒီလိုပဲ သီရိနဲ့ ကျွန်တော်နဲ့ တစ်နေ့မှာ ခွဲသွားတဲ့အခါ ဟိုတုန်းက စက်မှုတက္ကသိုလ် ပရိဝုဏ်ထဲမှာ ခိုင်ထွန်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို သိခဲ့တယ် ဆိုတာလောက် အမှတ်ရအောင် ဒီစွယ်တော်ရွက်ကလေးကို ဆောင်ထားနိုင်လို့ ရတဲ့အထိ အမြဲဆောင်ထားပေါ့။ မရတဲ့ အဆုံးကျ ချောင်ထဲမှာပေါက်နေတဲ့ စွယ်တော်ပင်တွေလို ကျွန်တော်ပေးခဲ့တဲ့ စွယ်တော်ရွက်လေးကို စွန့်ပစ်နိုင်ပါတယ် သီရိ။ လူမြင်သူမြင်မှာ မရှိတော့ပေမယ့် ဒီစွယ်တော်တွေ လှနေနိုင်တာကို သီရိ မမေ့စေချင်လို့ပါ။ အဲဒီလိုပဲ ခိုင်ထွန်းဆိုတဲ့ ကျွန်တော်က သီရိမမြင်နိုင်တဲ့ ဟိုခပ်လှမ်းလှမ်းမှာ သီရိကို ခင်မင်မှုတွေနဲ့ အမြဲ ရှင်သန်နေနိုင်မယ် ဆိုတဲ့ အမှတ်နဲ့ ကျွန်တော့် စွယ်တော်ရွက်လေးကို လောလောဆယ်တော့ အမှတ်တရ သိမ်းထားပါသီရိ။ ခုပြောတဲ့ စကားတွေ အားလုံးကိုလည်း သီရိ အမြဲယုံစေချင်တယ် "

သူ့စကားအဆုံးမှာ ယုံပါတယ်လို့ ပြောရင်း သီရိ မျက်ရည်ဝဲသွားတာလည်း သူမေ့မရ။ သူ့အတွက် သီရိရင်ထဲမှာ လျစ်လျူရှုမရနိုင်တာကို စိတ်မကောင်းခြင်းဖြင့်ပင် ကျေနပ်ခဲ့ရပါသေးသည်။

*************************

သားလတ်

( ဆက်ပါဦးမည် )

2 comments:

မိုးနတ်ကြယ်စင် said...

အယ်..သိနေတယ် အကိုတော်ရေ...
အလွမ်းနဲ့ ဇာတ်သိမ်းဖို့များနီးလာသလား....:(
ဒီမှာ ဇာတ်ရှိန်က တက်နေပြီ...
မြန်မြန်ဆက်ပြီး တင်ပေးနော်...
ဖတ်ချင်လှပြီရှင့်.....:)
ခင်တဲ့....မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး...
ပထမ ပိုင်းကိုတော့ မဖတ်ရသေးဘူးဗျာ
သည်ဝတ္ထုလေးကို ဖတ်နေရင်း မောင်လှမျိုး ချင်းချောင်းခြံကို သတိရတယ်။


Related Posts Plugin for WordPress, Blogger...