Saturday, May 7, 2011

" နိုင်ငံခြားသား..... နိုင်ငံခြားသား"


သည်နေ့ ၇.၅.၂၀၁၁ သည် စင်ကာပူ၌ Polling Day ( လူထုသဘောထားမေးမြန်းခံယူသည့်နေ့) ဖြစ်သည်။ တည့်တည့်ဆိုရလျှင် ဆန္ဒမဲပေးသည့်နေ့ဖြစ်သည်။

သူတို့တစ်တွေ သည်နေ့မတိုင်ခင်ကတည်းက မဲတွေဆွယ်နေကြသည်။ မဲဆွယ်တာက ပြဿနာမရှိ။ ဆွယ်သည့် သူတိုင်း၏ ပါးစပ်ဖျားမှာ မပါမဖြစ် အကြောင်းအရာက နိုင်ငံခြားသား(Foreigner) ကိစ္စ။ ပါတီတွေကလည်း များသား။ PAP, Reform, Worker စသဖြင့်ရှိကြ၏။ ကျွန်တော် အကုန်တော့မသိ။ လမ်းထောင့်တွေ၊ တိုင်တွေမှာတော့ PAP နှင့် Reform ပါတီတို့၏ ကြော်ငြာဆိုင်းဘုတ်များက နေရာယူထားတာ များ၏။ ကျွန်တော်နှင့် ဇနီး ပါရမီဖြည့်ဖက်လေး ဈေးသွားချိန်တွင်ပင် Reform ပါတီမှ ကားနှင့် လှည့်နေတာတိုးပြီး တရုတ်မကြီးက ကားရှေ့ခန်းက လက်တွေ၊ ဘာတွေ ပြသွားသည်။ ကျွန်တော်တို့လင်မယားက မျက်မှန်သမားတွေမို့ စလုံးတွေဟု ထင်သွားပုံရသည်။ သူ့နိုင်ငံနှင့် သူ့နိုင်ငံသားဆိုလျှင်တော့ ဟုတ်မည်ပေါ့။ ကျွန်တော်တို့ကတော့ ရယ်နေမိသည်။

Singaporean ခံပြီးသား ငယ်သူငယ်ချင်းနှင့် တွေ့တော့ သည်နှစ် ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်ကြောင်း သိရသည်။ (၈၇) နေရာကို အပြည့် ၀င်ပြိုင်မည်တဲ့။ သူတို့နေသည့် နေရာမှာပင် ဒုဝန်ကြီးချုပ် ကိုယ်တိုင် ဆင်းပြိုင်မှာဖြစ်သည်တဲ့။ ဒုဝန်ကြီးချုပ်အရင် ပြိုင်နေကျနေရာကို သူ့မိန်းမကို ထားခဲ့ရသည်တဲ့။

မည်သို့ဖြစ်ဖြစ် ကျွန်တော်စိတ်ဝင်စားမိသည်က သူတို့မဲဆွယ်သည့်အခါ ပြောနေသည့် နိုင်ငံခြားသားကိစ္စ။ ကျွန်တော်တို့နှင့် တိုက်ရိုက်ကြီးဆိုင်နေသည်ကိုး။ သည်လိုမဲဆွယ်သည့်သူများကြား အသက်(၂၄)နှစ် အရွယ် Nicole Seah ဆိုသည့် ကောင်မလေး ပြောတာတွေ msn မှာ ဖတ်ရတာ ရင်မောရသည်။ သူက သူနိုင်လျှင် နိုင်ငံခြားသား ကိစ္စ ကိုင်မည်တဲ့။ ဟုတ်ကဲ့-ကိုင်ပါခင်ဗျာ။ သူငယ်ငယ်က MRT စီးလျှင် အားလုံး Singaporean တွေချည်းတွေ့ရသည်တဲ့။ ယခုတော့ ရထားပေါ်မှာ နိုင်ငံခြားသားတွေချည်းသာ တွေ့ရပြီး သူ့ကိုယ်သူ ပတ်စ်ပို့ မပါဘဲ သွားနေရသည့် နိုင်ငံခြားသားလို ခံစားရသည်တဲ့။ ကျွန်တော်တော်တော်သနားသွားသည်။ သူ့နိုင်ငံဆိုတော့ တော်တော် ခံစားရပေမည်။

ပြီးတော့ နောက်တစ်ယောက်က ပြောသေးသည်။ သူတို့နိုင်ငံသားတွေ အလုပ်လက်မဲ့တွေများလာတာ နိုင်ငံခြားသားတွေများလာလို့တဲ့။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုက နွားမကြီးပေါင်ကျိုးတဲ့သဘောလားဟု ကျွန်တော်တွေးမိသည်။ သူပြောသည်က အလုပ်သုံးနေရာမှာ တစ်နေရာက နိုင်ငံခြားသားဖြစ်လို့နေသည်တဲ့။ ကျွန်တော်နှင့် ငယ်သူငယ်ချင်းဆွေးနွေးမိသလို ပြောရလျှင် ကျွန်တော်တို့နှင့် သူတို့ ပြိုင်မတိုးနိုင်လျှင် သူတို့ညံ့လို့ပဲ ဖြစ်လိမ့်မည်။ ဒါတောင် သူတို့က မွေးကတည်းက E ကို ပြောလာကြသူများ ဖြစ်သည်။

(၂၄)နှစ် သမီးလေးကိုလည်း အခွင့်ရလျှင် ရှင်းပြချင်မိသည်။ သူတို့ စင်ကာပူဆိုသည်က Immigrant ဆိုသော နိုင်ငံခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သူများနှင့် စခဲ့ရတာဟုတ်မဟုတ် မေးချင်မိသည်။ သူ မတွေးတတ်လို့သာ ရှိမည်။ သူ့ရှေ့က လီကွမ်ယူ၊ ဂိုချောက်တောင် နှင့် လီရှန်လွန်း တို့ Foreigner တွေ အဘယ်ကြောင့် လက်ခံခဲ့ရသနည်း။ တစ်ခုပဲရှိသည်။ ပမာဏ များလာတာမကြိုက်လျှင် လျှော့ပစ်ချင် လျှော့ပစ်နိုင်သည်။ နိုင်ငံခြားသားလက်ခံတာခြင်း အတူတူ ဥရောပတို့၊ အမေရိကတို့သာ လက်ခံမည် ဟုလည်းကြားရသည်။ သည်လိုဆိုလျှင်လည်း ထိုအဖြူကောင်များ တကယ်လုပ်မလုပ် မေးကြည့်ချင်မိသည်။

အရှေ့တောင်အာရှနိုင်ငံတွေက လူတွေသာ ဆောက်လုပ်ရေးမှာ အောက်ခြေအလုပ်လုပ်နိုင်တာဖြစ်သည်။ စလုံးမှာ တည်ဆောက်ရေးတွေရှိနေသမျှ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေ အလုပ်ရနေမှာမလွဲ။ စလုံးနိုင်ငံသားမှန်လျှင် နေပူထဲမထွက်၊ အချိန်ပို မလုပ်၊ စနေမဆင်းဟု ခံယူထားသလား ဆိုရလောက်အောင် ကျွန်တော်တွေ့ဖူးနေသည်ပဲ။ အဖြူကောင်တွေက မြေပေါက်ပါ့မလား။ သည်တော့ (၂၄)နှစ် သမီးလေး မဲရဖို့ ဆွယ်သည်က ကျွန်တော့်အတွက်ရယ်စရာ ကောင်းနေသည်။ ကျွန်တော်တို့လုပ်ငန်းခွင်မှာပင် စလုံး ဆိုသည်က လက်ချိုးရေတွက်၍ ရနေသည်လေ။ လုပ်ကွက်တစ်ခုလုံးမှာ ကျွန်တော်တို့လို အာရှက နိုင်ငံခြားသားတွေသာ များလှ၏။ ကျွန်တော်ရှေ့ကရေးခဲ့သော ပို့စ်များ ဖတ်ကြည့်လျှင်ပင် နိုင်ငံခြားသား မည်မျှ များကြောင်းသိနိုင်သည်။

သို့သော်ဘယ်လိုပဲဖြစ်ဖြစ် မဲဆွယ်ကောင်းသောသူမက Face Book မှာ လီကွမ်ယူ နောက်က ပြည်သူကြိုက် ဒုတိယ နိုင်ငံရေးသမားဖြစ်လို့နေသည်။ သည်နေ့ သူနိုင်ခဲ့လျှင် နိုင်ငံခြားသားတွေတော့ မျက်ခုံးလှုပ်ရပေမည်။ ကျွန်တော်ကတော့ ငယ်သူငယ်ချင်းနှင့် ရယ်ပွဲဖွဲ့ရင်း ပြောခဲ့မိသေးသည်။ ပြန်ဆိုလျှင်တော့ ပြန်ရမည်ပေါ့။ သူတို့က တစ်စိတ်ရှိ နိုင်ငံခြားသားသာ မျက်စောင်းထိုးနေသည်ကိုး။

ပြန်ရမှာကိုတော့ ကျွန်တော် မကြောက်။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရသည်က ပျော်စရာ။ ငွေအရတော့ နည်းသွားပေမည်။ သို့သော် သူများနိုင်ငံမှာ သူများမျက်စောင်းထိုးတာနှင့် ပြာကျရမလို ဖြစ်နေသည့် ဘ၀ထက်စာလျှင် ကိုယ့်နေရာ ကိုယ့်ဒေသက ပိုကောင်းပေမည်။ သူတို့မဲဆွယ်သည့် အဓိက အကြောင်းက နိုင်ငံခြားသား ကိစ္စဖြစ်နေသရွေ့ ကျွန်တော်တို့နေရတာ မျက်နှာတော့ တော်တော်ငယ်ရသည်။ ကိုယ့်အရပ် ကိုယ့်ဌာနေဆို ဘယ်သူ့မှ ဂရုစိုက်စရာမရှိ။ သည်တော့ နေခွင့်ရသရွေ့နေပြီး အချိန်တန် အိမ်ပြန်ရမည်ဟုသာ စိတ်ပိုင်းဖြတ်ထားမိသည်။

ကျွန်တော့်ထက် စိတ်ပြတ်သူတွေကတော့ စလုံး နိုင်ငံသားခံ၍ နေနိုင်ကြသည်။ ကျွန်တော်ကတော့ ဘယ်တော့မျှ သူတို့ နိုင်ငံသားခံမည်မဟုတ်။

သူတို့ကလည်း မဲသာဆွယ်နေသည်။ ရယ်တော့ ရယ်ရသည်။ စင်ပေါ်က လူက နိုင်ငံခြားသား အကြောင်း ပြောနေချိန်၊ အောက်မှာ စာရွက်ဝေဖို့ ကူနေသည်က ကုလားတွေ။ သည်တော့ သူတို့၏ နိုင်ငံခြားသား ဓာတ်ပြားကလည်း ဘယ်တော့ဆုံးမည်မသိ။ ယခု ဤစာရေးနေချိန်မှာ မဲရုံတွေ ပိတ်လောက်ပြီ။ ဘယ်သူနိုင်နိုင် နိုင်ငံခြားသားဆိုသည်က သူတို့မဲဆွယ်ဖို့အတွက် သားကောင်ဖြစ်လို့နေဦးမည်ဖြစ်သည်။ ကျွန်တော့် အတွက်တော့ သူတို့ရွေးကောက်ပွဲ ရလဒ်က မနက်ဖြန်ကန်မည့် မန်ယူ-ချယ်လ်ဆီး ပွဲလောက် စိတ်ဝင်စားဖို့မကောင်း။

သို့သော် သူတို့ထိုသို့ ပြောကြ၊ ဆိုကြသည့်အခါ၌ မခံချင်စိတ်ကတော့ ဖြစ်လာသည်။ ထို့ကြောင့်လည်း သည်လိုစာကို ချရေးဖြစ်တာဖြစ်သည်။ ကျေးဇူးတော့တင်မိ၏။ သူတို့က နိုင်ငံခြားသားအကြောင်း ပြောလေ၊ ကိုယ့်နိုင်ငံကိုယ် ပိုချစ်လေဆိုတာမျိုး ဖြစ်ဖြစ်သွားသည်။ ပြီးတော့ သည်နေ့ သူတို့ ဆန္ဒခံယူသည့်နေ့မို့ ကျွန်တော်တို့ အလုပ်နားရသည်။ စနေကို ရုံးပိတ်ရက် သတ်မှတ်၍ နောက်ထပ်ပိတ်ရက် တစ်ရက်ကလည်း အစားပြန်ရလိုက်သေးသည်။ ထိုအတွက် သူတို့ ဘာတွေပြောပြော ခုလို ပိတ်ရက်ကလေး ဆက်တိုက်ကြုံရ၍ နိုင်ငံခြားသား.......နိုင်ငံခြားသားဟု သူတို့ အော်နေသည့်ကြား စိတ်ပျက်ရင်း ကျေးဇူးလည်း တင်နေမိပြန် သေးသည်။ ။

သားလတ်
၂၀:၂၅နာရီ
၇.၅.၂၀၁၁


Wednesday, May 4, 2011

"ဘာကြောင့်စာဖတ်သလဲ"


ကျွန်တော်လူမှန်းသိတတ်စအရွယ်မှာ စာအုပ်တွေ နည်းနည်းဖတ်ခဲ့ဖူးပါသည်။ ငယ်စဉ်ကာလ ကလေးဘ၀ အရွယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသည့် ကလေးစာပေတွေဖတ်ပြီး ကြီးပြင်းခဲ့ရာမှ လူပျိုပေါက်အရွယ်ရောက်တော့ အချစ်ဝတ္ထုတွေ ဖတ်ရတာ အရသာတွေ့လာသည်။ အိမ်မှာ အချစ်ဝတ္ထုတွေများစွာရှိ၍ အချိန်ရလျှင်ရသလို ဖတ်ခဲ့သည်။ တက္ကသိုလ်တက်ပြီး ပထမနှစ်၊ ဒုတိယနှစ်တိုင်အောင် အချစ်ဝတ္ထုတွေကို ဖြတ်မရခဲ့။

ရံဖန်ရံခါ၌ အချစ်ဝတ္ထုတွေဖတ်ရင်း တခြား သုတစာအုပ်များ၊ တက်ကျမ်းများကို ရသလောက် ဖတ်မိခဲ့ပြန်သည်။ နောက်ပိုင်းကျတော့ လုံးချင်းဝတ္ထုတွေမှာ စိတ်ကမပါတော့ဘဲ တက်ကျမ်းများ၊ သုတစာအုပ်များသာ ဖတ်ချင်လာတော့သည်။ သို့သော် ရှေးခေတ်စာရေးဆရာကြီးများ၏ နာမည်ကျော် ၀တ္ထုရှည်များ၊ ၀တ္ထုတိုများ၊ ဆောင်းပါးများကိုတော့ တွေ့သည့်အခါတိုင်း သေသေချာချာကို ဖတ်ခဲ့မိသည်။

ယခု ဘွဲ့ရ၍ အလုပ်ပင်ဝင်လေပြီ။ အရွယ်အရ လူငယ်သာရှိသေးသည်။ စာဖတ်အားကောင်းသူ မဟုတ်သော်ငြား စုံသင့်သလောက်တော့ စုံအောင်ဖတ်ခဲ့ပြီးပြီဟု နားလည်နေမိသည်။ ထိုအခါ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်လာ၏။ "ဘာကြောင့် စာဖတ်သလဲ" ဆိုသော အတွေး။ အမှန်က မေးခွန်းတစ်ခုဖြစ်သည်။

တွေးကြည့်ပါ။ ကကြီး ခခွေး ရေးတတ်၊ဖတ်တတ်ပြီဆိုသည့် အချိန်ကတည်းက ကျွန်တော်တို့ အသက်ရှင် ရပ်တည်နေချိန် သည်နေ့အထိ စာတွေဖတ်ခဲ့ကြသည်။ ကျောင်းဖတ်စာအုပ်ထဲက စာတွေ၊ ပြင်ပက စာတွေကို စာဖတ်တတ်ချိန်ကတည်းက နည်းနည်းချင်းစီတော့ ဖတ်ခဲ့ပြီးကြပြီ။ ဘာကြောင့် စာဖတ်သလဲ။

အတန်းထဲက စာတွေက ကျွန်တော်တို့ အသိဥာဏ်တွေကို တစ်ဆင့်ချင်းမြှင့်တင်ပေးပြီး ဘ၀မှာ အသက်မွေးဖို့ လမ်းကြောင်းလေးတွေ ချပေးခဲ့သည်။ အပြင်ဘက်က စာတွေကတော့ အတန်းထဲက မရနိုင်သော ရသများ၊ ဗဟုသုတများကို ထပ်လောင်းဖြည့်ဆည်းပေးတာမျိုး ဖြစ်သည်။ ဒါဖြင့် ကျွန်တော်တို့ စာဖတ်သည်က ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖြစ်နေသည်။ စင်စစ် ထိုအရာသည် လက်တွေ့ကျသောအဖြေ မဟုတ်ပါ။ သူ့နောက်ကွယ်မှာ အဖြေတစ်ခု ရှိပါသေးသည်။

ဤနေရာ၌ အလျဉ်းသင့်၍ ကျွန်တော် စာဖတ်ရင်း တွေ့ကြုံခံစားရတာတွေကို ဖောက်သည်ချချင်ပါသည်။

ကျွန်တော် အပြင်စာတွေ စဖတ်စက ကိုယ်မသိသေးတာ တစ်ခုကို စာထဲက သိလိုက်ရလျှင် အလွန်ပျော်တတ် ပါသည်။ Iron Cross တီးဝိုင်းကို ဘာကြောင့် သူရဲကောင်းလေးများဟု ခေါ်ရသလဲဟု စဉ်းစားမရခင်က "ဆရာ လင်းယုန်မောင်မောင်"၏ "ဟစ်တလာ"စာအုပ်မှာ ဟစ်တလာ ရသော ဆုများသည် Iron Cross Second Class (တပ်သားကျော် ဒုတိယအဆင့်)၊ Iron Cross First Class (တပ်သားကျော် ပထမအဆင့်) ဖြစ်ပြီး ထိုဆုများသည် သာမန် တပ်သား၊ တပ်ကြပ်များ ရခဲ၍ မြေပြင်မှာ ထူးချွန်စွာ စွမ်းဆောင်နိုင်မှ ရသည်ဖြစ်ရာ သူရဲကောင်းသဖွယ် ပေးအပ်ခြင်းဖြစ်သည်ကို ဖတ်ရှုလိုက်ရတော့မှ Iron Cross တီးဝိုင်းကို သူရဲကောင်းလေးများဟု ခေါ်တာ နားလည်ရင်း ၀မ်းသာခဲ့ရလေသည်။

ထို့ပြင် "မာရဇ္ဇ" ဆိုသော အဆိုတော်နာမည်ကို ဘယ်မှာတွေ့ဖူးပါလိမ့်ဟု စဉ်းစားရင်း ရာမ၊ လက္ခဏ ဇာတ်တော် ထဲက ဒဿဂီရိ၏ ဦးရီးတော် "မာရဇ္ဇ"ကို "ဆရာချစ်ဦးညို"၏ "လင်္ကာဒီပချစ်သူ" ၀တ္ထုပြန်ဖတ်ရင်း တွေ့မိမှ အသံအမျိုးမျိုး ပြောင်းလဲတတ်သော ပညာရှင်ဦးရီးတော် မာရဇ္ဖ၏ အမည်ကို အစွဲပြု၍ မှည့်ဖွယ်ရှိသည်ဟု ကောက်ချက်ချကာ နားလည် ကျေနပ်ခဲ့မိသည်။ မာရဇ္ဖကိုယ်တိုင်ကလည်း ၀န်ခံခဲ့သည်ဟု သိရပါသည်။

တစ်ဖန် ဆရာစိုင်းခမ်းလိတ်ရေး၍ စိုင်းထီးဆိုင် ဆိုထားသော "ခြင်္သေ့လည်ပြန်" သီချင်းခေါင်းစဉ်ကို ယခု နောက်ပိုင်း ထုတ်သော သီချင်းစာအုပ်တွေမှာ "ခြင်္သေ့လည်ပြန်"ဟုသာ တွေ့ရပြီး ဟိုစဉ်က စာအုပ်ဟောင်းတွေမှာ "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်" ဟု ဖော်ပြထားရာ ဘာအဓိပ္ပာယ်နှင့် သည်ခေါင်းစဉ်ကြီးတွေ ပေးပါလိမ့်ဟု စဉ်းစားမရ ဖြစ်ခဲ့ဖူး၏။ နောက်မှ ဖျာပုံမြို့၊ နိုင်ငံတော် တန်းမြင့်ကျောင်း အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ရေးသည့် တန်းမြင့် ကဗျာဖွဲ့နည်း ကျမ်းတွင် "လွမ်းချင်းစပ်နည်း"၌ "ပြန်ဂဟပ်" ကာရန်ယူပုံကို "ခြင်္သေ့လည်ပြန်"ဟု ခေါ်ကြောင်း၊ ပြန်ဂဟပ် ကာရန်ယူပုံ ဆိုသည်မှာ ကာရန်တစ်ခုကို ခံထားပြီးနောက် ထိုကာရန်နှင့် မတူသော ကာရန်သစ်တစ်မျိုးကို ထပ်ယူ၍ မူလက ခံခဲ့သော ကာရန်ကို ပြန်အုပ်ခြင်း ဖြစ်ကြောင်း ဖွင့်ဆိုထားရာ ဆရာစိုင်းခမ်းလိတ်ရေးသော သီချင်းစာသားပါ အိမ်ထောင်ရေးမှာ လင်ယောင်္ကျားက မှားနေ၍ အမှန်မြင်ကာ ပြန်လည်ညှိနှိုင်း ပြုပြင်၍ ကြင်နာတော့မည် ဆိုသည့် အကြောင်းနှင့် "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်"ဟု ခေါင်းစဉ် တပ်ထားပုံတို့ ဆက်စပ်၍ ရသွား၏။

အမှန်အတိုင်း ၀န်ခံရလျှင် စကားလုံးတို့၏အဖြေကို မသိခင်က ကိုယ့်ဘာသာ ထင်ရာ မြင်ရာ အဓိပ္ပာယ် ယူခဲ့ဖူး၏။ Iron Cross ကို ဘယ်လိုအဓိပ္ပာယ်ယူရမှန်း မသိသော်လည်း အချင်းချင်းနောက်ပြောင်ကာ Iron က သံ၊ Cross က ကြက်ခြေခတ်၊ သံကြက်ခြေခတ်ဟု ဆိုရင်း ရယ်စရာ လုပ်ခဲ့ကြသည်။ မာရဇ္ဖ ကိုတော့ ဗေဒင်မေး၍ ပေးတာပဲနေမှာဟု တွေးခဲ့ပြီး၊ ခြင်္သေ့လည်ပြန်ကိုတော့ ဆရာစိုင်းခမ်းလိတ်နှင့် စိုင်းထီးဆိုင်က သူတို့ကိုယ်သူတို့ ခြင်္သေ့ကြီးတွေဟု တင်စားကာ သူတို့ဖြတ်သန်းခဲ့ရသည့် ခရီးကို လည်ပြန်လှည့်ကြည့်တာ နေမည်ဟု ပေါ့ပေါ့ပဲ တွေးခဲ့၏။

သည်တော့ စာမဖတ်ခင်က ရှိသည့်အသိနှင့် စာဖတ်ပြီးမှ ရလာသောအသိက ရယ်စရာကောင်းလောက်အောင် ကွာခြားနေတာ တွေ့ရသည်။ သို့သော် သည်စကားလုံးတွေ က လောလောဆယ် လူသိများနေသော စကားလုံးတွေ ဖြစ်ပြီး နောက်ကွယ်မှာ အဓိပ္ပာယ် တစ်ခု ရှိသည်ဟု ထင်မြင်ခဲ့ရာမှ သိရှိလာရသော စကားလုံးတွေ ဖြစ်သည်။ ယခု နောက်ပိုင်း အသုံးနည်း လာပြီး နောက်ကွယ်မှာ အဓိပ္ပာယ်မရှိဘူးဟု ထင်ခဲ့ပြီးမှ စာဖတ်ရင်း အဓိပ္ပာယ်တွေ သိလာရသည့် စကားလုံးတွေလည်း ရှိပါသေးသည်။ ဥပမာ "အလွန်ချာသူ"၊ "ဗိုင်းနာမ" စသည့် စကားလုံးတို့သည် ကျွန်တော်တို့ သည်ဘက်ခေတ်မှာ ရံဖန်ရံခါ၌ "တော်တော်ချာတဲ့ကောင်ကွာ"ဟု လူကြီးတွေ ပြောသည့်အခါ၊ "ဗိုင်းနာမ"ဟု အရပ်ထဲမှာ ဆိုကြသည့် အခါမှသာ ကြားရသည့် စကားလုံးများ ဖြစ်သည်။

ရှေးခေတ်မြန်မာယောင်္ကျားများ ဆေးမင်ကြောင် အထိုးခံစဉ်၊ အော်သည်၊ သည်းသည်၊ အံကြိတ်ခံသည်ဆိုလျှင် အပျိုတွေက ကွမ်းပေး၍ အနားမှာရှိသော အတီးသမားများကို မျောက်မင်းအူသံ ကဲ့သို့သော ငိုညည်းသံအစစ်ကို တီးပေးခိုင်းရာ မျောက်မင်းအူသံ အစစ်အစား "အချာပ၀ရ" ချီသော ဘုန်းတော်ဘွဲ့ကို တမင်ဖျက်၍ တီးပေးရ၏။ ခဏခဏ စုတ်ထိုးတတ်သူ၊ သည်းတတ်သူဖြစ်က အတီးသမားများ ခဏခဏ "အချာပ၀ရ" လုပ်ရရာ၊ ခဏခဏ ချာရသူ၊ အလွန်ချာသူ ဖြစ်လာ၏။ ဒါကိုပင် အစွဲပြုကာ အလွန်ချာသူဟု ဆိုခဲ့ကြောင်း ဆရာကြီး "ရန်ကုန်ဘဆွေ"၏ "မြန်မာပြည်သား" စာအုပ်ထဲမှာ ဖတ်ဖူးပြီး သတ္တိနည်းသူကို ဆိုခဲ့ရာမှ ယခုအခါ အရည်အသွေးညံ့သူကို ချာသည့်လူဟု ဆိုနေကြကြောင်း တွေးတော မှတ်ချက်ချနိုင်ခဲ့လေသည်။

တစ်ဖန် ရှေးခေတ် အပျိုလေးတို့ ၀ဲလင်းဆောင် (အိမ်မ၏ရှေ့၌ အမိုးတစ်ဆင့်ပြု၍ ထုတ်ထားသော ဘေးနှစ်ဖက်အကာနှင့် ခေါင်ပါသည့် မြေစိုက်အဆောင်၊ အိမ်သုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်းများလည်း ထားသည့် အဆောင်)၌ ဗိုင်းငင်ရင်း လူပျိုကလေးတွေကို ဧည့်ခံ၍ စကားထာဝှက်ဥာဏ်စမ်းကြရာမှ ထူလွန်း၊ ထိုင်းလွန်း၊ အလွန်း၊ ညံ့ဖျင်းလွန်းသောကြောင့် မည်သည့် ကာလသားကမှ မကြိုက်နိုင်ကြဘဲ စွန့်ပစ်သွားကြ သဖြင့် ဗိုင်းငင်သောအလုပ်ခွင်၌ နာခဲ့ရ၍ "ဗိုင်းနာမ" ဖြစ်တော့မည်ဟု မိမိဘာသာ ရည်ညွှန်းကာ ထိုဘ၀မှ လွတ်မြောက်ရန် စကားထာဝှက်ပါတော့မည်ဆို၍ စကားထာဝှက်ခဲ့ရသည်ဟု ထို "မြန်မာပြည်သား" စာအုပ်မှာပင် ဖတ်ခဲ့ရပြန်ရာ သည်ဘက်ခေတ်၌ ဆဲရေးသည်ဟု ယူဆသော အယူမှာ မှားယွင်းနေကြောင်း နားလည်ခဲ့ရပြန်သည်။

အလျဉ်းသင့်၍ ကျွန်တော်သိထားသော စကားလုံးလေးတွေကို ဖောက်သည်ချရခြင်း ဖြစ်ပါသည်။ ကျွန်တော် အဓိက ဆိုလိုချင်သည်က စာနည်းနည်းဖတ်လျှင် နည်းနည်းသိသည်။ များများဖတ်လျှင် များများသိသည်ဟု နားလည်စေရန် ဖြစ်သည်။ ထိုသို့သိရာ၌ မိမိဗဟုသုတ တိုးပွားလာသလို၊ ရမ်းသန်း၍ ထင်နေသော အထင်များလည်းေ၀၀ါးရာမှ ကြည်လင်ပြတ်သားလာ၏။ အသိဥာဏ်မြင့်မားလာသည်ဟုဆိုလျှင်လည်း ရသည်။ ပြီးတော့ မိမိသိထားသော အသိတစ်ခုကို ပြန်လည် အသုံးချနိုင်လာ၏။ များများဖတ်သူက များများသိထားရာ ရှေ့က သူတို့သိခဲ့သမျှ အသုံးချပြထားသည်ကို ကျွန်တော်တို့လို နည်းနည်းသိသူများက ရှာဖွေလေ့လာရ၏။ သူတို့နည်းတူ သိလာရသောအခါ ကျေနပ်ပျော်ရွှင်ရ၏။

သို့သော် စာဖတ်ခြင်းသည် သိနိုင်သမျှ သိအောင်၊ သိလာသမျှကို ကျေနပ်ပျော်ရွှင်မှု ခံစားရအောင် ဖတ်ခြင်းမျိုး မဟုတ်တာလည်း စာဖတ်သူ ကျွန်တော်တို့ သိနားလည်လာပြန်ပါသည်။ ဒါဖြင့် ဘာကြောင့် စာဖတ်သလဲ။

စာတွေက မျိုးစုံရှိသည်။ အကြောင်းအရာ မျိုးစုံပါသည်။ ကဏ္ဍ များစွာရှိသည်။ ငယ်စဉ်မှ သေသည့် တိုင်အောင်လည်း စာတွေဖတ်ခဲ့ ၊ဖတ်ဆ၊ဲ ဖတ်ကြရဦးမည်။ သေချာသည်ကတော့ စာထဲက တစ်ခုခုကို လိုချင်၍ ဖတ်တာ ထင်ရှားသည်။ အပျင်းပြေဖတ်ဖတ်၊ ရည်ရွယ်၍ ဖတ်ဖတ် တစ်ခုခုကို လိုချင်၍ ဖတ်တာဖြစ်သည်။ ဘာခံစားရမလဲ၊ ဘာတွေ ဗဟုသုတ ရမလဲ၊ ဘယ်သူ့အကြောင်းတွေ သိရမလဲဆိုသည့် အတွေးမျိုးနှင့် ဖတ်တာဖြစ်သည်။ မဖတ်ခင်နှင့် ဖတ်နေဆဲမှာတော့ သည်အတွေးမရှိ။ ရှိလျှင်လည်း စာဖတ်ပြီး ဘာမှမရ။ အဘယ်ကြောင့်ဆိုသော် ဘာရမလဲဆိုသော အတွေးကြီးက လွှမ်းမိုးနေလျှင် တကယ်ဖတ်လျှင် ဘာမှမရတော့တာ ကျွန်တော့်ကိုယ်တွေ့ သိခဲ့ဖူးသည်။

စာကို စာလိုဖတ်၊ ပြီးမှ တွေးတောဆင်ခြင်၊ သည်လိုလုပ်မှ စာရေးသူ၏ အာဘော်ကို ကျက်မိကာ နောက်ဆို သူ့စာပဲ ဖတ်တော့မည်ဆိုပြီး စာကို ရွေးဖတ်ကာ၊ ဘာမရလဲဆိုသည့် မေးခွန်းကို ဖြေပြီးသားဖြစ် သွားတတ်သည်။ စာရေးသူပေးတာနှင့် မိမိလိုချင်တာ ကိုက်ပြီဆိုလျှင် ဘယ်သူက ဘာကို ဖတ်ပါဟု ပြောစရာမလိုတော့။ စာကို စုံအောင် ဖတ်ပါတို့၊ ရွေးဖတ်ပါတို့ ဆိုသော စကားတွေကို နားမ၀င်တော့။ ကိုယ့်ဘာသာ သိလာသည်။ ဘယ်သူက ဘာတွေရေး၍ ဘာတွေပေးနေသည်။ ဘယ်စာအုပ်ဖတ်လျှင် အကျိုးမရှိ။ သည်လိုသိသွားပြီး စာထဲက ဘာရမလဲဆိုသော အတွေးက အလိုလိုပျောက်သွားသည်။ တကယ်ရတာကိုတောင် ခံစားမိနေပြီမဟုတ်လား။ ဒါဖြင့် စာဖတ်ခြင်းသည် သိချင်၊ တတ်ချင်၍ ဖတ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်တော်ရှေ့မှာ ဆိုခဲ့သလို ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖတ်တာမျိုးဖြစ်သည်ဟု ဆိုရဦးမည်။ သို့သော် အသိ ဥာဏ်တွေ ဖြည်းဖြည်းချင်း ဖြည့်နေတာ ဘာလုပ်ဖို့လဲ တွေးကြည့်ပါ။ စာရေးဆရာဆိုလျှင်တော့ ဗဟုသုတ ပြည့်လေ ကောင်းလေမို့ သူ့ဘာသာ သူတော့ အကျိုးရှိပေလိမ့်မည်။ တခြားလူအတွက်ကျတော့ ထိုသို့မဟုတ်။ ဗဟုသုတတွေရ၊ အသိဥာဏ်တွေရင့်ကျက်နေခြင်းသည် စာရေးဖို့မဟုတ်။ ပညာရှိ သုခမိန်ကြီးလုပ်ဖို့လည်း မဟုတ်။ ငါတတ်တယ်ကွဟု မော်ကြွားကာ လူရှေ့သူရှေ့ ဟောင်ဖွာဟောင်ဖွာ လုပ်ဖို့လည်း မဟုတ်။ စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပါပြီဟု ကြွားချင်၍ စာဖတ်တာလည်းမဟုတ်။

အဓိက က စာဖတ်ပြီး ရလာသော ဗဟုသုတတွေ၊ ရင့်ကျက်လာသော အသိဥာဏ်တွေက ထိုသူကို ပြန်အုပ်ချုပ်ကာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ဆိုတာ သွားတွေ့ရသည်။

လူတောထဲမှာ လူတွေနှင့် နေသည်။ အမှားနည်းအောင် ထိန်းကျောင်းသွန်သင်ဖို့ မိဘ၊ ဆရာသမားနှင့် ရဟန်းသံဃာတွေ ရှိသည်။ စာအုပ် ဖတ်လျှင်တော့ ထိုသူတွေက ဘာမျှမပြောလည်း ကိုယ့်ဘာသာ နားလည်သွားသည်။ ဘယ်သူနှင့်ဆို၊ ဘယ်လို နေရမည်။ ဘယ်လို ဆက်ဆံရမည်။ ဘ၀ကို တိုးတက်အောင် ဘယ်လို ကြိုးစားရမည်။ နောက်ဘ၀ကူး ကောင်းစေချင်သည်။ စသည်ဖြင့် စာစုံလျှင် စုံသလို ကိုယ့်ကိုယ်ကို အနည်းနှင့် အများ ထိန်းကျောင်းသွားနိုင်သည်။ တစ်ခုတော့ရှိသည်။ ထိုသို့ဖြစ်ဖို့ စာအုပ်ကောင်းတွေ ပိုဖတ်ဖို့တော့ လိုမည်။ ဒါလည်း ထူးထူးထွေထွေ ဘာမျှ မလုပ်ရ။ စားများများဖတ်လာလျှင် စာအုပ်တွေကပင် မိမိကို လမ်းညွှန်သွားလိမ့်မည်။ "ငါ့ကိုဖတ်ရင် မင်းအချိန်ကုန်တာပေါ့"၊ "ငါ့ကိုဖတ်ပါ၊ မင်းအသိဥာဏ်တွေ ထပ်ပြီး ပွင့်သွားလိမ့်မယ်" ဟု စာအုပ်တွေကပင် ပြောလိမ့်မည်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို အမြဲထိန်းကျောင်းနေနိုင်ရန် စာအုပ်များကို ဖတ်ရင်းနှင့် ရပ်မပစ်ပါနှင့်။ ဖယ်ရှားမပစ်ပါနှင့်ဟု ဆိုချင်သည်။ ပြတ်တောင်း ပြတ်တောင်း ဖြစ်ချင်ဖြစ်ပါစေ။ စာအုပ်ကောင်းတွေကို ကြုံလျှင် ကြုံသလို စာစုံအောင်ဖတ်ပါဟု ကျွန်တော်က ဆိုပါဦးမည်။ တချို့က သူတို့ကိုယ်သူတို့ စာတော်တော်ဖတ်သည်ဟု အထင်ရောက်ကာ တချို့ စာတွေကို ဖတ်သင့်ပါလျက် ကိုယ့်ဥာဏ်နှင့် ယှဉ်လျှင် နိမ့်သည်ဆိုကာ ဖတ်စာရာမလိုဟု ဖယ်ရှားတတ်သည်။ ထိုသူတွေမှာ ဘာသွားတွေ့ရသလဲဆိုလျှင် ရံဖန်ရံခါ၌ လူအများက လက်မခံနိုင်လောက်သော အမှားမျိုးကို သူတို့က အမှန်ဟု ထင်ကာ လမ်းလွဲနေတာ တွေ့ရလေသည်။

လူတိုင်းကတော့ မှားကြပေလိမ့်မည်။ သို့သော် စာဖတ်သည့်သူ မှားပြီဆိုလျှင် သူများထက် ထူးခြားသည်ဟု ဆိုရလောက်အောင် မှားတတ်ပြန်သည်။ သည်တော့ စာဖတ်သည့်သူ မှားရခြင်းမှာ သူ့အတွက် နောက်ထပ် အသိဥာဏ်တွေ ဖွင့်ပေးမည့်စာ (သို့မဟုတ်) ရှိနေသည့် အသိဥာဏ်ကို လှုပ်နှိုးသည့်စာမျိုးကို ရှောင်ကာ ထပ်မဖတ်ဘဲ ကိုယ့်ဘာသာ လူတတ်ကြီးလုပ်နေ၍သာ မှားခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။

သည်မျှဆိုလျှင် "ဘာကြောင့်စာဖတ်သလဲ" ဆိုသော မေးခွန်းကလေး ရှင်းလောက်ပေပြီ။ ကျွန်တော်တို့ ဖြတ်သန်းရသော ဘ၀မှာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ စာတွေဖတ်ရသည်ဟု နားလည်နိုင်ပြီ ထင်ပါသည်။ ထပ်ဆိုပါရစေ။ စာကောင်းတွေကို များများဖတ်ပါ။ ကိုယ့်ကိုယ်ကို တွန်းအားပေးရန်၊ သတိပေးရန် အတွက်လည်း အဆက်မပြတ်အောင် ဖတ်ပါ။ ထိုသို့ဖတ်မှလည်း စာဖတ်သည်ဆိုသော အလုပ်နှင့်အညီ ရလဒ်ကောင်းတွေ ရလာမည်ဖြစ်သည်။

အသေချာဆုံးကတော့ စာကောင်းတွေကို အနည်းနှင့် အများ ဖတ်သူသည် သူ၏ အသိဥာဏ် အနည်းနှင့် အများ ပွင့်လင်းတိုးတက်နေမည် ဖြစ်ပြီး လောကထဲမှာ နေထိုင်ရာ၌ တခြားသူတွေထက် အဆင်ပြေချောမွေ့မှု၊ တိုးတက်အောင်မြင်မှုတွေ အနည်းနှင့် အများ သာလွန်နေမှာဖြစ်ကြောင်း လေ့လာ သုံးသပ်မိပါတော့သည်။ ။


ဆူးသစ်
မှုခင်းရှုထောင့်မဂ္ဂဇင်း

၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ


Monday, May 2, 2011

"ချစ်သူအဖြေ"

မြန်မာသက္ကရာဇ် ၁၃၄၀ခုနှစ် တန်ခူးလဆုတ်(၁၃)ရက်နေ့တွင် သူ့ကိုမွေးသည်။ အိမ်ဘေးမှ ဒေါ်ဘုမ ဆိုသော အဒေါ်ကြီးက လက်သည်ဖြစ်၏။ ထူးခြားချက်မှာ သူ့ကိုမွေးစဉ်က အချင်းစလွယ်သိုင်းလျက်သား။ တစ်မိပေါက် တစ်ယောက်ထွန်း၊ စွမ်းမည့်ကလေးဟု ဆိုခဲ့ကြသည်။ တကယ်စွမ်း မစွမ်းတော့ မသိ။ သူမနှင့် တွေ့သည့်အချိန်တွင် သူ့အစွမ်းများက ကပြောင်းကပြန်။

သူမနှင့် မတွေ့ခင်ညက အိပ်မက်ဆိုးများ မက်သည်။ မနက်ရောက်သောအခါ မျက်ခုံးများပင် လှုပ်လာ၏။ အခန်းထဲက တင်ထားသော ဖန်ခွက်ပင် လေမတိုက်ဘဲ ကျကွဲ၍ အတိတ်နိမိတ်လားဟု တွေးကာ တုန်လှုပ်သည်။ အိမ်မြောင်ဥကို ကိုင်တွယ်မိသလို တကိုယ်လုံး တုန်ယင်နေ၏။

သည်သို့ဖြင့် သူမနှင့် တွေ့သည့်နေ့မှာ ဖွင့်ပြောလိုက်၏။ ဂြိုဟ်စီး ဂြိုဟ်နင်း ကောင်းမကောင်းတော့မသိ။ ဆရာကြီးများကို တွက်ချက်ခိုင်းကြည့်ချင်သည်။ လိုအပ်လျှင် အချစ်ရေးမှာ ယတြာချေကြည့်ချင်မိ၏။ တစ်ခုပဲ ရှိသည်။ သူမ ဘာဖြေမှာလဲ။ Yes or No တစ်ခုခုတော့ ဖြစ်လိမ့်မည်။ သူမ ဘယ်လိုဖြေမှာပါလိမ့်။

No ဆိုလျှင် ပွဲကပြီးသွားပြီ ဖြစ်သည်။ အင်မတန် ၀မ်းနည်းစရာ ကောင်းမည့်အဖြစ်။ သူ့ကို မကျီစားပါနဲ့ ကောင်မလေးရယ်ဟု ဆုတောင်းမိ၏။

သူ့အတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်သွားနိုင်သည့် သူမ၏ အဖြေမှာ မျှော်လင့်ချက်၏ တန်ဖိုးများ ရှိသည်။ အိပ်မက်နှင့် စိုက်ခဲ့ရသော သစ်ပင်လေး ကြီးလာပါက ချစ်ခြင်းဖြင့် အရိပ်ရနိုင်ကောင်း၏ဟု ထင်မိသည်။ စိတ်ထဲမှာရှိသော သူမသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ သူမသည် သူ့အတွက် အဖြေတစ်ခုတော့ စဉ်းစားပေးလိမ့်မည်။ ထိုအဖြေသည် ဘာလဲ သူသိချင်လှ၏။

သူမ ဘယ်လိုဖြေမှာပါလိမ့်။

သည်လိုခံစားချက်များကို အယ်နှောင်း ရေး၍ Yes or No ဆိုသော သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ မင်းမော်ကွန်း ဆိုထား၏။ ကျော်သူစိုး က Rap အပိုဒ်ဆိုထားသည်။ မင်းမော်ကွန်းနှင့် အိန္ဒြာကျော်ဇင် ကားမှာ အိန္ဒြာကျော်ဇင်အိမ်ရှေ့၌ ထိုသီချင်းကို ဂစ်တာတီး၍ မင်းမော်ကွန်းက ဆိုပြသည်။ မူလသီချင်း။ ကျော်သူစိုး ၀င်ဆိုသည့် Rap အပိုဒ်မပါ။ ထိုကားကြည့်ပြီး ထိုသီချင်းကို ကျွန်တော်ကြိုက်ခဲ့ဖူးသည်။ မင်းမော်ကွန်းဆို၍ ဘယ်သူရေးမှန်းမသိ။

ကောင်မလေးတစ်ယောက်ကို ကြိုက်သည့်အကြောင်း ရည်းစားစကားပြောပြီး အဖြေမရခင် ရင်ခုန်ရပုံလေးကို တင်ပြပုံဆန်းဆန်း၊ မယ်လိုဒီ လှလှဖြင့် တင်ပြထားတာဖြစ်သည်။ မြန်မာ လို မွေးနေ့နှင့် မြန်မာအယူအဆများကို ရောညှပ်ထည့်ထားပုံက သီချင်း၏အတွေးကို ဆန်းသွားစေသည်။ သက္ကရာဇ်တွက်လိုက်တော့ သြော် - သီချင်းထဲက လူတောင် (၃၃)နှစ်ရှိပြီပဲဟု သည်နေ့ တန်ခူးလဆုတ် (၁၃)ရက် ၁၃၇၃ခုနှစ်မှာ တွေးမိလိုက်သည်။

ကျွန်တော်က သည်သီချင်းအကြောင်းပြောပြပြီး ချာတိတ်တွေကို သီချင်းရှာခိုင်းတော့ မင်းမော်ကွန်း နောက် ထွက်သည့် အခွေထဲမှာ ပါသည်တဲ့။ ဘယ်အခွေမှန်းမသိ။ Chord ရှာပြီး ကိုယ့်ဘာသာတီး၍ တော်တော် ကြာမှ သီချင်းကို ရှာ၍ရသည်။ Yes or No ဆိုသော Chorus အပိုဒ်ကို ချာတိတ်တွေ လိုက်အော်ကြသည်။ ယခု YouTube မှာ သရုပ်ဆောင်မပါဘဲ ဓါတ်ပုံနှင့် သီချင်းကိုသာ တင်ထားသည်ကိုတွေ့၍ တင်လိုက်ရပါသည်။

ကျေးဇူးတင်ပါသည် အယ်နှောင်းနှင့် မင်းမော်ကွန်း ခင်ဗျား။ ။

ဆူးသစ်
တန်ခူးလဆုတ်(၁၃)ရက်၊ ၁၃၇၃ ခုနှစ်။

Saturday, April 30, 2011

"Site ထဲမှာ ထွက်ပြေးခြင်း"

ကျွန်တော်သည် Sub-contractor ကုမ္ပဏီတစ်ခု၏ Safety Supervisor တစ်ယောက်ဖြစ်၍ Main-contractor ကုမ္ပဏီမှ Safety များနှင့် ရင်းနှီးနေလေပြီ။ နှစ်နှစ်ကျော်ကြာ Project မှာ Safety မလိုက်နာသူများကို ဖမ်းလိုက်ကြ၊ Client က ဖမ်းလျှင်လည်း ရှင်းလိုက်ကြနှင့် တော်တော်လေး လက်တွဲမိနေလေသည်။

Main-Con Safety များက ကုလားများဖြစ်၍ စလုံးကုလား၊ အိန္ဒိယကုလား စသဖြင့်ရှိလေ၏။ ထိုကုလားများထဲတွင် စလုံးကုလား "ကူမာရန်" ကား ကျွန်တော်နှင့် တော်တော်ရင်းနှီး၏။

ဖြစ်ချင်တော့ တစ်ရက်မှာ ကျွန်တော်သည် ဘုရင့်နောင် ကျော်ထင်နော်ရထာနှင့် နန်းတော်ပုံပါသော တီရှပ်အဖြူကို အောက်ခံအင်္ကျီအဖြစ် ၀တ်ကာ အလုပ်သွားခဲ့လေသည်။ ကျွန်တော်တို့ Site မှာ FRC ဟု ခေါ်သည့် မီးလောင်ခံ အင်္ကျီဝတ်ရရာ ထို FRC ယူနီဖောင်းအောက်မှာ တီရှပ်ခံဝတ်ခြင်းအားဖြင့် ချွေးပါ စုပ်သကဲ့သို့ ခံစားရ၏။


တကယ်တော့ ထိုအင်္ကျီမှာ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေး မြန်မာပြည်မှာ ပဲခူးရှိ ကမ္ဘောဇသာဒီ နန်းတော်သို့ သွားရောက်လေ့လာ လည်ပတ်စဉ်က စလုံးမှာရောက်နေသော ကျွန်တော် ၀တ်ရန် အမှတ်တရ ၀ယ်ခဲ့တာ ဖြစ်သည်။ ဘုရင့်နောင်ပုံနှင့် နန်းတော်ပုံပါ တွဲလျက်ပါ၏။

သို့သော် ထိုအင်္ကျီကို FRC အပေါ်မှ ထပ်ဝတ်လိုက်သောအခါ FRC အင်္ကျီ အပေါ်ကြယ်သီးတစ်လုံး မတပ်ဘဲ ထားသည့်နေရာမှ နန်းတော်၏ စုလစ်မွန်းချွန်ထိပ်ပိုင်းသည် ထင်ရှားစွာ ပေါ်နေလေ၏။



ကျွန်တော်နှင့် "ကူမာရန်"မှာ ကိုယ့်တာဝန်၊ သူ့တာဝန်ဖြင့် Site ထဲသွားနေရာမှ တစ်နေရာ၌ ဆုံကြ လေသောအခါ သူက ကျွန်တော့်ကို သေသေချာချာ ကြည့်၍ ခဏရပ်ခိုင်း၏။ ရုတ်တရက်မို့ ကျွန်တော်လည်း ကြောင်သွားသည်။ ထို့နောက် ကျွန်တော့်ဆီ တည့်တည့်တိုးလာပြီး FRC အင်္ကျီကို ကြယ်သီးတစ်လုံးချင်း ဖြုတ်လေတော့သည်။ ဖြုတ်ရုံမျှမက ဘေးနားခပ်လှမ်းလှမ်းမှာရှိသော တခြား ကုမ္ပဏီမှ Safety များကိုလည်း ခေါ်လိုက်သေး၏။ ကျွန်တော့်မှာ ဘုမသိ၊ ဘမသိဖြင့် လန့်နေ၏။

FRC အင်္ကျီကြယ်သီး အားလုံး ပြုတ်ပြီဆိုမှ "ကူမာရန်"က ဘေးက Safety များကို ကျွန်တော်သည် မြန်မာ Safety ဖြစ်၍ ဘေးကင်းအောင် ကျွန်တော်တို့ ကိုးကွယ်သည့်ဘာသာအရ ဤအင်္ကျီကို ၀တ်ထားပုံရကြောင်း စိန်ပြေနပြေရှင်းပြသောအခါ ကျွန်တော် မျက်လုံးပြူးရလေပြီ။ ထို့အပြင် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ နန်းတော်ကြီးကို ကြည့်ကာ သူကလက်အုပ်ချီပါတော့သည်။

သည်တော့မှ ကျွန်တော်သဘောပေါက်တော့သည်။ ကျွန်တော်တို့ မြန်မာများ စေတီကို အမြဲရှိခိုးနေတာ သူတွေ့ဖူးပါလိမ့်မည်။ သူက FRC ကြားမှ အစွန်းထွက်နေသော နန်းတော်၏ စုလစ်မွန်းချွန်ကို မြင်ကာ အင်္ကျီ ချွတ်ခိုင်းပြီး နန်းတော်ကို စေတီဟုထင်၍ လက်အုပ်ချီခြင်းဖြစ်သည်။ ဘေးက Safety များကလည်း သြော်-ဒါ မြန်မာတွေ ကိုးကွယ်တဲ့ Pagoda ဟုဆိုကာ ခေါင်းတွေ ညိတ်ကြသည်။ သူတို့ သည်လိုထင်တာ ကိစ္စမရှိ။ သို့သော် နေရင်းထိုင်ရင်း အချောင်လက်အုပ်ချီခံနေရသည့် ကျွန်တော်က ကိစ္စရှိသည်။ ကူမာရန်က ကျွန်တော့်ထက် ကြီး၏။ ဘာ ဘာသာကိုးကွယ်မှန်းတော့ မသိ။ စေတီမဟုတ်ဘဲ ကျွန်တော့်ဘက် လက်အုပ်တစ်ချီချီ လုပ်နေကတည်းက နေရထိုင်ရ ကျပ်လှ၏။ ထို့ကြောင့် ကျွန်တော် သုတ်ခြေ တင်ရတော့သည်။ ကိစ္စရှိလို့ကွာဟုဆိုကာ လစ်ရတော့၏။

နောက်တစ်ခါ ထိုအင်္ကျီဝတ်သည့်နေ့မှာ ကူမာရန်မမြင်စေရန် ကျွန်တော့်ဘာသာ Site ထဲမှာ ပတ်ပြေး နေရတော့၏။ သည်နေ့ပင် ထိုအင်္ကျီဝတ်မိသေးသည်။ သူ့ဘာသာ အလုပ် ရှုပ်နေ၍သာ တော်တော့၏။ ရှင်းပြလျှင်လည်း ပိုရှုပ်မှာစိုးရသည်။

သည်လိုနှင့်ပေါ့ဗျာ။ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ နန်းတော်ကြီးကို စေတီဟုထင်သော ကုလား တစ်ယောက်ကြောင့် ကျွန်တော်တစ်ယောက် Site ထဲမှာ ထွက်ပြေးခဲ့ရဖူးပါသည် ခင်ဗျား။ ။


ဆူးသစ်
၂၂း၅၀နာရီ
၃၀.၀၄.၁၁

Tuesday, April 26, 2011

"အပေါင်းအသင်းများအတွက် ကျောင်းသီချင်း"

အတိတ်ဆိုသည်က ဖျောက်ပစ်၍ ရကောင်းသော အရာမဟုတ်။ ထိုသို့သော အတိတ်များထဲမှာ ကျောင်းနှင့် ပတ်သက်သည့် အတိတ်ကပို၍ ဖျောက်ပစ်၍မရ။ တက္ကသိုလ်တက်ဖူးသူတိုင်း အထက်တန်းကျောင်းမှသည် တက္ကသိုလ်အထိ စွဲလန်းငြိတွယ်စရာများ ရှိခဲ့ကြပါလိမ့်မည်။ အထူးသဖြင့် ယောကျာ်းလေးတစ်ယောက်က မိန်းကလေးသူငယ်ချင်းရှိခဲ့လျှင် ပို၍ စွဲငြိနေမည့် အတိတ်များကား ယနေ့တိုင် ထင်ရှားနေလိမ့်မည်။

တစ်ချိန်တုန်းက တက္ကသိုလ်ဆိုသည့် ပရိဝုဏ်ထဲတွင် သူတို့အားလုံး အချိန်ဇယားအတိုင်း ကျင်လည်ခဲ့ရဖူးသည်။ ဘယ်အချိန် ဘယ်အတန်းဆိုသည့် နောက်ကွယ်တွင် ဘယ်အချိန် သံယောဇဉ်ဖြစ်၊ ဘယ်အချိန်ချစ်၍ ဘယ်အချိန် ကျန်ရစ်ခဲ့မည်ဟု အချိန်ဇယားများကလည်း ရှိနေလေသလား မပြောတတ်။

စာကြည့်တိုက်ထဲမှာ တွေ့ခဲ့စဉ်က တစ်ချိန်မှာ ခွဲခွာရမည့် နေ့ရက်တို့ကို တွေးရင်း မျက်ရည်စို့ခဲ့ရသည်ကို သူမြင်ခဲ့ရဖူးသည်ပဲ။ ယခုတော့ စာကြည့်စားပွဲမှတစ်ဆင့်၊ ထိုအချစ်များကို ရင်ဘတ်ဗီရိုထဲထည့်ကာ သိမ်းထားခဲ့ရလေပြီ။

သူ့ကိုလွမ်း၍ ဂစ်တာတီး သီချင်းဆိုသည့်အခါများတွင်တော့ ထိုအလွမ်းများက ပန်းလို ကြွေကျခဲ့သည်။ အခွင့်ရှိပါက သူနှင့် ပတ်သက်သမျှ ကဗျာရေး၍ ရင်းနှီးသော မဂ္ဂဇင်းတိုက်တချို့ကို ပို့ဖြစ်နေဦးမည် ဖြစ်သည်။ တစ်ချိန်က သူတို့အချင်းချင်း ' အချိန်တန်ရင် နင်လည်း အိမ်ပြန်၊ ငါလည်း ငါ့အိမ်ပြန်ရတော့မယ်' ဟု ကျောင်းထဲမှာ စကားမပြောဘဲ၊ ကြားခဲ့ရသည့် အကြိမ်ပေါင်း နည်းမှမနည်းခဲ့ဘဲလေ။

ဟိုတုန်းက ဘ၀မှာ ဖြစ်လာသော အဖုအထစ်လေးများကို တစ်ယောက်နှင့်တစ်ယောက် ကူညီ ဖြေရှင်းပေးခဲ့ဖူး၏။ ယုတ်စွအဆုံး သူလဲလျှင် ကိုယ်ထူ၊ ကိုယ်လဲလျှင် သူထူ စသဖြင့် နေလာခဲ့ကြသည်။ ချစ်သူ အဆောင်မှာရှိသည့်ည သူတို့ရောက်ခဲ့ကြဖူးသည်။ ချစ်သူဝယ်ထားသော မုန့်တို့ကို စားရင်း ရင်ထဲက ခံစားမှုတို့ကို မိုးလင်းသည့်တိုင် ဖွင့်ဟခဲ့ကြ၏။ အဆောင်မှူးသိသည့်အခါ အပြစ်တို့ကျလာသည့်တိုင် နှစ်ဦးစလုံး၏ အချစ်က ခိုင်မာခဲ့၏။

ကျောင်းတုန်းက ချစ်ခဲ့စဉ် အသက်ပေးမတတ် တူညီစွာ ခံစားခဲ့ရ၏။ ချစ်ခြင်းသည် သန့်စင်မွန်မြတ်လှသည်။ သို့သော် လောက၏သဘာဝအတိုင်း ချစ်တိုင်းညားသည်မဟုတ်။ မည်သို့ဆိုစေ တစ်နေရာစီ ဝေးကွာခဲ့သည့်တိုင် ဟိုးတုန်းက သန့်စင်စွာချစ်ခဲ့ခြင်းကို ယခုတိုင်တန်ဖိုးထားဆဲ။ ကျောင်းတုန်းက ချစ်သူကိုလွမ်းသည်။ ပြီးတော့ ကျောင်းနှင့်ပတ်သက်သည့် သတင်းမှန်သမျှ နားစွင့်ဆဲ။ ကျောင်းနှင့်ပတ်သက်သည့် သီချင်းကိုလည်း ရင်မှာတီးတိုး ရွတ်ဆိုဆဲ။ အဝေးမှာရောက်နေသည့်တိုင် သူတို့အားလုံး ကျောင်းဝင်းထဲမှာ အမြဲရှိသည်။

သည်လိုခံစားမှုမျိုးကို စောဘွဲ့မှူး ရေး၍ "ကျောင်းသီချင်း" ဆိုသော သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ ကျောင်းနှင့် ပတ်သက်၍ ဇာတ်လမ်းဆန်ဆန် သီချင်းမျိုးရေးဖွဲ့လေ့ရှိကြရာ၊ ယခု ကျောင်းသီချင်းသည် ဇာတ်လမ်းတော့ ဆန်၏။ သို့သော် တကယ်ဇာတ်လမ်းပုံစံ ဖြစ်ခဲ့သလားဆိုလျှင် ထိုသို့လည်းမဟုတ်ပြန်။ သို့သော် တက္ကသိုလ်ကို ဖြတ်သန်းဖူးသူတိုင်းတော့ ခံစား၍ရမည်ထင်သည်။

ထိုသီချင်းကို မူလက ကဗျာဘွဲ့မှူး ဆိုထားသည်။ နားထောင်ပြီး သီချင်းကို ကြိုက်လွန်း၍ ယောကျာ်းလေး တစ်ယောက်ဆို၍ရအောင် ကျွန်တော့်ဘာသာ စာသားတချို့ ပြင်ဆိုရင်း ဂစ်တာတီးဖြစ်သည်။ အထက်တန်း ကျောင်းသားလေးတွေပင် လိုက်ဆိုဖြစ်ကြ၏။ နောက်တော့ ကျွန်တော့်စိတ်ကူးနှင့် ထပ်တူညီစွာ စာသားများကို ပြောင်းရင်း 'ရာစု' က ဆိုထားတာတွေ့လိုက်ရသည်။ MP3 ထက်You Tube က အရုပ်ပါပါသော သီချင်းများ တင်ရသည်က ပိုလွယ်၍ ရာစု ဆိုသည်ကိုသာ တင်လိုက်ပါသည်။ ကဗျာဘွဲ့မှူး ဆိုထားသည်ကို ရှာမရ၍ ချန်ထားခဲ့ရပါ၏။

မည်သို့ဖြစ်စေ ဇာတ်လမ်းဆန်သော သီချင်းများကို ရေးရာ၌နိုင်နင်းသော ဆရာစောဘွဲ့မှူးအား 'ကျောင်းသီချင်း' အတွက် ကျွန်တော် ကျေးဇူးတင်နေမိပါသည်။ နားထောင်ပြီးတိုင်း ရင်မှာ ထိရှလွန်းသည်လေ။ သူငယ်ချင်းများလည်း ခံစား၍ ရမည်ထင်ပါသည်။ ။

ဆူးသစ်
၁၉:၃၀နာရီ
၂၅.၀၄.၂၀၁၁

Saturday, April 23, 2011

"ကျွန်တော်တို့သည်" (၁၅)


သည်တစ်ခါတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဦးမည်။ တခြားတော့မဟုတ်။ ဒုတိယနှစ် စက်မှု တက္ကသိုလ်မှာ စာမေးပွဲအောင်ပြီးလျှင် အမှတ်နှင့် မေဂျာခွဲမှာမို့ ဆယ်တန်းလို အပြိုင်အဆိုင် ကြိုးစားရင်း၊ တစ်ယောက်နှင့် တစ်ယောက် စာတွေ လျှိုကြ၊ ၀န်တိုစိတ်များ များကြနှင့် ဖြစ်ကြရသည့်ကိစ္စပါ။

ထိုစဉ်က အားလုံးရင်ထဲမှာ ကိုယ်စီကိုယ်စီ၊ ကိုယ်ယူမည့် ဘာသာရပ်အတွက် ရှိနေကြပါလိမ့်မည်။ ကျွန်တော်တို့နှစ် (၁၉၉၄) မှာတော့ အီးစီဟုခေါ်သည့် Electronics ကတော့ အဟော့ဆုံး။ ကျောင်းသား တစ်ရာမှာ ရှစ်ဆယ်လောက် မေးကြည့်၊ အီးစီ အီးစီဟု အော်နေသည်။ ထိုအချိန်မှာ ဘုမသိ၊ ဘမသိ ကျွန်တော်က Civil (မြို့ပြ)နှင့် Mechanical (စက်မှု)ကို ယူဖို့ စဉ်းစားပြီး အိမ်နှင့်တိုင်ပင်နေရသည်။ အလုပ်အကိုင် အခွင့်အလမ်း၊ တည့်တည့်ပြောရလျှင် ငွေရှာဖို့ ပိုလွယ်သော ဘာသာရပ်များဖြစ်၍ ယူရန်စဉ်းစားခြင်းပင်။

ထိုအချိန်မှာ ကျောင်းသူ၊ ကျောင်းသားများ အားလုံးရင်ထဲမှာ မည်မျှ ပူလောင်ဆူပွက်နေသနည်း ဆိုလျှင် မိမိတက်နေသော ကျူရှင်ဘယ်သူသင်၍၊ ဘယ်မှာ သင်နေသည်ဆိုသည်ကိုပင် မပြောချင်လောက်အောင် တစ်ယောက်နှင့် တစ်ယောက် အမှတ်သာသွားမည်ကို စိုးရိမ်နေကြ၏။ ကျောင်းစာအုပ် ငှားရန် ကိုလည်း ပြန်မရတော့မည့် အလား စိုးရိမ်ကြ၏။

ကျွန်တော်ဆိုလျှင် ရှေ့မှာဆိုခဲ့သလို ကဗျာ၏ စကားပြေ၊ စကားပြေ၏ စကားပြေများ ရေးနေသည့်ကြားမှပင် စာများ၍ မရေးနိုင်သည့်အခါ သူငယ်ချင်းများက လျှိုသည်ဟု အထင်ခံခဲ့ရ၏။ တစ်ယောက်တည်း ကျိတ်၍ စာတွေလုပ်သည်တဲ့။ မြန်မာစာကို လျှိုသည်ဟု ဆိုချင်သည့်သဘော။ အမှန်က ခြောက်ဘာသာ စလုံး နိုင်အောင်လုပ်ဖို့ မလွယ်တော့၍ပင်။ ဒါတောင် အပြင်ဆောင်မှာ နေခဲ့၍သာ။

သည်ကြားထဲမှာ မျိုးခိုင်ဆိုသော သူငယ်ချင်းကြောင့် Engineering Mechanics (ME) ကျူရှင်ကို တက်ခွင့်ရပြီး အောင်ကျော်သက်ဆိုသော သူငယ်ချင်းကြောင့် သင်္ချာကို ကျူရှင်တက်ခွင့်ရလေသည်။ တက်ခွင့်ရသည်ဟု သုံးရခြင်းမှာ သူတို့က ပွင့်လင်းစွာဖြင့်မေးလာပြီး ကျွန်တော်မလိုက်နိုင်မှန်းသိ၍ သူငယ်ချင်းပီသစွာ ကျွန်တော့်ကို လာတက်ရန် ခေါ်သောကြောင့်ပင်။

အမှတ်(၂၀)ဖိုး ဖြေရသည့်အခါနှင့် စာမေးပွဲကြီး ဖြေသည့်အခါတွင်လည်း ကျောင်းသားတချို့၏ ဘာမှန်း မသိသော အပြုအမူများကို ဒုတိယနှစ်တွင် တွေ့ရသေးသည်။ စာဖြေချိန်မှ မစေ့သေး၊ စာရွက်ကို အပ်ပြီး "တောက်" ခေါက်၊ မေးခွန်းစာရွက်ကို လုံးချေချင်ချေ။ ဆွဲဖြဲချင်ဖြဲ လုပ်ချင်လုပ်၏။ အမှန်ကတော့ မဖြေနိုင်ဘူးဟု အထင်ခံရစေရန်ဖြစ်သည်။ ပြီးတော့ အောင်စာရင်း ထွက်သည့်အခါ Roll လည်း အောက်မှာ မရောက်၊ ထိပ်လည်း မရောက်၊ အလယ်လောက်သာ တန်းနေ၏။ သည်တော့ သူတို့ထိုသို့ လုပ်ခြင်းကို ဘာကြောင့် လုပ်သလဲ စဉ်းစား၍ မရ။

ဒါလည်း စာလျှိုသည့် နည်းထဲက တစ်ခု ဖြစ်ပုံရသည်။ အခြားသူများက သူမဖြေနိုင်ဘူးထင်၍ ၀မ်းသာရမည်လား။ လူတိုင်း ကိုယ့်အပူနှင့် ကိုယ်ချည်းသာ။ သူ့ကိုကြည့်ကာ ၀မ်းသာ၍ မိမိဖြေလက်စ ကို လျှော့ဖြေရမည်လား။ လုံးဝ အဓိပ္ပါယ်မရှိ။ ထိုသူများကား Roll ထိပ်ဆုံးက လူများလည်း မဟုတ်။ ထို့ကြောင့် နောက်ဆုံး ကောက်ချက် ချရလျှင် ထိုသူများ၏ အပြုအမူများကား ခပ်ကြောင်ကြောင် အပြုအမူများဟုသာ ဆိုရပေတော့မည်။ ကျွန်တော်တို့ကို အာရုံထွေပြားအောင်လုပ်၍ ဖြေလက်စ ကျွန်တော်တို့မှာ တော်တော် အနှောင့်အယှက် ဖြစ်ရသည်မဟုတ်လား။

ထိုသို့ကြုံတွေ့ရသည့်ကြားမှ ME အမှတ်(၂၀)ဖိုးမှာ ပုစ္ဆာတစ်ပုဒ်၌ ဂဏန်းတစ်လုံးကျန်ခဲ့၍ စာမေးပွဲခန်းထဲမှ အထွက် ပွက်လောရိုက်ကုန်သည်။ ME ကား နှစ်တိုင်း ကျောင်းသားများ ကြေကွဲရ စမြဲဖြစ်၍ ကြောက်ကြသည်။ တချို့ မိန်းကလေးများဆို ME (၂၀)ဖိုး ဖြေသည့်နေ့ ငိုပြီး ထွက်လာတာတောင် တွေ့ရသည်။ ကျွန်တော်ကတော့ ဘယ်ဂဏန်းကျန်ခဲ့သည်ပင် မသိ။ တွေ့သမျှ ဂဏန်းနှင့် ရသမျှကို ချတွက်ခဲ့သည်သာ။ တော်တော် တော်လှ၏။ နောက်မှ Roll ကောင်းသော သူငယ်ချင်းများက ပုစ္ဆာကို ထောက်ပြပြီး ပြောမှ သဘောပေါက်တော့သည်။ ငိုသည့်သူများက ကျန်သောပုစ္ဆာများပါ မရ၍ ငိုခြင်းဖြစ်သည်။ တစ်မှတ်နှင့်ပင် မေဂျာတစ်ခု လွဲသွားနိုင်သည်ဟု ကျွန်တော်တို့သာ သိသည်လေ။

ထိုအချိန်တွင် ထောက်ပြချင်စရာ ကောင်းသည်က ပုစ္ဆာ၏ မပြည့်စုံမှုကြောင့် တွက်မရမှန်း သိနေလျှက် ဘာမျှ တောက်မခေါက်၊ မေးခွန်းစာရွက်မဖြဲသော Roll ကောင်းသည့် သူငယ်ချင်းများ၏ စိတ်ဓါတ်နှင့် အထက်က ကျွန်တော် ပြောခဲ့သော ဘာမျှမဟုတ်ဘဲ အော်ကြက် ထထလုပ်သူများ၏ စိတ်ဓါတ် ကွာခြားမှုပင်။ ပြည့်ခြင်းနှင့် မပြည့်ခြင်းက သိသာစွာကွဲလွဲသွား၏။ ခုတော့လည်း သူတို့တစ်တွေ ရင့်ကျက်လောက်ကြပြီဟု ထင်မိပါသည်။ ရှိစေတော့။

ME ပြဿနာကား ဆရာဦးသန်းဌေးက စာမေးပွဲအပြီး ဒုတိယနှစ်၏ အခန်းတိုင်းမှာ လိုက်ရှင်းမှ အဆင်ပြေတော့ သည်။ အမှတ်ဖြည့်ပေးပါမည်တဲ့။ ဘာကျန်ခဲ့မှန်းပင် မသိသော ကျွန်တော့်အတွက်လည်း ok ပါသည်ပေါ့ ခင်ဗျာ။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ စာမေးပွဲများစွာကို ဖြတ်သန်းခဲ့ရ၏။ ဒုတိယနှစ် စက်မှု တက္ကသိုလ်သည်ကား ကျွန်တော်တို့ အချင်းချင်းကြားမှာ ပူလောင်လွန်းလှ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ ရလိုမှုများအတွက် ၀န်တိုစိတ်၊ ဒိုင်လျှိုစိတ်များ ပိတ်လှောင်ခဲ့သူများ ဖြစ်ကြ၏။ ကျွန်တော်တို့သည် အမှတ် တစ်မှတ်ကြောင့် ဘ၀ တစ်ခုလုံး ပွန်းပဲ့ သွားမည်ကို ကြောက်ရွံ့ သူများလည်း ဖြစ်ခဲ့ကြ၏။ ဆယ်တန်းသည် ဘ၀အတွက် ပထမစစ်ပွဲဟု ဆိုလျှင် ဒုတိယနှစ် ရန်ကုန်စက်မှု တက္ကသိုလ်သည်လည်း ဘ၀အတွက် ဒုတိယစစ်ပွဲဟု ဆို၍ ရနိုင်၏။ ကျွန်တော် တို့သည် လောဘ၊ ဒေါသ၊ မောဟကြားမှ ထိုဒုတိယစစ်ပွဲကို ကြိုးစား ဖြတ်သန်းခဲ့ရ၏။ ။


ဆူးသစ်
၂၂း၂၀နာရီ
၂၂.၀၄.၂၀၁၁

Thursday, April 21, 2011

"ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းသည်"


တလောက ကျွန်တော်တို့လုပ်ကွက်ထဲက ကောင်လေးတစ်ယောက် သူ့အဖေ အသည်းအသန်ဖြစ်သည်ဟု ဖုန်းရသည်။ ကင်ဆာရောဂါမို့ အခြေအနေမကောင်းတော့။ သူပြန်ချင်၍ Project Manager ပြည်ကြီး တရုတ်ကို ခွင့်သွားတောင်းသည်။ တစ်လ ပြန်ခွင့်ရ၏။

သို့သော် ကျွန်တော်တို့ ကုမ္ပဏီစည်းမျဉ်းအရ တစ်ကြိမ်ပြန်ပြီး နောက်တစ်ကြိမ် နှစ်နှစ်မပြည့်ဘဲ ပြန်ချင်လျှင် စလုံးငွေ ငါးထောင် စပေါ်တင်ရမည်။ တစ်လ လေးငါးရာသာ ရနေသည့် အလုပ်သမားတစ်ယောက် အတွက် ငွေငါးထောင် ဘယ်မှာ ရှိပါမည်နည်း။ ဖြစ်ချင်တော့ ပထမဖုန်းလာပြီး သိပ်မကြာခင်မှာပင် ထိုကောင်လေး အဖေဆုံးသွားသည်တဲ့။ ပြန်ကိုပြန်ရတော့မည်။

သည်မှာပဲ PM ပြည်ကြီးတရုတ်က စလုံးငွေ ၃၀၀၀ စစိုက်သည်။ မြန်မာဆန်သောစိတ်ဟု ကျွန်တော် မှတ်ချက်ချမိသည်။ ကောင်လေးနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ၀ိုင်းပြီး ပိုက်ဆံစုကြ၏။ အမှန်တော့ PM ကြောင့် မဟုတ်ပါ။ မြန်မာဖြစ်၍ ကူညီရမည်ဆိုသည့် စိတ်ကလေးတွေ ကိုယ်စီကိုယ်ငှ ရှိပြီးသား မဟုတ်လား။

ကောင်လေးအဖေဆုံးပြီဟု သိပြီး နောက်နေ့မနက်မှာ TBM ၌ ကျွန်တော်က ထိုကောင်လေးအဖေ ဆုံးပြီဖြစ်၍ မြန်မာများ ကူကြရန်နှင့် မည်သူ့ထံတွင်ပေးနိုင်ကြောင်း ကြေညာပေးလိုက်သည်။ တစ်ယောက်တစ်ဆယ်စီ၊ ငါးကျပ်စီ ၀ိုင်းလိုက်ရာမှ အသုဘအတွက်အကူငွေ အသင့်အတင့်တော့ ရသွား၏။ ပြန်ဖို့စပေါ်ငွေကိုတော့ သူ့သူငယ်ချင်းအချို့နှင့် ကျွန်တော်အပါအ၀င် မြန်မာကြီးကြပ်ရေးမှူးများ ၀ိုင်းစုလိုက်ကြရာမှ PM ၏ ငွေ ၃၀၀၀ နှင့် ပေါင်းကာ ငါးထောင်ပြည့်သွားတော့၏။ ထိုငွေ သည် ကောင်လေးပြန်ရန် ရုံးချုပ်သို့ သွင်းပြီး၊ သူပြန်လာပါကပြန်ရမည် ဖြစ်လေသည်။

ကောင်လေးကတော့ ကျွန်တော်တို့ကို ကျေးဇူးတင်စွာဖြင့် အပြန်တွင်အိမ်မှ လူကြုံပစ္စည်းထည့်ပေးချင်စရာ ရှိက ထည့်ပေးရန်ပြောလေ၏။ သည်သို့ဖြင့် သူပြန်လာချိန်တွင် ကျွန်တော့်အိမ်နှင့် ဇနီးသည်၏အိမ်မှ စားစရာများ ထည့်ပေးလိုက်၏။ ကောင်လေး မိတ်ဆွေအပေါင်းအသင်းများ၏ ပစ္စည်းများနှင့် ကျွန်တော်တို့ ပစ္စည်းများ ပေါင်းကာ သတ်မှတ်အလေးချိန်ပိုသွား၏။ ရန်ကုန်လေဆိပ်မှာ ကီလိုကြေး ပေးလိုက်ရသည်တဲ့။ စင်ကာပူမှာ သူ့ဆီလူကြုံပစ္စည်းသွားယူခိုက် ကျွန်တော့်ပစ္စည်းများက အတန်အသင့်ပါလာ၍ ကျေးဇူးတင်ပြီး သူ့ကို ကီလိုကြေး ကာမိစေရန် ပိုက်ဆံပေးတော့ သူကမယူ။

ကျွန်တော်တကယ်ကျေးဇူးတင်မိပါသည်။ သူ့အဖေနာရေးမီဖို့ စပေါ်ငွေ ကူလိုက်ခြင်းက ဘာတုန့်ပြန်မှုမျှ မမျှော်လင့်သောငြား၊ သူကလည်း သူလုပ်ပေးနိုင်သမျှ ပြန်လုပ်ပေးရှာပါသည်။ ဒါကပင် ကျွန်တော် တို့ မြန်မာဖြစ်ရခြင်း၏ အကြောင်းတစ်ချက်ဖြစ်မည် ထင်ပါ၏။

တလောက အသိတစ်ယောက် အိမ်ငှားဖို့ရှာရင်း ဖုန်းတွေ ဆက်မေးသည်တဲ့။ အိမ်ရှင် ယောင်္ကျားလေး တစ်ယောက်ကို အိမ်နေရာ၊ အခန်းခ၊ ဘယ်နှစ်ယောက်နေလဲ၊ ဘယ်နှစ်ခန်းရှိလဲ စသဖြင့် မေးသောအခါ အိမ်ရှင်က ညီလေး မင်းမေးတာ အရမ်းများနေပြီ၊ မကြိုက်ရင် တခြားအိမ်ပြောင်းငှားဟု ဆိုသည်တဲ့။ ကျွန်တော့်အသိ ဒေါကန်ပြီး ကျွန်တော်ကငှားမယ့်လူပဲ၊ မေးရမှာပေါ့ဟု ပြော၍ Ok, No Problem ဟု ဆိုကာ ချပစ်လိုက်သည်။ ဒေါလည်း တော်တော်ကန်သွားသည်တဲ့။

သူပြန်ပြောပြတော့ နားထောင်ရင်း ကျွန်တော်လည်း ထိုအိမ်ရှင်ကို အံ့သြရသည်။ ကြော်ငြာစဉ်က ဖုန်းနံပါတ် ထည့်ခြင်းသည် ဘာအတွက်ပါလိမ့်ဟု စဉ်းစားရ၏။ ကျွန်တော့်အသိကတော့ ပြောသည်။ သူ့ကိုယ်သူ အိမ်ရှင်ဆိုပြီး မာန်တက်နေလားမသိဘူး၊ တော်သေးတယ်၊ ငှားမနေခင် ဘယ်လိုသဘောထားလဲ သိရတာ ကံကောင်းတယ်ဟု ဆို၏။ သူများနိုင်ငံမှာနေတုန်း ကိုယ့်အချင်းချင်း သည်လိုလုပ်ရတာ အရသာဟု ထင်သလား မပြောတတ်။ ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းက ထိုကဲ့သို့ ပြုမူဖို့မှ မဟုတ်တာ။

နောက်တစ်ခုက ကျွန်တော်နေသည့် အိမ်နားက မြန်မာဆိုင်များနှင့် ပတ်သက်သည်။ စတိုး ဆိုင်ပါ။ နှစ်ဆိုင်တောင် ရှိ၏။ တစ်ဆိုင်က မနက်မိုးလင်း၍ ၁၀နာရီကျော်သည့်တိုင် မဖွင့်။ နောက်တစ်ဆိုင် ကတော့ မိုးလင်းကတည်းက ဖွင့်သည်။ သို့သော် စိတ်ကူးတည့်လျှင် မောင်လေး၊ ညီမလေး။ စိတ်ကူးမတည့်လျှင် နင်တွေ ငါတွေနှင့် လွှတ်တော့၏။ တချို့ပစ္စည်းရှာမရ၍ မေးလျှင်၊ ဖြေချင်သလိုလို၊ မဖြေချင်သလိုလို။ ယခုတော့ ပြုတ်သွားသည်လား၊ ရွှေ့သွားသည်လား မပြောတတ်။ မရှိတော့။ "မြန်မာစော ကျောနေပူ" ဟူသည့် ရှေးဆိုရိုးစကားကို သက်သေပြနေသည့်ဆိုင်သာ ကျန်တော့သည်။ သူကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်း၍ ကျန်နေတာဖြစ်နိုင်သည်။ အချိန်ကြောင့် ကျန်နေတာတော့ မဖြစ်နိုင်။ ကျွန်တော်တို့ မြန်မာဖြစ်ရခြင်းမှာ အမြဲနောက်ကျရမည်၊ အပေါက်ဆိုးရမည် ဆိုသော ပညတ်ချက်တွေများ ရှိခဲ့သလား မပြောတတ်။

ထပ်တော့ ကြုံရပေဦးမည်။ မြန်မာဖြစ်ရခြင်းမှာ ဖော်ရွေသောအပြုံး၊ သည်းခံခွင့်လွှတ်မှု၊ ကူညီဖေးမမှု၊ ယဉ်ကျေးမှုစသော ကောင်းသည့်အရာလေးများကို ပိုမိုဖော်ဆောင်ရမည့်အစား ဆန့်ကျင်ဘက် အပြုအမူများသာ များလာနေသည်ဟု စင်ကာပူမှာ ခံစားနေမိသည်။


မြန်မာသက္ကရာဇ် ၁၃၇၂ မှသည် ၁၃၇၃ သို့ ကူးပြောင်းသွားသည်။ အတာရေနှင့် အညစ် အကြေးများ ဆေးကြောခဲ့ကြ၏။ စိတ်ရောကိုယ်ပါ သန့်စင်သွားကြပြီဟု ထင်မြင်မိပါသည်။ ခန္ဓာကိုယ်မှာ ညစ်ထေးသော အရာများ ကျန်နေပါကလည်း တန်ခူးလေအသုတ်မှာ ဖြုတ်ခနဲ ကြွေပြုတ်နိုင်ပါစေကြောင်း ဆုတောင်းအပ် ပါသည်။ ။


ဆူးသစ်
၂၀.၀၄.၂၀၁၁
၂၂း၁၄နာရီ

Wednesday, April 13, 2011

"သဘာဝကိုဆက်ခံသူများ"


ပြားပြားဝပ်သွားခဲ့တဲ့ ကမ္ဘာမြေ
အဲဒီ့ထက် ဦးညွှတ်လိုက်ပါလေ။

ကိုင်းညွှတ်နေတဲ့ ပိတောက်တွေ
ဟောဒီမြေပြင်တစ်လျှောက် အောက်ကျို့ခဲ့ပါလေ။

အုံ့မှိုင်းနေတဲ့ ဖက်ဆွတ်မိုးရေ
နှလုံးသားတွေဆီ တိုးလျှိုးလှည့်ပါလေ။

ငြင်သာပျော့ပျောင်းတဲ့ သင်္ကြန်သံတွေ
ခြေဖ၀ါးဆီမှာ ၀ပ်ဆင်းခံပါလေ။

ဟိုးရှေ့မှာ.............
သဘာဝကို ဆက်ခံသူများ
နို့ဆီခွက်၊ ရေပြွတ်တွေနဲ့ ရေကစားနေရဲ့
သူတို့အပြုံးများနဲ့ မြန်မာပြည်နှစ်သစ်
အညစ်အကြေးတကယ်ကင်းလို့ ချစ်စရာဖြစ်တော့မယ်
အိပ်မက်သစ်သင်္ကြန်တွေမွေးဖွားဖို့
သူတို့နှလုံးသားကို တလေးတစား
ကဲ - အပြေးအလွှားသာ ယုယလိုက်ပါတော့လေ။ ။

သားလတ်

Sunday, April 10, 2011

"လူနာများ" အပိုင်း (၃)


"မောင်သက်စံ၊ မင်းညကသောက်တာ ဘာဆေးထင်လို့လဲ။ အဲဒါ ဘာမီတွန်တွေ။ မင်းက ဘာထင်လို့လဲ။"

သူနာပြု ဆရာမ(ထဘီအနီ) တစ်ယောက်က ကိုသက်စံကို မေးနေခိုက် ကျန်သူတွေ ၀ိုင်းငေးကြ၏။

"ကျွန်တော်လည်း ဘာမီတွန်လို့ ထင်တာပါပဲ ဆရာမ"

အားလုံးဝိုင်းရယ်ကြသည်။ ဆရာမ တစ်ချက်လှည့်ကြည့်တော့ ငြိမ်သွား၏။

"ဘာမီတွန်တွေ စွတ်ရွတ်သောက်တော့ အိပ်ချင်တာပေါ့။ အဲဒါ ငါ့ကိုဘာလို့ပြောနေရတာလဲ။"

"ညက အနာ နည်းနည်းကိုက်နေလို့၊ အိပ်မပျော်လို့ သောက်လိုက်မိတာပါဆရာမ"

ဆေးရုံမှာ လူနာတွေကို သောက်ဆေးပေးချိန်ရှိသည်။ အနာကိုက်သက်သာစေသည့် ဆေးလည်းပါ၏။ အိပ်ဆေး လည်း ထည့်ပေး တတ်သည်။ တချို့က အနာကိုက်၍ အိပ်မပျော်သောအခါ ကိုသက်စံလို၊ လိုသည်ထက်ပို၍ အိပ်ဆေးကိုသောက်ကြသည်။ အိပ်ဆေးရှာမရလျှင် ဘာမီတွန်လည်း ဖြစ်တာပဲ ဆိုကာ သောက်ကြ၏။ ယခု ကြည့်ရသည်က ကိုသက်စံက မနက်မိုးလင်းချိန် အိပ်ချင်မူးတူး ဖြစ်နေသည်ကို ဆရာမ လာတုန်း ပြောတာ နေလိမ့်မည်။ ဆရာမက ညက ဘာဆေးသောက်လဲ မေးလိမ့်မည်။ ထိုအခါ ဘာမီတွန်တွေ ထုတ်ပြသည်ထင်၏။

အားလုံးကတော့ ကိုသက်စံ အနာကိုက်လို့၊ အိပ်မပျော်လို့ ဆေးသောက်တာသာ သိကြလိမ့်မည်။ အိပ်မပျော်တာ လက်က အနာကြောင့်လား၊ ပိုက်ဆံမရှိလို့ ရင်ထဲက ကိုက်တဲ့အနာကြောင့်လားဆိုတာ မည်သူမျှ မသိကြ။ ဒါကိုတော့ ကိုသက်စံသာ သိလိမ့်မည်။

"ဒါနဲ့ နေစမ်းပါဦး မောင်သက်စံ။ မင်းမနေ့က အရက်သောက်တယ်မဟုတ်လား။"

ဆရာမက ဘယ်က ဘယ်လိုသိလာသလဲ မပြောတတ်။ ကိုသက်စံကို စကားဖြတ်၍မေးသည်။ ဧကန္တ ဂျူတီ ချိန်းသည့် ဆရာမပြောသွားတာထင်သည်။

"ဟုတ်ကဲ့"

ကိုသက်စံက ဆရာမစကားကိုမငြင်း။ ခေါင်းကိုတော့ငုံ့ထားသည်။

"ဒီဆေးရုံမှာ အရက်မသောက်ရ၊ ဖဲမရိုက်ရ တားမြစ်ထားတာ မင်းတို့မသိဘူးလား။ သိလည်းလုပ်နေတာပဲ မဟုတ်လား။ ဒီတစ်ခါတော့ ရှိပါစေ။ နောက်တစ်ခါဆို ဆေးရုံကဆင်းရမယ်။ ငါဆရာဝန်ကြီးကို တိုင်ပြောမှာ၊ နားလည်လား"

"ဟုတ်ကဲ့။ ကျွန်တော် မသောက်တော့ပါဘူး"

"မင်းတို့ လက်အဆောင်က ဒီဆေးရုံမှာ အဆိုးဆုံးပဲ။ ခြေထောက်ကလည်း ကောင်းတော့ လူတွေက ကိုယ့်နေရာမှာ ကိုယ်မရှိဘူး။ အဝေးပြေးဂိတ်ထဲသွားရတာနဲ့။ ဆေးဝယ်သလိုလိုနဲ့ အရက်ဝယ် ရတာနဲ့။ ဘောလုံးပွဲ သွားကြည့်ရတာနဲ့။ လက်တစ်ဖက်က မအားတာတောင် ဖဲရိုက်နိုင်သေးတယ်။ အံ့ရော... ဒီမှာ.... အားလုံးပဲ သတိထားပါ။ လူနာတွေမို့ သိပ်မပြောချင်ဘူး။ ဖဲရိုက်တဲ့လူ၊ အရက်သောက်တဲ့ လူဆို ဆေးရုံက ဆင်းရမယ်။ ဒါပဲ"

ပြောပြီး ဆရာမလေး ထွက်သွားသည်။ အခန်းထဲက လူတွေ သက်ဝင်လှုပ်ရှားလာကြ၏။

"ဟေ့ကောင် သက်စံ။ မင်းက နုံအအနဲ့မို့ ဆရာမ ပြောတာခံရမှာပေါ့။ တို့ ကိုစိုးဝင်းကြီးလို ခွက်ထဲထည့်။ ရေသောက်သလို သောက်ရင် ဘယ်သိမှာလဲ"

ကိုဂျော်နီက အနာသက်သာနေ၍ လှမ်းအော်ပြီးနောက်သည်။ ကိုစိုးဝင်းက ဟုတ်သားပဲဟု ဆိုသည့်အခါ အားလုံးက ပြုံး၏။ ထိုစဉ်မှာပင် နောင်နောင်က သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းပြ၏။

"အရက်မသောက်ရဘူးxxxxချစ်သူကပြောတယ်xxxxxxဖဲမရိုက်ရဘူးxxxxxxxချစ်သူကပြောတယ်xxxxxx"

နောင်နောင်ဆိုလိုက်သော အဆိုတော် ဇော်ဝင်းထွဋ်၏ "ပညတ်တော်ဆယ်ပါး" သီချင်းသံကြောင့် အားလုံး ဝေါခနဲထရယ်သည်။ ခုန ဆရာမဆူ၍ ဆရာမရှေ့မှာ ကုပ်နေသော ကိုသက်စံပင် ပြုံး လိုက်တာ တွေ့၏။ သြော်-သူတို့မှာလည်း စိတ်ညစ်စရာ ကြားက ပျော်စရာကို ရအောင် ယူတတ်ကြ သားပဲဟု ကျွန်တော် တွေးလိုက် မိသေး၏။

*********************

ဆရာမတွေ တားမြစ်မည်ဆိုလျှင်လည်း တားမြစ်ချင်စရာ။ ထိုအချိန်က တစ်ဆယ့်ရှစ်ကြိမ်မြောက် အရှေ့တောင် အာရှဘောလုံးပွဲနှင့် တိုက်နေချိန်မို့၊ ဘောလုံးပွဲရှိသည့်နေ့ဆိုလျှင် လက်ကိုတစ်ခုခုနှင့် အုပ်ပြီး ဆေးရုံအပြင်သို့ အစီအရီထွက်ကြသည်က ကျွန်တော့်အဖို့ မြင်ကွင်းဆန်းတစ်ခု ဖြစ်ခဲ့ ရသေးသည်။ ဆေးရုံရှေ့မှာ အဝေးပြေး ဂိတ်မို့ ကားဂိတ်ကဆိုင်တွေမှာ လက်ဖက်ရည်သောက်ရင်း တီဗွီ ကြည့်ခွင့်ရ၍ ကိုယ့်အုပ်စုနှင့်ကိုယ် သွား၍ အဆင်ပြေရာမှာ ထိုင်ကြည့်ကြသည်။

အောင်ကျော်ကျော်အထုတ်ခံရသည့်ပွဲ( မြန်မာ၊ ဗီယက်နမ်) နေ့ပြီး၍ နောက်နေ့မှာ ခွဲခန်းဝင်သောအခါ ခွဲခန်းအထွက် "အောင်ကျော်ကျော်ကို မထုတ်ပါနဲ့၊ သန်းတိုးအောင်က မျိုးလှိုင်ဝင်းကိုပေးလေ"ဟု ယောင်သူ က ယောင်သည်။ သည်တော့ ဆရာမတွေက ဆူပြီပေါ့။

တစ်ခါ ညနေ ထမင်းပို့ချိန်မှာ အ၀င်အထွက်တွေများနေ၍ ထမင်းပို့သူတွေနှင့် ရောနှောပြီး အပြင်ထွက်၊ ပြီးလျှင် ဖဲထုပ်တို့၊ အရက်တို့ ၀ယ်ပြီး ပြန်ဝင်လာတတ်ကြ၏။ သူတို့အပြောကျတော့လည်း အချောသား။ စာအုပ် ငှားတဲ့လူတော့ ရှိပါရဲ့။ စာအုပ်က ဖတ်ပြီး ပြီးတာပဲတဲ့။ ခွဲခန်းခဏခဏ၀င်ရ၊ ဆေးရုံကို လနဲ့ချီပြီး တက်ရနဲ့၊ ကြာတော့ပျင်းလာ ရောတဲ့လေ။ ဆရာမတွေက ခြေထောက်ဆောင်က လူနာတွေထက် လက်အဆောင်က လူတွေကိုထိန်းရခက်၍ ပြဿနာဆောင်တဲ့။ ဟုတ်နိုင်သည်။ ခြေထောက်ဆောင်က လူတွေက ခုတင်ပေါ်မှာပဲ လှဲနေရသည်ကိုး။ လက်အဆောင်က လူနာများကတော့ လက်တစ်ဖက်ပဲ အနာရှိ၍ သွားသွားလာလာ လုပ်နိုင်သည့်အခါ ဆေးရုံမှာ တာဝန်ပိုကြီးမည်ကို ကျွန်တော် ခန့်မှန်း၍ရ၏။

ဆေးရုံက ၀န်ထမ်းနှင့် လူနာဆိုသည်က ပြဿနာပေါင်းစုံအောင်တွေ့ရမည် ဆိုသည်ကို ကျွန်တော် နားလည် သည်လေ။

*********************

နောင်နောင်ဆေးရုံက မဆင်းခင် ကိုစိုးဝင်း ဆင်းသွားသည်။ ဆေးရုံကို အလွမ်းပြေဟုဆိုကာ ကျွန်တော်တို့ကို တစ်ခေါက် လာတွေ့သည်။ ရင်းနှီးနေသူအားလုံးကို လက်ဖက်ရည်ခေါ်တိုက်သွားသည်။ ကျွန်တော်နှင့် နောင်နောင်က ရှင်းပါမည် ဆိုတာတောင် သူက ဆေးရုံမှာ ခင်ခဲ့ရသော နားလည်မှုများစွာနဲ့ ဘော်ဒါချင်းတွေမို့ တိုက်ပါရစေဟုဆိုကာ သူပဲ ရှင်းသွားသည်။ မှတ်မှတ်ရရ သူ၏ ကောင်းသော လက်တစ်ဖက်တည်းနှင့် အိတ်ထဲက ပိုက်ဆံ ထုတ်ခဲ့တာတွေ မြင်ရင်း ကျွန်တော်စိတ်မကောင်း။

နောင်နောင်ဆေးရုံကဆင်းခါနီးသောအခါ ကျွန်တော်သူတို့ကို အားရပါးရ နှုတ်ဆက်ခဲ့သည်။ သူတို့အားလုံးက သူတို့ မဆင်းမချင်း လာလည်ဖို့မှာသည်။ ကျွန်တော် စာမေးပွဲ နီး၍ မသွားဖြစ်တော့။ နောင်နောင်ကတော့ ဆေးရုံကဆင်းပြီးမှ ရောက်ခဲ့သည်တဲ့။ နောင်နောင်ဆေးရုံက မဆင်းခင် ခရစ္စမတ်နေ့နီးနေ၍ ခရစ်ယာန် ဘာသာဝင်များ ဆေးရုံထဲလာ၍ တစ်ခန်းချင်းလိုက်ပြီး ဆုတောင်းပေးကြသောအခါ သူတို့လက်အဆောင်မှ လူများကို တစ်ဦးချင်း လက်ဆွဲ နှုတ်ဆက်သည့် အခါ ကောင်းသည့်လက်တစ်ဖက်နှင့် နှုတ်ဆက်လိုက်ရကြောင်း နောင်နောင်ပြောပြ၍ ကျွန်တော်သိရသည်။ လက်တစ်ဖက်က ပတ်တီးနှင့်၊ လက်တစ်ဖက်က အားအပြည့်နှင့် ဖက်လှဲတကင်း နှုတ်ဆက်နေမည့် သူတို့ကို ဆေးရုံနှင့်ဝေးသွားသောအခါ ကျွန်တော်ပြန်မြင်ယောင်နေမိသည်။

သူတို့အားလုံးသည် လူနာများဖြစ်ကြ၏။ လက်မှာဒဏ်ရာအနာတရဖြစ်၍ ဆေးလာကုကြသူများဖြစ်ကြ၏။ တချို့က ငွေကြေးတတ်နိုင်သော၊ အနီးကပ် စောင်ရှောက်မည့် ဆွေမျိုးပါရှိသော၊ နောင်နောင်တို့လို လူမျိုးပါသည်။ ဒါက လူနည်းစု။ တချို့က ကိုသက်စံတို့၊ ကိုဂျော်နီတို့၊ ကိုစိုးဝင်းတို့လို ငွေကြေးက မရှိ။ ပြုစု စောင့်ရှောက်မည့် ဆွေမျိုးကလည်းမရှိ။ ဆေးရုံက ကျွေးသလောက်၊ ကုပေးသလောက်နှင့် နေနိုင် သမျှ နေကြသည်။ ထိုလိုလူတွေက ခပ်များများ။ ထို့ပြင် နယ်ကလာသူတွေလည်းရှိသေး၏။ တချို့ကတော့ ကိုနိုင်ဝင်းနှင့် မျိုးအေးတို့လို ငွေကြေး သင့်တင့်ရုံ ရှိသော်လည်း ဆွေနှင့်မျိုးနှင့်။

မည်သို့ဖြစ်ဖြစ် သူတို့အားလုံးမှာ ဒုက္ခ အနည်းနှင့်အများ ရှိကြသည်။ ပြည့်စုံသူများက သူတို့ဒဏ်ရာကြောင့်၊ မပြည့်စုံသူများက ဒဏ်ရာနှင့် ထိုမပြည့်စုံမှုကြောင့်။ အကြောင်းကြောင်းကြောင့်ပင် ဒုက္ခတွေရှိနေ ကြသေးသည်။

ဒဏ်ရာအနာတရရှိထား၍ သူတို့ကို လူနာဟု ခေါ်ကြသည်ဆိုလျှင် လက်ကဒဏ်ရာအနာကြောင့် လူနာဟု ခေါ်လေသလား။ သူတို့ဘ၀တွေက မပြည့်စုံ၍ ရင်ထဲကနာရသော အနာကြောင့်ပဲ လူနာဟုခေါ်ရလေသလား။ ဒါကိုလည်း သူတို့သာသိပေလိမ့်မည်။

ကျွန်တော်ကတော့ သူတို့ကိုတွေ့ပြီးချိန်မှစ၍ ကျွန်တော်မသိသေးသော၊ ကျွန်တော်မမြင်နိုင်သော၊ ကျွန်တော် မခံစားဖူးသော အရာများစွာကို သိမြင်ခံစားခဲ့ရ၍ သူတို့ကိုနားလည်ပေးနိုင်ခဲ့ပြီ။ သူတို့ကို သိတတ်ခဲ့ရပြီ။ သူတို့နှင့် ထပ်တူခံထားတတ်ခဲ့ရသည်။ သူတို့ကို ကိုယ်ချင်းစာမိခဲ့သည်။

ထိုအခါ ကျွန်တော့်ရင်ထဲမှာ သူတို့လို လူနာတွေအတွက် ပေးဆပ်ချင်သော စိတ်တွေ တဖွားဖွား ပေါ်လာ၏။ သူတို့ကို ပြည့်စုံစေချင်သည်။ စိတ်ချမ်းသာစေချင်သည်။ ဒဏ်ရာအတွက်ပဲ စိတ်ဆင်းရဲမှု ရှိစေချင်သည်။ သို့သော် ကျွန်တော်က တက္ကသိုလ်ကျောင်းသား အဆင့်သာ။ ပြီးတော့ သည်လိုကိစ္စမျိုးတွေက တစ်ဦးတစ်ယောက်တည်းလုပ်၍ မရ။ အများက ၀ိုင်းလုပ်မှရမည့် ကိစ္စမျိုးဖြစ်သည်။ ခုတော့ ကျွန်တော့်ဆန္ဒများကသာ ကျွန်တော့်ကို ပိတ်ဖုံးလှောင်အုပ်ထားသည်ပဲ ရှိ၏။

ဤသို့ဖြင့် အရိုးဆေးရုံမှာလူနာသွားစောင့်ပြီးနောက်မှာ၊ ကျွန်တော့်ဘ၀၌ တစ်ခါမျှမရဖူးသော ဒဏ်ရာ အနာတစ်ခု ရလာသလို ကျွန်တော်ခံစားလာရ၏။ ဟုတ်သည်။ ထိုအချိန်မှစ၍ ကျွန်တော့်မှာ ဒဏ်ရာအနာတစ်ခု သန္ဓေတည်သွားသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဒဏ်ရာအနာရှိ၍ လူနာဟု အမည်တပ်ထားသော သူတို့လို ကျွန်တော်လည်း လူနာတစ်ယောက်လုံးလုံး ဖြစ်သွားပြီဟု ဆိုရတော့မည်။

သို့သော်-

ကျွန်တော်လူနာတစ်ယောက် ဖြစ်သွားသည်ကိုတော့ ကျွန်တော့်မိသားစု၊ ဆွေမျိုး၊ ဆရာသမား၊ သူငယ်ချင်း၊ အသိမိတ်ဆွေများ သိမည်မဟုတ်။ အရိုးဆေးရုံက ကျွန်တော့်မိတ်ဆွေ လူနာများလည်း သိမည်မဟုတ်။ ။


(၁၉၉၅၊ ဒီဇင်ဘာလ၊ အရိုးဆေးရုံ (ကြည့်မြင်တိုင်) လက်အဆောင်မှ မိတ်ဆွေများသို့)

သားလတ်

(ဤ၀တ္ထုတိုသည် မြတ်မိခင်စာပေဆုပြိုင်ပွဲတွင် အထူးဆုရရှိခဲ့ပြီး၊ ကံကြမ္မာပဉ္စလက်နှင့်အခြားဝတ္ထုတိုများ စာအုပ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

Tuesday, April 5, 2011

"လူနာများ" အပိုင်း (၂)



"ငါက နယ်မှာ ဟိုင်းလပ်မောင်းရင်း ကားချင်းတိုက်မိတာကွ။ အရှောင်ကောင်းလို့ လူမထိဘဲ လက်ပဲညပ်သွားတာ။ လက်မနဲ့ လက်ညှိုးကြားက ပြန်ဆက်မရတော့ဘူးတောင်ထင်တာ။ ခုတော့ အသားကျက်ရင်ဗိုက်က အသား ပြန်ထည့်ရမယ်တဲ့"

ကိုနိုင်ဝင်းစကား။ သူကနယ်က။ ရန်ကုန်မှာလည်း အမျိုးတွေရှိသည်။

"ငါ့အရင်ရောက်နေတဲ့ကောင်တွေ ညည်းတာမခံနိုင်လို့ကွာ။ အဲဒါ ဒီကောင်တွေ ငါ့ထက်ငယ်တာရော၊ ခင်နေတာနဲ့ရောပြီး ဓားနဲ့ ခြောက်ကြည့်တာ။ အရင်က တချို့ကောင်တွေ ငြိမ်သွားတယ်ကွ။ ညက ဂျော်နီကြီး တော်တော်ဆိုးတယ်ကွာ။ ငါ့ဓားတောင် မကြောက်တော့ဘူး"

"ကိုနိုင်ဝင်းကြီး အလှည့်ကျမှ တွေ့မယ်။ ၀ဋ်လည်မယ်"

ကိုနိုင်ဝင်း ခုတင်ဘေးက မျိုးအေး ဆိုသည့် ကောင်လေး၏ စကား။ သူကတော့ ခုံပေါ်ကပြုတ်ကျကာ လက်ကျိုးပြီး အရိုးပဲ့သွား၍ ခွဲပြီး အရိုးကိုပြန်ဆက်ရသည်တဲ့။ သူလည်း လက်အနည်းငယ် တိုနေသည်။

"ဒီဆေးရုံကိုရောက်လာရင် အနည်းဆုံး ခွဲခန်း နှစ်ခေါက်ဝင်ရတာ ငါသိပြီးသားပါကွာ.....ဟဲ..ဟဲ။ ငါ့ကျတော့ မကိုက်အောင် ကြိုပြီးဆေးနိုင်အောင် ထိုးထားမှာပေါ့"

ကိုနိုင်ဝင်းက စပ်ဖြဲဖြဲနှင့် ပြောသည်။

"ဟိုညက ကိုဂျော်နီ ညဘက်ကြီးငိုသေးတယ်။ လက်စသတ်တော့ ခွဲခန်းဝင်ခါနီး ပိုက်ဆံမရှိလို့ကိုး"

မျိုးအေးက တွေးတွေးဆဆပြောသည်။ နယ်ကလာသူတွေမို့ လူနာစောင့်မရှိ။ လူနာစောင့် ငှားရန်လည်း ငွေကမရှိ။ ဒါကြောင့်ကိုးဟု ကျွန်တော်တွေးလို့ရသည်။ ကျွန်တော်က စနေ၊ တနင်္ဂနွေသာ ဆေးရုံကိုရောက်သူမို့ တစ်ပတ်အတွင်း ဘာတွေဖြစ်နေသည်ကိုမသိ။ မျိုးအေးပြောမှ ကိုဂျော်နီ့ ခုတင်ဘက်လှမ်းကြည့်မိသည်။ ကိုဂျော်နီက ကျွန်တော်တို့စကားဝိုင်းကို ငြိမ်သက်စွာ ငေးနေ တာတွေ့၏။

"နိုင်ငံတော်လာပြီ၊ နိုင်ငံတော်လာပြီ"

စကားကောင်းနေစဉ်မှာပင် ထမင်းပေးချိန်မို့ အော်သံကြားလိုက်ရ၏။ နိုင်ငံတော် ဆိုတာ ဆေးရုံ ကကျွေးသော ထမင်း နှင့် ပဲဟင်းကိုပြောတာဖြစ်သည်။

အိမ်က ထမင်းဟင်း လာမပို့သူတွေ၊ နယ်ကလာပြီး ဆေးကုသသူတွေက ခွက်တွေ၊ ပန်းကန်တွေနှင့် သွားယူတာတွေ့သည်။ ကိုဂျော်နီလို ခွဲခန်းဝင်ထားသူတွေ အတွက်တော့ ဘေးနီးရာ လူ၊ ထနိုင်သည့်လူက ယူပေးလိုက်သည်။

"ဒီဆေးရုံက ပဲဟင်းတော်တော်ကောင်းတာ။ အာလူးတို့၊ ဘာတို့လည်းပါတယ်။ စားကြည့်ပါလား"

ကိုဂျော်နီက ကျွန်တော့်ကို လှမ်းပြောသည်။

"ရတယ် ကိုဂျော်နီ။ ကျွန်တော် နောင်နောင်တို့အိမ် ပြန်မှာ" လို့ပြောလိုက်၏။

ကိုနိုင်ဝင်းတို့၊ မျိုးအေးတို့က အိမ်မှ ထမင်းလာပို့သူတွေ ရှိသော်လည်း၊ သူတို့လည်း ပဲဟင်းကြိုက်၍ သွားယူကြ၏။ နောင်နောင်ကတော့ အိမ်မှလာပို့သော ထမင်းချိုင့်ကိုသာ စား၍ ကျွန်တော်လည်း ထမင်းယူနေသူတို့ကိုသာ ငေးနေမိတော့သည်။

**********************


"ကျွန်တော့်ကို စာလေးနည်းနည်းရေးပေးပါလားခင်ဗျာ။"

"ဟာ...ရပါတယ်၊ လာပါ၊ ထိုင်ပါ။"

ကျောင်းစာတွေကို ဆေးရုံယူသွားပြီး ကျက်နေစဉ် ကိုစိုးဝင်းခုတင်ဘေးကလူက စာရေးပေးရန် အကူအညီ တောင်း၍ ကျွန်တော်နေရာပေးလိုက်သည်။

"ပြော ဘာရေးပေးရမှာလဲ"

သည်အဆောင်က ယောက်ျားလေးလက်အဆောင် (လက်မှာဒဏ်ရာရရှိသူချည်း) မို့ လက်ကောင်းသူတွေက ကူညီရတာများသည်။ ပုဆိုးဝတ်တာ၊ အလေးအပေါ့သွားတာတော့ သူတို့ဘာသာ အလေ့အကျင့်ရနေ၍ ဘယ်သူမျှ မလုပ်ပေးရ။ သူတို့ကလည်း ထိုနှစ်ခုကို ဘယ်သူမျှ လုပ်မပေးစေချင်။

"ကျွန်တော့်အမေကို ငွေမှာချင်လို့ပါဗျာ။ အဲဒါ လူမလာပါနဲ့။ ငွေသာအမြန်ရောက်အောင်ပို့ပေးပါလို့"

ကျွန်တော့်ရင်ထဲ နင့်ခနဲဖြစ်သွားသည်။ ငွေကလည်းလိုချင်၊ အမေလိုက်လာလျှင် ပင်ပန်းမှာရော၊ ငွေကုန် မှာရောစိုး၍ ငွေသာပို့ခိုင်းခြင်းဟု ကျွန်တော်နားလည်လိုက်၏။ အမြန်ပို့ပါဆို၍ ခွဲခန်းဝင်ခါနီး၍လားဟု ကျွန်တော်တွေးမိသည်။

သူ့အသံက တုန်တုန်ချိချိ။ ပုံကနယ်ကလာသည့်ပုံ။ ကျွန်တော့်ကို ရှက်ကိုးရှက်ကန်း ဖြစ်နေသေးသည်။ သူ့မှာငွေမရှိတာ ဘေးလူတစ်ယောက်ကို အသိပေးရ၍လားမဆိုနိုင်။ သို့သော် ငွေတကယ်ပြတ်နေချိန်၊ လက်ကလည်း ရေးမရသောအခါ မရှက်တော့ပါဟုလည်း ခံယူထားပုံရသည့်ပုံ။ ကျွန်တော်နားလည်စွာ စာကို ရေးပေးလိုက်သည်။ ငွေကို ဆက်ဆက်မြန်မြန်ပို့ပါဆိုသော စကားလုံးများကို သူပြောသည်ထက် ပို၍ ကျွန်တော်ထည့်ရေးလိုက်သည်။ စာအဆုံးမှာတော့ သူ့နာမည် သက်စံဆိုတာ ကျွန်တော် သိလိုက်ရ၏။

"လိပ်စာပြောလေ။ စာအိတ်ပေါ်မှာ ရေးပေးလိုက်မယ်"

သူ့လိပ်စာမေးတော့ ပဲခူးကလိပ်စာ ဖြစ်နေသည်။ ပဲခူးဆိုတော့ မြန်မြန်ရောက်နိုင်သားပဲဟု တွေးရင်း စာမြန်မြန် ရောက်ပါစေဟုလည်း ကျွန်တော် ဆုတောင်းနေမိသည်။ သူ့စာကို ပိတ်ပေးလိုက် ပြီးမှ ပေးလိုက်တော့ ကျေးဇူးစကားဆိုပြီး ထွက်သွားသည်။ သူ့ကျောပြင်ကို ငေးရင်း ကျွန်တော် လိုက်ကြည့်နေမိ၏။


*******************

သားလတ်


(ဆက်ပါဦးမည်။)
Related Posts Plugin for WordPress, Blogger...