ကျွန်တော်လူမှန်းသိတတ်စအရွယ်မှာ စာအုပ်တွေ နည်းနည်းဖတ်ခဲ့ဖူးပါသည်။ ငယ်စဉ်ကာလ ကလေးဘ၀ အရွယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသည့် ကလေးစာပေတွေဖတ်ပြီး ကြီးပြင်းခဲ့ရာမှ လူပျိုပေါက်အရွယ်ရောက်တော့ အချစ်ဝတ္ထုတွေ ဖတ်ရတာ အရသာတွေ့လာသည်။ အိမ်မှာ အချစ်ဝတ္ထုတွေများစွာရှိ၍ အချိန်ရလျှင်ရသလို ဖတ်ခဲ့သည်။ တက္ကသိုလ်တက်ပြီး ပထမနှစ်၊ ဒုတိယနှစ်တိုင်အောင် အချစ်ဝတ္ထုတွေကို ဖြတ်မရခဲ့။
ရံဖန်ရံခါ၌ အချစ်ဝတ္ထုတွေဖတ်ရင်း တခြား သုတစာအုပ်များ၊ တက်ကျမ်းများကို ရသလောက် ဖတ်မိခဲ့ပြန်သည်။ နောက်ပိုင်းကျတော့ လုံးချင်းဝတ္ထုတွေမှာ စိတ်ကမပါတော့ဘဲ တက်ကျမ်းများ၊ သုတစာအုပ်များသာ ဖတ်ချင်လာတော့သည်။ သို့သော် ရှေးခေတ်စာရေးဆရာကြီးများ၏ နာမည်ကျော် ၀တ္ထုရှည်များ၊ ၀တ္ထုတိုများ၊ ဆောင်းပါးများကိုတော့ တွေ့သည့်အခါတိုင်း သေသေချာချာကို ဖတ်ခဲ့မိသည်။
ယခု ဘွဲ့ရ၍ အလုပ်ပင်ဝင်လေပြီ။ အရွယ်အရ လူငယ်သာရှိသေးသည်။ စာဖတ်အားကောင်းသူ မဟုတ်သော်ငြား စုံသင့်သလောက်တော့ စုံအောင်ဖတ်ခဲ့ပြီးပြီဟု နားလည်နေမိသည်။ ထိုအခါ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်လာ၏။ "ဘာကြောင့် စာဖတ်သလဲ" ဆိုသော အတွေး။ အမှန်က မေးခွန်းတစ်ခုဖြစ်သည်။
တွေးကြည့်ပါ။ ကကြီး ခခွေး ရေးတတ်၊ဖတ်တတ်ပြီဆိုသည့် အချိန်ကတည်းက ကျွန်တော်တို့ အသက်ရှင် ရပ်တည်နေချိန် သည်နေ့အထိ စာတွေဖတ်ခဲ့ကြသည်။ ကျောင်းဖတ်စာအုပ်ထဲက စာတွေ၊ ပြင်ပက စာတွေကို စာဖတ်တတ်ချိန်ကတည်းက နည်းနည်းချင်းစီတော့ ဖတ်ခဲ့ပြီးကြပြီ။ ဘာကြောင့် စာဖတ်သလဲ။
အတန်းထဲက စာတွေက ကျွန်တော်တို့ အသိဥာဏ်တွေကို တစ်ဆင့်ချင်းမြှင့်တင်ပေးပြီး ဘ၀မှာ အသက်မွေးဖို့ လမ်းကြောင်းလေးတွေ ချပေးခဲ့သည်။ အပြင်ဘက်က စာတွေကတော့ အတန်းထဲက မရနိုင်သော ရသများ၊ ဗဟုသုတများကို ထပ်လောင်းဖြည့်ဆည်းပေးတာမျိုး ဖြစ်သည်။ ဒါဖြင့် ကျွန်တော်တို့ စာဖတ်သည်က ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖြစ်နေသည်။ စင်စစ် ထိုအရာသည် လက်တွေ့ကျသောအဖြေ မဟုတ်ပါ။ သူ့နောက်ကွယ်မှာ အဖြေတစ်ခု ရှိပါသေးသည်။
ဤနေရာ၌ အလျဉ်းသင့်၍ ကျွန်တော် စာဖတ်ရင်း တွေ့ကြုံခံစားရတာတွေကို ဖောက်သည်ချချင်ပါသည်။
ကျွန်တော် အပြင်စာတွေ စဖတ်စက ကိုယ်မသိသေးတာ တစ်ခုကို စာထဲက သိလိုက်ရလျှင် အလွန်ပျော်တတ် ပါသည်။ Iron Cross တီးဝိုင်းကို ဘာကြောင့် သူရဲကောင်းလေးများဟု ခေါ်ရသလဲဟု စဉ်းစားမရခင်က "ဆရာ လင်းယုန်မောင်မောင်"၏ "ဟစ်တလာ"စာအုပ်မှာ ဟစ်တလာ ရသော ဆုများသည် Iron Cross Second Class (တပ်သားကျော် ဒုတိယအဆင့်)၊ Iron Cross First Class (တပ်သားကျော် ပထမအဆင့်) ဖြစ်ပြီး ထိုဆုများသည် သာမန် တပ်သား၊ တပ်ကြပ်များ ရခဲ၍ မြေပြင်မှာ ထူးချွန်စွာ စွမ်းဆောင်နိုင်မှ ရသည်ဖြစ်ရာ သူရဲကောင်းသဖွယ် ပေးအပ်ခြင်းဖြစ်သည်ကို ဖတ်ရှုလိုက်ရတော့မှ Iron Cross တီးဝိုင်းကို သူရဲကောင်းလေးများဟု ခေါ်တာ နားလည်ရင်း ၀မ်းသာခဲ့ရလေသည်။
ထို့ပြင် "မာရဇ္ဇ" ဆိုသော အဆိုတော်နာမည်ကို ဘယ်မှာတွေ့ဖူးပါလိမ့်ဟု စဉ်းစားရင်း ရာမ၊ လက္ခဏ ဇာတ်တော် ထဲက ဒဿဂီရိ၏ ဦးရီးတော် "မာရဇ္ဇ"ကို "ဆရာချစ်ဦးညို"၏ "လင်္ကာဒီပချစ်သူ" ၀တ္ထုပြန်ဖတ်ရင်း တွေ့မိမှ အသံအမျိုးမျိုး ပြောင်းလဲတတ်သော ပညာရှင်ဦးရီးတော် မာရဇ္ဖ၏ အမည်ကို အစွဲပြု၍ မှည့်ဖွယ်ရှိသည်ဟု ကောက်ချက်ချကာ နားလည် ကျေနပ်ခဲ့မိသည်။ မာရဇ္ဖကိုယ်တိုင်ကလည်း ၀န်ခံခဲ့သည်ဟု သိရပါသည်။
တစ်ဖန် ဆရာစိုင်းခမ်းလိတ်ရေး၍ စိုင်းထီးဆိုင် ဆိုထားသော "ခြင်္သေ့လည်ပြန်" သီချင်းခေါင်းစဉ်ကို ယခု နောက်ပိုင်း ထုတ်သော သီချင်းစာအုပ်တွေမှာ "ခြင်္သေ့လည်ပြန်"ဟုသာ တွေ့ရပြီး ဟိုစဉ်က စာအုပ်ဟောင်းတွေမှာ "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်" ဟု ဖော်ပြထားရာ ဘာအဓိပ္ပာယ်နှင့် သည်ခေါင်းစဉ်ကြီးတွေ ပေးပါလိမ့်ဟု စဉ်းစားမရ ဖြစ်ခဲ့ဖူး၏။ နောက်မှ ဖျာပုံမြို့၊ နိုင်ငံတော် တန်းမြင့်ကျောင်း အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ရေးသည့် တန်းမြင့် ကဗျာဖွဲ့နည်း ကျမ်းတွင် "လွမ်းချင်းစပ်နည်း"၌ "ပြန်ဂဟပ်" ကာရန်ယူပုံကို "ခြင်္သေ့လည်ပြန်"ဟု ခေါ်ကြောင်း၊ ပြန်ဂဟပ် ကာရန်ယူပုံ ဆိုသည်မှာ ကာရန်တစ်ခုကို ခံထားပြီးနောက် ထိုကာရန်နှင့် မတူသော ကာရန်သစ်တစ်မျိုးကို ထပ်ယူ၍ မူလက ခံခဲ့သော ကာရန်ကို ပြန်အုပ်ခြင်း ဖြစ်ကြောင်း ဖွင့်ဆိုထားရာ ဆရာစိုင်းခမ်းလိတ်ရေးသော သီချင်းစာသားပါ အိမ်ထောင်ရေးမှာ လင်ယောင်္ကျားက မှားနေ၍ အမှန်မြင်ကာ ပြန်လည်ညှိနှိုင်း ပြုပြင်၍ ကြင်နာတော့မည် ဆိုသည့် အကြောင်းနှင့် "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်"ဟု ခေါင်းစဉ် တပ်ထားပုံတို့ ဆက်စပ်၍ ရသွား၏။
အမှန်အတိုင်း ၀န်ခံရလျှင် စကားလုံးတို့၏အဖြေကို မသိခင်က ကိုယ့်ဘာသာ ထင်ရာ မြင်ရာ အဓိပ္ပာယ် ယူခဲ့ဖူး၏။ Iron Cross ကို ဘယ်လိုအဓိပ္ပာယ်ယူရမှန်း မသိသော်လည်း အချင်းချင်းနောက်ပြောင်ကာ Iron က သံ၊ Cross က ကြက်ခြေခတ်၊ သံကြက်ခြေခတ်ဟု ဆိုရင်း ရယ်စရာ လုပ်ခဲ့ကြသည်။ မာရဇ္ဖ ကိုတော့ ဗေဒင်မေး၍ ပေးတာပဲနေမှာဟု တွေးခဲ့ပြီး၊ ခြင်္သေ့လည်ပြန်ကိုတော့ ဆရာစိုင်းခမ်းလိတ်နှင့် စိုင်းထီးဆိုင်က သူတို့ကိုယ်သူတို့ ခြင်္သေ့ကြီးတွေဟု တင်စားကာ သူတို့ဖြတ်သန်းခဲ့ရသည့် ခရီးကို လည်ပြန်လှည့်ကြည့်တာ နေမည်ဟု ပေါ့ပေါ့ပဲ တွေးခဲ့၏။
သည်တော့ စာမဖတ်ခင်က ရှိသည့်အသိနှင့် စာဖတ်ပြီးမှ ရလာသောအသိက ရယ်စရာကောင်းလောက်အောင် ကွာခြားနေတာ တွေ့ရသည်။ သို့သော် သည်စကားလုံးတွေ က လောလောဆယ် လူသိများနေသော စကားလုံးတွေ ဖြစ်ပြီး နောက်ကွယ်မှာ အဓိပ္ပာယ် တစ်ခု ရှိသည်ဟု ထင်မြင်ခဲ့ရာမှ သိရှိလာရသော စကားလုံးတွေ ဖြစ်သည်။ ယခု နောက်ပိုင်း အသုံးနည်း လာပြီး နောက်ကွယ်မှာ အဓိပ္ပာယ်မရှိဘူးဟု ထင်ခဲ့ပြီးမှ စာဖတ်ရင်း အဓိပ္ပာယ်တွေ သိလာရသည့် စကားလုံးတွေလည်း ရှိပါသေးသည်။ ဥပမာ "အလွန်ချာသူ"၊ "ဗိုင်းနာမ" စသည့် စကားလုံးတို့သည် ကျွန်တော်တို့ သည်ဘက်ခေတ်မှာ ရံဖန်ရံခါ၌ "တော်တော်ချာတဲ့ကောင်ကွာ"ဟု လူကြီးတွေ ပြောသည့်အခါ၊ "ဗိုင်းနာမ"ဟု အရပ်ထဲမှာ ဆိုကြသည့် အခါမှသာ ကြားရသည့် စကားလုံးများ ဖြစ်သည်။
ရှေးခေတ်မြန်မာယောင်္ကျားများ ဆေးမင်ကြောင် အထိုးခံစဉ်၊ အော်သည်၊ သည်းသည်၊ အံကြိတ်ခံသည်ဆိုလျှင် အပျိုတွေက ကွမ်းပေး၍ အနားမှာရှိသော အတီးသမားများကို မျောက်မင်းအူသံ ကဲ့သို့သော ငိုညည်းသံအစစ်ကို တီးပေးခိုင်းရာ မျောက်မင်းအူသံ အစစ်အစား "အချာပ၀ရ" ချီသော ဘုန်းတော်ဘွဲ့ကို တမင်ဖျက်၍ တီးပေးရ၏။ ခဏခဏ စုတ်ထိုးတတ်သူ၊ သည်းတတ်သူဖြစ်က အတီးသမားများ ခဏခဏ "အချာပ၀ရ" လုပ်ရရာ၊ ခဏခဏ ချာရသူ၊ အလွန်ချာသူ ဖြစ်လာ၏။ ဒါကိုပင် အစွဲပြုကာ အလွန်ချာသူဟု ဆိုခဲ့ကြောင်း ဆရာကြီး "ရန်ကုန်ဘဆွေ"၏ "မြန်မာပြည်သား" စာအုပ်ထဲမှာ ဖတ်ဖူးပြီး သတ္တိနည်းသူကို ဆိုခဲ့ရာမှ ယခုအခါ အရည်အသွေးညံ့သူကို ချာသည့်လူဟု ဆိုနေကြကြောင်း တွေးတော မှတ်ချက်ချနိုင်ခဲ့လေသည်။
တစ်ဖန် ရှေးခေတ် အပျိုလေးတို့ ၀ဲလင်းဆောင် (အိမ်မ၏ရှေ့၌ အမိုးတစ်ဆင့်ပြု၍ ထုတ်ထားသော ဘေးနှစ်ဖက်အကာနှင့် ခေါင်ပါသည့် မြေစိုက်အဆောင်၊ အိမ်သုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်းများလည်း ထားသည့် အဆောင်)၌ ဗိုင်းငင်ရင်း လူပျိုကလေးတွေကို ဧည့်ခံ၍ စကားထာဝှက်ဥာဏ်စမ်းကြရာမှ ထူလွန်း၊ ထိုင်းလွန်း၊ အလွန်း၊ ညံ့ဖျင်းလွန်းသောကြောင့် မည်သည့် ကာလသားကမှ မကြိုက်နိုင်ကြဘဲ စွန့်ပစ်သွားကြ သဖြင့် ဗိုင်းငင်သောအလုပ်ခွင်၌ နာခဲ့ရ၍ "ဗိုင်းနာမ" ဖြစ်တော့မည်ဟု မိမိဘာသာ ရည်ညွှန်းကာ ထိုဘ၀မှ လွတ်မြောက်ရန် စကားထာဝှက်ပါတော့မည်ဆို၍ စကားထာဝှက်ခဲ့ရသည်ဟု ထို "မြန်မာပြည်သား" စာအုပ်မှာပင် ဖတ်ခဲ့ရပြန်ရာ သည်ဘက်ခေတ်၌ ဆဲရေးသည်ဟု ယူဆသော အယူမှာ မှားယွင်းနေကြောင်း နားလည်ခဲ့ရပြန်သည်။
အလျဉ်းသင့်၍ ကျွန်တော်သိထားသော စကားလုံးလေးတွေကို ဖောက်သည်ချရခြင်း ဖြစ်ပါသည်။ ကျွန်တော် အဓိက ဆိုလိုချင်သည်က စာနည်းနည်းဖတ်လျှင် နည်းနည်းသိသည်။ များများဖတ်လျှင် များများသိသည်ဟု နားလည်စေရန် ဖြစ်သည်။ ထိုသို့သိရာ၌ မိမိဗဟုသုတ တိုးပွားလာသလို၊ ရမ်းသန်း၍ ထင်နေသော အထင်များလည်းေ၀၀ါးရာမှ ကြည်လင်ပြတ်သားလာ၏။ အသိဥာဏ်မြင့်မားလာသည်ဟုဆိုလျှင်လည်း ရသည်။ ပြီးတော့ မိမိသိထားသော အသိတစ်ခုကို ပြန်လည် အသုံးချနိုင်လာ၏။ များများဖတ်သူက များများသိထားရာ ရှေ့က သူတို့သိခဲ့သမျှ အသုံးချပြထားသည်ကို ကျွန်တော်တို့လို နည်းနည်းသိသူများက ရှာဖွေလေ့လာရ၏။ သူတို့နည်းတူ သိလာရသောအခါ ကျေနပ်ပျော်ရွှင်ရ၏။
သို့သော် စာဖတ်ခြင်းသည် သိနိုင်သမျှ သိအောင်၊ သိလာသမျှကို ကျေနပ်ပျော်ရွှင်မှု ခံစားရအောင် ဖတ်ခြင်းမျိုး မဟုတ်တာလည်း စာဖတ်သူ ကျွန်တော်တို့ သိနားလည်လာပြန်ပါသည်။ ဒါဖြင့် ဘာကြောင့် စာဖတ်သလဲ။
စာတွေက မျိုးစုံရှိသည်။ အကြောင်းအရာ မျိုးစုံပါသည်။ ကဏ္ဍ များစွာရှိသည်။ ငယ်စဉ်မှ သေသည့် တိုင်အောင်လည်း စာတွေဖတ်ခဲ့ ၊ဖတ်ဆ၊ဲ ဖတ်ကြရဦးမည်။ သေချာသည်ကတော့ စာထဲက တစ်ခုခုကို လိုချင်၍ ဖတ်တာ ထင်ရှားသည်။ အပျင်းပြေဖတ်ဖတ်၊ ရည်ရွယ်၍ ဖတ်ဖတ် တစ်ခုခုကို လိုချင်၍ ဖတ်တာဖြစ်သည်။ ဘာခံစားရမလဲ၊ ဘာတွေ ဗဟုသုတ ရမလဲ၊ ဘယ်သူ့အကြောင်းတွေ သိရမလဲဆိုသည့် အတွေးမျိုးနှင့် ဖတ်တာဖြစ်သည်။ မဖတ်ခင်နှင့် ဖတ်နေဆဲမှာတော့ သည်အတွေးမရှိ။ ရှိလျှင်လည်း စာဖတ်ပြီး ဘာမှမရ။ အဘယ်ကြောင့်ဆိုသော် ဘာရမလဲဆိုသော အတွေးကြီးက လွှမ်းမိုးနေလျှင် တကယ်ဖတ်လျှင် ဘာမှမရတော့တာ ကျွန်တော့်ကိုယ်တွေ့ သိခဲ့ဖူးသည်။
စာကို စာလိုဖတ်၊ ပြီးမှ တွေးတောဆင်ခြင်၊ သည်လိုလုပ်မှ စာရေးသူ၏ အာဘော်ကို ကျက်မိကာ နောက်ဆို သူ့စာပဲ ဖတ်တော့မည်ဆိုပြီး စာကို ရွေးဖတ်ကာ၊ ဘာမရလဲဆိုသည့် မေးခွန်းကို ဖြေပြီးသားဖြစ် သွားတတ်သည်။ စာရေးသူပေးတာနှင့် မိမိလိုချင်တာ ကိုက်ပြီဆိုလျှင် ဘယ်သူက ဘာကို ဖတ်ပါဟု ပြောစရာမလိုတော့။ စာကို စုံအောင် ဖတ်ပါတို့၊ ရွေးဖတ်ပါတို့ ဆိုသော စကားတွေကို နားမ၀င်တော့။ ကိုယ့်ဘာသာ သိလာသည်။ ဘယ်သူက ဘာတွေရေး၍ ဘာတွေပေးနေသည်။ ဘယ်စာအုပ်ဖတ်လျှင် အကျိုးမရှိ။ သည်လိုသိသွားပြီး စာထဲက ဘာရမလဲဆိုသော အတွေးက အလိုလိုပျောက်သွားသည်။ တကယ်ရတာကိုတောင် ခံစားမိနေပြီမဟုတ်လား။ ဒါဖြင့် စာဖတ်ခြင်းသည် သိချင်၊ တတ်ချင်၍ ဖတ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်တော်ရှေ့မှာ ဆိုခဲ့သလို ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖတ်တာမျိုးဖြစ်သည်ဟု ဆိုရဦးမည်။ သို့သော် အသိ ဥာဏ်တွေ ဖြည်းဖြည်းချင်း ဖြည့်နေတာ ဘာလုပ်ဖို့လဲ တွေးကြည့်ပါ။ စာရေးဆရာဆိုလျှင်တော့ ဗဟုသုတ ပြည့်လေ ကောင်းလေမို့ သူ့ဘာသာ သူတော့ အကျိုးရှိပေလိမ့်မည်။ တခြားလူအတွက်ကျတော့ ထိုသို့မဟုတ်။ ဗဟုသုတတွေရ၊ အသိဥာဏ်တွေရင့်ကျက်နေခြင်းသည် စာရေးဖို့မဟုတ်။ ပညာရှိ သုခမိန်ကြီးလုပ်ဖို့လည်း မဟုတ်။ ငါတတ်တယ်ကွဟု မော်ကြွားကာ လူရှေ့သူရှေ့ ဟောင်ဖွာဟောင်ဖွာ လုပ်ဖို့လည်း မဟုတ်။ စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပါပြီဟု ကြွားချင်၍ စာဖတ်တာလည်းမဟုတ်။
အဓိက က စာဖတ်ပြီး ရလာသော ဗဟုသုတတွေ၊ ရင့်ကျက်လာသော အသိဥာဏ်တွေက ထိုသူကို ပြန်အုပ်ချုပ်ကာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ဆိုတာ သွားတွေ့ရသည်။
လူတောထဲမှာ လူတွေနှင့် နေသည်။ အမှားနည်းအောင် ထိန်းကျောင်းသွန်သင်ဖို့ မိဘ၊ ဆရာသမားနှင့် ရဟန်းသံဃာတွေ ရှိသည်။ စာအုပ် ဖတ်လျှင်တော့ ထိုသူတွေက ဘာမျှမပြောလည်း ကိုယ့်ဘာသာ နားလည်သွားသည်။ ဘယ်သူနှင့်ဆို၊ ဘယ်လို နေရမည်။ ဘယ်လို ဆက်ဆံရမည်။ ဘ၀ကို တိုးတက်အောင် ဘယ်လို ကြိုးစားရမည်။ နောက်ဘ၀ကူး ကောင်းစေချင်သည်။ စသည်ဖြင့် စာစုံလျှင် စုံသလို ကိုယ့်ကိုယ်ကို အနည်းနှင့် အများ ထိန်းကျောင်းသွားနိုင်သည်။ တစ်ခုတော့ရှိသည်။ ထိုသို့ဖြစ်ဖို့ စာအုပ်ကောင်းတွေ ပိုဖတ်ဖို့တော့ လိုမည်။ ဒါလည်း ထူးထူးထွေထွေ ဘာမျှ မလုပ်ရ။ စားများများဖတ်လာလျှင် စာအုပ်တွေကပင် မိမိကို လမ်းညွှန်သွားလိမ့်မည်။ "ငါ့ကိုဖတ်ရင် မင်းအချိန်ကုန်တာပေါ့"၊ "ငါ့ကိုဖတ်ပါ၊ မင်းအသိဥာဏ်တွေ ထပ်ပြီး ပွင့်သွားလိမ့်မယ်" ဟု စာအုပ်တွေကပင် ပြောလိမ့်မည်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကို အမြဲထိန်းကျောင်းနေနိုင်ရန် စာအုပ်များကို ဖတ်ရင်းနှင့် ရပ်မပစ်ပါနှင့်။ ဖယ်ရှားမပစ်ပါနှင့်ဟု ဆိုချင်သည်။ ပြတ်တောင်း ပြတ်တောင်း ဖြစ်ချင်ဖြစ်ပါစေ။ စာအုပ်ကောင်းတွေကို ကြုံလျှင် ကြုံသလို စာစုံအောင်ဖတ်ပါဟု ကျွန်တော်က ဆိုပါဦးမည်။ တချို့က သူတို့ကိုယ်သူတို့ စာတော်တော်ဖတ်သည်ဟု အထင်ရောက်ကာ တချို့ စာတွေကို ဖတ်သင့်ပါလျက် ကိုယ့်ဥာဏ်နှင့် ယှဉ်လျှင် နိမ့်သည်ဆိုကာ ဖတ်စာရာမလိုဟု ဖယ်ရှားတတ်သည်။ ထိုသူတွေမှာ ဘာသွားတွေ့ရသလဲဆိုလျှင် ရံဖန်ရံခါ၌ လူအများက လက်မခံနိုင်လောက်သော အမှားမျိုးကို သူတို့က အမှန်ဟု ထင်ကာ လမ်းလွဲနေတာ တွေ့ရလေသည်။
လူတိုင်းကတော့ မှားကြပေလိမ့်မည်။ သို့သော် စာဖတ်သည့်သူ မှားပြီဆိုလျှင် သူများထက် ထူးခြားသည်ဟု ဆိုရလောက်အောင် မှားတတ်ပြန်သည်။ သည်တော့ စာဖတ်သည့်သူ မှားရခြင်းမှာ သူ့အတွက် နောက်ထပ် အသိဥာဏ်တွေ ဖွင့်ပေးမည့်စာ (သို့မဟုတ်) ရှိနေသည့် အသိဥာဏ်ကို လှုပ်နှိုးသည့်စာမျိုးကို ရှောင်ကာ ထပ်မဖတ်ဘဲ ကိုယ့်ဘာသာ လူတတ်ကြီးလုပ်နေ၍သာ မှားခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။
သည်မျှဆိုလျှင် "ဘာကြောင့်စာဖတ်သလဲ" ဆိုသော မေးခွန်းကလေး ရှင်းလောက်ပေပြီ။ ကျွန်တော်တို့ ဖြတ်သန်းရသော ဘ၀မှာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ စာတွေဖတ်ရသည်ဟု နားလည်နိုင်ပြီ ထင်ပါသည်။ ထပ်ဆိုပါရစေ။ စာကောင်းတွေကို များများဖတ်ပါ။ ကိုယ့်ကိုယ်ကို တွန်းအားပေးရန်၊ သတိပေးရန် အတွက်လည်း အဆက်မပြတ်အောင် ဖတ်ပါ။ ထိုသို့ဖတ်မှလည်း စာဖတ်သည်ဆိုသော အလုပ်နှင့်အညီ ရလဒ်ကောင်းတွေ ရလာမည်ဖြစ်သည်။
အသေချာဆုံးကတော့ စာကောင်းတွေကို အနည်းနှင့် အများ ဖတ်သူသည် သူ၏ အသိဥာဏ် အနည်းနှင့် အများ ပွင့်လင်းတိုးတက်နေမည် ဖြစ်ပြီး လောကထဲမှာ နေထိုင်ရာ၌ တခြားသူတွေထက် အဆင်ပြေချောမွေ့မှု၊ တိုးတက်အောင်မြင်မှုတွေ အနည်းနှင့် အများ သာလွန်နေမှာဖြစ်ကြောင်း လေ့လာ သုံးသပ်မိပါတော့သည်။ ။
ဆူးသစ်
မှုခင်းရှုထောင့်မဂ္ဂဇင်း
၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ
မှုခင်းရှုထောင့်မဂ္ဂဇင်း
၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ
2 comments:
သုတ ရဖို့လည်း ဖတ်တယ်.. ရသ ခံစားဖို့ လည်း ဖတ်တယ်.. ဘာပဲပြောပြော စာဖတ်ရတာ ကြိုက်လို့ကို ဖတ်နေတုန်းပါပဲ..။
ဘာ့ကြောင့်စာဖတ်သလဲ ရဲ့အဖြေကို သိလိုက်ရတယ်...။ ကိုယ့်ဘဝကို ထိန်းကျောင်းနိုင်ဖို့ ဆိုတာကို အခုမှ ထင်ထင်ရှားရှား သိလိုက်ရတယ်...။ စာဖက်တာ သိဖို့ လောက်ပဲ ထင်ထားတာလေ..။ ကျေးဇူးတင်မိပါတယ်..။
Post a Comment