Sunday, May 20, 2012

" တစ်ခါတစ်ခါ အပန်းပြေစရာ "


တစ်ခါတစ်ခါတော့လည်း လုပ်ကွက်ထဲမှာ အလုပ်လုပ်ရင်း စိတ်ရှုပ်စရာတွေများခဲ့သည့် နေ့တွေ အများကြီး ရှိခဲ့သည်။ မျက်စိဒေါက်ထောက်ကြည့် စောင့်ရှောက်နေသည့်ကြားက အလုပ်သမားလေးတစ်ယောက် ကျွန်တော်လုပ်ကွက်ထဲ မရှိသည့်အချိန်မှာ လက်ထိသွားခဲ့သည်။ ဘေးအန္တရာယ် ကင်းရှင်းရေး ၀န်ထမ်း ၃ ဦးရှိ၍ တစ်ဦးပြီးတစ်ဦး လှည့်ပတ်ကြည့်နေသည့်ကြားက သည်လိုကိစ္စမျိုးက ရှိလာ၍ စိတ်က နည်းနည်းတော့ ညစ်မိသည်။

မတော်တဆထိခိုက်မှု တစ်ခါဖြစ်ပြီဆိုသောအခါ ထုံးစံအတိုင်း Main Contractor နှင့် Client က မျက်စိ ဒေါက်ထောက် မကြည့်ရုံတစ်မည် လိုက်စစ်နေသောအခါ စိတ်ကပိုရှုပ်လာ၏။ ထိုကြားကပင် အလုပ်ထဲမှာ စိတ်ပေါ့ပါး သက်သာစရာများ ရသည့်အခါ ကျေနပ်ကြည်နူးစွာ ရယ်မောဖြစ်ခဲ့သေး၏။ တခြားတော့ မဟုတ်။ ကျွန်တော်တို့အလုပ်ထဲက ရယ်စရာ အဖြစ်လေးများပါ။

ပထမတစ်ခုက သည်လို။ ကျွန်တော်နှင့် အတူ ဘေးကင်းရေးဝန်ထမ်း နောက်ထပ် နှစ်ယောက်ရှိသည်။ တစ်ယောက်က စလုံး မလေး၊ နောက်တစ်ယောက်က စလုံးတရုတ်။ တစ်ရက်မှာ စလုံးမလေးက လုပ်ကွက်ထဲပတ်နေစဉ် မြန်မာ အလုပ်သမားလေး တစ်ယောက်ထိုင်နေတာတွေ့သည်။ အလုပ်လုပ်ချိန်မှာ ထိုင်နေသည်က ဘေးကင်းရေး ၀န်ထမ်းများ အလုပ်မဟုတ်။ သို့သော် Client က ပတ်နေသောအခါ မလေး ကလည်း သူ၏ လုပ်ကိုင်နိုင်စွမ်းကို ပြချင်၍ Client Safety ပတ်နေသည်ကို တွေ့ပြီး ထိုင်နေသော အလုပ်သမား ကောင်လေးကို မေးခွန်းတွေ ထုတ်ပါတော့သည်။ Client Safety လည်း ဖြတ်သွားလျှင် နားထောင်၍ ရနိုင်သည်မဟုတ်လား။

မလေး က မေးပါသည်။ အလုပ်သမားလေးက ဖြေပါသည်။ ကြည့်ပါ။

" မင်းဘာလုပ်နေလဲ"

" တခြားလူတွေ မလာသေးလို့ စောင့်နေတာ။ သူတို့ ပစ္စည်းသွားသယ်တယ်"

" မင်းဘာလုပ်ရမှာလဲ"

" Support တွေ တပ်ရမှာ"

" ဒါဆို ဘယ်လို အန္တရာယ်တွေ ဖြစ်နိုင်လဲ"

တကယ်တော့ အလုပ်သမားလေးက အင်္ဂလိပ်လို သိပ်ပြောတတ်တာမဟုတ်။ စင်ကာပူမှာ အနေကြာ၍သာ နည်းနည်းပြောတတ်တာ ဖြစ်သည်။ သူဖြေပုံကို ကြည့်ပါ။

" Hand Engineering , Finger Engineering, Foot Engineering "

အလုပ်သမားလေး၏ အဖြေကို ကြားရသော မလေး Safety မှာ ဘေးကို လှည့်ကြည့်ပြီး Client Safety မရှိမှ သက်ပြင်းချပါတော့သည်။ ဖြေလိုက်သည်က မှန်သလိုနှင့် ဟုတ်မှ မဟုတ်တာ။ ပြီးတော့ မလေး က ရယ်ပါတော့သည်။

နောက်တော့ ကျွန်တော်နှင့်တွေ့ပြီး Shelter မှာ ရှင်းပြပါသည်။ သူပြောတာနားထောင်ပြီး ကျွန်တော့်မှာ ရယ်လိုက်ရသည်မှာ မပြောပါနှင့်တော့။ ဒဏ်ရာအနာတရကို Injury အင်ဂျူရီ ဟု ပြောသည်ကို မှတ်ထားပြီး သူတို့အဆင်ပြေသလို ပြောလိုက်သည်က Engineering အင်ဂျင်းနီးယားရင်း တဲ့။

စင်ကာပူက ကုမ္ပဏီတွေမှာ ရှေ့က နာမည်နောက်မှာ Engineering ပါတတ်ရာ ကျွန်တော်တို့မှာ စင်ကာပူမှာ တစ်ခါမျှ မကြားဖူးသော ကုမ္ပဏီအသစ်နာမည်များကို ကြားရသကဲ့သို့ပင်။ နောက်တော့ သူ့သူငယ်ချင်းများကပါ ကျွန်တော်တို့ပြောသည်ကို ပြန်ကြားပြီး ထိုအလုပ်သမားလေးကို စကြပါတော့သည်။ အလုပ်ထဲမှာကတော့ ထိုသို့ဖြစ်စဉ်များက မနည်းတော့ပြီမို့ ထိုအလုပ်သမားလေး ခမျာလည်း စသည်ကို စိတ်မဆိုးဘဲ ရယ်သာနေပါတော့သည်။ ကျွန်တော်တို့လည်း စိတ်ရှုပ်စရာတွေ များနေသည့်ကြားမှ ရယ်မောမိခဲ့ကြပါသေးသည်။

" Hand Engineering , Finger Engineering, Foot Engineering " တဲ့လေ။

xxxxxxxxxxxxxxxxx

နောက်တစ်ခုက မနက်ခင်းတစ်ခုမှာ ဖြစ်သည်။ ကျွန်တော်တို့အားလုံး ဘူကုန်းကိုသွားလျှင် ဘုတ်ဟုခေါ်ကြသည့် ဖယ်ရီစီးရသည်။ ဘူကုန်းဘက်ရောက်လျှင် ရုံးကိုဝင် ယူနီဖောင်းလဲရသည်။ သည်တော့ ရုံးမှာ အရင်နေ့က ယူနီဖောင်းတွေကို သည်အတိုင်း ချွတ်ထားခဲ့မြဲ။ အလုပ်သမားတွေက ယူနီဖောင်းလဲသည့် နေရာမှာ လဲသော်ငြား ကြီးကြပ်ရေးမှူးအဆင့်နှင့် အထက်တွေက ရုံးထဲမှာ လဲကြသည်။

ထိုနေ့က ရုံးရောက်တော့ ကျွန်တော်တို့ ယူနီဖောင်းလဲနေစဉ်မှာ အသံတစ်သံကြားရသည်။

" ငါ့ဘောင်းဘီ ဘယ်သူယူသွားလဲ" တဲ့။ လှည့်ကြည့်တော့ တရုတ် အင်ဂျင်နီယာ ကောင်လေးသည် မျက်နှာ ငယ်လေးနှင့် လှမ်းမေးနေသည်။ သူ့ကို သေသေချာချာ ကြည့်တော့ အောက်ခံ ဘောင်းဘီ အတိုလေးနှင့်။ ကျန်သူတွေ ကြည့်တော့ လုံးဝမသိ။ ရုံးထဲကို အလုပ်သမားလေးတွေ မ၀င်။ မနက်ဘက်ဆို သော့တွေက ကျွန်တော်တို့ဆီမှာသာ ရှိသည်။ ကျွန်တော်တို့ တံခါးဖွင့်ပြီးမှသာ သူတို့ဝင်၍ ရသည်။ သည်တော့ မနေ့ကတည်းက ပျောက်သည်လား။ ဒါလည်း မဖြစ်နိုင်။ ကျွန်တော်တို့က ပြန်မှ ယူနီဖောင်း လဲတာ ဖြစ်သည်။ ပြန်လျှင်လည်း သော့က ခတ်ပြီ။ ညဘက် သူခိုးခိုးတာတော့ မဟုတ်နိုင်။ သည်ယူနီဖောင်းကို ရွေး၍ ခိုးရအောင်လည်း သူ့ယူနီဖောင်းက ထူး၍ ဈေးကြီးနေတာ မဟုတ်။

ဖြစ်နိုင်သည်က လုပ်ကွက်ထဲကို စောထွက်သွားသည့် ကြီးကြပ်ရေးမှူးတစ်ယောက်ယောက် မှားဝတ် သွားတာပဲ ဖြစ်မည်။ သို့သော် ကျန်ခဲ့သည်က သူ့ဘောင်းဘီမဟုတ်သောအခါ သူမ၀တ်ချင်။ မ၀တ်ချင်တာက ပြဿနာ မဟုတ်သော်ငြား ရုံးခန်းထဲမှာ အောက်ခံဘောင်းဘီ တိုလေးနှင့် လျှောက်သွားနေသော သူ့ကို ကြည့်ရတာ စောစောစီးစီး ကျွန်တော်တို့မှာ ရယ်နေရတော့သည်။ သူ့မျက်နှာက ပျာယာခတ်နေသည့်ပုံ ပေါက်နေပြီး သူ့အောက်ပိုင်းက အောက်ခံဘောင်းဘီတိုလေး ၀တ်ထားသောအခါ မြင်သမျှလူက ရယ်ကြလေတော့သည်။ နောက်တော့ လုပ်ကွက်ထဲသွားမည့် ဘတ်စ်ကားမမီမှာ စိုး၍ သူ့မှာ ရုံးက ယူနီဖောင်း အသစ်ကို ယူကာ ၀တ်လိုက်ရတော့သည်။

ဒါလောက်နှင့်ဆို သိပ်သဘောကျစရာ မဟုတ်သေး။ နေ့လယ်ကျတော့ သူ့ကံက ဆက်ပြန်သည်။ အားလုံး ထမင်းကိုယ်စီ ယူပြီးချိန်မှာ သူ့အတွက် ထမင်းဘူး ပျောက်ပြန်ပါလေသည်။ ကျန်သူများက မသိသော်လည်း မနက်စောစော ယူနီဖောင်း ဘောင်းဘီပျောက်ထားသော သူ့အကြောင်းကို သိသည့် ကျွန်တော်တို့မှာ သည်တစ်ခါလည်း ထပ်၍ အားရပါးရ ရယ်ကြပြန်သည်။ သူကား စိတ်မဆိုး။ နောက်ဆုံး ထမင်းသွားဝယ်စားလိုက် ရတော့သည်။

တစ်ရက်တည်းနှင့် ပျောက်ချင်းမလှ ပျောက်နေသော ကိုပျောက်ကြီးပါတကား။

xxxxxxxxxxxxxxxxxxxxxx

နောက်တစ်ခုကျတော့ Client နှင့် Main Contractor က စလိုက်သည့် Bingo ဆိုသော ကတ်များနှင့် ဆိုင်သည်။ ထိုကတ်ကလေးများက စတစ်ကာ ကပ်၍ရသည်။ ဘေးကင်းစွာလုပ်နိုင်သော အလုပ်သမားလေးများကို ထိုကတ်များထဲမှာ Main Contractor နှင့် Client များမှ စတစ်ကာလေးများ ကပ်ပေးသည်။ စတစ်ကာ ငါးခုဆို ၁၀ ဒေါ်လာ၊ ၁၀ ခုဆို ဒေါ်လာ ၃၀၊ စသည်ဖြင့် စတစ်ကာ များလျှင် များသလို ဒေါ်လာပိုရသည်။ နောက်ဆုံး အဆင့်က ဒေါ်လာ ၄၀၀။ ကျွန်တော်တို့ ရည်ရွယ်ချက်က အလုပ်သမားလေးများ ဘေးကင်းစွာ ပိုလုပ်နိုင်ဖို့။

သည်တော့ အလုပ်သမားလေးများက ပိုလိုချင်ကြသည်။ ဘေးကင်းဖို့ ကြိုးစားကြသည်။ တစ်ဖက်မှာ စတစ်ကာ ကိုင်ထားသော ၀န်ထမ်းများကလည်း လုပ်ကွက်ထဲပတ်ကြည့်ရင်း အလုပ်သမားလေးများကို သိလိုသည်များ မေးလေ့ရှိသည်။ မေးသည်ကို မှန်စွာ ဖြေနိုင်လျှင် စတစ်ကာပေးသည်။

တစ်ခါတော့ Main Contractor Safety ဘင်္ဂလားဒေ့ရှ်တစ်ယောက်က ကျွန်တော်တို့ ကုမ္ပဏီက အလုပ်သမားလေးတွေနား သွား၍ မေးသည်။ သူကလည်း စတစ်ကာ ပေးချင်သောကြောင့်ပါ။

သူမေးသည်က ကျွန်တော်တို့ Client ၏ Three Golden Rules ။ ဘာတွေလဲဆိုလျှင် Comply, Intervene, Respect ဆိုသော လိုက်နာ၊ ကြားဝင်၊ လေးစား ဆိုသော သုံးချက်။ ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာ၊ ဘေးမကင်းသော အပြုအမူနှင့် အခြေအနေများတွေ့လျှင် ကြားဝင် နှောင့်ယှက်(ပြောပြ)၊ ဘေးမှာ ရှိနေသော အခြား အလုပ်လုပ်သူများကိုလည်း လေးစား စသော အချက်များပင်။

သို့သော်အားလုံး သိသည့်အတိုင်း အကုန်လုံးက အင်္ဂလိပ်လိုသာ မှတ်ကြရသည်။ သည်သို့ဖြင့် အလုပ်သမားလေးတွေလည်း မှတ်ထားကြပုံ ရ၏။ ဘကုန်းက မေးပါသည်။ Three Golden Rules ကို ပြောပြပါတဲ့။

ကျွန်တော်တို့ ကုမ္ပဏီက အိန္ဒိယ အလုပ်သမားတစ်ယောက်က ပိုင်ပြီဆိုပြီး အားရပါးရ ဖြေပါသည်။ Complaint, Interview, Respect တဲ့။ သေရော။ Client သာ ကြားလျှင် တက်သေနိုင်သည်။ ကြည့်ဦးလေ။ စင်ကာပူမှာ နေတာကြာ၍လား မဆိုနိုင်။ Comply လို့မဖြေ။ Complaint တဲ့။ အားလျှင် စောဒက တက်နေသော စလုံးများကို သေသေချာချာ လေ့လာထားသည့်ပုံ။

နောက်တစ်ခုက ကြည့်ဦး။ ကြားဝင်နှောင့်ယှက်ပါ ဆိုသည်ကို အင်တာဗျူးတောင် လုပ်နေသေးသည်။ နောက်ဆုံးတစ်ခုကတော့ မှန်နေသေးသည်။ သို့သော် ဘင်္ဂလား ဘေးကင်းရေး ၀န်ထမ်းကား မျက်နှာကြီး ရှုံ့မဲ့နေလေတော့သည်။ မှန်မှ မမှန်တာ။ Main Contractor ဆိုသည်က  Sub-Contractor အပေါ်မှာ မျှော်လင့်ထားပုံ ရသည်။ အထူးသဖြင့် အလုပ်သမားလေးတွေကို ဘေးကင်းရေး သိစေချင်သည်။ အခုတော့ ကိုယ့်လူတွေကလည်း လုပ်လိုက်မှဖြင့် တည့်တည့်ကြီးပင်။

သူတို့ဖြေမှပင် Client လည်း သူတို့၏ ရွှေရောင်စည်းမျဉ်းဆိုသည်ကြီးကို ပြောင်းရတော့မလိုပင်။ အလုပ်သမား ဖြေသည်က Client ကို မကျေနပ်လျှင် Complaint တက်။ လုပ်မပေးလျှင် အင်တာဗျူး။ ဘာကြောင့်လုပ်မပေးလဲ ဆိုသည်ကို မေး။ လုပ်ပေးလျှင်တော့ လေးစားပေါ့။ သည်လို အဓိပ္ပါယ် ထွက်နေသည်။ ကျွန်တော်က သည်လို ဖြစ်နေပါလားဟု အခြားသော ကြီးကြပ်ရေးမှူးများကို ရှင်းပြသောအခါ အားလုံးက ရယ်ကြသည်။ ကျွန်တော်တို့လို ဘေးကင်းရေး ၀န်ထမ်းများကား ပြောပြောပြီး ရယ်ကြလေ၏။

ပိုဆိုးသည်က ထိုအလုပ်သမားသည် သူဖြေသည်ကို မှန်သည်ဟု ထင်ကာ သူ့ကို ရယ်ရပါ့မလား ဟု ဒေါနှင့်မောနှင့် စိတ်ဆိုးနေခြင်းပင်။ သူက စတစ်ကာ ရတော့မည်ဟု လုံးဝ ကျိန်းသေ တွက်ထားခြင်းပင်။ သို့သော် Main Contractor Safety က မကျေနပ်။ ကျန်သော နီးစပ်ရာ အလုပ်သမားလေးတွေ ခေါ်မေးတော့လည်း လုံးဝမသိ။ တချို့ဆို သွားတွေအားလုံး ပေါ်အောင် ပြုံးပြသွားသည်။ သည်တော့ Main Contractor Safety က လုံးဝ မကျေနပ်။ သည်ကြားထဲ ခုန အိန္ဒိယ အလုပ်သမားက သူမှန်တယ်ချည်းသာ လုပ်နေရာ ကျွန်တော်တို့မှာ ရယ်သာနေရတော့သည်။

နောက်ဆုံး Main Contractor Safety က သနားပြီး စတစ်ကာ တစ်ခု ထုတ်ပေးခဲ့တော့သည်။ ဒါတောင် ကျွန်တော်တို့၏ အလုပ်သမားက သိပ်အစာမကြေ။ သူမှန်တာကိုပင် ကျွန်တော်တို့ကပဲ မှားနေသလိုလို ထင်နေ၍ ထပ်ရယ်နေရတော့သည်။

သည်လိုမျိုးတွေ ကြုံရသည့်အခါတွင်တော့ အလုပ်ထဲမှာ ပြဿနာများ ရှုပ်နေ၍ စိတ်ညစ်ညူးနေသမျှ တစ်ခါတစ်ခါတော့လည်း ရယ်မော၍ အပန်းပြေခဲ့ရသည်ဟု ထင်မိနေပါသေးသည်။    ။

သားလတ်
၂၂း ၂၈ နာရီ
၂၀.၅.၂၀၁၂

Friday, May 11, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁ )

စကားချီး

Facebook ကို ကျွန်တော်စသုံးခဲ့တဲ့ အချိန်ကာလက ဘာမှမကြာသေးပါဘူး။ စသုံးသုံးချင်းမှာ ကျွန်တော်ဟာ လေ့လာသူအနေနဲ့ပါ။ နောက်တော့ သူငယ်ချင်းတွေရဲ့ သတင်းတွေ၊ ပျောက်နေတဲ့ သူငယ်ချင်းတွေကို ပြန်ရှာတွေ့တာတွေက ကျွန်တော့်ရင်ကို လှုပ်နှိုးခဲ့ပါတယ်။ အဲဒါနဲ့အတူ သူတို့နဲ့ စလိုက်နောက်လိုက်၊ ဟိုရေးဒီရေး ရေးချင်တာတွေ ရေးရင်းနဲ့ ကျွန်တော်လည်း Status တွေ တင်ဖြစ်ခဲ့ပါတယ်။ ပထမတော့ ကျွန်တော်ကြိုက်တဲ့ အာဆင်နယ်နဲ့ပတ်သက်တာတွေ တင်ခဲ့မိပြီး နောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်ထဲမှာ ပို့စ်တင်လို့လည်း မဖြစ်၊ ဟိုမရောက် ဒီမရောက် ကိုယ်ပြောချင်တာလေးတွေ ရှိလာလို့ Facebook ရဲ့ Status မှာပဲ ချရေးဖြစ်ခဲ့ပါတယ်။ အခု အဲဒီလိုတင်ခဲ့တဲ့ Status တွေထဲမှာ ကျွန်တော့်ဘလော့ပေါ်ကို တင်လို့ရမယ်ထင်တဲ့ တချို့ Status တွေကို ချပြချင်တာရယ်၊ Timeline ဆိုတာကြီးကို မတောင်းဘဲ ရလိုက်ပြီး Status အဟောင်းတွေ ပြန်ရှာမတွေ့တော့တာရယ်ကြောင့် Status အားလုံးကို တစ်စုတစ်စည်းတည်း သိမ်းထားချင်တာနဲ့ပဲ "Facebook ပေါ်က ကျွန်တော့် Status များ" ဆိုတဲ့ စာစုကို ဖန်တီးလိုက်ပါတယ်။

xxxxxxxxxxxxxx



+ မနေ့က အာဆင်နယ်က QPR ကို ၂-၁ နဲ့ရှုံးတယ်။ အဲဒီအရှုံးကို လက်ခံတယ်။ ဒီနေ့မရှုံးဖို့လိုတယ်။ မရှုံးအောင်ဆုတောင်းနေပါတယ်။ အောင်ပါစေ။ ( ဧပြီလ ၁ ရက်၊ ၂၀၁၂ ခုနှစ် )

+ အမေ-ကျွန်တော်ဆံပင်တွေဖြူလာပြီအမေ။
အမေ-ကျွန်တော်ဒေါသထွက်ရင်သွေးတိုးပြီးခေါင်းကိုက်တတ်တယ်အမေ။ အမေ-ကျွန်တော်အရင်ကထက်ပိုမောမောလာတယ်အမေ။
အမေ-ကျွန်တော်ချစ်တဲ့တိုင်းပြည်အတွက် ကျွန်တော့်ဆံပင်တွေဖြူတဲ့အထိ စဉ်းစားပေးချင်တယ်အမေ။ အမေ-ကျွန်တော့်ခေါင်းကိုက်တာမပျောက်ရင်နေပါစေ။ ကျွန်တော့်တိုင်းပြည်မတိုးတက်သေးတာကို ဒေါသ ထွက်နေမယ်အမေ။
အမေ-ကျွန်တော့်တိုင်းပြည်အတွက် ကျွန်တော်ရင်မမောချင်တော့ဘူးအမေ
အမေ-ကျွန်တော့်တိုင်းပြည်မှာ ကျွန်တော် တစ်နေ့ပြန်ခြေချမယ်အမေ။ အောင်မြင်မှုတွေကို ကြည်နူး ရင်းပေါ့။
အမေ-ကျွန်တော့်တိုင်းပြည်မှာပဲ ကျွန်တော်ခေါင်းချမယ်အမေ။ ကျွန်တော့်နှလုံးသားကို ကျွန်တော်ချစ်တဲ့ တိုင်းပြည်မှာ မြေမြှုပ်ရင်းနဲ့ပေါ့။ ( ဧပြီလ ၁ ရက်၊ ၂၀၁၂ ခုနှစ် )

+ တနင်္လာနေ့ မနက်မိုးမလင်းခင်ကတည်းက မိုးက သည်းကြီးမည်းကြီးရွာနေသည်။ လျှပ်စီးများကလည်း လက်ခနဲ၊ လက်ခနဲ။ အိမ်ကနေ အလုပ်ကို စထွက်ကတည်းကခန္ဓာကိုယ် အောက်ပိုင်းအားလုံးရွှဲသည်။ စနေနေ့က အလုပ်သွားစဉ်မှာလည်း ထိုသို့ရွာ၏။ မဲပေးရသည့် တနင်္ဂနွေတစ်ရက်သာ မိုးက စင်ကာပူမှာ တိတ်သည်။ ဘာဖြစ်လို့လဲဟု စဉ်းစားကြည့်သည်။ တိုက်ဆိုင်သည်ပဲလား။ စနေမိုးသည် အောင်ပွဲကို ကြိုသည့် မိုးလား။ တနင်္လာနေ့မိုးကျတော့ အောင်မြင်ပြီဆိုသောအခါ အောင်ပွဲခံ၍ ခြိမ့်ခြိမ့်သဲသဲ ပို၍ ရွာချသည့်မိုးလား။ သည်လိုသာ တွေးမိသည်။ ထိုသို့သာ ရွာမည်ဆို- အို- တစ်ကိုယ်လုံးရွှဲအောင်ရွာ။ (ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ် )

+ ပြည်သူ့တရားရှင်ဆိုသော တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲများကို မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော် ကြည့်ခဲ့ဖူးသည်။ ကျွန်တော့်လိုတော်တော်များများလည်း ကြည့်ဖူးခဲ့ကြမည်။ ပေါင်ချိန်ပြောသွားသော စကားတစ်ခွန်းကို ကျွန်တော် တော်တော်သဘောကျမိသည်။ " အမှန်တရားဆိုတာ တစ်ခုပဲရှိတယ် " ဟု သူပြောသွားသည်။ တကယ်ကို မှန်သည်။ တနင်္ဂနွေအောင်ပွဲသည် ကျွန်တော်တို့ပြည်သူများ ရလိုက်သော အမှန်တရားအတွက် အောင်ပွဲ တစ်ပွဲဖြစ်သည်ဟု ထင်သည်။ ကျွန်တော်တို့တိုင်းပြည်၏ အနာဂတ်ကို အောင်မြင်မှုများနှင့် မြင်တွေ့လိုသော ကျွန်တော်တို့ပြည်သူများက တကယ်လုပ်ပေးနိုင်မည် ထင်သော သူများလက်သို့ အပ်နှံလိုက်သည့် အမှန်တရားအတွက် အောင်ပွဲပင်။ ရှေ့ဆက်ရမည့်ခရီးကား များစွာကျန်သေးသည်ဆိုသည်ကိုတော့ ကျွန်တော်တို့မမေ့သင့်ပေ။ ( ဧပြီလ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+ Good Friday တဲ့။ ကျန်တဲ့သူတွေတော့ မသိဘူး။ ကိုယ့်အတွက်ကတော့ အလုပ်နားရတယ်။ မိုးလေးကလည်း အေးနေတယ်။ ရှားပါးတဲ့ ပိတ်ရက်လေးတစ်ရက်ရလို့ ၀မ်းသာနေမိတယ်။ ( ဧပြီလ ၆ ရက်၊ ၂၀၁၂ ခုနှစ် )

+ မနေ့တစ်နေ့ကတင် အဘဆုံးသွားလို့ နယ်ကိုလိုက်သွားတဲ့ မိဘနှစ်ပါးကို ဖုန်းလှမ်း ဆက်တယ်။ တော်တော်နဲ့ခေါ်မရဘူး။ ကြိုးစားပမ်းစားကိုခေါ်လိုက်ရတယ်။ ဒီနေ့တော့ တစ်စုံ တစ်ယောက်ကနှစ်သိန်းတန် ဖုန်းတစ်လုံး ၀ယ်လိုက်တယ်လို့ကြားရတယ်။ မနက်ဖြန်မှာ ဖုန်းလိုင်း အသစ်တွေ စဖွင့်မှာတဲ့။ ရှိပြီးသားတွေတောင် မကြားရဘဲနဲ့လို့ ကိုယ့်ဘာသာတွေးမိတယ်။ တလောကလည်း မီးတွေပျက်တော့မယ် ဆိုတဲ့အသံကြားရတယ်။ တကယ်လည်း ပျက်သွားသေးတယ်။ နောက်မှ ဘယ်အချိန်၊ ဘယ်အချိန် ဆိုပြီးပြန်လာတယ်တဲ့။ ဒီနေ့ ထပ်ကြားရတယ်။ မြ၀တီကနောက်ထပ် လိုင်းခြောက်လိုင်းတောင်ထပ်ချဲ့တယ်တဲ့။ ဘယ်က လျှပ်စစ်တွေနဲ့ထပ်လုပ်နေကြပါလိမ့်လို့ကိုယ့်ဘာသာတွေးမိတယ်။ နောက်ဆုံးတော့ ဘာမှမတွေးတာ အကောင်းဆုံးပဲလို့ကိုယ့်ဘာသာတွေးမိသေးတယ်။ ( ဧပြီလ ၈ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၁၁:၂၄ နာရီ
၁၁.၅.၂၀၁၂

Sunday, May 6, 2012

" ဘယ်ဟာက ပထမလဲ " ( ၁ )

စကားချီး

ကျွန်တော်မြန်မာပြည်မှာ ရှိတုန်းက အလုပ်လုပ်ခဲ့တာ ပြည်သူ့ဝန်ထမ်းဘ၀နဲ့ပါ။ ၀န်ကြီးဋ္ဌာနတစ်ဋ္ဌာနရဲ့ လက်အောက်က ဘေးအန္တရာယ် ကင်းရှင်းရေးတွေလုပ်တဲ့ ဋ္ဌာနမှာပါ။ တော်တော်များများ မသိတဲ့ဋ္ဌာနတစ်ခုပါ။  ဘာတွေလုပ်လဲဆိုတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဘေးကင်းရေးကို လိုက်စစ်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ "၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ" ဆိုတာ ရှိပါတယ်။ အဲဒီ ဥပဒေဟာ "၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေ"ရဲ့ နည်းဥပဒေပါ။ ဆိုလိုတာက ၅၁ ကို ချိုးဖောက်ရင် ၆၄ ထဲက ပြစ်ဒဏ်အတိုင်း အရေးယူလို့ရတယ် ဆိုတဲ့သဘောပါ။

ဒီလိုနဲ့ မြန်မာပြည်ထဲမှာပဲ ကျွန်တော်တို့တာဝန်ကျရာ နယ်မြေတွေထဲကို ရန်ကုန်မှာ အဓိကထိုင်ပြီး လှည့်ပတ်စစ်ခဲ့တယ်ပဲ ဆိုပါတော့။ အခုတော့ ကျွန်တော် စင်ကာပူရောက်လာခဲ့ပါတယ်။ ဒီမှာလည်း ဒီလိုပဲ။ Safety Supervisor တဲ့။ လုပ်ငန်းခွင် ဘေးအန္တရယ် ကင်းရှင်းရေးတာဝန်ခံ လုပ်ရပါတယ်။ ဒါပေမဲ့ စင်ကာပူမှာကတော့ ဘေးကင်းရေး သာမက၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ အပိုင်းတွေပါ ပါလာခဲ့ပါတယ်။ အခု ကျွန်တော်ပြောချင်တာတွေက ကျွန်တော်ကြုံခဲ့ရတဲ့ မတော်တဆ ထိခိုက်မှုတွေ အကြောင်းပါ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကလူတွေ အဲဒါနဲ့ ပတ်သက်ရင် အသိအများကြီး နောက်ကျနေခဲ့ပါပြီ။ ဒီတော့ ကျွန်တော်တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ ဗဟုသုတဖလှယ်တဲ့သဘောမျိုးနဲ့ ပြောကြည့်ပါမယ်။ စင်ကာပူမှာ ကျွန်တော့်ထက် စောရောက်ပြီး Safety Officer ဖြစ်နေသူတွေ တစ်ပုံကြီးပါ။ Safety Coordinator တွေလည်း များမှများ။ ကျွန်တော့်အဆင့်က Supervisor အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လုပ်လာခဲ့တဲ့ အတွေ့အကြုံရယ်၊ စာရေးပြီးပြောလို့ရတယ် ဆိုတဲ့အသိရယ်၊ မပြောရင်လည်း တချို့လုံးဝမသိလေတော့ သေတာ၊ ဒဏ်ရာရတာတွေ လျော့စေချင်လို့ရယ်၊ လုံးဝမဖြစ်စေချင်လို့ရယ်၊ ပြီးတော့ နည်းနည်းသိရင် နည်းနည်း အကျိုးရှိတန်ကောင်းတယ်လို့ ယူဆလို့ ကိုယ့်ဘာသာ Coordinator  မဖြစ်ခင်၊ Officer မဖြစ်ခင် သိသမျှ ခင်းကျင်းပြသလိုက်ရပါတယ်လို့ စကားဦး သမ်းပါရစေ။

xxxxxxxxxxxxxxxxxxxxxx

 ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး စစ်ခဲ့တဲ့ မတော်တဆထိခိုက်မှုတစ်မှုက ပဲခူးတိုင်းမှာပါ။ အဲဒီတုန်းက ကျွန်တော်က ပဲခူးတိုင်းအရှေ့ခြမ်းကိုတွဲကိုင်ရပါတယ်။ ထားပါတော့။ ဖြစ်တာက အရက်ချက်စက်ရုံ တစ်ရုံမှာပါ။

ဖြစ်တဲ့သူက အဒေါ်ကြီးတစ်ဦးပါ။ ဖြစ်ပုံက ဒီလိုပါ။

သူတို့စက်ရုံက အရက်ချက်ရင် ကုန်ကြမ်းကို ကြံကနေယူပါတယ်။ ဒီတော့ ကြံကို အရည်ကြိတ်ပါတယ်။ အရည်ကြိတ်တယ်ဆိုတာမှာလည်း ကျွန်တော်တို့လမ်းဘေးက ကြံရည်ဆိုင်ရောင်းသလို ကြိတ်တာ မဟုတ်ပါဘူး။ လက်နဲ့လှည့်နေရင် ဘယ်ပြီးပါတော့မလဲ။ ဒီတော့ မော်တာနဲ့ ကြိတ်ပါတယ်။

အဲဒီနေ့က အဲဒီအဒေါ်ကြီးဟာ အဲဒီစက်မှာ တစ်ယောက်တည်းလုပ်နေတာပါ။ အချိန်က ထမင်းစားချိန်။ ဘာလို့သူတစ်ယောက်တည်း လုပ်နေလဲဆိုတော့ သူက ပုတ်ပြတ်သမား။ တစ်ရက်ကို ဘယ်လောက်ထွက်ရင် ဘယ်လောက်ရမယ်ဆိုတာမျိုး။ ဒီတော့ သူများထမင်းစားသွားတော့ သူကျန်နေခဲ့တယ်။ သူစားပြီး ပြန်လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ တစ်ယောက်မှ ရှိမနေဘူးဆိုတာကို ကျွန်တော်ပြောချင်တာပါ။ ပိုဆိုးတာက ကြံရည်ထုတ်စက်က ပင်မစက်ရုံနဲ့ စည်းရိုးခြားပြီး တော်တော်လှမ်းသလို ကြံကွင်းတွေနားမှာ ရှိပါတယ်။ ပြောရရင် လယ်ယာနဲ့ ပိုနီးပါတယ်။ ပင်မစက်ရုံကနေ လမ်းမကိုထွက် ပြီးမှ အပြင်ဘက်ကနေ ပြန်ဝင်ရပါတယ်။ လမ်းမကနေ ကြံရည်စက်နေရာကိုလည်း တော်တော် ၀င်ရပါသေးတယ်။ ပြောရရင် ခေါ်မကြား၊ အော်မကြားပေါ့။

အဲဒီအဒေါ်ကြီးဟာ အဲဒီနေ့က စစ်အင်္ကျီဝတ်ထားပါတယ်။ ဒါလည်း အရေးပါလို့ ထည့်ပြောတာပါ။ သူက တစ်ယောက်တည်း ကြံကြိတ်နေပါတယ်။ အဲဒီလိုကြိတ်တဲ့အခါ သူက ကြံစက်ရဲ့ဘေးမှာ မတ်တတ်ရပ်ပြီး ကြံချောင်းကို ထိုးထည့်ရပါတယ်။ သူသတိမထားမိတာက သူရပ်နေတဲ့ဘက်က စက်ဘေးမှာ Gear Wheel လို့ခေါ်တဲ့ ခွေးသွားစိတ်တွေပါတဲ့ ဘီးလုံးတွေရှိနေတာပါ။ သူက အဲဒီဘက်ကရပ်ပြီးကြံတွေကို စက်အလယ်မှာရှိတဲ့ ကြိတ်လုံးနှစ်လုံးကြားကို ထည့်တာပါ။ သူမသိတာက အဲဒီ ခွေးသွားစိတ်တွေပါတဲ့ ဘီးတွေမှာ ဘာအကာအရံမှမရှိပါဘူး။ အသွားတွေက ဒီအတိုင်းပဲ ပေါ်နေတာပါ။

 ခွေးသွားစိတ်ဘီး နမူနာပုံ

အဲဒီအချိန် အခိုက်အတန့်လေးမှာပဲ အဒေါ်ကြီးဝတ်ထားတဲ့ စစ်အင်္ကျီလက်စဟာ အဲဒီခွေးသွား စိတ်တွေထဲကို စညပ်ပါတော့တယ်။ ခွေးသွားစိတ်ဘီးနှစ်လုံးဟာ အတွင်းဆန့်ကျင်ဘက်ကို မျက်နှာချင်းဆိုင် လည်နေတာမို့ ညှပ်ထားတဲ့ အင်္ကျီကိုစဆွဲပါတယ်။ အဒေါ်ကြီးရဲ့လက်ပါသွားပါတယ်။ ဒါပေမဲ့ ဘယ်လိုမှရုန်းလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဝတ်ထားတဲ့ စစ်အင်္ကျီစဟာ အသားက တော်တော်နဲ့ မပြဲလို့ပါ။

အဲဒီအချိန်မှာ စက်ကို ရပ်တဲ့ခလုတ်ဟာ သူ့ဘက်မှာ ရှိမနေပါဘူး။ သူရပ်နေတဲ့ဘက်နဲ့ တခြားဘက်မှာပါ။ ဒီတော့ သူသွားပိတ်လို့ မရပါဘူး။ လက်နဲ့တောင် မမီတဲ့နေရာမှာပါ။ ကောင်းပြီ။ သူမပိတ်နိုင်လို့ နောက်တစ်ယောက်ရှိလားဆိုတော့ တစ်ယောက်မှ မရှိပါဘူး။ လှမ်းခေါ်ဖို့ ကျတော့လည်း ခေါ်မကြား၊ အော်မကြားပါ။ ဒီတော့ နောက်ဆုံးမှာ အဲဒီအဒေါ်ကြီးရဲ့လက် ခွေးသွား စိတ်တွေကြားမှာ အညပ်ခံလိုက်ရပါတယ်။

 အရေးပေါ်ခလုတ် နမူနာပုံ

ကျွန်တော်သွားစစ်တဲ့အချိန်မှာတော့ ဆရာဝန်က လက်ဖြတ်ရမယ်လို့ပြောလို့ တံတောင်ကနေ ဖြတ်ပစ် လိုက်ရပါတယ်။

အဲဒီ မတော်တဆထိခိုက်မှုကို ပြန်ကြည့်ရင် -

၁။ လည်ပတ်နေတဲ့ စက်တွေမှာ ကာမထားပါဘူး။
၂။ ဘေးမှာ အကူလူရှိမနေပါဘူး။
၃။ အရေးပေါ် ခလုတ်ပိတ်ဖို့ စက်နဲ့ဝေးတဲ့နေရာမှာ ထားထားတာပါ။
၎။ သူရပ်နေတဲ့ နေရာမှားတာလည်း ပါပါတယ်။

ကျွန်တော်အဲဒီလို သုံးသပ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဥပဒေမှာတော့ ၅၁ ဥပဒေထဲမှာ ပုဒ်မ ၂၃ က စက်ကိရိယာတွေကို အကာအရံတွေ တပ်ဆင်ရမယ်လို့ ပါပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေထဲကလို အပြင်မှာ လုပ်တာကတော့ အစဉ်အလာအရ တော်တော်နည်းပါတယ်။ အခုနောက်ပိုင်း စက်မှု ဇုန်တွေမှာ ရောက်လာတဲ့ စက်အသစ်တွေမှာတော့ မူလစက်မှာ လာကတည်းက အကာတွေ ပါပြီးသားပါ။ စင်ကာပူမှာတော့ မေးစရာကို မလိုတော့တာပါ။ ကျွန်တော်မြင်ဖူးသမျှ အားလုံးအကာတွေနဲ့ချည်းပါပဲ။

 စက်တွေကို အကာအရံတွေ တပ်ထားတဲ့နမူနာပုံ

ဒီတော့ စက်တွေသုံးရင် အန္တရာယ်ရှိတယ်၊ လည်ပတ်နိုင်တယ် လို့သိနေရင် ကာထားတာ အကောင်းဆုံးပါ။ ဒီဖြစ်စဉ်မှာ ကြည့်ရင် အကူလူလိုတယ် ဆိုတာလည်း ထင်ရှားပါတယ်။ စင်ကာပူမှာတော့ Body System လို့ပြောပါတယ်။ တစ်ယောက်လုပ်ရင် နောက်တစ်ယောက် အနားရှိရမှာပါ။ မရှိရင် မလုပ်နဲ့ပေါ့။ ရှင်းပါတယ်။

နောက်တစ်ခုက အရေးကြီးတဲ့အချိန်မှာ သုံးရမယ့် အရေးပေါ်ခလုတ်။ ဒါလည်း ကိုယ်အသုံးပြုမယ့် စက်နဲ့ နီးနေရင် ကောင်းပါတယ်။ ဝေးရင်တော့ အလွယ်တကူ ပိတ်လို့မရနိုင်ပါဘူး။

မြန်မာပြည်မှာတော့ ဒီလို Mini Circuit Breaker တွေသုံးပါတယ်

 ဒါကတော့ တကယ်စက်ကြီးတွေအတွက် သုံးတဲ့ အရေးပေါ်ခလုတ်နမူနာပုံပါ

နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်တဲ့နေရာပါ။ ကြံချောင်းထည့်တာ တခြားနေရာတွေက ထည့်လို့ရရဲ့သားနဲ့ ခွေးသွားစိတ်ဘီးတွေ ရှိတဲ့နေရာက ရပ်ပြီးမှ ထည့်တာတော့ ဗဟုသုတနည်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကြီးကြပ်မှုလည်း အားနည်းပါတယ်။ အလုပ်လုပ်ရင် ကိုယ်အန္တရာယ် ကင်းတဲ့ နေရာမှာ ရပ်ပြီးလုပ်ဖို့လိုတယ်ဆိုတာလည်း မမေ့သင့်ဘူးဆိုတာ ဒီအဖြစ်က သက်သေပါ။

နောက်ဆုံး နိဂုံးချုပ်တော့ လူတစ်ယောက်ရဲ့ လက်ဆုံးရှုံးသွားရတာပါ။ ကျွန်တော်စိတ်မကောင်းပါဘူး။ သူ့ရဲ့ဘ၀တစ်လျှောက် လက်တစ်ဖက်မရှိဘဲ ရပ်တည်ရပါတော့မယ်။

တစ်ခါတစ်ခါကျတော့ ပြန်တွေးမိပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့အခါ ဘယ်ဟာက ပထမ ဦးစားပေးလဲလို့။ တည့်တည့်တော့ မပြောချင်တော့ပါဘူး။ ကိုယ့်ဘာသာ တွေးကြည့်ကြ ပါတော့လို့ပဲ ပြောပါရစေ။

ကျွန်တော့်အတွက်ကတော့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေ တောက်လျှောက်လုပ်လာတဲ့ သူမို့ မြန်မာပြည်မှာ နေကတည်းက "လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ" ဆိုတဲ့ စာတန်းလေးတွေ တွေ့ရင် အတွေးနယ်ချဲ့နေမိတော့တာပါပဲ။ စင်ကာပူမှာတော့ " Safety First " လို့ အမြဲအော်တဲ့ အသံကို ကြားနေရတော့ နေ့တိုင်း တပ်လှန့်နေသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ယောက်အဖြစ် အသက်မွေးရတာ ကျေနပ်စရာ တစ်ခုအဖြစ် သိလာရလို့ လူတွေရဲ့ ဘေးကင်းရေးကို အတတ်နိုင်ဆုံး လုပ်ပေးဖို့ ဆုံးဖြတ်ထားမိတာပါပဲ။         ။

ဆူးသစ်
၁၄: ၄၇ နာရီ
၆.၅.၂၀၁၂


Thursday, May 3, 2012

"ကျွန်တော့်မှတ်စု" (၁၁)


+       ယောကျာ်းကောင်း ယောကျာ်းမြတ်တို့၏ တန်ဆာဆင်ခြင်း အင်္ဂါခြောက်ပါး
      
        - ဦးခေါင်းထက်မှာ မြတ်စွာဘုရား၏ ခြေတော်ရာနှင့်တန်ဆာဆင်ရမည်။
        - နားနှစ်ဖက်မှာ ဗဟုသုတဖြင့် တန်ဆာဆင်ရမည်။
        - ခံတွင်းမှာ သစ္စာစကားဖြင့် တန်ဆာဆင်ရမည်။
        - လက်ရုံးနှစ်ဖက်မှာ အောင်မြင်ခြင်းဖြင့် တန်ဆာဆင်ရမည်။
        - လက်နှစ်ဖက်မှာ လှူဒါန်းပေးကမ်းခြင်းဖြင့် တန်ဆာဆင်ရမည်။
        - စိတ်နှလုံးမှာ ရဲစွမ်းသတ္တိဖြင့် တန်ဆာဆင်ရမည်။

( စာဏကျနီတိကျမ်း တတိယတွဲ-လယ်တီပဏ္ဍိတ ဦးမောင်ကြီး )

+      မိန်းမကောင်းဖြစ်ရန် လိုသောအချက်

၁။ အပြောအဆိုယဉ်ကျေးရန်
၂။ ဗဟုသုတစုဆောင်းဖို့မမေ့ရန် နှင့် အမြဲသတိရှိရန်
၃။ ကုသိုလ်ပြုဖို့မမေ့ရန်
၎။ သန့်ပြန့်ဖြီးလိမ်းခြင်းနှင့် စနစ်တကျဝတ်စားတတ်ရန်
၅။ မြန်မာ့ယဉ်ကျေးမှု အလှအပကို ဦးစားပေး၍ မယုတ်မလွန်ဝတ်ရန်
၆။ အလှအပကို အလွန်မက်မောခြင်းမရှိရန်
ရ။ အတွင်းစကားကို အပြင်ပြောလေ့မရှိရန်
၈။ မကောက်ကျစ်မစဉ်းလဲရန်
၉။ အသွားအလာနှင့် အပျော်အပါး ဆင်ခြင်သွားလာတတ်ရန်
၁၀။ ဖွယ်ဖွယ်ရာရာ ချက်တတ်ခြင်းနှင့် အိမ်တွင်းသန့်ရှင်းစွာ နေတတ်ရန်
၁၁။ အသုံးအစွဲဆင်ခြင်တတ်ခြင်းနှင့် ချွေတာသုံးတတ်ရန်
၁၂။ မိဘဆုံးမမှုကို နာခံတတ်ရန်
၁၃။ ပျင်းရိမှုမရှိ၊ ဖျတ်လတ်စွာလုပ်တတ်ရန်
၁၄။ အချစ်ကို နားနှင့်ရွေးချယ်ပြီး အလွယ်တကူလက်ခံမှုမရှိရန်
၁၅။ ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင်နေတတ်ရန်

( အဆိုပါ မိန်းမကောင်းဖြစ်ရန် လိုသောအချက်များကို ကျွန်တော်ရှာဖွေနေမှန်းသိ၍ ကျွန်တော်နှင့်ခင်သော ညီမငယ်တစ်ဦးမှ သူမှတ်ယူထားသည်ကို   ပြန်လည်မျှဝေခြင်းဖြစ်ပြီး မည်သည့်စာအုပ်မှ ကိုးကား ထားသည်ကို ရေးမထားသောကြောင့် ဖော်ပြနိုင်ခြင်း မရှိပါ။ သို့သော် အဆိုပါ အချက်များသည် အမှန် တကယ်လည်း လိုက်နာကျင့်သုံးသင့်သည်ဟု ထင်မြင်မိသောကြောင့် စာအုပ်အကိုးကို မသိသော်လည်း မှတ်ယူနိုင်ရန် ဖော်ပြ လိုက်ပါသည်။ )

Wednesday, April 25, 2012

" ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက် "


 သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
  '  စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။

အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။

Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။

ကွင်းပြင်ထီးတည်း
စက်ယန္တရားကြီးတွေ မမြင်ချင်အဆုံး
အရိပ်မရှိ မီးလိုပူလို့ ဟဲလ်မက်သုံးတောင်
နေလောင်ခံရတဲ့ မျက်နှာ
Safety မျက်မှန်နဲ့ ဟဲလ်မက်မေးသိုင်းကြိုးနေရာသာ  ကွက်ပြီးဖြူလို့
မျက်နှာတစ်ခုလုံး ညိုမည်းစွဲ
အဲဒါ-ကျွန်းပေါ်က သားဘ၀ နည်းနည်းပါ အမေ။

မိုးရွာရင် ရွာတဲ့အချိန်နား
လျှပ်စီးလက်ရင် အလံတင်လို့ အလံတင်ချိန်နား
ဒီလိုနဲ့ အလံတင်ချိန်၊ မိုးရွာချိန်လေးမျှော်ရင်း
အပြင်မှာ မိုးမရွာ၊ လျှပ်မလက်၊ အလံမတင်
ကိုယ့်မာနအလံ ကိုယ့်ဘာသာတင်ရင်း
ရင်ထဲမှာပဲ မိုးရွာ၊ လျှပ်အစင်းစင်းလက်လို့
နေပူထဲ ဖြတ်ခဲ့ရတဲ့နေ့တွေ နည်းမှမနည်းဘဲ အမေ။

တကယ်တော့ အမေရယ်......
ကျွန်တော်ဟာ ကျွန်းပျော်မဟုတ်တဲ့ ကျွန်းသားတစ်ယောက်ပါ။

မပျော်ပေမယ့် ပျော်သလိုနေရတဲ့ နေရာ
မချစ်ပေမယ့် ချစ်သလိုနေရတဲ့နေရာ
ကျွန်းသာသာ ဖြစ်နေတဲ့မြို့
သူ့ဘေးမှာ ကျွန်းတွေက ဟိုတစ်စို့ ဒီတစ်စို့
အဲဒီမှာ နိုင်ငံစုံက သားတို့လို လူတချို့ အလုပ်လာလုပ်ကြ
ဒါပေမဲ့....
အဲဒီမြို့က ဘာမှ မပြောပလောက်ပါဘူး အမေ။

Can or Can not နှစ်လုံးတတ်ရင်
လုပ်နိုင်တာ မလုပ်နိုင်တာ အကုန်ပြတ်တဲ့မြို့.....
Already တောင်မဟုတ် Ready လို့ ဖြီးရင် 
လုပ်ထားသမျှ အကုန်ပြီးတဲ့မြို့....
How are you? လို့ မေးရင် Fine လို့မဖြေ
Good လို့ ဖြေတဲ့မြို့........
အချောင်ခိုတဲ့သူကို အလီဘာဘာလို့ သုံးတဲ့မြို့......
ဘာလုပ်လုပ် Queue ရတဲ့မြို့.....
Queue သာ Queue တယ်
သူတို့ချင်း Neglect လုပ်တဲ့မြို့........
ရွှေတွေရဲ့'လား'နဲ့ သူတို့ရဲ့ ' Lah '
ဘယ်လားက စောတယ်မသိပေမယ့်
စကားပြောရင်း လားချင်ရင် လားတဲ့မြို့......
စည်းကမ်းရှိမလိုလိုနဲ့
စည်းကမ်း ရှိချင်ယောင်ဆောင်ထားတဲ့မြို့......
အလုပ်တကယ်ကြိုးစားသယောင်နဲ့
အလီဘာဘာတွေ များတဲ့မြို့.......
ကောင်လေး၊ ကောင်မလေးငယ်ငယ်တွေ
အားလုံးနီးပါး မျက်မှန်တပ်တဲ့မြို့......
ခြင်္သေ့ကို ငါးခန္ဓာပေါင်းထားတဲ့ ကိုယ်လုံးနဲ့အရုပ်တွေ ပေါတဲ့မြို့.....
အဲဒီမြို့လေးရဲ့ ခပ်လှမ်းလှမ်းမှာ
ပင်လယ်လမ်းကို ဖြတ်သန်း
ကျွန်းမြေမှာ သားလမ်းသလားခဲ့တာ နေ့စဉ်လိုပေါ့ အမေ။

ငွေဈေးဘယ်လောက်ပေါက်လဲ အကျအတက်ညှိရတာနဲ့
သိကြားမင်း အကျအတက်လည်း မသိ
သင်္ကြန်ကို ရင်မှာ မငြိနိုင်
အိမ်ကို ငွေပို့ဖို့  စဉ်းစားကြည့်ရင် ငိုင်တွေမော
ဒါပေမဲ့...
သားက- ထိုင်နေသော လူငယ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး အမေ။

ချွေးတွေက နဖူးကနေ ကျချင်ရာကျ
မိုးမလင်းခင်က စတဲ့ဘဝ
မိုးချုပ်တောင်နားဖို့ မကျိန်းသေတဲ့ဘဝ
ကြယ်သီးပြုတ်ကို အပ်နဲ့ချုပ်ရင် အမေ့ကို သတိရ
နေပူထဲမှာ လမ်းတွေလျှောက်ရင် အဖေ့ကို တမ်းတ
စုံတွဲတွေတွေ့ရင် ချစ်သူကို လွမ်းရ
ဘောလုံးပွဲတွေကြည့်ရင် ညီအစ်ကိုတွေကို မေ့မရ
မိုးတွေသည်းရင် မြန်မာပြည်ကို မှန်းဆ
ဒီလိုနဲ့ ဘ၀ဘ၀ဆိုတာကို ကြိတ်မှိတ်ဖြတ်သန်း
ကျွန်းသားတစ်ယောက် လွမ်းခန်းက ခပ်ကြမ်းကြမ်းပေါ့ အမေ။

' အိပ်မက်ထဲက ရထားကြီး ' ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်ကို အမြဲနားထောင်
( ပြီးတော့ သီချင်းထဲကလို)
ကလေးဘ၀ကို မြင်ယောင်ရင်း မဆုံးတဲ့ခရီး
ဘယ်အချိန်ပြီးမှန်းမသိတဲ့ ဘ၀ကို အတွေးခက်
ဒီလိုနဲ့........
ချွေးစက်များနဲ့ ပျော်ခြင်း၊ မပျော်ခြင်း မရှိတဲ့
ခရီးသွားရဲ့ နေ့ညများစွာ
တစ်လတစ်လထွက်လာတဲ့ လစာကြားမှာ ရှင်သန်
မနက်ဖြန်တိုင်းမှာ ဒီကျွန်းသားတစ်ယောက်တော့
ကျွန်းကလွတ်မြောက်ရေးကို မျှော်မက်ရင်း
အိပ်မက်တွေကြားမှာ ကျွန်တော်ဆက်လျှောက်နေပါဦးမယ် အမေရယ်။        ။

သားလတ်
၁၈.၆.၂၀၀၉

( စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း၊၂၀၁၂ ဧပြီလ တွင် ဖော်ပြခံရသော ကဗျာ ဖြစ်ပါသည်။ )


Monday, April 23, 2012

" နှလုံးသားကလာတဲ့စာ မေတ္တာပါတဲ့စကား " (၁)


ချစ်သူ......

ကိုယ်တို့ရဲ့ အားလပ်ရက် မနက်ခင်းလေးတွေမှာ ကိုယ်တို့နှစ်ယောက် ကော်ဖီဆိုင်မှာထိုင်ဖြစ်ခဲ့ကြတယ်။ တစ်မနက်ခင်း အဲဒီလိုအချိန်မှာ ကိုယ်တို့ထိုင်နေတဲ့အနားမှာ ငှက်ကလေးတွေလည်း အစာရှာနေကြတယ်။ အဲဒီမှာပဲ ငှက်ကလေးတစ်ကောင်ဟာ သူရတဲ့အစာကို မစားဘဲ နောက်ငှက် တစ်ကောင်ကို ခေါ်ကျွေးနေတာ ကိုယ်တို့ သတိထားမိခဲ့တယ်။ အဲဒါဟာ မေတ္တာတရားလား ချစ်သူ။ ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းလို့လည်း ဆိုလို့ရမယ်ထင်ပါရဲ့။ အဲဒီတုန်းက ကိုယ်တို့အတူတူ ငေးကြည့် ခဲ့ဖူးတယ်။ ငှက်ကလေးတွေရဲ့ ချစ်ခြင်းကိုပေါ့။

အခုနောက်ပိုင်း အားလပ်ရက်ကလေးတွေရဲ့ မနက်မှာ ကိုယ်တစ်ယောက်တည်း ကော်ဖီဆိုင်ကို သွားခဲ့တယ်။ ငှက်ကလေးတွေကတော့ အရင်လိုပါပဲ။ ချစ်သူကတော့ ဟိုးအဝေးမှာပေါ့။ ကိုယ် သတိရမိတယ်။ ဒီအချိန်ဆို သူဘာလုပ်နေမလဲ။ သူနေကောင်းရဲ့လား။ သူလုပ်စရာရှိတာတွေရော ပုံမှန်လုပ်ဖြစ်ရဲ့လား။ အဲဒီလိုအတွေးတွေ ကြီးစိုးနေခဲ့တယ်။

ငှက်ကလေးတွေကို ကြည့်ရင်း အဲဒီငှက်ကလေးတွေလို ဟိုးအဝေးကို ပျံသန်းနိုင်ခွင့်ရချင်တယ်။ ချစ်သူရှိရာ စိတ်ဆန္ဒပြင်းပြတဲ့အချိန် ထပျံပြေးနိုင်ဖို့ပေါ့။ လေပြေနဲ့အတူ လိုက်မယ်။ မိုးသည်းချင် သည်းပေါ့။ နေပူချင် ပူပေါ့။ နှင်းတွေ၊ မြူတွေ ပိတ်ချင် ပိတ်ပေါ့။ အဲဒီခရီးဝေးတွေရဲ့ အဆုံးမှာ ချစ်သူမျက်နှာကို မြင်ရမယ်လေ။ ဒီလိုယုံကြည်ရင်း ငှက်ကလေးတွေကိုပဲ ငေးနေမိခဲ့တယ်။ ဒါပေမဲ့ ကိုယ်မပြန်နိုင်ခဲ့ပါဘူး။ ငှက်ကလေးတွေလို အတောင်ပံလည်း မရခဲ့ဘူး။ အိမ်ပြန်ချင်လို့လည်း ပြန်လို့မဖြစ်နိုင်ခဲ့ဘူး။ ကိုယ်တို့ ခဏတော့ ဝေးနေ ဦးမယ်နော်။

ချစ်သူ.....

မနက်ခင်းဆိုတာ လူတွေရဲ့ အားအင်အသစ်တွေ မွေးဖွားစေနိုင်တယ်လို့ တော်တော်များများက ယုံကြည်ကြတယ်။ ကိုယ့်အတွက်ကတော့ မနက်ခင်းမှာပဲ အားအင်တွေ ဆုတ်ယုတ်နေခဲ့တယ်။  ကိုယ့်အနားမှာ မင်းမှမရှိဘဲလေ။

အိပ်ရာကနိုးလို့ လှည့်ကြည့်လိုက်ရင် ကိုယ်မြင်နေကျ မျက်နှာလေးတစ်ခုကို အခုအချိန်မှာ ကိုယ်မြင်တွေ့ခွင့် မရနိုင်ဘူး။ အိမ်မှာရှိရင် ကိုယ်ကြိုက်တဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက် အမြဲလို အဆင်သင့် ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ကိုယ့်အတွက် မရနိုင်ဘူး။ အိမ်ကထွက်လို့ တစ်ခုခုမေ့ကျန်ခဲ့ရင် ကိုယ်ပြန်တောင်းရမယ့်လူက အနားမှာ ရှိမနေဘူး။

ဘတ်စ်ကားမှတ်တိုင်ရောက်ရင် ကိုယ်ပို့နေကျ မက်ဆေ့ခ်ျလေးတွေ ဘယ်ကိုပို့ရမယ် ကိုယ်မသိတော့ဘူး။ ကိုယ့်အတွက် ဖုန်းလေးကိုင်ပြီး မနက်ခင်းမှာ ယောင်နနဖြစ်ခဲ့ရတဲ့ အကြိမ်တွေ များလာခဲ့ပါပြီ။ အလုပ်သွားရတဲ့နေ့တွေအတွက် လန်းဆန်းတက်ကြွမှုဆိုတာ အဝေးမှာပေါ့။ ပြီးတော့ အလုပ်သွားတော့မယ်လို့ လှမ်းနှုတ်ဆက်မယ့် ဖုန်းခေါ်သံကိုလည်း ကိုယ်မကြားနိုင်တော့ဘူး။ အဲဒီလိုနဲ့ ကိုယ့်မနက်ခင်းတွေမှာ ခြောက်သွေ့အေးစက် တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ ကြာခဲ့ပြီပေါ့ ချစ်သူ။

ချစ်သူ.......

ကိုယ့်အတွက် ငှက်ကလေးတွေက အဖော်ပဲလား။ လေပြေညင်းက ကိုယ့်အတွက် အားပေးဖော်လား။ ကိုယ်ကိုင်ထားတဲ့ ဖုန်းတစ်လုံးက ကိုယ်တို့ရဲ့ အဖြစ်အပျက်တွေကို သတိရစေမယ့် အမှတ်တရလေးလား။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ပဲရောက်ရောက်ပါ။ ဘယ်လိုပဲနေနေပါ။ ဘယ်လောက်ပဲဝေးဝေးပါ။ ကိုယ့်အတွေးထဲမှာ ချစ်သူရှိနေပါတယ်ကွယ်။ ကိုယ့်နှလုံးသားထဲမှာ ချစ်သူကို ထာဝရချစ်နေပါတယ်ကွယ်။ ကိုယ့်အသွေးအသားထဲမှာ ချစ်သူအမြဲ စီးဆင်းနေပါတယ်ကွယ်။

လွမ်းလိုက်တာ......ချစ်သူရယ်.........။         ။

သားလတ်
၂၃: ၀၆ နာရီ
၂၃.၄.၂၀၁၂



Saturday, April 14, 2012

"ဝေးလွင့် သင်္ကြန်"


ကမ္ဘာမြေထဲက လွတ်ထွက်လာခဲ့သူ
ဒဏ်ရာဆူပွက် ပူလောင်ချက်ပြင်းပြင်း
အဇ္ဈတ္တတွင်းက လှိုက်စားမှု
ဗဟိဒ္ဓကို ရိုက်ချိုးလိုက်ပြီလား။

အနာဂတ်ရဲ့မျက်စိနဲ့
ရှင်သန်မှုကို ကုစားကြည့်ချိန်
မိုးတိမ်တွေကို ငေးမော
လေညင်းတွေကြားမှာ အဆွေးရင့်
ဝေးလွင့်သင်္ကြန်
မနက်ဖြန် မနက်ဖြန်နဲ့ ပြီးဆုံးပြီ။

အိပ်မက်မဲ့
စိတ်ကူးနဲ့ အတွေးပျောက်
အဝေးရောက်နေသူများ
ပိတောက်တွေကြားမှာ ပြုံးနေပြီထင်ရဲ့
လူမမြင်ခဲ့တဲ့ ရင်ခုန်ခြင်း
မင်းတို့သင်္ကြန်တွင်းမှာ သေဆုံး
ငါ့နာရီသံဟာတော့
နှစ်ဆန်းတစ်ရက်ကို ငံ့လင့်တုန်းလေ။         ။

သားလတ်
၁၆.၄.၁၉၉၇

Friday, April 6, 2012

"ချစ်ခြင်းဖြင့် စာတင်သော မြစ်တစ်စင်း၏ ရာဇ၀င်"


ကျွန်တော်ရှစ်တန်းလောက်၊ ၁၉၈၇ ခုနှစ်လောက်တုန်းက ပုဂံကို စရောက်ဖူးခဲ့သည်။ မိသားစုစုံညီ ဘုရားဖူးထွက်ခွင့်ရခဲ့ခြင်းပင်။ သည်တုန်းက ဟိုဘက်ခေတ်မို့ သမ၀ါယမဟိုတယ် ဆိုသည့်နာမည်ဖြင့် ကန်တော့ပလ္လင်ဘုရားနားမှာ ဟိုတယ်ရှိခဲ့ဖူးသည်။ ကျွန်တော်တို့မိသားစု ထိုအချိန်က ထိုဟိုတယ်မှာ တည်းခဲ့ဖူး၏။ တစ်နေကုန်ဘုရားစုံဖူးပြီး ပြန်လာချိန်မှာ ကန်တော့ပလ္လင်ဘုရား၏ အမြင့်တစ်နေရာမှ ပုဂံ၏ အလှအပကို ခံစားခဲ့ဖူးသည်။ ကျွန်တော်တို့ဟိုတယ်ဘေးမှာ ဧရာဝတီမြစ်သည် ကောက်ကွေ့စွာ စီးဆင်းနေ၏။

ညနေနေ၀င်ချိန်အလှ။ ဧရာဝတီ။ ကန်တော့ပလ္လင်ဘုရား။ ကျွန်တော်တို့မိသားစုနှင့် အတူ နိုင်ငံခြားသား များပါ ပါသည်။ သည်လိုရှုခင်း၊ သည်လိုအလှ၊ သည်လို ပုဂံ၊ သည်လို ဧရာဝတီ။ ၁၉၉၇ ခုနှစ်ခန့်က။ 

အရွယ်ရောက်လာတော့ ပုဂံကိုနောက်တစ်ကြိမ် ထပ်ရောက်သည်။ ၂၀၀၀ခုနှစ်၏ အစွန်းပိုင်းကာလများ။ အရင်ကလို ဘုရား၏ အမြင့် အထက်ပစ္စယံများသို့ ပေးမတက်တော့။ သို့သော် ဗူးဘုရားဘေးက ဧရာဝတီကို ကျွန်တော် ခံစားခွင့်ရခဲ့သေးသည်။ ဧရာဝတီသည် အရင်ကနှယ် နုပျိုဆဲ။ 

အလုပ်ထဲမှာ ရှိနေစဉ်မှာပင် ဧရာဝတီမှာ သင်္ဘောစီး၍ ဧရာဝတီတိုင်းထဲက မြို့နယ်များကို သွားခွင့်ရသည်။ ရှည်လျားလှသည့် ဧရာဝတီ၏ အလျားကို တွေးကြည့်မိခဲ့ဖူးသည်။ ပြီးတော့ ဧရာဝတီ၏ ဘေးမှာ ဧရာဝတီကို မှီတည်ရှိနေသော မြို့များအကြောင်းကိုလည်း တွေးမိခဲ့ဖူး၏။ 

၂၀၀၈ ခုနှစ်ရောက်တော့ ရက်စက်သော နာဂစ်ကိုကြုံရသည်။ ကျွန်တော်နှင့်အတူ ဘွဲ့လွန်ဒီပလိုမာ တက်နေသော စီးပွားရေးတက္ကသိုလ်က သူငယ်ချင်းမောင်နှမများ အတူစု၍ တတ်နိုင်တာလေးတွေယူကာ ဧရာဝတီ၏ ဘေးက ရွာတွေအထိ တက်ကာ အလှူလုပ်ကြသည်။ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ကျောင်းသုံးစာအုပ်၊ လွယ်အိတ်၊ ကျောင်းဝတ်စုံ။ စုံလို့။ စာသင်ကျောင်းတွေ ပြိုကျနေသည်ကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ခံစားမှုများစွာ ဖြစ်သည်။ သမ္ဗာန်နှင့် ရွာတစ်ရွာကို အကူးမှာ ဆရာမတစ်ယောက်ပါလာတော့ သူကပြောသည်။ ကျွန်မ စာသင်ကျောင်းကို မပြန်တာ ကြာပြီ။ မိဘနေမကောင်းလို့ပါ တဲ့။ အခု နာဂစ်ဖြစ်ပြီး ကလေးတွေကျောင်း ပျက်သွားတယ် ကြားတော့ မပြန်ဘဲကို မနေနိုင်တော့ဘူး ဟုဆိုသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ၀ဲနေတာ ကျွန်တော်သတိထားမိသည်။ ကျွန်တော်တို့အားလုံး တစ်လှေတည်း စီးနေကြသည်။ တစ်ရွာတည်းကို သွားခဲ့ကြသည်။ စိတ်က တစ်စိတ်တည်း။ ထိုရွာက ကလေးများ၏ အနာဂတ်အတွက်။

ဘွဲ့လွန်ပြီးတော့ စင်ကာပူမလာခင် ကျွန်တော်တို့ကိုးကွယ်သည့် ဘုန်းကြီး ရှိရာပဲခူးတိုင်း၊ ရွှေတောင်မြို့ကို အမေတို့နှင့် ရောက်သည်။ ပြည်က သူငယ်ချင်းက ကျွန်တော်ရောက်မှန်းသိပြီး လာခဲ့ဖို့ခေါ်သည်။ ကျွန်တော်နှင့် နာမည်တစ်လုံးသာ ကပ်လွဲသော ထိုသူငယ်ချင်းက ပြည်သား။ သူက ဆိုင်ကယ်တစ်စီးနှင့် ကျွန်တော့်ကို ပြည်မှာ လိုက်ပြသည်။ ဧရာဝတီဘေးက အအေးဆိုင်လေးမှာ ကျွန်တော်တို့နှစ်ယောက် ကြံရည်သောက်သည်။ 

လှပသောညနေခင်းလေးမှာ ဧရာဝတီ၏ တစ်ဘက်ကမ်းမှ စေတီပုထိုးများ၊ သဲသောင်များ၊ လူးလာသွားလာနေသော လှေငယ်များကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ဧရာဝတီ၏ အလှကို ခံစားနေခဲ့ဖူးသည်။

နောက်ဆုံး စင်ကာပူရောက်လာပြီးမှ ကျွန်တော်ကြားရသည်။ မြစ်ဆုံ။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရသော ပထ၀ီထဲက မြစ်ဆုံ။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာရေးခဲ့ဖူးသော မြစ်ဆုံ။ ဧရာဝတီ၏ အစမြစ်ဆုံ။ ထိုမြစ်ဆုံမှာ ဆည်ဆောက်မည်တဲ့။ အတတ်ပညာရှင်များက မီးမောင်းထိုးပြသည်။ မည်သို့ဖြစ်နိုင်သည်ဆိုသော အကျိုးဆက်များ။ တွေးကြည့်တော့ စိတ်ထဲမကောင်းလှ။

ကျွန်တော် ခံစားခဲ့ဖူးသော ပုဂံနှင့် ဧရာဝတီ။ ကျွန်တော်ရင်နင့်ခဲ့ဖူးသော နာဂစ်နှင့် ဧရာဝတီ။ ကျွန်တော်နှင့်အတူ သူငယ်ချင်းများ ကိုယ်ချင်းစာပေးခဲ့ဖူးသော မြို့များ၊ ရွာများ၊ ကလေးငယ်များနှင့် ဧရာဝတီ။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း အတူတူ ခံစားခဲ့ဖူးသော ညနေခင်းတစ်ခုနှင့် လှပလွန်းသော ဧရာဝတီ။  

နာဂစ်လို သဘာဝဘေးကြောင့်ပင် မြို့များ၊ ရွာများ၊ လူများ ပြိုလဲခဲ့ရသေးလျှင် ဧရာဝတီမရှိတော့လျှင် ကျွန်တော်တို့အားလုံး ပြိုလဲသွားနိုင်သည်။

ထိုဧရာဝတီကို သိသိကြီးနှင့် ကျွန်တော်တို့ စွန့်လွှတ်ရတော့မှာလား။

၂၀၀၄ ခုနှစ်မှာ အိန္ဒိယပြည်ကို ကျွန်တော်ရောက်ခဲ့ဖူးသည်။ ကမ္ဘာကျော် တပ်ဂ်ျမဟာကိုလည်း ရောက်၏။ ထိုအဆောက်အအုံဘေးက ယမုံနာမြစ်ကမ်းပါးကနေ ကျွန်တော်တို့ မှတ်သိဖူးသော ယမုံနာကို လှမ်းငေးခိုက် ယမုံနာသည် ခြောက်တိခြောက်ကပ်။ သဲသောင်များကို မြင်ရသည်။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီသင်ရစဉ် ယမုံနာတို့၊ ဂင်္ဂါတို့ဆိုသည်မှာ နာမည်ကျော်များ။ ခုတော့ လူတော်တော်များများ မြစ်ထဲမှာ အ၀တ်ဆင်းလျှော်နေကြသည်။ အမှိုက်များကား ရှုပ်ပွနေ၏။ ကျွန်တော်တို့ ဧရာဝတီသည်လည်း တစ်ချိန်မှာ ထိုသို့ ဖြစ်သွားတော့မည်လား။

ကျွန်တော်ခံစားမိသလို လွန်ခဲ့သည့် နှစ်များစွာကတည်းက ဧရာဝတီကို ခံစားသွားသော အနုပညာရှင်တစ်ဦးလည်း ရှိသေးသည်။ သူကား သီချင်းရေးဆရာတစ်ဦး။ ထိုထက်ပိုပြောရလျှင် တကယ့်အနုပညာရှင်စစ်စစ်။ သူသည် သီချင်းဆိုသည်။ ကဗျာစပ်သည်။ 
  
ဧရာဝတီနှင့် ပတ်သက်၍ သူရေးခဲ့သော သီချင်းသည် ကဗျာတစ်ပုဒ်လို လှသည်။ အားပါသည်။ ကျွန်တော်တို့ ချစ်သော ဧရာဝတီအတွက် သူခံစားရေးခဲ့သည်။ ထိုသီချင်းအတွက် သူတစ်လလောက် အချိန်ယူခဲ့ရသည်။ အာရုံမလာလျှင် ထမရေး။ သူသည် ဧရာဝတီနှင့် ပတ်သက်၍ နင့်နင့်သည်းသည်း ခံစားတတ်ပုံရ၏။ 

သူ့သီချင်းထဲမှာ ဧရာဝတီသည် ရာဇ၀င်ထဲက လျှို့ဝှက်ချက်များကို သိမ်းဆည်းထားသည်။ ခမ်းနားသော မြို့ပြများနှင့် ရွှေရောင်လွှမ်းသော နေ့ရက်များကို ပြောပြနိုင်သည်။ ပိုင်ဆိုင်မှုအတွက် သူရဲကောင်း များစွာ ဖြစ်တည်မှုကို ပြန်ပြနိုင်သည်။ ကျွန်တော်တို့တိုင်းပြည်၏ ရွှေရောင်အနာဂတ်အတွက် ရာဇ၀င်အဟောင်းများကို စွန့်၍ ရာဇ၀င်အသစ်များကို ရေးခဲ့သည်။ ကျွန်တော်တို့၏ မိခင်ဟု သူတင်စားခဲ့သည်။ ကျွန်တော်တို့၏ ၀ိညာဉ်ဟုလည်း ဆိုသည်။ ထိုသီချင်းကိုပင် သူက "ရာဇ၀င်များရဲ့ သတို့သမီး" ဟုတင်စားခဲ့သည်။ 

ထိုတေးရေးဆရာ၊ ထိုအဆိုတော်၊ ထိုအနုပညာရှင်သည် ကိုငှက်ဟု ခေါ်ကြသည့် ထူးအိမ်သင်။ သူကား ကွယ်လွန်သွားခဲ့ချေပြီ။ သူခံစားတင်စားခဲ့သော သတို့သမီး၏ အလှအပတို့သည်လည်း သူကွယ်လွန်သွားသလို မကွယ်လွန်စေရန်နှင့် သူရှိနေစဉ်တုန်း ကလို၊ ကျွန်တော်တို့ ခံစားခဲ့ဖူးသလို ရှိနေစေရေးအတွက် ကျွန်တော် ဆုတောင်းနေမိသည်။

ထိုသို့ဆုတောင်းရင်းမှာပင် ကျွန်တော့်နားထဲမှာ ထူးအိမ်သင်၏ ရာဇ၀င်များရဲ့ သတို့သမီး သည်ကား လှပစွာ စီးဝင်နေပါတော့သည်။     ။

သားလတ်
၁၂:၅၆ နာရီ
၆.၄.၂၀၁၂



Sunday, March 25, 2012

" နှစ်ခြိုက်မိပါသည် The Lady "


ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ညက ကျွန်တော့်ဇနီးသည်နှင့်အတူ စင်ကာပူမှာ ရုံတင်နေသော "The Lady" ရုပ်ရှင်ကို သွားကြည့်ဖြစ်ခဲ့သည်။ ကျွန်တော်သည် အလုပ်ကို စနေရော၊ တနင်္ဂနွေပါ ဆင်းနေရ၍ ညဘက်ကို အပြေးအလွှား သွားကြည့်ဖြစ်ခဲ့ခြင်းပင်။

ထိုဇာတ်ကား စင်ကာပူလာမည် ဆိုကတည်းက ကျွန်တော် စိတ်ဝင်စားမိသည်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ထိုရုပ်ရှင်ကို ကြည့်ချင်မိ၏။ အဓိကက ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဇာတ်ကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြောင်း။ ဘာတွေကို ဘယ်လို ရိုက်ပြမည်နည်း။ မြန်မာပြည် ပြင်ပက လူများက ရိုက်ပြမှာ ဖြစ်၍ ပိုပြီးစိတ်ဝင်စားမိသည်။

ရုပ်ရှင်ရုံထဲရောက်တော့ လာကြည့်သူတွေကို ကျွန်တော်အကဲခတ်မိသည်။ နဂိုကတည်းက လက်မှတ်က ကုန်သွားတတ်သည်ဟု ကြားထား၍ အတတ်နိုင်ဆုံးကြိုတင်၍ ကြိုးစားထားတာကိုပင် ထိုင်ခုံက ဒုတိယတန်းသာ ရလိုက်သည်။ ရှိစေတော့။ မြန်မာပြည်၏ နိုင်ငံရေး ဇာတ်လမ်းမို့ မြန်မာများ တော်တော် ကြည့်ကြမည်ဟု တွေးထားလိုက်မိသည်။ တကယ် ရုံထဲရောက်တော့ အဖြူကောင်များ၊ စလုံးများပါ အုံနှင့်ကျင်းနှင့် လာကြည့်ကြသည်ကို တွေ့ရသည်။ ဪ-ကျွန်တော်တို့ နိုင်ငံ၏ နိုင်ငံရေးကို သူတို့လည်း စိတ်ဝင်စားကြသည်ပေါ့။

စပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း အစည်းအဝေး မသွားခင် သူ့သမီးနှင့် အိမ်မှာ စကားပြော၊ ပြီးတော့ အစည်းအဝေးသွား။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သူတို့ကတော့ ဘယ်ကအကိုးအကားနှင့် ရိုက်သည်မသိ။ လာလုပ်ကြံသည့်သူကို ဗိုလ်ချုပ်က မျက်စိပိတ်၍ သေနတ်ပစ်ခံသည်။ ပစ်သူက နဖူးကို ပစ်ချသည်။ တကယ်တော့ ကျွန်တော်ဖတ်ဖူးထားသည်က သည်လိုမဟုတ်။ ဗိုလ်ချုပ်က လက်နှင့်ကာ၍ တားသေးသည်။ ထိုသို့တားသည့်ကြားက ပစ်သွားတာဖြစ်သည်။ ကျွန်တော့်အထင် လွတ်လပ်ရေးအတွက် ကြိုးစားနေသော ဗိုလ်ချုပ်သည် သူ့ကို လုပ်ကြံမည့်သူမရှိဟု ယုံထားတာဖြစ်သည်။ ပြီးတော့ အသားလွတ်ကြီးတော့ အပစ်ခံမှာမဟုတ်။ ဗိုလ်ချုပ်မှာ ရှင်းပြစရာတွေ ရှိနေလိမ့်မည်။ မေးစရာတွေ ရှိနေမှာဖြစ်သည်။ ထားတော့။ ထိုရုပ်ရှင်ကို ပြချင်သူက The Lady ကိုသာ တည်ထားတာဖြစ်သည်။

သူတို့ဇာတ်လမ်းက ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းဘက်ကနေ ပြသွားသည်။ သူတို့မိသားစု၏ လူနေမှုဘ၀ကနေ မိခင်နေမကောင်း၍ မြန်မာပြည်ပြန်ရာကနေ ပြန်မလာနိုင်တော့သည့်အကြောင်း။ ဒါကိုတော့ အားလုံးသိပြီးသား ဖြစ်စဉ်များကို ပြန်ရိုက်ထားတာဖြစ်၍ ကျွန်တော်အကျယ်ချဲ့ မပြောလို။ ကျွန်တော်က ရုပ်ရှင်ကြည့်သူ ဖြစ်၍ ရုပ်ရှင်အတိုင်းသာ ခံစားလိုသည်။

ကျွန်တော် မှတ်သားမိသလောက် သမိုင်းနောက်ခံရိုက်လျှင် တော်တော် သတိထားရသည်။ အဘယ့်ကြောင့် ဆိုသော် အပြမှားလျှင် အမှတ်မှားတတ်သည်။ သို့သော် ယခုဇာတ်လမ်းမှာတော့ အတတ်နိုင်ဆုံး ကြိုးစားထားသည်ဟု ကျွန်တော်မြင်မိသည်။ ဇာတ်လမ်း၏ လိုခြင်း ပိုခြင်းများကိုတော့ တကယ့်ဖြစ်ရပ်မှန်ကို အသေးစိတ် အတိအကျ သိသူတစ်ယောက် မဟုတ်၍ မဝေဖန်လို။ ရုပ်ရှင်အရတော့ ကောင်းသည်ဟု ကျွန်တော်မြင်မိသည်။

ဥပမာ-ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာ ရဲဘော်လေးများ စောင့်ကြသည်။ ကျွန်တော်တို့မြန်မာများကား အားလျှင် ကျားထိုးတတ်သည်။ ထိုအချက်ကို ပီပြင်အောင်ပြထားသည်။ တစ်ယောက်က တစ်ယောက်ကို ပြောသည်။ "မင်းတော့ ငါစားရင် သေတော့မှာပဲ " တဲ့။ စကားလုံးတော့ အတိအကျ ဖြစ်ချင် မှဖြစ်ပါမည်။ ကျွန်တော်မှတ်မိသလို ပြန်ပြောခြင်းပင်။ သို့သော် ထိုအကွက်လေးကိုတော့ နိုင်ငံခြားသား ဒါရိုက်တာ ရိုက်ထားသော မြန်မာဇာတ်လမ်းအတွက် အမှတ်ပေးချင်သည်။

ပြီးတော့ အပြ။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသော မင်းသမီး မီရှဲယို၏ မျက်လုံးများ။ ကောင်းလွန်းသည်။ ကြေကွဲနေသည်။ အားတင်းထားသည်။ ငိုသည်။ ပြန်အားတင်းသည်။ လက်ပြသည်က လက်ခုပ်ကလေးနှင့်။ လက်ဝါးနှင့် မဟုတ်။ ပြင်ပက လူနှင့် တူသည်မတူသည်တော့ ကျွန်တော်မပြောလို။ သို့သော် အားတင်း၍ လက်ပြနေသည်ဟု နားလည်ပေး၍ ရသည်။

ကျွန်တော်တို့ ငယ်ငယ်က မြင်ခဲ့ဖူးသော In The Line of Duty ထဲက ဂျက်မ မဟုတ်။ Crouching Tiger Hidden Dragon ထဲက ဂျက်မ မဟုတ်။ အိမ်ထောင်ဝန်၊ နိုင်ငံရေး နယ်ပယ်ထဲက တာဝန်များနှင့် The Lady အဖြစ် မီရှဲယို၏ ဇာတ်ရုပ်က ပီပြင်လွန်းသည်။

အပြ မှားတာလေးတွေလည်း ရှိသည်။ ဗိုလ်ချုပ်နေခဲ့သည့် အိမ်နှင့် ဒေါ်အောင်ဆန်းစုကြည်နေသောအိမ်တို့ တစ်အိမ်တည်း ဖြစ်နေခြင်းပင်။

ပြီးတော့ ရုပ်ရှင်အရ ပြသွားသော အနုပညာပြကွက်လေးတစ်ခု ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ စန္ဒယားတီးသည်။ သူ့ယောကျာ်းက မြန်မာပြည်ရောက်နေတုန်း သတင်းစာကို ခြံထဲမှာ ဖတ်နေသည်။ ရဲဘော်လေးများက ခြံထဲမှာ စောင့်နေသည်။ အားလုံးတိတ်ဆိတ်နေချိန်မှာ စန္ဒယားတီးသံက ရုတ်တရက် ထွက်လာ၍ ရဲဘော်လေးများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းက ရဲဘော်များကို ကြည့်၍ တစ်ခွန်းတည်း ပြောသည်။ "This is called music" တဲ့။ ရုပ်ရှင်အရ အနုပညာပြကွက် ကောင်းလွန်းသည်ဟု ကျွန်တော်ထင်သည်။

ထိုအပြမျိုးကို နောက်တစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည် စန္ဒယားတီးသောအခါ ရဲဘော်လေးတစ်ယောက်က ငြိမ်သက်နေရာမှ ရုတ်တရက်ထလာပြီး နားထောင်၍ "Music" ဟုဆိုကာ သူ့ဘာသာ သဘောပေါက်သွား ပုံမျိုး ပြထားပြန်သည်။ ရုပ်ရှင်ကြည့် ပရိသတ် အင်မတန် သဘောကျသော ပြကွက်များ ဖြစ်၏။

အားလုံး ခြုံကြည့်လျှင်တော့ ကြည့်ရှုမိသူ ပရိသတ်သဘောကျမိလိမ့်မည်ဟု ကျွန်တော်ထင်သည်။ Action မဟုတ်။ Fighting မဟုတ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ထားသော နိုင်ငံရေး ဇာတ်လမ်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာများကတော့ ယနေ့အထိ အားပေးနေဆဲ The Lady ဖြစ်သည်။

ကျွန်တော်တစ်ဦးတည်း၏ သဘောထားကို မေးလျှင်တော့ သမိုင်းနောက်ခံ ဇာတ်လမ်းဖြစ်၍ ဖြစ်စဉ်ကို ဘာမျှ မပြောလို။ ကျွန်တော်ဆိုလိုချင်သည်က မှန်သည်၊ မှားသည်ကို မဝေဖန်လို။ ကျွန်တော်နှင့် အလှမ်းဝေးလွန်းသည်။ အနုပညာ ၀ါသနာပါသူ တစ်ဦးအနေနှင့်တော့ အမှန်အတိုင်း ၀န်ခံရလျှင် " The Lady " ကို ကျွန်တော် နှစ်ခြိုက်မိသည်ဟု ဆိုချင်သည်။ ။

ဆူးသစ်
၁၉:၂၁ နာရီ
၂၅.၃.၂၀၁၂


Sunday, March 4, 2012

" အရွယ် "


လူ့ဘ၀ကြီးထဲကို ဖြတ်သန်းရင်း ကိုယ့်ဘာသာ ဘာသိဘာသာ နေရင်းက မှတ်မှတ်ထင်ထင် ဖြစ်လာခဲ့ရတဲ့ အကြောင်းလေးတစ်ခုက ကျွန်တော့်ဘ၀ထဲကို ၀င်လာခဲ့တယ်။ အကြောင်းက ဒီလိုပါ။

စင်ကာပူရောက်ပြီး နည်းနည်းကြာတော့ ကျွန်တော့်ဆံပင်တွေ ရှည်လာခဲ့တဲ့ အချိန်မှာ City Hall လို့ပြောနေကြတဲ့ ကျွန်တော်တို့မြန်မာများရဲ့ စုရပ်၊ Peninsula Plaza မှာ ဆံပင်သွားညှပ်ခဲ့ပါတယ်။ တစ်ခါညှပ် စင်ကာပူ ဒေါ်လာ ငါးကျပ်ပါ။ ဒီနေ့အထိ ငါးကျပ်ပါပဲ။ တခြားဆိုင်တစ်ဆိုင်က သုံးကျပ်လို့ အော်နေပေမယ့် ကျွန်တော်ညှပ်နေကျ ဆိုင်က ငါးကျပ်ဆိုတာ မပြောင်းလဲသလို နောက်တစ်ဆိုင်ရဲ့ သုံးကျပ်ကလည်း ငါးကျပ်ဖြစ်လိုက် သုံးကျပ်ဖြစ်လိုက်နဲ့ ငါးကျပ်ထက်တော့ မပိုခဲ့ပါဘူး။

ဆံပင်ညှပ်ခ မပြောင်းလဲပေမယ့် ပြောင်းလဲခဲ့တာက ကျွန်တော့်ဆံပင်ပါ။ ၂၀၁၂ ခုနှစ်ထဲမှာ ကျွန်တော့်ရဲ့ ဆံပင်တွေက ပိုဖြူလာခဲ့ပါပြီ။ တကယ်တော့ ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ ပထမနှစ်လောက်မှာ ကတည်းက ဆံပင်ဖြူက တစ်ချောင်းစ၊ နှစ်ချောင်းစ ထွက်နေပါပြီ။ ကျွန်တော့်အခင်ဆုံး သူငယ်ချင်းတချို့ကတောင် မြင်တာနဲ့ ဆွဲနုတ်ပစ်ခဲ့ကြတာ။ အခုတော့ စင်ကာပူရောက်ခဲ့ပြီးမှ နားထင်တွေမှာ အဖြူတွေများလာခဲ့ပါတယ်။

ဒါကလည်း ပထမတော့ ကိုယ့်ဘာသာသတိမထားမိပါဘူး။ ဆံပင်ညှပ်ဆိုင် သွားတော့ ဒီဘက်နောက်ပိုင်းမှာ ဆံပင်တစ်ခါညှပ်တိုင်း ကျွန်တော့်ကို ညှပ်မယ့်သူက ဆံပင်ဆေးဆိုးဦးမလားလို့ မေးတာကို တော်တော်လေး ခံလာရမှ သတိထားမိလာတာပါ။ ပထမတော့ ငါ့ဆံပင် အဲဒီလောက် ဖြူနေလို့လားလို့ မာနတွေးလေး တွေးမိ ပါသေးတယ်။ ငါငယ်ပါသေးတယ်ပေါ့။

ဒါပေမဲ့ ကြာလာတော့ ဘယ်လိုမှ ညာလို့မရတော့ပါဘူး။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်၊ ဂျယ်လေးဘာလေးလိမ်းရင် အံမယ်-ရံဖန်ရံခါ ဆံပင်ဖြူက ထောင်ထနေတာ ထင်းခနဲ။ ဆံပင်ညှပ်လို့ နားထင်တွေဆံပင် ပါးသွားပြီဆို ဖြူနက်ကျားက ထင်းထင်းကြီး။

တစ်ခါများဆို ဆံပင်ညှပ်ဆိုင်မှာ ညှပ်မယ့် အမျိုးသမီးက မညှပ်ခင် မောင်လေး ခေါင်းလျှော်မလား၊ ဘာလားနဲ့။ ညှပ်ရင်း ညှပ်ရင်း ဆံပင်ဖြူတွေများနေတာလည်း တွေ့ရော အစ်ကို၊ ဆေးဆိုးဖို့သင့်ပြီတဲ့။ သေရော။ ဆံပင်ဖြူက လူကို ဆက်ဆံရေးပါ ချက်ချင်းပြောင်းပစ်လိုက်တာများလေ။ မောင်လေးလို့ခေါ်ရာကနေ အစ်ကိုလို့ကို ပြောင်းခေါ်တော့တာ။

ဒါပေမဲ့ အခုနောက်ဆုံး တစ်ခေါက် သွားညှပ်တော့ နည်းနည်းတော့ ကျေနပ်မိသေးတယ်။ ညှပ်တဲ့ အမျိုးသမီးက မောင်လေး၊ နင့်ခေါင်းမှာ ကြာဆံတွေရော၊ မီးချောင်းတွေရော အများကြီးပဲနော်တဲ့။ တစ်ခုခုတော့ လုပ်သင့်ပြီတဲ့။ သူပြောတာက ပညာပါတယ်။ ကျွန်တော့်ကို ဆံပင်ဆိုးမလား မေးတဲ့လူတွေလို တိုက်ရိုက်မမေးဘူး။ ဒါနဲ့ ကျွန်တော်က သူ့ကို အမှန်အတိုင်းပြောပါတယ်။ ရပါတယ်။ အသက်လည်း ကြီးပြီဆိုတော့ ဇရာက ညာလို့မှမရတာလို့ဆိုတော့ သူက ကျွန်တော့်ကို ပြောပါတယ်။ အမယ်၊ မောင်လေး၊ လွန်ရော၊ ကျွံရောမှ နင့်အသက်က ဘာရှိမလဲ။ သုံးဆယ်ပေါ့တဲ့။ ကျွန်တော်နည်းနည်းတော့ သဘောကျသွားတယ်။ မကျခံနိုင်ရိုးလား။ သူပြောတဲ့အသက်ကို ကျွန်တော်ဖြတ်သန်းခဲ့တာ ကြာပေါ့။

ဒါနဲ့ ဆံပင်ညှပ်ပြီး အထွက်မှာ ဇနီးသည်ကို ပြောပြပြီး ကျွန်တော်တို့ရယ်မိသေးတယ်။ ကျွန်တော်ကတော့ ဒီအစ်မကြီးကို မုန့်ဝယ်ကျွေးရဦးမယ်လို့တောင် ပြောဖြစ်သေးတယ်။ တကယ်တော့ ကျွန်တော်က ဆံပင်သာဖြူတာ။ ဘယ်တုန်းကမှ ဆေးလိပ်၊ အရက်သောက်ခဲ့တာ မဟုတ်တော့ အဲဒီအကျိုးလေးခံစားရတယ် ထင်တာပါပဲ။ ဒါပေမဲ့ ဆံပင်ဖြူတွေ ခုတလော ရုပ်ပျက်ဆင်းပျက် ထွက်နေတာတော့ ဘယ်ကြိုက်ချင်ပါ့မလဲလေ။

ကျွန်တော့်အလုပ်က ကောင်လေးတွေကတောင် အစ်ကို ဆံပင် ဆေးဆိုးသင့်ပြီတဲ့။ ကျွန်တော်က သဘာဝအတိုင်း ပိုကောင်းပါတယ်ကွာလို့။

ကျွန်တော်နဲ့ခင်တဲ့ ကျွန်တော်တို့အရွယ် သူငယ်ချင်းတွေကို လိုက်ပြီးတီးခေါက်ကြည့်တော့ တော်တော် များများက ဆေးဆိုးနေပြီ။ ကျွန်တော့် ငယ်သူငယ်ချင်းတွေထဲမှာတောင် ဆေးဆိုးတဲ့လူကဆိုး၊ မဖြူသေးဘူးလို့ ကြွေးကြော်တဲ့သူက ကြွေးကြော်နဲ့။ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေလည်း ဒီလိုပဲ။

တလောကတောင် ဖေ့စ်ဘွတ်ခ်ထဲမှာ သူငယ်ချင်းတစ်ယောက်က ကြောင်ပုံလေးနဲ့ ငါမအိုဘူး၊ ကြွပ်ဆဲ၊ ရွဆဲ လုပ်နေလို့ ကျွန်တော်ကတော့ ဆံပင်ဖြူရင်တော့ အိုပြီပေါ့ဆိုလို့ ဆံပင်မဖြူဘူး။ ဆေးဆိုးထားတယ်တဲ့။ ပြီးတော့ အိုတာမဟုတ်ဘူးတဲ့။ အတွေးတွေ များလာလို့ပါတဲ့။

ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ဆို စင်ကာပူရောက်ပြီးတော့မှပဲ ပိုဖြူလာခဲ့တာ အလုပ်ကြောင့်လား၊ အရွယ်ကြောင့်လားဆိုတာကို စဉ်းစားနေတုန်းပဲ။ ကျွန်တော်လုပ်ရတဲ့ ဓာတုဗေဒလုပ်ငန်းခွင်ဟာ အချိန်ကြာလာရင် ကြာသလောက်ကို ဆိုးကျိုးတွေ ရှိတယ်တဲ့။ တချို့ဆို နှစ်ပေါင်းများစွာ လုပ်ပြီး ကလေးမရနိုင်တော့တာတွေပါ ဖြစ်တယ်ဆိုလို့ နှစ်အနည်းငယ်သာ လုပ်ရသေးတဲ့ ကျွန်တော့်အတွက် ဆံပင်ဖြူတာကတော့ လုပ်ငန်းခွင်က ဓာတုဗေဒကြောင့် ဆိုတာထက် လုပ်ငန်းခွင်မှာ သောကတွေများ၊ ပူရပန်ရ၊ စဉ်းစားရတာတွေ များတာကြောင့်ပဲ နေမှာလို့ ဖြေတွေးမိသေးတယ်။

တကယ်တော့ အရွယ်ဆိုတာ ညာလို့ရကောင်းတဲ့ အရာမှ မဟုတ်တာ။ အခုဆို ကျွန်တော့်အသက်က တဖြည်းဖြည်းနဲ့ သုံးဆယ့်ငါးနဲ့ လေးဆယ်ကြားရောက်လို့ လေးဆယ်ဆီကို ကပ်ဖို့ သွားနေပြီ။ ဆေးလိပ်၊ အရက် မသောက်လို့ ရုပ်အခံက နုနိုင်ပါတယ်ဆိုရင်တောင် ဘယ်လောက်နုနိုင်ဦးမှာမို့လို့လဲ။

စင်ကာပူရောက်စက အိပ်ရေး ကြိုက်သလောက်ပျက်၊ နေကြိုက်သလောက်ပူ၊ အချိန်ပို ကြိုက်သလောက်လုပ် မဖြုံရေးချ မဖြုံ။ တစ်လမှာ တစ်ရက်လောက်ပဲ နားခဲ့တာတွေတောင် ရှိတာ။ အဲဒီအချိန်တွေ တုန်းကဆို ခေါင်းမူးတာတောင် မရှိ။ အခုလည်းကျရော ထိုင်ရာကနေ ရုတ်တရက်ထလိုက်ရင်ကို မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားတာမျိုး၊ တစ်ခါတလေ တစ်ယောက်တည်း ငြမ်းရဲ့ အလယ်မှာ လမ်းလျှောက်နေရင်း ဘယ်လိုကနေဘယ်လို ငြမ်းရဲ့ ဘေးက လက်တန်းနားကို အလိုလိုရောက်သွားတာလဲ မသိသလို မျိုးတွေ ဖြစ်လာတယ်။

ဇနီးကတော့ ကျန်းမာရေးဂရုစိုက်ပါတဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အိုကေတယ်ပဲ ထင်နေတုန်း။ တစ်ခုပဲ။ အရွယ်ဆိုတာက သူပေးတဲ့အချိန်မှာ ရတဲ့အခွင့်အရေးကို အရယူရတာမျိုးမဟုတ်လား။ ကျွန်တော်က လုံးချင်းဝတ္ထုတွေ ရေးချင်နေသေးတာ။ ကျွန်တော့်နှလုံးသားက အဲဒီလိုလုပ်ဖို့ လတ်ဆတ်နေဖို့တော့ လိုသေးတာပေါ့။ ဒါမျိုးကလည်း ငယ်တုန်းရေးတာပိုကောင်းမယ်ထင်တာပဲ။

နောက်တစ်ခု တွေးမိတာက အသက်ကလေး ရလာပြီဆိုတော့ ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဆိုတာမျိုးကို တွေးကြည့် တာပါ။ ကျွန်တော် လူငယ်ဆောင်းပါးတွေ ရေးတော့ " ရွှေရောင်လူငယ် " ဆိုတဲ့ ဆောင်းပါးရေးခဲ့ ဖူးတယ်။ လူငယ်တွေ ဆံပင်ဆေးဆိုးတာ တွေ့ပြီး ခေါင်းက ဆံပင်ကို ရွှေရောင် ဆေးဆိုးတာထက် ကိုယ့်ဦးနှောက်ထဲက အတွေး အခေါ်တွေကို ရွှေရောင် တောက်လာအောင် လုပ်သင့်တယ် ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ ခုလည်း ကိုယ့်အရွယ်မှာ ရလာတဲ့ အသက်နဲ့ ကိုယ့်ရဲ့ ဆံပင်အောက်က အတွေးအခေါ်၊ အကျင့်အကြံတွေ တကယ် ရင့်ကျက်လာခဲ့ပြီလားလို့ ပြန်စဉ်းစားမိပါတယ်။

လူငယ်တွေ ဖတ်ဖို့ လူငယ်ဆောင်းပါးတွေ အများကြီးရေးခဲ့တယ်။ ကိုယ်သိထားတာတွေ မျှဝေတာပါ။ ကိုယ့်မိဘ၊ ညီအစ်ကို တစ်တွေ၊ ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ အတွက် တတ်နိုင်သမျှ လုပ်ပေးခဲ့တယ်။ ဒါတွေက အရွယ်နဲ့ အတူ ဖြတ်သန်းရင်း ကျွန်တော်လုပ်ပေးနိုင်ခဲ့တာတွေ။ နောက်မှာ ကျန်နေတာတွေလည်း ရှိသေးရဲ့။

ခေါင်းဖြူလာပြီ ဆိုတာရဲ့နောက်မှာ ကိုယ့်အရွယ်ကို လေးစားအပ်တယ်လို့ ခံယူလာမယ့် လူတချို့ ရှိလာနိုင်တယ်။ ဒီထက်ပိုပြီး အသက်ကြီးလာရင်တော့ ပိုပြီးတော့ အားလုံးက အရေးတယူ ဖြစ်လာနိုင်တယ်။ ဆံပင်ဖြူတယ် ဆိုတာရဲ့ နောက်မှာ အဲဒီလူကြီးတွေ အတွက် သူတို့ရဲ့ အသိဥာဏ်၊ အတွေ့အကြုံတွေက ငါတို့ထက် ပိုတယ်ဆိုတာမျိုး ငယ်ရွယ်သူတွေက ထင်မြင်လာနိုင်တယ်။ အဲဒီအခါမျိုးမှာ ကျွန်တော်ကိုယ်တိုင်က တကယ်ကို လေးစားအပ်တဲ့လူ ဖြစ်နေမလား၊ တကယ်ကို ရင့်ကျက်တဲ့လူ ဖြစ်နေမလား ဆိုတာကို ကျွန်တော် မသိနိုင်ပေမယ့် ရှိသင့်ရှိထိုက်တဲ့ ဆံဖြူတစ်ယောက်ရဲ့ အရည်အချင်း မျိုးတွေ ရှိနေစေဖို့တော့ ခုကတည်းက ဆံပင်ဖြူတွေ ကြည့်ရင်း အတွေးဝင်နေမိတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်ဆိုတာက ညာလို့မှ မရတာ။ အဲဒီညာလို့မရတဲ့ အရွယ်ကို ဖြတ်သန်းရင်း တန်ဖိုးရှိရှိနဲ့ ဘ၀ကို ကုန်လွန်ချင်တယ်ဆိုတာကတော့ ကျွန်တော်မျှော်မှန်းထားတဲ့ အနာဂတ်တစ်ခုပါပဲ။ ခုချိန်မှာ ဆံပင်တွေ နက်နေသေးပေမယ့် အားလုံးဖြူလာတဲ့အခါ ကျရင်တော့ အရွယ်ရဲ့ တန်ဖိုးနဲ့ အရွယ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ဒြပ်တွေကို ကျွန်တော် ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆံပင်ဖြူတွေကို မြင်တိုင်း အတွေးပွားနေမိတာပါပဲ။ ။

ဆူးသစ်
၂၀:၅၁ နာရီ
၎.၃.၂၀၁၂

Related Posts Plugin for WordPress, Blogger...