Sunday, January 29, 2012

" ကျွန်တော်တို့ အလုပ်ထဲမှာ "

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်ဘူကုန်းကျွန်းမှာ ပရောဂျက်တစ်ခု လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မလေး တရုတ် ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ မြန်မာ တရုတ်ကြီးကြပ်ရေးမှူး တစ်ယောက်တို့ရှိပြီး သူတို့ဟာ အလုပ်ထဲမှာ တည့်မလိုလိုနဲ့ လုံးဝ မတည့် ကြပါဘူး။ ကျွန်တော်က တခြားပရောဂျက်မှာ လုပ်နေရာကနေ လူလိုလို့ ခဏ သွားလုပ်ပေးတာပါ။ အဲဒီတော့ သူတို့အကြောင်းကို လုံးဝသိမထားပါဘူး။

ဒါပေမဲ့ ကျွန်တော်အလုပ်လုပ်နေရင်း တစ်ပတ်နှစ်ပတ်လောက်လည်း ကြာရော သူတို့တစ်တွေရဲ့ ကျိတ်ပြီးခုတ်နေတာတွေ မြင်လာရပါရော။ ဥပမာ- မြန်မာတရုတ်ကြီးကြပ်ရေးမှူးက ပြောပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ အဲဒီဘူကုန်းကျွန်းမှာ တစ်ခါမျှ မလုပ်ခဲ့ဖူးပါဘူးတဲ့။ သူက အရင်က လေးငါးနှစ်လောက် အဲဒီဘူကုန်းကျွန်းမှာ တခြားကုမ္ပဏီနဲ့ လုပ်လာခဲ့တာပါ။ အဲဒါကို သူသိတယ်ဆိုတဲ့ ပုံစံနဲ့ အလုပ်သမားတွေကို မနက်မိုးလင်း အလုပ်ထဲမ၀င်ခင် ပြောတဲ့ အစည်းအဝေးမှာ ထည့်ပြောပါတယ်။ သူဆိုလိုချင်တာကို ကျွန်တော်ရိပ်မိပါတယ်။ အဓိက သူပြောချင်တာက ဒီကျွန်းနဲ့ အံမ၀င်သေးဘူး။ ကျွန်တော်တို့ အလုပ်သမားလေးတွေ စည်းမျဉ်းစည်းကမ်းတွေ မရင်းနှီးသေးဘူး။ ဒီတော့ ဂရုစိုက်လုပ်သင့်တယ်ပေါ့။

ဒီမှာပဲ မလေးတရုတ်ကြီးကြပ်ရေးမှူးက သူပြောရမယ့် အလှည့်လည်း ရောက်ရော ထပြီးအော်ကြီး ဟစ်ကျယ်တွေ ပြောပါလေရော။ ဒီကုမ္ပဏီက ဒီကျွန်းမှာ မလုပ်ဖူးသေးဘူးလို့ ဘယ်သူပြောလဲတဲ့။ အမှန်က ပြောတဲ့သူက သူ့ဘေးနားမှာ။ အလုပ်သမားတွေကို ဘေးကင်းရေး၊ အလုပ်ကိစ္စစတာတွေ မှာတဲ့ အစည်းအဝေးမှာ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေရှေ့မှာ ရပ်ပြီးပြောရတာ။ အားလုံးက ဘေးတိုက်ယှဉ်ပြီး ရပ်နေတာလေ။ ဒီတော့ တစ်ယောက်ပြောပြီးရင် တစ်ယောက်ကဘေးမှာ ရပ်ပြီးနားထောင်နေတာ။ အဲဒီနေ့က ကျွန်တော်က စောစောပြောပြီး ပြီးသွားတော့ သူတို့ကို ကြည့်ရင်း ပရိသတ်ဖြစ်နေတာ။

အဲဒီမလေးတရုတ်က ဆက်ပြောတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဘူကုန်းမှာ ငါတို့လုပ်ဖူးတယ်။ မသိရင် လျှောက်မပြောနဲ့တဲ့။ မြန်မာတရုတ်လည်း ဘာမျှမပြောတော့ပါဘူး။ ဒီတော့ ကျွန်တော်လည်း သူတို့နှစ်ယောက်ရဲ့ အနေအထားကို နည်းနည်းနားလည်သွားတယ်။

နောက်တစ်ကြိမ်ကတော့ တော်တော်သဘောကျဖို့ကောင်းပါတယ်။ အဲဒီလို မနက်ခင်းလုပ်တဲ့ အလုပ်သမားတွေနဲ့ အစည်းအဝေးမှာပါပဲ။

အဲဒီနေ့က မလေးတရုတ်ကြီးကြပ်ရေးမှူးက အရင်နေ့က ကုလား အလုပ်သမားတစ်ယောက် လုပ်တာ ဘေး မကင်းလို့ ပစ္စည်းတွေနဲ့ ကျကျနန ရှင်းပြနေပါတယ်။ တကယ်တော့ အဲဒီအလုပ်သမားဟာ မြန်မာတရုတ် ကြီးကြပ်ရေးမှူးလက်အောက်က အလုပ်သမားပါ။ အဲဒီအလုပ်သမားဟာ Drill Machine နဲ့ အပေါက်ဖောက်တဲ့ အခါ သူဖောက်ချင်တဲ့ ပစ္စည်းကို ခြေထောက်နဲ့နင်းပြီး ဖောက်လို့ မလေးတရုတ်ကြီးကြပ်ရေးမှူးက တွေ့ပြီး Drill က ချော်ပြီး မတော်တဆ ခြေထောက်ကို ထိုးမိမှာစိုးလို့ အရင်နေ့ကတည်းက ရှင်းပြခဲ့တာပါ။ နောက်နေ့ကျတော့ သူက အလုပ်သမားအားလုံးသိသင့်တယ်ဆိုပြီး အလုပ်မလုပ်ခင် အစည်းအဝေးမှာ ရှင်းနေတာပါ။ သူရှင်းတာ ပစ္စည်းနမူနာပါ ပြပြီးရှင်းနေတာပါ။ Drill တော့မပါပါဘူး။

အဲဒီအချိန်မှာ မြန်မာတရုတ်ကြီးကြပ်ရေးမှူး ရောက်လာပါတယ်။ သူက ပါမစ်လျှောက်သူဖြစ်လို့ ပါမစ်သွားယူပြီး ပြန်လာတာပါ။ ဒီတော့ ရှေ့ကဘာတွေ ပြောနေမှန်း သူမသိပါဘူး။ ဒါပေမဲ့ ဒီလူက လူရိပ်လူကဲ သိပ်မသိပါဘူး။ သူက ရောက်လာပြီး အလုပ်သမားတွေ ရှေ့မှာ စကားပြောနေတဲ့ မလေးတရုတ်ကိုလည်း မြင်တယ်။ ပြီးတော့ အဲဒီလူနဲ့ အလုပ်သမားတွေကြားက ကွက်လပ်မှာ ချထားတဲ့ ပစ္စည်းတချို့လည်း မြင်တယ်။ ဒီတော့ သူ့စိတ်ထဲ ဘာထင်လဲမသိပါဘူး။ အားလုံးရဲ့ရှေ့ကို ခပ်တည်တည်ပဲ ထွက်လာပြီး အဲဒီချထားတဲ့ ပစ္စည်းတွေကို ခြေထောက်နဲ့ အလုပ်သမားတွေ လွတ်ရာဘက်ကို ကန်ထုတ်ပြီး မတ်တတ်ရပ်နေပါတယ်။ ကျွန်တော်လည်း တွေးပါတယ်။ သူကတော့ သူ့ဘာသာ လူလယ်ခေါင် ပစ္စည်းတွေရှုပ်နေတယ်လို့ ထင်ပြီး လုပ်တာနေပါလိမ့်မယ်။

စဉ်းစားသာကြည့်ပါတော့။ အဲဒီပစ္စည်းတွေ ချပြီး ရှင်းပြနေတာက သူနဲ့မတည့်တဲ့ ကြီးကြပ်ရေးမှူး။ အဲဒီအလုပ်ကို လုပ်ခဲ့တာက သူခိုင်းတဲ့ အလုပ်သမား။ အဲဒီပစ္စည်းတွေကို ကန်ထုတ်တာက သူ။ တကယ်ဆို သူက ကျွန်တော်နဲ့ တခြားတစ်ယောက်ယောက်ကို မေးသင့်တာပါ။ သူက မေးလည်းမမေး၊ အပြင်က ၀င်ဝင်လာချင်း ကောက်ခါ ငင်ခါ လုပ်ချလိုက်တာက ခပ်ဝေးဝေးကို ကန်ထုတ်လိုက်တာ။ အဲဒီတော့ အားလုံးကို အစအဆုံး သိနေတဲ့ ကျွန်တော်ရယ်၊ အလုပ်သမားတွေရယ်က အဲဒါကို ကြည့်ပြီး ရယ်မိပါလေရော။

အလုပ်သမားတွေကတော့ ကျိတ်ပြီး ရယ်တာပေါ့။ သူတို့ကို မလေးတရုတ်က ရှင်းနေတုန်းရှိသေးတော့ ခပ်ဟဟတောင် မရယ်ရဲကြဘူး။ ကျွန်တော်ကတော့ ရှေ့မှာရပ်နေတဲ့ Safety Supervisor ဆိုတော့ ဟိုဘက်လှည့်ပြီး အားရပါးရ ရယ်တာပေါ့။ ကျွန်တော်ရယ်တာတွေ့တော့ အလုပ်သမားတချို့လည်း ထိန်းမရတော့ပါဘူး။ ဒါကို အဲဒီမြန်မာတရုတ် ကြီးကြပ်ရေးမှူးက သိပုံမရပါဘူး။ အဲဒီလောက်အထိ လူကဲခတ်က တော်ချက်။

အဲဒီမှာ မလေးတရုတ်က နည်းနည်းတော့ တင်းသွားတယ်ထင်ပါတယ်။ ဒါပေမဲ့ မန်နေဂျာတွေကလည်း ရှိနေ၊ ကျွန်တော်လည်း ရှိနေတော့ သူ့ခမျာ ဟိုလူကို တင်းတင်းနဲ့ပဲ ပြောသင့်တာကို ခပ်တည်တည်နဲ့ ဆက်ပြောရင်း ရပ်လိုက်ရတော့တယ်။ အဲဒီ အစည်းအဝေးပြီးတော့ ကျွန်တော်နဲ့ အလုပ်သမားတွေ အဲဒီအကြောင်းကို ပြောပြောပြီး ရယ်မိကြတာ။ ဒီတုန်းက လူတစ်ယောက်နဲ့ တစ်ယောက်မတည့်ရင် သူများရယ်စရာဖြစ်သလို ကြည့်လို့ မကောင်းဘူးဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။

တကယ်တော့ ကျွန်တော်တို့က နိုင်ငံပေါင်းစုံက လာတာဆိုတော့ လူပေါင်းစုံပါပဲ။ ကျွန်တော်ပြောတဲ့ မြန်မာ တရုတ် ဆိုတာ အဓိပ္ပါယ်က ဒီလိုပါ။ အဲဒီလူက မြန်မာပြည်နဲ့ တရုတ်နယ်စပ်မှာ နေတယ်။ လူကလည်း တရုတ်စပ်တယ်။ နောက်တော့ တရုတ်ပြည်ထဲမှာလည်း လေးငါးနှစ်လောက် အလုပ်လုပ်ဖူးတယ်ပြောတယ်။ တရုတ်စကား ကို ကောင်းကောင်းပြောတတ်တယ်။ မြန်မာစကားကို ရေလည်အောင် မပြောတတ်ဘူး။ ဒါကြောင့် မြန်မာပြည်ထဲက တရုတ်မို့ မြန်မာတရုတ်လို့ ပြောတာပါ။

ဟိုလူကတော့ မလေးရှားကလူ။ တရုတ်ပဲ။ ဒါကြောင့် သူ့ကိုတော့ မလေးတရုတ်လို့ ပြောတာ။ ဘယ်သူဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အလုပ်အတူတူ လုပ်နေကြတာဆိုတော့ အားလုံးတည့်အောင် နေကြတာ အကောင်းဆုံးလို့ ထင်ပါတယ်။ ဒါပေမဲ့ပေါ့ဗျာ။ အဲဒီလို တည့်နေရင် လူဘယ်ပီသပါတော့မလဲ။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဘူကုန်းမှာ နောက်ပရောဂျက်တစ်ခု ထပ်ရလို့ ကျွန်တော်တို့ ရောက်ခဲ့ရပြန်ပါတယ်။ ဒီတစ်ခါတော့ မလေးတရုတ်က ထွက်သွားပါပြီ။ မြန်မာတရုတ်နဲ့ မြန်မာစစ်စစ် ကျွန်တော်နဲ့ ကျန်ခဲ့ပါတယ်။ ကျန်တာက တရုတ်မန်နေဂျာနဲ့ တရုတ်အင်ဂျင်နီယာ ချည်းပါပဲ။ သူတို့ကတော့ ပြည်ကြီး တရုတ်တွေပါ။ ပြောရရင် ကျွန်တော်တို့ရဲ့ မြန်မာတရုတ်နဲ့တော့ တော်တော် အဆင်ပြေပါတယ်။ ကျွန်တော်ကလည်း နဂိုကတည်းက သူနဲ့ ခင်မင်ထားတာရယ်၊ ကိုယ့်ပြည်ထဲက မြန်မာတစ်ယောက်က တရုတ်များတဲ့ အလုပ်ထဲမှာ တရုတ်လို ကောင်းကောင်းပြောတတ်တာရယ်ကြောင့် သူရှိနေတာ နည်းနည်းတော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်။

ဒါပေမဲ့ပေါ့ဗျာ။ စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ။ လူတွေ ဆိုတော့ အားလုံးဟာ တည့်ချင်မှတည့်မှာကိုး။ ဒီတစ်ခါကတော့ တခြားသူနဲ့ မဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ပါ။

ဖြစ်ပုံက ဒီလိုပါ။ နေ့လယ်ဆို ကျွန်တော်က ရုံးမှာ အီးမေးလ်တွေပြန်စစ်ရင်း ထမင်းစားပြီး ခဏမှေးပါတယ်။ ခုံပေါ်မှာ မှီပြီး ငိုက်တာမို့ အိပ်တယ်လို့ မသုံးတာပါ။ နေ့တိုင်း ကျွန်တော် နေ့လယ်ဆို ရုံးကိုပြန်ပါတယ်။ အလုပ်သမားတွေက လုပ်ကွက်ထဲက နားနေဆောင်တွေမှာ ထမင်းစားပြီး အိပ်ပါတယ်။

တစ်ရက်ကျတော့ ကျွန်တော်တို့လုပ်ကွက်ထဲက Emergency Alarm ကထမြည်ပါတယ်။ ကျွန်တော်က ထမင်းစားဖို့ လုပ်ကွက်ကနေ ရုံးကို ပြန်ရောက်နေပါပြီ။ ကျွန်တော့်ရဲ့ စကားပြောစက်ကို Main Contractor Safety ဆီက သတင်းက ၀င်နေပါတယ်။ Gas leakage ဖြစ်လို့ အလုပ်သမားတွေကို လွတ်ရာခေါ်သွားဖို့ပါ။ ပြီးရင် လုပ်ကွက်ထဲက Emergency Protocol အတိုင်း ဆက်လုပ်ဖို့ပါ။

အဲဒီအချိန် ကျွန်တော်က ရုံးမှာပြန်ရောက်နေတော့ သူတို့ပြောသလို လုပ်ဖို့အတွက်က တော်တော်ခက်ပါတယ်။ အမှန်က ကျွန်တော့်လို Safety နောက်တစ်ယောက်ရှိရင် တစ်ယောက်က လုပ်ကွက်ထဲမှာ အိပ်ရင် ဒီပြဿနာက အဆင်ပြေမှာပါ။ ဒါပေမဲ့ လူနည်းနေသေးလို့ ကျွန်တော်တစ်ယောက်ပဲ ထားသေးတဲ့ ကုမ္ပဏီမှာ အားလုံးဖြစ်လာရင် ကျွန်တော်ပဲဆိုတော့ ကျွန်တော့် ပရောဂျက် မန်နေဂျာနဲ့ အင်ဂျင်နီယာက ဘာဖြစ်လဲမေးရင်း စိတ်ပူနေကြပါတယ်။ ကျွန်တော့် စကားပြောစက်က ရုံးမှာပါ ဆက်ဖွင့်ထားရတာကိုး။ ဒီတော့ သူတို့လည်း ကြားနေရပါတယ်။

သူတို့ စိတ်မပူရင် ခံနိုင်ရိုးလား။ လုပ်ကွက်က Live Plant လို့ခေါ်တဲ့ လက်ရှိ လုပ်ငန်းလည်နေတဲ့ နေရာနဲ့ ကပ်လျက်။ ပြီးတော့ ဖြစ်ချင်တော့ အဲဒီနေ့က နားနေဆောင်မှာ ကျန်ခဲ့တာ တကယ့်အလုပ်သမားချည်းပဲ။ ကြီးကြပ်ရေးမှူးအဆင့်တွေက နေ့လယ်မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ အစည်းအဝေးအတွက် ပြန်လာခဲ့ကြပြီ။ အရင်ကဆိုရင်တော့ ကြီးကြပ်ရေးမှူးဖြစ်လာမယ့် အလုပ်သမား ဖိုမင်လေးတစ်ယောက်ရှိတော့ တော်သေးတယ်။ သူက Emergency Protocol ကို ကျွန်တော်ရှင်းပြထားတော့ နားလည်တယ်။ နားနေဆောင်မှာ ကျန်တဲ့သူတွေထဲမှာ ဖိုမင်တစ်ယောက်လည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အပါအ၀င် အားလုံးက စိတ်ပူနေကြတာပါ။ တစ်ခုခု ဖြစ်မှာစိုးလို့ပါ။

ဒါနဲ့ ကျွန်တော့်ကို ပရောဂျက်မန်နေဂျာနဲ့ အင်ဂျင်နီယာက လုပ်ကွက်ထဲ အမြန်သွားဖို့ ပြောပါတယ်။ ကားကိုတော့ ခုန ကျွန်တော်ပြောတဲ့ မြန်မာတရုတ်က မောင်းဖို့ အင်ဂျင်နီယာလေးက သွားပြောပါတယ်။ အဲဒီအထိ အဆင်ပြေပါတယ်။ ဒါနဲ့လုပ်ကွက်ထဲရောက်တော့ ကျွန်တော့်အလုပ်သမားလေးတွေကို ကျွန်တော် လူရေပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ အခြေအနေက ကောင်းနေပါပြီ။ သူတို့လည်း ဘေးလွတ် ရာကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်း လုပ်ထုံးလုပ်နည်းအရ Main Contractor Safety ကို သတင်းပို့ရပါတယ်။

ဒါနဲ့ ကျွန်တော်သတင်းပို့ပါတယ်။ ပြီးတော့ အားလုံးအေးဆေးပြီ ဆိုမှ ရုံးမှာ ထမင်းစားပြီး အစည်းအဝေးတက်ဖို့ သူ့ကားနဲ့ပြန်ဖို့ ကားပေါ်ပြန်တက်ပါတယ်။ အဲဒီမှာ စဖောက်တော့တာပါပဲ။ သူက ပြီးပြီလားတဲ့။ ပြီးပြီဆိုတော့ ဒါဆို ဘာလုပ်ဖို့ ဒီကိုလာတာလဲတဲ့။ ကျွန်တော့်ကို ဒေါကန်ပြီးမေးတာပါ။ ကျွန်တော်လည်း စိတ်ထဲက ထောင်းခနဲ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲလို့။

သူပြောတာက သတင်းလာပို့တာ အတွက်နဲ့ဆို ဒီကို မလာဘဲ ရုံးကနေ ပို့လို့မရဘူးလားတဲ့။ လွယ်လိုက်တာ။ ကျွန်တော် တွေးတာက ကိုယ်တကယ်လိုအပ်လို့ လုပ်ကွက်ထဲလာတာတောင် မြန်မာချင်းကို မကူညီချင်ဘူး ဆိုတာပါပဲ။ ကျွန်တော် သူ့အကြောင်းကို သိပါတယ်။ ကားကို တစ်ခေါက်ကနေ နှစ်ခေါက်ဖြစ်လာရင် သူမမောင်းချင်တော့ပါဘူး။ အရင်က တခြားလူတွေ အကူအညီတောင်းရင် အဲဒီလို သူပြောဖူးပါတယ်။ ကုမ္ပဏီကား၊ ကုမ္ပဏီက ဆီနဲ့ မောင်းရတာကို သူခဏမောင်းပို့ရတာကို အလုပ်ပိုလို့ သူထင်ပုံရပါတယ်။ သူ့အနေနဲ့တော့ သူဟာ ကြီးကြပ်ရေးမှူး တစ်ယောက် ဖြစ်လို့ ဒရိုင်ဘာလို မမောင်းနိုင်ဘူးလို့ ထင်ပုံရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဒရိုင်ဘာမရောက်သေးတာရယ်၊ ကားက တစ်စီးပဲ ရှိသေးတာရယ်ကြောင့် အရေးအကြောင်းဆို သူ့ကားကိုပဲ အားကိုးနေရတာပါ။ ဒီတော့ ကျွန်တော်က သူ့ကို ရှင်းပြပါတယ်။ ကျွန်တော်က အလုပ်သမားဘယ်နှစ်ယောက် ဘေးကင်းရာရောက်ပါပြီ ဆိုတာ ဘယ်သူ့ကို လှမ်းမေးရ မလဲလို့။ သူပြောတာ လွယ်ပါတယ်။ တခြား ကုမ္ပဏီက ကျွန်တော့်လို ဘေးကင်းရေး ၀န်ထမ်းတွေ လှမ်းမေးပေါ့တဲ့။ သူတို့တောင် ကိုယ့်လူကိုယ် ရေလို့မလွယ်နိုင်တာ သူများကုမ္ပဏီက လူကို လိုက်ပြီး ရေနိုင်ပါ့မလားလို့။ သူတိတ်သွားပါတယ်။

ပြီးတော့ တစ်လမ်းလုံး ပွစိပွစိနဲ့ ကျွန်တော်က Communication မလုပ်တတ်သေးဘူး။ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ မသိဘူး၊ ဘာညာနဲ့ လုပ်နေပါတယ်။ ကျွန်တော်ထပ်မေးပါတယ်။ ဒါဆို ကျွန်တော် ဘယ်လို ဆက်သွယ်ရမလဲ ပြောဆိုတော့ ပြန်ငြိမ်သွားပါတယ်။

ဒါနဲ့ မပြီးသေးပါဘူး။ သူက ရုံးကို ရောက်ရောက်ချင်း ကျွန်တော်တို့ ပရောဂျက်မန်နေဂျာကို တရုတ်လိုသွားပြီး ပြောပါတယ်။ ကျွန်တော်တရုတ်လို နားမလည်ပါဘူး။ ဒါပေမဲ့ သူပြောတာကို ကျွန်တော်သဘောပေါက်တာက ကျွန်တော်က နားမလည်ဘဲ တစ်ခေါက်သွားလို့ ဘာမျှမထူးဘဲ ပြန်လာခဲ့ ရတယ် ဆိုတာမျိုးပါ။ သူလမ်းမှာ ကျွန်တော့်ကို ပြောခဲ့သလို ကျွန်တော်က Communication ကောင်းကောင်း မလုပ်တတ်သေးဘူးဆိုတဲ့ သဘောပါ။ အဲဒါကတော့ ကျွန်တော့်အလုပ်နဲ့ ကျင့်ဝတ်ကို စော်ကားရာ ရောက်သွား ပါပြီ။ ကျွန်တော့်ဒေါသက ထောင်းခနဲထွက်သွားပါတယ်။

အဓိကက သူပြောတာကို ဒေါသထွက်တယ် ဆိုတာထက် မြန်မာတရုတ်တစ်ယောက်က ကျွန်တော်နဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို ကျွန်တော့် ပရောဂျက်မန်နေဂျာကို ပြောတာ ကျွန်တော့်ရှေ့မှာ အင်္ဂလိပ်လို မပြောဘဲ တရုတ်လို ပြောတာကိုပါ။ ဒါနဲ့ ကျွန်တော်အားလုံးရဲ့ ရှေ့မှာ သူ့ကို အင်္ဂလိပ်လိုပဲ ထပ်မေးပါတယ်။ ငါဘယ်သူ့ကို ဒီနေရာကနေ ဆက်သွယ်ရမလဲလို့။ ဆက်သွယ်ဖို့ လူမရှိဘဲ ငါ့အလုပ်သမားတွေ ဘေးကင်းပြီ ဆိုပြီး သတင်းဘယ်လိုပို့မလဲလို့။ သူထပ်ပြီး ငြိမ်သွားပါတယ်။

ကျွန်တော့် ပရောဂျက်မန်နေဂျာက ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ ကျွန်တော့်စိတ်ကို နည်းနည်းလျှော့လိုက် ရတယ်။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကျွန်တော် ထပ်ပြောတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်ထဲမှာနေတဲ့ တရုတ်စပ် မြန်မာတစ်ယောက်က စလုံးရောက်မှ ပြည်ကြီးတရုတ်တွေနဲ့ တွဲလုပ်ပြီး ပြည်ကြီးတရုတ်ကို ဖားသလိုလုပ်ပြီး မြန်မာစစ်စစ် ကျွန်တော့်ကို အချွန်နဲ့မတာမျိုးကို ကျွန်တော် လုံးဝ မခံစားနိုင်လို့ပါ။

ဒီလိုနဲ့ ကျွန်တော်အဲဒီနေ့က စပြီး အလုပ်ကိစ္စကလွဲရင် အဲဒီလူကို စကားကို မပြောတော့ပါဘူး။ သူ့ကားကိုလည်း လုံးဝမစီးတော့ပါဘူး။ ကျွန်တော်တို့လုပ်ကွက်ထဲသွားတဲ့ ဘတ်စ်ကားတွေပဲ ကျွန်တော် စီးပါတယ်။ သူမေးရင် အလုပ်ကိစ္စဆို ကျွန်တော်ရှင်းပြတယ်။ ဒီလောက်ပါပဲ။ ဒီထက်မပိုတော့ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို မြန်မာတစ်ယောက်လိုကို ယုံကြည်လို့ မရတော့တာပါ။ နေ့လယ်လည်း လုပ်ကွက်က နားနေဆောင်မှာ အလုပ်သမားတွေနဲ့ ရောပြီးအိပ်ပါတယ်။ ရုံးက မေးလ်ကိုတော့ အင်ဂျင်နီယာတွေကပဲ စစ်ပေးပါတယ်။ မေးလ်အားလုံးက ကျွန်တော့်ကိုယ်ရေးကိုယ်တာ မပါဘဲ အလုပ်ကိစ္စချည်းမို့ သူတို့စစ်ပြီး တော်တော်အရေးကြီးရင် ကျွန်တော့်ကို လှမ်းအကြောင်းကြားခိုင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလိုလူတွေ ရှိနေရင် ဒီလိုဖြတ်သန်းရတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။

နောက်တော့ ပြန်စဉ်းစားပါတယ်။ ကျွန်တော်တို့ ရာဇ၀င်ထဲမှာ အရင် အင်္ဂလိပ်ခေတ်တို့၊ ဂျပန်ခေတ်တို့တုန်းက အလိုတော်ရိတို့၊ သစ္စာဖောက်တို့ ရှိခဲ့တယ်ဆိုတာကိုပါ။ ဟုတ်မှာပါပဲလို့။ တချို့လူတွေက ကိုယ်နေရာရဖို့ဆို ဘာပဲဖြစ်ဖြစ် လုပ်မှာပဲဆိုတာ ကျွန်တော့်အတွက် ဒီကိစ္စက ပိုသေချာသွားစေပါတယ်။

ကျွန်တော့်သဘောကတော့ အရင်က အလုပ်ထဲမှာ လုပ်ခဲ့သလို ပျော်ပျော်ရွှင်ရွှင်နဲ့နေချင်၊ ပြောချင်၊ လုပ်ချင်၊ စားချင်တာပါ။ ဒါပေမဲ့ မရနိုင်တော့ဘူးပေါ့။ လူတစ်ယောက် သဘောဘယ်လောက် ကောင်းကောင်း ကိုယ့်အကျိုးစီးပွား ပျက်လောက်အောက်တော့ ကျွန်တော်မကောင်းနိုင်တာတော့ အသေအချာပါ။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်လေးတွေဟာ ကျွန်တော်တို့ အလုပ်ထဲမှာ တကယ်ဖြစ်ခဲ့တာလေးတွေပါ။ ကျွန်တော့်အတွက်တော့ ဆင်ခြင်စရာတွေ ရနေမိပါတယ်လို့ ပြောချင်တာပါပဲ။ ။

ဆူးသစ်
၁၄:၃၂ နာရီ
၂၉.၁.၂၀၁၂


Tuesday, January 24, 2012

" ပြန်ခဲ့ရမှာလား "


အခုတလော အလုပ်ပိတ်ရက်ကလေးရတာနဲ့ အင်တာနက်မှာ မကြည့်ရသေးတဲ့ သတင်းတွေ၊ ရုပ်ရှင်တွေရှာကြည့်၊ ဘလော့တွေလည်နဲ့နေလာလိုက်တာ အရင်ကတည်းက မျိုသိပ်ထားတဲ့ အရာတွေ ကနေ ပြောချင်စရာတွေ ပိုများလာလို့ ပြောလိုက်ပါဦးမယ်။

ကျွန်တော်တို့နိုင်ငံက အခုတော့ စပြီးပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီလို့ ယူဆရတဲ့အချိန်မှာ တချို့လူတွေကလည်း ကျွန်တော်တို့လို အဝေးမှာ အလုပ်လုပ်နေတဲ့ လူတွေကို ပြန်လာဖို့ခေါ်နေတာတွေ ကြားရပါတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ကျွန်တော်တို့လို အဝေးကလူတွေ ပြန်လည်ပါဝင် သင့်တယ်ပေါ့။ ကျွန်တော်တို့လို အလုပ်လုပ်နေသူတွေ ပြန်သွားသင့်သလားဆိုတာကိုတော့ ကျွန်တော်တို့လည်း စဉ်းစားကြည့်မိပါတယ်။

ကျွန်တော့်လုပ်ကွက်ထဲက လူတွေကလည်း အဲဒါကို တော်တော်လေး သိချင်နေကြတယ်။ ကျွန်တော့်ကို တွေ့တိုင်းလည်း မေးကြပါတယ်။ အဓိကက အားလုံးဟာ ကိုယ့်ပြည်ကိုယ့်ရွာ ဘယ်အချိန်ပြန်နိုင်မလဲ ဆိုတာကို စိတ်ဝင်စားကြတာပါ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ကျွန်တော်တို့ တိုင်းပြည် တိုးတက်လာတဲ့ တစ်နေ့ကျရင် ပြန်ကိုပြန်မယ် ဆိုတာပါပဲ။ ဟုတ်တယ်။ ကျွန်တော်တို့ပြန်ရမယ်။ ကိုယ့်ပြည်ကိုယ့်ရွာလောက် နေချင်စရာ ကောင်းတဲ့အရပ် ရှိမလား။ ဒါပေမဲ့ လောလောဆယ် ကတော့ စောင့်ကြည့်ရဦးမယ်လို့ ကျွန်တော်တို့ ထင်မိတယ်။ ဘာဖြစ်လို့လဲ။

ပထမတစ်ချက်က ကျွန်တော်တို့ ပြန်ရင် အခုလောလောဆယ် ကျွန်တော်တို့ ရနိုင်မယ့်လစာမျိုး မရနိုင်တော့ဘူး။ ဒါကတော့ ကျိန်းသေတယ်။ ဘယ်လောက်ကြီးပဲ ရာထူးကြီးပါစေ။ စလုံးက လစာမျိုးတော့ ဘယ်သူပေးနိုင်မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ပြန်ရနိုင်မယ့် အချိန်တွေ၊ မိသားစုနဲ့နေရမှာတွေ၊ ကျန်တဲ့ ကိုယ့်ပြည်ကိုယ့်ရွာဆိုတဲ့ ခံစားမှုတွေကတော့ နှိုင်းယှဉ်လို့ ရကောင်းတဲ့ အရာတွေ မဟုတ်တာကိုတော့ အားလုံးသိကြပါတယ်။

ဒုတိယတစ်ချက်က ဘယ်လိုအလုပ်မျိုးတွေ ကျွန်တော်တို့အတွက် ဖြစ်လာမှာလဲ။ နိုင်ငံခြားကပြန်တိုင်းရော တကယ်ထိုက်တန်တဲ့ တစ်နေရာရှိနေမလား။ တတ်အပ်ပြောလို့မရပါဘူး။ အလုပ်တော့ ပေါ်လာမယ်။ ကျွန်တော်တို့နဲ့ သင့်တော်တဲ့ အလုပ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ အဲဒီအခါ အာမခံချက်ဆိုတာကလည်း စဉ်းစားရပါတော့မယ်။ ဒီအလုပ်မကောင်းလို့ နောက်အလုပ်ပြောင်းဆိုတာမျိုးကလည်း ခဏခဏ လုပ်လို့ကောင်းတာမျိုး မဟုတ်ဘူးမဟုတ်လား။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ပြောဖူးတာကို လက်ဆင့်ကမ်းရရင် သူရထားတဲ့ Ph.D ကြီးနဲ့ သူ့ကို အရှေ့တောင်အာရှမှာတောင် အလုပ်ခန့်ပေးဖို့ မလွယ်ပါဘူး ဆိုတာပါပဲ။ တော်ရုံပညာတတ်၊ ဘွဲ့ရတွေနဲ့ ဘွဲ့မရဘဲ အဆင်ပြေသလို ထွက်လုပ်နေတဲ့လူတွေ အတွက်ကတော့ အလုပ်တွေဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံပါတယ်။

အဲဒီတော့ ကျွန်တော်တို့တိုင်းပြည် တကယ်တိုးတက်လာမယ့် အချိန်မှာတော့ တော်တော် များများ ပြန်လာနိုင်မယ်လို့ ယူဆရပါတယ်။ ကျွန်တော်ဒီလိုပြောနေတော့ ဒီကောင် တိုင်းပြည်မချစ်တဲ့ကောင်ပဲ လို့တော့ မထင်လိုက်ပါနဲ့။ ချစ်လွန်းလို့ ဘယ်သူမျှ မခိုင်းဘဲ ပြည်သူ့ဝန်ထမ်း ဘ၀နဲ့ ခြောက်နှစ်ကျော်တောင် နေခဲ့ ပြီးပါပြီ။ နိုင်ငံခြားရောက်နေတဲ့ သူတွေဟာ တိုင်းပြည် မချစ်လို့ ပြည်ပရောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုချင်တာက တိုင်းပြည်ချစ်တာရယ်၊ ကျွန်တော်တို့ရဲ့ ဘ၀ရပ်တည်မှုရယ် ဆိုတာတွေက အတူယှဉ်တွဲ စဉ်းစားနေရတဲ့ ကိစ္စတွေဆိုတာ သိစေချင်တာပါ။ ခဏခဏ ပြန်လာခဲ့ပါလို့ချည်း အော်နေပေမယ့် နိုင်ငံခြားကလူတွေ ပြန်လာနိုင်လောက်တဲ့ အနေအထားကို မရောက်သေးရင် ဘယ်သူတွေက ပြန်လာနိုင်ပါ့မလဲဗျာ။ ဒီလိုပြောလို့ ပြည်တွင်းက လူတွေက ပြန်လာမယ့်လူတွေကို စောင့်ပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလို့ ဆရာ လူထုစိန်ဝင်း ပြောသလို ပြောချင်ပြောနိုင်ပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တစ်ဦးတည်း သဘောထားကတော့ တစ်နေ့ပြန်လာခဲ့မှာပါ။ အချိန်တစ်ခုအထိ ရောက်ခဲ့ရင်ပေါ့ဗျာ။ ကျွန်တော့်မှာလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ကိုး။

ဒီလိုနဲ့ တိုင်းပြည် တိုးတက်လာဖို့ မျက်စိဖွင့်ထားရင်းမှာပဲ ခုတလော ကျွန်တော့် မျက်စိထဲ တော်တော်ထော်လော် ကန့်လန့်နိုင်တဲ့ ကိစ္စတွေ မြင်လာရပါတယ်။ ဒီကိစ္စတွေက ကျွန်တော်တို့လို အပြင်မှာ နေတဲ့လူတွေ ပြန်တာ၊ မပြန်တာနဲ့ ဘာဆိုင်လို့လဲလို့ မေးလာရင် ဆိုင်သလိုလို ရှိလို့ ကျွန်တော်ထည့်ပြောတာပါလို့ပဲ ဖြေပါရစေ။ ပြန်ရင် ဘာလုပ်ရမှန်း မသိတဲ့သူများ ရှိခဲ့ရင် နည်းလမ်းလေး၊ဘာလေး နည်းနည်းပါးပါး ပေးချင်လို့ပါ။ တည့်တော့လည်းယူ၊ မတည့်တော့လည်း ဗဟုသုတဖြစ်မယ် ထင်ပါတယ်။

ဒီဆောင်းပါးရဲ့ ပထမပိုဒ်မှာ ဆိုခဲ့ပါတယ်။ ကျွန်တော် အချိန်နည်းနည်းရလို့ အင်တာနက်ကနေ မြင်ရ တာတွေ လျှောက်ကြည့်နေပါတယ်လို့။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်လို့ လိုက်ကြည့်တာပေါ့ဗျာ။ ကြည့်မိတော့ မြင်ရပါတယ်။ ဘာတွေမြင်ရလဲဆိုတော့ ကျွန်တော်တို့မြန်မာပြည်မှာ တော်တော်ကို တိုနေကြတဲ့ ကိစ္စပါ။

ဘာတွေတိုတာလဲဆို ဘောင်းဘီလည်းတို၊ အင်္ကျီလည်းတို အကုန်ကို တိုတာဗျာ။ စလုံးက တရုတ်မ ကောင်မလေးတွေကို တုပြီး မြန်မာမလေးတွေ ဘောင်းဘီတို လိုက်ဝတ်တာကို တော်တော်တိုတယ် ထင်ထားတဲ့ ကျွန်တော့်မှာ နောင်တတောင်ရမိမလိုပါ။

ကျွန်တော့်အထင် စတိတ်ရှိုးမှာ ဆိုတဲ့ အဆိုတော်မလေးများက စတယ်ထင်တာ ပါပဲ။ နောက်တော့ မြန်မာပြည်မော်ဒယ်လောကရဲ့ အထင်ကရ ပြိုင်ပွဲကြီး များမှာလည်း မော်ဒယ်တွေက တိုသထက်တိုတာတွေ ၀တ်ပြပြီး ပြိုင်ကြတယ်ဗျ။ တစ်ခါတစ်ခါများဆို အင်္ကျီက ဘယ်လိုဟာမျိုးလဲလို့ မသိရအောင် တစ်ကိုယ်လုံးဖော်လို့ရတာတွေကို ဖော်ပြီးပြိုင်တယ်ဗျ။ မှတ်သားရပါတယ်။ ပြီးတော့ မေးတဲ့မေးခွန်းကို ဖြေချင်တာဖြေပြီး ဆုတွေ ဘာတွေရသွားသေးသဗျ။ လေးစားတယ်ဗျာ။ တစ်ခါများဆို စင်ပေါ်မှာ လမ်းလျှောက်ရင်း ချော်လဲသွားတဲ့ မော်ဒယ်မလေးခမျာ ကျွန်တော်တို့ကတော့ မရတော့ဘူး ထင်တာပဲဗျာ။ သူ့ကိုတောင် သနားမိသေးတယ်။ ဒါပေမဲ့ ပွဲပြီးတော့ သူက ပထမဗျာ။ ကောင်းရော။

အခုနောက်ဆုံး တော်တော်ဆိုးတာ တစ်ခုကတော့ စင်ပေါ်မှာ သီချင်း တက်ဆိုတဲ့ ကောင်မလေးနှစ်ယောက်က Rapper ယောကျာ်းလေးတွေတောင် မဆိုရဲတဲ့ စာသားမျိုးတွေကို တက်ဆို သွားတာခင်ဗျ။ ဥပမာပြောရရင်ဗျာ-အမေပေးထားတဲ့ လယ်တစ်ကွက်တို့၊ ပြည့်တန်ဆာမကို အရပ်သားခေါ်တဲ့ စကားလုံးမျိုးတို့ကို တွင်တွင်သုံးပြီး ဆိုသွားတာ။ အမယ်-နောက်ဆုံးကျတော့ သူတို့က ပြောသွားသေးတယ်။ သူတို့ဆိုတာ ရိုင်းချင်ရိုင်းပါမယ်တဲ့။ ဒါပေမဲ့ အဲဒါတွေက အမှန်တွေပါတဲ့။

ဒါဖြင့် လူရှေ့သူရှေ့ ပြောဟောနေတဲ့သူတွေလည်း ရိုင်းချင်သလောက်ရိုင်း။ ပြီးမှ အဲဒါတွေက အမှန်တွေပါလို့ ပြောရင် အဆင်ပြေတဲ့ခေတ်ကို ရောက်နေပြီလားမသိဘူးလို့ ကျွန်တော်တော့ စဉ်းစားနေမိတာပါပဲ။ ဒီတော့ ကျွန်တော်အကြံပြုချင်တာက တကယ်လို့ပေါ့ဗျာ။ နိုင်ငံခြားက မိန်းကလေးတွေများ မြန်မာပြည်ပြန်ပြီး အထိုင်ချတော့မယ်ဆိုရင် တော်တော် တိုနိုင်မှရယ်၊ တော်တော် ဆိုနိုင်မှရယ်(ရိုင်းချင်တာရိုင်းလို့ရတယ်။ ပြီးမှ အမှန်တွေလို့ ပြောပေါ့) အဲဒီနှစ်ခု အကြောင်းညီညွတ်ရင် မြန်မာပြည်မှာ ဘောင်းဘီဝတ်ပြီး အောင်မြင်စွာဖြတ်သန်းနိုင်ပြီလို့ တွေးလို့ရပါပြီ။

နောက်တစ်ပိုင်းကတော့ ယောက်ျားလေးများပါ။ ဘာမျှမပူပါနဲ့။ ဒီဘက်ခေတ်မှာ လူရွှင်တော်တွေ လည်း တော်တော်အခြေအနေကောင်းပါတယ်။ သူ့ဘာသာသူ ပညာနဲ့လုပ်စားနေကြသူတွေပါ။ ဒါပေမဲ့ပေါ့ဗျာ။ ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ်ပဲ ပြောရမလားမသိပါဘူး။ တချို့ကလည်း အောက်လုံးတွေပျက်ပြီး ပရိသတ်ကို မြှူဆွယ်လို့ အဲဒါကို ဟာသတစ်ခုလို လုပ်နေကြတယ်ဗျ။ တကယ်တော့ ဒါကကြာပြီလို့တောင် ပြောလို့ရပါတယ်။

ဒါပေမဲ့ အဲဒါကိုပဲ တကယ့်လူရွှင်တော်တွေရဲ့ ပညာလို့ထင်ပြီး ပြောနေသူတွေကလည်း ရှိသေးတယ်ဗျ။ ဒီတော့ ကျွန်တော်တို့ကပဲ သူတို့ အဲဒီလို အောက်လုံးပျက်တာကို ကြိုက်လို့ကြည့်နေသူတွေလိုလို ဖြစ်ဖြစ် သွားရတာပေါ့ဗျာ။ လူရွှင်တော်တစ်ယောက်ကဆို ဒီဘက်ခေတ်မှာ လူရွှင်တော် လုပ်ရင် အောက်လုံးခွင် ပျက်ရင်ပျက်၊ မပျက်ရင် နိုင်ငံရေးခွင်ကို ပျက်မှတဲ့။ လူရွှင်တော်လုပ်ချင်ရင် ဒီနှစ်မျိုး တတ်ရမလိုတောင် ဖြစ်နေပြီဗျာ။ စဉ်းစားသာကြည့်ပါတော့။ သူပြောတဲ့အထဲမှာ ဟာသတွေ ဘယ်လိုရှာရမယ် ဆိုတာကိုတောင် မပါတော့တာ။ တကယ့်ဟာသကို ရှာပြီး လူရွှင်တော် လုပ်နေသူတွေကတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားသွားပါပြီ။

အဲဒီတော့ ဒီနေ့ခေတ် ပြဇာတ်တို့၊ အငြိမ့်တို့ ကြည့်နေရတဲ့ ပရိသတ်ခမျာ နို်င်ငံရေး ပျက်လုံးနဲ့ အောက်လုံးလို့ခေါ်တဲ့ လူရှေ့သူရှေ့ မပြောသင့်၊ မပြောအပ်တဲ့ စကားတွေပြောတဲ့လူတွေကိုပဲ လူရွှင်တော်လို့မြင်ရင်း တကယ့်ဟာသတွေ ပျက်မယ့် လူရွှင်တော်စစ်စစ်တွေကို ကြည့်ဖို့ခဲယဉ်းသွားကြပါပြီ။

ဒီတော့ နိုင်ငံရပ်ခြားကနေ မြန်မာပြည်ပြန်ချင်တဲ့ ယောကျာ်းလေးများအဖို့ကတော့ အောက်လုံးနဲ့နိုင်ငံရေး
ပြောတတ်ရင် ကိုပဲ လူရွှင်တော် အဖြစ် မြန်မာပြည်မှာ ပြန်လုပ်လို့ရပြီလို့ ကျွန်တော်တော့ ထင်မိကြောင်းပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား။ စကားမစပ်ပဲ ပြောရမလား။ အခုဒီဆောင်းပါး ရေးနေတဲ့ အချိန်မှာပဲ ကော်ဖီဆိုင်က ပြန်အလာမှာ တရုတ်နှစ်ကူး တစ်ခါကူးတိုင်း ဈေးတက်လေ့ရှိတဲ့ ကော်ဖီ ဖိုးဟာ နောက်ထပ်ဆယ်ပြားထပ်တက်သွားလို့ တစ်ခွက်ကို တစ်ကျပ်ဆယ်ပြားပေးခဲ့ရတဲ့အတွက် လူနေမှုစရိတ်မြင့်တက်နေတဲ့ စင်ကာပူကနေ မြန်မြန်ပြန်စေချင်တဲ့ တွန်းအားတွေများလားလို့လည်း ကျွန်တော်တွေးနေပါတယ်။ အရင်နှစ်က ပြားကိုးဆယ်ကနေ တစ်ကျပ်ဖြစ်၊ ဒီနှစ်မှာ တစ်ကျပ်ကနေ တစ်ကျပ်ဆယ်ပြားဖြစ်ဆိုတော့ ရှေ့ရေးက ရင်လေးစရာတွေလည်း ဖြစ်ဖြစ်လာနေပြီလို့ ထင်ပါတယ်။

ဒီတော့ ပြန်ဖို့ခေါ်သူတွေကလည်း ခေါ်နေပြီဆိုပေမယ့် ပြန်ရမယ့်လူတွေ ခမျာလည်း စူးစမ်းရင်းနဲ့ လေ့လာနေပါကြောင်းနဲ့ ပြန်ပြီးရင် ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ကိစ္စမှာတော့ နည်းနည်းထည့်စဉ်းစားသင့်တဲ့ကိစ္စတွေကို အမြင်အတိုင်း ခင်းပြလိုက်ရကြောင်းပါ။ ။

သားလတ်
၁၀:၅၁ နာရီ
၂၄.၁.၂၀၁၂


Saturday, January 21, 2012

" မဟတ္တမဂန္ဒီ၊ ကျွန်တော် နှင့် ဗိုလ်ချုပ်အောင်ဆန်း "


ကျွန်တော့်ဘ၀မှာ လေးလေးနက်နက် လေးစားရတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကျွန်တော့်အဖေပါ။ နောက်တစ်ယောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ အခု ဗိုလ်ချုပ်အောင်ဆန်း နှစ်( ၁၀၀) ပြည့်ကို ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ် ကြားရတော့ ကျွန်တော် တော်တော်ဝမ်းသာမိပါတယ်။

အကြောင်းကရှိပါတယ်။ ကျွန်တော်ငယ်ငယ်က စာစီစာကုံးကို အာဇာနည်နေ့ဆို အမြဲလို ၀င်ပြိုင်ရတော့ စာနည်းနည်းဖတ်ရပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေရဲ့ အကြောင်းတွေပေါ့။ အဖေရှာပေးခဲ့တာပါ။ အဲဒါတွေဖတ်ပြီး ဗိုလ်ချုပ်အကြောင်း နည်းနည်း သိလာပါတယ်။ တကယ့်ကို နည်းနည်းလေးပါ။ နောက်တော့ ကျောင်းမှာ ကျွန်တော့်ကို စာစီစာကုံးဝင်ပြိုင်တဲ့သူမို့ အတန်းရှေ့ စကားထွက်ပြောခိုင်းပါတယ်။ အာဇာနည်နေ့အကြောင်း သိတဲ့သူမို့ပါ။ ကျွန်တော်လည်း တတ်သလောက်၊ မှတ်သလောက် ထွက်ပြောပါတယ်။

ဒါနဲ့ ဆယ်တန်းအထိကို အဲဒီအကြောင်းတွေ ပြောခဲ့ရတုန်းပါ။ နောက်တော့ အပြင်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေတွေ့ရင် စာအုပ်တွေကနေ ရသလောက်ဖတ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားလို့ပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အကြောင်းကို သိခဲ့ရတော့ ပိုပြီးစိတ်ဝင်တစား ရှိခဲ့တာတော့ အမှန်ပါပဲ။

ကျွန်တော်ကံကောင်းတာတစ်ခုက ကျွန်တော့်အဖေက စာပေနယ်ကဖြစ်တဲ့အပြင် ဆရာကြီး တက္ကသိုလ်နေ၀င်း နဲ့ကျွန်တော်တို့နဲ့ တစ်မြို့နယ်ထဲမှာ အတူနေတာဆိုတော့ တော်တော်လေး ရင်းနှီးပါတယ်။ ဒီတော့ သူ့စာအုပ်တွေကို ကျွန်တော်တို့ရလေ့ရှိပါတယ်။ သိကြတဲ့အတိုင်း ဆရာကြီးတက္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနားမှာအမြဲလို ရှိနေသူဆိုတော့ သူရေးတာတွေ ဖတ်ရတဲ့အခါ ကျွန်တော်ဖြင့် အံ့ဩလို့မဆုံးအောင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမိပါတယ်။ သူ့ရဲ့ ရဲဘော်ရဲဘက်စိတ်၊ ရာထူးဂုဏ်ရှိန်ကို မမက်မောတဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံရေး အသိအမြင် ကြွယ်ဝတဲ့စိတ်၊ တိုင်းပြည်လွတ်လပ်ရေးသာ အဓိကထားတဲ့စိတ် စတဲ့ပြောမကုန်တဲ့ အကြောင်းတွေ အများကြီးကို သိခွင့်ရခဲ့ပါတယ်။

နောက်ပိုင်းမှာ တခြားလူတစ်ယောက်(ဆရာတက္ကသိုလ်စိန်တင်လို့ထင်ပါတယ်။ ကျွန်တော်မေ့နေလို့ အတိအကျ မပြောနိုင်တော့ပါဘူး)ရေးထားတဲ့ တရုတ်ပြည် အမွိုင်ကို သွားတဲ့ခရီး ဖတ်ရတော့လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုထုဇဉ်စိတ်ကလေး တချို့ကို ကျွန်တော်သိခွင့်ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအစ်ကို ဦးအောင်သန်းရေးထားတဲ့ ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းတွေ ဖတ်ရတော့လည်း လုပ်ယူလို့မရတဲ့ ရိုးဂုဏ်ဆိုတာမျိုး၊ တကယ်တော်တဲ့ လူတစ်ယောက်ရဲ့ ငယ်ဘ၀ကောက်ကြောင်း ဆိုတာမျိုးတွေကို သိခွင့်ရခဲ့ပါတယ်။

ဒီအချိန်မှာ ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မင်းမှတ်မိသလောက် ပြောဆိုရင် မပြောနိုင်ပါဘူး။ ရေးတေးတေးပါ။ ကျွန်တော်ဖတ်ခဲ့တာ ကြာခဲ့ပါပြီ။ တချို့အရာတွေလောက်သာ မှတ်မိတာပါ။ ဒါပေမဲ့ ကျွန်တော်မှတ်မိတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်ချစ်စိတ်ပါ။ ရိုးသားမှုပါ။ ဦးဆောင်နိုင်မှုပါ။ လွတ်လပ်ရေးကလွဲရင် သူ့ဘ၀မှာ ကျန်တာဘာမှ မရှိဘူးဆိုတဲ့ အသိပါ။ ဂုဏ်ပကာသန မမက်မောတာပါ။ စတဲ့ အရည်အချင်းတွေပါ။ ကျွန်တော်ချရေးမပြဘဲ ကျန်နေတာတွေလည်း အများကြီးပါ။

ကျွန်တော်ဆိုလိုချင်တာက စာအုပ်တွေက ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းကနေ ကျွန်တော်တို့ ရလိုက်တာတွေ အများကြီးပါ။ ကျွန်တော်တို့ ဂုဏ်ယူခဲ့ရတယ်။ ကျွန်တော်တို့ ကျေနပ်ခဲ့ရတယ်။ ကျွန်တော်တို့ လေးစားခဲ့ရတယ်။ ကျွန်တော်တို့ အားကျခဲ့ရတယ်။ ကျွန်တော်တို့ ဦးညွှတ်ခဲ့ရတယ်။ ကျွန်တော်တို့ မမွေးခင်က ကျဆုံးခဲ့ပေမယ့် ဒီနေ့အထိ ကြေကွဲဝမ်းနည်းနေရအောင် ခံစားတတ်ခဲ့တယ်။ လူငယ်တွေရဲ့ စိတ်မှာ ဗိုလ်ချုပ်လို့ ပြောတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ တန်းမြင်ခဲ့ရတယ်။ အဲဒီလောက်အထိ ကျွန်တော်တို့နိုင်ငံရဲ့ ဖခင်၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ၊ ကျွန်တော်တို့နိုင်ငံရဲ့ ဦးဆောင်သူတစ်ဦးကို သိမြင်ခွင့်ရခဲ့တယ်။

အခု ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်မယ်တဲ့။ ကျွန်တော်တို့ အများကြီး မျှော်လင့်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့အဖေနဲ့ပတ်သက်လို့ ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် ရိုက်ပါတဲ့။ ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးရဲ့ ဆန္ဒပါ။ ကျွန်တော့် အမြင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းမှာ မကောင်းတာရှာဖို့တော့ တော်တော်ခက်ပါလိမ့်မယ်။ စာအုပ်တွေမှာ တွေ့ဖို့ ခက်မှာပါ။ ကျွန်တော်ယုံကြည်နေတာက ဗိုလ်ချုပ်အောင်ဆန်းဟာ တကယ်လို့ သူ့ရာဇ၀င်မှာ မကောင်းတာတစ်ခုခု လုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အဲဒီမကောင်းမှုဟာ တိုင်းပြည်ကောင်းစားဖို့ အတွက်ပဲဖြစ်လိမ့်မယ် ဆိုတာပါပဲ။

အခု အားလုံးဝိုင်းလုပ်မယ့် ရုပ်ရှင်အတွက် စာအုပ်တွေစုနေတယ် ကြားပါတယ်။ ဗိုလ်ချုပ်အကြောင်းစာအုပ်တွေ ရှိတဲ့လူများကလည်း လှူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ စီစဉ်နေတဲ့အဖွဲ့ကို မေတ္တာရပ်ခံ ချင်တာက ပြည်တွင်းက လူတွေ ရေးတဲ့ စာအုပ်သာမက နိုင်ငံခြားကလူတွေ ရေးတဲ့စာအုပ်တွေပါ စုဆောင်းသင့်ပါတယ်။ အားလုံးက ကျွန်တော့်ထက်တတ်သိတာမို့ မိကျောင်းမင်း ရေခင်းပြတယ်လို့ မထင်စေချင်ပါဘူး။ ပြီးတော့ တချို့နိုင်ငံတွေက တင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ခံ အကြောင်းတွေပါ ရှာဖွေကြည့်ရှုသင့်ပါတယ်။

၂၀၁၅ ဆိုတော့ အချိန်တော့ရပါသေးတယ်။ ဒါနဲ့တစ်ဆက်တည်း တွေးမိတာက ခုနှစ်တွေပါ။ ပြီးတော့ သီချင်းတွေပါ။

"တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး........ဆောင်းအကုန်နွေအကူးဝယ်.........လေရူးရယ်
တသုန်သုန်ကြွယ်........ဖေဖော်ဝါရီဆယ့်သုံးရက်မယ်......လင်းအရုဏ်ကျင်းတဲ့ အချိန်အခါမယ်.....စနေနေ့ဝယ် မွေးဖွားခဲ့ပါတယ်......"

၁၉၁၅ ခုနှစ်မှာမွေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း။ ၂၀၁၅ ခုနှစ်ဆိုရင် နှစ်တစ်ရာပြည့်ပါပြီ။ ၁၉၄၇ ခုနှစ်မှာ ကျဆုံးခဲ့ပြီး သူဦးဆောင်ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးက သူ့ကို ဆုံးရှုံးပြီးမှ ၁၉၄၈ ခုနှစ်မှာမှ ရခဲ့တယ်။ သူနဲ့ပတ်သက်တဲ့ သီချင်းတွေ မကြားခဲ့ရတာ ကြာလှပေါ့။ သူ့အကြောင်းမသိတဲ့ ကလေးတွေ များလာတာ ကြာခဲ့ပေါ့။ သူ့မွေးနေ့ကို မသိဘဲ ဗလင့်တိုင်းဒေးဆိုတဲ့ ဖေဖော်ဝါရီ ဆယ့်လေးသာ သိတဲ့လူငယ်တွေ များလာခဲ့တာကြာပေါ့။

အခု ကျွန်တော်တို့ မကြားရတာ ကြာတဲ့သီချင်းတွေ ကြားရတော့မယ်။ ကျွန်တော်တို့နောက်က လူတွေ မေ့မလို ဖြစ်နေတဲ့ သူ့အကြောင်းတွေ မြင်ရတော့မယ်။

တစ်ခါက တပ်မတော်က ကျွန်တော်နဲ့ရင်းနှီးတဲ့ ဗိုလ်ကြီးတစ်ယောက်က ပြောဖူးပါတယ်။ သူ့သားကို နေ့တိုင်း ဗိုလ်ချုပ်အောင်ဆန်းပုံ ပြပြီး အလေးပြုခိုင်းတယ်တဲ့။ ကောင်းလိုက်တဲ့ စိတ်ဓာတ်ဗျာ။ ကျွန်တော်ဝမ်းသာမိပါတယ်။ အခုတော့ အဲဒီကလေးလည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သိခွင့်ရတော့မှာပေါ့လို့ ကျွန်တော်တွေးလိုက်မိပါတယ်။

ကျွန်တော်ရန်ကုန်မှာနေတုန်းက ကျွန်တော့်အခန်းရဲ့ နံရံက ဘောင်မှာ ဓာတ်ပုံနှစ်ပုံကို အမြဲတင်ထားလေ့ရှိပါတယ်။ တစ်ပုံက ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေကို အားလုံးစုပြီး Photoshop နဲ့လုပ်ထားတဲ့ ပုံပါ။ ကျွန်တော့်ညီဝမ်းကွဲလေးတစ်ယောက် ဓာတ်ပုံဆိုင်မှာ ခဏ၀င်လုပ်နေတုန်းက သူတို့ဆိုင်မှာ အဲဒီပုံရှိတယ်။ အစ်ကိုယူမလား ဆိုတာနဲ့ ကျွန်တော်တောင်းထား လိုက်တာပါ။ နောက်တစ်ပုံကတော့ ကျွန်တော့်အကြိုက်ဆုံး အဆိုတော် ကိုငှက်( ထူးအိမ်သင်) ရဲ့ပုံပါ။

အခု ကျွန်တော်စင်ကာပူ လာတဲ့အချိန်မှာ အဲဒီပုံတွေ ရန်ကုန်မှာ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာ သူတို့ရှိနေတုန်းပါပဲ။ မကြာခင်မှာတော့ ကျွန်တော်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်တွေကို ရုပ်ရှင်မှာ ပြန်မြင်ရတော့မှာပါလားလို့ တွေးမိတဲ့အခါ ၂၀၁၅ကို အမြန်ရောက်ချင်တဲ့ စိတ်တွေတောင် ပေါက်မိပါတယ်။

ကျွန်တော့်အလုပ်ထဲမှာ စကားစပ်မိရင်း အလုပ်ထဲက မြန်မာအလုပ်သမားလေးတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အကြောင်း ပြောမိပါတယ်။ အလုပ်သမားတွေပေမယ့် သူတို့ကို ကျွန်တော်လျှော့မတွက်ပါဘူး။ သူတို့အထဲမှာ ကျွန်တော့်ထက် စာဖတ်သူတွေ ပါပါတယ်။ သူတို့အထဲက တစ်ယောက်က ပြောပါတယ်။ နိုင်ငံတကာမှာ မာသာထရီဇာ၊ ဂန္ဒီ စတဲ့နိုင်ငံကို အကျိုးပြုသူတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကြတယ်တဲ့။ ကြည့်လို့တော်တော်ကောင်းတယ်တဲ့။ အခု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကလည်း ဘယ်လိုလာမလဲ မသိဘူးတဲ့။

ကျွန်တော်လက်လှမ်းမီသလောက်တော့ ရှင်းပြခဲ့ပါတယ်။ အကောင်းဆုံးတော့ လုပ်မှာပါလို့။ သူတို့လည်း သတင်းတွေ ဖတ်မိလို့ သိကြပါတယ်။ ဒါပေမဲ့ အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကိစ္စမို့ စိတ်ပူတာပါ။ ထပ်ပြောရရင် ကျွန်တော်တို့တော့ အကောင်းဆုံး မျှော်လင့်ထားပါတယ်လို့ ပြောချင်တာပါပဲ။

ကျွန်တော်ငယ်ငယ်က အဖေက သူ့အသိတစ်ယောက်အိမ်မှာ ဗွီဒီယိုကြည့်ဖို့ ကျွန်တော်တို့ကိုပါ ခေါ်လို့ ပါသွားပါတယ်။ တကယ်တော့ အဖေပြောတာက ကျွန်တော်တို့ကို ဘရုစလီကားပြမှာတဲ့။ အဲဒီအချိန်တုန်းက ဗွီဒီယိုဆိုတာ ကျွန်တော်တို့နိုင်ငံမှာ တကယ့်ရှားပါးပစ္စည်းပါ။ ဘရုစလီလို ကားမျိုးကြည့်ရဖို့ ဆိုတာလည်း တော်တော်ကို ခဲယဉ်းပါတယ်။ ပြီးတော့ အဖေက ပြောပါသေးတယ်။ ဘရုစလီက အဲဒီကားရိုက်ပြီး သေသွားတာတဲ့။ ဒါဆို တော်တော်ကို ရှားပါးပြီး ကြည့်ရကောင်းမယ်လို့ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တွေးမိပါတယ်။

ဒါနဲ့ အဖေ့အသိအိမ်ကို ပါသွားပါတယ်။ ဒါပေမဲ့ ဗွီဒီယိုစပြတော့ စကားတော်တော်များတဲ့ကားက စပြပါတယ်။ ကျွန်တော်တို့နားမလည်ပါဘူး။ ကလေးတွေဆိုတော့ ဖိုက်တင်ပဲ ကြည့်ချင်တာပေါ့ဗျာ။ ဒီကြားထဲ အဲဒီကားထဲက လူကြီးက ပိတ်ဖြူစင်ကြယ်ကြီးဝတ်ပြီး မျက်မှန်ကြီးနဲ့။ လူက အိန္ဒိယလူမျိုး။ တော်တော်ကို ပျင်းဖို့ကောင်းတဲ့ကားဗျာ။ ကျွန်တော်တို့စိတ်ထဲကတော့ ဒီလူကြီးက ချလည်း မချဘူးပေါ့။ တွေးလိုက်၊ စကားပြောလိုက်နဲ့။ ဒီလူကြီးလုပ်သမျှ ငြိမ်ပြီးကြည့်နေရတာ။ အဖေကတော့ သူ့အသိနဲ့ စကားတွေပြောရင်း ကြည့်နေတာပေါ့။

ဒါပေမဲ့ အဖေ့အသိကတော့ ကျွန်တော်တို့ ကလေးတွေ ပျင်းနေမယ်သိလို့ ခေါက်ဆွဲကြော်တွေ ချကျွေးတယ်ဗျ။ ကျွန်တော်တို့လည်း ရုပ်ရှင်က ပျင်းတာနဲ့ ခေါက်ဆွဲကြော်ချည်း လှိမ့်တီးတော့တာ။ အမယ်-ဗိုက်တော်တော် တင်းပြီး အအေးတွေ၊ ဘာတွေသောက်ပြီး ကုန်ခါနီး ကျတော့ သေနတ်ပစ်ခန်း တစ်ခန်းလား ပါလာရော။ အဲဒီပိတ်ဖြူစင်ကြယ်နဲ့ လူကြီးကို လူတစ်ယောက်က သေနတ်နဲ့ပစ်သွားတာ။ အဲဒီလူကြီး သေပါရောလား။ ကျွန်တော်တို့ကတော့ ဟာ-ချပြီဟေ့ ဆိုပြီး ပျော်မလို့ရှိတုန်း သိပ်မကြာဘူး။ ဇာတ်ကားက ပြီးသွားရော။ ဟာ-ဘာကြီးလဲပေါ့။ တစ်ကားလုံး ဖိုက်တင်က ဒီတစ်ခန်းတည်း။ ဒါတောင် တကယ်သူတင်ကိုယ်တင် ချတာမဟုတ်။ တစ်ဖက်သတ်ကြီး ချသွားတာ။

အဲဒီကား ပြီးမှ ကျွန်တော်တို့ ဘရုစလီကားကို ပြတာ။ တော်တော်စောင့်လိုက်ရတယ်ဗျာ။ ဘရုစလီကျတော့ ကောင်းမှကောင်း။ ချသလားမမေးနဲ့။ ရုပ်ရှင်ရိုက်ရင်း သူသေသွားတယ်လည်း ဆိုရော အဲဒီအခန်းတွေပါ ဖြတ်ပြ။

ဒီလိုနဲ့ပေါ့ဗျာ။ အရွယ်လေးနည်းနည်းရလာမှ သိတယ်။ အဲဒီ ကျွန်တော်တို့ကြည့်ခဲ့တဲ့၊ အင်မတန် ပျင်းစရာကောင်းတဲ့ကား ဆိုတာ မဟတ္တမဂန္ဒီရဲ့ ဇာတ်လမ်း။ ပိတ်ဖြူစင်ကြယ်နဲ့၊ မျက်မှန်ကြီးနဲ့လို့ပဲ ကလေးအရွယ်က သိခဲ့တာကိုး။ တကယ့်နိုင်ငံကို ချစ်တဲ့၊ ငြိမ်းချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ဇာတ်လမ်းက ဘယ်လာ ချမှာတုန်း။ ကျွန်တော်တို့က ကလေးမို့လို့သာ ချခန်း၊ ဖိုက်တင်ခန်းတွေ မျှော်လင့်နေတာ။

အခု ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကား ကြည့်ရတော့မယ့် အရွယ်က လူကြီးတစ်ပိုင်းအရွယ်။ ပြီးတော့ ကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်း ဇာတ်လမ်းက ဖက်ဆစ်ဂျပန်တော်လှန်ရေးတွေပါမယ်။ ကျွန်တော်တို့ သိတဲ့ အကြောင်းတွေပါမယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေပါမယ်။ စတဲ့ များပြားလှတဲ့ အကြောင်းတွေ ပါလာမယ်လို့ ယုံကြည်တယ်။ သေချာတာက စိတ်ဝင်စားဖို့ကောင်းမယ်။ ကလေးဘ၀က ကြည့်ခဲ့ရလို့ ပျင်းတာမျိုးဆိုတာတွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကြည့်တဲ့ ကလေးတွေ ခံစားရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ တခြားသူတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းရတဲ့ ခရီးက မတူခဲ့ပါဘူး။ ရဲဘော်သုံးကျိပ် ဂျပန်သွားတာက အစ ပြင်းထန်တဲ့ ခရီးကြမ်းတွေချည်း။ ပြီးတော့ ဖက်ဆစ်ဂျပန်တိုက်ထုတ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပင်လုံခရီး။ အများကြီးပါပဲ။

ဒီတော့ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ကျွန်တော်တို့ အများကြီးမျှော်လင့်လို့ ရတယ်လို့ ကျွန်တော်တွေးမိပါတယ်။ ဇာတ်လမ်းအရ ချတာမချတာက အဓိကမကျပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေစိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာတစ်ယောက်ရဲ့ ပုံရိပ်တွေကို စွဲထင်သွားစေချင်တယ်ဗျာ။ အဲဒါလေး အဓိကပါ။ ကျွန်တော့်လိုပဲ ကျန်တဲ့သူတွေလည်း ထပ်တူ ခံစားမိမှာပါ။ အခု အဲဒီရုပ်ရှင်စီစဉ်နေသူတွေလည်း အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်မှာလို့ ကျွန်တော် ယုံကြည်နေပါတယ်။ ပြီးတော့နိုင်ငံတကာက ကြည့်မယ်ဆိုတော့ ပိုပြီးတော့လည်း အားထည့်ကြမယ်လို့ ထင်ပါတယ်။ အခုတောင် ဂျာမန်ကရုပ်ရှင် ပညာရှင်တွေနဲ့ တွေ့နေတယ်လို့ သတင်းတွေက ပြောနေလို့ ၀မ်းသာပါတယ်။

မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် ဖြစ်နေရတာလဲလို့ မေးခဲ့ရင် ကျွန်တော့်မှာ ဖြေစရာက တစ်ခွန်းပဲ ရှိပါတယ်။ မြန်မာတစ်ပြည်လုံးကလူတွေနဲ့ တူညီတဲ့ ကျွန်တော့်ရင်ထဲက အဖြေကတစ်ခုတည်းပါ။ အဲဒီအဖြေကဘာလဲဆိုတော့ " ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လို့ပါ " ဆိုတာပါပဲ။ ။

ဆူးသစ်
၁၃:၀၃ နာရီ
၂၁.၁.၂၀၁၂

(ခေါင်းစဉ်ကိုကြည့်ပြီးတော့ ဒီကောင် မတန်တစ်ရာနဲ့ သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်နှစ်ယောက်ကြားမှာ ခပ်တည်တည်နဲ့ တပ်ထားတယ်လို့ မထင်ကြပါနဲ့ဗျာ။ ကျွန်တော့်ဆောင်းပါး ဖတ်ပြီးရင် ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာ နားလည်သွားမယ်ထင်ပါတယ်။ တကယ်တော့ အဲဒီလို တစ်တန်းတည်းထားပြီး မနှိုင်းအပ်တဲ့ ပုဂ္ဂိလ်ကြီးတွေပါ။)

Monday, January 2, 2012

" အမှတ်တရ မှတ်တိုင်တစ်တိုင် "


လူတိုင်းမှာ ဘ၀ရဲ့ အမှတ်တရဆိုတာ ရှိကြမှာပါ။ ကျွန်တော်လည်း ကျွန်တော့်ဘ၀ရဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ပါတယ်။ အခုကျွန်တော်ပြောပြမယ့် အကြောင်းကတော့ ကျွန်တော့်ဘ၀မှာ ၂၀၁၁ ခုနှစ် ကုန်ခါနီး ဖြစ်လာတဲ့ အမှတ်တရ တစ်ခုပါ။ တစ်ဘ၀လုံးအတွက်ကို တကယ့် အမှတ်တရပါပဲ။ မှတ်တိုင်တစ်တိုင်လို့ ပြောလည်း ရမယ်ထင်ပါတယ်။

ကျွန်တော်စာပေကို ရူးသွပ်ခဲ့တာ ကြာခဲ့ပါပြီ။ ငယ်ငယ်ကတည်းက စာစီစာကုံးကို ကျောင်းက ဆရာတွေ၊ ဆရာမတွေက ဘုမသိဘမသိ ၀င်ပြိုင်ခိုင်းလို့ ၀င်ပြိုင်ခဲ့ရာက စခဲ့တယ်ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ စာစီစာကုံးဆိုတာ ဘာမှန်းမသိသေးတဲ့ အရွယ်မှာ အဖေက ကျွန်တော့်ကို Guideline ပေးခဲ့တယ်။ အဲဒီမှာပဲ ကျွန်တော့်ရဲ့ စာပေ၀ါသနာက စခဲ့တယ်ထင်ပါရဲ့။ မြို့နယ်မှာ ပြိုင်တယ်။ တိုင်းမှာ ပြိုင်တယ်။ နောက်ပိုင်းမှာ ကဗျာကိုပါ ကျွန်တော့်ကို ကျောင်းက ၀င်ပြိုင်ခိုင်းပြန်ပါရော။ အဖေကလည်း မနေနိုင်တော့ ကျွန်တော့်ကို ကဗျာရေးတာ သင်ပေးပြန်ပါတယ်။

ရှစ်တန်းလောက်မှာတော့ ကျွန်တော့်နှလုံးသားက ကိုယ့်ဘာသာ ကဗျာရေးတတ်ဖို့ ဖန်တီးတတ်လာပါပြီ။ ဒါပေမဲ့ အဖေက စနစ်တကျတတ်အောင် ဆိုပြီး ဖျာပုံမြို့၊ နိုင်ငံတော် တန်းမြင့်ကျောင်း အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ရေးတဲ့ တန်းမြင့် ကဗျာဖွဲ့နည်းကျမ်းကို ပေးဖတ်ပါတယ်။ ပြီးတော့ စာရေးနည်း လမ်းညွှန်စာအုပ်မျိုးတွေ ကျွန်တော့်စားပွဲပေါ်ကို အဖေက အရောက်ပို့ခဲ့ပါတယ်။

ကိုးတန်း၊ ဆယ်တန်းလောက်မှာတော့ ကျွန်တော်စာတိုပေစတွေ၊ ကဗျာတွေ စရေးပါပြီ။ ကိုယ့်ဘာသာ ရေးရုံရေးထားတာပါ။ ဘယ်သူမျှလည်း မပြမိပါဘူး။ ၀တ္ထုတိုမကျ၊ အရှည်မကျတွေရော ရေးပါတယ်။ ဘယ်မှလည်း မပို့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ အဖေ့ကိုတော့ ပြဦးမှပါပဲလို့ တွေးပြီး အဖေ့ကို စပြပါတယ်။ အဖေက ကျွန်တော့်ဝါသနာကို သိလို့ သေသေချာချာ ဖတ်ပေး၊ ပြောပေးပါတယ်။ အဖေ့ကြောင့် စာရေးတာ ပိုချောခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အဖေ အကြောင်းနည်းနည်း ပြောချင်ပါတယ်။ အဖေက နယ်ကပါ။ သူတို့တုန်းက အထက်တန်းကျောင်းမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးရွှေဝိုင်းဆိုတာ ရွှေငယ်ဝိုင်း ( ကြို့ပင်ကောက်) ဆိုတဲ့ နာမည်နဲ့ ကဗျာတွေ၊ စာတွေရေးပါတယ်။ ကျွန်တော်တို့ ပညာရေးလောကမှာ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့၊ ဆရာတွေရဲ့ စေတနာကို ရည်ညွှန်းတဲ့ " တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏ " ဆိုတဲ့ ကဗျာဟာ ဆရာကြီး ဦးရွှေဝိုင်း [ ရွှေငယ်ဝိုင်း (ကြို့ပင်ကောက်)] ရေးခဲ့တာပါ။ ကျောင်းသားတွေကို သူ့လစာထဲက စုပြီး အဲဒီခေတ်က မြန်မာစာ ဂုဏ်ထူးထွက်ရင် ရွှေဒင်္ဂါးပြားဆုချခဲ့တဲ့ တကယ်ကို ပီတိစားတဲ့ ဆရာကြီးပါ။ သူက အဖေတို့ကျောင်းသားတွေကို ကျောင်းစာအပြင် ကဗျာ ရေးနည်းမျိုးတွေ၊ စကားပြေ ရေးဟန်တွေ သင်ပြပြီး မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့ပါတယ်။ အဲဒီလို သင်ပေးခဲ့လို့လည်း ကျွန်တော့်အဖေဟာ စာပေလောကထဲကို စာရေးဆရာတစ်ယောက် အဖြစ်ဝင်ရောက်နိုင်ခဲ့ပါတယ်။

ကျွန်တော်စာပေလောကထဲကို ၀င်နိုင်ခဲ့ရာမှာလည်း အဖေ့ကို ဆရာကြီး ဦးရွှေဝိုင်းတို့ မြန်မာစာကို ချစ်တတ်အောင်သင်ပေးခဲ့သလိုမျိုး ကျွန်တော့်ကို မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီး တစ်ဦးရှိခဲ့ပါတယ်။ သူကတော့ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ပါ။ ကျွန်တော်ဆယ်တန်းတုန်းက သူ့ဆီမှာ ကျူရှင်တက်ရင်း မြစေတီ တန်းခွဲမှာ စာစီစာကုံး ပြိုင်ပွဲလုပ်ရင် ကျွန်တော်က ဆုတစ်ခု အမြဲလိုရခဲ့ပါတယ်။ နဂိုကတည်းက စာရေးတာ ၀ါသနာပါလို့ စာစီစာကုံး ပြိုင်ရရင် အမြဲလို ပျော်တတ်ခဲ့ပါတယ်။ အဲဒါလည်း ဆရာကြီးက မြန်မာစာ သင်တာကောင်းလို့ရယ်၊ အဖေချပေးတဲ့ လမ်းညွှန်မှုတွေ ကောင်းလို့ရယ် ဆိုတာ ကျွန်တော် ယုံကြည်နေမိပါတယ်။

အဖေကတော့ ဆောင်းပါးတွေ အရေးများပြီး ယခုထက်ထိလည်း စာပေလောကမှာ ကျင်လည်နေတုန်းပါပဲ။ ဆရာကြီး ဦးရွှေဝိုင်းကြောင့် မြန်မာစာပေလောကထဲကို ၀င်သွားကြတဲ့ တပည့်တွေထဲမှာ အဖေတို့ထက် နာမည်ကြီး ထင်ရှားလာခဲ့တာကတော့ အဖေနဲ့သူငယ်ချင်းဖြစ်တဲ့ ကဗျာဆရာ၊ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ပါ။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဟာလည်း ဆရာကြီး ဦးရွှေဝိုင်းရဲ့ တပည့်ဖြစ်ပြီး ဆရာကတော့ ပါရမီရှင်မို့ ယနေ့အထိ သူ့ကဗျာများက လူတွေကြားထဲမှာ စွဲနေတုန်းပါပဲ။

ကျွန်တော်ပြောချင်တာက ကျွန်တော့်ကို အဖေ ဘာကြောင့် Guideline ပေးနိုင်သလဲ ဆိုတာပါ။ ဒီလို ဆရာကြီးရဲ့ သွန်သင်မှုနဲ့ စာပေလောကထဲ ၀င်ခဲ့တဲ့ အဖေက ကျွန်တော်ရေးတာတွေ လိုနေရင် ထောက်ပြနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ကဗျာတွေ စရေးပြီး မဂ္ဂဇင်းတွေ စပို့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ကျွန်တော့်ကဗျာ တစ်ပုဒ် မဂ္ဂဇင်းမှာ စပါပါတယ်။ အရွေးခံရပြီလို့ သိတာက ၁၉၉၂ ခုနှစ်မှာပါ။ ကဗျာ အရွေးခံရတယ်လို့ ရွေးစာရင်း သိသိချင်း မဂ္ဂဇင်းမှာတွေ့တော့ အိမ်ပေါ်ထပ်ကနေ လှေကားကို အဆင်းမို့် ကျွန်တော် အပျော်လွန်ရင်း ချော်ပြီး ပြုတ်ကျခဲ့ပါတယ်။ အဲဒီကဗျာ တကယ်ပါတော့ နောက်နှစ်နှစ်မှာပါ။ အဲဒီကတည်းက စာပေ၀ါသနာပါရင် စိတ်ရှည်ရမယ်၊ ဇွဲကြီးရမယ် ဆိုတာ ကျွန်တော်တွေးခဲ့မိပြီးသားပါ။

အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ ကဗျာ အရွေးခံရမှုမှာ ကျွန်တော် လိပ်ပြာသန့်သန့်နဲ့ ပျော်နိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကဗျာ အရွေးခံရတဲ့ ကိစ္စမှာ ကျွန်တော့်အဖေက မဂ္ဂဇင်းတိုက်နဲ့ ရင်းနှီးလို့ ဆိုတာမျိုး မရှိသလို အဖေ့သူငယ်ချင်း အရင်းခေါက်ခေါက် ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း) ကဗျာ အယ်ဒီတာ အဖြစ် ကိုင်နေတဲ့ ရွှေသမင် မဂ္ဂဇင်း မှာ ပါတာ မဟုတ်ခဲ့လို့ပါပဲ။ ကျွန်တော်အရွေးခံခဲ့ရတာ မဟေသီ မဂ္ဂဇင်းမှာပါ။ တကယ်ဖော်ပြတော့ မဟေသီ အယ်ဒီတာအဖွဲ့ ပါတဲ့ ရတနာသစ် မဂ္ဂဇင်းပါ။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ စာပေခရီးအစဟာ သူများလိုတော့ မဟုတ်ခဲ့ဘူးလို့ပဲ ဆိုပါရစေ။ ကျွန်တော်ကလည်း လူတစ်မျိုးပါ။ အဲဒီအချိန် အဖေ့ကို ပြောပြီး ရွှေသမင်မှာ ကဗျာတစ်ပုဒ်လောက် ထည့်ပေးပါလို့ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း) ကို လုံးဝ မပြောခိုင်းခဲ့ပါဘူး။ ကျွန်တော့်ဘာသာ မဂ္ဂဇင်းတိုက်တွေကို စာတိုက်ကနေ ပို့ခဲ့တာပါ။ ကျွန်တော့်ကဗျာ စပါတော့ အဖေက မဟေသီကို မင်းကဗျာပို့ထားလား လို့တောင် မေးခဲ့ပါသေးတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း သူ့သူငယ်ချင်းသား ဆိုပြီး ကျွန်တော့်ကဗျာကို လုံးဝ ထည့်မပေးပါဘူး။ ပိုဆိုးတာက အဖေက အဲဒီအချိန်မှာ ရွှေသမင်မဂ္ဂဇင်းရဲ့ အမှုဆောင်အယ်ဒီတာ တစ်ဦးဖြစ်နေပါပြီ။ အဲဒါလည်း သူက ကျွန်တော့်ကဗျာကို လုံးဝမရွေးပါဘူး။ ဒါဟာ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းမှုလို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော်သူ့ကဗျာတွေကို ကြိုက်သလို သူ့ကိုလည်း လေးစားပါတယ်။ ကျွန်တော့်ကဗျာကို သူမကြိုက်လို့ မရွေးတဲ့ကိစ္စမှာ သူ့ကို ပိုလေးစားမိပါတယ်။ ကျွန်တော်ကလည်း တစ်ခါမျှ အဖေ့ကို ပြောပေးဖို့ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော့်ကြောင့် သူတို့ လုပ်ရကိုင်ရခက်မှာ စိုးလို့ပါ။ နောက်တစ်ခုက ကျွန်တော့်မာနပဲ ထင်ပါရဲ့။ အယ်ဒီတာ ကြိုက်လို့ရွေးတဲ့ကဗျာကြောင့်ပဲ ကျွန်တော်က ပျော်ချင်သူပါ။ ကျွန်တော့်ကဗျာတွေကို မဂ္ဂဇင်းတိုက်ကို ပို့ရင် စာတိုက်ကပဲ ပို့ခဲ့တာပါ။ အိမ်မှာ စာအိတ်နဲ့ တံဆိပ်ခေါင်းကို အများကြီး ၀ယ်ထားခဲ့ဖူးပါတယ်။

ဒီလိုနဲ့ 'သားလတ်' ဆိုတဲ့ ကလောင်နာမည်နဲ့ ကျွန်တော် အချစ်ကဗျာ၊ အချစ် ၀တ္ထုတွေ၊ ဘ၀သရုပ်ဖော် ၀တ္ထုတွေ ရေးရင်း စာပေလောကထဲကို မသိမသာ ၀င်ခဲ့ပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က သူကြိုက်တဲ့၊ ကျွန်တော်ရေးတဲ့ တက္ကသိုလ်စိန်ရတု ကဗျာကိုတော့ သူ့ရဲ့ အရိန္ဒမာမဂ္ဂဇင်းမှာ ယူပြီး ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ပို့ခဲ့တာ ရွှေသမင်အတွက်ပါ။ ဒီလိုနဲ့ လူအများကြီး မသိပေမယ့် စာပေလောကထဲက လူတချို့သိလောက်တဲ့ အထိတော့ ကျွန်တော့်စာပေခရီးလေး တွင်ခဲ့တယ် ဆိုပါတော့။

တစ်ပြိုင်တည်းမှာပဲ ကျွန်တော်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် စတက်နေပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာ အရွေးခံရတော့ ဒုတိယနှစ်(စက်မှုတက္ကသိုလ်) ရောက်နေပါပြီ။ အဲဒီမှာ တတိယနှစ်ရောက်တော့ ကျွန်တော်လိုချင်တဲ့ Mechanical မေဂျာကို ရလည်း ရရော ကျွန်တော့် စိတ်မှာ အတွေးတစ်ခု ဖြစ်လာပါတယ်။ အဲဒါက တစ်နေ့ကျရင် ကျွန်တော်ဟာ စက်မှုအင်ဂျင်နီယာတစ်ယောက်တော့ ကျိန်းသေ ဖြစ်ပြီ။ ဒါကြောင့် ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရနိုင်တဲ့ စာရေးဆရာဘ၀ကိုတော့ မဖြစ်ဖြစ်အောင် အားထုတ်မယ်လို့ စိတ်ထဲက ကြံစည်မိတာပါပဲ။ တည့်တည့်ပြောရရင်တော့ ကျောင်းစာကို လိုမှလုပ်မယ်။ ကျန်တာက ကျွန်တော် စာရေးဆရာ ဖြစ်ဖို့လုပ်မယ် ဆိုတာပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ဖို့ထက် စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ကို ပိုပြီး လိုလားနေသူပါ။

ဒီတော့ ကျွန်တော့်ခုံနံပါတ်တွေ အောက်နားကကို မတက်ခဲ့ပါဘူး။ အမှတ်နဲ့ ခုံနံပါတ်ခွဲတဲ့ အတန်းမှာ ကျွန်တော့်ခုံနံပါတ်က လူ ၂၀၀ ကျော်မှာ အမြဲတမ်း ၁၀၀ ကျော်မှာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကျေနပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ကျောင်းစာထက် အပြင်စာကို ပိုတပ်မက်နေခဲ့တာကိုး။

အဲဒီအတွက် ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက ကျွန်တော့်ကို ကူညီပါတယ်။ ကျွန်တော့်ငယ်သူငယ်ချင်း တစ်ယောက်က ဆေးကျောင်းမှာ။ သူက ကျွန်တော်နဲ့ ကဗျာစာအုပ် တွဲထုတ်ဖို့ ကူညီတယ်။ သူပဲ ပိုက်ဆံစိုက်တာ။ စတုတ္ထနှစ်မှာ ကျွန်တော်တို့ Mechanical ကသူငယ်ချင်းတစ်ယောက်ကပဲ ကျွန်တော့်ကဗျာစာအုပ် တစ်အုပ်ထုတ်ဖို့ သူက ပိုက်ဆံစိုက်ပြီး လုပ်ခဲ့ကြပါတယ်။ အားလုံး လက်ကမ်းစာစောင် သဘောပေမယ့် ကျောင်းတွေမှာ လှည့်ပတ်ရောင်းရင်း ကျွန်တော့်ဝါသနာ ပျိုးထောင်ခွင့်လေး ရလိုက်ပါတယ်။ ပြီးတော့ စက်မှုတက္ကသိုလ်က ကျွန်တော်နဲ့ မေဂျာတူ၊ မေဂျာ မတူသူတွေက ကျွန်တော် စာတွေ ပိုဖတ်ချင်မှန်းသိလို့ သူတို့ အိမ်က စာကြည့်ဗီရိုထဲက စာအုပ်တွေတောင် ယူလာပေးခဲ့ကြပါသေးတယ်။

တဖြည်းဖြည်းနဲ့ လုံးချင်းဝတ္ထုတွေလည်း ကျွန်တော့်ဘာသာ တော်တော်ရေးပြီး သိမ်းထားခဲ့ပါတယ်။ တစ်နေ့ကျရင် ထုတ်မယ်ပေါ့။ တစ်ခါတော့ ကျွန်တော် စာအုပ်တိုက်တစ်တိုက်ကို သွားပြီး စပ်ကြည့်ပါတယ်။ ဖတ်ပေးမယ်။ ထားခဲ့ပါတဲ့။ ပြီးတော့ ဖတ်ပြီးတဲ့အခါ ပြန်လာယူဖို့ ပြောတော့ ကျွန်တော့်ကို မှတ်ချက်တွေ ရေးပေးလိုက်တယ်။ အချစ်ဝတ္ထုကို ပေးလိုက်တဲ့ မှတ်ချက်က ရည်ရွယ်ချက် မရှိဘူး ဆိုတဲ့ ပုံစံမျိုး ရေးလိုက်တော့ ကျွန်တော်တောင် မျက်စိလည်သွားခဲ့တယ်။ သူတို့တိုက်က ထုတ်နေတဲ့ အချစ်ဝတ္ထုစာအုပ်တွေက နိုင်ငံ တည်ဆောက်ရေးတို့၊ အမျိုးသားရေးတို့ ပါသလား ဆိုတာ ကျွန်တော့် အိမ်အပြန်လမ်းမှာ စဉ်းစားခဲ့မိတယ်။ နောက်ဆုံးတော့ ကိုယ့်ဘာသာ ငါစာရေးတာ ညံ့လို့လို့ပဲ တွေးပါတယ်။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ နည်းနည်းကြမ်းတဲ့ စာပေခရီးလမ်းမှာ ပေတေပြီး လျှောက်ခဲ့ရင်း ဟိုပြိုင်ပွဲ၊ ဒီပြိုင်ပွဲက ဆုလေးတွေလည်း နည်းနည်းပါးပါး ရခဲ့ပါတယ်။ ဒီမှာပဲ ၁၉၉၇ ခုနှစ်လောက်မှာ ဘောလုံးဆောင်းပါး ၀င်ပြိုင်ချင်တာနဲ့ ကလောင်တစ်ချောင်း စစဉ်းစားခဲ့ပါတယ်။ တကယ်တော့ သားသုံးယောက်မှာ အလတ်ဖြစ်တဲ့ ကျွန်တော်က စာစရေးကတည်းက ' သားလတ် ' ဆိုပြီး ရေးခဲ့တာ။ အဲဒီကလောင်က အချစ်ဝတ္ထုတို့၊ ကဗျာတို့၊ ဘ၀သရုပ်ဖော်တို့ ရေးခဲ့တာ ကြာပြီမို့ တခြား လိုင်းတစ်ခု ပြောင်းရင် ကလောင်ပြောင်းသင့်တယ် ထင်လို့ပါ။ တိုတိုပြောရရင် ' ဆူးသစ် ' ဆိုတဲ့ ကလောင်ကို ရွေးပြီး ၀င်ပြိုင်တာ နှစ်သိမ့်ဆု ရခဲ့ပါတယ်။

နောက်တော့ ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ ကျွန်တော့်ထက်ငယ်တဲ့ လူငယ်လေးတွေ၊ ကျွန်တော့် ညီလေး အရွယ်တွေကို ပြောစရာတွေ များများလာလို့ မနေနိုင်တော့ဘဲ လူငယ်ဆောင်းပါးလို အတွေး အခေါ် မြှင့်ပေးနိုင်တာမျိုးတွေကို ၂၀၀၀ခုနှစ်မှာ ' ဆူးသစ်' ဆိုတဲ့ကလောင်နဲ့ စရေးခဲ့ပါတော့တယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ဦးတည်ချက်က ဆရာကြီးလုပ်ဖို့ မဟုတ်ဘဲ ကျွန်တော်သိထားတာကို ဗဟုသုတ မျှဝေတဲ့ ပုံစံမျိုး ( Knowledge Share) လုပ်တာပါ။ အဲဒီအတွက် ကျွန်တော့်ဆောင်းပါးတွေမှာ ဘယ်လိုလုပ်ရင် ဘယ်လိုချမ်းသာသွားမယ်တို့ ဘာတို့ မပါခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တောင် မချမ်းသာသေးလို့ ငွေရှာနေရတာ မဟုတ်လား။ တက်ကျမ်းလို့ သူများတွေ နာမည်ပေးပေမယ့် ကျွန်တော့်သဘောထားကတော့ အကြံပြုတဲ့စာ၊ ဗဟုသုတ မျှဝေတဲ့စာ ဆိုတဲ့ သဘောလောက် သတ်မှတ်ချင်တာပါ။

အဲဒီဆောင်းပါးတွေကိုတော့ အဖေက သူတာဝန်ယူနေတဲ့ မှုခင်းရှုထောင့်မဂ္ဂဇင်းမှာ လစဉ်ဖော်ပြပေး ခဲ့ပါတယ်။ ဒီနေရာမှာ အဖေ့ကို ကျွန်တော်က အဖေကြိုက်ရင် ထည့်ပေးပါလို့ ပြောခဲ့တော့ အဖေက ဖတ်ကြည့်ပြီး မဂ္ဂဇင်းထုတ်ဝေသူကလည်း ကြိုက်လို့ ထည့်ပေးခဲ့တာပါ။ ဒါနဲ့ ၂၀၀၀ခုနှစ်ကနေ ယနေ့အထိ ကျွန်တော်ဟာ အဲဒီမဂ္ဂဇင်းမှာ လစဉ်ရေးသားခွင့် ရခဲ့ပါတယ်။ ရံဖန်ရံခါ တခြားမဂ္ဂဇင်းများကိုလည်း ကျွန်တော့်ဆောင်းပါးတွေ ပို့ဖြစ်ခဲ့ပြီး ဖော်ပြခံခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်၊ ဇူလိုင်လမှာတော့ စကားပြေရေးဟန်ကနေ စကားပြောပုံစံကို ပြောင်းခဲ့ပါတယ်။ အကြောင်းက စကားပြေနဲ့ ရေးရတာ ကျဉ်းနေတဲ့ ဆောင်းပါးမျိုးတွေ ကျွန်တော့်မှာ ရှိလာလို့ပါ။ ပြီးတော့ ကျွန်တော့်ညီလေးကို ပြောချင်တဲ့ အကြောင်းတွေလည်း ရှိလာလို့ ' ညီလေးဖတ်ဖို့ရေးတဲ့စာ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော့်ဆောင်းပါးတွေကို ယနေ့အထိ ဆက်ရေးဖြစ်ခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာ ကျွန်တော်အိမ်ခဏပြန်တော့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ သူကိုယ်တိုင် သူများတွေ စာအုပ်ထုတ်တာကို စီစဉ်ပေးနေရတယ်တဲ့။ အဲဒီလူတွေရဲ့ စာတွေက ကျွန်တော့်လောက် မများသေးပါဘူး။ သူတို့တစ်တွေ စာအုပ်တွေ ထုတ်နေကြတော့ ကျွန်တော့် ဆောင်းပါးတွေစုပြီး စာအုပ်ထုတ်ဖို့ သူလုပ်မယ်တဲ့။ ကျွန်တော်အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်က လုံးချင်းဝတ္ထုတွေ ထုတ်ဖို့ပါ။ ဒါပေမဲ့ လောလောဆယ် ကျွန်တော့်မှာ လုံးချင်းထုတ်နိုင်တဲ့ ၀တ္ထုအရေအတွက်က နည်းနေသေးတော့ မဖြစ်နိုင်ခင်စပ်ကြားမှာ ဒီဆောင်းပါးတွေ ထုတ်တာ ကောင်းပါတယ်လို့ တွေးပြီး သဘောတူခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော့်စိတ်ကြိုက် ဆောင်းပါးတွေ ပြန်ရွေးပြီး အဖေ့လက်မှာ ထားခဲ့ပါတယ်။

ကျွန်တော် စင်ကာပူမှာ ပြန်လာပြီး အလုပ်လုပ်နေတုန်းမှာပဲ အဖေ သူ့ဘာသာ အားလုံးစီစဉ်ပြီး အခု ၂၀၁၁ခုနှစ် ဒီဇင်ဘာလလယ်မှာ စာအုပ်ထွက်လို့ ဖြန့်ခဲ့ပါပြီ။ ကျွန်တော့်ကလောင်နာမည် ' ဆူးသစ် ' နဲ့ ဖြစ်ပြီး "'အဝေးရောက် ထွန်းတောက်မြန်မာ' နှင့် ညီလေးဖတ်ဖို့ရေးတဲ့စာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဆရာ ဒေါက်တာချစ်စံဝင်း နဲ့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရယ်၊ ကျွန်တော့်အဖေရယ် အမှာစာရေးပေးထားပါတယ်။ ဆောင်းပါး (၂၃)ပုဒ်ပါပါတယ်။ နိုင်ငံ့ဂုဏ်ရည်စာပေတိုက်က ထုတ်ဝေ ခဲ့တာဖြစ်ပြီး တစ်အုပ် ၂၀၀၀ ကျပ်နဲ့ပါ။

ဆရာဒေါက်တာချစ်စံဝင်းကတော့ သူ့အမှာစာထဲမှာ ဒီလို ဆိုထားပါတယ်။

" 'စာကလေးပြတဲ့ မိဘမေတ္တာ' နှင့် ' အဖေပေးလိုက်သော အံသွားတစ်ချောင်း' ဆောင်းပါးနှစ်ပုဒ်မှာ ဂန္ထ၀င်ဆောင်းပါးနှစ်ပုဒ် ဖြစ်ပါသည်။"

" ထို့အပြင် ခေါင်းစီးပေးထားသော 'အဝေးရောက် ထွန်းတောက်မြန်မာ' နှင့် 'သူငယ်ချင်းပြောတဲ့ တက္ကသိုလ်ပုံပြင်' ဆောင်းပါးနှစ်ပုဒ်ကလည်း ယနေ့လူငယ်တွေ အားကျ အတုယူဖွယ်ကောင်းလှပါသည်။ ပုံပြင်မဟုတ်၊ ၀တ္ထုမဟုတ်၊ စိတ်ကူးယဉ်မဟုတ်၊ လက်တွေ့ဘ၀ သရုပ်မှန်မို့ လူငယ်တွေ စံနမူနာ ယူကြစေချင်ပါသည်။ " လို့ ဆိုထားပါတယ်။

ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း) ကတော့-

" သည်စာစုသည် " ဆူးသစ်" ဆိုသော လူငယ်တစ်ဦး၏ ဘ၀တစ်စိတ်တစ်ပိုင်း ဖြတ်သန်းမှုပုံရိပ်ဟု ဆိုလိုက ဆိုနိုင်ပေမည်။

ဆူးသစ်ဆိုသော မြန်မာလူငယ်တစ်ဦး၏ 'သမိုင်း' တစ်ပိုင်းတစ်စ ဖြစ်ပါလိမ့်မည်။

ကျွန်တော့်ကဗျာလေးတစ်ပုဒ်ဖြင့် သူ့ကို အမှတ်တရ ဖြစ်စေချင်ပါသည်။

"သမိုင်း"

လူငယ်သွေးသစ်
ရေကြည်ဖြစ်လျှင်........

'ဧရာဝတီ'
မြန်မာပြည်တည့်
ရေကြည် 'လှိုင်းသစ်'
တိုက်စားရစ်
ခေတ်ကမ်းပါးကို ထုဆစ်စေ။ ။"

လို့ ကျွန်တော့်ကို သူ့ရဲ့ကဗျာတစ်ပုဒ်နဲ့ ရည်ညွှန်းခဲ့ပါတယ်။

အမှာစာရေးပေးတဲ့ စာရေးဆရာများကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အဖေပါ။ သူမရှိရင် ဒီစာအုပ်ဖြစ်လာစရာ အကြောင်းကို မရှိပါဘူး။ ပြီးတော့ ကျွန်တော်ဘာလုပ်လုပ် နောက်ကနေ အမြဲယုံကြည်နေတတ်တဲ့ ကျွန်တော့်အမေ။ ကျွန်တော့်အနုပညာကို တန်ဖိုးထားတဲ့၊ ကျွန်တော်ဘာလုပ်လုပ် အမြဲအကောင်းမြင်တဲ့ ကျွန်တော့်ချစ်ဇနီး ပါရမီဖြည့်ဖက်လေး။ ကျွန်တော့်ကို အားပေးနေကြတဲ့ ကျွန်တော့်ရဲ့ အစ်ကိုကြီး မိသားစုနဲ့ ကျွန်တော့်ညီလေး။ ဒီညီလေးကြောင့်ပဲ ဒီစာစုတွေ ဖြစ်လာခဲ့ ရတာပါ။ နောက်ဆုံးကတော့ ကျွန်တော့်ဘ၀ရဲ့ စာပေရူးသွပ်မှုကို ၀ိုင်းပြီး ပံ့ပိုးအားပေးခဲ့ကြတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းတွေနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ။ အားလုံးကို ကျွန်တော့်နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူး တင်နေမိပါတယ်။

တကယ်တော့ ဒီစာအုပ်ဟာ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး စာအုပ်မို့ အမှတ်တရ မှတ်တိုင်တစ်တိုင် ဖြစ်သွား ခဲ့ပါပြီ။ အခြေအနေပေးရင် နောက်ထပ်စာအုပ်ပေါင်းများစွာ ကျွန်တော်ထပ်လုပ်ချင်ပါသေးတယ်။ ၀ါသနာကို အရင်းခံထားခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ဖြတ်သန်းမှုတွေထဲမှာ ကျွန်တော်ပေးချင်တာတွေကို မျှဝေရင်း မသေမချင်း စာရေးနေတဲ့သူ အဖြစ်တော့ ကျွန်တော်ရှင်သန် နေချင်ပါသေးတယ်ဆိုရင် ကျွန်တော့်ကို နားလည်ပေးနိုင်မယ်လို့ ထင်မိပါတယ်။ ။

ဆူးသစ်
၁၃:၄၁ နာရီ
၂.၁.၂၀၁၂


Saturday, December 31, 2011

"ရာဇ၀င်ထဲက ၂၀၁၁ နှင့် သမိုင်းသစ်မည့် ၂၀၁၂"


၂၀၁၁ ခုနှစ် ကုန်ဆုံးတော့မည်။ မကြာခင် ၂၀၁၂ ခုနှစ် ကိုရောက်ပေတော့မည်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ခရစ်နှစ်ဟောင်းတစ်နှစ်ကို လည်ပြန်ကြည့်ချင်သေး၏။ ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့သနည်း။ ကျွန်တော်မှတ်မိသလောက် ပြန်စဉ်းစားနေမိသည်။

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးလောက အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အရေးနှင့် လူမှုရေးဆောင်ရွက်ချက်များသည် ပြည်သူများ၏ ထောက်ခံမှုများကြားမှာ တစ်ဟုန်ထိုး အရှိန်ရလာခဲ့သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းများက မြန်မာကို လှည့်ကြည့်လာကြသည်။ အမေရိကန်၊ ဂျပန် နှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများလာတိုင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားသည်။ ကျွန်တော်ဝမ်းသာမိသည်။ ကျွန်တော်တို့ နိုင်ငံတိုးတက်မည့် အရိပ်အယောင် မြင်လာရပြီဟု ယုံကြည်နေမိသည်။

ပိုပြီးထူးခြားနေသည်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်တွင်းက ရုပ်ရှင်၊ ဂီတ စသည့် အနုပညာ အသိုင်းအ၀ိုင်းက လူများ ရင်းနှီးစွာထိတွေ့ ဆက်ဆံနေကြသည်။ ကျွန်တော်တို့အားလုံးမှာ တူညီသော ခံစားချက်များ ရှိနေကြသည်။ တိုင်းပြည်တိုးတက်ရေး။ အားလုံးတတ်နိုင်သလောက် ကူဖို့အဆင်သင့်။ မခေါ်ဘဲကို လာချင်နေကြသည်။ သည်တစ်ကြိမ်မှာ အနုပညာသမားများ အစွမ်းကုန် ဖွင့်ထုတ်တော့မည်ဟု ကျွန်တော်မျှော်လင့်နေသည်။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိကိစ္စမှာလည်း သူတို့ အားထည့်နေသည်။ တကယ်တော့ ထိုကိစ္စသည် သူတို့၏ စွမ်းဆောင်မှု သာဓကတစ်ခုမျှသာ။ သူတို့မှာ နောက်ထပ်လုပ်ချင်တာတွေ ရှိဦးမည်။ ဂီတဘက်က လူများကလည်း သည်သဘောနှယ်။

စာပေဘက်ကတော့ နိုင်သလောက်ထမ်းနေကြသည်။ အင်တာနက်ပေါ်က မြင်နေရသော ဂျာနယ်များ၏ တွန်းအားများ၊ ဘလော့ဂါများ၏ တွန်းအားများ၊ စသည်ဖြင့် ကဏ္ဍအစုံမှ တွန်းအားများကြောင့်လည်း ကျွန်တော်တို့လိုချင်သော ပန်းတိုင်သည် နီးလာပြီဟု ထင်ပါသည်။

နောက်ထပ်ထူးခြားမှုတစ်ခုက မြစ်ဆုံ။ အားလုံးသော ပြည်သူများ၏ ဆန္ဒ၊ နယ်ပယ်အသီးသီးမှ ကန့်ကွက်မှုများအရ ဧရာဝတီသည် အရှည်တည်တော့မည်ဟု ကျွန်တော်ထင်နေမိသည်။ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်သွားပါလိမ့်မည်။ ကျွန်တော်လည်း ဧရာဝတီကို ချစ်ပါသည်။ မြစ်ဆုံကိစ္စ ရပ်တန့်မှုသည် ရာသက်ပန်ရပ်တန့်မှုသာ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။

နောက်ထပ် မှတ်မိနေသည်က ပခုက္ကူရေဘေး။ သည်လိုနေရာမှာ ရေကြီးစရာလားဟု တွေးနေမိသည်။ တစ်ခါမျှ ယောင်လို့ပင် မတွေးမိသည့်နေရာတွေမှာ မဖြစ်ဖူးတာတွေ ဖြစ်လာသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည့် ကိစ္စက ကျွန်တော့်အတွက် စကားလုံးကြီးကောင်းကြီးနိုင်သော်ငြား ထိုစကားလုံး ကိုပင် လေးစားစွာ စဉ်းစား လာရသည်။

နောက်တစ်ခုကတော့ ၂၀၁၁ခုနှစ်ကုန်ခါနီးမှ ဖြစ်ခဲ့သော မင်္ဂလာတောင်ညွန့်မီးဘေး။ လူများသေ၊ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့။ စိတ်မကောင်းစရာ။ ၀မ်းနည်းစရာ။ ကျွန်တော်နောက်ထပ် ထပ်ပေါင်းထည့်ချင်သည့် အရာက သင်ခန်းစာယူစရာ။ ဂိုဒေါင်ကစသည်ဟု ဆိုသည်။ စင်ကာပူမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအလုပ် လုပ်နေရသည့် ကျွန်တော့်အတွက် သည်လိုကိစ္စမျိုးတွေက မဖြစ်သင့်ဘဲ ဖြစ်သည်ဟု ထင်သည်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေကျ တာဝန်ယူမှု ပေါ့သည့်အပိုင်းဟုသာ တည့်တည့်ပြောချလိုက်ချင်သည်။ ပြီးတော့ နိမ့်ကျနေသေးသည့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ။ ဂိုဒေါင်ကို ဂိုဒေါင် ဟုသာ မြင်နေသေးသရွေ့ သည်လိုကိစ္စများ ဆက်ဖြစ်နေဦးမည်ထင်သည်။

သည်ဂိုဒေါင်က ယခင်က ဘာတွေ သိုလှောင်ခဲ့သနည်း။ ဘယ်လိုအလုပ်မျိုး လုပ်ခဲ့သနည်း။ ကျွန်တော်လည်း တရားဝင်စုံစမ်း၍ ထွက်လာနိုင်သော အဖြေကို သိချင်ပါသည်။ ယခုအပြင်က သိနေရသည်များကိုတော့ ကြားစကားမို့ ကျွန်တော် အတည်ပြုမပြောချင်။ သူတို့ပြောသည်များကလည်း အတည်ဖြစ်နိုင် ပါသည်။ ပေါက်ကွဲမှု ဆိုကတည်းက အသားလွတ်တော့လည်း ထမပေါက်စကောင်း။ သို့သော် ရပ်ကွက်နားနီးပြီး ဘာတွေသိုလှောင်ထားမှန်းမသိသော ဂိုဒေါင်တစ်လုံးက ထပေါက်သည်ဆိုခြင်းကတော့ ကျွန်တော်ပြောခဲ့သလို တာဝန်ယူမှု၊ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ နိမ့်ကျမှု စသည်ဖြင့် အကြောင်းအချက်များစွာ ထည့်ပြောရပေတော့မည်။ ( ကျွန်တော့်အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ကျွန်တော် မှတ်သားမိသမျှကို နောက်ထပ် ပို့စ်များစွာဖြင့် ရေးသားရန်လိုအပ်လာသည်ဟု ယခု မင်္ဂလာတောင်ညွန့်မီးဘေးကိစ္စက ခံစားမိစေပါသည်။)

မင်္ဂလာတောင်ညွန့်မီးလောင်ပြီး မနေ့က (၃၀.၁၂.၂၀၁၁) မှာလည်း ကမာရွတ် အ.ထ.က (၂) က မီးဆက်လောင်ပါသည်။ ၀ါယာရှော့ခ်ဟု ဆိုပြန်သည်။ မင်္ဂလာတောင်ညွန့်တုန်းကလည်း ၀ါယာရှော့ခ်ဟု ဆိုခဲ့ကြသည်။ ကျွန်တော်တို့ မြန်မာပြည်မှာ မီးလောင်လျှင် ၀ါယာရှော့ဟု တန်းပြော၍ ရအောင်ဖြစ်နေ ခဲ့သည်မှာ ကြာခဲ့ပြီဟု ကျွန်တော်ထင်သည်။ ထိုဝါယာရှော့ တကယ်ဖြစ်နိုင်သည် ဆိုလျှင်ရော မည်သည့်နည်းနှင့်မျှ မကာကွယ်ကြတော့ဘူးလားဟု ကျွန်တော်တွေးနေမိသည်။ ဒါလည်း ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာကင်းမဲ့မှု၊ တာဝန်ယူမှု ကင်းမဲ့ခြင်းဟုပင် ထပ်ခါတလဲလဲ ပြောချင်ပါသေးသည်။ ထိုအချက်ကို သက်သေပြုနေသည်က မင်္ဂလာတောင်ညွန့်မီးဘေးကိစ္စမှာ ၀ါယာရှော့ ဖြစ်သည်ဆို၍ ၀ါယာရှော့မဟုတ်ကြောင်း လျှပ်စစ်က တာဝန်ရှိသူက ပြန်ရှင်းပြခဲ့ဖူးခြင်းပင်။ မည်သို့ဆိုစေ မီးကလောင်ပြီး သွားချေပြီ။

ကောင်းသည့်ဘက်က လှည့်တွေးလျှင်တော့ ယခင်က လူတော်တော်များများ အပြစ်တင် ဝေဖန်ခဲ့သည့် မီးသတ်ရဲဘော်များ အသက်ပေး၍ ကာကွယ်သွားသည့်အတွက် လူတချို့၏ ယုံကြည်မှု ပြန်ရခဲ့ခြင်းပင်။ ဒါတောင် အပြော မလွတ်သည့် လူ့သဘာဝ၊ အမြင်ကျဉ်းသူ တချို့၏ ဖျတ်ခနဲ ကြည့်ရုံနှင့် မြင်ရမှုအပေါ် ကောက်ချက်ချမှု များကဖြင့် အော့နှလုံး နာချင်စရာ ကောင်းလှတော့သည်။

၂၀၁၁ ခုနှစ်အတွင်း စာပေဟောပြောပွဲများ ယခင်ကထက် အရှိန်ရလာခြင်းကလည်း ၀မ်းသာစရာကောင်းသလို နိုင်ငံခြားတိုင်းပြည်များကပါ စာရေးဆရာများကို ဖိတ်ကြား၍ ဟောပြောပွဲများ လုပ်လာခြင်းက ၂၀၁၁ ခုနှစ်အတွက် မှတ်မှတ်ရရ ဖြစ်စရာ တစ်ခုဟု ကျွန်တော်ထင်ပါသည်။

မြန်မာပြည် ၂၀၁၁ ခုနှစ်တွင် ကျွန်တော်မှတ်မိသမျှ ပြန်စဉ်းစားကြည့်ခြင်းပါ။ တစ်ဆက်တည်းမှာပင် စင်ကာပူ ၂၀၁၁ ခုနှစ်ကိုလည်း ကျွန်တော်ပြန်တွေး ကြည့်မိပါသည်။

မှတ်မိသည်များထဲမှ အထင်ရှားဆုံး ဆိုရလျှင် ကျွန်တော် အလုပ်လုပ်နေသော ဘူကုန်းကျွန်း မီးလောင်သည်။ ထိခိုက်ဒဏ်ရာရမှု၊ အသေအပျောက် လုံးဝမရှိ။ ပျက်စီးဆုံးရှုံးမှုများ ရှိသည်။ (၃၇) နာရီကြာ လောင်သောမီးဖြစ်သည်။

နောက်ထပ် မှတ်မှတ်ရရ ဖြစ်စရာက မြန်မာမိန်းကလေးတစ်ဦး တိုက်ပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်ဟု ယူဆရသော အဖြစ်တစ်ခု ဖြစ်ခဲ့သည်။ ဆုံးပါးသွားခဲ့ရ၏။ သိပ်မကြာမီမှာပင် အိမ်ဖော်အလုပ်လုပ်ရန် ရောက်နေသည်ဟု ယူဆရသော မြန်မာမိန်းကလေးတစ်ဦး လူကူးတံတားပေါ်မှ ထပ်ခုန်ချသည်။ မသေ။ သို့သော် ကျိုးပဲ့ကုန်သည်။

ကျွန်တော့်အထင် ပြောရလျှင် ၂၀၁၁ ခုနှစ်သည် နှစ်ကုန်ခါနီးမှာ စိတ်မကောင်းစရာ၊ ၀မ်းနည်းစရာများကို ထားရစ်ခဲ့သည်ဟု ထင်သည်။ မြန်မာပြည်မှာတော့ မီးလောင်မှုများနှင့် အဆုံးသတ်ခဲ့ရပြီး စင်ကာပူမှာတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုများနှင့် အဆုံးသတ်ခဲ့ရသည်။

သည်တော့ ကျွန်တော့်အနေဖြင့် ၂၀၁၂ ခုနှစ်ကို ကျွန်တော်တို့ မြန်မာပြည်ကြီး ဘေးကင်း၍ တိုးတက်သော အသွင်အပြင်များနှင့် ကြိုချင်လှသည်။ ကျွန်တော်တို့ မြန်မာလူမျိုး အများစု အလုပ်လုပ်နေသော စင်ကာပူမှာလည်း အားလုံး အဆင်ပြေပြေဖြင့် ဘ၀များကို ဖြတ်သန်းရင်း ၂၀၁၂ ကို ကြိုချင်ပါသည်။ ထိုထက် ပိုကောင်းမည်ဆိုလျှင် ကျွန်တော်တို့အားလုံး ကိုယ့်တိုင်းပြည် အမြန်တိုးတက်၍ ကိုယ့်ပြည်ကိုယ့်ရွာမှာ အလုပ်အကိုင် ကောင်းကောင်းဖြင့် ပြန်လုပ်နိုင်ပြီဆိုသော သတင်းစကားများ ရောက်ရှိလာမည့် အချိန်ကို စောင့်ကြိုချင်လှပါသည်။

၂၀၁၁ ခုနှစ်သည် မကြာမီ အဝေးမှာ ကျန်ခဲ့တော့မည်။ ကျွန်တော်တို့၏ ရာဇ၀င်၊ ကျွန်တော်တို့၏ သမိုင်းမှာ ၂၀၁၁ ခုနှစ်သည် တစ်စုံတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။ ၂၀၁၂ ခုနှစ်သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ သမိုင်းကို တစ်စုံတစ်ရာ ပြောင်းလဲအောင် စွမ်းဆောင်နိုင်မည့် နှစ်သစ်တစ်နှစ် ဖြစ် လာလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေမိပါတော့သည်။ ။

ဆူးသစ်
၁၄:၁၀ နာရီ
၃၁.၁၂.၂၀၁၁



Thursday, December 29, 2011

"ကျွန်တော့်မှတ်စု" ( ၉ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ ၁၉၆၆ ခုနှစ်၊ စက်မှုတက္ကသိုလ် နွေကျောင်းပိတ်ရက်တွင် ကျွန်မ အိမ်မပြန်ရပါ။ ကြက်ခြေနီသင်တန်း တက်ရမည်ကြောင့် ဖြစ်ပါသည်။

+ G ဆောင် နောက်ဘက်တွင် သစ်ပင်များနှင့် တောထနေသည်။

+ ပထမနှစ် အင်္ဂလိပ်စာ အတန်းတွင် ကျောင်းသား၊ကျောင်းသူတိုင်း ကိုယ်ကြိုက်ရာ အကြောင်းတစ်ခုကို အတန်းရှေ့ထွက်၍ ဆယ်မိနစ်ခန့် ပြောရပါသည်။ ဆရာတွေ လက်ချာပေးသလိုပေါ့။ ကျောင်းသားတွေ လူရှေ့ သူရှေ့ အင်္ဂလိပ်စကား ပြောရဲ ဆိုရဲအောင် လေ့ကျင့်ပေးခြင်း ပါပဲ။

+ ကျွန်မတို့နေရသော G ဆောင်မှ အတော်လှမ်းသည့် ကြက်တောင်ရိုက် အဆောက်အအုံ ဘက်သို့ တစ်ယောက်တည်း သွားကြည့်သည်။ ရန်ကုန်တက္ကသိုလ် အင်းလျားဝန်းကျင်ကဲ့သို့ ကြောက် စရာ ကောင်းသော နေရာ မဟုတ်၍၊ လုံခြုံမှုလည်း ရှိ၍ တစ်ယောက်တည်း စိတ်ချလက်ချ သွားရဲခြင်း ဖြစ်ပါ၏။

သွားရကျိုးနပ်ပါသည်။ လူသူနှင့် လှမ်း၍ တိတ်ဆိတ်ငြိမ်သက်သော၊ လှပသော ခရမ်းပြာ ဗေဒါတောကြီးနှင့် စိမ်းမြအေးချမ်းလှသော ကန်ကြီးတစ်ကန်ကို ဘွားခနဲ တွေ့လိုက်ရပါ၏။ ခြောက်သွေ့ပူလောင်လှသော စက်မှု တက္ကသိုလ် ကန္တာရတွင် သည်လောက် စိမ်းလန်းအေးချမ်းသော နေရာတစ်ခုရှိနေခြင်းကို ကျွန်မ ယုံပင် မယုံနိုင်။ သည်ဗေဒါကန်ကြီးသည် အာအိုင်တီတွင် ကျွန်မအလွန်မြတ်နိုးသော အရာတစ်ခုဖြစ်လာခဲ့ပြီး အာအိုင်တီ အင်းလျားဟု ကိုယ့်ဘာသာကိုယ် အမည်ပေးခဲ့မိလေသည်။ အတန်းထဲမှ သူငယ်ချင်းယောကျာ်းလေးများကို သည်ကန်ကြီးအကြောင်း ပြောပြတော့ သူတို့လည်း မယုံနိုင်လောက်အောင် အံ့ဩနေကြသည်။ ကြက်တောင်ရိုက်သူများသည် ကစားပြီး အိမ်သာပြန်ကြသည်။ အဆောက်အအုံဆီမှ နောက်ဘက်သို့ ခြေ တစ်လှမ်းထပ်၍ မဆန့်ခဲ့ကြချေ။

[' ၀တ္ထုရေးသော မမြင့်ခိုင် ' ဆောင်းပါးမှ - မမြင့်ခိုင်၊ ရင်ခွင်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၉၄ခုနှစ်]

+ စက်မှုစာစောင်လေးကို တစ်ပတ်တစ်ခါ ထုတ်သည်။ တစ်စောင်လျှင် ဆယ်ပြားဖြစ်သည်။ လက်ရေးနှင့်ရေးကာ ပုံတူကူးစက်နှင့် လှည့်ထုတ်သော စာစောင်လေးများ ဖြစ်လေ သည်။ ကျောင်းသား၊ ကျောင်းသူ အများကလည်း အားပေးကြသည်။ ကျောင်း အတွင်း၌ ဖြစ်နေပျက်နေသော အဖြစ်အပျက် အစုံကို ဟာသလေး နှော၍ ပြန်လည် တင်ပြထားသော သတင်းစာဆန်ဆန်၊ သတင်းစဉ်လေး ဖြစ်သောကြောင့် သဘောကျ နှစ်ခြိုက်ကြသည်။

+ စက်မှုတွင်ပင် ဘာသာရပ်များ ထပ်၍ ခွဲခဲ့သည်။ [ စက်မှု ( စိုက်ပျိုးရေး)]

+ ခရမ်းနုရောင်၊ ပန်းနုရောင် စွယ်တော်ပွင့်။

[ 'မစပ်သောငရုတ်' လုံးချင်း ၀တ္ထု (ဒုတိယအကြိမ်မှ) - မစန္ဒာ]


Monday, December 26, 2011

" ကြည်လင်စွာခံစား နဒီမင်္ဂလာ ထံပါးမှာ "


ကောင်းကင်သည် အမှောင်မှအလင်းဘက်ဆီသို့ ဖြည်းဖြည်းချင်း ကူးပြောင်းလာသည်။ အလင်း မှုန်ပျပျအောက်မှာ ဆီးနှင်းတို့ကို ခပ်ပါးပါးတွေ့သည်။ မကြည်မလင်ဖြစ်နေသော အရာများအားလုံး အမှောင်အောက်မှာ ကျန်ခဲ့ပေတော့မည်။ အလင်းဆီသို့ ရွေ့နေဆဲ။ မကြာခင် မိုးလင်းပေတော့မည်။

ငှက်တို့၏ အသံကို နားမှာကြားရသည်။ လေပြည်သည် အေးမြခြင်းကို ဆောင်ကျဉ်းနေ၏။ ဆောင်းလေကို ခံစားရင်း ရင်ထဲသို့တိုင် အအေးဓာတ်သည် ရောက်လေသလားမသိ။ သည်လိုတော့ ခံစားမိသည်။ အရာရာသည် အေးမြလွန်းလှ၏။ သည်လိုအေးသည့်ကြားမှာ ငှက်တို့ မည်သည့်အရပ်သို့ သွားမည်နည်း။ မည်သည့်နေရာမှာ ဆင်းသက်ခိုနားမည်နည်း။

နံနက်ခင်း မှုန်ပျပျအလင်းအောက်မှာ သူတစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့သည်။ ကမ်းခြေဘက်ဆီသို့။ ထိုကမ်းခြေဘေးမှာ ပန်းတွေဖွေးနေသည်။ ရနံ့တွေ မွှေးနေမည်။ ကျက်သရေရှိခြင်းသည် ထိုကမ်းခြေဘက်မှာ ရှိမည်။ သူလမ်းလျှောက်နေကျ ခြေသွားလမ်းကလေးကား ထိုသို့ သာယာသည်။ ဆောင်း၏ အေးမြခြင်းနှင့် အတူ မြစ်လေ၏ အေးမြခြင်း တို့လည်း ရောထွေးကောင်း ရောထွေးနေလိမ့်မည်။

ထိုစဉ်မှာပင် ကမ်း၏တစ်ဖက်မှ တရားသံကို ကြားလိုက်ရသည်။ အို-အေးမြလိုက်ပါဘိ။ အရုဏ်ဦးနှင့်အတူ ကျက်သရေရှိလှပါဘိ။ ဆောင်း၏ အေးမြခြင်း၊ ကမ်း၏ အေးမြခြင်း၊ တရားဓမ္မ၏ အေးမြခြင်း၊ အားလုံးပေါင်းဆုံသည့် အခိုက်အတန့်မှာ သူ့နှလုံးသား၏ ပူလောင်မှုတို့ ငြိမ်းအေးသွားသလို ခံစားရသည်။

သူသည် လူသားတစ်ဦးမို့ သူ့နှလုံးသားသည် အချစ်ကြောင့်သော်လည်းကောင်း၊ ဘ၀ထဲမှ အရှုပ်အထွေး လူ့အရေးတို့ကြောင့်သော်လည်းကောင်း ပူလောင်ကောင်း ပူလောင်နေမည် ဖြစ်သော်ငြား ယခုတော့ ကမ်း၏ဘေးမှာ အေးငြိမ်းခြင်းကို ရရှိနေလေသည်။

သူဖြတ်သန်းခဲ့ရသည့် ခရီးသည်ကား ပူလောင် လွန်းလှ၏။ နာကျင်ခြင်း၊ ကြေကွဲခြင်းတို့ ပြည့်နှက်နေ၏။ ဘ၀သည် ယခုလို မအေးမြ။ ချစ်သူသည် ရည်ရွယ်ရာသို့ မရောက်မီ သူ့ကို လက်တွဲဖြုတ်၊ ထားရစ်ခဲ့လေသည်။ သို့သော်သူ့မှာ ရှိသော ယုံကြည်မှုတို့သည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့။ တစ်နေ့မှာ ချစ်သူနှင့်သူ ပြန်လည် ဆုံစည်းရမည်။ သည်လိုအတွေးနှင့်ပင် ချစ်သူကား သူ့ရင်မှာ အမြဲစိုးမိုးလို့ နေနေခဲ့တော့၏။

ယခုလို အချိန်မျိုးမှာတော့ သူသည် သူ့ချစ်သူနှင့် ကင်းကွာနေမှုများကို အေးမြခြင်းနှင့် ကုစားနေလေသည်။ ထိုအေးမြခြင်းသည် ဆောင်းကြောင့်လား၊ ကမ်းခြေကြောင့်လား၊ တရားဓမ္မကြောင့်လား ဆိုသည်ကို မသဲကွဲ။ သို့သော် သူကား ခေတ္တခဏတော့ အေးမြနေလေသည်။ ဘ၀ဆိုသည်က သည်လိုလား။

အရုဏ်ဦးသည် ဆက်လက်လှပနေဆဲ။ ဆီးနှင်းတို့နှင့် ဆောင်းသည် အေးမြနေဆဲ။ ပန်းရနံ့တို့သင်းသော ကမ်းခြေသည်လည်း ရနံ့တို့မွှေးနေသလို လေပြည်ကြောင့် အေးမြနေဆဲ။ တစ်ဖက်ကမ်းမှလာသော တရားဒေသနာသံသည်လည်း နှလုံးသားသို့တိုင် တိုးဝင်အေးမြနေဆဲ။ အမှောင်သည် တရွေ့ရွေ့ဆုတ်ခွာကာ အလင်းသည် နေရာယူလာလေသည်။ လူသားတစ်ဦးသည်ကာ သူ့နှလုံးသားမှ ပူလောင်မှုကို နှစ်သိမ့်နေဆဲ။ မြစ်တစ်စင်းသည် မင်္ဂလာအပေါင်းကို ဆောင်ယူလာပေးသည်။ ထိုမြစ်နားမှာ ကောင်းခြင်းများရှိသည်။ မြစ်၏ မင်္ဂလာများပေတည်း။ တစ်နည်းအားဖြင့် ဆိုရလျှင် နဒီ မင်္ဂလာ။

သီချင်းတစ်ပုဒ်ကို နားထောင်ပြီး ကျွန်တော်သည်လိုခံစားရသည်။ ကျွန်တော်မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော့် ပတ်ဝန်းကျင်မှာ သည်လိုခံစား၍ ရသည်။ ကျွန်တော်တို့နားမှာ ချောင်းရှိသည်။ မြစ်တော့ မဟုတ်။ သို့သော် ဆောင်းတွင်း၌ နှင်းများကျနေလျှင်သော်လည်းကောင်း၊ တစ်ဖက်ကမ်းမှ လွင့်လာသော တရားသံသည် လည်းကောင်း၊ ကျွန်တော့်ရင်ကို ဆောင်း၏ အအေးနှင့်အတူ အေးမြနေစေတတ်သည်။

ထိုအခါမျိုး၌ ကျွန်တော်သီချင်းတစ်ပုဒ်ကို အမြဲ တိုးတိုးဖွဖွ ရွတ်တတ်သည်။ ကိုရဲလွင် ရေးသည်။ ဆိုသူက အများကြီး။ ကိုတိုးကြီးဟု ခေါ်သော ခင်မောင်တိုးလည်း ဆိုထားသည်။ သို့သော် ကျွန်တော်စ၍ နားယဉ်ခဲ့သည်က ခင်ဝမ်း ဆိုခဲ့သည့် သီချင်း။ သီချင်းနာမည်က ' နဒီမင်္ဂလာ'။ မူလနားယဉ်ခဲ့သူကိုသာ ဦးစားပေး၍ ရှာပြီးတင်လိုက်ပါသည်။ ခံစားကြည့်စေချင်ပါသည်။ ။

သားလတ်
၂၆.၁၂.၂၀၁၁
၉:၅၉ နာရီ



Sunday, December 25, 2011

" ခရစ်စမတ် ပြီးရင် "


ခရစ်စမတ်ပြီးရင်
အပစ်အခတ်တွေ ရပ်ပါစေ။

ခရစ်စမတ်ပြီးရင်
ချစ်တတ်သူတွေ ပိုပေါများပါစေ။

ခရစ်စမတ်ပြီးရင်
ညစ်ပတ်တတ်သူတွေ သန့်စင်ပါစေ။

ခရစ်စမတ်ပြီးရင်
ကျစ်တတ်တဲ့သူတွေ မျှဝေနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
ရစ်တတ်တဲ့သူတွေ စိတ်အေးငြိမ်းပါစေ။

ခရစ်စမတ်ပြီးရင်
(ငွေ) ညှစ်တတ်တဲ့သူတွေ ကူညီစိတ်မွေးနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
(ကောင်းတဲ့) နှစ်သစ်တစ်နှစ် ကပ်လိုက်လာနိုင်ပါစေ။

ဒီဇင်ဘာ ဆောင်းနဲ့ ခရစ်စမတ်အပြီးမှာ
ပီပြင်စွာကောင်းတဲ့ အသစ်တွေထပ်ဖြစ်လာနိုင်ပါစေ။ ။

သားလတ်
၂၅.၁၂.၂၀၁၁
၁၁:၂၀ နာရီ

Sunday, December 18, 2011

" ဘ၀ "


တစ်ခါတစ်ခါတော့ ကျွန်တော်စဉ်းစားကြည့်မိပါတယ်။ ဘ၀ဆိုတာ ဘာကြီးလဲပေါ့။ တွေးမိတာလေး ပြောပြ ပါရစေ။

အခု ကျွန်တော်တို့အရွယ်က လူ့ဘ၀ရဲ့ သုံးပုံနှစ်ပုံထဲကို ၀င်လာခဲ့ပြီ။ ဒီလိုပြောလိုက်တော့ ဘ၀ဆိုတာ လူ့ဘ၀ကြီးကို ပြောပါလားလို့ စဉ်းစားချင်စရာ။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ လူ့ဘ၀လို့ ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀ရဲ့ အဓိပ္ပါယ်က လုံးဝပြီးပြည့်စုံသွားပြီလား။ အဲဒီလူ့ဘ၀ဆိုတာကြီးထဲမှာပဲ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀တွေက နည်းမှမနည်းပဲ။ အဲဒီမှာ ဘ၀တွေ ထပ်ခွဲထွက်လာပြန်ပါပြီ။

ကျောင်းသားဘ၀။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်။ စုံနေတာပဲ။ ဒါတောင် ဘွဲ့လွန်ကျောင်းသားဘ၀ ဆိုတာရှိသေးတယ်။ ဒီတော့ ဘ၀လို့ ပြောရင် အများကြီးပါလား။ ကျောင်းသား ဘ၀ပြီးတော့ရော။

အလုပ်ထဲရောက်ခဲ့တယ်။ ၀န်ထမ်းဘ၀၊ အရာရှိဘ၀ စုံလို့။ ကုမ္ပဏီ၊ ပြည်သူ့ဝန်ထမ်း စတဲ့ ဘ၀တွေ။ ဟော-အခု နိုင်ငံခြားဆိုတဲ့ အရပ်ရောက်နေပြန်ပြီ။ ဒီမှာလည်း ဘ၀က စုံလို့။ လူတွေရဲ့ ရပ်တည်မှု အပေါ် မူတည်ပြီး လိုက်ပြောင်းလဲနေတဲ့ ဘ၀တွေ။

ပြီးတော့ လူတွေရဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို လိုက်လို့ ပြောနေကြတဲ့ ချမ်းသာ၊ ဆင်းရဲဘ၀။ တချို့က ပြောကြတယ်။ ဘ၀ကလည်း ဆင်းရဲလိုက်တာ။ သူများတွေ ဘ၀ကျတော့ ချမ်းသာလိုက်တာတဲ့။

ဒီတော့ ကျွန်တော်တွေးမိပါတယ်။ ဘ၀ကို လိုက်ဖမ်းရင်း ဘ၀က ပြန်ပြန်ပျောက်နေတယ်။ ဒါဆို ကျွန်တော်တို့ ကျင်လည်ရာ အရာရာတိုင်း ဖြစ်နေတာတွေဟာ ဘ၀လား။ အဲဒီလိုဆို ကျွန်တော်တို့ကြုံနေရတဲ့ လူ့ဘ၀ကြီးထဲမှာကို နောက်ထပ်မရေရာ၊ မသေချာတဲ့ ထပ်ဖြစ်လာနိုင်သေးတဲ့ ဘ၀တွေက နည်းမှမနည်းဘဲ။ ဒါက လူ့ဘ၀ကြီးထဲနေလို့ လူ့ဘ၀ကြီးကို တည်ပြီးစဉ်းစား ကြည့်တာပါ။ နောက်ဘ၀ဆိုတာများ စဉ်းစားကြည့်လိုက်ရင် ပိုတောင် ရှည်လျားသွားသေးတယ်။

ကြည့်ပါဦး။ နတ်ဘ၀၊ ဗြဟ္မာ့ဘ၀။ ဒါက ကောင်းတာလုပ်ရင်ပါ။ မကောင်းတာလုပ်မိလို့များကတော့ သရဲတို့၊ တစ္ဆေတို့၊ ပြိတ္တာတို့ ဆိုတဲ့ဘ၀တွေ။ တွေးကြည့်ချင်စရာတောင် မရှိဘူး။ အခုပြောနေတာက ကျွန်တော်က ဗုဒ္ဓဘာသာမို့လို့ ကျွန်တော့်ဘာသာဘက်က အတွေးတွေနဲ့ ပြောနေမိတာပါ။ တခြားဘာသာ ၀င်တွေမှာလည်း နောက်ထပ်ဘာဖြစ်လာမယ်ဆိုပြီး ဘ၀တွေရှိနေဦးမလား မသိပါဘူး။

ဒီတော့ တစ်ခါတစ်ခါ ပြန်တွေးနေမိတာက ဒီလူ့ဘ၀ကြီးထဲမှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုက ဘာအတွက်လဲ ဆိုတာပါပဲ။ နောက်ထပ်ဘ၀တွေ ထပ်သွားဖို့လား။ စဉ်းစားနေမိတာပါ။ အခုတောင် လက်ရှိဘ၀က ဘာမှအဓိပ္ပါယ်မရှိတာမျိုးတွေ တစ်ခါတစ်ခါ ခံစားလာတတ်သေးပါရဲ့။ ကျောင်းတက်၊ အလုပ်လုပ်၊ ငွေရှာ။ ဒါဆိုပြီးသွားပြီလား-ဘ၀။

ငွေဆိုတာကလည်း သေတဲ့အထိ ရှာနေရတာမျိုး။ နိုင်ငံခြားမှာပဲ ရှာရှာ၊ မြန်မာပြည်မှာပဲ ရှာရှာ။ အားလုံးဟာ ငွေကိုရှာနေရတာပါပဲ။ ပညာတတ်တတ်၊ မတတ်တတ်၊ အဲဒီလို လူတွေလည်း ငွေရှာနေ ရတာပါပဲ။ ဆင်းရဲတဲ့ လူ၊ ချမ်းသာတဲ့လူ အားလုံးဟာ ငွေကိုပဲ ရှာနေရတော့တာပါပဲ။ ဒါဖြင့် ငွေတစ်ခုတည်းနဲ့ရော ဘ၀ကပြီးသွားသလားလို့ မေးရင် ဒီဘက်ခေတ်မှာတော့ တော်တော် များများကို ငွေကလွှမ်းမိုးထားတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငွေနဲ့ဘ၀က မပြီးဘူးလို့ ကျွန်တော်ထင်တယ်။

တကယ်တော့ ဘ၀ဆိုတာထဲမှာ မေတ္တာတို့၊ သံယောဇဉ်တို့၊ အချစ်တို့ဆိုတာ ရှိနေသေးတာ ပဲလေ။ ငွေနဲ့နေချင်တဲ့ လူတွေအားလုံးဟာ အဲဒီအရာတွေနဲ့လည်း တွယ်ငြိနေတတ်ပြန်ရော။ ဒီတော့ ငွေ တစ်ခုတည်းနဲ့တော့ ဘ၀ဖြစ်လားမေးရင် လုံးဝမဖြစ်နိုင်ဘူးလို့ပဲ ဖြေရတော့မှာပါပဲ။

ကျွန်တော်တို့ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ၊ နောင်တော်တွေ၊ ကျွန်တော့်ငယ်သူငယ်ချင်းတွေ၊ ကျွန်တော်ရော အားလုံးနီးပါး နိုင်ငံခြားထွက်၊ ငွေတွေရှာကြတယ်။ နောက်တော့ မိသားစုလေးတွေ တည်ဆောက်ရင်း မေတ္တာတို့၊ အချစ်တို့ စတာတွေပါရှာ။ နောက်တော့ မြန်မာနိုင်ငံရဲ့ အနီးဆုံးနိုင်ငံတွေကနေ တဖြည်းဖြည်းနဲ့ အဝေးဆုံး နိုင်ငံတွေကို ရောက်သွားကြတယ်။ သူတို့ရဲ့ မိသားစုတွေလည်း တစ်ပါတည်းခေါ်ရင်း ငွေကိုလည်း ဆက်ရှာကြရတယ်။ ကျွန်တော်တို့လို မြန်မာပြည် နီးနီးနေတဲ့ လူတောင် နိုင်ငံခြားဆိုတာကို ငြီးငွေ့ကြတယ်။ သူတို့တော့ ဘယ်လိုနေမယ် မသိဘူး။ ဒါပေမဲ့ သူတို့ရပ်တည်နိုင်ကြတယ် ။ တော်ပါတယ်။ တချို့လည်း မလွှဲသာ၊ မရှောင်သာ ဆက်ရပ်တည်တယ်။ တချို့လည်း သံယောဇဉ် ပြတ်တယ်။ နိုင်ငံသားတွေပါ ခံလိုက်ကြတယ်။ ဘ၀က ကိုယ်လိုချင်သလို ဖန်တီးလို့ မရတဲ့အခါ ဘ၀က ဖန်တီးလာတဲ့အပေါ် အလိုက်သင့် နေလိုက်တာလားလို့ ကျွန်တော်တွေးမိတယ်။ သူတို့အတွက်ကတော့ ဖြစ်နိုင်မယ်ဆို အင်္ဂါဂြိုဟ်အထိ အလုပ်ရှိရင်တောင် သွားလုပ်မယ့်သူတွေ လို့လည်း တွေးမိတယ်။ သူတို့လက်ခံထားတဲ့ ဘ၀ဆိုတာက ကျွန်တော်နဲ့တော့ နည်းနည်း ဆန့်ကျင်သွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အားလုံး မသေခင်အထိ အဲဒီငွေဆိုတဲ့ အနောက်ကို လိုက်ရင်း အချိန်တွေ၊ အရင်းအနှီးတွေ ပေးထားခဲ့ရတယ်။ အဲဒါထက်ဆိုးတာက ကျွန်တော်တို့လိုချင်တဲ့ မေတ္တာ၊ အချစ်၊ သံယောဇဉ်၊ အကြင်နာ ဆိုတာတွေကို အချိန်တိုင်းမရနိုင်တော့တာပါပဲ။ ကိုယ့်မိဘ၊ ကိုယ့်ညီ အစ်ကို မောင်နှမ၊ ကိုယ့် ဆွေမျိုးသားချင်း ဆိုတာတွေရဲ့အဝေးမှာ လင်မယားဆို လင်မယား၊ နှစ်ယောက် တစ်ဘ၀ ဖြစ်သွားပါရော။ ဒီနောက်မှာမှ သားသမီးတွေ ပွားစီးလာပြီး ဘ၀ဆိုတာက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြန်ရော။ အိမ်ထောင်သည်ဘ၀မှာတော့ မိဘကို ဆန်ရတဲ့သဘော၊ သားသမီးကို စုန်ရတဲ့သဘော ဒါတွေကို အပြန်အလှန် ခံစားရင်းနဲ့ပဲ ဘ၀ကို ကုန်လွန်စေခဲ့ပြန်တာပါပဲ။

ကျွန်တော်တွေးနေမိပါတယ်။ ဒီဘ၀ကို ဒီလိုပဲ ဖြတ်သန်းလိုက်မလား ဆိုတာကိုပါ။ ကျွန်တော်အခု အိမ်ထောင်သည် ဘ၀ရောက်နေပါပြီ။ အပေါ်မှာ ပြောခဲ့တာတွေက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခံစားနေရတာတွေလေ။ တကယ်တော့ ကျွန်တော်အဲဒီလို မဖြတ်သန်းချင်ပါဘူး။ ဘ၀ဆိုတာ ဒါပဲလား ဆိုတာလောက်နဲ့ လူတစ်ယောက် ဘ၀ကို ဖြတ်သန်းရင်း ကုန်လွန်သွားတာမျိုးကတော့ သာမန်လို့ပဲ ဆိုရမှာပေါ့။

ဒီတော့ ပြန်ကောက်ချက်ချကြည့်ရင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဘ၀ကို ဖြတ်နေရခြင်းမှာ အဓိပ္ပါယ်ရှိတာတွေတော့ ပြန်ရှာရမယ်ထင်ပါတယ်။ ဒါဆိုဘာလုပ်မလဲ။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျွန်တော်တို့ထက် ချို့တဲ့သူတွေ တစ်ပုံကြီးပါလားဆိုတာ မြင်ခဲ့ရမှာပါ။ ချို့တဲ့တယ်ဆိုတာမှာလည်း အသိဥာဏ် ချို့တဲ့သူ၊ ဥစ္စာချို့တဲ့သူ၊ မေတ္တာချို့တဲ့သူ စတဲ့ ချို့တဲ့မှု ပေါင်းစုံရှိနေမှာပါ။ အဲဒီလို ချို့တဲ့သူတွေရဲ့ လိုအပ်ချက် တစ်စုံတစ်ရာကို တတ်နိုင်သလောက် ဖြည့်ပေးရင်း ကျွန်တော်တို့ ဘ၀တွေကို ဖြတ်သန်းရရင် အရင်လို အဓိပ္ပါယ်မရှိဘဲ ဖြတ်သန်းနေရတာထက်စာရင် ပိုပြီးအဓိပ္ပါယ် ရှိတဲ့ ဖြတ်သန်းမှုမျိုးလို ခံစားရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်သူငယ်ချင်း မိတ်ဆွေတွေထဲမှာ အဲဒီလို လုပ်နေသူတွေ တစ်ပုံကြီးပါပဲ။ သူတို့ကို ကြည့်ရင်း အားလည်းကျတယ်။ ကိုယ်လုပ်မိတဲ့ ကောင်းတဲ့အရာလေး သေးသေးလေးအတွက်တောင် တစ်ခါတစ်ခါ မချင့်မရဲ ဖြစ်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ လုပ်လက်စ လူတွေက ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ဆက်လုပ်ကြပါ။ ကျွန်တော်လည်း ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ထပ်ပြီး အတတ်နိုင်ဆုံး လုပ်ပေးရဦးမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီးက ပြောဖူးပါတယ်။ " မနက်ဖြန်ဆိုတာ အဝေးကြီး။ နောက်ဘ၀ဆိုတာ နီးနီးလေး " တဲ့။ လူ့ဘ၀ဆိုတာ ဒုက္ခတွေခံနေရရင် ရှည်ကြာလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ သုခတွေ ခံစားနေရရင်တော့ မြန်တယ်လို့ ထင်ပြန်ရော။ ဒါပေမဲ့ ဆရာတော်ကြီး စကားနဲ့ ပြောရရင်တော့ ဘ၀ဆိုတာ ခဏလေးပါဗျာ။ ဒီတော့ ကျွန်တော်တို့ နေနေရတဲ့ ခဏ ကောင်းတာလေးတွေနဲ့ လိုတဲ့လူတွေကို ပေးဆပ်ရင်း လောကကြီးကို အလှဆင်လို့ ဘ၀ဆိုတာကို ဖြတ်သန်းကြည့်ကြရအောင်ပါ။ ။

ဆူးသစ်
၁၉း ၄၅ နာရီ
၁၇.၁၂.၂၀၁၁



Thursday, December 15, 2011

" အဲဒီလို မလုပ်ကြပါနဲ့ "


နှစ်ခါရှိပါပြီ။

ထိုနှစ်ခါစလုံး ကြားရတိုင်း ကျွန်တော်ရင်နင့်ခဲ့ရသည်။ ထိုသတင်းမျိုးကို ကျွန်တော်မကြားချင်ပါ။ ကြားလည်း မကြားဝံ့ပါ။ ကြားလည်း မကြားသင့်ပါ။ တခြားမဟုတ်။ မြန်မာမိန်းကလေး နှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည့် ကိစ္စပါ။ ပထမတစ်ကြိမ်မှာတော့ လေးထပ်က ခုန်ချသည်တဲ့။ ထိုမိန်းကလေးကတော့ အထမြောက်သွားခဲ့သည်။

ယခု လတ်တလော ပူပူနွေးနွေး ထပ်ကြားရသည်က လွန်ခဲ့သည့် တနင်္ဂနွေနေ့(၁၁.၁၂.၂၀၁၁)တွင် အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီ တစ်ခုကနေ ထွက်ပြေးလာပုံရသည့် မိန်းကလေးတစ်ယောက် လူသွား ကုန်းကျော် တံတားပေါ်ကနေ ခုန်ချခဲ့မှုပါ။ သူကတော့ လောလောဆယ် မသေသေးဘဲ ဆေးကုခံနေ သည်ဟု သိရပြီး ညာလက်နှင့် ဘယ်ခြေ ကျိုးသွားသည်ဟု သတင်းများက ဆိုခဲ့သည်။ သူ့ဓာတ်ပုံလေးပါ ဖော်ပြ ထားသောအခါ ကျွန်တော့်မှာ ကြည့်ရင်း စိတ်မကောင်း။

ထိုအကြောင်းများ၊ သတင်းများ ကြားပြီးသည့်နောက်မှာ ကျွန်တော့်အတွေးများထဲ၌ ရံဖန်ရံခါ ထိုကိစ္စများကို စဉ်းစားတွေးတော နေမိခဲ့သည်။ အဓိကကတော့ သူတို့ဘာလို့ သည်လို လုပ်သနည်းဆိုသော အကြောင်း။

ပထမတစ်ယောက်က ချစ်သူကြောင့်ဟု သတင်းများအရ သိရသည်။ Facebook မှာတော့ လူများစွာ၏ မှတ်ချက်များစွာကို ဖတ်လိုက်ရသည်။ ကျွန်တော် စဉ်းစားကြည့်သည်။ ကမ္ဘာပေါ်မှာ ချစ်သူနှင့် ကွဲဖူးသူ၊ ချစ်သူထား၍ ကျန်ခဲ့ဖူးသူ ဘယ်နှစ်ယောက် ရှိပါသနည်း။ အများကြီးပါ။ ထိုသူများက ဘာလို့ ကိုယ့်ကိုယ်ကို သေကြောင်း မကြံဘဲ ထိုမိန်းကလေးကျမှ သည်လိုလုပ်ရခြင်းက သူ့ကံကြမ္မာ သူဖန်တီးခြင်းလား။

သူမသည် ပတ်ဝန်းကျင်၊ အပေါင်းအသင်းနှင့် ကင်းကွာသူလားဟု စဉ်းစားကြည့်သည်။ သူမ အကြောင်းများကို ဖတ်ရစဉ်က ကွန်ပျူတာနှင့်သာ အမြဲထိတွေ့နေပြီး သူ့ဘာသာ နေလေ့ရှိသည်ဟု သိရသည်။ ထိုအချက်သည် သူမယခုလို ဖြစ်သွားခြင်းထဲမှာ အဓိက အကြောင်းတစ်ခုလည်း ဖြစ်နိုင်သည်။ အကယ်၍ သူမမှာ အနီးကပ် အပေါင်းအသင်းရှိပါက သူမမည်မျှခံစားရသည်ကို သိကာ အနည်းနှင့် အများ ဖျောင်းဖျ ပြောဆိုနှစ် သိမ့်နိုင်လိမ့်မည် ထင်သည်။ အခုတော့ သူမဘာဖြစ်နေသည်ကို ဘယ်သူမျှ မသိသည့် အခြေအနေမျိုးမှာ ရုတ်တရက်ဆိုသလို သူမလုပ်ချင်တာ လုပ်သွားသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တွေးမိတာပါ။ မှန်ချင်မှ မှန်ပါမည်။

နောက်တစ်ယောက်ကတော့ အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီတစ်ခုက ထွက်ပြေးလာသည်ဆို၍ အလုပ်ရှာနေဆဲ ကာလမှာ ဖြစ်သွားတာဟု ယူဆနိုင်သည်။ စင်ကာပူမှာ အလုပ်လာရှာသူများကြားမှာ အိမ်ဖော်လုပ်မည့် သူများ၏ ဒုက္ခသည် မသေး။ တကယ်တော့ မသိ၍လာသည်ဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်တို့ လုပ်ကွက်ထဲက ကောင်လေးတစ်ယောက်က ယခုအိမ်ဖော်မလေး ခုန်ချသည့် ကိစ္စကို ဆွေးနွေးရင်း ပြောဖူး ပါသည်။

သူ့အသိ၊ သူတို့နယ်က ကောင်မလေးတစ်ယောက် စင်ကာပူမှာ အိမ်ဖော်လုပ်ဖို့ ရောက်နေ၍ သွားတွေ့ပါသည်တဲ့။ အေးဂျင့်က ကျွေးသည်ကို မဖြစ်ဖြစ်အောင် စားနေရသည်တဲ့။ လက်ထဲမှာလည်း ပိုက်ဆံကမရှိ။ ပေါင်မုန့်နှစ်ချပ်လောက် စားနေရသည်ကပင် အဟုတ်ကြီး ဟုတ်လို့နေသည်တဲ့။

ကျွန်တော့်အနေဖြင့် အိမ်ဖော်အေးဂျင့်များ အကြောင်းနှိုက်နှိုက်ချွတ်ချွတ် မသိပါ။ သို့သော် စင်ကာပူကို အိမ်ဖော် အလုပ်လုပ်မည်ဆိုပြီး လာသူများအကြောင်းတော့ စဉ်းစားဖြစ်ပါသည်။ သူတို့ တကယ် မသိလေရော့သလား။ စင်ကာပူမှာ အလုပ်လုပ်တိုင်း အထင်ကြီးစရာ ရှိနိုင်ပါသလား။ ငွေကရော မှန်းထားသလို ရပါသလား။ ကျွန်တော့်ပို့စ်အဟောင်းတစ်ပုဒ်ဖြစ်သော ကျွန်တော် Citizen ဆိုသည့် ပို့စ်မှာတုန်းကလည်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ အိမ်ဖော်လေးကို အိမ်ရှင်က မတရားကျင့်ဖို့ ကြိုးစား၍ ခုခံပြီး ထွက်ပြေးခဲ့သည့် အကြောင်းပါ။

နောက်တစ်ခုက သတင်းစာထဲက သတင်းတစ်ပုဒ်။ မြန်မာအိမ်ဖော်မလေးတစ်ယောက်က အိမ်ရှင်များ မရှိချိန်မှာ အိမ်ရှင်၏သား၊ ကလေး၏ ကွန်ပျူတာကို သုံးကာ သူမ၏ ခန္ဓာကိုယ်ကို မလုံမလဲ ၀တ်ဆင်ပြ၍ အင်တာနက်တွင် တင်ထားကြောင်း၊ အိမ်ရှင်မှ သိသောအခါ အေးဂျင့်ကို ပြန်အပ် လိုက်ရကြောင်း စသည်ဖြင့် ဖတ်လိုက်ရသည်။

ကျွန်တော်ပြောချင်သည်က သူများနိုင်ငံမှာ အလုပ်လာလုပ်သည့်အခါ ကျွန်တော်တို့မှာ စောင့်ထိန်းရသည့် ကျင့်ဝတ်များက များလှသည်။ ကိုယ့်ပြည်ကိုယ့်ရွာ မဟုတ်သောအခါ လုပ်ချင်သည်ကို လုပ်ချင်တိုင်း လုပ်လို့မဖြစ်။ ထိုသို့မဖြစ်သည့်ကြား သူများတိုင်းပြည်က မလုပ်ရပါဆိုသည်ကိုပင် လုပ်ကြည့်ချင်သည့်အခါ မိမိသာ ခံရဖို့ပင်ရှိပါတော့သည်။ ထိုသို့ မလုပ်ရသည်များ များလာသောအခါ မွန်းကျပ်လာတတ် ပါသေးသည်။ ထိန်းချုပ်ခံရပါများသောအခါ လုပ်သင့်၊ မလုပ်သင့်သည်ကို မစဉ်းစားတော့ဘဲ လုပ်ချင် တာသာ လုပ်လာကြတော့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံသည့် အဆင့်သို့ ရောက်ခဲ့ ရတော့သည်။ ကျွန်တော့်အမြင်ပါ။

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်၍ ကံ ကံ၏အကျိုးကို ယုံကြည်ပါသည်။ ယခင်ဘ၀က ပြုခဲ့သော ကံကိုဖြင့် ရှောင်လွှဲ၍ မရနိုင်ပါ။ သို့သော် မိမိကိုယ်ကို သေကြောင်းကြံချင်လောက်အောင်ဖြစ်လာခဲ့လျှင်ဖြင့် တရားဓမ္မဖြင့် ဖြေသိမ့်ခြင်း သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်း၊ ဆွေမျိုး၊ မိဘ စသူတို့ထံမှ အကြံဥာဏ်များ တောင်းခံခြင်းတို့ လိုအပ်လှပါသည်။

ယခုတိုက်ပေါ်က ခုန်ချ၍ ဆုံးသွားသော မိန်းကလေးနှင့် တံတားပေါ်က ခုန်ချ၍ ဆေးရုံရောက်နေသော မိန်းကလေး နှစ်ဦးစလုံးမှာ သူတို့သာလျှင် ဆုံးရှုံးရကြောင်း နောက်ဆုံးမှသိရှိရသည့် သဘောဖြစ်သွားလေသည်။ သူတို့မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများ ဆိုလျှင်လည်း ရင်ထုမနာ ဖြစ်ကြ ရတော့မည်။ သို့သော် ယခုအချိန်မှာ ဘာတတ်နိုင်ပါတော့မည်နည်း။ ၀မ်းနည်းခြင်း၊ ပူလောင်ခြင်း၊ ကြေကွဲခြင်းတို့သာ သူတို့ သမီးမိန်းကလေး အတွက် ခံစားနေကြရှာရော့မည်။

တကယ်တော့ နိုင်ငံခြားထွက် အလုပ်လုပ်သည် ဆိုခြင်းမှာ စဉ်းစားစရာများစွာ ရှိပါသည်။ ငွေကြေး တစ်ခုတည်း မျက်စိမှိတ်၍ ဇွတ်ဆုံးဖြတ်သည့် အတွေးမျိုး၊ ထွက်ရပြီးရော၊ စင်ကာပူရောက် ပြီးရောဆိုသည့် အတွေးမျိုးနှင့်တော့ မလာသင့်ပါ။ စင်ကာပူရောက်ပြီးလျှင်တောင်မှ လူမှုအသိုင်းအ၀ိုင်းက ကင်းကွာ၍ နေမရပါ ဆိုသည်ကိုလည်း နှလုံးသွင်း ထားသင့်ပါသည်။ စင်ကာပူမှာ မြန်မာများစွာ ရှိပါသည်။ လူမှုအသိုင်းအ၀ိုင်းက အလိုလိုလက်ခံထားသော စည်းများလည်း ရှိပါသည်။ ဆွေမျိုးမရှိလျှင်တောင် အပေါင်းအသင်းတော့ ရှိလာဦးမည် ဖြစ်ရာ အကြံဥာဏ်များလည်း တောင်းခံသင့်လှပါသည်။

စိတ်ညစ်သည် ဆိုပြီး ခဏခဏ ခုန်ချနေလျှင် ကြာလျှင် တစ်ယောက်မှသည် တစ်ရာ ဆိုသလိုဖြစ်လာနိုင်ပါသည်။ စလုံးမလေးများ ဘောင်းဘီတို ၀တ်၍ လိုက်ဝတ်ကြသော မြန်မာမလေး များကို တွေ့ရစဉ်က တစ်မျိုးဖြစ်မိသော ကျွန်တော့်အတွက် ယခုကိစ္စမျိုးထက် ဘောင်းဘီတို ကိစ္စက တော်ပါသေးလားဟု ပြန်တွေးရမလို ဖြစ်သွားလေသည်။ သို့သော် ဘောင်းဘီတိုကိစ္စ ဓာတ်ကူးသလိုတော့ဖြင့် မြန်မာမိန်းကလေးများကြား စလုံးက ကိုယ့်ကိုယ်ကိုသေကြောင်းကြံသည့် ကိစ္စမျိုး ဓာတ်မကူးစေချင်ပါ။

ကျွန်တော့်အနေဖြင့် ကိုယ့်လူမျိုး မြန်မာမိန်းကလေး ငယ်ငယ်ကလေးများ အရွယ်ကောင်းချိန်မှာ အသေဆိုးဖြင့် မသေစေလိုပါ။ အညွန့်လို တလူလူတက်ချိန်တွင် စင်ကာပူမှာ လိုချင်တာမရပါကလည်း ကိုယ့်ပြည်ကိုယ့်ရွာမှာ မိဘ၊ ဆွေမျိုးသားချင်းနှင့် အေးအေးချမ်းချမ်း ပြန်နေရင်း ဘ၀ပြန်စစေချင်ပါသည်။

ကျွန်တော်တို့လည်း စိတ်ညစ်စရာများစွာ ရှိနေပါသည်။ အလုပ်မှာအဆင်မပြေဖြစ်သည်က ခဏခဏ။ ထူးပင်မထူးဆန်းတော့။ မိုးလင်းမိုးချုပ် အလုပ်လုပ်၍ ဘ၀ပျောက်နေသော နိုင်ငံမှာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဘာသာရှာယူနေရရာ နေတတ်မှသာ တော်မည်ဖြစ်သော စင်ကာပူဟုသာ ဆိုရပေမည်။ သည်လိုစိတ်ညစ်တိုင်းသာ အမြင့်တစ်နေရာရာက ခုန်ချရလျှင်ဖြင့် ကျွန်တော်တို့မြန်မာများ စင်ကာပူမှာ ဘယ်ကျန်ပါတော့မည်နည်း။ City Hall က Peninsula Plaza မှာ ကြုံနေရသော မြန်မာများထဲမှာ အလုပ်ကြောင့်စိတ်မညစ်ဖူးသူ ရှိပါသလားဟု လိုက်မေးကြည့်လျှင်ပင် ဟားတိုက်ခံရနိုင်ပေသည်။ အချစ်ရေးကြောင့် အသည်းကွဲနေသူများလည်း ရှိပါလိမ့်မည်။ သည်တော့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း စိတ်ညစ်စရာများ စုပြုံကျနေသည်ဟု မထင်မိပါစေနှင့်။

ကျွန်တော့်အနေနှင့်တော့ မြန်မာမိန်းကလေးများကို ထပ်မံတောင်းပန်ချင်ပါသည်။ အဲသည်လိုတော့ဖြင့် မလုပ်ကြပါနှင့်ဟု။ တိုက်ပေါ်၊ တံတားပေါ်က ခုန်ချမည်ကြံတိုင်းလည်း ကိုယ့်မိဘ၊ ကိုယ့်မောင်နှမ၊ ကိုယ့်ဆွေမျိုး မျက်နှာလေးများကို ပြန်မြင်ယောင်ကြည့်ကြပါဟု အနူးအညွှတ် မေတ္တာရပ်ခံ ချင်ပါတော့သည်။ ။

ဆူးသစ်
၂၂:၂၂ နာရီ
၁၅.၁၂.၂၀၁၁


Related Posts Plugin for WordPress, Blogger...