Monday, January 2, 2012

" အမှတ်တရ မှတ်တိုင်တစ်တိုင် "


လူတိုင်းမှာ ဘ၀ရဲ့ အမှတ်တရဆိုတာ ရှိကြမှာပါ။ ကျွန်တော်လည်း ကျွန်တော့်ဘ၀ရဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ပါတယ်။ အခုကျွန်တော်ပြောပြမယ့် အကြောင်းကတော့ ကျွန်တော့်ဘ၀မှာ ၂၀၁၁ ခုနှစ် ကုန်ခါနီး ဖြစ်လာတဲ့ အမှတ်တရ တစ်ခုပါ။ တစ်ဘ၀လုံးအတွက်ကို တကယ့် အမှတ်တရပါပဲ။ မှတ်တိုင်တစ်တိုင်လို့ ပြောလည်း ရမယ်ထင်ပါတယ်။

ကျွန်တော်စာပေကို ရူးသွပ်ခဲ့တာ ကြာခဲ့ပါပြီ။ ငယ်ငယ်ကတည်းက စာစီစာကုံးကို ကျောင်းက ဆရာတွေ၊ ဆရာမတွေက ဘုမသိဘမသိ ၀င်ပြိုင်ခိုင်းလို့ ၀င်ပြိုင်ခဲ့ရာက စခဲ့တယ်ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ စာစီစာကုံးဆိုတာ ဘာမှန်းမသိသေးတဲ့ အရွယ်မှာ အဖေက ကျွန်တော့်ကို Guideline ပေးခဲ့တယ်။ အဲဒီမှာပဲ ကျွန်တော့်ရဲ့ စာပေ၀ါသနာက စခဲ့တယ်ထင်ပါရဲ့။ မြို့နယ်မှာ ပြိုင်တယ်။ တိုင်းမှာ ပြိုင်တယ်။ နောက်ပိုင်းမှာ ကဗျာကိုပါ ကျွန်တော့်ကို ကျောင်းက ၀င်ပြိုင်ခိုင်းပြန်ပါရော။ အဖေကလည်း မနေနိုင်တော့ ကျွန်တော့်ကို ကဗျာရေးတာ သင်ပေးပြန်ပါတယ်။

ရှစ်တန်းလောက်မှာတော့ ကျွန်တော့်နှလုံးသားက ကိုယ့်ဘာသာ ကဗျာရေးတတ်ဖို့ ဖန်တီးတတ်လာပါပြီ။ ဒါပေမဲ့ အဖေက စနစ်တကျတတ်အောင် ဆိုပြီး ဖျာပုံမြို့၊ နိုင်ငံတော် တန်းမြင့်ကျောင်း အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ရေးတဲ့ တန်းမြင့် ကဗျာဖွဲ့နည်းကျမ်းကို ပေးဖတ်ပါတယ်။ ပြီးတော့ စာရေးနည်း လမ်းညွှန်စာအုပ်မျိုးတွေ ကျွန်တော့်စားပွဲပေါ်ကို အဖေက အရောက်ပို့ခဲ့ပါတယ်။

ကိုးတန်း၊ ဆယ်တန်းလောက်မှာတော့ ကျွန်တော်စာတိုပေစတွေ၊ ကဗျာတွေ စရေးပါပြီ။ ကိုယ့်ဘာသာ ရေးရုံရေးထားတာပါ။ ဘယ်သူမျှလည်း မပြမိပါဘူး။ ၀တ္ထုတိုမကျ၊ အရှည်မကျတွေရော ရေးပါတယ်။ ဘယ်မှလည်း မပို့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ အဖေ့ကိုတော့ ပြဦးမှပါပဲလို့ တွေးပြီး အဖေ့ကို စပြပါတယ်။ အဖေက ကျွန်တော့်ဝါသနာကို သိလို့ သေသေချာချာ ဖတ်ပေး၊ ပြောပေးပါတယ်။ အဖေ့ကြောင့် စာရေးတာ ပိုချောခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အဖေ အကြောင်းနည်းနည်း ပြောချင်ပါတယ်။ အဖေက နယ်ကပါ။ သူတို့တုန်းက အထက်တန်းကျောင်းမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးရွှေဝိုင်းဆိုတာ ရွှေငယ်ဝိုင်း ( ကြို့ပင်ကောက်) ဆိုတဲ့ နာမည်နဲ့ ကဗျာတွေ၊ စာတွေရေးပါတယ်။ ကျွန်တော်တို့ ပညာရေးလောကမှာ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့၊ ဆရာတွေရဲ့ စေတနာကို ရည်ညွှန်းတဲ့ " တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏ " ဆိုတဲ့ ကဗျာဟာ ဆရာကြီး ဦးရွှေဝိုင်း [ ရွှေငယ်ဝိုင်း (ကြို့ပင်ကောက်)] ရေးခဲ့တာပါ။ ကျောင်းသားတွေကို သူ့လစာထဲက စုပြီး အဲဒီခေတ်က မြန်မာစာ ဂုဏ်ထူးထွက်ရင် ရွှေဒင်္ဂါးပြားဆုချခဲ့တဲ့ တကယ်ကို ပီတိစားတဲ့ ဆရာကြီးပါ။ သူက အဖေတို့ကျောင်းသားတွေကို ကျောင်းစာအပြင် ကဗျာ ရေးနည်းမျိုးတွေ၊ စကားပြေ ရေးဟန်တွေ သင်ပြပြီး မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့ပါတယ်။ အဲဒီလို သင်ပေးခဲ့လို့လည်း ကျွန်တော့်အဖေဟာ စာပေလောကထဲကို စာရေးဆရာတစ်ယောက် အဖြစ်ဝင်ရောက်နိုင်ခဲ့ပါတယ်။

ကျွန်တော်စာပေလောကထဲကို ၀င်နိုင်ခဲ့ရာမှာလည်း အဖေ့ကို ဆရာကြီး ဦးရွှေဝိုင်းတို့ မြန်မာစာကို ချစ်တတ်အောင်သင်ပေးခဲ့သလိုမျိုး ကျွန်တော့်ကို မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီး တစ်ဦးရှိခဲ့ပါတယ်။ သူကတော့ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ပါ။ ကျွန်တော်ဆယ်တန်းတုန်းက သူ့ဆီမှာ ကျူရှင်တက်ရင်း မြစေတီ တန်းခွဲမှာ စာစီစာကုံး ပြိုင်ပွဲလုပ်ရင် ကျွန်တော်က ဆုတစ်ခု အမြဲလိုရခဲ့ပါတယ်။ နဂိုကတည်းက စာရေးတာ ၀ါသနာပါလို့ စာစီစာကုံး ပြိုင်ရရင် အမြဲလို ပျော်တတ်ခဲ့ပါတယ်။ အဲဒါလည်း ဆရာကြီးက မြန်မာစာ သင်တာကောင်းလို့ရယ်၊ အဖေချပေးတဲ့ လမ်းညွှန်မှုတွေ ကောင်းလို့ရယ် ဆိုတာ ကျွန်တော် ယုံကြည်နေမိပါတယ်။

အဖေကတော့ ဆောင်းပါးတွေ အရေးများပြီး ယခုထက်ထိလည်း စာပေလောကမှာ ကျင်လည်နေတုန်းပါပဲ။ ဆရာကြီး ဦးရွှေဝိုင်းကြောင့် မြန်မာစာပေလောကထဲကို ၀င်သွားကြတဲ့ တပည့်တွေထဲမှာ အဖေတို့ထက် နာမည်ကြီး ထင်ရှားလာခဲ့တာကတော့ အဖေနဲ့သူငယ်ချင်းဖြစ်တဲ့ ကဗျာဆရာ၊ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ပါ။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဟာလည်း ဆရာကြီး ဦးရွှေဝိုင်းရဲ့ တပည့်ဖြစ်ပြီး ဆရာကတော့ ပါရမီရှင်မို့ ယနေ့အထိ သူ့ကဗျာများက လူတွေကြားထဲမှာ စွဲနေတုန်းပါပဲ။

ကျွန်တော်ပြောချင်တာက ကျွန်တော့်ကို အဖေ ဘာကြောင့် Guideline ပေးနိုင်သလဲ ဆိုတာပါ။ ဒီလို ဆရာကြီးရဲ့ သွန်သင်မှုနဲ့ စာပေလောကထဲ ၀င်ခဲ့တဲ့ အဖေက ကျွန်တော်ရေးတာတွေ လိုနေရင် ထောက်ပြနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ကဗျာတွေ စရေးပြီး မဂ္ဂဇင်းတွေ စပို့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ကျွန်တော့်ကဗျာ တစ်ပုဒ် မဂ္ဂဇင်းမှာ စပါပါတယ်။ အရွေးခံရပြီလို့ သိတာက ၁၉၉၂ ခုနှစ်မှာပါ။ ကဗျာ အရွေးခံရတယ်လို့ ရွေးစာရင်း သိသိချင်း မဂ္ဂဇင်းမှာတွေ့တော့ အိမ်ပေါ်ထပ်ကနေ လှေကားကို အဆင်းမို့် ကျွန်တော် အပျော်လွန်ရင်း ချော်ပြီး ပြုတ်ကျခဲ့ပါတယ်။ အဲဒီကဗျာ တကယ်ပါတော့ နောက်နှစ်နှစ်မှာပါ။ အဲဒီကတည်းက စာပေ၀ါသနာပါရင် စိတ်ရှည်ရမယ်၊ ဇွဲကြီးရမယ် ဆိုတာ ကျွန်တော်တွေးခဲ့မိပြီးသားပါ။

အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ ကဗျာ အရွေးခံရမှုမှာ ကျွန်တော် လိပ်ပြာသန့်သန့်နဲ့ ပျော်နိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကဗျာ အရွေးခံရတဲ့ ကိစ္စမှာ ကျွန်တော့်အဖေက မဂ္ဂဇင်းတိုက်နဲ့ ရင်းနှီးလို့ ဆိုတာမျိုး မရှိသလို အဖေ့သူငယ်ချင်း အရင်းခေါက်ခေါက် ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း) ကဗျာ အယ်ဒီတာ အဖြစ် ကိုင်နေတဲ့ ရွှေသမင် မဂ္ဂဇင်း မှာ ပါတာ မဟုတ်ခဲ့လို့ပါပဲ။ ကျွန်တော်အရွေးခံခဲ့ရတာ မဟေသီ မဂ္ဂဇင်းမှာပါ။ တကယ်ဖော်ပြတော့ မဟေသီ အယ်ဒီတာအဖွဲ့ ပါတဲ့ ရတနာသစ် မဂ္ဂဇင်းပါ။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ စာပေခရီးအစဟာ သူများလိုတော့ မဟုတ်ခဲ့ဘူးလို့ပဲ ဆိုပါရစေ။ ကျွန်တော်ကလည်း လူတစ်မျိုးပါ။ အဲဒီအချိန် အဖေ့ကို ပြောပြီး ရွှေသမင်မှာ ကဗျာတစ်ပုဒ်လောက် ထည့်ပေးပါလို့ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း) ကို လုံးဝ မပြောခိုင်းခဲ့ပါဘူး။ ကျွန်တော့်ဘာသာ မဂ္ဂဇင်းတိုက်တွေကို စာတိုက်ကနေ ပို့ခဲ့တာပါ။ ကျွန်တော့်ကဗျာ စပါတော့ အဖေက မဟေသီကို မင်းကဗျာပို့ထားလား လို့တောင် မေးခဲ့ပါသေးတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း သူ့သူငယ်ချင်းသား ဆိုပြီး ကျွန်တော့်ကဗျာကို လုံးဝ ထည့်မပေးပါဘူး။ ပိုဆိုးတာက အဖေက အဲဒီအချိန်မှာ ရွှေသမင်မဂ္ဂဇင်းရဲ့ အမှုဆောင်အယ်ဒီတာ တစ်ဦးဖြစ်နေပါပြီ။ အဲဒါလည်း သူက ကျွန်တော့်ကဗျာကို လုံးဝမရွေးပါဘူး။ ဒါဟာ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းမှုလို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော်သူ့ကဗျာတွေကို ကြိုက်သလို သူ့ကိုလည်း လေးစားပါတယ်။ ကျွန်တော့်ကဗျာကို သူမကြိုက်လို့ မရွေးတဲ့ကိစ္စမှာ သူ့ကို ပိုလေးစားမိပါတယ်။ ကျွန်တော်ကလည်း တစ်ခါမျှ အဖေ့ကို ပြောပေးဖို့ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော့်ကြောင့် သူတို့ လုပ်ရကိုင်ရခက်မှာ စိုးလို့ပါ။ နောက်တစ်ခုက ကျွန်တော့်မာနပဲ ထင်ပါရဲ့။ အယ်ဒီတာ ကြိုက်လို့ရွေးတဲ့ကဗျာကြောင့်ပဲ ကျွန်တော်က ပျော်ချင်သူပါ။ ကျွန်တော့်ကဗျာတွေကို မဂ္ဂဇင်းတိုက်ကို ပို့ရင် စာတိုက်ကပဲ ပို့ခဲ့တာပါ။ အိမ်မှာ စာအိတ်နဲ့ တံဆိပ်ခေါင်းကို အများကြီး ၀ယ်ထားခဲ့ဖူးပါတယ်။

ဒီလိုနဲ့ 'သားလတ်' ဆိုတဲ့ ကလောင်နာမည်နဲ့ ကျွန်တော် အချစ်ကဗျာ၊ အချစ် ၀တ္ထုတွေ၊ ဘ၀သရုပ်ဖော် ၀တ္ထုတွေ ရေးရင်း စာပေလောကထဲကို မသိမသာ ၀င်ခဲ့ပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က သူကြိုက်တဲ့၊ ကျွန်တော်ရေးတဲ့ တက္ကသိုလ်စိန်ရတု ကဗျာကိုတော့ သူ့ရဲ့ အရိန္ဒမာမဂ္ဂဇင်းမှာ ယူပြီး ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ပို့ခဲ့တာ ရွှေသမင်အတွက်ပါ။ ဒီလိုနဲ့ လူအများကြီး မသိပေမယ့် စာပေလောကထဲက လူတချို့သိလောက်တဲ့ အထိတော့ ကျွန်တော့်စာပေခရီးလေး တွင်ခဲ့တယ် ဆိုပါတော့။

တစ်ပြိုင်တည်းမှာပဲ ကျွန်တော်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် စတက်နေပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာ အရွေးခံရတော့ ဒုတိယနှစ်(စက်မှုတက္ကသိုလ်) ရောက်နေပါပြီ။ အဲဒီမှာ တတိယနှစ်ရောက်တော့ ကျွန်တော်လိုချင်တဲ့ Mechanical မေဂျာကို ရလည်း ရရော ကျွန်တော့် စိတ်မှာ အတွေးတစ်ခု ဖြစ်လာပါတယ်။ အဲဒါက တစ်နေ့ကျရင် ကျွန်တော်ဟာ စက်မှုအင်ဂျင်နီယာတစ်ယောက်တော့ ကျိန်းသေ ဖြစ်ပြီ။ ဒါကြောင့် ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရနိုင်တဲ့ စာရေးဆရာဘ၀ကိုတော့ မဖြစ်ဖြစ်အောင် အားထုတ်မယ်လို့ စိတ်ထဲက ကြံစည်မိတာပါပဲ။ တည့်တည့်ပြောရရင်တော့ ကျောင်းစာကို လိုမှလုပ်မယ်။ ကျန်တာက ကျွန်တော် စာရေးဆရာ ဖြစ်ဖို့လုပ်မယ် ဆိုတာပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ဖို့ထက် စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ကို ပိုပြီး လိုလားနေသူပါ။

ဒီတော့ ကျွန်တော့်ခုံနံပါတ်တွေ အောက်နားကကို မတက်ခဲ့ပါဘူး။ အမှတ်နဲ့ ခုံနံပါတ်ခွဲတဲ့ အတန်းမှာ ကျွန်တော့်ခုံနံပါတ်က လူ ၂၀၀ ကျော်မှာ အမြဲတမ်း ၁၀၀ ကျော်မှာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကျေနပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ကျောင်းစာထက် အပြင်စာကို ပိုတပ်မက်နေခဲ့တာကိုး။

အဲဒီအတွက် ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက ကျွန်တော့်ကို ကူညီပါတယ်။ ကျွန်တော့်ငယ်သူငယ်ချင်း တစ်ယောက်က ဆေးကျောင်းမှာ။ သူက ကျွန်တော်နဲ့ ကဗျာစာအုပ် တွဲထုတ်ဖို့ ကူညီတယ်။ သူပဲ ပိုက်ဆံစိုက်တာ။ စတုတ္ထနှစ်မှာ ကျွန်တော်တို့ Mechanical ကသူငယ်ချင်းတစ်ယောက်ကပဲ ကျွန်တော့်ကဗျာစာအုပ် တစ်အုပ်ထုတ်ဖို့ သူက ပိုက်ဆံစိုက်ပြီး လုပ်ခဲ့ကြပါတယ်။ အားလုံး လက်ကမ်းစာစောင် သဘောပေမယ့် ကျောင်းတွေမှာ လှည့်ပတ်ရောင်းရင်း ကျွန်တော့်ဝါသနာ ပျိုးထောင်ခွင့်လေး ရလိုက်ပါတယ်။ ပြီးတော့ စက်မှုတက္ကသိုလ်က ကျွန်တော်နဲ့ မေဂျာတူ၊ မေဂျာ မတူသူတွေက ကျွန်တော် စာတွေ ပိုဖတ်ချင်မှန်းသိလို့ သူတို့ အိမ်က စာကြည့်ဗီရိုထဲက စာအုပ်တွေတောင် ယူလာပေးခဲ့ကြပါသေးတယ်။

တဖြည်းဖြည်းနဲ့ လုံးချင်းဝတ္ထုတွေလည်း ကျွန်တော့်ဘာသာ တော်တော်ရေးပြီး သိမ်းထားခဲ့ပါတယ်။ တစ်နေ့ကျရင် ထုတ်မယ်ပေါ့။ တစ်ခါတော့ ကျွန်တော် စာအုပ်တိုက်တစ်တိုက်ကို သွားပြီး စပ်ကြည့်ပါတယ်။ ဖတ်ပေးမယ်။ ထားခဲ့ပါတဲ့။ ပြီးတော့ ဖတ်ပြီးတဲ့အခါ ပြန်လာယူဖို့ ပြောတော့ ကျွန်တော့်ကို မှတ်ချက်တွေ ရေးပေးလိုက်တယ်။ အချစ်ဝတ္ထုကို ပေးလိုက်တဲ့ မှတ်ချက်က ရည်ရွယ်ချက် မရှိဘူး ဆိုတဲ့ ပုံစံမျိုး ရေးလိုက်တော့ ကျွန်တော်တောင် မျက်စိလည်သွားခဲ့တယ်။ သူတို့တိုက်က ထုတ်နေတဲ့ အချစ်ဝတ္ထုစာအုပ်တွေက နိုင်ငံ တည်ဆောက်ရေးတို့၊ အမျိုးသားရေးတို့ ပါသလား ဆိုတာ ကျွန်တော့် အိမ်အပြန်လမ်းမှာ စဉ်းစားခဲ့မိတယ်။ နောက်ဆုံးတော့ ကိုယ့်ဘာသာ ငါစာရေးတာ ညံ့လို့လို့ပဲ တွေးပါတယ်။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ နည်းနည်းကြမ်းတဲ့ စာပေခရီးလမ်းမှာ ပေတေပြီး လျှောက်ခဲ့ရင်း ဟိုပြိုင်ပွဲ၊ ဒီပြိုင်ပွဲက ဆုလေးတွေလည်း နည်းနည်းပါးပါး ရခဲ့ပါတယ်။ ဒီမှာပဲ ၁၉၉၇ ခုနှစ်လောက်မှာ ဘောလုံးဆောင်းပါး ၀င်ပြိုင်ချင်တာနဲ့ ကလောင်တစ်ချောင်း စစဉ်းစားခဲ့ပါတယ်။ တကယ်တော့ သားသုံးယောက်မှာ အလတ်ဖြစ်တဲ့ ကျွန်တော်က စာစရေးကတည်းက ' သားလတ် ' ဆိုပြီး ရေးခဲ့တာ။ အဲဒီကလောင်က အချစ်ဝတ္ထုတို့၊ ကဗျာတို့၊ ဘ၀သရုပ်ဖော်တို့ ရေးခဲ့တာ ကြာပြီမို့ တခြား လိုင်းတစ်ခု ပြောင်းရင် ကလောင်ပြောင်းသင့်တယ် ထင်လို့ပါ။ တိုတိုပြောရရင် ' ဆူးသစ် ' ဆိုတဲ့ ကလောင်ကို ရွေးပြီး ၀င်ပြိုင်တာ နှစ်သိမ့်ဆု ရခဲ့ပါတယ်။

နောက်တော့ ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ ကျွန်တော့်ထက်ငယ်တဲ့ လူငယ်လေးတွေ၊ ကျွန်တော့် ညီလေး အရွယ်တွေကို ပြောစရာတွေ များများလာလို့ မနေနိုင်တော့ဘဲ လူငယ်ဆောင်းပါးလို အတွေး အခေါ် မြှင့်ပေးနိုင်တာမျိုးတွေကို ၂၀၀၀ခုနှစ်မှာ ' ဆူးသစ်' ဆိုတဲ့ကလောင်နဲ့ စရေးခဲ့ပါတော့တယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ဦးတည်ချက်က ဆရာကြီးလုပ်ဖို့ မဟုတ်ဘဲ ကျွန်တော်သိထားတာကို ဗဟုသုတ မျှဝေတဲ့ ပုံစံမျိုး ( Knowledge Share) လုပ်တာပါ။ အဲဒီအတွက် ကျွန်တော့်ဆောင်းပါးတွေမှာ ဘယ်လိုလုပ်ရင် ဘယ်လိုချမ်းသာသွားမယ်တို့ ဘာတို့ မပါခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တောင် မချမ်းသာသေးလို့ ငွေရှာနေရတာ မဟုတ်လား။ တက်ကျမ်းလို့ သူများတွေ နာမည်ပေးပေမယ့် ကျွန်တော့်သဘောထားကတော့ အကြံပြုတဲ့စာ၊ ဗဟုသုတ မျှဝေတဲ့စာ ဆိုတဲ့ သဘောလောက် သတ်မှတ်ချင်တာပါ။

အဲဒီဆောင်းပါးတွေကိုတော့ အဖေက သူတာဝန်ယူနေတဲ့ မှုခင်းရှုထောင့်မဂ္ဂဇင်းမှာ လစဉ်ဖော်ပြပေး ခဲ့ပါတယ်။ ဒီနေရာမှာ အဖေ့ကို ကျွန်တော်က အဖေကြိုက်ရင် ထည့်ပေးပါလို့ ပြောခဲ့တော့ အဖေက ဖတ်ကြည့်ပြီး မဂ္ဂဇင်းထုတ်ဝေသူကလည်း ကြိုက်လို့ ထည့်ပေးခဲ့တာပါ။ ဒါနဲ့ ၂၀၀၀ခုနှစ်ကနေ ယနေ့အထိ ကျွန်တော်ဟာ အဲဒီမဂ္ဂဇင်းမှာ လစဉ်ရေးသားခွင့် ရခဲ့ပါတယ်။ ရံဖန်ရံခါ တခြားမဂ္ဂဇင်းများကိုလည်း ကျွန်တော့်ဆောင်းပါးတွေ ပို့ဖြစ်ခဲ့ပြီး ဖော်ပြခံခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်၊ ဇူလိုင်လမှာတော့ စကားပြေရေးဟန်ကနေ စကားပြောပုံစံကို ပြောင်းခဲ့ပါတယ်။ အကြောင်းက စကားပြေနဲ့ ရေးရတာ ကျဉ်းနေတဲ့ ဆောင်းပါးမျိုးတွေ ကျွန်တော့်မှာ ရှိလာလို့ပါ။ ပြီးတော့ ကျွန်တော့်ညီလေးကို ပြောချင်တဲ့ အကြောင်းတွေလည်း ရှိလာလို့ ' ညီလေးဖတ်ဖို့ရေးတဲ့စာ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော့်ဆောင်းပါးတွေကို ယနေ့အထိ ဆက်ရေးဖြစ်ခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာ ကျွန်တော်အိမ်ခဏပြန်တော့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ သူကိုယ်တိုင် သူများတွေ စာအုပ်ထုတ်တာကို စီစဉ်ပေးနေရတယ်တဲ့။ အဲဒီလူတွေရဲ့ စာတွေက ကျွန်တော့်လောက် မများသေးပါဘူး။ သူတို့တစ်တွေ စာအုပ်တွေ ထုတ်နေကြတော့ ကျွန်တော့် ဆောင်းပါးတွေစုပြီး စာအုပ်ထုတ်ဖို့ သူလုပ်မယ်တဲ့။ ကျွန်တော်အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်က လုံးချင်းဝတ္ထုတွေ ထုတ်ဖို့ပါ။ ဒါပေမဲ့ လောလောဆယ် ကျွန်တော့်မှာ လုံးချင်းထုတ်နိုင်တဲ့ ၀တ္ထုအရေအတွက်က နည်းနေသေးတော့ မဖြစ်နိုင်ခင်စပ်ကြားမှာ ဒီဆောင်းပါးတွေ ထုတ်တာ ကောင်းပါတယ်လို့ တွေးပြီး သဘောတူခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော့်စိတ်ကြိုက် ဆောင်းပါးတွေ ပြန်ရွေးပြီး အဖေ့လက်မှာ ထားခဲ့ပါတယ်။

ကျွန်တော် စင်ကာပူမှာ ပြန်လာပြီး အလုပ်လုပ်နေတုန်းမှာပဲ အဖေ သူ့ဘာသာ အားလုံးစီစဉ်ပြီး အခု ၂၀၁၁ခုနှစ် ဒီဇင်ဘာလလယ်မှာ စာအုပ်ထွက်လို့ ဖြန့်ခဲ့ပါပြီ။ ကျွန်တော့်ကလောင်နာမည် ' ဆူးသစ် ' နဲ့ ဖြစ်ပြီး "'အဝေးရောက် ထွန်းတောက်မြန်မာ' နှင့် ညီလေးဖတ်ဖို့ရေးတဲ့စာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဆရာ ဒေါက်တာချစ်စံဝင်း နဲ့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရယ်၊ ကျွန်တော့်အဖေရယ် အမှာစာရေးပေးထားပါတယ်။ ဆောင်းပါး (၂၃)ပုဒ်ပါပါတယ်။ နိုင်ငံ့ဂုဏ်ရည်စာပေတိုက်က ထုတ်ဝေ ခဲ့တာဖြစ်ပြီး တစ်အုပ် ၂၀၀၀ ကျပ်နဲ့ပါ။

ဆရာဒေါက်တာချစ်စံဝင်းကတော့ သူ့အမှာစာထဲမှာ ဒီလို ဆိုထားပါတယ်။

" 'စာကလေးပြတဲ့ မိဘမေတ္တာ' နှင့် ' အဖေပေးလိုက်သော အံသွားတစ်ချောင်း' ဆောင်းပါးနှစ်ပုဒ်မှာ ဂန္ထ၀င်ဆောင်းပါးနှစ်ပုဒ် ဖြစ်ပါသည်။"

" ထို့အပြင် ခေါင်းစီးပေးထားသော 'အဝေးရောက် ထွန်းတောက်မြန်မာ' နှင့် 'သူငယ်ချင်းပြောတဲ့ တက္ကသိုလ်ပုံပြင်' ဆောင်းပါးနှစ်ပုဒ်ကလည်း ယနေ့လူငယ်တွေ အားကျ အတုယူဖွယ်ကောင်းလှပါသည်။ ပုံပြင်မဟုတ်၊ ၀တ္ထုမဟုတ်၊ စိတ်ကူးယဉ်မဟုတ်၊ လက်တွေ့ဘ၀ သရုပ်မှန်မို့ လူငယ်တွေ စံနမူနာ ယူကြစေချင်ပါသည်။ " လို့ ဆိုထားပါတယ်။

ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း) ကတော့-

" သည်စာစုသည် " ဆူးသစ်" ဆိုသော လူငယ်တစ်ဦး၏ ဘ၀တစ်စိတ်တစ်ပိုင်း ဖြတ်သန်းမှုပုံရိပ်ဟု ဆိုလိုက ဆိုနိုင်ပေမည်။

ဆူးသစ်ဆိုသော မြန်မာလူငယ်တစ်ဦး၏ 'သမိုင်း' တစ်ပိုင်းတစ်စ ဖြစ်ပါလိမ့်မည်။

ကျွန်တော့်ကဗျာလေးတစ်ပုဒ်ဖြင့် သူ့ကို အမှတ်တရ ဖြစ်စေချင်ပါသည်။

"သမိုင်း"

လူငယ်သွေးသစ်
ရေကြည်ဖြစ်လျှင်........

'ဧရာဝတီ'
မြန်မာပြည်တည့်
ရေကြည် 'လှိုင်းသစ်'
တိုက်စားရစ်
ခေတ်ကမ်းပါးကို ထုဆစ်စေ။ ။"

လို့ ကျွန်တော့်ကို သူ့ရဲ့ကဗျာတစ်ပုဒ်နဲ့ ရည်ညွှန်းခဲ့ပါတယ်။

အမှာစာရေးပေးတဲ့ စာရေးဆရာများကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အဖေပါ။ သူမရှိရင် ဒီစာအုပ်ဖြစ်လာစရာ အကြောင်းကို မရှိပါဘူး။ ပြီးတော့ ကျွန်တော်ဘာလုပ်လုပ် နောက်ကနေ အမြဲယုံကြည်နေတတ်တဲ့ ကျွန်တော့်အမေ။ ကျွန်တော့်အနုပညာကို တန်ဖိုးထားတဲ့၊ ကျွန်တော်ဘာလုပ်လုပ် အမြဲအကောင်းမြင်တဲ့ ကျွန်တော့်ချစ်ဇနီး ပါရမီဖြည့်ဖက်လေး။ ကျွန်တော့်ကို အားပေးနေကြတဲ့ ကျွန်တော့်ရဲ့ အစ်ကိုကြီး မိသားစုနဲ့ ကျွန်တော့်ညီလေး။ ဒီညီလေးကြောင့်ပဲ ဒီစာစုတွေ ဖြစ်လာခဲ့ ရတာပါ။ နောက်ဆုံးကတော့ ကျွန်တော့်ဘ၀ရဲ့ စာပေရူးသွပ်မှုကို ၀ိုင်းပြီး ပံ့ပိုးအားပေးခဲ့ကြတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းတွေနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ။ အားလုံးကို ကျွန်တော့်နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူး တင်နေမိပါတယ်။

တကယ်တော့ ဒီစာအုပ်ဟာ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး စာအုပ်မို့ အမှတ်တရ မှတ်တိုင်တစ်တိုင် ဖြစ်သွား ခဲ့ပါပြီ။ အခြေအနေပေးရင် နောက်ထပ်စာအုပ်ပေါင်းများစွာ ကျွန်တော်ထပ်လုပ်ချင်ပါသေးတယ်။ ၀ါသနာကို အရင်းခံထားခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ ဖြတ်သန်းမှုတွေထဲမှာ ကျွန်တော်ပေးချင်တာတွေကို မျှဝေရင်း မသေမချင်း စာရေးနေတဲ့သူ အဖြစ်တော့ ကျွန်တော်ရှင်သန် နေချင်ပါသေးတယ်ဆိုရင် ကျွန်တော့်ကို နားလည်ပေးနိုင်မယ်လို့ ထင်မိပါတယ်။ ။

ဆူးသစ်
၁၃:၄၁ နာရီ
၂.၁.၂၀၁၂


17 comments:

Cameron said...

Congratulation !!!
အဲဒါပဲ အနုပညာပိုးဆိုတာ ဘယ်တော့မှ သတ်လို့သေတဲ့အမျိုးမဟုတ်ဘူး...။

Han Kyi said...

Congratulation ဗျာ...
ကိုဆူးသစ်ရဲ့ ဖြတ်သန်းမှုကို ဖတ်ရင်းနဲ့ ကိုယ့်ငယ်ဘ၀ကို ပြန်သတိရသွားတယ်...ကျောင်းသားဘ၀တုန်းကတော့ သူငယ်ချင်းတွေနဲ့ ၀ထ္ထုတိုပေါင်းချုပ်တစ်အုပ်ထုတ်ဖြစ်တယ်...ကဗျာတွေတော့ အများကြီးပေါ့ဗျာ...ကဗျာကတော့ ကျွန်တော်လည်း မြန်မာကဗျာဖွဲ့နည်း စာအုပ်နဲ့ပဲ တက်လာခဲ့တာဆိုတော့ ရှေးရိုးရေးနည်းနဲ့ ခေတ်စာသားပေါ့...ဒါပေမယ့် မဂ္ဂဇင်းတွေပေါ်တော့ ရောက်မလာဖြစ်ပါဘူး...ဒါကလည်း ကျွန်တော်ကိုယ်၌က လက်ပေါက်ကပ်တာကြောင့်လည်းပါမယ်ထင်ပါရဲ့...

ကိုဆူးသစ်ရဲ့စာအုပ်ကိုတော့ ၀ယ်ဖတ်ဦးမယ်ဗျာ...မဂ္ဂဇင်းအဖတ်နည်းလာတာမို့ မဂ္ဂဇင်းထဲက ဆောင်းပါးတွေနဲ့ ရေစက်ဆုံဖို့တော့ မလွယ်ဘူး...

စာပေရေယာဉ်ကြောမှာ ခိုင်မာမြဲမြံစွာ စီးမြောနိုင်ပါစေလို့ မုဒိတာအပြည့်နဲ့ ဆုတောင်းပေးလိုက်ပါတယ်...

အမ်တီအန် said...

ဝမ်းမြောက်စွာ မုဒိတာ ပွားမိပါတယ်။
စာအုပ်လေးကို ၀ယ်အားပေးပါဦးမယ်ရှင်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဆူးသစ်ရေ
ခုလိုအားထုတ်မှုရဲ့ မှတ်တိုင်လေး မြင်ရတာ ဝမ်းမြောက်မိပါတယ်
နောက်ထပ်လည်း မှတ်တိုင်တွေ အများကြီးစိုက်နိုင်ပါစေနော်
ဝါသနာကို အရင်းခံထားတဲ့ မှတ်တိုင်းက နှစ်များစွာ တည်တံ့ခိုင်မြဲနေမယ်လို့ ယုံကြည်မိပါတယ်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..
အစစအဆင်ပြေပြီး စာပေခရီးရော ဘဝခရီးလမ်းကိုပါ မဟေသီလေးနဲ့အတူတူ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်တောင်းပါတယ်ရှင်။

သတိုး said...

ဝမ်းသာ ပါတယ် ဆရာ။ စာအုပ်ကလေးလည်း အားပေးပါ့မယ်။ နောက်ထပ်စာအုပ်များစွာကို မျှော်နေပါ့မယ်။ ဆရာ.. အောင်မြင်ပါစေ..။
ဆန္ဒမွန်ဖြင့်...
သတိုး

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ နှုတ်ဆက်တာနောက်ကျသွားတယ် အလုပ်နဲနဲများနေလို့ပါ။
ဒီကနေ့ မနက် ဘုရားရှစ်ခိုးပြီးမိဘဆရာသမားသင်ဆရာ
မြင်ဆရာများကိုရှစ်ခိုးတဲ့အထဲမှာ ဆရာဆူးသစ် ကိုလည်း
ကတော့လိုက်ပါတယ်-စာတွေလည်းဖတ်သွားပါတယ်။

Angelhlaing(May everybody be happy and healthy! said...

Congratulation ပါ အကို..... အတိုင်းမသိ ထပ်တူ ဝမ်းမြောက်မိကြောင်းပါလို့... ဆထက်တိုးလို့ အောင်မြင်မှုတွေနဲ့ စာပေလောကမှာ ထွန်းလင်းတောက်ပ နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း ...

နွေတေးရှင် (မင်းဧရာ) said...

ကောင်းသေားနှစ်သစ်လေးမှာ ကောင်းသေား သတင်းကြားရခြင်းအတွက် ၀မ်းသာနေလျှက်ပါ အကို
စာရေးသူ စာဖတ်သူတွေအပ်ါမှာ ထားတဲ့စေတနာကိုလည်း အကိုပေးတဲ့ comment တွေ အကိုရေးတဲ့ ပို့စ်တွေမှာ တွေ့နေရပါတယ် ဘယ်နေ့ရယ်လို့ မသိပေမယ့် အကို့စာအုပ်လေးတွေကို စောင့်မျှော်ဖတ်ရှု့ နေမှာပါ ။

Candy said...

ဂုဏ်ယူပါတယ် အစ်ကို.. အရမ်းပျော်နေမှာပေါ့နော်...
အစ်ကို့လင်ခ့်ကတော့ ညီမမှာရှိပြီးသား.. ခွင့်မတောင်းဘဲ ယူထားတာ.. :D

အဲ့စာအုပ်လေးကို အခွင့်ရရင် ၀ယ်ဖတ်ဦးမယ် :D :D

အဖြူရောင်နတ်သမီး said...

Congratulation ဆရာဆူး ..

လင့်ပြန်ချိတ်လိုက်ပြီ..၊ အိမ်ပြင်နေလို့ လင့်တွေဖြုတ်ထားတာ ။
ဝိုင်အကြောင်း အချက်အလက်လေးတွေယူသုံးမယ်ဆိုလို့ ဝမ်းသာနေတာ၊ ခွင့်တောင်းစရာမလိုပါဘူး ဆရာဆူးကလည်း၊ သိစေချင်လို့ မျှဝေပါတယ်ဆို..၊ ထပ်မျှဝေပေးတဲ့သူကို ပိုလို့တောင် ကျေးဇူးတင်သေး။

လင်းဦး(စိတ်ပညာ) said...

ဒါပေါ့... စာပေလောကမှာ အဲ့မှတ်တိုင်တွေ အရေးကြီးတယ်။ စာပေသာ ဘ၀လို့ သတ်မှတ်သူတွေမှာ အဲ့မှတ်တိုင်တွေ အရေးကြီးတယ်။

မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ပြီပေါ့ ကိုဆူးသစ်ရေ။ နောက်လည်း ဆက်လက် ချီတက် စိုက်ထူနိုင်ပါစေ။


လင်းဦး(စိတ်ပညာ)

အလင်းသစ် said...

Congratulation ပါအကိုရေ...

rose said...

ကိုဆူးသစ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းပုံ အကြောင်းက စိတ်ဝင်စားစရာ ကောင်းသလို စာပေချစ်စိတ် ဖြစ်အောင် သွန်သင်ပေးခဲ့တဲ့ ကိုဆူးသစ် ဖေဖေကလည်း တကယ်ကို လေးစားစရာပါ။ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ ခက်ခဲတဲ့ စာပေလောကထဲမှာ ရုန်းကန်ရင်း လူငယ်တွေကို အသိမျှဝေပေးတဲ့ စာအုပ်လေးတွေ ထုတ်ခွင့်ရတာ အင်မတန်ကို ၀မ်းသာစရာပါ။ ကိုဆူးသစ် ဒီ့ထက် အောင်မြင်ပါစေရှင်။ ပါရမီဖြည့်ဖက်လေးနဲ့တော့ ဘလော့ဂ်ပေါ်မှာ ခင်မင်နေတာ ကြာပါပြီး)

PhyoPhyo said...

ပထမဆုံးမှတ်တိုင်လေးကနေ မှတ်တိုင်တွေအများကြီးစိုက်ထူသွားနိုင်ပါစေ။

စာပေ၀ါသနာကြီးတဲ့အကြောင်း ပိုစ့်ထဲမှာသိလိုက်ရတယ်။
ရန်ကုန်မှာ အစ်မကို ၀ယ်ခိုင်းလိုက်မယ်။

နာမည်ကျော်စာရေးဆရာကြီးဖြစ်ပါစေလို့ ဆုမတောင်းပေးတော့ပါဘူး
စာရေကောင်းတဲ့သူဖြစ်နေတာနဲ့တင် ပီတိဖြစ်စရာပဲနော်။
ကဗျာတွေ စာတွေ ချစ်ဇနီးလေးနဲ့ မိသားစုတွေ ပျော်စရာနေ့ရက်လေးတွေဖြတ်သန်းနိုင်ပါစေပေါ့။

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ ဆရာ---စာအုပ်ကလေးကိုကော်ပီယူသွားတယ်
ဗျာ-

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါဆရာ----စာအုပ်ကလေးကိုကော်ပီဆွဲသွား
တယ်-

Yan said...

အောင်မြင်ပါစေ ကိုဆူးသစ်.
အမှတ်တရ အားပေးပါဦးမယ်.

Yan.

Related Posts Plugin for WordPress, Blogger...