Tuesday, January 24, 2012

" ပြန်ခဲ့ရမှာလား "


အခုတလော အလုပ်ပိတ်ရက်ကလေးရတာနဲ့ အင်တာနက်မှာ မကြည့်ရသေးတဲ့ သတင်းတွေ၊ ရုပ်ရှင်တွေရှာကြည့်၊ ဘလော့တွေလည်နဲ့နေလာလိုက်တာ အရင်ကတည်းက မျိုသိပ်ထားတဲ့ အရာတွေ ကနေ ပြောချင်စရာတွေ ပိုများလာလို့ ပြောလိုက်ပါဦးမယ်။

ကျွန်တော်တို့နိုင်ငံက အခုတော့ စပြီးပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီလို့ ယူဆရတဲ့အချိန်မှာ တချို့လူတွေကလည်း ကျွန်တော်တို့လို အဝေးမှာ အလုပ်လုပ်နေတဲ့ လူတွေကို ပြန်လာဖို့ခေါ်နေတာတွေ ကြားရပါတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ကျွန်တော်တို့လို အဝေးကလူတွေ ပြန်လည်ပါဝင် သင့်တယ်ပေါ့။ ကျွန်တော်တို့လို အလုပ်လုပ်နေသူတွေ ပြန်သွားသင့်သလားဆိုတာကိုတော့ ကျွန်တော်တို့လည်း စဉ်းစားကြည့်မိပါတယ်။

ကျွန်တော့်လုပ်ကွက်ထဲက လူတွေကလည်း အဲဒါကို တော်တော်လေး သိချင်နေကြတယ်။ ကျွန်တော့်ကို တွေ့တိုင်းလည်း မေးကြပါတယ်။ အဓိကက အားလုံးဟာ ကိုယ့်ပြည်ကိုယ့်ရွာ ဘယ်အချိန်ပြန်နိုင်မလဲ ဆိုတာကို စိတ်ဝင်စားကြတာပါ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ကျွန်တော်တို့ တိုင်းပြည် တိုးတက်လာတဲ့ တစ်နေ့ကျရင် ပြန်ကိုပြန်မယ် ဆိုတာပါပဲ။ ဟုတ်တယ်။ ကျွန်တော်တို့ပြန်ရမယ်။ ကိုယ့်ပြည်ကိုယ့်ရွာလောက် နေချင်စရာ ကောင်းတဲ့အရပ် ရှိမလား။ ဒါပေမဲ့ လောလောဆယ် ကတော့ စောင့်ကြည့်ရဦးမယ်လို့ ကျွန်တော်တို့ ထင်မိတယ်။ ဘာဖြစ်လို့လဲ။

ပထမတစ်ချက်က ကျွန်တော်တို့ ပြန်ရင် အခုလောလောဆယ် ကျွန်တော်တို့ ရနိုင်မယ့်လစာမျိုး မရနိုင်တော့ဘူး။ ဒါကတော့ ကျိန်းသေတယ်။ ဘယ်လောက်ကြီးပဲ ရာထူးကြီးပါစေ။ စလုံးက လစာမျိုးတော့ ဘယ်သူပေးနိုင်မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ပြန်ရနိုင်မယ့် အချိန်တွေ၊ မိသားစုနဲ့နေရမှာတွေ၊ ကျန်တဲ့ ကိုယ့်ပြည်ကိုယ့်ရွာဆိုတဲ့ ခံစားမှုတွေကတော့ နှိုင်းယှဉ်လို့ ရကောင်းတဲ့ အရာတွေ မဟုတ်တာကိုတော့ အားလုံးသိကြပါတယ်။

ဒုတိယတစ်ချက်က ဘယ်လိုအလုပ်မျိုးတွေ ကျွန်တော်တို့အတွက် ဖြစ်လာမှာလဲ။ နိုင်ငံခြားကပြန်တိုင်းရော တကယ်ထိုက်တန်တဲ့ တစ်နေရာရှိနေမလား။ တတ်အပ်ပြောလို့မရပါဘူး။ အလုပ်တော့ ပေါ်လာမယ်။ ကျွန်တော်တို့နဲ့ သင့်တော်တဲ့ အလုပ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ အဲဒီအခါ အာမခံချက်ဆိုတာကလည်း စဉ်းစားရပါတော့မယ်။ ဒီအလုပ်မကောင်းလို့ နောက်အလုပ်ပြောင်းဆိုတာမျိုးကလည်း ခဏခဏ လုပ်လို့ကောင်းတာမျိုး မဟုတ်ဘူးမဟုတ်လား။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ပြောဖူးတာကို လက်ဆင့်ကမ်းရရင် သူရထားတဲ့ Ph.D ကြီးနဲ့ သူ့ကို အရှေ့တောင်အာရှမှာတောင် အလုပ်ခန့်ပေးဖို့ မလွယ်ပါဘူး ဆိုတာပါပဲ။ တော်ရုံပညာတတ်၊ ဘွဲ့ရတွေနဲ့ ဘွဲ့မရဘဲ အဆင်ပြေသလို ထွက်လုပ်နေတဲ့လူတွေ အတွက်ကတော့ အလုပ်တွေဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံပါတယ်။

အဲဒီတော့ ကျွန်တော်တို့တိုင်းပြည် တကယ်တိုးတက်လာမယ့် အချိန်မှာတော့ တော်တော် များများ ပြန်လာနိုင်မယ်လို့ ယူဆရပါတယ်။ ကျွန်တော်ဒီလိုပြောနေတော့ ဒီကောင် တိုင်းပြည်မချစ်တဲ့ကောင်ပဲ လို့တော့ မထင်လိုက်ပါနဲ့။ ချစ်လွန်းလို့ ဘယ်သူမျှ မခိုင်းဘဲ ပြည်သူ့ဝန်ထမ်း ဘ၀နဲ့ ခြောက်နှစ်ကျော်တောင် နေခဲ့ ပြီးပါပြီ။ နိုင်ငံခြားရောက်နေတဲ့ သူတွေဟာ တိုင်းပြည် မချစ်လို့ ပြည်ပရောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုချင်တာက တိုင်းပြည်ချစ်တာရယ်၊ ကျွန်တော်တို့ရဲ့ ဘ၀ရပ်တည်မှုရယ် ဆိုတာတွေက အတူယှဉ်တွဲ စဉ်းစားနေရတဲ့ ကိစ္စတွေဆိုတာ သိစေချင်တာပါ။ ခဏခဏ ပြန်လာခဲ့ပါလို့ချည်း အော်နေပေမယ့် နိုင်ငံခြားကလူတွေ ပြန်လာနိုင်လောက်တဲ့ အနေအထားကို မရောက်သေးရင် ဘယ်သူတွေက ပြန်လာနိုင်ပါ့မလဲဗျာ။ ဒီလိုပြောလို့ ပြည်တွင်းက လူတွေက ပြန်လာမယ့်လူတွေကို စောင့်ပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလို့ ဆရာ လူထုစိန်ဝင်း ပြောသလို ပြောချင်ပြောနိုင်ပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တစ်ဦးတည်း သဘောထားကတော့ တစ်နေ့ပြန်လာခဲ့မှာပါ။ အချိန်တစ်ခုအထိ ရောက်ခဲ့ရင်ပေါ့ဗျာ။ ကျွန်တော့်မှာလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ကိုး။

ဒီလိုနဲ့ တိုင်းပြည် တိုးတက်လာဖို့ မျက်စိဖွင့်ထားရင်းမှာပဲ ခုတလော ကျွန်တော့် မျက်စိထဲ တော်တော်ထော်လော် ကန့်လန့်နိုင်တဲ့ ကိစ္စတွေ မြင်လာရပါတယ်။ ဒီကိစ္စတွေက ကျွန်တော်တို့လို အပြင်မှာ နေတဲ့လူတွေ ပြန်တာ၊ မပြန်တာနဲ့ ဘာဆိုင်လို့လဲလို့ မေးလာရင် ဆိုင်သလိုလို ရှိလို့ ကျွန်တော်ထည့်ပြောတာပါလို့ပဲ ဖြေပါရစေ။ ပြန်ရင် ဘာလုပ်ရမှန်း မသိတဲ့သူများ ရှိခဲ့ရင် နည်းလမ်းလေး၊ဘာလေး နည်းနည်းပါးပါး ပေးချင်လို့ပါ။ တည့်တော့လည်းယူ၊ မတည့်တော့လည်း ဗဟုသုတဖြစ်မယ် ထင်ပါတယ်။

ဒီဆောင်းပါးရဲ့ ပထမပိုဒ်မှာ ဆိုခဲ့ပါတယ်။ ကျွန်တော် အချိန်နည်းနည်းရလို့ အင်တာနက်ကနေ မြင်ရ တာတွေ လျှောက်ကြည့်နေပါတယ်လို့။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်လို့ လိုက်ကြည့်တာပေါ့ဗျာ။ ကြည့်မိတော့ မြင်ရပါတယ်။ ဘာတွေမြင်ရလဲဆိုတော့ ကျွန်တော်တို့မြန်မာပြည်မှာ တော်တော်ကို တိုနေကြတဲ့ ကိစ္စပါ။

ဘာတွေတိုတာလဲဆို ဘောင်းဘီလည်းတို၊ အင်္ကျီလည်းတို အကုန်ကို တိုတာဗျာ။ စလုံးက တရုတ်မ ကောင်မလေးတွေကို တုပြီး မြန်မာမလေးတွေ ဘောင်းဘီတို လိုက်ဝတ်တာကို တော်တော်တိုတယ် ထင်ထားတဲ့ ကျွန်တော့်မှာ နောင်တတောင်ရမိမလိုပါ။

ကျွန်တော့်အထင် စတိတ်ရှိုးမှာ ဆိုတဲ့ အဆိုတော်မလေးများက စတယ်ထင်တာ ပါပဲ။ နောက်တော့ မြန်မာပြည်မော်ဒယ်လောကရဲ့ အထင်ကရ ပြိုင်ပွဲကြီး များမှာလည်း မော်ဒယ်တွေက တိုသထက်တိုတာတွေ ၀တ်ပြပြီး ပြိုင်ကြတယ်ဗျ။ တစ်ခါတစ်ခါများဆို အင်္ကျီက ဘယ်လိုဟာမျိုးလဲလို့ မသိရအောင် တစ်ကိုယ်လုံးဖော်လို့ရတာတွေကို ဖော်ပြီးပြိုင်တယ်ဗျ။ မှတ်သားရပါတယ်။ ပြီးတော့ မေးတဲ့မေးခွန်းကို ဖြေချင်တာဖြေပြီး ဆုတွေ ဘာတွေရသွားသေးသဗျ။ လေးစားတယ်ဗျာ။ တစ်ခါများဆို စင်ပေါ်မှာ လမ်းလျှောက်ရင်း ချော်လဲသွားတဲ့ မော်ဒယ်မလေးခမျာ ကျွန်တော်တို့ကတော့ မရတော့ဘူး ထင်တာပဲဗျာ။ သူ့ကိုတောင် သနားမိသေးတယ်။ ဒါပေမဲ့ ပွဲပြီးတော့ သူက ပထမဗျာ။ ကောင်းရော။

အခုနောက်ဆုံး တော်တော်ဆိုးတာ တစ်ခုကတော့ စင်ပေါ်မှာ သီချင်း တက်ဆိုတဲ့ ကောင်မလေးနှစ်ယောက်က Rapper ယောကျာ်းလေးတွေတောင် မဆိုရဲတဲ့ စာသားမျိုးတွေကို တက်ဆို သွားတာခင်ဗျ။ ဥပမာပြောရရင်ဗျာ-အမေပေးထားတဲ့ လယ်တစ်ကွက်တို့၊ ပြည့်တန်ဆာမကို အရပ်သားခေါ်တဲ့ စကားလုံးမျိုးတို့ကို တွင်တွင်သုံးပြီး ဆိုသွားတာ။ အမယ်-နောက်ဆုံးကျတော့ သူတို့က ပြောသွားသေးတယ်။ သူတို့ဆိုတာ ရိုင်းချင်ရိုင်းပါမယ်တဲ့။ ဒါပေမဲ့ အဲဒါတွေက အမှန်တွေပါတဲ့။

ဒါဖြင့် လူရှေ့သူရှေ့ ပြောဟောနေတဲ့သူတွေလည်း ရိုင်းချင်သလောက်ရိုင်း။ ပြီးမှ အဲဒါတွေက အမှန်တွေပါလို့ ပြောရင် အဆင်ပြေတဲ့ခေတ်ကို ရောက်နေပြီလားမသိဘူးလို့ ကျွန်တော်တော့ စဉ်းစားနေမိတာပါပဲ။ ဒီတော့ ကျွန်တော်အကြံပြုချင်တာက တကယ်လို့ပေါ့ဗျာ။ နိုင်ငံခြားက မိန်းကလေးတွေများ မြန်မာပြည်ပြန်ပြီး အထိုင်ချတော့မယ်ဆိုရင် တော်တော် တိုနိုင်မှရယ်၊ တော်တော် ဆိုနိုင်မှရယ်(ရိုင်းချင်တာရိုင်းလို့ရတယ်။ ပြီးမှ အမှန်တွေလို့ ပြောပေါ့) အဲဒီနှစ်ခု အကြောင်းညီညွတ်ရင် မြန်မာပြည်မှာ ဘောင်းဘီဝတ်ပြီး အောင်မြင်စွာဖြတ်သန်းနိုင်ပြီလို့ တွေးလို့ရပါပြီ။

နောက်တစ်ပိုင်းကတော့ ယောက်ျားလေးများပါ။ ဘာမျှမပူပါနဲ့။ ဒီဘက်ခေတ်မှာ လူရွှင်တော်တွေ လည်း တော်တော်အခြေအနေကောင်းပါတယ်။ သူ့ဘာသာသူ ပညာနဲ့လုပ်စားနေကြသူတွေပါ။ ဒါပေမဲ့ပေါ့ဗျာ။ ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ်ပဲ ပြောရမလားမသိပါဘူး။ တချို့ကလည်း အောက်လုံးတွေပျက်ပြီး ပရိသတ်ကို မြှူဆွယ်လို့ အဲဒါကို ဟာသတစ်ခုလို လုပ်နေကြတယ်ဗျ။ တကယ်တော့ ဒါကကြာပြီလို့တောင် ပြောလို့ရပါတယ်။

ဒါပေမဲ့ အဲဒါကိုပဲ တကယ့်လူရွှင်တော်တွေရဲ့ ပညာလို့ထင်ပြီး ပြောနေသူတွေကလည်း ရှိသေးတယ်ဗျ။ ဒီတော့ ကျွန်တော်တို့ကပဲ သူတို့ အဲဒီလို အောက်လုံးပျက်တာကို ကြိုက်လို့ကြည့်နေသူတွေလိုလို ဖြစ်ဖြစ် သွားရတာပေါ့ဗျာ။ လူရွှင်တော်တစ်ယောက်ကဆို ဒီဘက်ခေတ်မှာ လူရွှင်တော် လုပ်ရင် အောက်လုံးခွင် ပျက်ရင်ပျက်၊ မပျက်ရင် နိုင်ငံရေးခွင်ကို ပျက်မှတဲ့။ လူရွှင်တော်လုပ်ချင်ရင် ဒီနှစ်မျိုး တတ်ရမလိုတောင် ဖြစ်နေပြီဗျာ။ စဉ်းစားသာကြည့်ပါတော့။ သူပြောတဲ့အထဲမှာ ဟာသတွေ ဘယ်လိုရှာရမယ် ဆိုတာကိုတောင် မပါတော့တာ။ တကယ့်ဟာသကို ရှာပြီး လူရွှင်တော် လုပ်နေသူတွေကတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားသွားပါပြီ။

အဲဒီတော့ ဒီနေ့ခေတ် ပြဇာတ်တို့၊ အငြိမ့်တို့ ကြည့်နေရတဲ့ ပရိသတ်ခမျာ နို်င်ငံရေး ပျက်လုံးနဲ့ အောက်လုံးလို့ခေါ်တဲ့ လူရှေ့သူရှေ့ မပြောသင့်၊ မပြောအပ်တဲ့ စကားတွေပြောတဲ့လူတွေကိုပဲ လူရွှင်တော်လို့မြင်ရင်း တကယ့်ဟာသတွေ ပျက်မယ့် လူရွှင်တော်စစ်စစ်တွေကို ကြည့်ဖို့ခဲယဉ်းသွားကြပါပြီ။

ဒီတော့ နိုင်ငံရပ်ခြားကနေ မြန်မာပြည်ပြန်ချင်တဲ့ ယောကျာ်းလေးများအဖို့ကတော့ အောက်လုံးနဲ့နိုင်ငံရေး
ပြောတတ်ရင် ကိုပဲ လူရွှင်တော် အဖြစ် မြန်မာပြည်မှာ ပြန်လုပ်လို့ရပြီလို့ ကျွန်တော်တော့ ထင်မိကြောင်းပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား။ စကားမစပ်ပဲ ပြောရမလား။ အခုဒီဆောင်းပါး ရေးနေတဲ့ အချိန်မှာပဲ ကော်ဖီဆိုင်က ပြန်အလာမှာ တရုတ်နှစ်ကူး တစ်ခါကူးတိုင်း ဈေးတက်လေ့ရှိတဲ့ ကော်ဖီ ဖိုးဟာ နောက်ထပ်ဆယ်ပြားထပ်တက်သွားလို့ တစ်ခွက်ကို တစ်ကျပ်ဆယ်ပြားပေးခဲ့ရတဲ့အတွက် လူနေမှုစရိတ်မြင့်တက်နေတဲ့ စင်ကာပူကနေ မြန်မြန်ပြန်စေချင်တဲ့ တွန်းအားတွေများလားလို့လည်း ကျွန်တော်တွေးနေပါတယ်။ အရင်နှစ်က ပြားကိုးဆယ်ကနေ တစ်ကျပ်ဖြစ်၊ ဒီနှစ်မှာ တစ်ကျပ်ကနေ တစ်ကျပ်ဆယ်ပြားဖြစ်ဆိုတော့ ရှေ့ရေးက ရင်လေးစရာတွေလည်း ဖြစ်ဖြစ်လာနေပြီလို့ ထင်ပါတယ်။

ဒီတော့ ပြန်ဖို့ခေါ်သူတွေကလည်း ခေါ်နေပြီဆိုပေမယ့် ပြန်ရမယ့်လူတွေ ခမျာလည်း စူးစမ်းရင်းနဲ့ လေ့လာနေပါကြောင်းနဲ့ ပြန်ပြီးရင် ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ကိစ္စမှာတော့ နည်းနည်းထည့်စဉ်းစားသင့်တဲ့ကိစ္စတွေကို အမြင်အတိုင်း ခင်းပြလိုက်ရကြောင်းပါ။ ။

သားလတ်
၁၀:၅၁ နာရီ
၂၄.၁.၂၀၁၂


11 comments:

Cameron said...

ဟုတ်တယ်...ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံဖြစ်မလာဖို့ပဲ ပြုပြင်ရမှာ...။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကိုရေ.. အခုတလော သီချင်းတွေဆိုလည်း ကြားရတာ မကောင်း... ဘာပြောလို့ ပြောရမှန်းတောင် မသိပါဘူး ..ဒါပေမယ့်လည်း ပြန်တော့ ပြန်ရမယ်လေ. တစ်ချိန်တစ်ခုထိပေါ့...

Sonata Cantata said...

လူရွှင်တော်တင်မကဘူး မင်းသားမင်းသမီးတွေပါ အဲ့ဒါတွေ ပြောတယ် ဆူးသစ်ရေ...

လင်းခေတ်ဒီနို said...

အကိုရေ တချိန်ပေါ့ဗျာ . . တချိန်လို့ပဲ ပြောနိုင်ပါတော့တယ် . .

သတိုး said...

ကိုယ့်ရေ၊ ကိုယ့်မြေမှာပဲ စုစုစည်းစည်း ရှိချင်ကြတာ၊ ရှိသင့်ကြတာ နားလည်ပါတယ် ကိုဆူးသစ်ရေ..။ လှုပ်ဖို့ လှည့်ဖို့ အခြေအနေမရှိကြတာလည်း စာနာမိပါရဲ့။ မင်းသား၊ မင်းသမီး၊ လူရွှင်တော်အပါအ၀င် လူတစ်ဝက်၊ လူတစ်စက်တွေကို မြင်တိုင်းလည်း ပြင်ပက လူတစ်လုံး၊ သူတစ်လုံးတွေကို ပိုမျှော်နေမိကြောင်းပါ။
ခင်မင်သော...
သတိုး

စားပွဲဝိုင်း said...

သားလတ်..
သူငယ်ချင်းရေ..မင်း..ထိန်းထိန်းသိမ်းသိမ်း ဆလိုက်ထိုး လိုက်တာကို ငါမြင်ပါတယ်၊ တစ်ချက် အကြံပေးချင်တာက ပြန်လာတာနဲ့ မဆက်စပ်ဘူး ဆိုပေမယ့် တစ်ပုဒ်ချင်း သတ်သတ်ခွဲပြီး ပြောပြခဲ့ရင် ပိုပြီးတွေးတောသင့်စရာ ဖြစ်ပါမယ်၊ ပြန်လာတဲ့ ကိစ္စ၊ မင်းတို့လို ငါတို့ မသွားဖြစ်တဲ့ ကိစ္စတွေက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာပိုင်းနဲ့ ပိုပြီး ပတ်သက်ပါတယ်၊ တိုတာ၊ ဆဲသလို ဆိုနေတာ၊ ပြက်လုံးထုတ်ထားတာ...အဲဒါတွေက သိပ်အနည်းစုပါလို့ ပြောချင်ပါတယ်၊
တစ်ချက်ချင်း ပြောရရင်..
၁) - တိုခြင်း
ငါ့ တစ်ဦးတည်း အမြင်ပြောရရင် သွား တားလို့တော့ မရတော့ဘူး၊ တားတာဆိုရင်..ဒီမှာ ဘာမှကို မကြိုက်တော့တာ၊ တိုတာနဲ့ စိတ်ဓာတ်၊ အကျင့် ခိုင်မာ မှန်ကန်မှု သတ်သတ်စီ ထွန်းကားဖို့ ကိုပဲ မျှော်လင့်ရတော့တာ၊ မီဒီယာနဲ့ မောဒယ်လ် အင်တာဗျူး၊ ဖက်ရှင်ရေစီး တွေမှာ လွတ်လပ်ပေါ့ပါးတဲ့ စတိုင် ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ် လောက်ကစလို့ ပိုပြီး လှိုင်လှိုင်သုံးလာခဲ့ပြီး၊ ဆိုင်တွေမှာလည်း တိုလေ၊ ပါးလေ ဈေးကြီးလေလို့ တွေ့လာရသလိုပါပဲ၊ မင်းနဲ့ငါ ရေးနေတဲ့ ခေါင်းစဉ် အောက်မှာ တိုလာလို့ ပျက်သွားကြရတော့မယ်ဆိုရင်..အဲဒီဈေးကွက် ထွန်းကားပြန့်ပွားရေးကို အသက်မွေးဝမ်းကျောင်း အလုပ်လို ခံယူ၊ ကျင့်သုံးလာခဲ့တဲ့သူတွေ ကိုယ့်တာဝန်ကိုယ် သိကြမှာပါ၊ တို နေလို့လည်း မပျက်သွားတဲ့သူ တွေကတော့ မိမိကိုယ်ကို မိမိ ကောင်းကောင်း ထိန်သိမ်းဖြစ်ကြရသူတွေစာရင်းထဲပေါ့
၂) - ဆဲသလို ဆိုကြခြင်း
ဆိုနိုင်သူဟာ မှန်တာဆိုရင်း..ပရိတ်သတ်ကို ဒါမျိုးတွေ နားယဉ်နေတယ်လို့ သတ်မှတ်လိုက်တယ်၊ ငါ့ပရိတ်သတ်ကို ငါ သင်ချင်သလို သင်လို့ရတယ် ဆိုတဲ့ လေသံနဲ့ ဆိုထားတာ၊ ဒါလည်း လက် ငါးချောင်းပြည့်လောက်အောင် မများပါဘူး၊ တကယ်တမ်းတော့ ပရိတ်သတ်က ပွဲတော်ဟင်းစုံအောင် စားနေတဲ့သူတွေပဲ၊ ငါတို့ အရသာသိကြတယ်၊ ပရိတ်သတ်က မြို့မ ရွှေရတု သီချင်းတွေကိုလည်း မြတ်နိုးကြတယ်၊ နိုရာ ကိုလည်း လက်ခုပ်တီး အားပေးတယ်၊ မယ်တင် ကိုလည်း သဘောကျကြတယ်၊ ဘူလေးလဲ ကိုလည်း နားထောင်ဖူးတယ်၊....ပရိတ်သတ်က သီဆိုသူတွေကို အတန်းအစားခွဲလိုက်တာ..သူတို့မသိလိုက်ဘူး၊ တကယ်တော့ သီဆိုသူကိုသာ သနားလိုက်ရတာပါ
၃) - ပြက်လုံးတွေထဲက..နိုင်ငံရေးပြက်လုံးတွေကိုတော့ တစ်ချိန်က စာပေဟောပြောပွဲ တစ်ခုမှာ ဆရာ ဦးအောင်သင်းက ဟာသဆိုတာ မထင်တဲ့ဘက်ကထွက်တာပဲ ဆိုတဲ့ မှတ်ချက်လိုပဲ မွန်းကျပ်နေဖြစ်ရတဲ့ တစ်နေ့တာ အချိန်တွေအတွက် အီနာဗွန်-စီ သောက်လိုက်ရသလို သဘောထားလိုက်ပါကွာ
စကားမစပ် - ဒုတိယနှစ်တုန်းက မင်းထည့်ပေးတဲ့ ကဗျာလေး အကြောင်း သတိရမိနေပါတယ်။

ယက္ခ

ဆူးသစ် said...

ကျေးဇူးတင်ပါတယ်သူငယ်ချင်း။ ငါ့အနေနဲ့ ပြောချင်တာတွေများလို့ ရောမွှေလိုက်တာပါ။ အမှန်က ငါလည်းရေးနေရင်းနဲ့အဲဒီလိုတွေးနေမိတယ်။ ဒါပေမဲ့ ငါပေးချင်တဲ့ Message က တစ်မျိုးကွ။ သရော်ချင်တာပါ။ မင်းလည်း ဖတ်ပြီးနားလည်မယ်လို့ငါထင်တယ်။ မဖတ်ရသေးသူတွေပေါ့သွားမှာစိုးလို့ ငါဆိုလိုရင်းအတိအကျတော့ မပြောတော့ပါဘူး။ သူငယ်ချင်းကို ကျေးဇူးတင်တယ်။ ငါ့ကို အကြံပေးလို့။ မင်းဘလော့ကို လိုက်ပြီး မင်းဘယ်သူလဲဆိုတာကို ပုံရိပ်ဖမ်းဖို့ကြိုးစားကြည့်တယ်။ မရဘူး။ နောက်ဆုံးက စာလုံးကတော့ ငါ့ကို ဦး စားသွားတယ်။ ငါသိတဲ့ ဘီလူးလားပေါ့။ ဒုတိယနှစ်က ကဗျာဆိုတာဘယ်ကဗျာလဲလို့ မင်းဖော်ပေးနိုင်ရင်တော့ မင်းဘယ်သူလဲဆိုတာ ငါပုံဖမ်းလို့ ရကောင်းပါပြီ။ တောင်းပန်ပါတယ်ကွာ။ သူငယ်ချင်းတွေက မတွေ့တာကြာလို့ပါ။ ပြီးတော့ သူငယ်ချင်းက ငါ့ပို့စ်တွေကို လာမရေးသေးဘူး မဟုတ်လား။ ငါလည်း ဦး စားလိုက်ဦးမယ်။

အလင်းသစ် said...

အချုပ်တန်းဆရာဖေလို အော်လိုက်ရင် ကောင်းမလား ၊
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို အော်လိုက်ရင် ကောင်းမလားပဲအကိုရေ။။။ ကျွန်တော်တော့ အော်ပစ်ချင်လာပီဗျ။။

Han Kyi said...

ပြန်ရေး မပြန်ရေးကိုတော့ မဆွေးနွေးချင်သေးပါဘူး ကိုဆူးသစ်ရေ...ဒါကျတော့ ပုဂ္ဂလိက ရွေးချယ်ခွင့်နဲ့ပိုပြီးဆိုင်တယ်လို့ ယူဆမိလို့ပါ...ပြန်တဲ့လူရော မပြန်တဲ့လူပါ အားလုံးမှန်ပါတယ်လို့ပဲ ယေဘုယျ သတ်မှတ်ရတော့မှာပါပဲ...ဘာကြောင့်လဲဆိုရင် လူဆိုတာ ကိုယ်မှန်တယ်ထင်တာကိုပဲ ဆုံးဖြတ်ကြမှာမို့ပါပဲ...ဒါ့အပြင် တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ကျန်လူတွေက လေးစားရမယ်လို့လဲ သဘောရတာပါပဲ...တစ်ခုရှိတာက သူ့ဆုံးဖြတ်ချက်ဟာ တစ်ဖက်သားကို အနှောင့်အယှက်မပေးရင်ပေါ့လေ...

ကိုဆူးသစ်ပြောတဲ့ တိုခြင်း၊ ဆဲခြင်းတွေကို နေ့စဉ်နဲ့ အမျှတွေ့နေရတာပါပဲ...ဒါပေမယ့် အထက်က တစ်ယောက် ကွန်မန့်ပေးခဲ့သလို ပရိသတ်ကလည်း အဲဒီချာတိတ်တွေကို သူတို့နဲ့ထိုက်တန်တဲ့ အဆင့်မှာ သတ်မှတ်ထားလိုက်ပြီးသားပါလေ...ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်တပည့်တွေနဲ့ ကျွန်တော့် အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ထဲမှာတော့ အဲဒီသတ္တ၀ါလေးတွေ မရှိဖို့ ပထမဦးစားပေးအနေနဲ့ ကိုယ့်ကိုယ်ကို တာဝန်ပေးထားလိုက်မိတယ်...

Candy said...

အစ်ကိုပြောတဲ့ ကောင်မလေးနှစ်ယောက်ဆိုသွားတဲ့သီချင်း ကန်ဒီလည်း ဟိုနေ့ကပဲ နားထောင်လိုက်ရတယ်။ နားရော မျက်နှာရော ဘယ်နားသွားထားရမလဲ မသိဘူး။ လူအများကြီးရှေ့မှာ သူတို့ ဆိုရဲတာကို အံ့သြမဆုံးပဲ အစ်ကိုရေ.
တိုတဲ့ကိစ္စကလည်း တော်တော်ဆိုးတယ် အစ်ကိုရေ.. မိန်းကလေးချင်းတောင် အမြင်မတော်တာတွေ တွေ့နေရတယ်။ တကယ်တော့ တိုမှ မဟုတ်ပါဘူး။ မတိုဘဲလှအောင် ၀တ်လို့ရတာတွေ အများကြီးပါ။

နိုင်ငံခြားရောက်နေလို့ မြန်မာပြည်ကို မချစ်ဘူး ထင်တဲ့သူတွေအများကြီး ရှိတယ်နော်။ ညီမတောင် ပိုစ့်လေးတပုဒ် ရေးဖူးသေးတယ်။

လွင်ပြင်လှိုင်းငယ် said...

ပြည်ပကိုရောက်နေပေမယ့် မြန်မာပြည်ကို ချစ်ကြတဲ့သူတွေကြီးပါပဲလေ ဒါပေမဲ့ ....သို့သော် သို့သော် ပေါ့
http://lwinpyinhlaingngenge.blogspot.com/
လင့်အသစ်လေး

Related Posts Plugin for WordPress, Blogger...