Monday, August 22, 2011

" ဗုံစားသူ "


ကျွန်တော်တို့ ကြားဖူးသည်က ဗုံဆိုသည်မှာ တီးသည့်အရာ။ တူရိယာ ပစ္စည်း။ သို့သော်ကျွန်တော်တို့ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက် ပြောတော့မှ ဗုံဆိုသည်မှာ စားစရာ တစ်ခုလည်း ဖြစ်ကြောင်း သိခဲ့ရတော့သည်။ ထူးဆန်းပေစွ။

နယ်တစ်နယ်မှာ ဖြစ်သည်။ သူတို့အရပ်မှာက နွားတစ်ကောင်၏ သားရေကို နှစ်ပေါက်အောင် ကျပ်ခိုးစင်ပေါ် တင်၍ သိမ်းထားပြီး အလှူရှိလျှင် ယင်းသားရေကို ထုတ်ကာ ပြုတ်ကြ၏။ ပြုတ်ပြီးသားကိုမှ ငရုတ်သီး၊ ကြက်သွန်နှင့် ချက်စားလျှင် အလွန်ကောင်းဆိုပဲ။ နွားတစ်ကောင်ဆိုလျှင် အိုးကြီး နှစ်အိုးကျကာ အလှူတစ်ခုလုံးပင် ကျွေးမကုန်ဟု သိရသည်။ သားရေက ပွကာ တက်လာသည့်သဘောပင်ထင်၏။

သည်လို ဓလေ့ရှိသည့် နယ်က လူတစ်ယောက်အဖို့ တခြားနယ် ရောက်သည့်အခါ အနှီ နွားသားရေကို စားချင်စိတ်ပေါ်လာလေသည်။ သို့သော် နွားသားရေ ဆိုသည်က လွယ်လွယ်နှင့် ရှာ၍ ရသည့်အရာမျိုးမှ မဟုတ်တာ။ ထိုအခါ နွားသားရေကိုပင် ကျက်အောင် လုပ်ထားသော ဗုံကို မြင်၍ ဗုံမှ သားရေကို ခွာကာ ပြုတ်၍ ချက်စားလေသည်ဟု ကျွန်တော်တို့ အလုပ်ထဲက အလုပ်သမားလေးတစ်ယောက်က ဆိုသောအခါ ကျွန်တော်တို့မှာ အံ့အားသင့်ရင်း နားထောင်ခဲ့ရတော့သည်။

ထို့နောက် ကျွန်တော်တို့က သူ့ကိုနောက်ကြ၏။ အကယ်၍ ထိုကဲ့သို့ ဗုံမှ သားရေကို ပြုတ်ပြီး ချက်စားသူသာ အိမ်တစ်အိမ်မှာ ရှိပါက ထိုအိမ်က ကလေးတွေလည်း ငိုနေရတော့မည်ဟု။ အဘယ့်ကြောင့်ဆိုသော် သည်ဘက်ခေတ်မှာ ဆိုင်းဝိုင်းတီးသည့် အနုပညာသမား အိမ်ကလွဲလျှင် ဗုံဆိုသည်မှာ ကလေးရှိသည့်အိမ်က ကလေးဆော့ရန်၊ တီးရန် ဘုရားဈေးမှ ၀ယ်ထားတတ်ကြတာမျိုး မဟုတ်လား။ သည်တော့ ကလေးက သူ့ဗုံ ဆော့ရန် ရှာသည့် အခိုက် ဗုံမှာ တီးစရာ သားရေက မရှိ။ သည်တော့ ကလေးမှာ အာခေါင်ဖြဲ၍ ငိုယုံအပြင် ဘာမှတတ်နိုင်မှာမဟုတ်။ သည်ကြားထဲ အခန့်မသင့်လျှင် ထင်းလိုပါက ဗုံလုပ်ထားသည့် သစ်သားကို ယူ၍ ထင်းမီးအဖြစ်ပင် သုံးနိုင်သေးသည် မဟုတ်လား။ သည်လိုဆိုလျှင် ဗုံတစ်လုံးလုံး အစပင် ပျောက်သွားနိုင်သည်။ ပြီးရောပေါ့။

ဗုံမှ သားရေစားသူသာ ဧည့်သည်အဖြစ်နှင့် အိမ်လာလည်လျှင် အားလုံးမလွယ်။ ကလေးဆော့သည့် ဗုံကိုပါ ဖွက်ထားရမည်ကို မြင်ယောင်မိသေး၏။ တစ်ကြောင်းတစ်ဂါထာ တစ်ရွာမှာ တစ်ပုဒ်တော့ ဆန်းနေပေဦးမည် ဖြစ်သည်။ ။

ဆူးသစ်
၁၀:၁၈ နာရီ

၂၂.၈.၂၀၁၁

2 comments:

Cameron said...

ထူးဆန်းပါပေ့ ဗုံစားသူတဲ့....။ နွားသရေတော့မသိဘူး နွားအကြောတွေကိုတော့ချဉ်ဖတ်လုပ်ထားတာ စားဖူးတယ်....။

ခင်တဲ့
မိုးငွေ့

Han Kyi said...

သားရေပွကြော်တို့ဘာတို့တော့ ကြားဖူးသား...တစ်ခါမှတော့ မစားဖူးဘူး...ဘယ့်နှယ် ဒီလူကျတော့ လွန်တာပေါ့ သူများစီးပွားရေးကို တုတ်နဲ့ထိုးမယ့်သူပဲ ဗုံကိုမှ စားရတယ်လို့ အိမ်လာလည်ရင်တော့ စည်နဲ့ကို ပစ်ထုတ်လိုက်ဦးမယ် ဟား ဟား...

Related Posts Plugin for WordPress, Blogger...