Wednesday, August 10, 2011

"ရင်ထဲမှာ ပန်းမပွင့်ပါ"


ကျွန်တော်ရန်ကုန်ကို ပြန်တုန်းက ကျွန်တော့်အစ်ကိုကြီးက မန္တလေးက သူ့တပည့်ကောင်လေးတွေဆီကို အလုပ်ကိစ္စ ဖုန်းဆက်မေးတာနှင့် ကြုံရသည်။ သူတို့ချင်း ပြောပြီးတော့ ရယ်ပြီး ကျွန်တော်နှင့် ကျွန်တော့်ညီဆီ ရောက်လာသည်။

"မန္တလေးကကောင်တွေနဲ့ စကားပြောရတာ မလွယ်ဘူးကွ။ ဒီကောင်တွေက အတည်ပေါက်နဲ့ ပြောလို့ ကိုယ်က လိုက်ပြီး ခေါင်းညိတ်ရင် သေရော။ ခုလည်း ကြည့်။ အစ်ကို-မန္တလေးလာခဲ့ဦးလေတဲ့။ နမ်းပြမယ်။ တောင်ပြမယ်။ ကြုံးပြမယ်တဲ့။"

ကျွန်တော်တို့ နားထောင်ရင်း ဘာလဲဟ ဟုဆိုကာ လန့်သွားသည်။ အစ်ကိုက ဆက်ပြောသည်။

"သူတို့က နောက်တာပါ။ ငါက ရယ်နေတော့ မလန့်ပါနဲ့ အစ်ကိုရာတဲ့။ နမ်းပြမယ် ဆိုတာ ဖက်နမ်းမယ်လို့ ပြောတာမဟုတ်ပါဘူး။ မန္တလေးနန်းတော်ကို ပြမယ်လို့ ပြောတာတဲ့။ ကျန်တဲ့ဟာတွေ ကလည်း အဲဒီလိုပဲတဲ့။ တောင်ဆိုတာ မန္တလေးတောင်ကို ပြောတာတဲ့။ ကြုံးပြမယ် ဆိုတာက မန္တလေး ကျုံးကို ပြမယ် ပြောတာတဲ့လေ"

သည်တော့မှ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ ရယ်မိတော့သည်။ စကားအရ အသံကို နားထောင်ရင်း ဟိုလိုလို သည်လိုလို ထင်ရသော်လည်း တကယ်တော့ ထိုသို့မဟုတ်။ အဓိပ္ပါယ်က တစ်မျိုး။ ကျွန်တော်ကတော့ မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဆိုသော ဆိုရိုးတစ်ခုကို ပြန်သတိရသည်။ မန္တလေးသားများ စကားကြွယ်ကြသည်ကိုး။

ရန်ကုန်မှာ ရောက်နေသည့် နောက်တစ်ရက်မှာတော့ ကျွန်တော့်ညီက စကားတစ်ခွန်း သယ်လာခဲ့သည်။

"ကိုယ်တို့အလုပ်မှာ စကားတစ်ခွန်း ခေတ်စားနေတယ်။ တစ်ခုခု အဆင်မပြေတုန်း သူများက လာပြီး စလို့နောက်လို့ရှိရင် ပြောကြတယ်။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူး။ ဒူးရင်းသီး သီးနေတာတဲ့။ ကိုကြီး ကြိုက်တယ်မဟုတ်လား။ မိုက်တယ်နော်"

ကျွန်တော့်ညီလေး ပြောသည်ကို နားထောင်ပြီး တော်တော်သဘောကျသွားသည်။ လူငယ်များထွင်သော စကားက လူငယ်များကြားမှာ လှပလွန်း၏။ ရင်ထဲမှာ အဆင်ပြေနေချိန်မှာ ပန်းများပွင့်နေသလို ခံစားရပေလိမ့်မည်။ လှပလွန်းသည့် သဘော။ အဆင်မပြေလျှင်တော့ ရှင်းသည်။ ဒူးရင်းသီး သီးသည်ဆိုကတည်းက ဆူးများနှင့် ပြည့်သိပ်နေသည်။ ခံရခက်လွန်း၏။

စင်ကာပူက လုပ်ကွက်ထဲပြန်ရောက်တော့ အလုပ်ထဲက လူတွေကို ထိုစကားလေး ပြန်ပြောဖြစ်သည်။ အားလုံးက သဘောကျကြ၏။ သည်သို့ဖြင့် ကျွန်တော်တို့ အလုပ်ထဲမှာ ထိုစကားလေးစ၍ ပျံ့နှံ့ခဲ့လေသည်။

အလုပ်သမားလေး တစ်ယောက်က ကေဘယ်လ်ကြိုးတွေ ဆွဲရင်း ခဏနားချိန်မှာ အနား ယူနေသည်။ နောက်တစ်ယောက်က လာစ၏။ အလီဘာဘာလား တဲ့။ အချောင်ခိုနေသည် ဆိုသော သဘောမျိုးဖြင့် ပြောခြင်းဖြစ်သည်။ နားနေသော ကောင်လေးက ပြန်ပြောသည်။ ဟေ့ကောင်-ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူးနော်။ ဒူးရင်းသီး သီးနေတာ တဲ့။ ဘယ်သူမျှ စိတ်မဆိုးဘဲ ကျွန်တော်တို့လည်း ရယ်မိကြသည်။

သည်လိုနှင့် ကျွန်တော်တို့ အလုပ်ထဲမှာ ထိုစကားလေး ပျံ့နှံ့ပြီး သုံးနေဆဲမှာပင် တစ်ရက်မှာ ကျွန်တော့်အတွက် သတင်း စကားတစ်ခွန်း ရောက်လာသည်။ Site ပြောင်းရမည်တဲ့။ ကောင်းသော စကားလား ဆိုတော့ သိပ်တော့မကောင်း။ အကြောင်းကရှိသည်။

ကျွန်တော်ယခုလုပ်နေသော နေရာက Safety ချောင်သည်။ အဖမ်းအဆီး သိပ်မရှိ။ ပြောင်းရမည် ဆိုသော နေရာကျတော့ ဖမ်းသလားမမေးနှင့်။ အသားကုန်။ ကျွန်တော်တို့လို Safety နှင့် ပတ်သက်၍ တာဝန်ယူရသော သူများအတွက် မကိုက်။ တစ်နေကုန် ပြဿနာပေါင်းစုံကို ရှင်းနေရသည်။ ထို့ပြင် ပြောင်းရမည့်နေရာမှာ အချိန်ပို လုံးဝမလုပ်။ ကျွန်တော့်အတွက် အချိန်ပိုဝင်ငွေ မရခြင်းက ပြဿနာမရှိသော်လည်း Safety ပြဿနာများကို ဒိုင်ခံ ရှင်းရမည်ဆိုခြင်းက သိပ်မကောင်း။ သည်ဘက် Site မှာက ကိုယ့်လူကိုယ် အန္တရာယ်မဖြစ်အောင် ကြည့်နိုင်လျှင် တော်ပြီ။ အပေါ်က သိပ်မကျပ်။ ပြောရလျှင် သည်ဘက်မှာ ပို၍ နေပျော်သည်။ ဟိုဘက်မှာက မလွယ်။

ထိုအကြောင်းကို ကျွန်တော့်အလုပ်က ကြီးကြပ်ရေးမှူးလေးတချို့ ကြားသွားပြီး ကျွန်တော့်ကို နောက် ကြသည်။ အလုပ်ထဲမှာ Main Contractor က Safety မကျပ်လည်း ကျွန်တော်က ပြောသင့်ပြောထိုက် တာတော့ လိုက်ပြောရသည်။ သူတို့က အလုပ်ပြီးချင်သည်။ ကျွန်တော်က Safety ကျပ်လိုက်လျှင် သူတို့ အလုပ်တွေ နှောင့်နှေးတတ်သည်။ ထို့ကြောင့် ကိုယ့်မြန်မာချင်းပင် ဖြစ်လင့် ကစား သူတို့က ကျွန်တော်ပြောလျှင် မျက်နှာတွေ ရှုံ့မဲ့သွားတတ်သည်။ သည်တော့ ကျွန်တော် Site ပြောင်း မှာကို သူတို့ ပျော်ကြသည်။ သတင်းကြားကြားချင်း သူတို့က ကျွန်တော့်ကို စကြသည်။

"အစ်ကို ပြောင်းမယ့်နေ့ကျရင် ကျွန်တော်တို့ ညနေမှာ ဘီယာစုသောက်မလို့"

"အေးပါ။ မင်းတို့က ပျော်နေ။ ပြီးမှ တစ်ခုခုဖြစ်မှ ငါ့ကို မတနဲ့"

သူတို့ ရယ်ကြသည်။ တကယ်တော့ ခင်၍ စနေတာ ဖြစ်သည်။

သည်လိုနှင့် ဟိုရက်မှာ သွားရမလို၊ သည်ရက်မှာ သွားရမလို ဖြစ်နေတုန်း တစ်မနက်မှာ ကျွန်တော့် Project Manager က Site ထဲ ရောက်နေသည့် ကျွန်တော့်ကို ဖုန်းလှမ်းခေါ်သည်။ သည်မနက် ရုံးချုပ်မှာ အစည်းအဝေး တက်ရမည်တဲ့။ ယခုချက်ချင်းပါတဲ့။ သူကားစီစဉ်ပေးမှာမို့ ခုပင် ရုံးကို ပြန်လာခဲ့ပါတဲ့။ ပြီးလျှင် နေ့ခင်းမှာ ဟိုဘက် Site က မန်နေဂျာကို သတင်းပို့ပါတဲ့။ အဲဒီဘက်ကို တန်းသွားရမည်တဲ့။ ကြီးကြပ်ရေးမှူးလေးများက အစ်ကိုဘယ်လိုလဲ ဟု ဆိုကြသည်။ နေ့ခင်း ဟိုဘက်ကို ရွေ့ခိုင်းနေတယ်ကွာ။ ပြီးတော့ ခုမနက်လည်း အစည်းအဝေးတဲ့။ သူတို့ ရယ်ကြသည်။

ကျွန်တော်က ရယ်မနေနဲ့။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူး။ ဒူးရင်းသီး သီးနေတာကွ ဟု ဆိုပြီး အစည်းအဝေး သွားဖို့ ပြင်ရသည်။

ရုံးချုပ်ရောက်တော့ ကျွန်တော့် Safety Manager က မြင်မြင်ချင်း တန်းမေးသည်။ ဘာလာလုပ်တာလဲ တဲ့။ သေပြီ။ သည်လောက်ဆို ကျွန်တော်သဘောပေါက်သွားပြီ။ သည်နေ့ အစည်းအဝေးသည် ကျွန်တော့်လို ရာထူးနှင့် တက်ရမည့် အစည်းအဝေး မဟုတ်။ တကယ်တက်တော့လည်း ကျွန်တော် ထင်သလိုပင်။ အားလုံးက Manager နှင့် Coordinator တွေ။ သူဌေးတွေလည်း ပါသည်။

ကျွန်တော့် Project Manager သည် အစည်းအဝေး တက်ရမှာကို သေမလောက် ကြောက်သည်။ သူက ပြည်ကြီးတရုတ်။ အစည်းအဝေးမှာ သူ့ကို မေးခွန်းတွေ မေးမှာလည်း စိုးပုံရသည်။ ရုံးချုပ်က လုပ်သည့် ဘယ်အစည်းအဝေးမျှ သူမတက်။ ခုလည်း ကျွန်တော့်ကို ထိုးချလိုက်တာဖြစ်သည်။ Project Progress တွေမေးလျှင် ကျွန်တော်က ဘယ်လိုသိပါမည်နည်း။ ကျွန်တော်က Safety သာ သိသူ။

သည်လိုနှင့် ကျွန်တော့်မန်နေဂျာက နားလည်ပြီး ဘာမျှမမေးတော့။ ရုံးချုပ်မှာ ထမင်းဝယ်စားပြီး အိပ်လည်းမအိပ်လိုက်ရ။ နေ့လယ် ထမင်းစားပြီှးလျှင် ကျွန်တော်တို့ အလုပ်ထဲမှာဆို ရသလောက် အိပ်လိုက်သည်သာ။

နေ့ခင်းရောက်တော့ ဟိုဘက်က မန်နေဂျာကို သတင်းပို့ရင်း ဘယ်ဂိတ်က ၀င်ရမလဲ စုံစမ်းသည်။ တကယ်ဝင်မည်ဆိုတော့ ကတ်က မ၀င်တာ ကြာ၍ ၀င်မရ။ သည်လိုနှင့် နောက်ရက်မှာမှ ကတ် ကို Update လုပ်ပြီး ၀င်၍ ရအောင် စီစဉ်ပေးမည်ဆို၍ လှည့်ပြန်ခဲ့ရသည်။

ယခင် လုပ်ကွက်ထဲက လူတွေက ကျွန်တော်မပြောင်းရသေး၍ ထပ်ပြီး စနောက်နေကြသည်။ ကျွန်တော်ကလည်း ပြောလိုက်ပါသည်။ ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်၊ ဒူးရင်းသီး သီးနေပြီ ဆိုသည့်အကြောင်း။ သူတို့ ရယ်ကြသည်။ ကျွန်တော် မရယ်နိုင်။

သည်သို့ဖြင့် ကျွန်တော့် ၀င်ခွင့်ကတ်ကိစ္စ အဆင်ပြေသွားသည် ဆိုပါတော့။ စရောက်ပါပြီ။ နေ့လယ် ထမင်းစားချိန်မှာ ၁၂ နာရီ လေးဆယ်အထိ ထမင်းဝယ်မရသေး။ ကျွန်တော်လိုက်ရသော ကြီးကြပ်ရေးမှူးလေးက အလုပ်မဲနေတာနှင့် ကျွန်တော်လည်း လွှတ်ထားပေးလိုက်ရာ ၁၂ နာရီကျော်သွား၍ ၀ယ်နေကျ ဆိုင်တွေမှာ ထမင်းမရှိတော့တဲ့။ သည်လိုနှင့် ရှိနိုင်သည် ထင်သော ထမင်းဆိုင် များကို ရှာတော့ နောက်ဆုံး တော်တော်ဝေးဝေးက ဆိုင် တစ်ဆိုင်မှာ သွားရသည်။

ရောက်သည့်နေရာမှာ ထမင်းစား။ ပြီးတော့ ခဏ ကျောခင်းမလား စိတ်ကူးရုံရှိသေး။ သည်နေ့ ကျွန်တော်တို့ ကုမ္ပဏီ၏ အလုပ်သမားများနှင့် အစည်းအဝေးတဲ့။ မအိပ်ရတော့။ ရင်ထဲမှာ ဒူးရင်းသီးက တော်တော် ကြီးနေလေပြီ။ နေ့ခင်းရောက်တော့ ကျွန်တော့် Coordinator က လှမ်းခေါ်သည်။ Main Contractor နှင့် အစည်းအဝေးတဲ့။ လုပ်မည့် အချိန်မေးတော့ ကော်ဖီချိန် အနားယူရမည့် အချိန်မှာ။ ဒူးရင်းသီးက တစ်လုံးပင် ကမှာ မဟုတ်တော့။ ရင်ထဲမှာ ဆင့်ဆင့်၍ သီးနေတာများ။

ပြန်တော့လည်း အလုပ်လုပ်နေသည့် နေရာမှ ရုံးသို့ပြန်ရန် လာကြိုမည့် ကားက ငါးနာရီအထိ မမြင်ရ။ ကျွန်တော်နှင့် တခြား ကြီးကြပ်ရေးမှူးတချို့ ယူနီဖောင်းပင် မလဲရသေး။ ဒိုင်ကတော့ စားလေပြီ။ အလုပ်ထဲမှာ ငါးနာရီ ပြန်ရမည့်နေ့ မပြန်ရလျှင် အားလုံးက တော်တော်တင်း၏။ ကျွန်တော်ကတော့ စရောက်သည်နှင့် တည့်တည့်ကို တိုးလေသည်။ ယူနီဖောင်းလဲပြီး လက်ဗွေနှိပ်ပြီးစဉ်မှာတော့ ကျွန်းပေါ်ကပြန်မည့် ကားက မရှိတော့ချေ။ ကံကောင်း၍သာ ကျွန်တော် ယခင် လုပ်နေသည့် လုပ်ကွက်က ကားတစ်စီးရောက်လာ၍ ပြန်ခဲ့ရတော့သည်။

နောက်ရက်ကျတော့လည်း သိပ်မထူး။ နေ့လယ် ထမင်းစားချိန်မှာ ထမင်းဝယ်ပြီး လာကြိုမည့်ကား မရှိ၍ အိပ်ရမည့်နေရာကို မပြန်ရတော့။ မြန်မာ ကြီးကြပ်ရေးမှူးလေး တစ်ယောက်က လာခေါ်၍ ရုံးခန်းတစ်ခန်းကို ခဏလိုက်သွားခဲ့ရာ အဲကွန်းမိပြီး ချမ်းလာ၏။ ထမင်းစားချိန် ကျော်မှ အလုပ်လုပ် သည့်နေရာကို နေပူထဲက ဖြတ်ပြီး သွားခဲ့ရ၏။ ထိုသို့ အအေးမှ အပူကို ချက်ချင်းပြောင်းခဲ့၍လား မဆိုနိုင်။ ညရောက်တော့ ဖျားပါတော့သည်။

ပိတ်ရက်ခံတုန်း ဆေးတွေသောက်လည်း မပျောက်သောအခါ ဆေးခန်းပြေးခဲ့ရ၏။ ၂ ရက် ဆေးခွင့် ပေး လိုက်၏။ နားပါတဲ့။ ဆေးတွေကလည်း နည်းတာမဟုတ်။

လုပ်ကွက်အသစ်ကား ကျွန်တော့်အတွက် ကံမလိုက်။ ရန်ကုန်က ကျွန်တော့်ညီလေးရုံးက စကားနှင့်သာ ပြောရလျှင် ရင်ထဲမှာ ပန်းမပွင့်ရုံသာ မဟုတ်။ ဒူးရင်းသီးကလည်း အကြီးကြီးတွေ ဘယ်နှစ်လုံးမှန်း မသိအောင် သီးနေသည်ဟုသာ ဆိုရပေတော့မည်။ ။

ဆူးသစ်
၁၂:၄၉ နာရီ

၁၀.၈.၂၀၁၁

4 comments:

Angelhlaing(May everybody be happy and healthy! said...

နောက်ဆုံးအပိုဒ်လေးသဘောကျတယ်အကို....:)

ဆောင်းနှင်းရွက် said...

ဒူးရင်းသီးပုံနဲ့ ရင်ထဲမှာ ပန်းမပွင့်ပါနဲ့
တစ်ခြားစီ .. ဘာများပါလိမ့်ဆိုပြီး
မဖတ်ခင်က တွေးလိုက်တာ
ဖတ်လိုက်မှပဲ သိတော့တယ် .. :))
ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူး ..
ဒူးရင်းသီး သီးနေတာ ..
စာသားကတော့ ရေရေလည်လည် မိုက်တယ် ကွယ် ..
နောက်နေ့ စိတ်မကြည်လင်ရင်
အဲ့ဒါကို စတေးတပ်စ် တင်ရမယ် .. :D:D

Anonymous said...

အကိုက....စာရေးဆရာ ကိုဆူးသစ်ကိုး.........
ကျွန်တော့် ဘလောက်ဒ် မှာ comment ရေးထားတာကို
ကြည့်မိတော့ ဆူသစ် တဲ့ ဒီနာမည် ကိုသိပ်ရင်းနှီးတာပေါ့
ဆူးသစ် ဆိုကတည်းက စာရေးဆရာ ဆိုတာသိလိုက်ပြီ
ဒါပေမယ့် အဖြူရောင်လမ်းကလေး လို့တော့ဘယ်ထင်မလည်းဗျာ့ ဒါကြောင့်မို့ ၀မ်းသာအားရ
ဒူးရင်းလာစားတာ။
ကျွန်တော့်ကို အားပေးသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဆရာ
နောက်ကိုလည်း လာပြီးသင်ပြပေးပါအုံးဆရာ။

Anonymous said...

အကိုက စာရေးဆရာ ကိုဆူးသစ်ကိုး.......
ကျွန်တော့်ဘလောက်ဒ် မှာ comment ပေးထားတာကိုကြည့်မိတော့ ဆူးသစ် တဲ့
ဒီနာမည်ကို သိပ်ရင်းနှီးတာပေါ့ ဆူးသစ်ဆိုကတည်းက
စာရေးဆရာ ဆိုတာသိလိုက်ပြီ ဒါပေမယ့်အဖြူရောင်လမ်းကလေးလို့ မထင်မိဘူးဗျာ့
ဒါကြောင့်မို့ လိုက်လာပြီး ဒူးရင်သီး လာစားတာ...
ကျွန်တော့် ဘလောက်ဒ်ကို လာပြီးအားပေးသွားတာ
ကျေးဇူးတင်ပါဆရာ..နောက်ကိုလည်းလာပြီးသင်ပြပေးပါအုံး ဆရာ...။

Related Posts Plugin for WordPress, Blogger...