Sunday, August 7, 2011

"သည်တစ်ခေါက် ရန်ကုန်" (၄)


ဘောင်းဘီတိုနှင့် ကောင်မလေးတွေ ရန်ကုန်မှာ များလာသည့်ကိစ္စမှာ ရာသီဥတုထက် ခေတ်ကြောင့်ဟု ဆိုရပေမည်။ တကယ်တော့ ကလေးမကျတကျလေးတွေ ၀တ်တာကစ၍ ကလေးမဟုတ်တာတွေကပါ လိုက်ဝတ်လာသည်။ စကတ်တွေလည်း တို၏။ အောက်စလွတ်သည် ဆိုသော အသံများက ရန်ကုန်မှာ ကြားနေရသည်။ ထဘီဝတ်၍ လူကြီးသူမရှေ့မှာ ခြေမျက်စိပေါ်လျှင်ပင် ဆွဲဖုံးရသော ခေတ်မှသည်၊ လင်မယားချင်းသာ မြင်ရ၊ ကြည့်ရမည့် ပေါင်ကို လူရှေ့သူရှေ့ မကြည့်ချင်လည်း လိုက်ပြသော ခေတ်ကို ရောက်သွားလေပြီ။ အားကစား လုပ်တာလည်း မဟုတ်၊ ရေကူးကန်မှာလည်း မဟုတ်၊ လူလယ်ခေါင်ကြီးဖြစ်နေ၍ ထိုသို့သာ တွေးရပါတော့မည်။ စလုံးမှာတော့ မမြင်ချင်အဆုံး။ သူ့ထက်သူ ပြိုင်၍ ဖော်နေကြသည်။

တချို့ကလည်း ဒီဇိုင်းနားမလည်ဘဲ တိုရပြီးရော ၀တ်ကြသည်။ အပေါ်ကတိုလျှင် အောက်က အသားကပ်ခံရသည့် အ၀တ်မျိုးကို သည်တိုင်း အလွတ်ကြီးသာ ၀တ်ချလာသည်။ ရထားပေါ်၊ ကားပေါ်ရောက်တော့ သူ့ဒုက္ခ သူသိသည်။ ထိုင်ပင် မထိုင်ရဲ။ စလုံးမတွေက နေတတ်၊ ထိုင်တတ်သည်။ ကျွန်တော်တို့ မြန်မာမလေးတချို့ကတော့ လျှောက်သာလုပ်နေသည်။ ဘာမျှသိပုံမရ။

ရန်ကုန်မှာ ကိုးရီးယားဇာတ်လမ်းတွေကလည်း မည်မျှ နှိပ်စက်သည်မသိ။ ဘောင်းဘီတို ၀တ်သည့် ကောင်မလေးတွေထက် ဆိုးသည့် ကောင်မလေးတွေ ရှိနေတာလည်း သိလိုက်ရသေးသည်။ တစ်ရက်မနက်မှာ ကျွန်တော်နှင့်ပါ ခင်သည့် ဇနီးသည်၏ သူငယ်ချင်းများနှင့် ဆိုင်သွားထိုင်ကြရင်း ထိုအကြောင်းကို စကြားရသည်။ တချို့ကောင်မလေးများ ကိုးရီးယားကားတွေထဲကလို ဆိုဂျူးတွေ သောက်နေကြသည်တဲ့။ ကောင်းရော။ ဇနီးသည်၏ သူငယ်ချင်းတစ်ယောက်က မသောက်ဖို့ပြောတော့ ရုပ်ရှင်ထဲမှာ ဘာမှမဖြစ်ဘူးတဲ့လေ။ ထိုအခါ ဇနီးသည်၏ သူငယ်ချင်းက အေး-ရုပ်ရှင်ထဲမှာသာ ဘာမှမဖြစ်တာ။ အပြင်မှာတော့ ဖြစ်တယ်ဟေ့ ဟု သိအောင် တမင်ပြောဖြစ် ခဲ့သည်တဲ့။

သည့်ထက်ဆိုးသည်က တက္ကသိုလ်တစ်ခုထဲမှာ ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က ရည်းစားစကား ပြောသည်တဲ့။ လူကြားမှာ ဖြစ်သည်။ ထိုကျောင်းမှာ တက်နေသော ကျောင်းသားလေးက ပြောပြ သည်ကို သိရခြင်းပင်။ သည့်ထက် ဆိုးတာတွေလည်း ရှိနေ ပါလိမ့်မည်။ ဘာတွေ မှန်းကို မသိ။

သည်လိုကိစ္စတွေ လူငယ်တွေကြား ဖြစ်နေချိန်မှာ အနုပညာလောကမှာ တချို့သောသူတို့၏ သစ္စာမဲ့မှုကို ဂျာနယ်များပေါ်မှာ ဖတ်ရပြန်သည်။ ယခုတလော တော်တော်အောင်မြင်နေသည့် နာမည်နှစ်လုံးနှင့် အဆိုတော်ကောင်မလေး(သူ့နာမည် ကြားလျှင် ဆောင်းတွင်းကို သတိရစေသည်)က ချစ်သူဟောင်းကို ပစ်၍ ချစ်သူသစ်တွေ့သွားသည့်သတင်းက ဂျာနယ်တွေ စာမျက်နှာထက်မှာ။ တကယ်ဆို ဘာမျှမထူးဆန်းဟု ထင်စရာ။ သို့သော် ထိုအဆိုတော်ကောင်မလေး ရလိုက်သည့် ချစ်သူ ဆိုတာက နိုင်ငံခြားမှာ ခဏသွားဖျော်ဖြေရင်း တွေ့တာဟု ဆိုသည့်အခါ ဪ-ဒါကြောင့် ဂျာနယ်တွေ ဖွနေတာကိုး ဟုသာ တွေးမိလေတော့သည်။ ချစ်သူဟောင်း ကောင်လေးကတော့ သူ့အင်တာဗျူးမှာ သစ္စာတရားတို့၊ ယုံကြည်မှုတို့ ဆိုတာတွေကို ထပ်ခါတလဲလဲ ပြောသွားလေတော့သည်။

ထိုထက်ဆိုးသည်က တော်တော်ချမ်းသာပြီး အိမ်ထောင်ရှိသည့် ရက်ပ်အဆိုတော်၊ နာမည်နှစ်လုံးနှင့် ကောင်လေး က နာမည်လေးလုံးရှိသည့် မော်ဒယ်မလေးကို လူရှေ့ထုတ်လာပြီး သတင်းသမားများက မေးသည့်အခါ သူ့ချစ်သူဟု ဖြေသွားသည်။ လက်ရှိအိမ်ထောင်က ကွဲလေပြီလားမသိ။ ကျန်ခဲ့သည့် မယား ကောင်မလေးမှာ ကလေးက နှစ်ယောက်နှင့်။ ပေါ်တင် ဖောက်ပြန် ကြသော ခေတ်ကို ရောက်သွားပြီထင်သည်။ အိမ်ထောင်ကွဲပြီးသော ရုပ်ရှင်မင်းသမီးအချို့ကတော့ သူတို့၏ အသစ်အသစ်များဖြင့် အသီးသီး၊ အသက အသက စတည်းချနေသည်ကိုလည်း ကြားရ၏။ ဟောလိဝုဒ်ပင် လိုက်မမီနိုင်သော ကျွန်တော်တို့ ရန်ကုန် အနုပညာလောကဟု ဆိုရတော့မည်လား။

အနုပညာလောကကို ခေတ္တထား၍ ဘတ်စ်ကားတွေဘက်လှည့်ကြည့်သည့်အခါ အထူးကားတွေက မတ်တတ်တွေပါ အများကြီးတင်၍ ငွေရှာကောင်းနေသည်။ ကားခသာ ပိုပေးလိုက်ရသည်။ အဲကွန်းတွေက မအေးတော့။ ကက်ဆက်သံက နားကွဲအောင် ခံရသည်။ တီဗွီက ပြသည့်ကား ပြသည်။ မပြသည့်ကား မပြ။ မြို့ထဲမှာ ဘတ်စ်ကား အထူးနှင့် နှစ်ခေါက်၊ သုံးခေါက်များ ပတ်လိုက်လျှင် တက္ကစီခလို ပြန်ကျနေသည်က ရန်ကုန်၏ ထူးခြားမှုပင် ဖြစ်မည်။

ကျွန်တော်လည်း မိသားစုအိမ်တွေမှာ လှည့်ပတ်နေရင်း အားလျှင် နိုင်ငံခြားရုပ်ရှင်တွေသာ ထိုင်ကြည့်နေမိသည်။ စလုံးမှာ အင်တာနက်က ကြည့်ရသည်ထက် ရန်ကုန်မှာ စီဒီတစ်ချပ်မှာ ဘယ်နှစ်ကားဆိုသည်က ပိုပြီး ကြည့်ချင်စရာတွေ များသည်။ ရောက်တုန်းမို့ မိသားစုအိမ်တွေမှာ လက်လှမ်းမီရာတွေ ကြည့်ဖြစ်သည်။

သည်လိုနှင့် ပြန်ဖို့ရက် နီးလာခဲ့၏။ နှစ်ပတ်ဆိုသည်က ဘာမျှမဟုတ်။ ဖြုတ်ခနဲသာ။ သည်တော့ မိသားစုတွေက အပြန်သယ်ဖို့တွေ ၀ိုင်းထည့်ကြ၏။ ကီလိုချိန်ကြည့်တော့ အဆင်ပြေသည်။ သို့သော် လူကြုံပစ္စည်းတွေ မပါသေး။ လေဆိပ်ရောက်မှ ကြည့်လုပ်မည်ဟု ဆိုကာ လူကြုံတွေ လက်ခံထားလိုက်သည်။ သို့သော် သည်ကတည်းက ကျွန်တော်တို့ နှစ်ယောက်စလုံး ရိပ်စားမိသည်။ တော်တော်များနေပြီဟု။ လူကြုံများကလည်း ကိုယ့်အလှည့်၊ သူ့အလှည့် ထည့်ပေးနေကျသူတွေ။ သို့သော် ကြည့်လိုက်တော့ အထုပ်တွေက အလေးချိန်များနေသည်သာ။ တချို့ဆို အိတ်ကိုချလိုက်လျှင် ခွပ် ဟု ဆိုကာ ပုလင်းသံပင် ကြားရလေသည်။ တချို့ကျတော့ ပြောတုန်းက စီဒီဆိုပြီး တကယ်ပေးသည့်အခါ ၅ ကီလိုလောက် ရှိသည်။ တချို့ကျပြန်တော့ အမျိုးဟု ဆိုကာ ပိုပိုသာသာ အားပေးလိုက်သည်။

သည်လိုနှင့် လေဆိပ်ရောက်တော့ လေဆိပ်မှာ လေဆိပ်ခွန်ဆိုတာ စကောက်နေ၍ ပေးဖို့ပြင်ရသည်။ ယခင်အခေါက်တွေက မရှိ။ သည်တစ်ခေါက်တော့ အသစ်ချည်းသာ။ ဆယ်ဒေါ်လာ သို့မဟုတ် မြန်မာငွေ တစ်သောင်းတဲ့။ အိုကေ ပေါ့။ ထိုအချိန်က ဒေါ်လာဈေးက တစ်ဒေါ်လာ ရှစ်ရာပေါက်၍ ကျွန်တော်တို့က မြန်မာငွေမပေး။ ရှစ်ထောင်ပေး၍ ဒေါ်လာဝယ်လိုက်သည်။ ထိုဒေါ်လာကို ပေးလိုက်၏။ ပြီးရောပေါ့။ ဒေါ်လာက မြန်မာငွေထက် သက်သာနေသည်ကိုး။ နိုင်ငံခြားကို ပြန်ထွက်မည့်သူများ သတိပြုချင်စရာပါ။

သည်လိုနှင့် ကီလိုချိန်သည်ပဲ ဆိုပါတော့။ စတွေ့ပါပြီ။ ကျွန်တော်ဝယ်ထားသော လေကြောင်းလိုင်းသည် Silk Air မဟုတ်။ ဘာလေကြောင်းလိုင်းနှင့် ဘာလေကြောင်းလိုင်း အကျိုးတူ ပူးပေါင်းပါသည် ဆိုသော လိုင်းနှစ်ခုမှာ နိုင်ငံခြားလိုင်းဘက်က ၀ယ်ထားတာဖြစ်သည်။ ဒါလည်း ကြုံတုန်းပြောရလျှင် ကျွန်တော့်ဘာသာဆို ဘယ်တော့မျှ မ၀ယ်။ မလွှဲသာ၍ လေကြောင်းလိုင်းနှင့် ပြန်မှရမည်မို့ မဖြစ်မနေ၀ယ်ရမည် ဆိုမှသာ ၀ယ်မည့်လိုင်း ဖြစ်သည်။ ယခင်တုန်းကလည်း Silk Air နှင့်သာ ပြန်သည်။ သည်တစ်ခေါက်က ဇနီးသည်၏ ရုံးက သူ့အတွက် ၀ယ်ပေးရင်း ကိုယ်ပါရောမှာမှ ဒုက္ခကို ရောက်တော့သည်။

စလုံးကထွက်တော့ ကီလို နှစ်ဆယ်ကို နှစ်ယောက်ပေါင်းချိန်သည်။ တစ်ယောက်ကို ကီလို နှစ်ဆယ်ပဲ ပေးပါ သည်တဲ့။ အိုကေ ပေါ့။ ကျွန်တော်တို့နှစ်ယောက်ပေါင်း လေးဆယ်မကျော်။ Hand carry တွေပါ စက်ပေါ်တင်၍ ချိန်တော့ ကျွန်တော် နည်းနည်း လေသွားသည်။ သို့သော် ဒါလည်း အိုကေ။ Hand carry တွေကို တံဆိပ်ပင် ကပ်လွှတ်လိုက်သေးသည်။ ၀န်ထမ်းအမျိုးသမီးက ပြောလို့ ဆိုလို့လည်း ကောင်း၏။ ဒါက စလုံးဘက်မှာ။

ကျွန်တော်တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာရော။ စချိန်ဖို့ အိတ်တွေ တင်သည့်အခါ ကျွန်တော်က အိတ်တွေကို ပေါင်းပြီး တင်သည်။ ကောင်တာက ကောင်မလေး (ကျွန်တော့်ထက်ငယ်၍ ကောင်မလေးဟု ဆိုရပါမည်) က အဆိုပါ လေကြောင်းလိုင်းက ပေါင်းချိန်၍ မရတဲ့။ အံ့အားစ၍ သင့်ပါသည်။ စလုံးမှာ သည်လေကြောင်းလိုင်းသာ စီးလာသည်။ စလုံးမ၊ မလေးမတွေပင် ပေါင်းချိန်ပေးလိုက်သော အိတ်များက ကိုယ့်မြန်မာပြည်က ပြန်ခါနီးကျမှပင် မျက်နှာငယ်ရတော့သည်။ လင်မယားခရီးသွားသည်ကို အိတ်ကို ပေါင်းချိန်ခွင့် မရှိဟု ဆိုသည့်အခါ နည်းနည်းတော့ အစာမကြေ ဖြစ်ရသည်။ ကီလိုပိုမှာ စိုး၍ဟု ဖြေတွေးလိုက်ပါသည်။

သို့သော် ထိုအတွေးက ကြာရှည်မခံ။ ကီလိုက ၄၆.၆၈ ဟု ပြနေလေသည်။ ရမှာက လေးဆယ်သာ။ အိတ်ချိန်သည်ကို ကူနေသည့် ၀န်ထမ်းကောင်လေးက ထိုကောင်မလေးကို လှမ်းပြောသည်။ ကောင်မလေးက -- လေကြောင်းလိုင်းက ကီလိုနှစ်ဆယ်သာ ခွင့်ပြုသည်တဲ့။ တစ်ယောက်ချင်း ချိန်ရမည်တဲ့။ နှစ်ယောက် ဆိုလျှင် လေးဆယ်ပဲ ရမည်တဲ့လေ။ မှန်သည်။ ကျွန်တော်က Hand carry တစ်လုံးပါ ထပ်တင်ကြည့်လိုက်သည်။ ၅၇ ကီလို ဖြစ်သွား၏။ ပိုဆိုးသွားသည်။ Hand carry တွေပါ လျှော့ပါတဲ့။

သည်သို့ဖြင့် ဇနီးသည်နှင့် တိုင်ပင်ရသည်။ ကီလိုကြေးဆောင်လျှင် ဘယ်လောက်လဲဟု မေးသောအခါ တစ်ကီလို ဆယ့်ငါးဒေါ်လာ တဲ့။ မတတ်နိုင်တော့။ ဆယ့်ခုနစ်ကီလိုဖိုး ဘယ်လိုပေးမည်နည်း။ ပေးရမည့် အထဲမှာ လူကြုံသယ်လာသည့် ပစ္စည်းက နည်းတာမဟုတ်။ သည်လိုနှင့် လူကြုံပစ္စည်းများကို ထားခဲ့ရမည်လား၊ ကျွန်တော်တို့ သယ်လာသည့် ပစ္စည်းတချို့ကိုပဲ ထားခဲ့ရမည်လား၊ ဝေခွဲမရနိုင်ခင်မှာပင် ကျွန်တော်တို့ကို အလေးချိန်ပေးနေသော ကောင်လေးက ကပ်လိုက်လာပြီး အစ်ကို၊ ကျွန်တော်တို့ ကြည့်လုပ်ပေးမယ်၊ ပြန်ထည့်လိုက် ဟု ဆိုလာ၏။

သဘောပေါက်ကာ ဈေးညှိတော့ သုံးသောင်းဟု ဆိုသည်။ Hand carry တွေကရော ဆိုတော့ အဲဒါတွေကို နောက်မှာပဲ ထားခဲ့ပါတဲ့။ တက်ခါနီးမှ သယ်သွား ဟုဆိုသည်။ အိုကေ ပေါ့။ သည်လိုနှင့် ကီလိုပြန်ချိန်သည်။ ခုနအိတ်များကိုပင် မည်သည့်ပစ္စည်းမျှ မထုတ်ဘဲ သည်အတိုင်းပြန်တင်ခိုင်းသည်။ ဗုဒ္ဓေါ။ စောစောက ချိန်စဉ်က ၄၆.၆၈ ဟု ပြနေသည့် ကီလိုသည် ၄၁.၀၂ ကီလိုသို့ ပြောင်းသွားလေတော့သည်။ ဒေးဗစ်ကော့ပါးဖီးလ် ပင်ထိုင်ငိုသွားနိုင်သော မျက်လှည့်မျိုး။ အမှန်က လက်လှည့်ဖြစ်နိုင်သည်။

ကျွန်တော်တို့ ထုတ်ထားသော အိတ်ထဲက အထုပ်များကို အိတ်ထဲသို့ ပြန်ထည့်နေစဉ်မှာပင် ၀န်ထမ်း ကောင်လေးက ကောင်တာနား ပြန်သွားသည်။ ကောင်လေးနှင့် ကောင်တာက ကောင်မလေးတို့ မည်သို့ ညှိလိုက်သည် မသိ။ ဘာမျှပြောင်းလဲခြင်း မရှိသော အိတ်များ၏ အလေးချိန်မှာ လုံးဝလျော့ကျသွားလေသည်။ ထိုကောင်မလေးကား Hand carry များ မည်သည့်နေရာ ကျန်ခဲ့သနည်း ဆိုသည်ကိုပင် မမေးတော့။

သို့သော် ကျွန်တော်တို့ကို လေယာဉ်ချိန်နောက်ကျနေ၍ နှစ်ယောက်တွဲ ထိုင်ခုံ မရှိတော့ဟု ဆိုသေး၏။ ရသည့်ခုံ ပေးပါဆိုသည့်အခါ ပေးလိုက်ပါသည်။ တစ်နေရာစီ။ ထို့နောက် နောက်နား ခပ်လှမ်းလှမ်းမှာ ထားထားသော Hand carry များကို ယူကာ လေယာဉ်ပေါ်သို့ တက်ခဲ့ရာ လင်မယားနှစ်ယောက် တစ်ယောက်တစ်နေရာ။ သည်လိုနှင့် လာထိုင်မည့်သူ စောင့်ခဲ့ရာ အဘိုးကြီးတစ်ဦး ကျ၍ မေးကြည့်ရာ ပြောင်းပေးပါမည်ဆို၍ လင်မယားနှစ်ယောက် အတူတူ ပြန်ကျခဲ့တော့သည်။ အံ့ဩဖို့ကောင်းသည်က ကျွန်တော်လဲခဲ့သော အဘိုးကြီး၏ ဘေးနေရာမှာ လေယာဉ်ထွက်သည်အထိ မည်သူမျှမလာ။ ကျွန်တော်တို့ လင်မယားနှစ်ယောက်ကို ဘယ်လို အငြိုးနှင့် လုပ်လိုက်သည်မသိ။ တမင်ညစ်ပတ်ခြင်း သက်သက်ဟု ကျွန်တော်နားလည်နေမိသည်။ သူဘာများ ရသွားပါလိမ့်။ ကျွန်တော်ကတော့ ထိုကောင်မလေး မျက်နှာကို တော်တော်နှင့်တော့ မေ့မှာမဟုတ်။ ၀န်ထမ်းဖြစ်လျက်နှင့် ကိုယ့်ကိုယ်ကျိုးအတွက် ကုမ္ပဏီကို အသုံးချသူ မဟုတ်လား။ သူလို ၀န်ထမ်းမျိုးနှင့် Digital system ကို လိုသလို ပြောင်းကစားနိုင်သည့် ပညာခန်းများ ရှိနေသရွေ့ ထိုလေကြောင်းလိုင်းသည်လည်း ဘယ်သောအခါမျှ Top Ten လေကြောင်းလိုင်း များထဲ မပါနိုင်။

ကျွန်တော်တို့ အနေဖြင့်လည်း ရွေးစရာမရှိသည့် အခါမျိုးမှသာ ၀ယ်စီးချင်စီးမည်။ ပုံမှန်ဆိုလျှင် ဘယ်တော့မျှ စီးမည်မဟုတ်။ လူတစ်ယောက် ဖြတ်လမ်းငွေရဖို့ လုပ်ငန်းကို လိုသလို အသုံးချနေသရွေ့ ထိုအလုပ်မျိုး မည်သည့်အခါမျှ တိုးတက်လာမည်ဟု ကျွန်တော်မထင်။

သည်လိုနှင့် စင်ကာပူပြန်ရောက်ခဲ့ပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့ရသည်ဟုသာ ဆိုရပါမည်။ သည်တစ်ခေါက် ရန်ကုန်သည်ကား မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနှင့် မြင်ရ၊ တွေ့ရသည်သာ စိတ်ချမ်းမြေ့စရာ။ ကျန်သည့်အရာများကတော့ စိတ်ရှုပ်စရာ။ ရန်ကုန်ကို အတွင်းလှိုက်စားနေသော နေရာဟု ကျွန်တော်ပြောတော့ ဇနီးသည်၏ သူငယ်ချင်းက ထောက်ခံသည်။

မည်သို့ဖြစ်ဖြစ်ပါ။ မကောင်းတာတွေ ပြင်ပြီးလျှင် ရန်ကုန်မှာ ကောင်းတာတွေ ဖြစ်လာမည်ဟု ကျွန်တော်ယုံကြည်ချင်သည်။ ကိုယ့်တိုင်းပြည်မို့ ကိုယ်ချစ်ပါသည်။ ကိုယ့်မွေးရပ်မြေမို့ ကိုယ်တွယ်တာ ပါသည်။ လောလောဆယ်တော့ ဘ၀ရှင်သန်ရပ်တည်နိုင်ရန် အတွက် စင်ကာပူမှာ ခေတ္တလှုပ်ရှားရဦးမည်။

စိုင်းထီးဆိုင် သီချင်းနှင့် ပြောရလျှင်တော့ "ရန်ကုန်တော့ ဖြည်းဖြည်းပေါ့" ဟု ဆိုရမည်။ လူရွှင်တော် ဦးမိုးဒီ၏ ပြက်လုံးနှင့် ပြောရလျှင်တော့ "ရန်ကုန်မှာ ပြန်ဆုံခဲ့ကြတယ်လေ" ဟုသာ ဆိုချင်ပါသည်။ ကျွန်တော့်အတွက် သည်တစ်ခေါက် ရန်ကုန် ပြီးလျှင် နောက်တစ်ခေါက် ရန်ကုန် ကို ကြည်လင် ရှင်းသန့်စွာ တွေ့ချင်နေမိပါတော့သည်။ ။

ဆူးသစ်
၀၂:၂၃ နာရီ

၇.၈.၂၀၁၁





6 comments:

khin oo may said...

ဘောင်းဘီတိုနှင့် ကောင်မလေးတွေ ရန်ကုန်မှာ များလာသည့်ကိစ္စမှာ

(တို့အနေနဲ့တော့ခေတ်အလိုက်မို့ ဘာမှ မပြောချင်ပါ. . ဝတ်ချင်လျှင်ဝတ်နိုင်ပါသည်. ။ မိမိတာဝန်မိမိယူရန်သာဖြစ်သည်)




သည့်ထက်ဆိုးသည်က တက္ကသိုလ်တစ်ခုထဲမှာ ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က ရည်းစားစကား ပြောသည်တဲ့။

အခုခေတ်မှ မဟုတ်.. ဟိုခေတ်ကတည်းက ကိုယ်တို့ခေတ်ကတည်းက ကြားဘူးသောဇတ်လမ်းများဖြစ်သည်. လူပေါ်သာမူတည်၏။

သည်လိုကိစ္စတွေ လူငယ်တွေကြား ဖြစ်နေချိန်မှာ အနုပညာလောကမှာ

မထူးဆန်းသောကိစများဖြစသ်၏။ လူသိသည်နှင့်မလူမသိသည်ပင်ကွာ၏။



အနုပညာလောကကို ခေတ္တထား၍ ဘတ်စ်ကားတွေဘက်လှည့်ကြည့်သည့်အခါ အထူးကားတွေက...အဲသာတေ့..?




စလုံးကထွက်တော့ ကီလို နှစ်ဆယ်ကို နှစ်ယောက်ပေါင်းချိန်သည်။

မတတ်နိုင်. ကိုယ်ဝယ်သည်က ကီလိုနစ်ဆယ်ဘဲကိုး.


သို့သော် ထိုအတွေးက ကြာရှည်မခံ။ ကီလိုက ၄၆.၆၈ ဟု ပြနေလေသည်။


သဘောပေါက်ကာ ဈေးညှိတော့ သုံးသောင်းဟု ဆိုသည်။
(ကျေးဇူးတင်သင့်ပါတယ် မကျေနပ်ရင် ကီလို ဆယ်ခုစ်ဘိုးပေးနိုင်ပါတယ်။ ဒါမှ မဟုတ်.ထားခဲ့ဘို့ဘဲ)


ကျွန်တော်လဲခဲ့သော အဘိုးကြီး၏ ဘေးနေရာမှာ လေယာဉ်ထွက်သည်အထိ မည်သူမျှမလာ။

ဒါတော့မဝေဖန်တတ်.



ကျွန်တော့်အတွက် သည်တစ်ခေါက် ရန်ကုန် ပြီးလျှင် နောက်တစ်ခေါက် ရန်ကုန် ကို ကြည်လင် ရှင်းသန့်စွာ တွေ့ချင်နေမိပါတော့သည်။ ။

နေရာတိုင်းမှာရှင်းသန့်ဘို့ဆိုတာ လွယ်တာမှတ်လို့..

(ကွန်မက်အတွက် စိတ်အနောင့်အယှက်ဖြစ်လျှင် ဆောရီးပါ)။

khin oo may said...

ရေးထားတာ စိတ်ဝင်စားလို့အချိန်ပေးပြီးကွန်မက်ရေးတာါ. ဖတ်ရုံဘဲ ဖတ်ခဲ့ရင် လူမုန်းလဲမများ. အချိန်ကုန်လဲသက်သာ..အခု ရေးတာ စဉ်းစားပြီးရေးရလို့အခချိန်လဲကုန် ဘလော့ပိုင်ရှင်လဲစိတ်အနောင့်အယှက်ဖြစ်နိုင်..ဆောရီး.

Angelhlaing(May everybody be happy and healthy! said...

ရန်ကုန်အတွေ့အကြုံလေးတွေ ဖတ်သွားတယ်အကို... :)

Anonymous said...

အကိုရေ.......
ရောက်ခဲ့တယ်ဗျာ ရန်ကုန် ၄ ကိုဖတ်မိတော့
နည်းနည်းလေး ပြေားခဲ့ခြင်သေးလို့....
အဲလိုမျိုးလေးတွေ များများရေးသင့်ပါတယ်
အခု မမ များကတိုးတတ်နေပါတယ်ဆိုတဲ့
စကားတွေခြုံပြီး မလုံ့တလုံ့လေးတွေဝတ်နေကြတာ
ဟင်း ရင်ထဲရှိတဲ့အတိုင်းပြောလိုက်ရရင်လည်း
မကောင်းပဲရှိတော့မယ် ငယ်ငယ် လေးတွေတင် မဟုတ်ဘူး
သေခါနီးတွေလည်းပါတယ်.....
တော်ပြီ အကိုရာ ပြောရင်နဲ့စိတ်တိုလာပြီ။

MeerKat said...

ဟီးး ဒီတစ်ခါ သဲလွန်စ ချန်ထားလို့ တစ်ခုကိုတော့ တိတွားဒယ်.(ဒါတောင် မနည်း).ကျန်တဲ့ နှစ်ခုကိုတော့ သိဘူး.ရန်ကုန်ဘတ်စကား တွေအကြောင်းကိုတော့ စိတ်ပျက်တာကြာလှပေါ့.

Cameron said...

မမကွန်တို့ကတော့လုပ်ပြီ...။ ရန်ကုန်ကိုမျက်စိအသားမကျသေးလို့ပါ...။

Related Posts Plugin for WordPress, Blogger...