Monday, October 31, 2011

" နတ်များနှင့် အလုပ်ရှုပ်ခြင်း "


ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် မနက်မိုးလင်း အလုပ်သွားတိုင်း လမ်းမှာ အားလုံးကို မေတ္တာပို့ပြီး သွားလေ့ရှိပါသည်။ မေတ္တာမပို့ခင် ဩကာသ ကန်တော့ခန်း၊ ငါးပါးသီလခံ၍ ပြီးမှ ပဋ္ဌာန်းအကျဉ်း၊ ဓာရဏပရိတ် တို့ ရွတ်ဖတ်ပြီး သံဗုဒ္ဓေမှစ၍ ကျွန်တော်ရသမျှ ဂါထာများကို ရွတ်လေ့ရှိပါသည်။

ထို့နောက်မှ ကျွန်တော်၏ မေတ္တာပို့သည့် အလုပ်ကို လုပ်ပါသည်။ မေတ္တာပို့ရာ၌ ကျွန်တော့်မိသားစုက စ၍ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များ အဆုံး အကုန်ပို့ခြင်းပါ။ ဒါက မနက်ပိုင်းကိစ္စ။ သည်လိုနှင့် လုပ်ကွက်ထဲရောက်သည့်အခါ ပရိတ်ကြီး (၁၁) သုတ်နှင့် ပဋ္ဌာန်းအကျယ်ကို ရွတ်ပါတော့သည်။ တချို့နေ့များတွင် ကျွန်တော့် စိတ်က ပျံ့လွင့်နေလျှင် မနက်ပိုင်း မေတ္တာပို့သည့် ကိစ္စက လုပ်ကွက်ထဲရောက်မှ လုပ်ဖြစ်တာမျိုးလည်း ရှိပါသည်။

တစ်ခါတစ်ရံတွင် အာရုံစူးစိုက်မှု ကောင်းပါက မနက်ပိုင်း လုပ်ကွက်ထဲမရောက်မီကပင် မေတ္တာပို့ခြင်းကိစ္စ ပြီး၍ ပရိတ်ကြီး (၁၁) သုတ်ကို ဆက်ပါတော့သည်။ ပြီးမှ ပဋ္ဌာန်းကို ဆက်ရွတ်တတ်ပါသည်။ ဒါတင်မဟုတ်။ ကျွန်တော် အဓိဋ္ဌာန်ဖြင့် ရွတ်နေသော ဂါထာကိုလည်း အခေါက်ရေပြည့်အောင် ရွတ်ပါသေးသည်။ နောက်ဆုံး ကျမှ အမျှပေး၍ နတ်ပြန်ပို့ပါသည်။

ယခု ပြောချင်သည်က နတ်ပို့သည့် ကိစ္စပါ။ ကျွန်တော် ပြောခဲ့ပါသည်။ မနက်ပိုင်းမှာ ကျွန်တော်က မေတ္တာ ပို့ပါသည်ဟု။ သို့သော် စိတ်များ ပျံ့လွင့်နေသောအခါ ကောင်းကောင်းမပြီး။ မပြီးသည်ကို အလုပ်ထဲရောက်သည့် အခါ ပြန်၍ ထိန်းချုပ်၍ ရသည်။ မရသည်က မေတ္တာပို့ရင်း ဘယ်လိုက ဘယ်လိုဖြစ်၍ အမျှပေးပြီး နတ်များကို ပြန်ပါလေတော့ဟု ရောကာ ပြန်ပြန်ပို့နေမိမှန်း မသိ။ စိတ်ဆိုသည်က ခက်လွန်းသည်။ အာရုံဝင်စားသည့်နေ့ဆို ကျွန်တော့်ကို လာကြိုသောကားပေါ်တွင်ပင် ပရိတ်ကြီး ( ၁၁) သုတ် ပြီးသွားသည်။ အာရုံများမ၀င်စားလို့ကတော့ ညနေပြန်ခါနီးအထိပင် ပဋ္ဌာန်းအလှည့်ကို မရောက်နိုင်။ အပြန်ကားပေါ်မှာပင် ဆက်ရွတ်သွားရသည်။

ကျွန်တော်ပြောချင်သည်က မနက်ပိုင်း မေတ္တာပို့၍ ညနေမှသာ နတ်ပြန်ပို့ရမည့်ကိစ္စ။ စောစောက ဆိုခဲ့သလို ကျွန်တော့်အာရုံက မပြတ်သောအခါ မနက်ပိုင်း မေတ္တာပို့ပြီး ရံဖန်ရံခါ နတ်များကို ပြန်ပြန်ပို့မိနေသည်။ သဘောတရားအရ တွေးကြည့်ပါ။ ကျွန်တော်တို့ တရားစာ ရွတ်သောအခါ နတ်များလည်း နာကြသည်မဟုတ်လား။ သည်လို ပြန်ပို့မှတော့ ကျွန်တော်က ပရိတ်ကြီး (၁၁) သုတ်ရွတ်လျှင် နတ်များ တရားမနာနိုင်တော့။ ကျွန်တော့် အယူအဆပါ။

သို့သော် ပရိတ်ကြီး (၁၁) သုတ်၏ အစကို ဘာသာပြန် သိသူတိုင်း သိကြသည်။ သမန္တာ စက္က၀ါဠေသု ဆိုကတည်းက ထိုအပိုဒ်သည် နတ်ပင့်သည့်အပိုဒ်။ သည်တော့ မနက်ပိုင်း ကျွန်တော်က မေတ္တာပို့ပြီး ခပ်တည်တည်နှင့် ပြန်ပို့လိုက်သော နတ်များသည် မေတ္တာပို့ပြီး နောက်က ကပ်ပါလာသော ပရိတ်ကြီး (၁၁) သုတ်မှ နတ်ပင့်ကြောင့် မပြန်နိုင်ဘဲ အူလည်လည်နှင့် ပြန်လာကြရတော့သည်။

သည်တော့ တစ်ခါတစ်ခါ ထိုသို့မှားတိုင်း ကျွန်တော့်ဘာသာ ခေါင်းတခါခါ၊ လည်တရမ်းရမ်းဖြင့် ရှိနေလေတော့သည်။ ဘေးလူကြည့်လျှင် တစ်ခုခုမှားနေပြီဟုပင် ထင်ချင်စရာ။ ကျွန်တော်ကလည်း ကိုယ့်ဘာသာ အလုပ်ရှုပ်နေသည် မဟုတ်လား။ ပြန်စဉ်းစားလျှင် နတ်များသည်လည်း သနားဖို့ပင် ကောင်းလှသည်။

အာရုံစူးစိုက်မှု နည်းနေချိန်တွင် တရားစာ ရွတ်မိသော ကျွန်တော့်ကြောင့် ယခုပဲ ပြန်သွားဆိုပြီး ယခုပဲ ပြန်လာရလေသည်။ သူတို့တစ်တွေသာ ကျွန်တော့်ကို တည့်တည့်ပြောနိုင်မည် ဆိုလျှင်၊ သို့မဟုတ် ကျွန်တော်ကလည်း သူတို့ပြောတာ ကြားနိုင်မည်ဆိုလျှင် ပြန်ပို့ချင် ပို့လိုက်၊ ပြန်ခေါ်ချင် ခေါ်လိုက် လုပ်နေသော ကျွန်တော့်ကို ကောင်းကောင်း ကျိန်ဆဲ၍ တင်းပင်တင်းနေလောက်ပေပြီ။

ကျွန်တော်က စင်ကာပူမှာ။ သူတို့က ဘယ်ကလာမှန်းမသိ။ ရန်ကုန်က နတ်များဆို အပြန် ဘာနှင့်လိုက်မည်လဲ။ Silk Air ဆို အိုကေနိုင်သည်။ တခြားလိုင်းနှင့်ဆို မလွယ်။ လေယာဉ် နောက်ကျတာ၊ ဘာညာ ဖြစ်နိုင်သည်။ ပိုဆိုးလျှင် အထုပ်ပါ ပျောက်နိုင်သည်။ အခန့်မသင့်၍ ဟိုရောက်လျှင် နောက်ကျသောကြောင့် ကြားကားနှင့် မိချင်မိဦးမည်။ အမေရိကားဘက်ပြန်မည့် နတ်များကျတော့ ဈေးက တနင့်တပိုးပေးရမည်။ ဂျပန်ဘက်လည်း ဈေးကြီး၏။ အင်္ဂလန်ဘက်က နတ်များကျတော့ ပရီးမီးယားလိဂ် မီလျှင် အိုကေလေမလား မပြောတတ်။ ကချင်ပြည်နယ် မြစ်ဆုံက လာသော နတ်များကတော့ စင်ကာပူမှာပင် စတေး(Stay)လျှောက်၍ နေတော့မလား မပြောတတ်။ ပြန်သွားလိုက်၊ ပြန်လာလိုက် သူတို့က ဘယ်လုပ်ချင်ပါ့ မလဲလေ။

လျှောက်တွေးကြည့်မိခြင်းပါ။ တကယ်တော့ သူတို့က တန်ခိုးရှိသည်။ သူတို့ဘာသာ သွားနိုင်၊ ပြန်နိုင်သည်။ ကိုယ်က မြင်ရတာမဟုတ်။ သို့သော်လည်း သူတို့တစ်တွေသည် ကိုယ့်ကြောင့် ခဏခဏ အလုပ် ရှုပ်နေကြမည်ကို တွေးရင်း ကိုယ်လည်း နတ်များနှင့် အလုပ်ရှုပ်နေသူတစ်ဦးပါလားဟု တွေးမိပါသေးသည်။ ။

သားလတ်
၂၂:၂၇ နာရီ
၃၁.၁၀.၂၀၁၁



5 comments:

လွင်ပြင်လှိုင်းငယ် said...

လေ့လာ ဖတ်မှတ်သွားပါတယ်

Angelhlaing(May everybody be happy and healthy! said...

အကိုပြောမှပဲ...ညီမလေးလည်း အတွေးဝင်လို့ ပြုံးမိတယ်.....:):)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်ရတာ နတ်တွေက လေယာဉ်တွေ ဘာတွေ မစီးလောက်ဘူးထင်တယ်
လေဟုန်စီးပြီး ပျံဝဲသွားမယ် ထင်တာဘဲ
မဟုတ်ရင်ကမ္ဘာတလွှားက ခေါ်သမျှ ဖိတ်သမျှသွားနေရတာ လေယာဉ်ခနဲ့ နတ်တွေ မွဲလောက်တယ် ;))

စံပယ်ချို said...

ဘုရားတရားကိုမမေ့တဲ့စိတ်လေးကိုတော့
နှစ်သက်လေးစားပါတယ်ရှင်။
အမြဲမေတ္တာပို့တာလဲ
ကောင်းတဲ့အလေ့ပါပဲ
ခင်မင်တဲ့ jasmine

mstint said...

မေတ္တာပို့လေးတွေ နေ့စဉ်ရွတ်ဖတ်နိုင်တာ ကောင်းတဲ့ အလေ့အကျင့်လေးပါ ဆူးသစ်ရေ။ တီတင့်လည်း သတိထားမိတယ် အကြိမ်များများနတ်ပို့ကို မရွတ်ခဲ့ဘူး။
(စကားမစပ် စင်္ကာပူကိုအလည်လာတာ မောင်ဆူးသစ်နဲ့ ပါရမီဖြည့်ဖက်လေးကို မတွေ့ခဲ့ရလို့ စိတ်မကောင်ဘူး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...