Tuesday, October 11, 2011

" ကျွန်တော်သိသော နိုင်ငံခြား "


၂၈.၉.၂၀၁၁ နေ့က ကျွန်တော်သည် စင်ကာပူနိုင်ငံရှိ၊ Pulau Bukom ( ဘူကုန်းကျွန်း ) ဆိုသောကျွန်းမှာ အလုပ်လုပ်ရန် ရောက်ရှိနေခဲ့သည်။ ထိုနေ့သည် ဗုဒ္ဓဟူးနေ့။ တကယ်တော့ ကျွန်တော်ရောက်နေသည်မှာ တနင်္လာနေ့ ကတည်းက။ ထိုကျွန်းမှာ အလုပ်လုပ်ရန် သင်တန်းအရင်တက်ရမှာမို့ သင်တန်းနှစ်ရက် တက်ပြီး နောက်ရက်မှာ လုပ်ကွက်ထဲ ၀င်သည့်ကတ်ပြား မရသေး၍ စောင့်နေခဲ့ရ၏။

မနက်ပိုင်း ကျွန်တော့်ရုံးက ရုံးဝန်ထမ်း ဖိလစ်ပိုင်က နေ့ခင်းလောက်ဆို Main Con က ကျွန်တော့်အတွက် ကတ်ပြားပေးနိုင်သည်ဟု ဆို၍ တစ်မနက်လုံး ဘယ်ကိုမျှ မသွားရဘဲ ငုတ်တုတ်သာ မေ့နေလေတော့သည်။

သည်လိုဖြင့် နေ့လယ် ထမင်းစားပြီး တစ်ရေးအိပ်၊ အိပ်ရာက တစ်နာရီထိုးခါနီး နိုးအပြီး ကတ်ပြားရရန် စောင့်နေစဉ် ကျန်သူများက လုပ်ကွက်ထဲသွားရန် ဘတ်စ်ကို အမီလိုက်ကြ၏။ ထိုအချိန်မှာပင် မီးအချက်ပေး ဥဩသံကို ကြားရသည်။ အချိန်ကား မွန်းလွဲ တစ်နာရီ ဆယ့်ငါးလောက်ရှိမည်။ ဗုဒ္ဓဟူးနေ့။

ဘူကုန်းမှာ အလုပ်လုပ်ဖူးသူတိုင်း သိကြသည်။ ဘူကုန်းမှာ Fire Alarm( မီးအချက်ပေး ဥဩ) ကို စမ်းသပ်သည်က ဗုဒ္ဓဟူးနေ့ တစ်နာရီခွဲ။ ယခုမြည်သော ဥဩသံက စောလွန်းသည်။ ကျွန်တော်သည် ဘူကုန်းမှာ ယခင်နှစ်ကလည်း အလုပ်လုပ်ခဲ့ဖူးရာ ရိုးရိုးစမ်းသပ်သည့် ဥဩသံဟုသာ ထင်ပြီး စာဖတ်နေခဲ့သည်။ သို့သော် ခဏနေတော့ မီးသတ်ကား ဥဩသံကိုပါ ဆက်၍ကြားရသောအခါမှ ဟာ-ဒါမီးလောင်တာပဲ ဟု အတွေးရောက်ပြီး ရုံးထဲက ထွက်ကြည့်တော့သည်။

ထိုအချိန်၌ မီးခိုးများစ၍ ထွက်နေသည်ကို မြင်ရသည်။ ကျွန်တော်တို့ ရုံးများရှိရာ နေရာမှကြည့်လျှင် မည်းခနဲတက်လာသည်ကို တွေ့ရသည်။ နေရာကို အတိအကျ မသိရသေး။ နောက်တော့ ကျွန်တော့်ရုံးက အဖွဲ့ကို လုပ်ကွက်ထဲသွားသူများထံ ဆက်သွယ်ကြည့်ဖို့ ပြောရသည်။ ကျွန်တော့်ထက် ရာထူးတစ်ဆင့်မြင့်သော Safety တစ်ယောက်က လုပ်ကွက်ထဲက အလုပ်သမားများနှင့် အတူရှိနေမည်။ ကျွန်တော်တို့ သူ့ဆီကို ဆက်သွယ်ကြ၏။ အားလုံး ဘေးလွတ်ရာမှာ ရောက်နေပြီဟု ဆိုသည်။ လောင်သည်က သူတို့အနားမှာပင်။

သည်လိုနှင့် ကျွန်တော်တို့ ဘာဆက်လုပ်ရမည်ကို နားစွင့်ရ၏။ ဘူကုန်းမှသည် Pasir Panjang ဘက်ရှိဆိပ်ကမ်းကို ကူးရန် သင်္ဘောအသေးလေးများ ရှိ၏။ လောလောဆယ် ပေးမထွက်ပါတဲ့။ မီးက ညနေအထိ လုံးဝမသေ။

သည်လိုနှင့် ညနေငါးနာရီကျော်လောက်မှာ လုပ်ကွက်ထဲမှာ ပိတ်မိနေသော အဖွဲ့များကို ဘတ်စ်ကားများက သွားကြိုကြသည်။ ကျွန်တော်တို့ ကုမ္ပဏီကားများ မိမိဘာသာ သွားကြို၍ မရ။ ကျွန်တော်တို့က ရုံးချိန်မတိုင်ခင် ပြန်လွှတ်မည်ထင်ထားသော်လည်း လူများ၍ ထိန်းထားချင်သည်လား၊ ဘာလားမသိ။ ရုံးဆင်းချိန်မှသာ ပြန်ရလေတော့သည်။ Pasir Panjang ဘက်ရောက်တော့ လှည့်ကြည့်မိစဉ် မီးက မငြိမ်းဘဲ ပိုလို့ပင် တောက်လာခဲ့တာတွေ့ရသည်။ မီးခိုးတန်းကြီးကား ရှည်လျားလှ၏။ ထိုအချိန်အထိ ဘာကြောင့်လောင်ရသည်ကို မသိ။

သည်လိုနှင့် နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့ ဘူကုန်းကို ပြန်သွားရသည်။ ကျွန်တော်တို့ Main Con က ပြန်လာပါဟု မှာသည်တဲ့။ Client ကတော့ ဘာမျှမပြော။ သူတို့လည်း သူ့အပူနှင့်သူကိုး။ သို့သော် ကျွန်တော်တို့ အလုပ်စရန် လုပ်ခွင့် Permit ကို Main Con က မချပေးသေး။ ဘယ်လိုလုပ် ချပေးနိုင်ပါမည်နည်း။ မနေ့က မီးလောင်။ သည်နေ့အလုပ်လုပ်ဆိုသည်မှာ စင်ကာပူလို နိုင်ငံမျိုးမှာ ပိုဆိုးသေးသည်။ SCDF (Singapore Civil Defence Force ) ဟု ခေါ်ကြသည့် မီးသတ်တပ်ဖွဲ့တို့၊ MOM ( Ministry of Manpower ) က စစ်လားဆေးလား လုပ်ကြဦးမည်။ ယခုတောင် SCDF က မနေ့က ညနေ ကတည်းက သည်မနက်အထိ ၀င်လိုက်ထွက်လိုက်။

သည်လိုနှင့် မနက် ၁၁ နာရီလောက်မှာ ကျွန်တော်တို့ဆီက အလုပ်သမားလေးနှစ်ယောက်ကို ထမင်းထုပ်များ သွားယူခိုင်းစဉ် ရုံးအပြင်မှာ လူများ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေ၍ ထွက်ကြည့်လိုက်ရာ မီးပြန်လောင်နေ သည်ကို တွေ့ရလေ၏။ မနေ့က ညနေ ခြောက်နာရီလောက်အထိ လောင်ထားသော မီး။ အကင်းမသေသည်လား။ သို့မဟုတ် လောင်စရာများ ပေါလှသော သည်လိုကျွန်းပေါ်မှာ တစ်စတစ်စဖြင့် လောင်နေသည်လား။ မနေ့ညက အခြေအနေကို ကျွန်တော်တို့ မသိ။

သို့သော် ကြည့်နေရင်းမှာပင် ကျွန်တော်တို့မြင်လိုက်ရသည်က မီးတောက် အကြီးကြီးများ။ မနေ့က နေရာနှင့်ဆို ခပ်လှမ်းလှမ်း။ မကြာခင်မှာပင် Client ဆီက သတင်းဝင်လာသည်။ ကျွန်တော်တို့အားလုံး ဘူကုန်းကနေ အမြန်ခွာရမည်။ ဘုတ် ( Boat ) များနှင့် ထွက်ရန်။

သည်တော့မှ ကျွန်တော့် Safety Coordinator စလုံးက ပြောသည်။

" အဲဒါကြောင့် Oil, Petrol Chemical တွေကို မြို့နဲ့ဝေးတဲ့ဘက်မှာ ထားတာလေ။ တစ်ခုခုဆို မြို့ကလူတွေ မထိတော့ဘူးပေါ့။ ဒါပေမဲ့ ငါတို့တစ်တွေ အတွက်ကတော့ အရမ်း အန္တရာယ်များတယ်။ တစ်ခုခုဖြစ်ရင် မလွယ်ဘူး။ လမ်းသိပ်မရှိဘူး "

သူပြောတာ နားထောင်ပြီး ကျွန်တော့်မှာ တွေးစရာများ များစွာရလာသည်။ သို့သော် လတ်တလောမှာ ကျွန်တော်တို့ ကျွန်းက အမြန်ခွာဖို့ ပြင်ရန်ရှိသေး၏။ ဖြစ်ချင်တော့ လူစုနေစဉ်မှာ ကျွန်တော်တို့ ထမင်းထုပ်သွားယူခိုင်းသော အလုပ်သမားလေး နှစ်ယောက်မှာ ပြန်မလာသေး၍ ကျွန်တော်တို့မှာ စိတ်ပူရတော့သည်။ ရုံးက Admin က ဖိလစ်ပိုင်ကို သွားရှာခိုင်းရ၏။ သူထွက်သွားပြီး ရုံးဂိတ်က ထွက်မရဟုဆိုကာ ပြန်ဝင်လာသည်။ ကျွန်တော်က ထမင်းထုပ်သွားယူသော အလုပ်သမားလေး များမှာ မြန်မာမှန်း သိနေ၍ ဖုန်းခေါ်ကြည့်သည်။ မရ။ လူတွေက ပြေးဟယ်လွှားဟယ် ဖြစ်နေချိန်မှာ သူတို့ပြန်လာရန် လွယ်ပါ့မလားဟု စိတ်လည်းပူမိသည်။ သို့သော် မီးလောင်သည့်ဘက်နှင့်တော့ လမ်းက တစ်လမ်းစီမို့ စိတ်သက်သာရ၏။

ခဏနေတော့ သူတို့ပြန်ရောက်လာသည်။ သူတို့ပြောမှ ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်ရသေးသည်။

" ဟာဗျာ-ရှက်လိုက်တာ မပြောပါနဲ့တော့။ သူတို့က ကျွန်တော်တို့ ထမင်းထုပ်သယ်လာတာ တွေ့ပြီး မင်းတို့က ဒီလောက် သူများတွေတောင် ပြေးဖို့ပြင်နေရတာ။ ဒီထမင်းထုပ်တွေက ဘာလုပ်ဖို့လဲတဲ့။ ခပ်တည်တည်နဲ့ ခေါင်းငုံ့ပြီး ပြန်လာခဲ့တာ။ ဆိုင်က ကုလားမတစ်ယောက်က ထမင်းထုပ်လာယူတဲ့သူတွေ ထွက်ပြေးကုန်လို့ ပိုနေတဲ့ အထုပ်တွေပါ ယူသွားဆိုလို့ ယူခဲ့သေးတယ်။ ဒီမှာ"

ကျွန်တော်တို့အားလုံး ရယ်မိကြသည်။ သူတို့မှာ သူများတွေ ဒုက္ခဖြစ်နေသည့်ကြား ထမင်းထုပ်ကို မရရအောင် ယူလာရုံသာမက ပိုပင်ပါလာသေး၏။ သူတို့ မျက်နှာများကိုလည်း မြင်ယောင်ကြည့် မိသေးသည်။

သည်လိုနှင့် ထမင်းစားရင်း ကျွန်းကခွာဖို့ အချိန်ကို စောင့်ရ၏။ ဘုတ်က နည်းပြီး လူကများသည်မို့ ကျွန်တော်တို့ တော်တော်စောင့်ရဦးမည်။ သည်ကြားထဲ ယူနီဖောင်းတွေလဲနေစဉ်မှာ အလုပ်သမားလေး တစ်ယောက်က လဲမနေပါနှင့်တော့။ မီးကလောင်နေ၍ မမီတော့ပါဟု နောက်သည်။ ကျွန်တော်က ရိုးရိုးအ၀တ်အစားလေးနဲ့ ဆိုတော့ တစ်ခုခုဖြစ်ရင် နည်းနည်းများ ပိုလှမလားလို့ပါကွာဟု ဆိုသောအခါ မြန်မာတွေက ရယ်ကြသည်။

အလုပ်သမားလေးက မေး၏။ ထပေါက်ကွဲကုန်ရင် ကျွန်တော်တို့ ဘယ်လိုမှ မလွတ်နိုင်ဘူးနော် တဲ့။ ကျွန်တော်က ရေထဲခုန်ချဖို့ပဲ ရှိတာပေါ့ ဟုပြန်ပြောသောအခါ လွတ်ပါ့မလားတဲ့။ ကျွန်တော်က အဲဒီတော့လည်း နောက်ကို လှည့်ကြည့်ပြီး ပြန်ပြောလိုက်ပေါ့ကွာ။ လူဆိုး-ထွက်ပြေးဖို့တောင် အချိန်မပေးဘူးလို့ ဟု ပြန်နောက်လိုက်သောအခါ တချို့က ရယ်ကြသည်။ ထိုရယ်သံများသည် ကျွန်တော်တို့ ရင်ထဲက မသိမသာထိတ်လန့်စိတ်များကို ကြိုးစားဖယ်ရှားနေမိသလို ရှိလိမ့်မည်လားမသိ။

တကယ်တော့ ပင်လယ်ထဲရောက်နေသော ကျွန်းမှာ ရှိသည့် ရေနံ၊ ဓာတ်ငွေ့၊ ဆီများကြောင့် ပေါက်ကွဲစရာ များကို အမြန် မထိန်းချုပ်နိုင်ပါက ကျွန်တော်တို့လည်း အားလုံးထဲပါသွားမှာ အမှန်ပင်။ သည်အချိန်မှာ အားလုံးက ထိတ်လန့်နေကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်အထက်က အရာရှိ ပြောသည်ကို ကြားပြီးကတည်းက ကျွန်းပေါ်က အန္တရာယ်၏ အတိမ်အနက်ကို နားလည်ပြီးသား။ အန္တရာယ်ကို မထိန်းချုပ်နိုင်သည့်နေ့ အားလုံးကို စွန့်လွှတ်ခဲ့ရပေမည်။

သည်လိုနှင့် မွန်းလွဲ တစ်နာရီလောက်မှာ ကျွန်တော်တို့ ဘူကုန်းက ခွာခဲ့နိုင်ပါတော့သည်။ တစ်ဖက်ကမ်းက Pasir Panjang ရောက်တော့ SCDF ကား အင်အားအလုံးအရင်းနှင့် အလုပ်လုပ်နေကြလေပြီ။ သူတို့လည်း မီး၏ အတိုင်းအဆကို ခန့်မှန်း၍ ရနိုင်သွားပြီပဲ။ ကျွန်တော်တို့ချစ်သော ဘူကုန်းကား မီးခိုးများ ကြားမှာ ဝေေ၀၀ါးဝါးဖြင့် ကျန်ရစ်ခဲ့လေ၏။

ကျွန်တော်တွေးမိပါသည်။ လူတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေသည်ဟု ဆိုလျှင် စက်ရုံက အဲကွန်းခန်းထဲမှာ ဆားကစ်လေးတွေဆက်၊ ဟိုအပိုင်း သည်အပိုင်းလေးများဆက်ဟု ထင်ကြပေလိမ့်မည်။ မရှိဘူး မဟုတ်။ ရှိပါလိမ့်မည်။ Auto Cad လေးဆွဲပြီး ရုံးထဲက မထွက်ရသော သူများလည်း ရှိ၏။

သို့သော်လူတိုင်း ထိုသို့မဟုတ်။ ကျွန်တော်တို့လို တစ်ချိန်လုံး လုပ်ကွက်ထဲမှာ နားပန်းလုံးနေရသူများလည်း ရှိ၏။ အဆိပ်သင့်စေနိုင်သော ဓာတ်ငွေ့များ၊ မီးလောင်ပေါက်ကွဲနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင် ရသူများလည်း ရှိ၏။ အချိန်မရွေး အန္တရာယ် ကျရောက်ကာ အခန့်မသင့်လျှင် အသက်ပင် ပျောက်နိုင်သည်။ သို့သော် မိဘများ၊ ညီအစ်ကိုမောင်နှမများကတော့ သိမည်မထင်။

ကိုယ့်ကံဟုသာ တွေးရင်း ဘုရားတရား ဖိလုပ်ဖို့သာ ရှိတော့သည်မဟုတ်လား။ ငွေရတာခြင်းအတူတူ ကိုယ်ရောက်နေသော နိုင်ငံခြားက အလုပ်က ကိုယ့်အတွက် သည်လိုသာ အကြောင်းဖန်ထား၍ ရည်မှန်းချက်များ မပြီးမချင်းကတော့ လုပ်ရပေဦးမည်။

မည်သို့ဆိုစေ သူများတွေသိသော နိုင်ငံခြားနှင့် ကျွန်တော်သိသော နိုင်ငံခြားက မည်သို့ကွာခြားသည် ဆိုသည်ကို ကျွန်တော်ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်ပါတော့သည်။ ။

ဆူးသစ်
၂၂:၂၄ နာရီ
၁၁.၁၀.၂၀၁၁

9 comments:

AH said...

ဟုတ်ပနော်.... တွေးကြည့်ရင် ကြက်သီးထစရာကြီးအကိုရေ....

Angelhlaing(May everybody be happy and healthy! said...

အမှန်ပဲ နိုင်ငံခြား ဆိုတဲ့အတိုင်းပဲ အတွေ့အကြုံတွေက အလဲအကွဲနဲ့...အားတင်းနေရတဲ့ သူတွေ အတွက်တော့... နိုင်ငံခြားဆိုတာ.... စိတ်ကူးနဲ့ လက်တွေ့ အကွာကြီး ပါပဲလို့သာ....:(

Mon Petit Avatar said...

I am so sorry to hear about the incidents and wish you all the best.

မြူးမြူး said...

အဲ့နေ့က သတင်းကြားတော့ အစ်ကို့ကို သတိရမိသေးတယ်.. ဘေးကင်းတယ်ဆိုတော့ တော်သေးတာပေါ့..

မဒမ်ကိုး said...

ဟူးးးးးးးးးးးးးဒီပိုစ့်ကိုဖတ်ပြီး ကျွန်းပေါ်မှာ အလုပ်လုပ်သွားတဲ့ အကိုအကြီးဆုံး ကဘာဖြစ်လို့ပြန်မလာချင်တော့ပါလိမ့်ဆိုတာကို နားလည်တော့တယ် ..
ကိုယ်ကသာ အဲကွန်းခန်းမှာလေ သူခင်မျာ အဲလိုတွေးခဲ့သိခဲ့မှာပဲလို့ခုမှတွေးမိတော့တယ်
ကျေးဇူးပါကိုဆူးသစ်ရေ
ခုလိုသိခွင့်ရတဲ့အတွက်

ခင်မင်လျှက်
မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဆူးသစ်ရေ နိုင်ငံခြားအလုပ်တိုင်း သက်သက်သာသာမဟုတ်တာ ကိုဆူးသစ်ပိုစ့်လေးဖတ်ပြီး ပိုပြီး သိသာပါတယ်
ဟုတ်ပါရဲ့ တစ်ချို့အလုပ်တွေက အန္တရာယ် လက်တစ်ကမ်းမှာ လုပ်နေကြရတာနော် အသက်အန္တရာယ်နဲ့ နီးလိုက်တာ
မိမိဘဝအတွက် အသက်အန္တရာယ်ရှိတတ်တဲ့ အလုပ်မျိုးတွေတောင် ရှောင်လွဲလို့ မရနိုင်ဘဲ လုပ်နေကြရတာ.. အားလုံးကို စာနာမိပါတယ်။

စံပယ်ချို said...

ဟုတ်ပါ့ကိုဆူးသစ်ရေ
နိုင်ငံခြားဆိုတာမသိခင်ကတော့အတော့်ကိုဟုတ်နေတာပဲ
နေတာကြာလာတော့လဲ တောင်ကြီးကိုပဲလွမ်းလွမ်းနေတယ်....အစားအသောက်ရာသီဥတု
အသီးအနှံ့ ဘာမှကိုပြောစရာမလိုတာ ဂျက်တို့
တောင်ကြီးပါပဲ(ကြေငြာဝင်ခြင်းမဟုတ်ပါ)
ခင်မင်တဲ့ jasmine

အမ်တီအန် said...

ပြည်ပမှာ အလုပ်လုပ်နေရသူများရဲ့ အခက်အခဲတွေကို စာနာမိပါတယ်။ အန္တရာယ်ကင်းဘေးရှင်းပါစေရှင်။

Han Kyi said...

အေးဗျာ ဘာမှမဖြစ်တာပဲ တော်သေးတာပေါ့...တကယ်တော့ ပြည်ပမှာအလုပ်လုပ်နေကြတဲ့သူတွေဟာလည်း တဖက်တလမ်းကနေ တိုင်းပြည်ရဲ့နိုင်ငံခြားငွေရန်ပုံငွေတိုးတက်အောင် ကြိုးစားပေးနေကြတဲ့သူတွေဖြစ်တာမို့ စာနာလေးစားပါတယ်...အစစအရာရာတိုးတက်ဖွံ့ဖြိုးလာတဲ့ နေ့ရောက်အောင် ကြိုးစားနိုင်ကြရင်တော့လည်း ပြည်တွင်းမှာပဲ ထိုက်သင့်တဲ့ ငွေကြေးအတိုင်းအတာနဲ့ သက်တောင့်သက်သာ လုပ်ကိုင်ခွင့်ရကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်...အဆင်ပြေပါစေဗျာ

Related Posts Plugin for WordPress, Blogger...