Saturday, September 8, 2012

"ကျွန်တော့်မှတ်စု" ( ၁၂ )


+ ရှေးလူကြီးများကား ဖြစ်မြောက်အောင်လုပ်ဖို့ရန် စိတ်ဆန္ဒအစွမ်းကြောင့် နည်းလမ်းကို ရကြလေသည်။ လူမှာရှိသော တန်ခိုးသည် အံ့ဖွယ်သောအရာတို့ကို ဖြစ်မြောက်စေနိုင်၏။ အခါများစွာ နတ်များက အကြံဥာဏ်ပေးသည်ဟု မှတ်ထင်ရလောက်အောင် ထူးဆန်းလေသည်။

[ ပီမိုးနင်း - အောင်စိတ် စာအုပ်မှ ]

+ ဘ၀သရုပ်ဖော်ကောင်းသည်ဟု ဆိုရလောက်အောင် အောက်ပါအခြေခံ အင်္ဂါရပ်များနှင့် ညီညွတ်ရမည်။
(၁) သဘာဝကို သရုပ်ဖော်ကောင်းခြင်း။ (သဘာဝထဲမှာ တောတောင်ရေမြေ၊ ကျေးငှက်သာရကာတို့ ပါဝင်ကြောင်း သတိပြုပါ။)
(၂) ရုပ်ဆင်းသဏ္ဌာန်တို့ကို သရုပ်ဖော်ကောင်းခြင်း။
(၃) လူ့စရိုက်ကို သရုပ်ဖော်ကောင်းခြင်း။
(၄) ဝေဒနာ(ခံစားမှု)ကိုသရုပ်ဖော်ကောင်းခြင်း။
(၅) အတွေးအခေါ် သရုပ်ဖော်ကောင်းခြင်း။
(၆) လူမှုရေး သရုပ်ဖော်ကောင်းခြင်း။( လူမှုရေးဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတွင် ပါဝင်သော လူတန်းစား အသီးသီးတို့၏ ဆက်ဆံရေး ဖြစ်သည်။)
အထက်ပါ အင်္ဂါရပ်ခြောက်ပါးအနက် တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် သရုပ်ဖော်ကောင်းသည်ဟု ဆိုနိုင် သည်။ ခြောက်ပါး စလုံးနှင့် ညီညွတ်သော် ' ရည်ရွယ်ချက် ' ၀ါ ' ဦးတည်ချက် ' ရုပ်လုံးပေါ်လာလိမ့်မည်။ သို့သော် သရုပ်ဖော်ကောင်းတိုင်း ဦးတည်ချက် ကောင်းပြီဟု မဆိုသာပါ။

[ ဘ၀သရုပ်ဖော် မြန်မာဝတ္ထုရှည်-စာတမ်းတင်သူ မောင်ထင်]( ၀တ္ထုရှည်စာတမ်းများ-ဒုတိယတွဲ -မောင်ထင်၊ တက္ကသိုလ်ဝင်းမွန်၊ဂယက်နီ)

+ မိမိကိုယ်ကို ဝေဖန်သုံးသပ်ရာတွင် မိမိ၏ ကိုယ်အပြုအမူ၊ အကျင့်သီလ စသည်တို့ကို အဓိကထားရမည်။ မိမိမှာကောင်းသော အကျင့်ရှိပါ၏လော။ ဆိုးသောအကျင့်များ ရှိသလော။ စိတ်ချုပ်တည်းမှု ရှိပါ၏လော။ စိတ်ထဲပေါ်လာရာကို စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သလော။ အချိန်ကို အကျိုးရှိစွာ သုံးတတ် ပါ၏လော။ ဖြုန်းတီးနေတတ်သလော။ ယင်းတို့ကို မှန်ကန်စွာ စိစစ်သုံးသပ်နိုင်ပါမှ မိမိကိုယ်ကို ဝေဖန် စိစစ်ရာရောက်ပါ၏။

[ ဂရင်းဗီးလ် ဇာလိုင်ဆာ]

+ စည်းကမ်း
စည်းအတွင်းမှာနေ
ကင်းကွေလိမ့် ရန်ဘေး။
ကမ်းကိုကျော် ချော်ကာကျ
များလှရန်ဘေး။ ။

[ မင်းသုဝဏ် ]

+ ၂၃ ၏ လျှို့ဝှက်ချက်များ
- ဆေးလိပ်သောက်သူ အားလုံးနဲ့ သူတို့သောက်တဲ့ ဆေးလိပ်အရေအတွက်တွေအရ ဆေးလိပ်သောက်သူ တစ်ယောက်ဟာ ပျမ်းမျှ တစ်နေ့ (၂၃) လိပ်သောက်တယ်လို့ ဆိုပါတယ်။
- လူတစ်ဦးရဲ့ ဇီဝဗေဒ ဖြစ်စဉ်သဘောတရားအရ ( ၂၃) ရက်ကြာရင် တစ်ခါ ပြောင်းလဲမှု ရှိတတ်တယ်။
- လူခန္ဓာကိုယ်တစ်ခုရဲ့ သွေးလည်ပတ်မှုဟာ (၂၃) စက္ကန့်ကြာမြင့်တယ်။
- ထင်ရှားတဲ့ကြယ်တံခွန်ဖြစ်တဲ့ ဟေးဘော့ပ်ကြယ်တံခွန်ကို ပထမဆုံးစတွေ့တာ ဇူလိုင် ၂၃၊ ၁၉၉၆ ခုနှစ်မှာပါ။
- ဘီတယ်လ်အဖွဲ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ရဲ့ ပထမဆုံးသီချင်းဟာ (၂၃) ကြိမ် အသံသွင်းခဲ့ရပါတယ်။
အနောက်နိုင်ငံတွေမှာ ၁၃ ဟာ Unlucky ဖြစ်ပြီး၊ အာရှဒေသမှာ ၄ ဟာ Unlucky ပါ။
Pop Stars ဂီတပညာရှင်များနဲ့ စာရေးဆရာ အများစုဟာ ၂၃ နဲ့ပတ်သက်ပြီး စွဲလမ်းမှု တော်တော် ရှိကြတယ်လို့ ဆိုပါတယ်။


3 comments:

3rdthameetaw said...

အချိန်ကို အကျိုးရှိစွာ သုံးတတ် ပါ၏လော။ ဖြုန်းတီးနေတတ်သလော။ ယင်းတို့ကို မှန်ကန်စွာ စိစစ်သုံးသပ်နိုင်ပါမှ မိမိကိုယ်ကို ဝေဖန် စိစစ်ရာရောက်ပါ၏

..ကဲကဲ ကိုဆူးသစ်ရေ အချိန်ကိုတန်ဖိုးရှိ
အောင်အသုံးချဖို့  မြန်မြန်ဘုန်းကြီးဝတ်လိုက်
ပါတော့လို့ တိုက်တွန်းချင်တယ်.....ဟိဟိ

mstint said...

မှတ်စုလေး လေ့လာ ဖတ်ရှု မှတ်သားသွားတယ် ဆူးသစ်ရေ။
စကားမစပ် အင်ဂျင်နီယာအားလုံး လာမဲ့ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ဆရာကန်တော့ပွဲကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျင်းပမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဆရာရေ အချိန်ကို တကယ့်ကို အကျို၇ှိစွာ သုံးသင့်ပါတယ် ။67

Related Posts Plugin for WordPress, Blogger...