Friday, October 19, 2012

"Facebook ပေါ်က ကျွန်တော့် Status များ "(၅)


+ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က စင်ကာပူနိုင်ငံ၏အမျိုးသားနေ့မှာ သူတို့နိုင်ငံ၏ခေါင်းဆောင်က သူတို့ပြည်သူတွေကို မိန့်ခွန်းပြောသည်ကို ကြည့်ပြီး ကျွန်တော်တို့နိုင်ငံမှာ တစ်နေ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်က ထိုကဲ့သို့ အင်္ဂလိပ်လိုမိန့်ခွန်းကို ပြောနိုင်ပါက နိုင်ငံတကယ်တိုးတက်လာပြီဟုပြောနိုင် လိမ့်မည်ဖြစ်ကြောင်း ကျွန်တော်နှင့်ကြုံသူတိုင်းကိုပြောပြဖြစ်သည်။ ယခု လတ်တလောမှာ ကျွန်တော် တို့  နိုင်ငံပြင်ပ၌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှု၊ မိန့်ခွန်းပြောကြားမှုတို့ဖြင့် ကမ္ဘာ့အလယ်မှာ သူသည် မည်ကဲ့သို့ သူမျိုးဖြစ်သနည်း ဆိုသည်ကို ထင်ရှားစေနေသည်။ နိုင်ငံ မတိုးတက်သေးသော်ငြား ထိုကဲ့သို့ ဦးဆောင်နိုင်မည့်သူတစ်ဦးကို နိုင်ငံတကာအလယ်မှာ ဂုဏ်ယူ စရာမြင်တွေ့ရသည်မှာ ကျွန်တော်တို့နိုင်ငံတိုးတက်လာဘိသကဲ့သို့ခံစားရပါသည်။ မြန်မာကို ကမ္ဘာက သိလာခဲ့ရပြီမဟုတ်ပါလား။( ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်)

+ အခုတလောဖတ်ရ၊မြင်ရသည့်သတင်းများက ကျွန်တော့်ကို ကြက်သည်းထစေသည်။ လူထုသည် သူတို့ချစ်သောခေါင်းဆောင်တစ်ယောက်၏ နောက်မှာ အမြဲရပ်နေသည့် သဘော။ ခေါင်းဆောင် သည်လည်း လူထုအတွက် ကြိုးစားပမ်းစားစွမ်းဆောင်နေ၏။ လူထုက ချစ်သောအခါ ကြိုဆိုနေပုံများက မျက်ရည်ဝဲကြည်နူးစရာကောင်းလှတော့သည်။ အပြန်အလှန် မေတ္တာတရား၏ သဘောများပင် ထင်ပါ၏။  (ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်)

+ မနေ့က Site ထဲကအပြန်ဘတ်စ်ကားပေါ်မှာ အိန္ဒိယလူမျိုး ကြီးကြပ်ရေးမှူးလေးက ပြောသည်။ ငါတို့နိုင်ငံက မင်းတို့နိုင်ငံကို ငွေဘယ်လောက်ပေးလိုက်တယ် ဟု သူကဆို၏။ အမှန်က သူပြောချင်သည်မှာ ချေးသည်ဟု ဆိုချင်သည့်သဘော။ သူက ဝေါဟာရကို မေ့နေသည်လား မပြောတတ်။ သို့သော် ကျွန်တော်ကတော့ ချေးသည်ဟု နားလည်လိုက်သည်။ သတင်းမဖတ်ရသေးသော ကျွန်တော့်အတွက် အလကားတော့ မပေးတန်ရာဟု တွေးမိ၍ ချေးသည်ဟုသာ ကောက်ချက်ချလိုက်၏။ သို့သော် တစ်ဖက်မှာ ပြန်တွေးတော့ လကုန်လျှင် သူ့လစာကို ကာဆီနိုမှာ သွားကစား၊ အရက်သောက်နှင့် ငွေပြတ်နေတတ်၍ ကျွန်တော်အပါအ၀င် မြန်မာကြီးကြပ်ရေးမှူးလေးများဆီက စင်ကာပူဒေါ်လာချေး ချေးနေသော သူ့ဆီက ထိုစကားမျိုးကြားရသည်မှာ ကျွန်တော့် အဖို့ တော်တော်အောင့်သက်သက်နိုင်လှ၏။ တွေးသာကြည့်ကြပါတော့။ ( ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်)

+ ဘူကုန်းမှာ ဗုဒ္ဓဟူးနေ့(၆.၆.၂၀၁၂)၌ Safety Day ဆိုပြီး ဘေးအန္တရာယ် ကင်းရှင်းရေး ပြပွဲများ၊ ပျော်ပွဲသဘောမျိုး ပွဲများရှိသည်။ Main Contractor က Chiyoda ဖြစ်၍ ဂျပန်က Safety Manager ဆိုသော လူများ စင်ကာပူကို လာကြသည်။ မန်နေဂျာများကလည်း ရာထူး အမျိုးမျိုးခေါင်းစဉ်တပ်ထားသော Safety Manager များဖြစ်သည်။ ထို့အပြင် Shell က Client ဖြစ်သောအခါ Shell ကလည်း သူတို့၏ Safety Manager များလာကြသည်။ လာသည်မှ Global Safety Manager ဆိုသော အကြီးဆုံးတို့၏ အကြီးဆုံး ပါပါလာသည်။ ပြောရလျှင် တကယ့် VIP များဟု ဘူကုန်းမှာ ဆိုကြသည့်သူများ ဖြစ်သည်။ သို့သော် ကျေးဇူးရှင်များက Safety Day လာသည်ဆိုပြီး သည်နေ့(၄.၆.၂၀၁၂)ကတည်းက ဘူကုန်းမှာ လျှောက်ကြည့်နေသည်။ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ VIP လာမည်ဆိုလျှင် ယခင်ကတည်းက တော်တော်အလုပ်ရှုပ်သည်။ Housekeeping တွေလည်း လုပ်လိုက်ရသည်မှာ မပြောနှင့်တော့။ အားလုံးကို ရှုပ်နေတာပဲ ဟုဆိုရမလိုပင်။ သည်ကြားထဲ VIP များဖြစ်၍တစ်ခုခုအမြင်မတော်တာကိုတွေ့မိပါက သူတို့ပြန်သွားသည့်တိုင် ကျွန်တော်တို့လို Sub Contractor ကုမ္ပဏီများမှာ ခဏခဏ အပြောသာခံနေရတော့သည်။ သည်တော့ VIP လာမည်ဆိုလျှင်ကျွန်တော်တို့မှာ ဂရုစိုက်နေရသည်။ သည်နေ့မှာတော့ VIP များက ၀င်လာမစဲတသဲသဲဟုပင်ဆိုရမည်။ မနက်ကတည်းက လာမည်ဆိုပြီး နေ့ခင်းမှာ တစ်ဖွဲ့လာသည်။ ဒါက Chiyoda VIP။ နောက်တော့ Shell Global Safety Manager ကိုယ်တိုင်ဆင်းလာသည်။ ကျွန်တော်တို့လို Sub Contractor Safety များကတော့ ဘယ်VIP လာလာ လုပ်ကွက်ထဲဆင်းကာ ကိုယ့်လူတွေပြဿနာမဖြစ်အောင် သွားစောင့်ရှောက်ရ၍ တစ်နေကုန်နီးပါး ပင်ပန်းသည်ဟုဆိုရမည်။ ပြောရလျှင် VIPပြန်မှနားရတော့၏။ သည်လိုနှင့် VIPတွေပြန်ပြီဆိုပြီး ကျွန်တော်တို့ နားနေဆောင်လေးမှာ သွားထိုင်စဉ် စာကလေးတစ်ကောင်က ကျွန်တော်တို့တစ်တွေထိုင်နေတာကိုပင် ဂရုမစိုက်ဘဲ လူးလာခေါက်ပြန်သွားလိုက်၊ နားလိုက်နှင့် ကျွန်တော်တို့ခပ်လှမ်းလှမ်းမှာရှိနေသည်။ တစ်နေကုန် VIPနှင့်သာကြုံနေရသော ကျွန်တော့်အဖို့တော့ မည်သူ့ကိုမျှဂရုမစိုက် သွားလာနေသော အနှီစာကလေးကိုကြည့်ကာ သည်ကောင်လည်း စာကလေးVIPများလားဟု အတွေးဝင်နေမိသေးသည်။ (ဇွန်လ ၄ ရက်၊ ၂၀၁၂ ခုနှစ်)



+ သတ္တ၀ါအများဘေးကင်းကြပါစေ။ ရန်ကင်းကြပါစေ။ ဆင်းရဲခပ်သိမ်းကင်းကြပါစေ။( ဇွန်လ ၄ ရက်၊ ၂၀၁၂ ခုနှစ်)



+ ဖြစ်နိုင်ရင် အခုအချိန်မှာ Facebook ကြီးကို Refresh လုပ်ပစ်လိုက်ချင်တယ်။ ဘာဖြစ်လို့လဲလို့ မမေးနဲ့။ အားလုံးသိတယ်။( ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်)



ဆူးသစ်
၁၄း၂၁ နာရီ
၁၉.၁၀.၂၀၁၂


5 comments:

Candy said...

အစ်ကို့ စတေးတပ်အသစ်လေးတွေ ဖတ်သွားတယ်နော်. အစ်ကိုက လူကြီးတယောက်လို ရင့်ကျက်ပြီး လူကြီးဆန်တယ်(တကယ်လည်း လူကြီးပဲကိုးနော် xD) ဆိုတာ စတေးတပ်တွေ ကြည့်တာနဲ့တင် သိသာတယ် :)

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီး နေ့စဉ်ရက်ဆက်
ပေါ်ထွက်နေတဲ့ ရင်ထဲက ဆန္ဒလေးတွေ
အတိုင်း တစ်ခါတစ်ခါတော့လည်း ထိုင်းမှိုင်းမိမှာပေါ့ အကိုရာ......နိုင်ငံတော် မိန့်ခွန်းကို အင်္ဂံလိပ် လိုမပြောနိုင်တာလေးတွေ ငါတို့နိုင်ငံက မင်းတို့နိုင်ငံကို ပိုက်ဆံပေးလိုက်တယ် ဆိုတဲ့အကြောင်းလေးတွေ တစ်နေ့တော့အားလုံး အဆင်ပြေသွားမှာပါ။











3rdthameetaw said...

refresh က ကိုယ့်ကိုကိုယ် လုပ်ရင်ပိုကောင်းတယ်ဗျ...သိလား

Han Kyi said...

ကီးပက်ကြောင်နေလို့ အွန်လိုင်းမသုံးဖြစ် စာမရေးဖြစ်ဘူးဖြစ်နေခဲ့တာ ကိုဆူးသစ်ရေ...စာကြွေးတွေလည်း ရှင်းရဦးမှာပဲ...အားမှပဲ နည်းနည်းချင်း လာဖြိုတော့မယ်ဗျာ...လောလောဆယ် မီးပျက်နေလို့ ဖယောင်းတိုင်ထွန်းပြီး ထိုင်နေရလို့ ပို့်စ်အသစ်ပဲ ဖတ်လိုက်နိုင်တယ်...

စံပယ်ချို said...

အကိုဆူးသစ်ရေ
ကိုမင်းဧရာပြောသလိုပါပဲရှင်
အကိုရေးတဲ့ ပိုစ့်လေးတွေအားလုံး
ပညာရလိုက်တယ်
ကိုဆူးသစ်ပျော်ရွှင်စရာကောင်းတဲ့သီတင်းကျွတ်လေးဖြစ်ပါစေလို့
ဆုတောင်းရင်း
ခင်မင်တဲ့ jas

Related Posts Plugin for WordPress, Blogger...