Saturday, October 27, 2012

" ကျွန်တော်နှင့် ပတ်စ်ပို့တစ်အုပ်၏ မှတ်တမ်း "


ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ကျွန်တော့်ပတ်စ်ပို့စ်စာအုပ် သက်တမ်းတိုးဖို့လိုလို့ စင်ကာပူမှာ ရှိတဲ့ မြန်မာ သံရုံးကို သွားဖို့ စ စီစဉ်ရပါတယ်။ စီစဉ်ရတယ် ဆိုတာက အရင်တုန်းကလို တန်းစီရတာ မဟုတ်ဘဲ Q နံပါတ်လို့ ခေါ်တဲ့ တန်းစီနံပါတ်ကို အွန်လိုင်းကနေ ယူရလို့ပါ။ ဒါဟာ ပြောင်းလဲလာတဲ့ စနစ်တစ်ခုမို့ ကျွန်တော်တော့ ၀မ်းသာမိပါတယ်။

ဒါနဲ့ပဲ www.mesingapore.org.sg မှာဝင်ပြီး စာတွေလိုက်ဖတ်၊ မှတ်ပုံတင်၊ ဖောင်ဖြည့်၊ အားလုံးပြီးပြီဆိုမှ Q နံပါတ် ပါတဲ့ စာရွက် အပါအ၀င် ၃ ရွက်ကို ကိုယ့်ဘာသာ Print Out ထုတ်ပြီး စာတွေဖြည့်၊ ဓာတ်ပုံကပ် လုပ်ရပါတယ်။ အဲဒီစာရွက်မှာ ရက်ချိန်းနဲ့ Q နံပါတ် ပါပြီးသားပါ။ ရက်ချိန်းကတော့ သူတို့အဆင်ပြေတဲ့ရက်ကို ပြထားလို့ ကိုယ်ကြိုက်တဲ့ရက်ကို ရွေးပြီး အဆင်ပြေတယ်ဆို သွားရုံပါပဲ။ ဒါလည်း ကောင်းပါတယ်။ အရင်ကလို ကိုယ်သွားချင်တဲ့ရက်သွား၊ တန်းစီ၊ တိုးကြ၊ ကျိတ်ကြနဲ့ ဒီလို ဒုက္ခတွေ မရှိတော့ဘူးပေါ့။

ဖြစ်ချင်တော့ ကျွန်တော့်အလုပ်က ကောင်လေးတချို့က သွားထားတာ သိပ်မကြာသေးတော့ သူတို့ကို ကျွန်တော်က မေးကြည့်တယ်။ Q နံပါတ်တော့ ရပြီးပြီ။ စောစောပဲ သွားရမလား ဆိုတော့ စောစောသွားတာ စိတ်ချရတယ်တဲ့။

ဒီလိုနဲ့ သံရုံးက ပေးထားတဲ့ရက်ရောက်တော့ မနက်ဘက် အတတ်နိုင်ဆုံး စောစောရောက်အောင် စောစော ထသွားလိုက်ပါတယ်။ ခြောက်နာရီခွဲလောက် သံရုံးရှေ့ရောက်တော့ မိုးကဖွဲဖွဲလေးကျလို့။ ကျွန်တော်သိတယ်။ တစ်ခုခုတော့ မှားနေပြီလို့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်မှ မတွေ့ရလို့ပါ။ ကျွန်တော်တစ်ယောက်တည်း အစောဆုံးကို။

ဒါနဲ့ အုတ်ဘောင်လေးပေါ် ခဏထိုင်နေတုန်း အထဲက လုံခြုံရေးဝန်ထမ်းကြီးက Q နံပါတ်ယူပြီးသားလားတဲ့။ ဟုတ်တယ် ဆိုတော့ အဲဒါဆို ၉ နာရီလောက်မှလာရင် ရတယ်တဲ့။ ပြီးရော။ ကျွန်တော် သေချာအောင် ထပ်မေးပါတယ်။ ဟုတ်တယ်တဲ့။ ကဲ-ဒါဆိုလည်း ဘယ်သူမျှ မရှိမယ့် အတူတူတော့ အနီးဆုံး ကားမှတ်တိုင်ဘက် ထွက်ခဲ့ပြီး ကိုယ့်ဘာသာ ဖုန်းသာ ကလိနေလိုက်ပါတယ်။

ခုနစ်နာရီခွဲလောက်ရောက်တော့ စိတ်ထဲက သိပ်နေလို့မရတာနဲ့ တစ်ခေါက် ပြန်သွားတော့ ကျွန်တော့်လို စောရောက်လာတဲ့ နောက်တစ်ယောက်နဲ့ တွေ့ပါတယ်။ သူက ကျွန်တော့်ထက် ပိုဆိုးပါတယ်။ ကားငှားလာတာတဲ့လေ။ သူလည်း ဒီရောက်မှ သိတာတဲ့။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် စကားလက်ဆုံကျပါတော့တယ်။

ရှစ်နာရီလောက်ကျတော့ တံခါးဖွင့်တာနဲ့ အထဲက အမိုးပါတဲ့ အဆောင်မှာ ကျွန်တော်တို့ ၀င်ထိုင်ကြပါတယ်။ အဲဒီအချိန်မှာ ဗီဇာလျှောက်မယ်လို့ ထင်ရတဲ့ နိုင်ငံခြားသား၊ နိုင်ငံခြား သူတွေလည်း ရောက်လာပါတယ်။ သူတို့လည်း ကျွန်တော်တို့လို နာရီမမေးဘဲ၊ မစုံစမ်းဘဲ ရောက်လာတာလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောက်ရောက်ချင်း သူတို့မြင်တဲ့  'သည်နေရာတွင် တန်းစီပါ ' ဆိုတဲ့ ဆိုင်းဘုတ်ကို သွားဖတ်ပြီး တန်းစီဖို့ ပြင်နေလို့ပါ။

ဒါပေမဲ့ အဲဒီလို တန်းစီဖို့လုပ်နေတုန်း သံရုံးက လုံခြုံရေး အဘိုးကြီးကပဲ စာရွက်ဖြစ်ဖြစ် ချထားရင် ရပြီဆိုပြီး ရှင်းပြလိုက်တော့ အဲဒီ နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေလည်း ရှိတဲ့စာရွက်လေးတွေ ချထားကြပါတယ်။ တချို့ကတော့ သံရုံးလာတဲ့သူတွေ ဖတ်ဖို့တင်ထားတဲ့ သတင်းစာ စက္ကူတွေကို ယူပြီးချကြပါတယ်။ အဲဒီမှာပဲ လူရဲ့သဘာဝ သူများတန်းစီတော့ တချို့လူတွေလည်း ရောပြီး စာရွက်တွေ သွားချကြပါတယ်။ အမှန်က သူတို့လည်း ကျွန်တော့်လို Q နံပါတ်ယူပြီးသားပါ။ ဒီတော့ ခုန လုံခြုံရေးဝန်ထမ်း အဘိုးကြီးကပဲ အင်တာနက်က ယူပြီးသားဆို မလိုဘူးဆိုပြီး ရှင်းထုတ်နေရတော့တာပါပဲ။ အဲဒီတန်းစီတဲ့နေရာမှာ ရေးထား တာလည်း ရှင်းပါတယ်။ Q နံပါတ်ကို သံရုံးမှာ လုံးဝထုတ်မပေးပါဘူးတဲ့။ ဒါလည်းကောင်းတာပါပဲ။ လုံးဝ ပြတ်ပြတ်သားသားသိရတာပေါ့။

ကျွန်တော်လည်း ပါလာတဲ့ စာရွက်မှာ ရေးထားတာတွေ ပြန်ဖတ်မှ မနက် ၉ နာရီ သံရုံးကိုလာပါ ဆိုတာကို ပြန်တွေ့ရတော့တာ။ ကိုယ့်ဘာသာ မျက်စိလျှမ်းတယ်ပဲ တွေးပါတယ်။ အလုပ်ထဲက ညီလေးတွေက သူတို့သွားတုန်းကတော့ တန်းစီရတာပဲလို့ ဆိုနေပါသေးတယ်။ ထားပါတော့။

ဒီလိုနဲ့ ကျွန်တော်လည်း စာရွက်တွေနဲ့ လူနေရာအတွက် တန်းစီ၊ နေရာဦးနေတဲ့ နိုင်ငံခြားသားတွေကို ကြည့်ရင်း ကိုယ်ရထားတဲ့ ထိုင်ခုံလေးမှာ မှေးနေတုန်း ကျွန်တော့်ရှေ့တည့်တည့်က ထိုင်ခုံမှာ အဖြူမလို့ ကျွန်တော်တို့ အလွယ်ခေါ်တဲ့ နိုင်ငံခြားသူတစ်ယောက် လာထိုင်ပါတယ်။ သူမလည်း အများနည်းတူ စာရွက်လေးချပြီး လာထိုင်တာပါ။

ဒါပေမဲ့ ခဏနေတော့ သူမလက်ထဲမှာ ကင်မရာလေးပါ ကိုင်ထားတာတွေ့လိုက်ရတော့ ကျွန်တော်က ဘာလုပ်မလို့ပါလိမ့်လို့ စောင့်ကြည့်နေတုန်း သူမက အဲဒီစာရွက်တွေ စီထားတဲ့ ကောင်တာရှိတဲ့နေရာကို ဓာတ်ပုံရိုက်ချလိုက်ပါတော့တယ်။ ကျွန်တော့်စိတ်ထဲကတော့ ပြဿနာပဲလို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်တို့နိုင်ငံကို သွားမှာလေ။ သူ့ဘာသာ သွားပဲလည်လည်၊ စီးပွားရေးပဲ လုပ်လုပ်၊ သူ့စိတ်ထဲမှာ ငါ မြန်မာနိုင်ငံ သွားဖို့ သံရုံးမှာ ဗီဇာလျှောက်တာ၊ အဲဒီလို စာရွက်လေးချပြီး နေရာဦးရတာ။ မယုံရင် ဒီဓာတ်ပုံကြည့်ပါလားဆို ကျွန်တော်တို့ သေပြီပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်စိတ်ထဲ ဪ-သံရုံးဆိုတာ ငါတို့နိုင်ငံကို လာလည်မယ့် လူတွေအတွက်ဆို နိုင်ငံရဲ့ ပထမတံခါးပါလား လို့ တွေးမိပါတယ်။

ဒီအဖြူမ သူ့ဘာသာ သံရုံးဝက်ဘ်ဆိုဒ် သေသေချာချာ ဖတ်မလာဘဲနဲ့လို့တော့ ကျွန်တော်တွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဗီဇာအတွက် အချိန်ကို ဖော်ပြပြီးသားလေ။ ကျွန်တော်တို့လို Q နံပါတ်ယူပြီးသား လူတွေအတွက်လည်း ၉ နာရီလာပါဆိုတာ ပါပြီးသား။ ကျွန်တော်ကသာ ဘာလုပ်လုပ် စိတ်ပူတတ်လို့ စောရောက်သွားတာ။

တစ်ခုပါပဲ။ အဖြူမတွေ၊ အဖြူကောင်တွေက ဆိုဒ်ကို သေသေချာချာ မဖတ်မိဘဲ သူတို့စိတ်ထဲ စလုံးကရုံးတွေလို ရှစ်နာရီစဖွင့်တယ်လို့ ထင်နေကြတာ ဖြစ်မှာ။ ကျွန်တော်တို့ စောင့်နေတုန်း ၉ နာရီလောက်မှာ ၀န်ထမ်းတွေ ရောက်လာတာတွေ့ပါတယ်။ ခဏနေတော့ ဗီဇာသမားတွေ အတွက် စ လုပ်ပေးနေပါပြီ။

အဲဒီမှာ ပတ်စ်ပို့အတွက် ဓာတ်ပုံရိုက်မယ့်လူတွေကို စခေါ်တော့ တန်းစီရပါတယ်။ ကျွန်တော်က အီး ပတ်စ်ပို့ဆိုတဲ့ စာအုပ်အသစ် လဲပြီးသားဆိုတော့ ဓာတ်ပုံရိုက်စရာ မလိုဘူးလို့ တွေးပါတယ်။ ကျွန်တော့်စာအုပ်မှာ မြန်မာပြည်ပြန်ထားတာနဲ့ မလေးရှားသွားထားတဲ့ ဗီဇာတုံးထုထားတာကလွဲရင် ကျန်စာမျက်နှာတွေက အလွတ်ကြီးပါ။

အဲဒီလိုနဲ့ မနက် ခြောက်နာရီခွဲမှာ သံရုံးရှေ့ရောက်တဲ့ ကျွန်တော်၊ ဆယ့်တစ်နာရီထိုးခါနီးမှာ အလှည့်ကျပါတယ်။ ပါလာတဲ့စာရွက်တွေကို ကောင်တာက ၀န်ထမ်းကိုပြပြီး သူက အခွန်တွက်ပါတယ်။ အမှန်အတိုင်း ပြောပါမယ်။ စကားပြော တော်တော်ယဉ်ကျေးပါတယ်။ ကျွန်တော် သဘောကျပါတယ်။ ကိုယ့်မြန်မာချင်းတွေကို ကူညီနေတဲ့ ရုံးမဟုတ်လားဗျာ။ အဲဒီလိုလေး သိရတာ ၀မ်းသာပါတယ်။

အဲဒီဝန်ထမ်းက အခွန်တွက်ပြီး ကျွန်တော့်ကို ဖြတ်ပိုင်းတစ်စောင် ထုတ်ပေးပါတယ်။ အခွန်ဆောင်ဖို့ တွက်ထားတာပါ။ ကျသင့်ငွေကို ညနေမှ ရှင်းရမှာပါတဲ့။ ဪ-ဒီလိုလားပေါ့။ အရင်တုန်းက အခွန် ဆောင်ဖူးတာလည်း ကြာပြီဆိုတော့ မမှတ်မိတော့ပါဘူး။ ပြီးတော့ သူကဆက်ပြောပါတယ်။ အွန်လိုင်းအတွက် ငါးကျပ်ပေးရပါမယ်တဲ့။ ကျွန်တော်နည်းနည်း ကြောင်သွားပါတယ်။ အွန်လိုင်း ၀က်ဘ်ဆိုဒ်လေးတွေ့လို့ကျွန်တော့်ဘာသာဖတ်၊ ကျွန်တော့်Printerနဲ့ ကျွန်တော့်ဘာသာ စာရွက်သုံးရွက် ထုတ်လာတာ သံရုံးရောက်မှ ငါးကျပ်ပေးရတယ် ဆိုတော့ ကျွန်တော် နည်းနည်းတော့ တွေဝေမိတာပါပဲ။ ဒီတော့ အဲဒါဘာအတွက်လဲ လို့မေးတော့ အွန်လိုင်းအတွက်ပါတဲ့။ စဉ်းစားပြီး သူတို့ဆော့ဖ်ဝဲလ် အတွက် ဖြစ်မယ်လို့ တွေးမိပါတယ်။

ကျွန်တော် မြန်မာလူမျိုးဖြစ်လို့ သူများပေးဆို ကိုယ်ပေးပါတယ်။ ဘာမျှမပြောဘဲ ငါးကျပ်ပေးလိုက်ပါတယ်။ မပြီးသေးပါဘူး။ သူကထပ်ပြောပါသေးတယ်။ ဓာတ်ပုံရိုက်သွားလိုက်ဦးနော်တဲ့။ ခင်ဗျာလို့။ ဟုတ်တယ်လေ။ ကျွန်တော်က အီးပတ်စ်ပို့ဆိုတာကို လဲထားတာနှစ်နှစ်ပဲ ရှိသေးတာ။ အဲဒါကို ထပ်လဲရမယ်ဆိုတော့.......။ ကျွန်တော်နားမလည်လို့ သူ့ကို ထပ်မေးပါတယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ တစ်အုပ်လုံး အသစ်လဲပေးမှာတဲ့။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာပါတဲ့လေ။

ဒါနဲ့ ဓာတ်ပုံ ရိုက်ဖို့ ၀င်တန်းစီပြီး ငါးကျပ်ပေးလို့ ကျွန်တော့်ရဲ့ မလှမပပုံကို ထပ်ပြီး ဓာတ်ပုံ ရိုက်ရပါတော့တယ်။ စိတ်ထဲကတော့ သိပ်မရှင်းသေးတာနဲ့ ဓာတ်ပုံရိုက်ပေးတဲ့လူကိုပါ ထပ်မေးတော့ ဟုတ်တယ်၊ စာအုပ်တစ်အုပ်လုံး အသစ်လဲမှာလို့ ရှင်းပြရှာပါတယ်။ ဒီတော့ ကျွန်တော်လည်း ကဲ-ငါတစ်ယောက်တည်းမှ မဟုတ်တာလို့ တွေးပြီး ဓာတ်ပုံခန်းထဲက ထွက်ခဲ့ပါတော့တယ်။

အဲဒီမှာ ပြောစရာလေးတွေ ရှိတာက သံရုံးမှာ လာပြီး အခွန်ဆောင်၊ စာအုပ်လဲ စတဲ့ ကိစ္စပေါင်းစုံနဲ့ လာသူတွေပါ။ ကျွန်တော်ပြောခဲ့ပါတယ်။ မနက်အစောကြီးမှာ ကျွန်တော့်လို စောစောလာခဲ့လို့ ကျွန်တော်နဲ့ စကားလက်ဆုံကျခဲ့တဲ့ လူတစ်ယောက် ရှိပါတယ်လို့။

သူကပြောတော့ သူ့မှာ မိသားစုနဲ့ပါ။ သူ သံရုံးကိုလာတာ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အသိက စာအုပ် အသစ်လဲ၊ အခွန်ဆောင်မှာမို့ သူငယ်ချင်းမအားလို့ လာကူညီပေးတာလို့ ပြောပါတယ်။ အဲဒီမှာပဲ သူကူညီပေးတယ် ဆိုတဲ့ အမျိုးသမီးရောက်လာတော့ သူလည်း လုပ်စရာ ရှိတာတွေ ပြောပြနေပါတယ်။ အဲဒီ အစ်မက Home maid လုပ်တာပါတဲ့။ ခဏနေတော့ Q နံပါတ် အလှည့်ကျတာ စောင့်ရင်း ကျွန်တော် သတိထားမိလိုက်တာက သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုပါ။

မိသားစု ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ကူညီမှုက အဖြူထည် သက်သက်လား၊ ဘာလားတော့ မသိပေမယ့် သူတို့ရဲ့ ရင်းနှီးမှုကတော့ သာမန်မဟုတ်ဘူး ဆိုတာ ကျွန်တော် ရိပ်မိလိုက်ပါတယ်။ အဲဒီအစ်မ ငွေလိုလည်း သူကငွေစိုက်၊ ထိုင်တော့လည်း လက်ပွန်းတတီး။ ပြီးရောပေါ့။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် မျက်စိရှေ့က မြင်နေတာတွေမှာ အာရုံက ၀င်စားနေပါတော့တယ်။ အဲဒီမှာ သတိထားမိတာက Home maid အဖြစ် လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာမလေးတွေပါ။ တချို့က သူတို့ အိမ်ရှင်က ကားနဲ့လာပို့ပြီး သံရုံးမှာ ထားခဲ့ပါတယ်။ ကိုယ့်ဘာသာလုပ်ပေါ့။ တချို့ကျတော့ အဲဒီလို မဟုတ်ပါဘူး။ အိမ်ရှင်ပါလိုက်လာပြီး လိုက်လုပ်ပေးပါတယ်။ တန်းစီတာ၊ ငွေပေးတာ၊ အားလုံးပါ။ သူတို့အိမ်က ကလေးတွေပါ ခေါ်ချလာတာပါ။

တချို့ကျတော့ အိမ်ရှင် အမျိုးသမီးတစ်ယောက်တည်း လိုက်လာပါတယ်။ ပြီးတော့ သူတို့လို အိမ်ရှင်ချင်း တွေ့လို့ အသိတွေဆို စကားလက်ဆုံ ကျနေပါတော့တယ်။ သူတို့လို အိမ်ရှင်တွေ စကားလက်ဆုံ ကျသလို၊ သူတို့ရဲ့ Maid တွေကလည်း စကားလက်ဆုံ ကျနေပြန်ပါတယ်။ ကြည့်ရတာ သူတို့တစ်တွေ စင်ကာပူလာတုန်းက အေးဂျင့် အတူတူတွေ ပဲ ထင်ပါရဲ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် စိတ်မကောင်းပါဘူး။ တစ်ပြည်တစ်ရွာက လာပြီး သူတို့ငွေရှာရတာ မလွယ်ဘူး ဆိုတာ အားလုံးကို သိစေချင်မိတယ်။ သူတို့ပြောနေတဲ့ အသံတွေက နားမထောင်လည်း ကြားနေရတယ်။ အိမ်ရှင်က မပြီးသေးဘူးလား ဆိုပြီး ဖုန်းတွေခေါ်နေတာ၊ ဖုန်းခေါ်လို့ ယောကျာ်းလေးသံ ကြားရင် ရည်းစားလား၊ ဘာလား တအားမေးတာ( သူတို့ကလည်း ဘယ်လို သဘောတူညီချက်၊ စည်းကမ်းတွေနဲ့ ထားလဲတော့ မသိဘူး။ သူတို့ချင်း ပြောနေတာတော့ အိမ်ထောင်ပြုတာမဟုတ်ဘူး၊ ရည်းစားထားတာတဲ့လေ၊ ဘာဖြစ်လဲတဲ့ ) ၊ တစ်မိသားစုလုံး လိုက်လာပြီး မပြီးမှာစိုးလို့ သူတို့ပါ ၀င်တန်းစီ၊ ၀ိုင်းလုပ်နဲ့ အားလုံးပြီးတော့ တစ်ပါတည်း ပြန်ခေါ်သွားတာ၊ ( မနက်ပိုင်းကိုပဲနော်၊ ညနေတစ်ခေါက်က သတ်သတ် ပြန်ခေါ်လာတာ၊ ဒါမှ အိမ်ကအလုပ်တွေပါ လုပ်လို့ရမှာပေါ့ )၊ ပြီးတော့ အိမ်ရှင် အမျိုးသမီးက သူအားမှ ပတ်စ်ပို့ သက်တမ်းတိုးရမယ် ဆိုပြီး တားထားလို့ စာအုပ်က သက်တမ်းကုန်ခါနီးနေတာကို မနည်းရှင်းပြပြီး ထွက်လာရတာ၊ စုံနေတာပါပဲ။ ဒါပေမဲ့ သူတို့တစ်တွေ တွေ့တဲ့အချိန်မှာတော့ စလိုက်နောက်လိုက်နဲ့ ပျော်နေကြတာတွေ့ပြီး ဘ၀ကို အဆင်ပြေသလို ဖြတ်သန်းနေကြပါလားလို့ သိလိုက်ရပါတယ်။

ကျွန်တော်ကတော့ ဓာတ်ပုံရိုက်ပြီး City Hall သွား၊ လုပ်စရာရှိတာလုပ်ပြီး ထမင်းစားပြီးတော့ တစ်ခေါက်ပြန်သွားပါတယ်။

နေ့ခင်းကတော့ အခွန်စဆောင်ရပါတယ်။ နာမည်နဲ့ခေါ်တာပါ။ ငွေဆောင်ပြီးရင် အခွန်ဆောင်တဲ့ စာရွက်ကို မိတ္တူဆွဲဖို့ ပြား ၂၀ လိုပါတယ်။ ကျွန်တော့်မှာ ငါးမူးစေ့ပဲ ပါလို့ ပြားနှစ်ဆယ်ပါတဲ့ ဘေးက အမျိုးသမီး တစ်ယောက်က ကူညီလို့ အဆင်ပြေသွားပါတယ်။ သူ့ကိုတော့ ကျွန်တော့်မှာရှိတဲ့ ငါးမူးပေးလိုက်ပါတယ်။ မြန်မာချင်းဆိုတော့ အဆင်ပြေပါတယ်။ အဲဒီ မိတ္တူဆွဲထားတဲ့ စာရွက်ရယ်၊ မနက်က အခွန်ဆောင်ဖို့ ငွေတွက် တုန်းက ပြန်ပေးလိုက်တဲ့ စာရွက်တွေရယ် ပေါင်းပြီး ကောင်တာ ၅ မှာ ပြန်ပြရပါတယ်။ တန်းစီရတာပါ။

အဲဒီကနေ မှန်ပြီဆိုမှ ကောင်တာ ၄ မှာ တစ်ခါ တန်းစီရပါတယ်။ အဲဒီမှာတော့ လက်ဗွေနှိပ်၊ အီလက်ထရောနစ် လက်မှတ်ထိုး၊ အားလုံးပြီးရင် စာရွက်လေးတစ်ရွက် နောက်နေ့ ပတ်စ်ပို့လာရွေးဖို့ ဆိုပြီး ထုတ်ပေးပါတယ်။ အဲဒါဆို ပြန်လို့ ရပါပြီ။ နောက်တစ်နေ့ ညနေမှ လာတော့ပေါ့။

နောက်နေ့ကျတော့ ကျွန်တော့် ငယ်သူငယ်ချင်း တစ်ယောက်က ကျွန်တော်ခွင့်ယူထားမှန်း သိလို့ သူ့ကားနဲ့ လာခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး သံရုံးကို လိုက်ပို့ပေးပါတယ်။ ကျွန်တော်က ပတ်စ်ပို့ အသစ်လုပ်တာတွေ ပြောပြတော့ သူက တုံးမထုဘဲ စာအုပ်အသစ်လဲတာ နိုင်ငံတကာ ပုံစံလို့ ပြောပါတယ်။ စာအုပ်ရပြီး အဟောင်းပါ ပြန်ပေးတော့ အဲဒါလည်း နိုင်ငံတကာ ပုံစံတဲ့။ နံပါတ်ပါ အသစ်ပြောင်းသွားတော့ ကျွန်တော်တို့ အတွက် လေယာဉ်လက်မှတ် ၀ယ်ပြီးသားဆို နည်းနည်းတော့ ရှင်းရပါမယ်။ အဟောင်းပြန်ပြ ရမှာပါပဲ။ ဒီတစ်ခါထူးခြားချက်ကတော့ အရင် သုံးနှစ်သက်တမ်းကနေ အခု လေးနှစ်သက်တမ်း ဖြစ်သွား တာပါပဲ။ စာအုပ်ဖိုးကတော့ တစ်ရာ့ငါးဆယ်ပေးရပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလာတဲ့ မြန်မာသံရုံးကို ကျွန်တော်တို့ ကြိုဆိုရပါမယ်။ နိုင်ငံတကာ ပုံစံတွေနဲ့ တဖြည်းဖြည်း ပြောင်းလဲယူနေတဲ့ ကာလတစ်ခုမှာတော့ ကျွန်တော်တို့တစ်တွေ အားလုံးနဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ရပါတော့မယ်။

ကျွန်တော်ကတော့ တစ်ခါသွားရင် မူတစ်မျိုး ပြောင်းသလို ဖြစ်ဖြစ်သွားတဲ့ ကျွန်တော်တို့ မြန်မာ သံရုံးကို ရှေ့ဆက် ဒီထက်ပို တိုးတက်တဲ့ ပြောင်းလဲမှုတွေနဲ့ မြင်ချင်ပါသေးတယ်။ နောက်လေးနှစ်မှာ ကျွန်တော်လည်း စင်ကာပူမှာ ရှိချင်မှ ရှိတော့မှာပါ။

စင်ကာပူမှာ ရှိရှိ၊ မရှိရှိ သေချာတာက ကျွန်တော့်ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်း လေးနှစ် ပြည့်သွား ရင် နောက်ထပ်မရိုးနိုင်တဲ့ ဇာတ်လမ်းလေးတွေကို ကြုံရဦးမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လုပ်ခဲ့တဲ့ ပတ်စ်ပို့ စာအုပ်လေးတွေတိုင်းမှာ နောက်ခံ ဇာတ်လမ်းလေးတွေ ရှိခဲ့လို့ပါပဲ။ အရင်အခေါက်တွေတုန်းက ပတ်စ်ပို့စာအုပ်အဟောင်းနဲ့ သံရုံးမှာ အိပ်ရေးပျက်၊ ချွေးထွက်အောင် တန်းစီ၊ စတဲ့ အမှတ်ရစရာလေးတွေ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်ကတော့ သံရုံးအပြင် နားနေဆောင်ထဲက မှတ်သားစရာလေးတွေ ကြားမြင်သိခဲ့ရတဲ့အတွက် ကျွန်တော်မေ့လို့ ရမယ်မထင်တော့ပါဘူး။

အဲဒီအတွက် ကျွန်တော်ကြုံခဲ့ရတာတွေဟာ ပတ်စ်ပို့တစ်အုပ်နဲ့အတူ မှတ်တမ်းတစ်ခုလို ရှိနေတော့မယ်လို့ ခံစားနေမိပါတော့တယ်။



ဆူးသစ်
၂၀း၀၇ နာရီ
၂၇.၁၀.၂၀၁၂


0 comments:

Related Posts Plugin for WordPress, Blogger...