Sunday, March 10, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " (၄)


 သူငယ်ချင်းများနှင့် မအူပင်ကို ညနေဘက်လိုက်သွားသော ကျွန်တော်နှင့် ကျွန်တော့်ဇနီးအတွက် ထိုခရီးသည် အပန်းဖြေ ခရီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ လှိုင်သာယာ ဘုရင့်နောင် တံတားက ဖြတ်ပြီး ဧရာဝတီတိုင်းကို ခြေဆန့်ခဲ့ခြင်းပင်။ ဘုရင့်နောင်တံတား အ၀င်လမ်းမှာ လမ်းပြင်၍ တံတားထိုးနေသည်ကို တွေ့ရပြီး ထိုအချိန်ကတော့ လမ်းကပွင့်နေပြီး တံတားပေါ်ကို အမြန်ရောက်ခဲ့၏။

မအူပင်ကို တစ်နာရီလောက်သာ ကျွန်တော့်သူငယ်ချင်း မောင်းလိုက်ရသည်။ လမ်းများက ကောင်း ပြီး ဖြူးနေတာလည်းပါသည်။ တချို့နေရာများမှာ လမ်းပြင်နေသော်လည်း အနည်း အကျဉ်းသာ။ နိုင်ငံတော် ၏ စပါးကျီဆိုသော ဧရာဝတီတိုင်း တိုးတက်ဖို့လိုသည်ကို ကျွန်တော်သိသည်။

ယခင်က နာဂစ်ဖြစ်တုန်းက ထိုလမ်းအတိုင်းပင် ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်းသို့ ကျွန်တော်ရောက် ခဲ့ဖူးသည်။ နောက်တစ်ခေါက်ကျတော့ ဖျာပုံဘက်။ ရွာတွေအထိ ကျွန်တော်နှင့် စီးပွားရေးတက္ကသိုလ်မှာ ဘွဲ့လွန်ဒီပလိုမာတက်နေသော သူငယ်ချင်းများစု၍ အလှူဒါန ပြုခဲ့ကြသည်။ ဧရာဝတီသည် နာဂစ်ကြောင့် ပြိုဆင်းခဲ့ရဖူးသည်။ ထိုကမှ နာလန်ထစရှိသေး၊ မြစ်ဆုံ ကိစ္စပေါ်လာပြန်လာသောအခါ ဧရာဝတီမြစ်ကို တည်၍ ရပ်တည်နေသော တိုင်းဧရာဝတီသည်လည်း မလူးသာ မလွန့်သာ၊ မထိတ်သာ မလန့်သာ။ သို့သော် ဧရာဝတီ၏ တိုးတက်မှုတချို့ကို ကျွန်တော်မြင်ရသော အခါ ၀မ်းသာမိသည်ကတော့ အမှန်။

ပြီးတော့ မအူပင်။ ကျွန်တော်ပြည်သူ့ဝန်ထမ်း အရာရှိပေါက်စလေး လုပ်နေချိန်တုန်းက မအူပင်ကို ရောက် ဖူးသည်။ ရုံးက ကျွန်တော့်ဆရာ ဒုညွှန်မှူး၏ မာဇဒါဂျစ်ကို ရန်ကုန်တိုင်း၊ တိုင်း ဦးစီးမှူးမောင်းကာ အတူ တက်ခဲ့ကြခြင်းပင်။ ထိုစဉ်က မအူပင်တံတားပေါ်က ညဘက်မြင်ကွင်းကို ကျွန်တော်မမေ့။ စက်ဘီး၊ ဆိုင်ကယ်များက အလျှိုလျှို လမ်းဘေးမှာ ရပ်ထားသည်ကို တွေ့သည်။ ကျွန်တော်က နားမလည်တော့ ဒေသခံ ဇနီးသည်ပါ ရှိသော ရန်ကုန်တိုင်း၊ တိုင်းဦးစီးကို မေးမှ အတွဲများ တံတားပေါ်မှာ ချိန်းတွေ့ကြတာဟု သိရသည်။ ထိုအချိန်က မအူပင်မှာ ဂျီတီစီလည်း ရှိနေပြီဖြစ်ရာ ကျောင်း သူ၊ ကျောင်းသားများအတွက် အပန်းဖြေစရာ နေရာတစ်နေရာ သဖွယ် ဖြစ်လို့နေ ခဲ့လေသည်။

ယခုတစ်ခေါက် မအူပင်ကို ၀င်စဉ်မှာတော့ နေမ၀င်သေး။ မအူပင် တံတားသည် လှပသာယာလို့နေ၏။ မြို့ထဲက ဈေးမှာ လိုအပ်သော ပစ္စည်းများဝယ်ပြီး သူငယ်ချင်း ဆရာဝန်၏ အိမ်သို့ ချီတက်ကြသည်။ ဟိုရောက်တော့ သူငယ်ချင်းများ၏ မိန်းမများက ညနေစာကိုပင် ပြင်ဆင်ပြီးနေလေပြီ။ ကျွန်တော်တို့ ညနေစာ စားပြီး သူငယ်ချင်းအိမ်၏ ခေါင်မိုးပေါ်တက်၍ စကားပြောကြသည်။ ညရောက်တော့ အကင်လုပ်စားကြရင်း ဘောလုံးပွဲကြည့်၊ တီဗွီကြည့်ကာ စကားတပြောပြောနှင့် မနက် သုံးနာရီ ကို ရောက်တော့၏။

နယ်မို့လို့လား မသိ။ အအေးဓာတ်သည် စိမ့်နေ၏။ အိမ်ခေါင်မိုးပေါ်မှာမို့ ပို၍ ချမ်းနေလေသည်။ ကျွန်တော်တို့ထိုင်နေသော အခင်းများ၊ ထိုင်ခုံများသည် ခဏတာအတွင်း နှင်းရည်တို့ စိုကုန်၏။ ဇနီးများကား အိပ်မောကျနေလေပြီ။ ကျွန်တော်တို့ကတော့ သူငယ်ချင်းများ အားလုံး ထိုကဲ့သို့ တစ်ကြိမ်ဆုံရန် မလွယ်သောကြောင့် အချိန်များကို မရအရယူကာ ဖြုန်းလေတော့သည်။ ဒါတောင် အမေရိကားက သူငယ်ချင်းနှင့် မလေးရှားက သူငယ်ချင်းတို့ ကျန်ခဲ့သေး၏။

အချိန်ကြာလာတော့ ခေါင်းဆောင်းများ စွပ်ထားသည့်တိုင် မခံနိုင်၍ အိမ်အောက်သို့ဆင်းကာ အားလုံး မနက် သုံးနာရီ အကျော်မှာ အိပ်ပျော်ခဲ့ကြလေတော့သည်။

မနက်ရောက်တော့ ဇနီးများက ဈေးသွားပြီး ကျွန်တော်တို့က လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြ၏။ တစ်ဆိုင်နှင့် အားမရသောအခါ ကမ်းနားဘက်ကျသော လက်ဖက်ရည်ဆိုင်ကို ထပ်ထိုင်ရင်း အလုပ်ကိစ္စများ ပြောဖြစ် ခဲ့၏။ ပြီးတော့ မြို့တစ်ပတ်ပတ်ကြည့်ပြီး အိမ်ပြန်ကာ ရေမိုးချိုး၊ နေ့လယ်စာစား၍ ကားဂိတ်ကို ဆင်းကြ၏။ ကားဂိတ်မှာ ကျွန်တော်တို့ တစ်ဖွဲ့လုံးစီးရန် မီနီဘတ်စ်တစ်စီးလုံး လက်မှတ်ဖြတ်၍ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုနှင့် ဇနီးများသာ ရန်ကုန်ကို ပြန်ခဲ့ကြလေတော့သည်။ မအူပင်ရှိ သူငယ်ချင်းကား ကားဂိတ်မှာ လက်ပြ၍ ကျန်ခဲ့လေတော့သည်။

မအူပင်မှ လှိုင်သာယာကားဂိတ်ကို ရောက်စဉ် ကျွန်တော်တို့ လူခွဲ၍ ကားငှားကြ၏။ ထိုစဉ်မှစကာ ကျွန်တော် စတင်သတိထားမိသည်က တက္ကစီသမားများ အကြောင်း ဖြစ်သည်။ ရန်ကုန်၏ လမ်းများအကြောင်း ဖြစ်သည်။ ရန်ကုန်ကို ပြန်ဆုံရသည့် အခိုက်အတန့် မှတ်သားစရာ များပင်တည်း။

ကျွန်တော်တို့ အားလုံးသည် လှိုင်သာယာမှနေ၍ မြို့ထဲဘက် ပြန်မည့်သူများ ဖြစ်ရာ သေချာသည်မှာ ဘုရင့်နောင်တံတားကို ကျိန်းသေဖြတ်ရပါမည်။ ထိုအတွက် ဆိုကာ ပထမကားသမားက ကျွန်တော်တို့ ဇနီးမောင်နှံကို ၇၅၀၀ တောင်းပါသည်။ ကျွန်တော်ပြန်စဉ်းစားပါသည်။ မအူပင်ကနေ တစ်ယောက် ၁၅၀၀၊ ၂၀၀၀လောက် ပေးစီးခဲ့ရပြီး ရန်ကုန်ရောက်မှ တက္ကစီက သည်လောက် ကျသည်လား။ လက်ခံနိုင်ပါသည်။ အဝေးပြေးကားခထက် တက္ကစီခက ပိုပေးရမည်ကို။ တူမှမတူဘဲလေ။

သို့သော်ထိုမျှတော့ မကျနိုင်ရာ။ လှိုင်သာယာကနေ တာမွေဘက်သွားသည်ကို လွန်ရောကျွံရော လေး ငါးထောင်ဟု ကျွန်တော်နားလည်မိသည်။ ဇနီးသည်ကလည်း သိသည်။ သည်တော့ မလိုက်ပါဟု ပြော လိုက်သည်။ ကားသမားက နည်းနည်းတော့ အထွန့်တက်လာ၏။ လမ်းက အရမ်းကျပ်နေတာ၊ အဲဒီလောက်မှ မရရင် ဘယ်ကားမှ လိုက်မှာမဟုတ်ဘူးဟု ဆိုသည်။ ဆူပုပ် ပုပ်နှင့် ဆောင့်တောင့်တောင့် ပြောသွားခြင်းပါ။ ကိစ္စမရှိ။ မတန်တစ်ရာတော့ ကျွန်တော်စီးမှာမဟုတ်။ မအူပင်က မောင်းလာသော မီနီဘတ်စ် ကားယာဉ်မောင်းက ကျွန်တော်တို့ကို ဘယ်လောက်တောင်းသလဲ လာမေးသည်။ သူက ကျွန်တော့်သူငယ်ချင်း ဆရာဝန်ကို သိနေ၍ ကျွန်တော်တို့ ကားငှားတာ အဆင်မပြေမှာ စိုးသည်ထင်ပါသည်။ ကျွန်တော်က ရပါတယ်၊ အဆင်ပြေပါတယ် ပြောကာ နောက်တစ်စီး ဆက်စောင့်သည်။

နောက်တစ်စီးလာသည်။ ဦးလေးကြီးတစ်ယောက်ပါ။ သွားချင်သည့် နေရာပြောသည်။ ကားခ တန်းမေးသည်။ လေးထောင်တဲ့။ ကျွန်တော်သဘောတူ ပါသည်။ ကျေကျေနပ်နပ်ကို လက်ခံသည်။ ဖြစ်သင့်သည့် ဈေး။ ကားသမားတွေမှာ အချိန်ဆိုတာလည်း ရှိသည်။ ကျွန်တော်တို့ ငှားနေသည့် အချိန်က ညနေစောင်းနေပြီ မဟုတ်လား။ ကျွန်တော် ဈေးမဆစ်ပါ။ ကျွန်တော်တို့ ဇနီးမောင်နှံ တက်လိုက်ကြသည်။

အပြန်ခရီးကျမှ ဘုရင့်နောင်တံတား အကြောင်း ကောင်းကောင်း သိရပါတော့သည်။ ကျွန်တော်တို့စီးသည့် ကားမောင်းသည့် ဦးလေးကြီးက ကားကြော ကျွမ်းသည်။ ဘုရင့်နောင် လမ်းဆုံမှာ ကားများက တော်တော် ပိတ်မိနေလေပြီ။ ကြားစကားအရ အခန့်မသင့်လျှင် လေးငါးခြောက်နာရီ ပိတ်မိတတ်သည်ဆိုသော ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်ပင်။ အမှန်ကတော့ တံတားထိုးနေ၍ ဖြစ်သည်။

ကျွန်တော်တို့ စီးလာသောကားက တံတားဘက်က ဆင်းလာပြီး ညာဘက်ကို ချိုးသည်။ ထိုအခါ ညာဘက်ခြမ်းရှိ ပွဲရုံများ၊ ဆိုင်ခန်းများဆီမှ တိုးထွက်လာသော ကားများနှင့် ရင်ဆိုင်တိုးရတော့သည်။ သူတို့ကလည်း လမ်းမကြီးပေါ်ရောက်ရေး၊ ကျွန်တော်တို့ ကားကလည်း လမ်းမကြီးပေါ်မှာ တည့်တည့် အမြန်သွားနိုင်ရေး။ ကံကောင်း၍ လွတ်သွားသည်။ ထိုလမ်းမကြီး တစ်လျှောက်မှာတော့ ကားများက ဘုရင့်နောင်လမ်းဆုံကို ရောက်ဖို့ရန် ဟိုးအဝေးကြီးမှသည် စီ၍ စောင့်နေသည်ကို တွေ့ကာ ရင်မောမိပါသေးသည်။ ပါးစပ်စကားများ မှန်နေလေမလားဟု တွေးမိသည်။

အိမ်နားရောက်တော့ ဦးလေးကြီးက ' ငါးရာလောက်တော့ ပိုပေးပါ။ လမ်းမှာ တော်တော် ကြာခဲ့လို့ပါ။ မပေးနိုင်လည်း ကိစ္စမရှိပါဘူး ' ဟု ရိုးသားစွာ ပြောသည်။ ကျွန်တော် လက်ခံမိပါသည်။ ယဉ်ကြောပိတ်၍ အချိန်ကြာသောအခါ သူ့ခရီးစဉ်က ပိုကြာသည်။ သို့သော် သူတောင်းထားသော ဈေးကို ပြောပြီးဖြစ်၍ ထိုအတိုင်းပေးလည်း သူယူပါမည်ဟု ဆိုသည်။ ကျွန်တော် ငါးရာပိုပေးလိုက်ပါသည်။

တစ်ခုတော့ စဉ်းစားကြည့်သည်။ ကျွန်တော်တို့ မြန်မာပြည်မှာ တက္ကစီများအားလုံးကို မီတာစနစ် သုံးလျှင် ပိုကောင်းပေလိမ့်မည်။ သို့သော် အဲဒါလည်း ဘယ်လောက်ခံမည်လဲ မသိ။ အိန္ဒိယမှာ သုံးဘီးများမှာ မီတာစနစ် ရှိသည်။ သို့သော် ကျွန်တော်တို့ စီးသည့်အခါ မီတာပျက်နေ၍ ပါးစပ်နှင့်သာ ညှိရတော့သည်။

စင်ကာပူမှာတော့ ရှင်းသည်။ စီးချင်သည့် တက္ကစီကို အားနေလျှင် တားစီး၊ သွားချင်သည့် နေရာသွား၊ ကျချင်သလောက်ကျ၊ မီတာက ဖတ်ပေးနေသည်။ ပြီးလျှင် ကျသလောက်ရှင်း။ ဘာမျှ လမ်းကြပ်တာ၊ ပိတ်နေတာ လာပြောမနေနှင့်။ ဘာမျှလည်း မေးစရာကို မလို။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ ပါးစပ်ထဲက ဈေးဖြစ်လို့နေသည်။ မဆီမဆိုင် လမ်းပိတ်၍ ကားကြပ်လျှင် စီးသည့်ခရီးသည်က ကားခပိုပေးရမည်တဲ့။ ကားခပင် လမ်းကြပ်လျှင် အပိုဆောင်ထားရမည့်ကိန်း။ ပြီးတော့ တချို့ကားသမားများက ကားခလည်း ယူသေး၊ ဗျစ်တောက်ဗျစ်တောက်ကလည်း လုပ်သေးဟု စင်ကာပူက ကျွန်တော့်သူငယ်ချင်းက ပြောသည်။

သူဟဲဟိုးဘက်က ပြန်လာသည်။ မင်္ဂလာဒုံလေဆိပ်ကနေ စမ်းချောင်းဘက်ကို တက္ကစီငှားသည်။ ငှားစဉ်က အကောင်း။ လမ်းရောက်မှ ဘယ်နေရာ ကားကျပ်ကျပ်၊ ဗျစ်တောက်ဗျစ်တောက် လုပ်နေသည်တဲ့။ ဘယ်အထိ သွားမည်ကို သူသိပြီးသား။ လမ်းကြောင်းကိုလည်း သူရွေးပြီးသား။ မည်သည့်အတွက်ကြောင့် ဗျစ်နေရသနည်း။ ခရီးသည်က ထိုလမ်းရှုပ်မှု၊ ပိတ်မှုများအတွက် ကားပေါ်ကဆင်းပြီး ရှင်းပေးရမည်တဲ့လား။ ကျွန်တော့်သူငယ်ချင်းက ထိုသို့ခံစားနေခဲ့ရသည်။

ကျွန်တော်ကတော့ မအူပင်ခရီးက အပြန်မှာ ရန်ကုန်ကို ၀င်စဉ်ကပင် ခုံးကျော်တံတားထိုးမှု၏ လက်ရှိရင်ဆိုင်နေရသော အခက်အခဲကို နားလည်မိသလို ထိုအခက်အခဲပေါ်မှာ အမြတ်ထုတ်ချင်သော လူတချို့ကိုလည်း မျက်ဝါးထင်ထင် တွေ့ခဲ့ရလေသည်။ ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ခုံးကျော်တံတားကိစ္စနှင့် တက္ကစီသမားတို့ အကြောင်းက ကျွန်တော့်စိတ်ထဲ စွဲထင်ပါလာခဲ့သည်ဟု ဆိုရတော့မည်။

ဆူးသစ်
၂၀း၁၀ နာရီ
၁၀.၃.၂၀၁၃
( ဆက်ပါဦးမည်)

5 comments:

မိုးနတ်ကြယ်စင် said...

အကိုရေ....မြန်မာပြည်ကြီးဘာဖြစ်နေတယ်ဆိုတာ
ညလေးလဲ နားတောင်မလည်တော့ပါဘူးရယ် :(
ပြောရရင်တော့ အရှည်ကြီးပဲ အဲဒါထက်
အကိုရေးမဲ့ အကိုရဲ့အမြင်လေးတွေကို ပိုပြီးသိချင်နေ
မိတာမို့ အပိုင်း (5) ကိုလာဖတ်ဖို့ မျှော်နေပါ့မယ်...
ဂွတ်နိုက်ထ်ပါ အကိုတော်
ဆီးယူလိတ်တာ :)

အမ်တီအန် said...

ရန်ကုန်မှာ တက်စီခက ဟိုနားသည်နား ၁၅၀၀ကျပ်ပဲ။ ကားတွေကျပ်လို့ အနည်းဆုံး နာရီဝက်၊ တစ်နာရီစောထွက်မှ လိုရာရောက်တယ်။ တက်စီတွေများလာသာလာတယ် ကားခတွေက မတရားတက်တယ်။ လမ်းတွေကျပ်လာတာပဲ အဖတ်တင်တယ်..

အမ်တီအန် said...

ရန်ကုန်မှာ တက်စီခက ဟိုနားသည်နား ၁၅၀၀ကျပ်ပဲ။ ကားတွေကျပ်လို့ အနည်းဆုံး နာရီဝက်၊ တစ်နာရီစောထွက်မှ လိုရာရောက်တယ်။ တက်စီတွေများလာသာလာတယ် ကားခတွေက မတရားတက်တယ်။ လမ်းတွေကျပ်လာတာပဲ အဖတ်တင်တယ်..

အလင်းသစ် said...

ကိုဆူးသစ်ရေ... ကျွန်တော်လည်း အကိုပြောတဲ့ အဲဒီရန်ကုန်ကို ပြန်ဆုံရဖို့ သိပ်မလိုတော့ဘူးဗျို့... တိုးတက်တာတွေ လွှတ်တိုးတက်လာပြီး မတိုးတက်တာတွေ ဒုံရင်းဖြစ်နေဆဲ ရန်ကုန်ရဲ့ တစ်စိတ်တစ်ဒေသကို အကို့စာတွေထဲကနေ တွေ့ခဲ့ရတယ်ဗျာ.... အပိုင်း (၅)ကို မျှော်လိုက်ဦးမယ်။။။

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီးရေ...
ကျွန်တော်တော့ အညာသားမို့လားတော့မသိဘူး ရန်ကုန်ဆိုရင် စိတ်ကုန်တယ် အမှန်ပြောတာ
မြိုလည်မှာလည်း မနေနိုင်ဘူး မြို့စွန်မှာလည်း မနေနိုင်ဘူး
ရိုးသားခြင်းဆိုတာ ဘာမှန်မသိအောင် ဘယ်ရောက်နေမှန်းမသိအောင် ပျောက်နေတဲ့မြို့။

Related Posts Plugin for WordPress, Blogger...