Wednesday, March 6, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၃ )


ရန်ကုန်မှာ ရှိနေခိုက် ရှေ့မှာဆိုခဲ့သလို ပထမပတ်မှာ ကျွန်တော့်ဇနီးက ခွင့်သုံးရက်ခန့်ယူထား၍ ကျွန်တော်တို့ အိမ်အတွက် လိုအပ်သော အိမ်ထောင်ပရိဘောဂများ လိုက်ဝယ်ဖြစ်သည်။ ထို့နောက် ဇနီးသည် ရုံးပြန်တက်တော့ ကျွန်တော်ပါ သူတို့ရုံးသို့ လိုက်လည်ပြီး စနေနေ့တွင် ဇနီးသည်၏ အဒေါ် အကြီးဆုံး ကိုးကွယ်သော အမေရိကားမှ ဘုန်းဘုန်း မြန်မာပြည် ရောက်နေခိုက်နှင့် ကြုံ၍ အိမ်ကို ပင့်ပြီး ဆွမ်းကပ်သည်။ ဇနီး၏ အဒေါ် အကြီးဆုံးမှာ အမေရိကားတွင် နေ၍ သူတို့ကိုးကွယ်သော ဘုန်းကြီး မြန်မာပြည်ခေတ္တပြန်လာစဉ် သေသေချာချာ စောင့်ရှောက်ရန် မှာလိုက်သောကြောင့် ဇနီးသည်၏ အဒေါ်ငယ်များမှာ ဘုန်းဘုန်း ပြန်လာ သည့် လေယာဉ်ဆိုက်ကတည်းက အတတ်နိုင်ဆုံး ဂရုစိုက်ကြလေ သည်။

ဖြစ်ချင်တော့ ဘုန်းဘုန်းမှာ ကျွန်တော်နှင့် စင်ကာပူမှာကတည်းက လေယာဉ်တစ်စီးတည်း။ ကျွန်တော်က စင်ကာပူ ချန်ဂီ လေဆိပ်ထဲအ၀င် Boarding Pass ဖြတ်ခါနီးမှာ ဘုန်းဘုန်းကို သတိထားမိသည်။ ဘုန်းဘုန်းသည် တစ်ပါးတည်း ဆိတ်ဆိတ်နေကာ မည်သူနှင့်မျှ စကားမပြော။ မင်္ဂလာဒုံလေဆိပ် ကို ရောက်ပြီး ဇနီးသည်တို့ အဒေါ်များနှင့် တွေ့မှ အမေရိကားကတောင် လာရပါလားဟု သိရတာဖြစ် သည်။

ဘုန်းဘုန်းသည် အမေရိကားကဖြစ်၍ ခေတ်မီလှသည်။ iPhone နှင့်ပင် ဆွမ်းကျွေးပုံများကို ဓာတ်ပုံ ရိုက်ပေးလိုက်ရသေး၏။ iPad လည်းပါသည်။ ဘုန်းဘုန်းက သူ့ဒေသကို ပြန်၍ အလှူလုပ်မှာဟု ဆိုသည်။ အမေရိကားမှာ သာသနာပြုနေသော ဘုန်းဘုန်းသည် ကိုယ့်ရပ်ကိုယ့်ဒေသကို မမေ့။ သူဘုဉ်းပေးနေသော ဆွမ်းကိုပင် မြန်မာအစားအစာ ဘုဉ်းပေးရသည်ကို နှစ်ခြိုက်ကြောင်း တဖွဖွ ပြောနေသည်။ အသီးအရွက်ကို ပို၍ ဘုဉ်းပေး၏။ ကျွန်တော်ကတော့ အမေရိကားလို နေရာမျိုးမှာ ဗုဒ္ဓသာသနာ ထွန်းကားစေရန် သာသနာပြုနေကြသော ဘုန်းဘုန်းတို့လို သံဃာများကို ကြည်ညိုလှသလို ကျွန်တော် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာကို ရောက်စဉ်က ကြုံခဲ့ဖူးသော ဘုန်းဘုန်းများကိုပါ သတိရမိ၏။

ဟိုစဉ်က ကျွန်တော်တို့အတွက် လမ်းပြသဖွယ် လိုက်ကူညီပေးခဲ့ကြသော ဦးပဉ္စင်းများမှာ ဂယာရှိ သာသနာ့တက္ကသိုလ်တွင် ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့အတွက် ပညာဆည်းပူးနေကြသည်။ ထို့ကြောင့် ကျွန်တော်တို့ တတ်နိုင်သလောက် လှူခဲ့ပါသည်။ ရေခြားမြေခြားမှာ ဘုန်းဘုန်းတို့ ဗုဒ္ဓသာသနာအတွက် ကြိုးစားရုန်းကန်နေကြခြင်းကို ကျွန်တော်တို့ ပို၍ အားပေးရမည် မဟုတ်လား။

ကျွန်တော် ရန်ကုန်ရောက်နေခိုက် ထူးခြားမှုတစ်ခုနှင့် ဆုံရသည်မှာ ရေခြားမြေခြားက ကျွန်တော့် ငယ်သူငယ်ချင်း တချို့ ရန်ကုန်ကို ရောက်နေကြခြင်းပင်။ ထို့ကြောင့် စင်ကာပူက ကျွန်တော်အပါအ၀င် သုံးယောက်၊ သင်္ဘောလိုက်နေသော သင်္ဘောအရာရှိ တစ်ယောက်၊ ရန်ကုန်မှာ ရှိနေသော သူငယ်ချင်း ဆရာဝန် တစ်ယောက်နှင့် မအူပင်မှာ ရှိနေသော သူငယ်ချင်း ဆရာဝန်တစ်ယောက်တို့ ရန်ကုန်မှာ ပြန်ဆုံ ကြလေသည်။

သူတို့ထဲမှာ သုံးယောက်က ကျိုက်ထီးရိုးသွားမည့် သောကြာနေ့ညက ကျွန်တော့်အိမ်ကို ၀င်နှုတ် ဆက်လေသည်။ ညတွင်းချင်း ကျိုက်ထိုကိုတက်မည်တဲ့။ ကျွန်တော်က မလိုက်ဖြစ်။ အကြောင်းက ရှိသည်။ တနင်္ဂနွေမှာ ကျွန်တော့် မိဘများ အလှူရှိသည်။ ရန်ကုန်ကို အဓိက ပြန်ဖြစ်ခဲ့သည့် အကြောင်းထဲမှာ အဖေနှင့် အမေ၏ မွေးနေ့အလှူရှိ၍ ပြန်ခဲ့ခြင်းကလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေမှာ ကျွန်တော် ဘယ်မျှမသွား။

စနေညမှာ ကျွန်တော့်မိဘများ ရှိရာမှာ သွားအိပ်သည်။ မနက်အလှူကျတော့ ၀ိုင်းကူ၏။ မိဘများအိမ်က ဒဂုံမှာမို့ ဒဂုံရောက်သည့်အခါ ဒီဇင်ဘာဆောင်းက နည်းနည်း အေးသလိုရှိသည်။ ညဘက် ကျွန်တော်တို့ မိသားစု စကားဝိုင်းဖွဲ့ပြောသည့်အခါ အချမ်းသည် အိမ်ထဲသို့ စိမ့်ဝင်၏။

ကျွန်တော့်အဖို့ အဖေနှင့်အမေ၊ ညီအစ်ကိုများ၊ ကျွန်တော်ချစ်သော တူနှင့်တူမလေးတို့ကို ပြန်ဆုံပြီး စကားလက်ဆုံ ကျရသည့်အခါ အချမ်းသည် လွင့်ပြယ်သလိုရှိ၏။ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက် ကလေးကတော့ ကျွန်တော်တို့ ပြောသမျှ ငြိမ်နားထောင်ကာ ကျွန်တော့် စိတ်ချမ်းသာမှုမှာ မျောပါ စီးလွင့် နေလေ၏။

ထိုကဲ့သို့ တွေ့ဆုံမှုမျိုးကို ကျွန်တော် တော်တော်တပ်မက်ပါသည်။ ကျွန်တော့်အတွက် မရတာကြာသော ခံစားမှုမျိုးမဟုတ်လား။ ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ထိုကဲ့သို့သော ညမျိုးကို ဆုံခဲ့ရခြင်းသည် ကျွန်တော့်ရင်ထဲက အလွမ်းကို နှစ်သိမ့်မိစေပါသည်။ ထိုကဲ့သို့ ခံစားမှုမျိုးကို အမြဲရနိုင်ပါတော့ မလားဟု ဆောင်းညမှာ ကျွန်တော်တွေးနေ မိခဲ့သေးသည်။

မနက်ကျတော့ ကျွန်တော်တို့ အမျိုးများပါ အလှူကို လာကြ၍ အားလုံးနှင့် ဆုံရပြန်သည်။ အဖေနှင့် အမေသည် အသက် ( ၆၅ )  နှစ် ပြည့်ပြီ ဖြစ်ပြီး ( ၆၆ ) နှစ်ထဲသို့ ၀င်ခဲ့လေပြီ။ အဖေ့မှာ စာပေတာဝန်များ များလှသဖြင့် အိမ်မှာ အကြာကြီး မနေနိုင်။ အလှူလူရှင်းသောအခါ အလုပ်ကိစ္စနှင့် အပြင်သို့ ထွက်လေသည်။

ကျွန်တော်ကတော့ ကျိုက်ထီးရိုးက သူငယ်ချင်းများ မအူပင်ကို ပြန်ရောက်နေသည်ဟု ဖုန်းရ၍ သူတို့နှင့် ဆုံရန် ဆက်သွယ်လာသောကြောင့် အလှူပြီးသောအခါ ကျွန်တော်တို့အိမ်သို့ ပြန်ခဲ့ပြီး မအူပင်ကို သွားရန် ပြင်ရလေတော့သည်။ တကယ်တော့ သောကြာညကမှ ကျိုက်ထိုတက်သွားသော သူငယ်ချင်းများ တနင်္ဂနွေမနက်မှာ မအူပင်ရောက်နေကြသည်ကို ကျွန်တော်နည်းနည်းတော့ အံ့ဩသွား၏။ နောက်မှ သိရသည်က ဘုရားပေါ်မှာ လူများ၍ ဘုရားရင်ပြင်ကပင် ဘုရားလှမ်းဖူးပြီး ပြန်ခဲ့ရသည်တဲ့။ ရင်ပြင်တော်ပေါ်မှာပင် တိုး၍ မပေါက်တဲ့။ ဆက်နေလျှင် တည်းစရာလည်း မရှိ၍ ပြန်ဆင်းခဲ့သည်က အကောင်းဆုံးမို့ စနေမှာ ပြန်ဆင်းခဲ့ပြီး မအူပင်သို့ ဆက်တိုက်တက်ခဲ့သည်တဲ့။

နောက်တော့ ကျွန်တော်နှင့်ဆုံရန် မအူပင်က ဆရာဝန် သူငယ်ချင်းကိုယ်တိုင် ကားမောင်း၍ ရန်ကုန်က ဆရာဝန် သူငယ်ချင်းနှင့် စင်ကာပူက သူငယ်ချင်းတို့ပါ ပြန်လိုက်လာကာ ကျွန်တော့်ဆီ လာခေါ်သည်။ သူတို့ ဇနီးများကို မအူပင်က ဆရာဝန် သူငယ်ချင်းအိမ်မှာ ထား၍ လာခဲ့ကြခြင်းပင်။ ဖြစ်ချင်တော့ သင်္ဘောအရာရှိ သူငယ်ချင်းက သူ့အိမ်မှာ။ ပထမ မလိုက်နိုင်ကြောင်း အတင်းငြင်းနေ၏။ ဒါကို ကျွန်တော်က သိတော့ မရရအောင် ခေါ်မည်ဆိုကာ အတင်းဝင်ခေါ်ကြသည်။

အံ့ဩစရာကောင်းသည်က နှစ်ပေါင်းများစွာ မတွေ့တာကြာပြီ ဖြစ်သည့် ကျွန်တော့်သူငယ်ချင်း အမေက ကျွန်တော့်ကို မြင်တော့ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတို့အိမ်သွားလည်ရင်း ပြောခဲ့သည့် ကဗျာကို သတိရမိသည်တဲ့။ ကျွန်တော် မမှတ်မိတော့။ အမှန်က သူငယ်ချင်း၏ အဘွားက တဖွဖွပြောသည်ဆိုသော ကဗျာ။ တကယ်တော့ ကဗျာမဟုတ်ပါ။ စာချိုးလေးပါ။ သူငယ်ချင်း အဘွားက ' ကြက်မှာ အရိုး၊ လူမှာ အမျိုး ' ဟု ဆိုခဲ့ရာ ကျွန်တော်က ထိုစဉ်က ' ကြက်မှာအမြစ်၊ လူမှာ အချစ် ' ဟု ပြန်ပြောခဲ့သည်တဲ့။

ကျွန်တော် မမှတ်မိသည်ကို သူငယ်ချင်းနှင့် သူ့အမေက ပြန်အစဖော်၍ ပြောပြနေလေသည်။ သူငယ်ချင်း အဘွားပင် မရှိတော့။ ကာလများက ကြာညောင်းခဲ့ပြီ မဟုတ်လား။ သို့သော် ကျွန်တော်တို့ သူငယ်ချင်းများ၏ ခင်မင်မှုက ပျောက်ပျက်မသွား။ အိမ်ထောင်ကိုယ်စီ ကျခဲ့သည့်တိုင် မိသားစုချင်းပင် ခင်ခင်မင်မင်ဖြင့် နွေးထွေးစွာရှိဆဲ။

နောက်ဆုံးမှာ ဘယ်လိုမျှ မလိုက်နိုင်ဘူး ထင်ရသော သူငယ်ချင်း သင်္ဘောသားသည်လည်း ကျွန်တော်တို့ မျက်နှာနှင့် သူ့ဇနီးနှင့် မိဘများကပါ လိုက်သွားပါဟု ခွင့်ပြုလိုက်ရလေတော့သည်။ ငယ်သူငယ်ချင်းတို့၏ သံယောဇဉ်နှင့် ခင်မင်မှုသည် ကာလကြာရှည်စွာ ဖြတ်သန်းခဲ့သည့်တိုင် ပွန်းပဲ့မသွားသည်ကိုတော့ ကျွန်တော်ယုံကြည်နေမိသည်။

သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ တစ်နယ်စီ ဝေးကွာနေသော ငယ်သူငယ်ချင်းများ ခရီးတစ်ခုကို အတူတူ သွားခဲ့ရခြင်းက တကယ်ကို အမှတ်တရ ဖြစ်စေခဲ့သည်မှာ ကျွန်တော့်အတွက် မေ့နိုင်မည် မထင်တော့။

ဆူးသစ်
၂၀း၄၁ နာရီ
၆.၃.၂၀၁၃
(ဆက်ပါဦးမည်)

3 comments:

မိုးနတ်ကြယ်စင် said...

အကိုရေ....
အကို့ပါရမီဖြည့်ဘက်လေးနဲ့ အတူ
အကို့ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာ
ဘယ်လောက်ပျော်နေမယ်ဆိုတာ ညလေး
ခံစားမိသလို ကြည်လဲကြည်နူးမိပါတယ်..
ခင်မင်လေးစားရတဲ့ အကိုတစ်ယောက်
ဒိထက်မက ပိုပြီးပျော်ရွှင်ရလို့ လူ့လောကရဲ့
တကယ့်အနှစ်သာရတွေကို ခံစားရင်း မိဘကျေးဇူး
ကိုအပြည့်အ၀ဆပ်နိုင်တဲ့သူဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် အကိုရေ...:)
ခင်မင်နေတဲ့...
မိုးနတ်ကြယ်စင်

လွင်ပြင်လှိုင်းငယ် said...

အားကျတယ် ဆရာဆူးသစ်ရေ ။ဆရာပို့စ်ဖတ်ပြီး
မတွေ့ရတာကြာတဲ့ မိဘ ဆွေမျိုး သူငယ်ချင်းတွေကို
သတိယလိုက်တာ ။

အမ်တီအန် said...

မိတ်ဆွေကောင်းတွေထဲမှာမှ ငယ်သူငယ်ချင်း၊ ငယ်ပေါင်းတေါက ဘ၀မှ အမှတ်ထင်ထင် ရှိနေတတ်ကြတယ်..

Related Posts Plugin for WordPress, Blogger...