Wednesday, April 3, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၆ )


 ရန်ကုန်မှာ ကျွန်တော်နှင့် ကျွန်တော့်ငယ်သူငယ်ချင်းများ ပြန်ဆုံခဲ့ကြသည့် အခါ မအူပင်က သူငယ်ချင်း ကလည်း ရန်ကုန်သို့ ဆင်းလာခဲ့သေးသည်။ ရန်ကုန်မှာက စင်ကာပူကလာသော ကျွန်တော်အပါအ၀င် သုံးယောက်။ သင်္ဘောသားအရာရှိနှင့် ဆရာဝန်တစ်ယောက်။ ပေါင်းငါးယောက် ရှိသည်။ စင်ကာပူက လာသော သူငယ်ချင်းတစ်ယောက်ကတော့ အလုပ်ကိစ္စများသည်မို့ ကျွန်တော်တို့နှင့် သိပ်မတွေ့နိုင်။ မအူပင်က ဆရာဝန် သူငယ်ချင်းကတော့ ဆေးခန်းပိတ်ပြီးကို ဆင်းလာသည်။ ဒါတောင် အမေရိကားနှင့် မလေးရှားမှာ ရောက်နေသော သူငယ်ချင်းများ မပါသေး။ အားလုံးသာ စုံလိုက်လျှင် တော်တော်ပျော် ဖို့ကောင်းမည်ဟု ကျွန်တော်တို့ တွေးမိသေးသည်။ ငယ်သူငယ်ချင်းများ မဆုံရသည်မှာ ကြာပြီမဟုတ်လား။

ကျွန်တော်တို့၏ စုရပ်သည် စမ်းချောင်း ဗဟိုလမ်း၊ အာရှတော်ဝင် အထူးကု ဆေးခန်းနားမှာ ရှိသည့် သူဋ္ဌေးမင်း လက်ဖက်ရည်ဆိုင် ဖြစ်သည်။ စမ်းချောင်းက ကျွန်တော့် ဇာတိ။ ထို့ကြောင့် ငယ်သူငယ်ချင်းများက စမ်းချောင်းသားချည်းသာ။ သူဋ္ဌေးမင်းသည် ကျွန်တော်တို့ ဆယ်တန်းအောင်ပြီး ကတည်းက ထိုင်ခဲ့သော ဆိုင်။

သို့သော် ယခုတော့ သူဋ္ဌေးမင်းလည်း သီချင်းသံ မကြားရတော့။ ည ကိုးနာရီကျော်မှာပင် လက်ဖက်ရည်ဆိုင်သည် ခြောက်ကပ်ကပ်။ ကျွန်တော်က ကျောက်မြောင်းဘက်မှာ ရောက်နေပြီမို့ လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ဖို့ ကားငှားပြေးရသည်။ သူငယ်ချင်းများ သံယောဇဉ် မဟုတ်လား။ 

ကျွန်တော်က ထားပါတော့။ မအူပင်က သူငယ်ချင်းက ပိုဆိုးသည်။ ကျွန်တော်တို့က သူ့ကို လှမ်းခေါ်တိုင်း မညည်းမညူ ကားနှင့် ဆင်းလာရှာသည်။ တစ်ခါများဆို သင်္ဘောသား သူငယ်ချင်းက သူ့အိမ်မှာ ကျွန်တော်တို့ ဆုံဖို့ ထမင်းခေါ်ကျွေးသည်။ ဇနီးများပါ ပါသည်။ မအူပင်က သူငယ်ချင်းလည်း သူ့မဟေသီနှင့် ဆင်းလာသည်။ ကျွန်တော်တို့က တောင်ဥက္ကလာဘက်မှာ ဆုံကြသည်မို့ သူ့ကို လမ်းမသိမှာ စိုး၍ ဖုန်းဆက်ရင်း မျှော်ကြသည်။ 

သူရောက်လာတော့ သူပြောတာ နားထောင်ပြီး ရယ်ရသေးသည်။ မအူပင်ကနေ ရန်ကုန်ကို ကားမောင်းလာသည်မှာ တစ်နာရီသာ ကြာသည်။ လှိုင်သာယာ ဘုရင့်နောင် တံတားကို ရောက်သည်တဲ့။ ထိုတံတားကနေ တောင်ဥက္ကလာကို တစ်နာရီခွဲကြာသည်တဲ့။ ဘုရင့်နောင်တံတားသည် ထိုသို့ရှိလေသည်။

ကျွန်တော်တို့ သူငယ်ချင်းများ တောင်ဥက္ကလာမှာလည်း လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသေးသည်။ ညလုံးပေါက် ဖွင့်သည်ဆိုသော ဆိုင်။ သူဋ္ဌေးမင်းမှာတုန်းက ခဏသာ ထိုင်ပြီး ပြန်ခဲ့ကြတာ ဖြစ်သည်။ လူခြေတိတ်သွား၍ ဆိုင်ကလည်း ပိတ်ရန်ပြင်နေသောကြောင့်ပါ။ ကျွန်တော်တို့ သုံးသပ်မိသည်မှာ မနက်ခင်း အလုပ်စောစောဆင်းရသူ များလာ၍ ဖြစ်နိုင်သည်။ ရန်ကုန်၏ လူနေမှုစနစ်က အရင်လို ထိုင်စားသူ များနေလျှင် ခံသွားရနိုင်သော လူနေမှုဘ၀ပုံစံ ဖြစ်လာသည်ဟု ကျွန်တော်တို့ ထင်သည်။ ညလုံးပေါက် ဆိုင်မှာပင် ဆိုက်ကားသမားနှင့် အခြား လက်လုပ်လက်စား သမားများသာ ညလုံးပေါက် ရှိနေတော့သည့် သဘော။ အလုပ်လုပ်သူများက ခဏသာထိုင်နိုင်တော့သည်။

ဒါတောင် မြေနီကုန်းက ညလုံးပေါက်ဆိုင်မှာ ဘောလုံးပွဲ၊ ရုပ်ရှင် စုံနေအောင် ပြထားတာဖြစ်သည်။ တောင် ဥက္ကလာကဆိုင်မှာလည်း ရုပ်ရှင်များပြထားတာ တွေ့ခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းများကတော့ ညလုံးပေါက်ဆိုင်မှာ မအိပ်ချင်သေးခင်အထိ ထိုင်ဖြစ်ခဲ့ကြသည်။ ဆိုင်ထိုင်ပြီးသည့်အခါ ကားရှိသော သူငယ်ချင်းများက ကားနှင့် လိုက်ပို့သည်။ မီးပွိုင့်တစ်ခုမှာ မီးနီမိခိုက် ပလက်ဖောင်းပေါ်မှာ ပန်းရောင်းနေသော အသက်မပြည့်သေးသည့် ကလေးငယ်ကို ကျွန်တော်တို့ မြင်ခဲ့ရသည်။ မိန်းကလေး တစ်ယောက်ပါ။

စီးပွားရေး အဆင်မပြေသောကြောင့် လုပ်စားကိုင်စားရသူချင်း အတူတူ အဘယ့်ကြောင့် အသက်မပြည့်၊ အရွယ်မရောက်သေးသော မိန်းကလေးက ညဥ့်နက်သန်းခေါင် ပန်းရောင်းနေပါသနည်း။ ထိုအနားက ဖြတ် သွားတိုင်း ကျွန်တော်နှင့် သူငယ်ချင်းများ မြင်နေရသည်မို့ စဉ်းစားစရာ များစွာရခဲ့ပါသည်။

ပြီးတော့ တိုက်ခန်းများပေါ်က ညဘက်မှ ဆင်းလာသော ညဥ့်ငှက်များအကြောင်းကိုလည်း အသိ တစ်ယောက်ဆီမှ ကြားရသေးသည်။ ည လူခြေတိတ်မှ ကားများလာခေါ်သည့်အခါ တိတ်တိတ်ကလေး လိုက်သွားပြီး နေ့ဘက်ဆို ရပ်ကွက်ထဲမှာ ပုံမှန်နေသူများလို အိမ်ငှားနေကြသော မိန်းကလေးများကား တိုက်ခန်းများပေါ်မှ ညဥ့်ငှက်များဟု ဆိုရတော့မည်။

ဒါကိုတော့ ရန်ကုန်ကနေ စင်ကာပူကို အလုပ်လာမလုပ်ခင်ကတည်းက ကျွန်တော်ကြားဖူးနေသည်။ လမ်းပေါ်မှာ လူစောင့်၍ အလုပ်လုပ်သောခေတ်က သူတို့လောကမှာ ရှားပါးသွားကြပြီထင်သည်။ တိုက်ခန်းပေါ်ကနေ ကျကျနန ထိုင်စောင့်ပြီး ကားလာခေါ်မှ လိုက်သော ခေတ်ကို ချင်းနင်းဝင်ရောက် သွားပြီလားမသိ။ တစ်ခုတော့ ရှိသည်။ နည်းနည်းဈေးမြင့်တာ၊ နိမ့်တာက လမ်းပေါ်နှင့်တိုက်ပေါ်၏ ကွာခြားချက် ဖြစ်ပေလိမ့်မည်။

စားသောက်ဆိုင်လောကကတော့ သိပ်အပြောင်းအလဲမရှိဟု ကျွန်တော်သိရသည်။ ကျွန်တော် မထိုင်ဖြစ်ခဲ့။  ကောင်မလေးတွေက လမ်းလျှောက်မြဲ၊ သီချင်းဆိုမြဲ။ တချို့လည်း စပွန်ဆာများ ရသွားသည်ဟု သိရသည်။ တချို့ဆို နာမည်များပင် ကြီးသွားသေးသည်တဲ့။

သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုတစ်ခု ပြောင်းလဲလာသည်ကို မျက်မြင်တွေ့ရသည်က ထူးခြားမှုတစ်ခု ဖြစ်လို့နေပြီး တိုက်ခန်းပေါ်က ညဥ့်ငှက်မများကိစ္စကတော့ ပို၍ ကျယ်ပြန့်လာသယောင် ရှိသည်ဟု ထင်သည်။ စင်တင်ဂီတနှင့် စားသောက်ဆိုင်များကတော့ ထူးမခြားနားသော်လည်း ကျွန်တော် သတိမမူမိခဲ့သည်လား၊ ယခုမှ စတွေ့မိသည်လား မသိသည့် အသက်မပြည့်သေးသော ကလေးမလေး ပန်းရောင်းနေသည့် ကိစ္စကတော့ ကျွန်တော့်အတွက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ စဉ်းစားစရာ များစွာရှိနေလေတော့သည်။

ဆူးသစ်
၂၃း၀၁ နာရီ
၃.၄.၂၀၁၃

0 comments:

Related Posts Plugin for WordPress, Blogger...