Tuesday, April 16, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၉ )


 +                  ထပ်တော့ပြောရပေဦးတော့မည်။ ကျွန်တော်လည်း ဘာကောင်မျှမဟုတ်ပါ။ သို့သော် ကျွန်တော့်ကို ယခု Facebook ကြီးထဲတွင် လာ၍ဖိတ်သူများကို လူမသိ၍ ဓာတ်ပုံလေးပါလျှင် လက်ခံနိုင်သော်လည်း  ဓာတ်ပုံမပါပါက ၀တ်မှုန်ရွှေရည်၊ သက်မွန်မြင့်နှင့် မိုးယုစံဆိုလည်း Sorry ပါဟုသာ ပြန်ကြားလိုပါသည်။ ကျွန်တော့်အတွက် သည်နေရာမှာ သူငယ်ချင်းအများကြီး ရှိနေဖို့ မလိုအပ်ပါ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းများသာ ရှိနေဖို့ မျှော်လင့်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် သူများ မပြချင်ဘဲနှင့်တော့ မိတ်ဆွေလာ၍ ဖွဲ့မနေပါနှင့်။ ကိုယ့်ဘာသာ ဘလော့တစ်ခုဖွင့်၍ ပို့စ်သာရေးနေခြင်းက ပိုကောင်းမည် ထင်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် မပြချင်သောသူသည် သူများ အတွက် မိတ်ဆွေကောင်း ဖြစ်လာနိုင်မည်ဟုလည်း ကျွန်တော် မထင်မိပါ။ ( ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်)

+                      " အဲဒါနဲ့ဟယ်........ငါ့အဒေါ်က ဟိုမှာ တစ်ခါတည်းနေတော့မယ် ဆိုပြီး ငါ့ဦးလေးက
အသည်းတွေကွဲပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တယ်။"
"ဘာ......နင့်ဦးလေးက ယောကျာ်းအရင့်အမာကြီးဖြစ်ပြီး ဘာကိစ္စဗိုက်တစ်လုံးနဲ့ကျန်ခဲ့ရတာလဲ။"
"ဟာ....ငါ့အဒေါ်ကိုလွမ်းပြီး ဘီယာတွေသောက်ပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တာကို ပြောတာဟဲ့။"

"လွမ်းစိမ့်" ဇာတ်ကားမှ - GTC ကျောင်းသူလေးများ စကားပြော ဇာတ်ဝင်ခန်းမှ
( ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် )

+                     အဖေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးခဲ့သည်။ အမေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးရုံမက ချက်ပြုတ်ကျွေးမွေးခဲ့ပြန်သည်။ အဖေနှင့်အမေက ကျွန်တော့်တစ်သက်မှာ သူတို့ပင်ပန်းမှုကို သားသမီးများအတွက်ဖြစ်၍ ကျေကျေနပ်နပ်ကြီး ခံစားတတ်ခဲ့ကြဟန်တူသည်။ မနေ့တစ်နေ့ကမှ စင်ကာပူရောက်ပြီး မနက်ငါးနာရီလောက်ထ၊ ညမိုးချုပ်ပြန်ရောက်တတ် သည်ကိုပင် တော်တော် ပင်ပန်းသည်ဟု ထင်မိသော ကျွန်တော်သည်ကိုယ့်ကိုယ်ကိုတော့ ရှက်မိပါသည်။ အဖေနှင့်အမေ ဖြတ်သန်းခဲ့သော ခရီးနှင့် နှိုင်းယှဉ်ပါက ကိုယ့်ခရီးက ဘာမျှမဟုတ်တာ ကိုယ့်ဘာသာ သိနေသည်ပဲ။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                       ကျွန်တော်စားနေကျ ထမင်းဆိုင်မှာ စလုံး တရုတ်လေးတစ်ယောက်က ထမင်း လာဝယ်စားသည်ကို ကြည့်ပြီး ကျွန်တော် သဘောကျမိသည်။ သူက ငါတို့အစားအစာကို ကြိုက်တာပဲဟု တွေးမိ၏။ ၀က်သားချက်ကိုစားပြီး ငါးချဉ်သုပ်ပင်ပါလိုက်သေးသည်။ စလုံးပေမယ့် မဆိုးဘူးဟု သူ့ကို မှတ်ချက်ချ လိုက်၏။ ထိုနေ့က ထမင်းဆိုင်ကအပြန်မှာ ဘတ်စ်ကားကအဆင်း ရှေ့က စလုံးတရုတ်ကြီးကို ကားဘရိတ်အအုပ်မှာ လက်နှင့် မတော်တဆ သူ့အိတ်ကိုသွားထိမိ၏။ ကားပေါ်ကဆင်းတော့ မကျေ မချမ်းနှင့် လှည့်ကြည့်ပြီး ပွစိပွစိတွေ ပြောသွားသေးသည်။ တော်တော်ဆိုးသည့်စလုံးဟု မှတ်ချက်ချမိပြန် ၏။ နောက်ဆုံးတော့ စလုံးဘာလဲဟု ပြောချင်လျှင် လူအပေါ်မှာသာ မူတည်သည်ဟုကိုယ့်ဘာသာ ခံစားလိုက်ရသည်။ စလုံးတိုင်း ကောင်းချင်မှကောင်းမည်။ ကောင်းသူနှင့်ဆိုးသူ ဆိုသည်မှာ နေရာတိုင်း မှာတော့ ရှိစမြဲဟု ကျွန်တော်နားလည်မိပြန်ပါသည်။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                    သည်နေ့အလုပ်ကအပြန် ဘူကုန်းမှ သည်ဘက်ကမ်းကိုအရောက် မိုးက သည်းကြီးမည်းကြီး ရွာသည်။ ဖိနပ်ထဲပင် ရေက၀င်၏။ ဘောင်းဘီအောက်ခြေ အားလုံး စိုရွှဲကုန်သည်။ လွယ်ထားသောအိတ်ပင် တစ်ပိုင်း စိုကုန်၏။ ထမင်းစားတော့ ဆိုင်မှာ လူကအပြည့်။ မိုးက သည်းကောင်းတုန်း။ ကားစီးပြီး အိမ်အပြန်လျှောက်လမ်းမှာ မိုးစက်တို့ ဝေ့ခနဲ လာလာစင်သည်ကို မြင်ရင်း စိတ်က မြန်မာပြည်သို့ ပြန်ရောက်သည်။ ဇနီးသည်သည် လည်းကောင်း၊ မိဘညီအစ်ကိုများသည် လည်းကောင်း အားလုံးသည် မြန်မာပြည်မိုးနှင့်အတူ စီးဝင် နစ်မျောနေလိမ့်မည်ဟု ထင်သည်။ ကိုယ်ကတော့ သူတို့နှင့် အဝေးမှာနေ၍ လာချင်သည့်အခါမှ လာသည့် မိုးနှင့်အတူ မြန်မာပြည်ကို လွမ်းရသည့် အလွမ်းရေစီးမှာ ဆက်မျောနေမိသည်။ ( ဩဂုတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+    ဒီနေ့ဟာ စင်ကာပူနိုင်ငံရဲ့ National Day ပါခင်ဗျား။ ဂုဏ်ပြုပါကြောင်းနဲ့ စင်ကာပူနိုင်ငံ အဓွန့်ရှည် တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ အလုပ်ပိတ်ရက်ဖြစ်လို့ အနားယူခွင့်တစ်ရက်ကို ၀မ်းမြောက်စွာနဲ့ ခံစားလျက်ရှိပါကြောင်း။ ( ဩဂုတ်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )

+ ကိုယ့်ကိုယ်ကို သည်းခံခြင်းတရားတွေ တော်တော်ရင့်ကျက်လာပြီဟု ထင်မိသည်။ တလွဲတွေ လျှောက်မတွေးပါနှင့်ဦး။ တရားထိုင်လို့၊ အသက်ကြီးလာလို့၊ စတာတွေ တစ်ခုမျှ မဟုတ်ပါ။ မြန်မာပြည်ကို ခဏခဏ ဖုန်းခေါ်၊ မိဘတွေနှင့်ပြော၊ ဇနီးသည်နှင့် Skypeကပြော။ သည်လိုနေရင်းမှ ခဏခဏပြုတ်ကျသော ဖုန်းလိုင်း၊ ကြားရလားသာ ကြားရသော ဖုန်းလိုင်းများကို စိတ်ရှည်ရခြင်း၊ ရုပ်ပေါ်အသံပျောက်၊ အသံကြား ရုပ်ပျောက် စသည့် အင်တာနက်လိုင်းများကို စိတ်မရှည်ရှည်အောင် ထိန်းရခြင်း စသည့် သဘောတရားများကနေ တစ်ဆင့် သည်းခံခြင်းတရားကို နားလည်ထိတွေ့ရင်း ရင့်ကျက်လာတာကို ပြောခြင်းပါ။ ( ဩဂုတ်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၀း၅၅ နာရီ
၁၆.၄.၂၀၁၃
သင်္ကြန်အတက်နေ့ 

0 comments:

Related Posts Plugin for WordPress, Blogger...