Sunday, June 30, 2013

" လူမိုက်တစ်ယောက်ရဲ့ ကောင်းကင် "



ဒီလိုပဲ......
တိမ်တွေလည်း ပြိုချင်ပြိုမယ်
ကောင်းကင်လည်း ညိုချင်ညိုမယ်
သေချာတာက......
ဇူလိုင်လ တစ်ရက်နေ့ရဲ့ နံနက်ခင်းအစမှာ
အမေဟာ အံကြိတ်ရင်း
လောကတွင်းကို သားတစ်ယောက် ပို့ပေးခဲ့တယ်။

အမေအသက်နဲ့ရင်းထားတဲ့သား
အဖေချွေးနဲ့ ကျွေးထားတဲ့အား
လူလားမြောက် မှတ်တိုင်တွေကျော်
ကြည့်ပါဦး........
လူငယ်ဘ၀ကို ကျော်သွားခဲ့ပြီနော်။

တစ်ရက်ပြီးတစ်ရက် တစ်သက်ပြီးတစ်သက်
တစ်လပြီးတစ်လ တစ်ပြပြီးတစ်ပြ
တစ်နှစ်ပြီးတစ်နှစ် တစ်ဖြစ်ပြီးတစ်ဖြစ်
အသစ်အသစ်တွေကိုကြုံလည်း
ဆုံတာတွေက မဟောင်းတာလား
ဟောင်းပြီးသားတွေက မပြောင်းတာလားမသိ
ငါစွဲနဲ့ကြည့်ကြည့်ပြီး
ဒုက္ခအတိနဲ့ပင်လယ်ထဲ
ပက်လက်၊ မှောက်ခုံ၊ ၀ဲချာလည်လှည့်
ပြီးမှ.....
မပျော်လည်းပျော်၊ ပျော်လည်းပျော်
သံသရာကို ကျွန်တော်မကြောက်သေးတာလေ။

မနေ့ကထက် ဒီနေ့ သာရမယ်
ဒီနေ့ထက် မနက်ဖြန် သာရမယ်
အရင်လထက် အခုလ သာရမယ်
အခုလထက် နောက်လ သာရမယ်
အရင်နှစ်ထက် အခုနှစ် သာရမယ်
အခုနှစ်ထက် နောက်နှစ် သာရမယ်
အဲဒီလို ခပ်တည်တည် ကြွေးကြော်ပစ်ခဲ့တာက
လူလားမြောက်ကတည်းကနေ ယနေ့အထိ
ဒါပေမဲ့......
အတွေ့အထိကိုလည်း မတင်းတိမ်
လောဘ၊ ဒေါသ၊ မောဟ အိမ်ထဲမှာ ပျော်မွေ့
တစ်နေ့တစ်နေ့ ကျော်နင်း
ဒီလိုနဲ့......
လောကတွင်းက နာမည်မရှိတဲ့ လူမိုက်ဖြစ်နေတာကြာပေါ့။

စာကလေးတွေ ရေးမယ်
ကဗျာကလေးတွေ ဆေးခြယ်
သီချင်းကလေးတွေ ဆိုမယ်
နံနက်ခင်းကလေးတွေ ကြိုမယ်
ဒီလိုပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့ လူ့ဘဝ
သမုဒယနဲ့ မိုးလင်း
ပြီးတော့ ၀ိပဿနာနဲ့ ထိုးခွင်းချင်တယ်လို့လည်း အော်ခဲ့
( ဒါပေမဲ့...)
အရှက်မရှိတဲ့ မျက်နှာနဲ့ပဲ ပျော်ခဲ့တာ
လေးဆယ်နားတောင် ကပ်လာပါရောလား။

သေချာတာက
ငွေရှာရမယ်
သေရွာကို မသိခင်မှာ
ဒုက္ခအထုပ်အပိုးတွေ ကျောမှာဆင်ရင်း
သမုဒယငုပ်ဆိုးနဲ့ ငြိနေခဲ့ရတာ
ကမ္ဘာလင်းလည်း ကျွန်တော်မှောင်တယ်
ကမ္ဘာမှောင်လည်း ကျွန်တော်မှောင်တယ်။

အ၀ိဇ္ဖာသမား
သစ္စာလေးပါးမသိ
ဒေါ်လာတွေတော့ ကျွန်တော်သိတယ်
ခွင့်လွှတ်နိုင်မယ်ဆို ခွင့်လွှတ်ကြပါဗျာ
မှားနေတာက အခါတစ်ရာမက
တည်ငြိမ်ရမယ့် အရွယ်မှာ တည်ငြိမ်မှုမရှိချင်သူ
အပူတွေနဲ့ မွေ့ပျော်ရင်း
သက်ပြင်းတွေကို ကိုယ့်ဘာသာလှည့်စား
အထီးကျန်ခြင်းကြားမှာ မာယာလည်း များတတ်သူပါ။

ဘာတွေ ဘယ်လိုဖြစ်ဖြစ်
ချစ်သူကို ချစ်တယ်
မိဘတွေကို ချစ်တယ်
ညီအစ်ကိုတွေကို ချစ်တယ်
သူငယ်ချင်းတွေကို ချစ်တယ်
မြန်မာပြည်ကို ချစ်တယ်
ကမ္ဘာမြေကို ချစ်တယ်
အားလုံးကို ချစ်တယ်
ဘယ်တော့မှ မပစ်ပယ်တတ်တဲ့ နှလုံးသား
အညစ်တွေကို ဖယ်ရပ်လို့ အမုန်းမပွားဘူး
သက္ကရာဇ်တွေဆုံးသွားတောင် နေပျော်ချင်သူတစ်ယောက်
ဖြူစင်တဲ့ မိုးကောင်းကင်အောက်မှာ လမ်းလျှောက်မယ်
ပန်းကလေးတွေ တစ်ထောက်ကြိုပါ
ငှက်ကလေးတွေ သီချင်းတစ်ခေါက် ဆိုပါ
လေပြည်ကလေးတွေ ခပ်ညင်းညင်း တစ်ခေါက်ပြိုပါ
( ဟောဒီမှာ....)
လူမိုက်တစ်ယောက် နှစ်ပေါင်းများစွာ အသက်ဆက်ချင်လို့ပါ။          ။

သားလတ်
၁၉း၅၆ နာရီ
၃၀.၆.၂၀၁၃

[ ဇူလိုင်လ တစ်ရက်နေ့တွင် ကျရောက်သော ကျွန်တော့်မွေးနေ့အတွက် အမှတ်တရ ခံစား ရေးပါသည်။]

2 comments:

နွေတေးရှင် (မင်းဧရာ) said...

ပန်းကလေးတွေလည်း ကြိုနေကြပါတယ်
ငှက်ကလေးတွေလည်း တေးဆိုနေကြပါတယ်
လေပြေလေညှင်းလေးတွေလည်း
ချိုနေကြပါတယ် ။

ကဗျာ လေးတွေကို သယ်လာပါ
စာပေလေးတွေကိုလည်း ခြယ် လာပါ
လောက ကိုလည်း ထည်ဝါ ပါစေ။

ပျော်ရွှင်စရာ ကောင်းသော
မွေးနေ့လေးမှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာ ခြင်းနှင့်ပြည့်စုံပြီး ဘ၀ ရဲ့ ခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ပါစေ အစ်ကို ။

ရင်လှိုင်းခတ်သံ said...

နာရီတွေ အကြိမ်ကြိမ် အိုနေပေမယ့်
ဖြစ်ခြင်း ပျက်ခြင်း ကို တေးဆိုလို့ 
မိုင်တိုင်တွေ ရာချီ ကျော်လွှား နိုင်ပါစေ....။

Related Posts Plugin for WordPress, Blogger...