Sunday, June 23, 2013

"ဧည့်သည်တစ်ယောက်ရဲ့မြို့"



ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်လုံးမြို့ကလေးရေ........
မျက်နှာသစ် သွားတိုက်
ရေမိုးချိုး အလှပြင်
ကမ္ဘာကိုရင်ဆိုင်လိုက်တော့။

East Coast မှာလေသန့်တွေခင်း
Sentosa မှာပျော်ရွှင်ခြင်းတွေကျင်းပ
West Coast မှာ ပသာဒတွေပြလို့
အသက်ဝင်စမြို့ကလေးလို
မျက်နှာဖုံးတွေကိုခွာချ
လွတ်လပ်ခြင်းရဲ့အနှစ်သာရကိုခံစားရအောင်။

ပြန်မမှောင်ပါနဲ့တော့
အလင်းကိုဆောင်
ပိတ်လှောင်ခြင်းတွေကိုကျော်ဖြတ်
မတ်မတ်ရပ်ရင်းလေပြည်တွေကိုတစ်ဝရှူမယ်
ညမနက်တွေရဲ့လှပခြင်းမှာ
မင်းခန္ဓာကိုယ်ကိုသယ်ထားပေါ့။

သဘာဝကိုပဲစားသုံးခဲ့ကြတာ
တစ်ခါတစ်ခါသဘာဝက မင်းအလှတွေကိုဖျက်စီး
ငါးအကျည်းတွေကွာမှာစိုးသလို
ခြင်္သေ့ကြီးခေါင်းကိုက်မှာလည်း စိုးမိပါရဲ့။

ငါကဧည့်သည်ပါ မြို့ကလေးရေ
ဒါပေမဲ့.....
မြို့ကလေးကိုတော့ သံယောဇဉ်ရှိပါရဲ့
သဘာဝနဲ့မြို့ကလေးကြားကတိုက်ပွဲ
မြို့ကလေးကိုပဲနိုင်စေချင်မိခဲ့ပါရဲ့
အဲဒီမြို့ကလေးမှာ
မိသားစုများစွာရှိနေတာမဟုတ်လား။

ရင်ကြပ်သွားသလားမြို့ကလေးရေ
နှလုံးခုန်သံတွေရောမှန်ရဲ့လား
ငှက်ကလေးတွေတော့အသက်မဲ့သွားသေးသတဲ့
မှိုင်းအုပ်နေတဲ့ကောင်းကင်ရဲ့တေးအသစ်မှာ
အဆွေးတွေဖြစ်ဖြစ်သွားသေးလား
သင်္ခါရတရားလို့ဖြေပေါ့
မနက်ဖြန်ဆိုနေရောင်တွေကြော့ကြော့မော့မော့ဝင်လာတော့မယ်
ပြီးမှ.......
မင်းရဲ့အိမ်ရှင်တွေရယ်၊ငါရယ်၊မင်းရယ်
ဖြူစင်တဲ့နေ့သစ်တွေမှာလမ်းလျှောက်ကြမယ်။ ။

သားလတ်
၁၄း၄၄ နာရီ
၂၃.၆.၂၀၁၃

2 comments:

Cameron said...

ပြန်လည်ကြည်လင်လာတဲ့မြို့ကလေးအကြောင်းရေးထားတာ သိပ်လှတာပဲ..။

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးးးး အဲ့သတင်းကောင်းလေးကြားရတာ
အတိုင်းမသိဝမ်းသာမိတယ် အကိုရေ....:)
ကဗျာလေးကလဲ ၀ါရင့်ရေးလက်ပီပီ
လှပသေသပ်စွာနဲ့ ပီပီပြင်ပြင်သရုပ်ဖော်တတ်လိုက်တာ:)
သုံးနှုန်းထားတဲ့ စကားလုံးလေးတွေကလဲ
သိပ်ပြီးချစ်ဖို့ကောင်းတာပဲ အကိုရယ် ....ဒါထက်
ညလေးအကို ဘယ်တွေပျောက်နေတာလဲဗျာ..???
တခါတခါ လေးစားရတဲ့ စီနီယာတစ်ယောက်အနေနဲ့
အကို့ကို ညလေးသိပ်သတိရတယ်ဗျ ....
အကို့စာတွေ ကဗျာတွေကို အမြဲမျှော်နေမိတယ် ...
လိုင်းပေါ်ကနေတော့ အကြာကြီးပျောက်ပျောက်
မသွားပါနဲ့ အကိုရာ ...:)

ခင်မင်လေးစားလျက် မိုးနတ်

Related Posts Plugin for WordPress, Blogger...