Sunday, June 24, 2012

" ကျွန်တော်နှင့် အင်တာနက်အလန်းများ " ( ၃ ) [ သို့မဟုတ်] " သာဂိပြောသော Fuck You"



" Fuck You, Fuck You"

ဟ-ဘာလဲဟ ဆိုပြီး ကျွန်တော့်မျက်လုံး ပြူးသွားခဲ့သည်။ သာဂိ၏ Facebook Status မှာ ခပ်ကြမ်းကြမ်းတက်လာသော စာသားများ။

" သာဂိ........သာဂိ "

ကျွန်တော် g talk မှာ သာဂိကို ခပ်ကြမ်းကြမ်းခေါ်လိုက်သည်။ ဗျာ-အစ်ကို ဆိုပြီး ပြန်တက်လာသည်။ g talk ဖုန်းခေါ်လိုက်၏။

" သာဂိ ညီလေး။ မင်းဘာတွေလျှောက်လုပ်နေတာလဲ "

" ဘာဖြစ်လို့လဲ အစ်ကို "

" ဘာဖြစ်ရမှာလဲ။ မင်းအခုတင်လိုက်တဲ့ Status ကို မင်းနားလည်လား "

" ဆဲတာလေ အစ်ကို "

" ဟာ-ပြောင်လှချည်လား။ ဆဲတယ်ဆိုမှတော့ လူရှေ့သူရှေ့ မင်းက Status တင်မလို့လား "

" တင်းပြီးတင်လိုက်တာပါ အစ်ကို။ ကျွန်တော့်သူငယ်ချင်း ကောင်မလေးတွေ အဲဒါမျိုးကို အားရပါးရ တင်နေလို့ သူတို့မိန်းကလေးတွေတောင် တင်သေးတာ ငါလည်း ဘာဖြစ်လို့မတင်နိုင်ရမှာလဲ ဆိုပြီး တင်ချလိုက်တာ "

သာဂိကတော့ လုပ်ချလိုက်ပြန်ပြီ ဟု ကျွန်တော်တွေးသည်။ ပိုဆိုးသည်က သူ့သူငယ်ချင်းကောင်မလေး များက အားရပါးရတင်နေသောကြောင့်ဟု ဆိုသောစကားက ကျွန်တော့်ကို ပိုအံ့အားသင့်စေသည်။

" မင်းသူငယ်ချင်း ကောင်မလေးတွေက တင်တာ "

" ဟုတ်တယ် အစ်ကို "

ဘာတွေဖြစ်ကုန်ပြီလဲဟု ကျွန်တော်တွေးသည်။ ယောကျာ်းလေးများပင် တော်ရုံပြောမထွက်သော စကားကို မိန်းကလေးများက အားပါးတရသုံးနေသည်တဲ့လား။ ကျွန်တော့်မှာ ပြောစရာ စကားများ ရှိလာခဲ့သည်။

" သာဂိ။ မင်းကို ငါ ပြောပြမယ်။ တစ်ခါက ငါ့သူငယ်ချင်း တစ်ယောက်ပြောတာလေး ပြန်ပြောပြချင်တာပါ "

" ဟုတ်ကဲ့ အစ်ကို "

" တစ်ခါက စင်ကာပူက အလုပ်တစ်ခုမှာ အိန္ဒိယလူမျိုးတစ်ယောက်နဲ့ မလေးတစ်ယောက်နဲ့ ရန်ဖြစ်ရော။ ဖြစ်တော့ ထိုးတာကြိတ်တာ မဖြစ်ခင်ဘဲ ရုံးကို ရောက်သွားတယ်တဲ့။ ရုံးက HR က မန်နေဂျာ အမျိုးသမီးဆီမှာ သွားပြီးရှင်းရတာပေါ့။ အဲဒီမှာ နှစ်ဖက်စလုံးက သူမှားတယ်၊ ငါမှန်တယ် ရှင်းကြတာပေါ့ကွာ။ အဲဒီမှာပဲ မန်နေဂျာမက မလေးကို နှစ်သိမ့်ပြီး လွှတ်လိုက်တယ်။ ဆုံးမတော့ ဆုံးမလိုက်တာပေါ့ကွာ။ ဒါပေမဲ့ အိန္ဒိယလူမျိုးက မကျေနပ်ဘူး။ အမှန်က သူက မမှားဘူး။ ဒါပေမဲ့ သူကစထိုးသလို ဖြစ်သွားတာ။ အဲဒါကို သိတဲ့ မန်နေဂျာမက သူ့ကိုချည်း လှိမ့်ဆူတော့တာပေါ့။ ရန်ဖြစ်ရင် စင်ကာပူက ပြန်ရတာကိုး။ မင်းလည်း သိတဲ့အတိုင်းပဲ။ စလုံးမှာက ဆူတာဆဲတာကို Fuck You လို့ပဲ သုံးတာလေ။ ဒါပေမဲ့ တစ်ဖက်မှာ အဓိပ္ပါယ်က Fuck ဆိုတာ ခပ်ရိုင်းရိုင်း ပြောရရင် ယောကျာ်းနဲ့ မိန်းမ ဟိုဒင်းဟိုဟာလုပ်တာ။ ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ သံဝါသ ပြုတာပေါ့ကွာ။ အဲဒါကို အခြေအနေနဲ့ အချိန်အခါ နားမလည်တဲ့ အိန္ဒိယလူမျိုးက မန်နေဂျာ အမျိုးသမီးကို ဘာပြောလိုက်တယ် မှတ်လဲ "

" ဘာပြောလိုက်လို့လဲ အစ်ကို "

သာဂိကား စိတ်ဝင်တစား မေးရှာသည်။

" နင်က ငါ့ကိုတော့ Fuck ပြီး ဟိုကောင့်ကိုပါ Fuck လေတဲ့။ ငါ့ကိုချည်း Fuck တာတော့ ဘယ်တရားမလဲ။ ဟိုကောင်လည်း ငါနဲ့ဖြစ်တာ။ ဟိုကောင်စလို့ ငါက ပြန်လုပ်တာ။ အဲဒါကို ဟိုကောင့်ကို မ Fuck ဘဲ ငါ့ကို Fuck တယ်ဆိုတာ နင်တို့ မတရားဘူးတဲ့။ Fuck တယ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးက မျှတမှ ကောင်းမှာပေါ့ တဲ့။ ဟာ-ဘာပြောကောင်းမလဲ သူက ဆက်တိုက်ချည်းပဲ တစ် Fuck Fuck နဲ့ ပြောတာ။ ဟိုဘက်က HR မန်နေဂျာမ ခမျာ အမျိုးသမီးဆိုတော့ နေစရာကို မရှိတော့ဘူး။ မျက်နှာကို နီရဲပြီး ထွက်ပြေးရတဲ့ အဆင့်ရောက်ရော။ သူ့လက်အောက်က ဒုမန်နေဂျာခေါ်ပြီး ရှင်းခိုင်းလိုက်ရရောတဲ့။ ဒုမန်နေဂျာက ယောကျာ်းလေးလေ "

" ဟား....ဟား....ဟား "

သာဂိကား အော်ကြီးဟစ်ကျယ် ရယ်ပါတော့သည်။ ကျွန်တော်က စကားစကို ခဏရပ်၏။

" တကယ်တော့ အဲဒီ အိန္ဒိယလူမျိုးပြောတာ ဆူတာကို ပြောတာပါ။ စလုံးမှာ ဆူတာက မင်းလည်း သိတဲ့အတိုင်းပဲ။ Fuck တယ်လို့ပြောတာကိုး။ ဒါပေမဲ့ အဲဒါက ယောကျာ်းလေးချင်းကြားမှာလေကွာ။ မိန်းမတစ်ယောက်ရဲ့ ရှေ့မှာ အဲဒီလို သွားပြောရင်တော့ စဉ်းစားသာကြည့်တော့။ အဲဒါဆူတယ် ဆိုတဲ့ အဓိပ္ပါယ်ထက် တခြား ဟိုဒင်းဟိုဟာ ပြုတယ် ဆိုတဲ့ အဓိပ္ပါယ်က ပိုများနေတယ်။ ဒီတော့ စလုံးမ ခမျာ အဲဒီ အိန္ဒိယလုပ်တာနဲ့ ထွက်ပြေးရပါလေရော။ ဒီ Fuck ဆိုတဲ့ စကားက နေရာနဲ့ လူကိုကြည့်ပြီး သုံးရတာမျိုးကွ။ တချို့ကလည်း စိတ်အရမ်းတိုလို့ ဆဲတာဆိုပြီး သုံးကြတာ။ ဒါပေမဲ့ ဒီလိုစကားမျိုးတွေက လူရှေ့သူရှေ့ကို သယ်မလာသင့်ဘူး။ အထူးသဖြင့် အစ်ကိုတို့လို ယောကျာ်းလေးတွေတောင် အချင်းချင်းကြားမှာပဲ အလုပ်ကိစ္စတို့၊ ဘာတို့မှာ တင်းပြီးပြောမှ သုံးတာ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ် သုံးလေ့မရှိဘူး။ တော်တော်စိတ်ဆိုးလို့ သုံးကြတာ။ အဲဒါကို မိန်းကလေးတွေ သုံးတယ်ဆိုတော့ အစ်ကို စဉ်းစားလို့တောင် မရဘူး "

ကျွန်တော်ခဏ နားသည်။ ပြီးတော့ ဆက်ပြောနေမိ၏။

" မင်းမှတ်မိမလားတော့ မသိဘူး။ မာနော့ပ်လေ။ Mr. Who Say လေ" ( သူနှင့် ပတ်သက်ပြီး ကျွန်တော် Mr. Who Say ဆိုသော ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါသည် )

" ဟာ- သိတယ် အစ်ကို။ ဘာဖြစ်လို့လဲ "

" အစ်ကိုတို့ အခုလုပ်နေတဲ့ ပရောဂျက်မှာ မနက်ဖက်မှာ ရွတ်ရတဲ့ Take 5 ဆိုတာရှိတယ်။ Safety နဲ့ပတ်သက်တာပေါ့ကွာ။ အဲဒါ အလုပ်သမားတွေ အလှည့်ကျ ရွတ်ရတယ်။ တစ်ရက်ကို တစ်ယောက် ဦးဆောင်ပြီး ရွတ်ရတာ။ တရုတ်၊ အိန္ဒိယ၊ မြန်မာ စုံအောင်ပေါ့။ ခက်တာက မင်းသိတဲ့ အတိုင်းပဲ။ မာနော့ပ်က ထိုင်း။ နဂိုကတည်းက အင်္ဂလိပ်စာ သိပ်မရဘူး။ ဒါနဲ့ မာနော့ပ်ကို ရွတ်ခိုင်းရင် သူက အင်္ဂလိပ်စာ မကောင်းလို့ မရွတ်ပါရစေနဲ့လို့ ငြင်းတယ်။ ဒါနဲ့ တစ်ရက်မှာ အစ်ကို Site ထဲသွားတုန်း ဘကုန်းလေးတစ်ယောက်က မာနော့ပ်နားမှာ အလုပ်လုပ်နေတော့ သူက မာနော့ပ်ကို စချင်တာနဲ့ အစ်ကို့ကို Safety မာနော့ပ်ကို Take 5 ရွတ်ခိုင်းလေလည်း ဆိုရော မာနော့ပ်က ဘာပြောတယ်ထင်လဲ "

" ဘာပြောလဲ အစ်ကို "

" သူက အားရပါးရကို ထပြောတာနော်။ အဲဒီ ဘကုန်းလေးကို Fuck You တဲ့။ အကျယ်ကြီးပဲ "

သာဂိရယ်သည်။

" အစ်ကိုလည်း မင်းလိုပဲ ရယ်မိတယ်။ သူက တကယ်ကို စိတ်တိုသွားတာကိုးကွ။ သူမနိုင်တဲ့ အင်္ဂလိပ်စာကို ချောက်တွန်းပြီး ပြောခိုင်းတယ်လို့ သူထင်သွားတော့ ချွန်တဲ့ကောင်ကို ဆဲတာပေါ့။ အစ်ကို ပြောချင်တာက မာနော့ပ်ဟာ အလုပ်သမားလေးပါကွာ။ သူက Site ထဲမှာ ဆဲတာ သူမကျေနပ်တာ ရှိလို့လေ။ သူဆဲတာ၊ သူ Fuck You လို့ပြောတာ သူ့အဆင့်နဲ့ဆို ပြောစရာ မရှိပါဘူး။ အခုဟာက မင်းသူငယ်ချင်း ကောင်မလေးတွေက ပညာတတ်တွေ မဟုတ်ဘူးလား "

" ကျွန်တော် သဘောပေါက်ပြီ အစ်ကို။ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် သူငယ်ချင်း ကောင်မလေးတွေကို ကျွန်တော် ကြည့်ပြီး ဆုံးမလိုက်ပါမယ် "

" ဆုံးမတယ်ဆိုတာက နည်းနည်းပြင်းပါတယ်ကွာ။ သူတို့ အမှန်မြင်အောင် ကိုယ်က ရှင်းပြတယ်ဆို လုံလောက်ပါတယ်ကွာ "

" ဟုတ်ကဲ့ အစ်ကို။ ဒါဆို ဒါပဲနော်။ ကျွန်တော်လည်း Status မှာ Fuck You ကိုတင်တာ မလုပ်တော့ပါဘူး "

" အေးပါကွာ။ မကောင်းပါဘူး။ မလုပ်ကြပါနဲ့။ အားလုံးက ပညာတတ်တွေပဲ "

ပြောပြီး ကျွန်တော် g talk ကို ပိတ်လိုက်ပါတော့သည်။

xxxxxxxxxxxxxxx


" Fuck You လား။ လုံးဝ မကျေနပ်ဘူး "

သာဂိ သူငယ်ချင်းမိန်းကလေး တစ်ယောက်က Facebook မှာ တင်ထားသည်။ သာဂိက Like ပေးထားတာ တွေ့၏။ သည်ကောင် တော်တော် ပြောင်တဲ့ကောင် ဟု တွေးသည်။ ပြောတော့ ကျွန်တော့်ကို သူက သူ့သူငယ်ချင်း ကောင်မလေးများကို ဆုံးမလိုက်မည် ဟု ဆိုခဲ့သည့်ကောင်။ ခုတော့ သူက ကြိုက်လွန်းမက ကြိုက်နေသည်။ တစ်ယောက်က Fuck You လုပ်လိုက် သာဂိက Like လုပ်လိုက်ဖြင့် Facebook ပေါ်မှာ Fuck You နှင့် Like လုပ်သည့် ပွဲတော်ကြီး ဖြစ်ထွန်းနေလေသည်။

ကျွန်တော် ဘာမျှမပြောဖြစ်။ ကြည့်ရုံသာ ကြည့်နေသည်။ ခက်တာက ကျွန်တော်နှင့် ခင်သော သာဂိက Like လုပ်တိုင်း ကျွန်တော့် Facebook စာမျက်နှာမှာ အနှီကောင်မလေးများ၏ Fuck You ကြီးက လာလာပေါ်နေသောအခါ နည်းနည်းတော့ နင်ရ၏။ ဖြစ်နိုင်လျှင် ကျွန်တော့် Facebook စာမျက်နှာကို Refresh လုပ်ပြီး သန့်စင်လိုက်ချင်တော့သည်။

သာဂိ သူငယ်ချင်း ကောင်မလေးများမှာလည်း အဘယ်ကဲ့သို့သော စိတ်ခံစားချက်ကြောင့် မသိ။ အားတိုင်းကို ထိုစကားကို တွင်တွင်ကျယ်ကျယ်ကို သုံးနေတော့သည်။

နိုင်ငံရေး၊ တိုင်းပြည်ရေးကို သတင်းဖတ်၍ ဝေဖန်သည်။ မကျေနပ်လျှင် Fuck ပြန်သည် တစ်ခါ။ သူတို့ အလုပ်ကိစ္စကို ရင်ဖွင့်သည်။ မကျေနပ်လျှင် Fuck ပြန်သည်တစ်ခါ။ သူတို့ သူငယ်ချင်း မိန်းကလေးများနှင့် ယောကျာ်းလေးများ အချေအတင် ငြင်းကြ၊ ခုံကြသည်။ မကျေနပ်လျှင် Fuck ပြန်သည်တစ်ခါ။ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါမှန်း မသိအောင် Fuck နေသည်မှာ ကျွန်တော်ဖြင့် မြင်ရ၊ ကြားရကြာလေ ရင်နာလေ ဖြစ်လာ၏။ စလုံးမများလို အင်္ဂလိပ်စကား ယဉ်ပါးနေသူများပင် ရိုင်းသည်ထင်၍ ထွက်ပြေးရသော စကားလုံးကို ကျွန်တော်တို့ မြန်မာမလေးများ အဘယ်ကြောင့် တွင်တွင်ကျယ်ကျယ် သုံးနေသည်ကို ကျွန်တော် အဖြေရှာ၍ပင် မရ။

ပိုဆိုးသည်က သကောင့်သား သာဂိကား Facebook ပေါ်မှ သူ့သူငယ်ချင်း ကောင်မလေးများ၏ Fuck You ကို တစ်ချိန်လုံး ထိုင်၍ Like နေသလား ထင်ရအောင် စိတ်ရှိတိုင်း Like ၍သာ နေတော့သည်။ ကျွန်တော် လိုက်လို့မမီတော့။ တစ်ခါတစ်ခါတော့ သည်ကောင် သူ Status မတင်ရတိုင်း သူများတင်သမျှ Like နေသည်လားဟုတောင် ကျွန်တော်ထင်မိသည်။ သူနားလည်နေတာပဲလေဟု ကျွန်တော် စိတ်ကို ပြန်လျှော့ရ၏။

တစ်ခါတော့ သူ့ကို g talk မှာ တွေ့၍ ကျွန်တော်မေးကြည့်သည်။ မင်းဘာလုပ်တာလဲ ဆိုတော့ အစ်ကို မသိပါဘူး ဆိုပြီး စကားစ ဖြတ်ထားခဲ့ရာ ကျွန်တော်လည်း မေးမနေတော့။ သူ့သဘောသူဆောင်လေတော့ ဟုသာ တွေးရလေတော့သည်။ ထို့ပြင် သည်ဘက်ခေတ် လူငယ်များ မသိသော လောကနီတိ ဆိုသည်ကိုလည်း ပေးဖတ်ချင်မိသေးသည်။

" ကိုယ်ရိုင်းလျှင် အဖ ယုတ်သည်။ နှုတ်ရိုင်းလျှင် အမိ ယုတ်သည် " ဆိုသော လောကနီတိ စကားကို သူတို့မသိတော့။ သိလည်း မျက်ကွယ် ပြုကြလေပြီဟု ကျွန်တော်တွေးမိသည်။ မတတ်နိုင်တော့။

xxxxxxxxxxxxxxxxx

ထိုကာလလေးများ၏ နောက်၊ သိပ်မကြာခင် အချိန်အတောအတွင်းမှာ သာဂိ၏ Status တစ်ခုသည် Facebook ပေါ်ရှိ သူနှင့်ခင်သူများကြားမှာ ပေါ်ပေါ်ထင်ထင်၊ ကြီးကြီးမားမား၊ လှုပ်လှုပ် ခတ်ခတ် ဖြစ်အောင် ကို တက်လာလေသည်။

ကျွန်တော်ကား သာဂိ ဘာလုပ်လိုက်သနည်း ဆိုသည်ကို တွေးရင်း ပြုံးရ၏။ သာဂိ၏ Status ကို ဖတ်၍ သည်ကောင် သည်လိုလားဟု တွေးကာ ရယ်ရ၏။ သာဂိ၏ အကြံကို ပြန်သုံးသပ်ရင်း ဒါကြောင့် သည်ကောင် တစ်ချိန်လုံး သူ့သူငယ်ချင်း မိန်းကလေးများ၏ Fuck You ကို Like နေတာကိုးဟု ဆိုကာ ခုမှ ပြန်စဉ်းစားရင်း သာဂိကို ချီးကျူးရတော့၏။ သာဂိကား အချဉ်မဟုတ်ပါချေ တကား။ ကြည့်ပါဦးလေ။ သာဂိ၏ Status ကို။

" သူငယ်ချင်းတို့- ကျွန်ုပ်သာဂိသည်ကား အသင်တို့၏ Fuck You စကားလုံးပါသော Status များ၊ Comment များ၊ အားလုံးကို အားရပါးရ Like လုပ်ခဲ့ပါ၏။ အထူးသဖြင့် ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်း မိန်းကလေးများက Fuck You ဟု သူတို့ဘာသာ လုပ်လျှင်သော်လည်းကောင်း၊ သူတို့က အခြားယောကျာ်းလေးများကို Fuck You ဟု Comment မှာ ရေးသွားလျှင်သော်လည်းကောင်း၊ ကျွန်ုပ်မှာ နှစ်ခြိုက်လွန်းသောကြောင့် Like လုပ်ရလေ၏။ အသင်တို့ကား မည်သည့်အဓိပ္ပါယ်နှင့် ရေးသည်ကို မသိသော်လည်း ကျွန်ုပ် သာဂိအဖို့မှာကား ထိုသို့ အသင်သူငယ်ချင်း မိန်းကလေးများ၏ Fuck You စာလုံးကို မြင်တိုင်း ရင်ခုန်ရ၏။ ရင်တုန်ရ၏။ တုန်၍ ရသမျှ အကုန်တုန်၏။ ကောင်းလှပေသည်တကား။ အသင်တို့သည် မကျေနပ်ချက်များကို ပေါက်ကွဲမည် ဆိုပါက နောင်အချိန်တွင် တခြားနေရာသို့ မသွားပါနှင့်။ ကျွန်ုပ်သာဂိ၏ Facebook စာမျက်နှာသို့သာ လာ၍ Fuck You ဟု အော်ပါလေ။ ကျွန်ုပ်သာဂိသည်ကား အသင်တို့၏ မကျေနပ်ချက်များကို နားလည်သော်ငြား မပြောသင့်သော စကားကို ပြောသည်ဟု ထင်၍ Fuck You ၏ အဓိပ္ပါယ်ကို ကျွန်ုပ်လူပျိုသာဂိနှင့် သံဝါသပြုချင်၍ ထိုသို့ဆိုသည်ဟု မှတ်ယူမည် ဖြစ်ပါကြောင်းနှင့် အကယ်၍ ကိုယ့်စာမျက်နှာတွင် ကိုယ့်ဘာသာ Fuck You ဟုပြောလျှင်လည်း လာဖတ်သူများနှင့် သံဝါသပြုချင်၍ ထိုသို့အော်ဟစ်နေသည်ဟု ထင်မြင်ကာ ထိုသို့ လူအများသိအောင် မိမိစိတ်ကို မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်သူများကို ဂုဏ်ပြုချင်၍ အားရပါးရ လာ၍ Like မည် ဖြစ်ပါကြောင်း "

ထို Status ၏ နောက်တွင် နောက်ထပ် နောက်ဆက်တွဲက လိုက်လာသည်မှာ......

" မှတ်ချက်- ကျွန်ုပ်၏ ချစ်လှစွာသော ယောကျာ်းလေး သူငယ်ချင်းများကတော့ ထိုသို့ မိမိတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ချင်လျှင် Fuck You ဟု ခဏခဏ ပြောသော မိန်းကလေး သူငယ်ချင်းများ၏ စာမျက်နှာသို့ သွား၍ Fuck You ဟု ရင်ဖွင့်သင့်ပါကြောင်း နှင့် သို့မှသာ နှစ်ဦးနှစ်ဖက် မကျေနပ်ချက်များကို ကျေကျေနပ်နပ်ကြီး ဖွင့်ဟကာ Fuck You ဟု နှစ်ဦးနှစ်ဖက် အဆင်ပြေပြေဖြင့် အာသာဖြေနိုင်မည် ဖြစ်ပါကြောင်း ကျွန်ုပ်သာဂိက မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ "

အာဂ သာဂိပါတကား။ သူ့ကိုယ်သူ သူငယ်ချင်းများ အမုန်းခံ၍ Fuck You ဆိုသည့် ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးကို သူငယ်ချင်းများကြား ရပ်တန့်စေရန် ကြိုးစားခဲ့လေသည်။

သူ့သူငယ်ချင်း ကောင်မလေးများ အမြင်မှန်ရမရတော့ မသိ။ ကျွန်တော်ကတော့ သူ့သူငယ်ချင်း ကောင်မလေးများ လူပျို သာဂိကိုတော့ဖြင့် နေရင်းထိုင်ရင်း အလုပ်အကျွေး မပြုတန်ကောင်းရာဟု တွေးမိနေသေးတော့သည်။ ။

သားလတ်
၂၀း၁၀ နာရီ
၂၄.၆.၂၀၁၂

[ ကျွန်တော် သည်ပို့စ်ကို ရေးမည်ကြံတော့ ထို Fuck You ဆိုသော စကားလုံးကို တော်တော် ချင့်ချိန်၍ မည်သို့ချပြရပါမည်နည်းဟု တွေးခဲ့သည်။ သို့သော်နောက်ဆုံး ကျွန်တော့်စာကို ပို၍ ထင်ရှားအောင် ပြုချင်၍ ထိုမူရင်း စကားလုံးအတိုင်း သုံးခြင်းကသာ ပိုသင့်တော်သည်ဟု ဆုံးဖြတ်၍ သုံးလိုက်ပါသည်။ ထိုစကားလုံး၏ ရိုင်းပြမှုမှာ ကျွန်တော်ပြောချင်သော ဆိုလိုရင်းကို ပိုမိအောင် ရည်ရွယ်ရင်း ဖြစ်ပြီး ထိုအတွက် စာဖတ်သူများကို အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကျွန်တော့်ကို နားလည်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ]

Sunday, June 10, 2012

" ပင်လယ်ကို မေးထိုးထားတဲ့ မြို့ "


တောင်ရိပ်နဲ့ပင်လယ်
မြင်တယ်ဆိုကတည်းက ကြည်နူးစရာ။

နှလုံးသားမှာ ချစ်စရာတွေ ပြည့်တဲ့မြို့
မေတ္တာနဲ့ဖြည့်လို့ ကြိုတဲ့အခါ
ဟိုမှာ တောင်ရိပ်ညိုညို
ဒီမှာ ပင်လယ်ကမ်းစိုစို
အို-အပြန်လမ်းဆို လွမ်းသလို ဖြစ်တော့မယ်။

ပင်လယ်ကို မေးထိုးထားတဲ့ မြို့လေ
ညို့နေတဲ့ တောင်ရိပ်ကို မှန်းဆပြီး
ပင်လယ်ကမ်းဘေးက လမ်းမကြီးထက်
တမ်းတပြီး မက်ချင်စရာ
နွမ်းလျခရီးအတွက် အလှတွေလို့ဆိုမလား
ညနေခင်း နေရီရီဈေးတန်းနားမှာ
ချွေးလေးတွေတောင် ခန်းသွားခဲ့ဖူးတယ်။

ပြန်လာဦးမှာပါ
ကံကြမ္မာ မဖုံးသာတဲ့နေ့
မမေ့စရာ မြို့တစ်မြို့ဆီ
ကာရန်သီ ရင်ခုန်လှုပ်ရှား
တောင်ရိပ်ကိုစားရင်း ကျေနပ်
ပင်လယ်ဘေးက မြေမှာ မတ်တတ်ရပ်မယ်
အသက်နဲ့ခန္ဓာပြတ်ကွယ်မသွားခင် တစ်ချိန်မှာ။         ။

သားလတ်
၂၉.၃.၂၀၀၅
၂၂း၂၂ နာရီ

[ စစ်တွေသို့ ]

['မြ'တည်းခိုခန်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်တွင် ရေးသည်။]

[ကျွန်တော် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၂၀၀၅ ခုနှစ်တုန်းက အလုပ်တာဝန်အရ ရောက်ခဲ့တဲ့ အချိန်မှာ စစ်တွေ တက္ကသိုလ်နားက 'မြ' တည်းခိုခန်းမှာ တည်းနေတုန်း ညဘက်မှာ စစ်တွေမြို့နဲ့ ပတ်သက်ပြီး ခံစားရေးဖွဲ့ထားတာပါ။ စစ်တွေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။ စစ်တွေမှာ စစ်တွေ မဖြစ်ပါစေနဲ့။ အချစ်တွေ ဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီကဗျာကို တင်လိုက်ပါတယ်။]

Sunday, June 3, 2012

" လိုင်း "


ကျွန်တော်စင်ကာပူစရောက်တော့ အချိန်ကာလ တစ်ခုမှာ Q ဆိုသော စာလုံးတစ်လုံးကို သိခွင့်ရသည်။ အမှန်ကတော့ Queue ၏ အတိုကောက်ပါ။ တန်းစီပါဟု ဆိုနေခြင်းပင်။ ဘာလုပ်လုပ် စလုံးမှာ တန်းစီရသည်။ လက်ဗွေနှိပ်၊ ကတ်ရိုက်၊ ငွေထုတ်၊ မုန့်ဝယ်၊ သင်္ဘောစီး စသည်ဖြင့် ဘာလုပ်လုပ် တန်းစီရသည်။

စလုံးမှာကလည်း သိကြသည့်အတိုင်း လူကပေါင်းစုံ။ ထိုအခါ Q ဟုပြောလျှင် နားလည်သူ ရှိသလို နားမလည်သူများလည်း ရှိကြသည်။ ကျွန်တော်တို့လုပ်ကွက်ထဲမှာ လုပ်တာကြာလာသောအခါ အလုပ်သမားလေးများကို စလုံးက ကြီးကြပ်ရေးမှူးများ မည်သို့ပြောသနည်းဆိုသည်ကို လေ့လာမိသည်။ သူတို့က ကျွန်တော့်ထက် အလုပ်သမားကို မည်သို့ဆက်သွယ်ပြောဆိုရမည်ကို ပိုသိသည်ဟု ကျွန်တော်ထင်မိသည်။ 

ထင်သည့်အတိုင်း သူတို့က အလုပ်သမားလေးများကို တန်းစီခိုင်းလျှင် Q ဟုမသုံး။ Line တဲ့။ လိုင်း။ ကျွန်တော်လည်း ထိုစကားလုံးကို ပိုသဘောကျမိသည်။ အလုပ်သမားများက နိုင်ငံစုံက လာ၍ Q ဆိုလျှင် တချို့က နားထွေးသွားသည်။ လိုင်း ဟုဆိုလိုက်သောအခါ တစ်ဖြောင့်တည်း ဆွဲထားသော မျဉ်းကို ပြေးမြင်ပြီး သူတို့ဘာသာ သူတို့တန်းစီတော့သည်။ သည်တော့ နောက်ပိုင်း ကျွန်တော်တို့အတွက်လည်း အလုပ်ဖြစ်သည်။ လိုင်း ဟုဆိုလျှင် အားလုံးက အထာသိနေ၏။

ကြာတော့ ကြာပါပြီ။ ပင်နီဆူလာဟု မသိဘဲ စီးတီးဟောဟုသာ လူသိသော နေရာမှာ ကျွန်တော်နှင့် ဇနီးသည် ဈေးဝယ်နေတုန်း ရှေ့မှာ ကောင်လေးတစ်ယောက်က မတ်တတ်ရပ်နေ၍ တန်းစီသည်ထင်ပြီး နောက်က ၀င်ရပ်နေမိသည်။ နောက်တော့ ကောင်လေးက ကျွန်တော်တန်းစီနေတာ မဟုတ်ဘူး အစ်ကို ဟု ပြောတော့ ကိုယ့်ဘာသာ ငွေရှင်းဖို့လုပ်သည်။ သို့သော် ဇနီးသည်က ပစ္စည်းတစ်ခုကျန်နေ၍ ထပ်ရှာချင်သည် ဆိုကာ ထပ်ရှာပြီး ငွေသွားရှင်းသည်။ သည်မှာပဲ အမျိုးသမီး တစ်ယောက်က ခုနကောင်လေးနောက်နားမှာ ရပ်နေရာမှ ဟေ့-ဟေ့ Q လေ။ ဒီမှာ တန်းစီနေတာ ဟု ဆိုသည်။ ကျွန်တော်လည်း ရုတ်တရက်ဖြစ်၍ ကြောင်သွားသည်။ ကျွန်တော်လည်း အများစည်းကမ်းကို လိုက်နာဖို့ ၀န်မလေးသူဖြစ်၍ ကိုယ်များ ဘာမှားနေလဲဟု ကြည့်ရာ ထိုမိန်းမမှာ ကျွန်တော်တို့လို ရှေ့က ကောင်လေးကို တန်းစီနေသူဟု ထင်ကာ သူ့ဘာသာငွေမရှင်းဘဲ တန်းဝင်စီနေခြင်းပင်။ 

သည်တော့ ကျွန်တော်က အစ်မ-သူက တန်းစီနေတာ မဟုတ်ဘူး။ သူ့ဘာသာ တခြားလူကိုစောင့်နေတာ ဆိုမှ သူသဘောပေါက်ကာ ကျွန်တော်တို့ငွေရှင်းပြီး သူပါ ၀င်ရှင်းတော့သည်။ သို့သော်မျက်နှာက မကြည်တော့။ မတတ်နိုင်။ ကျွန်တော်လည်း မမှား။ သူလည်း မမှား။ သူက စလုံးမှာ အသားကျနေ၍ လိုင်း ၏ သဘောကို နားလည်နေတာဖြစ်မည်။ သို့သော် မြန်မာတောမှာတော့ လိုင်းက သိပ်အသုံးမ၀င်တာ သူသိသွားမည် ထင်၏။

နောက်တစ်ခုကျတော့ ကျွန်တော်နေသည့်အိမ်နားက ဘူတာနားမှာ။ ပြီးခဲ့သည့် တစ်ပတ်ထဲမှာ ကျွန်တော်စားနေကျ ထမင်းဆိုင်ကို ညနေဘက်မှာ ရောက်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် အလုပ်ကပြန်လာခဲ့ပြီ ဖြစ်၍ ဗိုက်က ဆာနေလေပြီ။ စာထဲမှာတော့ ဖတ်ဖူးသည်။ ထမင်းတစ်နပ်ငတ်လျှင် အသားတုန်၏။ နှစ်နပ်ငတ်လျှင် ဒေါသထွက်၏။ သုံးနပ်ငတ်လျှင် လူသတ်ချင်၏ ဟု ဆိုသည်။ ကျွန်တော်ကတော့ တစ်နပ်မှ မငတ်သေးဘဲ ဗိုက်ဆာတာနှင့်ပင် အသားက တုန်ချင်၏။

ဖြစ်ချင်တော့ ထိုအချိန်မှာ ကျွန်တော့်ရှေ့၌ ကောင်မလေးတစ်ယောက် ထမင်းဝယ်သည်။ သူက ဆိုင်မှာစားမည်။ ထို့ကြောင့် ရောင်းမည့်သူက ထည့်ပေးနေစဉ် ကျွန်တော့်အလှည့် မရောက်သေး၍ ဟင်းတွေကြည့်ကာ စဉ်းစားနေမိသည်။ နောက်တော့ ကောင်မလေးအလှည့် ပြီးသွားသည်။ ကျွန်တော် မှာတော့မည်ပေါ့။

သို့သော် ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော ကျွန်တော့်ထက် အသက်ကြီးမည်ထင်ရသည့် အမျိုးသမီးတစ်ဦးက ခပ်တည်တည်နှင့် ဟင်းတွေကြည့်ကာ ကောက်မှာတော့သည်။ ရုတ်တရက်တော့ ကျွန်တော့်ဒေါသက ထွက်သွားသည်။ နောက်တော့ အမျိုးသမီးပဲလေ ဟုဆိုကာ စိတ်ကိုထိန်း၏။ စာထဲက စကားအရဆိုလျှင် ထမင်းတစ်နပ်ပင် မငတ်သေး၊ ဒေါသက ထွက်နေလေပြီ။ လိုင်း ရမှာ သူမသိဘူးလားဟု တွေး၏။

သူမက ကျွန်တော့်ကို မသိသလိုလုပ်ကာ သူ့အသိတစ်ယောက် နှင့် စကားပြောတော့မှ အခုမှ အလုပ်ရှာနေသူဟု ရိပ်ဖမ်းသံဖမ်း နားလည်မိကာ ကိုယ့်ဒေါသကိုယ် ဖြေလျှော့ချလိုက်တော့သည်။ သို့သော် ဆိုင်က ရောင်းသူကိုတော့ တန်းစီဖို့ စာကပ်ထားပါလား ဟု အကြံပြုဖြစ်ခဲ့တော့သည်။ ရောင်းသူ ကတော့ မေး၏။ ဘာဖြစ်လို့လဲ၊ တန်းမစီဘူးလား ဟု ဆိုသည်။ ဟုတ်တယ်၊ ကျွန်တော် က ယောက်ျားလေး ဖြစ်နေလို့ ဘာမျှ မပြောတော့တာ ဟု ပြန်ရှင်းပြတော့ သူလည်း ဈေးရောင်းနေ၍ မသိလိုက်ကြောင်း ရှင်းပြသည်။ ကျွန်တော် ဘာမျှ မဆိုဖြစ်တော့။ 

ကိုယ်ရသည့် ထမင်းပွဲကို ယူပြီး လွတ်ရာ ကျွတ်ရာသွားစားဖို့ စားပွဲလွတ်ကိုရှာပြီး ၀င်ထိုင် စဉ်မှာ ဖြစ်ချင်တော့ ထိုအမျိုးသမီးက ကျွန်တော့်ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာ ထိုင်၍ အားရပါးရ တွယ်နေလေသည်။ တော်တော် တရားကျဖို့ပင်ကောင်းသေး၏။ ဆာနေသည့် ကျွန်တော်က တန်းစီစောင့်ခါမှ နောက်ကလာသူက ဘုမသိဘမသိ ကျော်ဝင်ကာ မှာ၍ မြိန်ရည်ယှက်ရည် စားနေသည့်အခါ မျက်နှာလွှဲကာ ကိုယ့်ထမင်းကိုယ်သာ အာရုံစိုက် စားမိလိုက်တော့သည်။ ကျွန်တော်တို့ မြန်မာတွေကြားမှာတော့ လိုင်းတွေဘာတွေ သွားပြောနေလျှင် မောပြီး ထမင်းငတ် သွားနိုင်သည် ဟု ကျွန်တော် တွေးမိသေးသည်။

ထို လိုင်း ဟု ခေါ်သည့် တန်းစီရသည်ကို စဉ်းစားနေရင်း ခေါင်းထဲကို အတွေးတစ်ခုက ထပ်ဝင်သည်။ ကျွန်တော် မြန်မာပြည်မှာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတစ်တန်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှာ တက်နေစဉ် ကျွန်တော်နှင့် ခင်သော ညီငယ်တချို့က ကျွန်တော့်ကို ပြောသည်။

အစ်ကို ကျောင်းအပြင်သွားရင် ကြည့်သွားနော် တဲ့။ ကျွန်တော်သဘောမပေါက်။ ဘာဖြစ်လို့လဲ ဟုမေးတော့ ကျောင်းအပြင် ခပ်လှမ်းလှမ်းမှာ ကောင်မလေးတွေ မတ်တတ်ရပ်နေတယ် ဟုဆိုသည်။ သူတို့ဘာသာ ရပ်တာ ငါကဘာလုပ်ရမှာလဲ ဟု စဉ်းစားနေတုန်း ကောင်လေးတွေက ကျွန်တော်သဘောမပေါက်ဘူး ထင်ပြီး အဲဒါတွေက ရိုးရိုးမဟုတ်ဘူးအစ်ကို၊ လိုင်းတွေ ဟုဆိုမှ ကျွန်တော်သဘောပေါက်တော့သည်။

မကောင်းတာလုပ်စားနေသော ကောင်မလေးတချို့ ကျွန်တော်တို့ ကျောင်းနားမှာ၊ ကျောင်းရှေ့က လမ်းပေါ်မှာ တစ်ယောက်စ၊ နှစ်ယောက်စ ရစ်သီရစ်သီ လုပ်ရင်း ကားမျှော်နေတတ်သည်ကို ရည်ညွှန်း၍ ပြောခြင်းပင်။ ကျွန်တော်တို့ ကျောင်းက ကျောင်းသူများပင် သူတို့ကြောင့် အဖော်ပါမှ ထိုလမ်းကို ဖြတ်ကြတော့၏။

ပြောရလျှင် လိုင်း က စလုံးမှာ ကျွန်တော်တို့ မြန်မာများနှင့် သိပ်ပြီး မရင်းနှီးသလို ရှိသည်။ လုပ်ငန်းခွင်မှာသာ အများနှင့် ရောကာ၊ သို့မဟုတ် ပြင်ပက စလုံးများနှင့် ရောနှောရသည့်အခါမျိုးမှာသာ လိုင်းချင်လျှင် လိုင်းလိမ့်မည်။ ပင်နီဆူလာလို မြန်မာများသည့်နေရာတို့၊ မြန်မာထမင်းဆိုင် ရှိသည့် တခြားနေရာတို့မှာတော့ လိုင်းချင်မှလိုင်းလိမ့်မည်။ ပိုဆိုးသည်က မနေ့တစ်နေ့ကမှ စလုံးကို ရောက် လာသော မြန်မာများရှိလျှင်တော့ လိုင်း က ပြဿနာရှိနေလိမ့်မည်။ သူတို့က သိမှမသိတာကိုး။

အခုမှ ရောက်လာသော မြန်မာများသာ လိုင်းကို စလုံးမှာ မသိ ရှိချင် ရှိမည်။ မြန်မာပြည် မှာ နေပြီး မြန်မာပြည်မှာသာ ကျင်လည်နေသူများကတော့ လိုင်းကို ကောင်းကောင်း သိနေလိမ့်မည် ဟု ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော်သိသော မြန်မာပြည်က လိုင်းတွေကတော့ တန်းမစီ။ တစ်ယောက်စ၊ နှစ်ယောက်စ ရစ်သီရစ်သီနှင့် လမ်းဘေးမှာ ရပ်စောင့်တတ်သလို အဆင့်မြင့်သွားလျှင်တော့ အဆောက်အအုံတွေပေါ်မှာ အောင်မြင်နေတတ်သည်ကို ကြားဖူးနားဝ ရှိနေမိသည်။

မည်သို့ဆိုစေ စလုံးက လိုင်းက တန်းစီ၍ နေရာယူခြင်းကို ကိုယ်စားပြု၍ ကောင်းပါသည်ဟု ဆိုနိုင်သော်ငြား ကျွန်တော်တို့နိုင်ငံက တန်းမစီသော လိုင်းတွေ များနေခြင်းကတော့ မကောင်းဟု ကျွန်တော် ခံစားနေမိသည်။             ။

သားလတ်
၂၀း၄၃ နာရီ
၃.၆.၂၀၁၂

Wednesday, May 30, 2012

"ယောနသံစင်ရော်ရဲ့ ကျွန်တော်"


' အမြင့်ဆုံး ပျံတဲ့ စင်ရော်ဟာ
အဝေးဆုံးမြင်သတဲ့ ' ။

သမားရိုးကျဖြစ်စဉ်တွေကိုမှ
သူကထိုးခွင်းပိုင်းခြားဖောက်ထွက်
ပင်လယ်ထက်မှာ ပျံသန်းခြင်းရဲရင့်
အုပ်စုထဲမှာ စိတ်ဓာတ်အမြင့်မားဆုံး
ပျံသန်းရာမှာလည်း အမြင့်မားဆုံး၊ အမြန်ဆုံး။

အမှန်တရားကို မသိခင်တော့
အုပ်စုက ကျဉ်ဖယ်ခြင်းခံရ
သူ့ဘ၀က အားလုံးကိုဆန့်ကျင်
(ဒါပေမဲ့......)
အမှန်မြင်ချိန်မှာတော့ သူဟာစွမ်းအားရှင်။

မုန်းတီးခြင်းနဲ့ မကောင်းမှုကိုရွံရှာတတ်ရင်း
မေတ္တာကိုခင်းထားတဲ့ သူ့လမ်း
ထက်မြက်တဲ့စွမ်းအား
အုပ်စုထဲကတောင် ခွဲထွက်လာတဲ့တပည့်ခံသူများ
သူ့အမွေတွေခံစားဖို့ထားရစ်
ပြီးတော့ ခြေရာသစ်တွေဆီ သူ့ခရီးဖြစ်ခဲ့ပြီ။

' အို-ယောနသံစင်ရော် '
အန္ဓပုထုဇဉ်တွေအတွက် သင်ဟာမီးပြတိုက်ပါ။
ကျွန်တော့်အတွက်တော့ သင်ဟာကိုယ်ပွားတစ်ခုပါ။

ဘ၀ရဲ့အမှန်ဆိုတာတွေဟာ
ယောနသံရဲ့ ရင်ထဲမှာရှိနေဆဲ
ကုန်ဆုံးခြင်းမရှိတဲ့ လမ်းသစ်တွေအတွက်
ယောနသံရဲ့ စွန့်စားချက်
ခက်ခဲတဲ့အသက်ကို ဥပေက္ခာပြုလို့
ဘ၀ဆိုတာတစ်ခုကို ချမှတ်အကောင်အထည်ဖော်
ပင်လယ်ပျော်စင်ရော်တွေရဲ့ကြားမှာ ငြီးငွေ့
ဘယ်လိုမှ မမေ့နိုင်စရာခရီးထဲ တရွေ့ရွေ့နှင်ခဲ့ပေါ့။

သူ့အသိရဲ့အမှန်ဟာ
အန္ဓတွေအတွက် အမှား။
သူ့လုပ်ရပ်ရဲ့ သဏ္ဌာန်ဟာ
အန္ဓတွေအတွက် အလကား။
စားဖို့အသက်ရှင်သူတွေနဲ့
အသက်ရှင်ဖို့စားသူတွေရဲ့ကြားက ပဋိပက္ခ
ယောနသံရဲ့ တိကျတဲ့အဖြေ
အဆုံးသတ်မှာ အန္ဓတွေအတွက် ရှင်းလင်းနေခဲ့ပြီ။

' အို-ယောနသံစင်ရော် '
အန္ဓပုထုဇဉ်တွေအတွက် သင်ဟာအမုန်းအားပါ။
ကျွန်တော့်အတွက်တော့ သင်ဟာနှလုံးသားပါ။

' အို-ယောနသံရေ '
ပင်လယ်ရေမျက်နှာပြင်ထက်သာမက
ကမ္ဘာမြေပေါ်မှာ ထာဝရ လွတ်လပ်စွာဝဲပျံနိုင်ပါစေ။

ချစ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့အရောင်
အလင်းနဲ့အမှောင်ရဲ့သင်္ကေတ
ကန္တာရနဲ့စမ်းရေရဲ့နိမိတ်ပုံ
သိခြင်းနဲ့မသိခြင်းရဲ့ ရုပ်ဝတ္ထု
မုန်းတီးခြင်းနဲ့မကောင်းမှုရဲ့အလျဉ်
အားလုံးကို ထင်ရှားစေဖို့အတွက်
အတောင်ဝှက်ပျံလာမယ့် အသင့်ကို
ကျွန်တော်မျှော်လင့် ကြိုဆိုနေပါတယ်
ဘယ်ဆီမှာလဲ ယောနသံရယ်....
ပျံလာခဲ့ပါ ယောနသံရယ်....။            ။

သားလတ်
၁၁.၂.၉၆

[ Jonathan Livingston Seagull by Richard Bach ကိုဘာသာပြန်ဆိုထားသော ဘသန်း(ဓမ္မိက)၏' ယောနသံ စင်ရော်'၊ ထင်လင်း၏ 'ပင်လယ်ပျော်စင်ရော်' တို့ကို ခံစားရေးဖွဲ့ပါသည်။]
(အန္ဓ= အကန်း၊ ပုထု= အများ၊ ဇန=လူ)

Monday, May 28, 2012

" လမ်းလျှောက်ရင်း လမ်းပျောက်နေသူ "


အမေ........

ကျွန်တော် လူ့လောကထဲဖြတ်သန်းလာတာ လူ့သက်တမ်း တစ်ဝက်လောက်ကိုတောင် ကျော်လွန် သွားသလို ဖြစ်နေပြီ အမေ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့လမ်းမှာ ဘ၀ဆိုတာ ဘာလဲလို့ စမ်းတ၀ါးဝါး တီးခေါက်ရင်း ဟိုတိုးဒီတိုး လျှောက်ခဲ့ဖူးတာပေါ့အမေ။

တကယ်တော့ ကျွန်တော့်မှာ ရည်မှန်းချက်အပြည့်ရှိခဲ့ဖူးတယ် အမေ။ ဆယ်တန်းအောင်ရင် ဆရာဝန်ဖြစ်ရမယ်ပေါ့။ ဒါပေမဲ့ ဆရာဝန်တော့ မဖြစ်ခဲ့ဘူး အမေ။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက အချိန်ကာလ တစ်ခုမှာ ကျွန်တော်ဟာ ဘာမျှ မသိသူတစ်ယောက်ပေါ့ အမေ။ ကျွန်တော်ကိုးတန်းနှစ်မှာ အဖေ့အလုပ် အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ကျွန်တော် မသိခဲ့ဘူးအမေ။ လူတွေရဲ့ အကြောင်းကိုပါ။ အဲဒီရဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်လူတွေကို ကောင်းကောင်းသိလာတယ်အမေ။ လောကကို စပြီး နည်းနည်းနားလည်လာတယ် အမေ။ ရာထူး၊ ဂုဏ်ပကာသန၊ အဆောင်အယောင်တွေကြောင့် ဟန်ဆောင်မှုတွေကို မျက်နှာဖုံးတတ်ထားခဲ့တဲ့ လူတွေကို ကျွန်တော်ကိုးတန်းနှစ် မှာပဲ သေသေချာချာ မြင်ခွင့်ရခဲ့တယ်အမေ။ အဲဒီအချိန်မှာ ကျွန်တော့်ကို နားလည်ပေးနိုင်ခဲ့တာ ကျွန်တော့်ငယ်သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေပေါ့ အမေ။

ဆယ်တန်း အောင်စာရင်းကတော့ ကျွန်တော့်ကို လောကမှာ ရည်မှန်းထားတိုင်းလည်း ရည်ရွယ်တာတွေ မဖြစ်တတ်ဘူးဆိုတဲ့ နိယာမတစ်ခုကို သေသေချာချာ ရိုက်သွင်းပေးခဲ့တာပေါ့။ ကျွန်တော် ဆရာဝန်တော့ မဖြစ်ခဲ့ဘူးအမေ။ ဒါပေမဲ့ အင်ဂျင်နီယာ တစ်ယောက်တော့ ဖြစ်ခွင့်ရခဲ့တယ်။ သေသေချာချာ စဉ်းစားတော့ ကျွန်တော့်အတွက် သင့်တော်တဲ့နေရာ တစ်နေရာကို ကံကြမ္မာက ဖန်တီးပေးခဲ့ပါလားလို့တော့ ထင်မိတယ်အမေ။ ကျွန်တော် လောကကို အလိုက်သင့် လိုက်ပြောင်းဖို့ ကြိုးစားမိတာလား မသိပါဘူး အမေ။

တစ်ခါတစ်ခါကျတော့လည်း ကံကြမ္မာကို အံ့ဩမိတယ် အမေ။ ခြောက်နှစ်တက်ရတဲ့ ကျွန်တော်တို့ကျောင်းမှာ တစ်တန်းမှ မကျဘဲ ကျွန်တော်အပါအ၀င် သူငယ်ချင်းတွေ ခုနစ်နှစ် နေခဲ့ရတယ် အမေ။ တကယ်အလုပ်လုပ်ရမယ် ဆိုတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးဟာ ကျောင်းပရိဝုဏ်ထဲမှာပဲ ရှိနေခဲ့သေးတယ်။ လောကရဲ့ အံချော်မှုတွေလို့ပဲ ကျွန်တော်ပြောမယ် အမေ။

ဘာပဲဖြစ်ဖြစ် အဲဒီအချိန်၊ အဲဒီကာလမှာ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်တစ်သားတည်း ဖြစ်ခဲ့တယ် အမေ။ ပြီးတော့ အမေလေ........။ ကျွန်တော့်ကို စိတ်ရှည်ခဲ့တယ်။ ကျွန်တော့်ကို နားလည်ခဲ့တယ်။ ကျွန်တော့်ကို သည်းခံခဲ့တယ်။ ကျွန်တော့်ကို မျှော်လင့်ခဲ့တယ်။ ကျွန်တော်ဟာ အင်ဂျင်နီယာ အလောင်းအလျာပေါ့။

ဒီလိုနဲ့ ကျောင်းပြီးလို့ ဘွဲ့မရခင်မှာပဲ အလုပ်တန်းရခဲ့တော့ ကုမ္ပဏီတစ်ခုမှာ။ အမေ ကျွန်တော့်အတွက် ၀မ်းသာလို့ပေါ့။ အမေ ကျွန်တော့်အတွက် ပျော်လို့မော်လို့ပေါ့။ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး အင်တာဗျူးမှာ အလုပ်တန်းရခဲ့တာကိုး။

ဒါပေမဲ့ သိပ်မကြာပါဘူး။ လစာနဲ့ အလုပ်ချိန် မမျှတဘူးဆိုတဲ့ အသိနဲ့ ကျွန်တော်အလုပ်ကထွက်ပြီး ၀န်ထမ်းလောကထဲကို ကူးဖို့ကြိုးစားခဲ့ပါရော။ ဒါပေမဲ့ အမေ မကန့်ကွက်ခဲ့ဘူး။ အမေ ဘာမှမပြောခဲ့ဘူး။ အမေ သဘောမတူကြောင်း မျက်နှာမှာတောင် ရိပ်ခနဲ မပြခဲ့ဘူး။ မိုက်လိုက်တဲ့သားလို့ ကင်ပွန်းမတတ်ခဲ့ဘူး။ ကျွန်တော်ဟာ အမေ့သား ဖြစ်မြဲပေါ့ အမေ။

တကယ်တမ်းကျတော့ ကျွန်တော်က ငမိုက်ပါ အမေ။  ငယ်စဉ်ဘ၀၊ ကျောင်းသားဘ၀ ကတည်းက ရူးသွပ်ခဲ့တဲ့ စာရေးတဲ့သူတစ်ယောက်ရဲ့ ဘ၀ကို တမ်းမက်ရင်း ကျွန်တော်ပိုလိုချင်ခဲ့တဲ့ အချိန်ဆိုတာကို လိုက်ဖမ်းရင်း ၀န်ထမ်းလုပ်မယ် စိတ်ကူးခဲ့တာ အချိန်ပိုမရတဲ့ အပြင် အမေ့အနားမှာ နေခွင့်တွေပါ လက်လွှတ်ခဲ့ရတာပေါ့ အမေ။

ကျွန်တော်သိလာခဲ့ပြီ အမေ။ အမေနဲ့ အဝေးကို ရောက်နေချိန်မှာ အမေ့လို နွေးထွေးမှု ဘယ်သူမျှ မပေးနိုင်ခဲ့ဘူး။ အမေ့လို ဂရုစိုက်မှု ဘယ်သူမျှ မထားနိုင်ခဲ့ဘူး။ အမေ့အိမ်ရဲ့ အေးမြမှု ဘယ်မှာမျှ မရနိုင်ခဲ့ဘူး။

ခရီးတွေရဲ့ လမ်းခုလတ်မှာ ကျွန်တော်သောင်တင်နေခဲ့ဖူးတယ် အမေ။ ကျွန်တော်လမ်းပျောက်နေခဲ့ဖူးတယ် အမေ။ လူတချို့ ကျွန်တော့်ကို နောက်ကျောက ဓားနဲ့ထိုးတယ်။ သူတို့ ရာထူးတည်မြဲဖို့အတွက်ပေါ့။ လူတချို့ ကျွန်တော့်နေရာကို လုတယ်။ သူတို့ မလုပ်နိုင်တာတွေ ကျွန်တော်လုပ်ပြတာ မကြိုက်လို့ပေါ့။ လူတချို့ ကျွန်တော့်ကို ချုပ်ကိုင်ဖို့ ကြိုးစားတယ်။ သူတို့နားမလည်ဘဲ ကျွန်တော့်ကို အမိန့်ပေးဖို့ပေါ့။

ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် ရွေးခဲ့တဲ့လမ်းမှာ ကျွန်တော့်ကို ခုတုံးလုပ်တဲ့သူ၊ ကျွန်တော့်ကို မနာလို မရှုစိမ့်တဲ့သူ၊ ကျွန်တော့်ကို လုပ်ကြံတဲ့သူ၊ စုံလို့ပါပဲ အမေ။ အဲဒီအချိန်မှာ ကျွန်တော်တွေးနေတာ အမေ့ရင်ခွင်ပါ။ ကျွန်တော်ငယ်ငယ်က မသိခဲ့တဲ့ အမှားရယ်၊ အမှန်ရယ် ဆိုတာကို နည်းနည်း သိလာချိန်မှာ အပူအပင်ဆိုတာ လုံးဝမရှိတဲ့ အမေ့ရင်ခွင်ကို ကျွန်တော်တောင့်တမိပြန်ပါတယ် အမေ။ ငြိမ်းငြိမ်း ချမ်းချမ်းလေး မှေးစက်နေဖို့ပါ။ ကျွန်တော်ဟာ အမေ့ရင်ခွင်ထဲမှာ အပြစ်ကင်းတဲ့ ကလေးလေး တစ်ယောက်လို အမြဲရှိနေမှာ သေချာလို့ပါ အမေ။

ဒီလိုနဲ့ပဲ ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့တဲ့အခါ ကျွန်တော်ဟာ ဒီထက်ကြီးမားတဲ့ ရည်မှန်းချက်တွေ ချပြီး အမေနဲ့ အဝေးကို ထွက်ခဲ့ပြန်ပါရောလား။ ဒီတစ်ခါတော့ ပိုဆိုးတယ် အမေ။ သူစိမ်းတွေကြားထဲကို ရောက်သွားတာပါ။ သူတို့ကတော့ မြန်မာစကားလည်း မပြောတတ်တော့ ပိုပြီး ရက်စက်ပါတယ် အမေ။ ပိုပြီး ကရုဏာမဲ့ပါတယ် အမေ။ ဒါပေမဲ့ သူတို့နှိပ်စက်နေတာမဟုတ်ပါဘူး။ ပညာပြရုံ ကလေးပါ။ အလုပ်တွေ ပေးရုံကလေးပါ။ သိပ်လှတဲ့ ကစားကွက်တွေကြားမှာ ကျွန်တော်ဟာ ခံစစ်သက်သက် ကစားနေရတယ် အမေ။ ဒါပေမဲ့ ဒီတစ်ခါက ကျွန်တော့်ရဲ့အနာဂတ်နဲ့ ဆိုင်လို့ အချိန်ကာလ တစ်ခုအထိတော့ ကျွန်တော် သည်းခံနေဦးမယ် အမေ။

သေချာတာတော့ အမေနဲ့ ဝေးတဲ့အခါ အရာရာဟာ မငြိမ်းချမ်းဘူး အမေ။ ကျွန်တော်ဟာ လမ်းပေါ်မှာ လျှောက်ရင်း လမ်းပျောက်နေတယ်အမေ။ ကျွန်တော့်ရဲ့စိတ်မှာ အမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်ကိုပဲ အမြဲလို တမ်းတနေတယ် အမေ။ ကျွန်တော့်ဘ၀အတွက် ပန်းတိုင်ကို လှမ်းနေတုန်းမှာ အနေဝေးနေပေမယ့် ကျွန်တော် ဘယ်တော့မှ မမေ့ဘူး အမေ။

အသက်အရ ကျွန်တော်ကြီးလာခဲ့ပြီ အမေ။ ဒါပေမဲ့ ကျွန်တော်ဟာ အမေ့အတွက် ကလေးလေးပါ။ ကျွန်တော် လမ်းတွေ အများကြီး ဖြတ်ခဲ့ဖူးပြီ အမေ။ ဒါပေမဲ့ ကျွန်တော်ဟာ လမ်းပျောက်နေဆဲပါ။ အရွယ်အရ ကျွန်တော်ဟာ ရင့်ကျက်သင့်ပြီ အမေ။ ဒါပေမဲ့ ကျွန်တော်ဟာ သင်ယူနေဆဲပါ။

ကျွန်တော် တွေးနေပါတယ် အမေ။ ကျွန်တော်တို့ ရှင်သန်ရခြင်းရဲ့ အဓိပ္ပါယ်တွေကိုပါ။ ငွေရှာတာ တစ်ခုတည်းနဲ့ ကျွန်တော် မရှင်သန်နိုင်ဘူး အမေ။ မေတ္တာမရှိဘဲနဲ့ ကျွန်တော် မနေနိုင်ဘူး အမေ။ ကျွန်တော်ဟာ ကျွန်တော်တစ်ယောက်တည်း အတွက် မရှင်သန်ချင်ဘူး အမေ။ ကျွန်တော်က မေတ္တာရှိတဲ့ အရပ်မှာ ပျော်သူပါအမေ။ ကျွန်တော်တစ်နေ့မှာ အမေ့အနားမှာ ပြန်နေမယ် အမေ။ ကျွန်တော်ပျောက်နေတဲ့လမ်းက အဲဒီမှာ အဆုံးသတ်မှာ အမေ။ ကျွန်တော် ပိုက်ဆံရှာပြီး အမေ့ကို စောင့်ရှောက်ခဲ့တာက တစ်ပိုင်း၊ အမေ့အနားမှာ နေပြီး ခြေဆုပ်လက်နယ် ပြုစုရင်း အမေ့ရင်ခွင်ရိပ်မှာ နေချင်တာက တစ်ပိုင်းမို့ ကျွန်တော့်ရည်မှန်းချက် ပြည့်ပြီဆိုရင် အမေ့အနားကို ကျွန်တော် ပျောက်နေတဲ့လမ်းပေါ်ကနေ ပြန်လာခဲ့မယ် အမေ။

အခု လောလောဆယ်တော့ ကျွန်တော်ချစ်တဲ့ ကိုငှက်(ထူးအိမ်သင်) သီချင်းတစ်ပုဒ်ကို အမေ့ကို လွမ်းစိတ်နဲ့ ကျွန်တော်နားထောင် နေမိတယ်အမေ။ အမေနဲ့ ပတ်သက်ရင် ကျွန်တော်လည်း ကိုငှက်လိုပဲ အရမ်းခံစားရပါတယ် အမေ။ အခု ကျွန်တော်နားထောင်နေတဲ့ သီချင်းလေးဟာ ဖိုးဇော် ဆိုတဲ့ တေးရေးဆရာ တစ်ယောက်ရေးပေးထားတာကို ကိုငှက်ဆိုထားတာပါ။ ' လမ်းပျောက်တဲ့သား' တဲ့။

ပြောရရင် ကျွန်တော့်ဘ၀မှာ သီချင်းတွေ မရေမတွက်နိုင်အောင် နားထောင်ဖူးပေမယ့် သီချင်းတစ်ပုဒ်ကို ဘယ်အချိန်မှာ နားထောင်နားထောင် မျက်ရည်မ၀ဲဖူးပါဘူး။ ဒါပေမဲ့ ဒီသီချင်းကတော့ ကျွန်တော်အာရုံစူးစိုက်ပြီး နားထောင်မိတဲ့အချိန်၊ အရမ်းခံစားရပြီး မျက်ရည်ဝဲရသလို တစ်ခါတစ်ခါ စိတ်မထိန်းနိုင်ရင် မျက်ရည်တွေ ပါးပေါ်ကို စီးကျစေတဲ့ သီချင်းပါ အမေ။ အဲဒါကို ကျွန်တော်တစ်ယောက်ပဲ သိပါတယ်အမေ။ အဲဒီအခါ ကျွန်တော်တစ်ယောက်တည်းပဲ တိတ်တိတ်ကလေး မျက်ရည်သုတ်ပါတယ် အမေ။ အဲဒီသီချင်းကို ကျွန်တော့်ရင်နဲ့ အမြဲ နားထောင်ပါတယ်အမေ။ အမေခံစားနိုင်ပါစေ။

တေးရေး ဖိုးဇော်ကို ကျေးဇူးတင်သလို ကိုငှက်ကိုလည်း ကျေးဇူးတင်ပါတယ်။ အမေကို သတိရတဲ့သူတွေလည်း ကျွန်တော့်လို ခံစားတတ်မယ်လို့ ယူဆမိပါတယ်။ အမေ့ အတွက်ပါဗျာ။

သားလတ်
၃း၂၉ နာရီ
၂၇.၅.၁၂







Sunday, May 27, 2012

"ကြည်နူးရပါသည်"

အလုပ်ထဲမှ မြန်မာ အလုပ်သမားလေးများနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားလေးများ ဘောလုံး ချိန်းကန်ကြမည်ဟု သူတို့ချင်းပြောနေသံကို တစ်ရက်မှာ ကျွန်တော်ကြားရသည်။ ဘကုန်းလေးများက စ၍ တောင်းဆိုခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားလေးများက ပြောသည်။ ဘကုန်းလေး များက လောင်းကြေးနှင့်တောင် ထပ်ခေါ်တာဟု ဆို၏။ စင်ကာပူဒေါ်လာ တစ်ထောင်ကြေးဟု သိရသည်။

သို့သော်မြန်မာများက စင်ကာပူဒေါ်လာ တစ်ထောင်သည်များသည်။ ထို့ကြောင့် ငါးရာကြေးသာ ကစားပါဟု ဆိုသည်။ သို့သော် ထိုငါးရာကို မည်သူနိုင်နိုင် ပွဲပြီးသည်နှင့် ပျော်ပျော်ပါးပါး သွား၍ စားကြမည်ဟု သဘောတူကြသည်။ 

သူတို့ မည်သည့်အချိန်၊ မည်သည့်နေ့တွင် ကန်မည်ကို ကျွန်တော်မသိ။ သို့သော် နည်းနည်းတော့ စိတ်ဝင်စားမိသည်။ ကျွန်တော်လည်း ဘောလုံးကို ၀ါသနာပါ ပါသည်။ သူတို့လို မကန်နိုင်တော့တာသာ ရှိ၏။ ကျွန်တော်က ဘေးအန္တရာယ် ကင်းရှင်းရေးကို အလုပ်ထဲမှာ တာဝန်ယူထားသူ ဖြစ်ရာ သူတို့နှင့် ဘောလုံးရောကန်ဖို့ ဆိုသည်က မဖြစ်နိုင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အရောဝင် အရိုအသေတန် ဆိုသောစကားလို ဖြစ်မှာကို စိုးသည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်ကတော့ မြန်မာအလုပ်သမားများ ဘောလုံးကန်မည်ဆို၍ ကျွန်တော်က ကြားထဲကနေ ဒိုင်အဖြစ် တာဝန်ယူပေးခဲ့သည်။ ဒါတောင် ကျေးဇူးရှင်များက ဘာလောင်းကြေးမှ မဟုတ်ဘဲ ကျွန်တော့်ဆုံးဖြတ်ချက်ကို စောဒက တက်ချင်သေးသည်။ ယခုကစားမှာက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားလေးများ ကန်မှာဖြစ်သည်။ ကျွန်တော့်အနေနှင့် မည်မျှပင် သမာသမတ် ကျသည်ဟု ကိုယ့်ကိုယ်ကို ၀န်ခံခံ၊ မည်သူမျှ ယုံမှာမဟုတ်။

နိုင်ငံတကာ ဘောလုံးပွဲများတွင်ပင် တကယ့်ပြိုင်ပွဲများ၌ ပွဲစဉ်အလားအလာကို ကြည့်ပြီး ဒိုင်ကို တာဝန် ခွဲပေးတတ်သည်။ နိုင်ငံတစ်နိုင်ငံမှ အသင်း တစ်သင်း တက်လမ်းပွင့်နိုင်သည့် အချိန်မှာ အခြားနိုင်ငံနှစ်သင်း ကန်သည့်ပွဲမျိုးကို ထိုတက်လမ်းရှိသော အသင်းရှိသည့် နိုင်ငံမှ ဒိုင်မျိုးတာဝန် မချခြင်းသည် မျှတမှုပင်။ ထိုသို့မဟုတ်ပါက အနှီဒိုင်မှာ သူတာဝန်ယူနေသော နှစ်သင်းကို သူ့နိုင်ငံအသင်း တက်လမ်းပွင့်စေရန် ကြိုက်သလို ဆုံးဖြတ်နိုင်ပေသည်။ ဥပမာ-တစ်သင်းရှုံးလျှင် သူ့နိုင်ငံအသင်း တက်နိုင်၍ ထိုအသင်းမရှုံးရှုံးအောင် တစ်ဖက်အသင်းကို ပြစ်ဒဏ်ဘောများပေး၊ ပင်နယ်တီပေး စသည်ဖြင့် မရှုံးရှုံးအောင် လုပ်၍ ရနေပေသည်။ ဘောင်အတွင်းက ညစ်ပတ်ပြီး သူ့နိုင်ငံအသင်း နိုင်အောင် လုပ်ခြင်းပင်။

ထိုအကြောင်းအရာများကို သိသော ကျွန်တော်က မြန်မာအလုပ်သမားများပါသော အသင်းနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများပါသော အသင်းတို့ကန်သော ဘောလုံးပွဲစဉ်ကို ဒိုင်လုပ်ရမည် ဆိုသောအခါ လုံးဝ မလုပ်လို။ သို့သော် လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ယူပြီး လူကြီးလို ဖြစ်နေသော ကျွန်တော့်ကို မြန်မာအလုပ်သမားလေးများက ဒိုင်လာလုပ်ပေးစေချင်သည်။ ကျွန်တော့်ကို သူတို့ ခေါ်ကြသည်။ ကျွန်တော်ကား လုံးဝမလာနိုင်ကြောင်း ငြင်းရလေသည်။

သည်လိုနှင့် နေလာရင်း တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်အလုပ်သမားလေးများ အလုပ်လုပ်နေသော နေရာသို့ ကျွန်တော်ရောက်စဉ် ကျွန်တော့်ကို ဘကုန်းအလုပ်သမားလေးက မေးပါသည်။ ကျွန်တော်က ဖြေပါသည်။

" Safety မင်း ငါတို့ ဘောလုံးကန်မှာသိလား "

" သိတယ်။ ဘာဖြစ်လို့လဲ "

" မင်းမလာဘူးလား "

" ငါမအားဘူးကွ "

" ငါတို့က မင်းကိုလာစေချင်တယ် "

" ဘာဖြစ်လို့လဲ "

" ဒိုင်လုပ်ပေးဖို့"

" ငါက မြန်မာလေ။ မင်းတို့နဲ့ မြန်မာနဲ့ ကန်မှာ။ ငါက ဒိုင်လုပ်တော့ မင်းတို့ကို မျက်နှာသာ မပေးမှာ မစိုးရိမ်ဘူးလား "

ကျွန်တော် ထိုသို့ပြောလိုက်စဉ်မှာ ဘကုန်းလေးက ကျွန်တော့်ကို တစ်ခွန်းပဲ ပြန်ပြောပါသည်။

" I believe u " တဲ့။

ကျွန်တော့်ကို မြန်မာအလုပ်သမားလေးများက အပြုံးနှင့် လှမ်းကြည့်ပါသည်။ ကျွန်တော်က ဘကုန်းလေးကို အပြုံးနှင့် ကြည့်လိုက်ပါသည်။ နောက်တော့ သူ့ကို ရှင်းပြလိုက်ပါသည်။

" ကျေးဇူးတင်ပါတယ်။ မလာနိုင်ပါဘူး။ ငါက ပိတ်ရက်တစ်ရက် ရမှ အားလုံးကို ရှင်းတာ။ အလုပ်တွေက ပိတ်ရက်မှာတောင် တစ်နေကုန်တယ်ကွ။ တခြားသူ ဒိုင်လုပ်ပါလိမ့်မယ်ကွာ "

ကျွန်တော်ထိုသို့ပြောပြီး သူတို့အနားက ခွာခဲ့ပါသည်။ နောက်တော့ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေဝင်ပါတော့သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘကုန်းလေး ပြောလိုက်သည့် စကားအတွက် ကျွန်တော်ကျေနပ်မိပါသည်။ အကြောင်းက သည်လိုပါ။ ကျွန်တော် အလုပ်ထဲမှာ ရှိနေစဉ် ကြည့်ရှုစောင့်ရှောက်ရမည့် သူများမှာ လူမျိုးပေါင်းစုံ ဖြစ်ရာ မြန်မာကိုသာ ဂရုစိုက်မည်ဟု ကျွန်တော့်စိတ်ထဲ လုံးဝမရှိခဲ့ပါ။ ထိုအတွက် ကျွန်တော့်စိတ်ရင်းမှန်ကြောင်း ထိုဘကုန်းလေးစကားက သက်သေခံသလို ရှိပါသည်။ ထိုအတွက် ကျွန်တော်ကြည်နူးပါသည်။

နောက်တစ်ချက်က သူ့စကားကို ကြည့်ခြင်းအားဖြင့် ကျွန်တော်လုပ်နေသော အလုပ်မှာ သူတို့နှင့် ပတ်သက်၍ ကျွန်တော်မျှတခဲ့ပါသည်ဆိုသည်ကို သက်သေပြသလို ရှိပါသည်။ ဆိုလိုသည်မှာ မည်သို့သော ပြဿနာရှိပါစေ။ ကျွန်တော်သည် မှန်သည့်ဘက်ကသာ လိုက်ခဲ့ပါသည်ဟု မမေးလည်း ဖြေခဲ့သလိုပင်။ သည်အတွက် ထိုစကားတစ်ခွန်းကို ကျွန်တော်ကြည်နူးပါသည်။

နောက်တစ်ချက်ကျတော့ ပိုပြီး အရေးပါသည်။ ထိုအချက်ကြောင့်လည်း ကျွန်တော် သည်ပို့စ်ကို ရေးဖြစ်ခဲ့ တာဖြစ်သည်။ အကြောင်းက ကျွန်တော့်ဘလော့ကို ရံဖန်ရံခါ သူများပြောစကားနှင့် လာလည်ပြီး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လာဖတ်၍ လူမျိုးရေး ခွဲခြားသည်ဟု ထင်ချင်သော သူများကို ထိုစကားတစ်ခွန်းနှင့် ကျွန်တော့်စိတ်ထား မည်သို့ရှိသည်ဆိုသည်ကို သက်သေပြချင်ခြင်းပင်။

ကျွန်တော် မြန်မာလူမျိုးပါ။ မည်သူမဆို မြန်မာနိုင်ငံမှာ ဖွား၍ မည်သည့်ဘာသာဝင် ဖြစ်ပါစေ၊ ကျွန်တော်တို့နိုင်ငံသားဟု နားလည် လက်ခံပါသည်။ ထိုအတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ချစ်ပါသည်။ သို့သော် ကျွန်တော့်မှာ လူမျိုးချစ်စိတ် လွန်ကဲ၍လား မဆိုနိုင်။ ကျွန်တော်တို့နိုင်ငံသားများ သူများနှင့် တွဲလျှင်ပဲဖြစ်ဖြစ်၊ ယူလျှင်ပဲ ဖြစ်ဖြစ် စိတ်ထဲတော့ သိပ်ဘ၀င်မကျလှ။ ပိုဆိုးသည်က ချစ်ကြ၊ ကြိုက်ကြ၊ တရားဝင်ယူကြလျှင် တော်သေးသော်လည်း မျက်စိနောက်၊ သိက္ခာကျစရာ၊ လူမျိုးနစ်နာစရာမျိုး လုပ်လာပါက ကိုသားကြီး စကားနှင့် ငှားပြောရလျှင် ဟတ်ထိလှသည်။ ထိုအချက်ကိုတော့ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။ မည်သည့်နိုင်ငံသား မဆို ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးကို ချစ်ခြင်းသည် အပြစ်မဟုတ်ဟု ကျွန်တော်နားလည်ပါသည်။ ထိုအရာသည် လူတိုင်း၏ အခွင့်အရေးဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော့်ပို့စ်တချို့တလေကို ဖတ်ပြီး နားမလည်စွာ စွပ်စွဲချင်သူများ အတွက်ကတော့ ယခုပို့စ် ဖတ်မိလျှင် ကျွန်တော်လူမျိုးရေး ခွဲခြားသူတစ်ဦးမဟုတ် ဆိုသည်ကို သိကောင်းနိုင်သည်ဟု ထင်မိ၍ ပို့စ်ရေးမိရာ ထိုအတွက် ဘကုန်းလေး၏ စကားကို ကြည်နူးရပါသည်။

ချုပ်ပြောရလျှင် ကျွန်တော်သည် ထိုဘောလုံးပွဲအတွက် ဒိုင်လုပ်မည်မဟုတ်ပါ။ သည်အတွက် ကျွန်တော့်ကို ဒိုင်လုပ်စေချင်သော မြန်မာအလုပ်သမားလေးများနှင့် ဘင်္ဂလားအလုပ်သမားလေးများလည်း နားလည်လိမ့်မည်ဟု ထင်ပါသည်။ ထိုသို့ဒိုင်လုပ် မပေးနိုင်သော်လည်း ကျွန်တော့်ကို ဘကုန်းလေး ပြောသွားသော 'မင်းကို ငါယုံတယ်' ဆိုသောစကားတစ်ခွန်းနှင့် ပတ်သက်၍တော့ ကျွန်တော့်ရင်ထဲမှာ နေ့တိုင်းလို ကြည်နူးနေမိပါဦးမည်။          ။

ဆူးသစ်
၀၀း၂၂ နာရီ
၂၇.၅.၂၀၁၂

Sunday, May 20, 2012

" တစ်ခါတစ်ခါ အပန်းပြေစရာ "


တစ်ခါတစ်ခါတော့လည်း လုပ်ကွက်ထဲမှာ အလုပ်လုပ်ရင်း စိတ်ရှုပ်စရာတွေများခဲ့သည့် နေ့တွေ အများကြီး ရှိခဲ့သည်။ မျက်စိဒေါက်ထောက်ကြည့် စောင့်ရှောက်နေသည့်ကြားက အလုပ်သမားလေးတစ်ယောက် ကျွန်တော်လုပ်ကွက်ထဲ မရှိသည့်အချိန်မှာ လက်ထိသွားခဲ့သည်။ ဘေးအန္တရာယ် ကင်းရှင်းရေး ၀န်ထမ်း ၃ ဦးရှိ၍ တစ်ဦးပြီးတစ်ဦး လှည့်ပတ်ကြည့်နေသည့်ကြားက သည်လိုကိစ္စမျိုးက ရှိလာ၍ စိတ်က နည်းနည်းတော့ ညစ်မိသည်။

မတော်တဆထိခိုက်မှု တစ်ခါဖြစ်ပြီဆိုသောအခါ ထုံးစံအတိုင်း Main Contractor နှင့် Client က မျက်စိ ဒေါက်ထောက် မကြည့်ရုံတစ်မည် လိုက်စစ်နေသောအခါ စိတ်ကပိုရှုပ်လာ၏။ ထိုကြားကပင် အလုပ်ထဲမှာ စိတ်ပေါ့ပါး သက်သာစရာများ ရသည့်အခါ ကျေနပ်ကြည်နူးစွာ ရယ်မောဖြစ်ခဲ့သေး၏။ တခြားတော့ မဟုတ်။ ကျွန်တော်တို့အလုပ်ထဲက ရယ်စရာ အဖြစ်လေးများပါ။

ပထမတစ်ခုက သည်လို။ ကျွန်တော်နှင့် အတူ ဘေးကင်းရေးဝန်ထမ်း နောက်ထပ် နှစ်ယောက်ရှိသည်။ တစ်ယောက်က စလုံး မလေး၊ နောက်တစ်ယောက်က စလုံးတရုတ်။ တစ်ရက်မှာ စလုံးမလေးက လုပ်ကွက်ထဲပတ်နေစဉ် မြန်မာ အလုပ်သမားလေး တစ်ယောက်ထိုင်နေတာတွေ့သည်။ အလုပ်လုပ်ချိန်မှာ ထိုင်နေသည်က ဘေးကင်းရေး ၀န်ထမ်းများ အလုပ်မဟုတ်။ သို့သော် Client က ပတ်နေသောအခါ မလေး ကလည်း သူ၏ လုပ်ကိုင်နိုင်စွမ်းကို ပြချင်၍ Client Safety ပတ်နေသည်ကို တွေ့ပြီး ထိုင်နေသော အလုပ်သမား ကောင်လေးကို မေးခွန်းတွေ ထုတ်ပါတော့သည်။ Client Safety လည်း ဖြတ်သွားလျှင် နားထောင်၍ ရနိုင်သည်မဟုတ်လား။

မလေး က မေးပါသည်။ အလုပ်သမားလေးက ဖြေပါသည်။ ကြည့်ပါ။

" မင်းဘာလုပ်နေလဲ"

" တခြားလူတွေ မလာသေးလို့ စောင့်နေတာ။ သူတို့ ပစ္စည်းသွားသယ်တယ်"

" မင်းဘာလုပ်ရမှာလဲ"

" Support တွေ တပ်ရမှာ"

" ဒါဆို ဘယ်လို အန္တရာယ်တွေ ဖြစ်နိုင်လဲ"

တကယ်တော့ အလုပ်သမားလေးက အင်္ဂလိပ်လို သိပ်ပြောတတ်တာမဟုတ်။ စင်ကာပူမှာ အနေကြာ၍သာ နည်းနည်းပြောတတ်တာ ဖြစ်သည်။ သူဖြေပုံကို ကြည့်ပါ။

" Hand Engineering , Finger Engineering, Foot Engineering "

အလုပ်သမားလေး၏ အဖြေကို ကြားရသော မလေး Safety မှာ ဘေးကို လှည့်ကြည့်ပြီး Client Safety မရှိမှ သက်ပြင်းချပါတော့သည်။ ဖြေလိုက်သည်က မှန်သလိုနှင့် ဟုတ်မှ မဟုတ်တာ။ ပြီးတော့ မလေး က ရယ်ပါတော့သည်။

နောက်တော့ ကျွန်တော်နှင့်တွေ့ပြီး Shelter မှာ ရှင်းပြပါသည်။ သူပြောတာနားထောင်ပြီး ကျွန်တော့်မှာ ရယ်လိုက်ရသည်မှာ မပြောပါနှင့်တော့။ ဒဏ်ရာအနာတရကို Injury အင်ဂျူရီ ဟု ပြောသည်ကို မှတ်ထားပြီး သူတို့အဆင်ပြေသလို ပြောလိုက်သည်က Engineering အင်ဂျင်းနီးယားရင်း တဲ့။

စင်ကာပူက ကုမ္ပဏီတွေမှာ ရှေ့က နာမည်နောက်မှာ Engineering ပါတတ်ရာ ကျွန်တော်တို့မှာ စင်ကာပူမှာ တစ်ခါမျှ မကြားဖူးသော ကုမ္ပဏီအသစ်နာမည်များကို ကြားရသကဲ့သို့ပင်။ နောက်တော့ သူ့သူငယ်ချင်းများကပါ ကျွန်တော်တို့ပြောသည်ကို ပြန်ကြားပြီး ထိုအလုပ်သမားလေးကို စကြပါတော့သည်။ အလုပ်ထဲမှာကတော့ ထိုသို့ဖြစ်စဉ်များက မနည်းတော့ပြီမို့ ထိုအလုပ်သမားလေး ခမျာလည်း စသည်ကို စိတ်မဆိုးဘဲ ရယ်သာနေပါတော့သည်။ ကျွန်တော်တို့လည်း စိတ်ရှုပ်စရာတွေ များနေသည့်ကြားမှ ရယ်မောမိခဲ့ကြပါသေးသည်။

" Hand Engineering , Finger Engineering, Foot Engineering " တဲ့လေ။

xxxxxxxxxxxxxxxxx

နောက်တစ်ခုက မနက်ခင်းတစ်ခုမှာ ဖြစ်သည်။ ကျွန်တော်တို့အားလုံး ဘူကုန်းကိုသွားလျှင် ဘုတ်ဟုခေါ်ကြသည့် ဖယ်ရီစီးရသည်။ ဘူကုန်းဘက်ရောက်လျှင် ရုံးကိုဝင် ယူနီဖောင်းလဲရသည်။ သည်တော့ ရုံးမှာ အရင်နေ့က ယူနီဖောင်းတွေကို သည်အတိုင်း ချွတ်ထားခဲ့မြဲ။ အလုပ်သမားတွေက ယူနီဖောင်းလဲသည့် နေရာမှာ လဲသော်ငြား ကြီးကြပ်ရေးမှူးအဆင့်နှင့် အထက်တွေက ရုံးထဲမှာ လဲကြသည်။

ထိုနေ့က ရုံးရောက်တော့ ကျွန်တော်တို့ ယူနီဖောင်းလဲနေစဉ်မှာ အသံတစ်သံကြားရသည်။

" ငါ့ဘောင်းဘီ ဘယ်သူယူသွားလဲ" တဲ့။ လှည့်ကြည့်တော့ တရုတ် အင်ဂျင်နီယာ ကောင်လေးသည် မျက်နှာ ငယ်လေးနှင့် လှမ်းမေးနေသည်။ သူ့ကို သေသေချာချာ ကြည့်တော့ အောက်ခံ ဘောင်းဘီ အတိုလေးနှင့်။ ကျန်သူတွေ ကြည့်တော့ လုံးဝမသိ။ ရုံးထဲကို အလုပ်သမားလေးတွေ မ၀င်။ မနက်ဘက်ဆို သော့တွေက ကျွန်တော်တို့ဆီမှာသာ ရှိသည်။ ကျွန်တော်တို့ တံခါးဖွင့်ပြီးမှသာ သူတို့ဝင်၍ ရသည်။ သည်တော့ မနေ့ကတည်းက ပျောက်သည်လား။ ဒါလည်း မဖြစ်နိုင်။ ကျွန်တော်တို့က ပြန်မှ ယူနီဖောင်း လဲတာ ဖြစ်သည်။ ပြန်လျှင်လည်း သော့က ခတ်ပြီ။ ညဘက် သူခိုးခိုးတာတော့ မဟုတ်နိုင်။ သည်ယူနီဖောင်းကို ရွေး၍ ခိုးရအောင်လည်း သူ့ယူနီဖောင်းက ထူး၍ ဈေးကြီးနေတာ မဟုတ်။

ဖြစ်နိုင်သည်က လုပ်ကွက်ထဲကို စောထွက်သွားသည့် ကြီးကြပ်ရေးမှူးတစ်ယောက်ယောက် မှားဝတ် သွားတာပဲ ဖြစ်မည်။ သို့သော် ကျန်ခဲ့သည်က သူ့ဘောင်းဘီမဟုတ်သောအခါ သူမ၀တ်ချင်။ မ၀တ်ချင်တာက ပြဿနာ မဟုတ်သော်ငြား ရုံးခန်းထဲမှာ အောက်ခံဘောင်းဘီ တိုလေးနှင့် လျှောက်သွားနေသော သူ့ကို ကြည့်ရတာ စောစောစီးစီး ကျွန်တော်တို့မှာ ရယ်နေရတော့သည်။ သူ့မျက်နှာက ပျာယာခတ်နေသည့်ပုံ ပေါက်နေပြီး သူ့အောက်ပိုင်းက အောက်ခံဘောင်းဘီတိုလေး ၀တ်ထားသောအခါ မြင်သမျှလူက ရယ်ကြလေတော့သည်။ နောက်တော့ လုပ်ကွက်ထဲသွားမည့် ဘတ်စ်ကားမမီမှာ စိုး၍ သူ့မှာ ရုံးက ယူနီဖောင်း အသစ်ကို ယူကာ ၀တ်လိုက်ရတော့သည်။

ဒါလောက်နှင့်ဆို သိပ်သဘောကျစရာ မဟုတ်သေး။ နေ့လယ်ကျတော့ သူ့ကံက ဆက်ပြန်သည်။ အားလုံး ထမင်းကိုယ်စီ ယူပြီးချိန်မှာ သူ့အတွက် ထမင်းဘူး ပျောက်ပြန်ပါလေသည်။ ကျန်သူများက မသိသော်လည်း မနက်စောစော ယူနီဖောင်း ဘောင်းဘီပျောက်ထားသော သူ့အကြောင်းကို သိသည့် ကျွန်တော်တို့မှာ သည်တစ်ခါလည်း ထပ်၍ အားရပါးရ ရယ်ကြပြန်သည်။ သူကား စိတ်မဆိုး။ နောက်ဆုံး ထမင်းသွားဝယ်စားလိုက် ရတော့သည်။

တစ်ရက်တည်းနှင့် ပျောက်ချင်းမလှ ပျောက်နေသော ကိုပျောက်ကြီးပါတကား။

xxxxxxxxxxxxxxxxxxxxxx

နောက်တစ်ခုကျတော့ Client နှင့် Main Contractor က စလိုက်သည့် Bingo ဆိုသော ကတ်များနှင့် ဆိုင်သည်။ ထိုကတ်ကလေးများက စတစ်ကာ ကပ်၍ရသည်။ ဘေးကင်းစွာလုပ်နိုင်သော အလုပ်သမားလေးများကို ထိုကတ်များထဲမှာ Main Contractor နှင့် Client များမှ စတစ်ကာလေးများ ကပ်ပေးသည်။ စတစ်ကာ ငါးခုဆို ၁၀ ဒေါ်လာ၊ ၁၀ ခုဆို ဒေါ်လာ ၃၀၊ စသည်ဖြင့် စတစ်ကာ များလျှင် များသလို ဒေါ်လာပိုရသည်။ နောက်ဆုံး အဆင့်က ဒေါ်လာ ၄၀၀။ ကျွန်တော်တို့ ရည်ရွယ်ချက်က အလုပ်သမားလေးများ ဘေးကင်းစွာ ပိုလုပ်နိုင်ဖို့။

သည်တော့ အလုပ်သမားလေးများက ပိုလိုချင်ကြသည်။ ဘေးကင်းဖို့ ကြိုးစားကြသည်။ တစ်ဖက်မှာ စတစ်ကာ ကိုင်ထားသော ၀န်ထမ်းများကလည်း လုပ်ကွက်ထဲပတ်ကြည့်ရင်း အလုပ်သမားလေးများကို သိလိုသည်များ မေးလေ့ရှိသည်။ မေးသည်ကို မှန်စွာ ဖြေနိုင်လျှင် စတစ်ကာပေးသည်။

တစ်ခါတော့ Main Contractor Safety ဘင်္ဂလားဒေ့ရှ်တစ်ယောက်က ကျွန်တော်တို့ ကုမ္ပဏီက အလုပ်သမားလေးတွေနား သွား၍ မေးသည်။ သူကလည်း စတစ်ကာ ပေးချင်သောကြောင့်ပါ။

သူမေးသည်က ကျွန်တော်တို့ Client ၏ Three Golden Rules ။ ဘာတွေလဲဆိုလျှင် Comply, Intervene, Respect ဆိုသော လိုက်နာ၊ ကြားဝင်၊ လေးစား ဆိုသော သုံးချက်။ ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာ၊ ဘေးမကင်းသော အပြုအမူနှင့် အခြေအနေများတွေ့လျှင် ကြားဝင် နှောင့်ယှက်(ပြောပြ)၊ ဘေးမှာ ရှိနေသော အခြား အလုပ်လုပ်သူများကိုလည်း လေးစား စသော အချက်များပင်။

သို့သော်အားလုံး သိသည့်အတိုင်း အကုန်လုံးက အင်္ဂလိပ်လိုသာ မှတ်ကြရသည်။ သည်သို့ဖြင့် အလုပ်သမားလေးတွေလည်း မှတ်ထားကြပုံ ရ၏။ ဘကုန်းက မေးပါသည်။ Three Golden Rules ကို ပြောပြပါတဲ့။

ကျွန်တော်တို့ ကုမ္ပဏီက အိန္ဒိယ အလုပ်သမားတစ်ယောက်က ပိုင်ပြီဆိုပြီး အားရပါးရ ဖြေပါသည်။ Complaint, Interview, Respect တဲ့။ သေရော။ Client သာ ကြားလျှင် တက်သေနိုင်သည်။ ကြည့်ဦးလေ။ စင်ကာပူမှာ နေတာကြာ၍လား မဆိုနိုင်။ Comply လို့မဖြေ။ Complaint တဲ့။ အားလျှင် စောဒက တက်နေသော စလုံးများကို သေသေချာချာ လေ့လာထားသည့်ပုံ။

နောက်တစ်ခုက ကြည့်ဦး။ ကြားဝင်နှောင့်ယှက်ပါ ဆိုသည်ကို အင်တာဗျူးတောင် လုပ်နေသေးသည်။ နောက်ဆုံးတစ်ခုကတော့ မှန်နေသေးသည်။ သို့သော် ဘင်္ဂလား ဘေးကင်းရေး ၀န်ထမ်းကား မျက်နှာကြီး ရှုံ့မဲ့နေလေတော့သည်။ မှန်မှ မမှန်တာ။ Main Contractor ဆိုသည်က  Sub-Contractor အပေါ်မှာ မျှော်လင့်ထားပုံ ရသည်။ အထူးသဖြင့် အလုပ်သမားလေးတွေကို ဘေးကင်းရေး သိစေချင်သည်။ အခုတော့ ကိုယ့်လူတွေကလည်း လုပ်လိုက်မှဖြင့် တည့်တည့်ကြီးပင်။

သူတို့ဖြေမှပင် Client လည်း သူတို့၏ ရွှေရောင်စည်းမျဉ်းဆိုသည်ကြီးကို ပြောင်းရတော့မလိုပင်။ အလုပ်သမား ဖြေသည်က Client ကို မကျေနပ်လျှင် Complaint တက်။ လုပ်မပေးလျှင် အင်တာဗျူး။ ဘာကြောင့်လုပ်မပေးလဲ ဆိုသည်ကို မေး။ လုပ်ပေးလျှင်တော့ လေးစားပေါ့။ သည်လို အဓိပ္ပါယ် ထွက်နေသည်။ ကျွန်တော်က သည်လို ဖြစ်နေပါလားဟု အခြားသော ကြီးကြပ်ရေးမှူးများကို ရှင်းပြသောအခါ အားလုံးက ရယ်ကြသည်။ ကျွန်တော်တို့လို ဘေးကင်းရေး ၀န်ထမ်းများကား ပြောပြောပြီး ရယ်ကြလေ၏။

ပိုဆိုးသည်က ထိုအလုပ်သမားသည် သူဖြေသည်ကို မှန်သည်ဟု ထင်ကာ သူ့ကို ရယ်ရပါ့မလား ဟု ဒေါနှင့်မောနှင့် စိတ်ဆိုးနေခြင်းပင်။ သူက စတစ်ကာ ရတော့မည်ဟု လုံးဝ ကျိန်းသေ တွက်ထားခြင်းပင်။ သို့သော် Main Contractor Safety က မကျေနပ်။ ကျန်သော နီးစပ်ရာ အလုပ်သမားလေးတွေ ခေါ်မေးတော့လည်း လုံးဝမသိ။ တချို့ဆို သွားတွေအားလုံး ပေါ်အောင် ပြုံးပြသွားသည်။ သည်တော့ Main Contractor Safety က လုံးဝ မကျေနပ်။ သည်ကြားထဲ ခုန အိန္ဒိယ အလုပ်သမားက သူမှန်တယ်ချည်းသာ လုပ်နေရာ ကျွန်တော်တို့မှာ ရယ်သာနေရတော့သည်။

နောက်ဆုံး Main Contractor Safety က သနားပြီး စတစ်ကာ တစ်ခု ထုတ်ပေးခဲ့တော့သည်။ ဒါတောင် ကျွန်တော်တို့၏ အလုပ်သမားက သိပ်အစာမကြေ။ သူမှန်တာကိုပင် ကျွန်တော်တို့ကပဲ မှားနေသလိုလို ထင်နေ၍ ထပ်ရယ်နေရတော့သည်။

သည်လိုမျိုးတွေ ကြုံရသည့်အခါတွင်တော့ အလုပ်ထဲမှာ ပြဿနာများ ရှုပ်နေ၍ စိတ်ညစ်ညူးနေသမျှ တစ်ခါတစ်ခါတော့လည်း ရယ်မော၍ အပန်းပြေခဲ့ရသည်ဟု ထင်မိနေပါသေးသည်။    ။

သားလတ်
၂၂း ၂၈ နာရီ
၂၀.၅.၂၀၁၂

Friday, May 11, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁ )

စကားချီး

Facebook ကို ကျွန်တော်စသုံးခဲ့တဲ့ အချိန်ကာလက ဘာမှမကြာသေးပါဘူး။ စသုံးသုံးချင်းမှာ ကျွန်တော်ဟာ လေ့လာသူအနေနဲ့ပါ။ နောက်တော့ သူငယ်ချင်းတွေရဲ့ သတင်းတွေ၊ ပျောက်နေတဲ့ သူငယ်ချင်းတွေကို ပြန်ရှာတွေ့တာတွေက ကျွန်တော့်ရင်ကို လှုပ်နှိုးခဲ့ပါတယ်။ အဲဒါနဲ့အတူ သူတို့နဲ့ စလိုက်နောက်လိုက်၊ ဟိုရေးဒီရေး ရေးချင်တာတွေ ရေးရင်းနဲ့ ကျွန်တော်လည်း Status တွေ တင်ဖြစ်ခဲ့ပါတယ်။ ပထမတော့ ကျွန်တော်ကြိုက်တဲ့ အာဆင်နယ်နဲ့ပတ်သက်တာတွေ တင်ခဲ့မိပြီး နောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်ထဲမှာ ပို့စ်တင်လို့လည်း မဖြစ်၊ ဟိုမရောက် ဒီမရောက် ကိုယ်ပြောချင်တာလေးတွေ ရှိလာလို့ Facebook ရဲ့ Status မှာပဲ ချရေးဖြစ်ခဲ့ပါတယ်။ အခု အဲဒီလိုတင်ခဲ့တဲ့ Status တွေထဲမှာ ကျွန်တော့်ဘလော့ပေါ်ကို တင်လို့ရမယ်ထင်တဲ့ တချို့ Status တွေကို ချပြချင်တာရယ်၊ Timeline ဆိုတာကြီးကို မတောင်းဘဲ ရလိုက်ပြီး Status အဟောင်းတွေ ပြန်ရှာမတွေ့တော့တာရယ်ကြောင့် Status အားလုံးကို တစ်စုတစ်စည်းတည်း သိမ်းထားချင်တာနဲ့ပဲ "Facebook ပေါ်က ကျွန်တော့် Status များ" ဆိုတဲ့ စာစုကို ဖန်တီးလိုက်ပါတယ်။

xxxxxxxxxxxxxx



+ မနေ့က အာဆင်နယ်က QPR ကို ၂-၁ နဲ့ရှုံးတယ်။ အဲဒီအရှုံးကို လက်ခံတယ်။ ဒီနေ့မရှုံးဖို့လိုတယ်။ မရှုံးအောင်ဆုတောင်းနေပါတယ်။ အောင်ပါစေ။ ( ဧပြီလ ၁ ရက်၊ ၂၀၁၂ ခုနှစ် )

+ အမေ-ကျွန်တော်ဆံပင်တွေဖြူလာပြီအမေ။
အမေ-ကျွန်တော်ဒေါသထွက်ရင်သွေးတိုးပြီးခေါင်းကိုက်တတ်တယ်အမေ။ အမေ-ကျွန်တော်အရင်ကထက်ပိုမောမောလာတယ်အမေ။
အမေ-ကျွန်တော်ချစ်တဲ့တိုင်းပြည်အတွက် ကျွန်တော့်ဆံပင်တွေဖြူတဲ့အထိ စဉ်းစားပေးချင်တယ်အမေ။ အမေ-ကျွန်တော့်ခေါင်းကိုက်တာမပျောက်ရင်နေပါစေ။ ကျွန်တော့်တိုင်းပြည်မတိုးတက်သေးတာကို ဒေါသ ထွက်နေမယ်အမေ။
အမေ-ကျွန်တော့်တိုင်းပြည်အတွက် ကျွန်တော်ရင်မမောချင်တော့ဘူးအမေ
အမေ-ကျွန်တော့်တိုင်းပြည်မှာ ကျွန်တော် တစ်နေ့ပြန်ခြေချမယ်အမေ။ အောင်မြင်မှုတွေကို ကြည်နူး ရင်းပေါ့။
အမေ-ကျွန်တော့်တိုင်းပြည်မှာပဲ ကျွန်တော်ခေါင်းချမယ်အမေ။ ကျွန်တော့်နှလုံးသားကို ကျွန်တော်ချစ်တဲ့ တိုင်းပြည်မှာ မြေမြှုပ်ရင်းနဲ့ပေါ့။ ( ဧပြီလ ၁ ရက်၊ ၂၀၁၂ ခုနှစ် )

+ တနင်္လာနေ့ မနက်မိုးမလင်းခင်ကတည်းက မိုးက သည်းကြီးမည်းကြီးရွာနေသည်။ လျှပ်စီးများကလည်း လက်ခနဲ၊ လက်ခနဲ။ အိမ်ကနေ အလုပ်ကို စထွက်ကတည်းကခန္ဓာကိုယ် အောက်ပိုင်းအားလုံးရွှဲသည်။ စနေနေ့က အလုပ်သွားစဉ်မှာလည်း ထိုသို့ရွာ၏။ မဲပေးရသည့် တနင်္ဂနွေတစ်ရက်သာ မိုးက စင်ကာပူမှာ တိတ်သည်။ ဘာဖြစ်လို့လဲဟု စဉ်းစားကြည့်သည်။ တိုက်ဆိုင်သည်ပဲလား။ စနေမိုးသည် အောင်ပွဲကို ကြိုသည့် မိုးလား။ တနင်္လာနေ့မိုးကျတော့ အောင်မြင်ပြီဆိုသောအခါ အောင်ပွဲခံ၍ ခြိမ့်ခြိမ့်သဲသဲ ပို၍ ရွာချသည့်မိုးလား။ သည်လိုသာ တွေးမိသည်။ ထိုသို့သာ ရွာမည်ဆို- အို- တစ်ကိုယ်လုံးရွှဲအောင်ရွာ။ (ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ် )

+ ပြည်သူ့တရားရှင်ဆိုသော တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲများကို မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော် ကြည့်ခဲ့ဖူးသည်။ ကျွန်တော့်လိုတော်တော်များများလည်း ကြည့်ဖူးခဲ့ကြမည်။ ပေါင်ချိန်ပြောသွားသော စကားတစ်ခွန်းကို ကျွန်တော် တော်တော်သဘောကျမိသည်။ " အမှန်တရားဆိုတာ တစ်ခုပဲရှိတယ် " ဟု သူပြောသွားသည်။ တကယ်ကို မှန်သည်။ တနင်္ဂနွေအောင်ပွဲသည် ကျွန်တော်တို့ပြည်သူများ ရလိုက်သော အမှန်တရားအတွက် အောင်ပွဲ တစ်ပွဲဖြစ်သည်ဟု ထင်သည်။ ကျွန်တော်တို့တိုင်းပြည်၏ အနာဂတ်ကို အောင်မြင်မှုများနှင့် မြင်တွေ့လိုသော ကျွန်တော်တို့ပြည်သူများက တကယ်လုပ်ပေးနိုင်မည် ထင်သော သူများလက်သို့ အပ်နှံလိုက်သည့် အမှန်တရားအတွက် အောင်ပွဲပင်။ ရှေ့ဆက်ရမည့်ခရီးကား များစွာကျန်သေးသည်ဆိုသည်ကိုတော့ ကျွန်တော်တို့မမေ့သင့်ပေ။ ( ဧပြီလ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+ Good Friday တဲ့။ ကျန်တဲ့သူတွေတော့ မသိဘူး။ ကိုယ့်အတွက်ကတော့ အလုပ်နားရတယ်။ မိုးလေးကလည်း အေးနေတယ်။ ရှားပါးတဲ့ ပိတ်ရက်လေးတစ်ရက်ရလို့ ၀မ်းသာနေမိတယ်။ ( ဧပြီလ ၆ ရက်၊ ၂၀၁၂ ခုနှစ် )

+ မနေ့တစ်နေ့ကတင် အဘဆုံးသွားလို့ နယ်ကိုလိုက်သွားတဲ့ မိဘနှစ်ပါးကို ဖုန်းလှမ်း ဆက်တယ်။ တော်တော်နဲ့ခေါ်မရဘူး။ ကြိုးစားပမ်းစားကိုခေါ်လိုက်ရတယ်။ ဒီနေ့တော့ တစ်စုံ တစ်ယောက်ကနှစ်သိန်းတန် ဖုန်းတစ်လုံး ၀ယ်လိုက်တယ်လို့ကြားရတယ်။ မနက်ဖြန်မှာ ဖုန်းလိုင်း အသစ်တွေ စဖွင့်မှာတဲ့။ ရှိပြီးသားတွေတောင် မကြားရဘဲနဲ့လို့ ကိုယ့်ဘာသာတွေးမိတယ်။ တလောကလည်း မီးတွေပျက်တော့မယ် ဆိုတဲ့အသံကြားရတယ်။ တကယ်လည်း ပျက်သွားသေးတယ်။ နောက်မှ ဘယ်အချိန်၊ ဘယ်အချိန် ဆိုပြီးပြန်လာတယ်တဲ့။ ဒီနေ့ ထပ်ကြားရတယ်။ မြ၀တီကနောက်ထပ် လိုင်းခြောက်လိုင်းတောင်ထပ်ချဲ့တယ်တဲ့။ ဘယ်က လျှပ်စစ်တွေနဲ့ထပ်လုပ်နေကြပါလိမ့်လို့ကိုယ့်ဘာသာတွေးမိတယ်။ နောက်ဆုံးတော့ ဘာမှမတွေးတာ အကောင်းဆုံးပဲလို့ကိုယ့်ဘာသာတွေးမိသေးတယ်။ ( ဧပြီလ ၈ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၁၁:၂၄ နာရီ
၁၁.၅.၂၀၁၂

Sunday, May 6, 2012

" ဘယ်ဟာက ပထမလဲ " ( ၁ )

စကားချီး

ကျွန်တော်မြန်မာပြည်မှာ ရှိတုန်းက အလုပ်လုပ်ခဲ့တာ ပြည်သူ့ဝန်ထမ်းဘ၀နဲ့ပါ။ ၀န်ကြီးဋ္ဌာနတစ်ဋ္ဌာနရဲ့ လက်အောက်က ဘေးအန္တရာယ် ကင်းရှင်းရေးတွေလုပ်တဲ့ ဋ္ဌာနမှာပါ။ တော်တော်များများ မသိတဲ့ဋ္ဌာနတစ်ခုပါ။  ဘာတွေလုပ်လဲဆိုတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဘေးကင်းရေးကို လိုက်စစ်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ "၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ" ဆိုတာ ရှိပါတယ်။ အဲဒီ ဥပဒေဟာ "၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေ"ရဲ့ နည်းဥပဒေပါ။ ဆိုလိုတာက ၅၁ ကို ချိုးဖောက်ရင် ၆၄ ထဲက ပြစ်ဒဏ်အတိုင်း အရေးယူလို့ရတယ် ဆိုတဲ့သဘောပါ။

ဒီလိုနဲ့ မြန်မာပြည်ထဲမှာပဲ ကျွန်တော်တို့တာဝန်ကျရာ နယ်မြေတွေထဲကို ရန်ကုန်မှာ အဓိကထိုင်ပြီး လှည့်ပတ်စစ်ခဲ့တယ်ပဲ ဆိုပါတော့။ အခုတော့ ကျွန်တော် စင်ကာပူရောက်လာခဲ့ပါတယ်။ ဒီမှာလည်း ဒီလိုပဲ။ Safety Supervisor တဲ့။ လုပ်ငန်းခွင် ဘေးအန္တရယ် ကင်းရှင်းရေးတာဝန်ခံ လုပ်ရပါတယ်။ ဒါပေမဲ့ စင်ကာပူမှာကတော့ ဘေးကင်းရေး သာမက၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ အပိုင်းတွေပါ ပါလာခဲ့ပါတယ်။ အခု ကျွန်တော်ပြောချင်တာတွေက ကျွန်တော်ကြုံခဲ့ရတဲ့ မတော်တဆ ထိခိုက်မှုတွေ အကြောင်းပါ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကလူတွေ အဲဒါနဲ့ ပတ်သက်ရင် အသိအများကြီး နောက်ကျနေခဲ့ပါပြီ။ ဒီတော့ ကျွန်တော်တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ ဗဟုသုတဖလှယ်တဲ့သဘောမျိုးနဲ့ ပြောကြည့်ပါမယ်။ စင်ကာပူမှာ ကျွန်တော့်ထက် စောရောက်ပြီး Safety Officer ဖြစ်နေသူတွေ တစ်ပုံကြီးပါ။ Safety Coordinator တွေလည်း များမှများ။ ကျွန်တော့်အဆင့်က Supervisor အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လုပ်လာခဲ့တဲ့ အတွေ့အကြုံရယ်၊ စာရေးပြီးပြောလို့ရတယ် ဆိုတဲ့အသိရယ်၊ မပြောရင်လည်း တချို့လုံးဝမသိလေတော့ သေတာ၊ ဒဏ်ရာရတာတွေ လျော့စေချင်လို့ရယ်၊ လုံးဝမဖြစ်စေချင်လို့ရယ်၊ ပြီးတော့ နည်းနည်းသိရင် နည်းနည်း အကျိုးရှိတန်ကောင်းတယ်လို့ ယူဆလို့ ကိုယ့်ဘာသာ Coordinator  မဖြစ်ခင်၊ Officer မဖြစ်ခင် သိသမျှ ခင်းကျင်းပြသလိုက်ရပါတယ်လို့ စကားဦး သမ်းပါရစေ။

xxxxxxxxxxxxxxxxxxxxxx

 ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး စစ်ခဲ့တဲ့ မတော်တဆထိခိုက်မှုတစ်မှုက ပဲခူးတိုင်းမှာပါ။ အဲဒီတုန်းက ကျွန်တော်က ပဲခူးတိုင်းအရှေ့ခြမ်းကိုတွဲကိုင်ရပါတယ်။ ထားပါတော့။ ဖြစ်တာက အရက်ချက်စက်ရုံ တစ်ရုံမှာပါ။

ဖြစ်တဲ့သူက အဒေါ်ကြီးတစ်ဦးပါ။ ဖြစ်ပုံက ဒီလိုပါ။

သူတို့စက်ရုံက အရက်ချက်ရင် ကုန်ကြမ်းကို ကြံကနေယူပါတယ်။ ဒီတော့ ကြံကို အရည်ကြိတ်ပါတယ်။ အရည်ကြိတ်တယ်ဆိုတာမှာလည်း ကျွန်တော်တို့လမ်းဘေးက ကြံရည်ဆိုင်ရောင်းသလို ကြိတ်တာ မဟုတ်ပါဘူး။ လက်နဲ့လှည့်နေရင် ဘယ်ပြီးပါတော့မလဲ။ ဒီတော့ မော်တာနဲ့ ကြိတ်ပါတယ်။

အဲဒီနေ့က အဲဒီအဒေါ်ကြီးဟာ အဲဒီစက်မှာ တစ်ယောက်တည်းလုပ်နေတာပါ။ အချိန်က ထမင်းစားချိန်။ ဘာလို့သူတစ်ယောက်တည်း လုပ်နေလဲဆိုတော့ သူက ပုတ်ပြတ်သမား။ တစ်ရက်ကို ဘယ်လောက်ထွက်ရင် ဘယ်လောက်ရမယ်ဆိုတာမျိုး။ ဒီတော့ သူများထမင်းစားသွားတော့ သူကျန်နေခဲ့တယ်။ သူစားပြီး ပြန်လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ တစ်ယောက်မှ ရှိမနေဘူးဆိုတာကို ကျွန်တော်ပြောချင်တာပါ။ ပိုဆိုးတာက ကြံရည်ထုတ်စက်က ပင်မစက်ရုံနဲ့ စည်းရိုးခြားပြီး တော်တော်လှမ်းသလို ကြံကွင်းတွေနားမှာ ရှိပါတယ်။ ပြောရရင် လယ်ယာနဲ့ ပိုနီးပါတယ်။ ပင်မစက်ရုံကနေ လမ်းမကိုထွက် ပြီးမှ အပြင်ဘက်ကနေ ပြန်ဝင်ရပါတယ်။ လမ်းမကနေ ကြံရည်စက်နေရာကိုလည်း တော်တော် ၀င်ရပါသေးတယ်။ ပြောရရင် ခေါ်မကြား၊ အော်မကြားပေါ့။

အဲဒီအဒေါ်ကြီးဟာ အဲဒီနေ့က စစ်အင်္ကျီဝတ်ထားပါတယ်။ ဒါလည်း အရေးပါလို့ ထည့်ပြောတာပါ။ သူက တစ်ယောက်တည်း ကြံကြိတ်နေပါတယ်။ အဲဒီလိုကြိတ်တဲ့အခါ သူက ကြံစက်ရဲ့ဘေးမှာ မတ်တတ်ရပ်ပြီး ကြံချောင်းကို ထိုးထည့်ရပါတယ်။ သူသတိမထားမိတာက သူရပ်နေတဲ့ဘက်က စက်ဘေးမှာ Gear Wheel လို့ခေါ်တဲ့ ခွေးသွားစိတ်တွေပါတဲ့ ဘီးလုံးတွေရှိနေတာပါ။ သူက အဲဒီဘက်ကရပ်ပြီးကြံတွေကို စက်အလယ်မှာရှိတဲ့ ကြိတ်လုံးနှစ်လုံးကြားကို ထည့်တာပါ။ သူမသိတာက အဲဒီ ခွေးသွားစိတ်တွေပါတဲ့ ဘီးတွေမှာ ဘာအကာအရံမှမရှိပါဘူး။ အသွားတွေက ဒီအတိုင်းပဲ ပေါ်နေတာပါ။

 ခွေးသွားစိတ်ဘီး နမူနာပုံ

အဲဒီအချိန် အခိုက်အတန့်လေးမှာပဲ အဒေါ်ကြီးဝတ်ထားတဲ့ စစ်အင်္ကျီလက်စဟာ အဲဒီခွေးသွား စိတ်တွေထဲကို စညပ်ပါတော့တယ်။ ခွေးသွားစိတ်ဘီးနှစ်လုံးဟာ အတွင်းဆန့်ကျင်ဘက်ကို မျက်နှာချင်းဆိုင် လည်နေတာမို့ ညှပ်ထားတဲ့ အင်္ကျီကိုစဆွဲပါတယ်။ အဒေါ်ကြီးရဲ့လက်ပါသွားပါတယ်။ ဒါပေမဲ့ ဘယ်လိုမှရုန်းလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဝတ်ထားတဲ့ စစ်အင်္ကျီစဟာ အသားက တော်တော်နဲ့ မပြဲလို့ပါ။

အဲဒီအချိန်မှာ စက်ကို ရပ်တဲ့ခလုတ်ဟာ သူ့ဘက်မှာ ရှိမနေပါဘူး။ သူရပ်နေတဲ့ဘက်နဲ့ တခြားဘက်မှာပါ။ ဒီတော့ သူသွားပိတ်လို့ မရပါဘူး။ လက်နဲ့တောင် မမီတဲ့နေရာမှာပါ။ ကောင်းပြီ။ သူမပိတ်နိုင်လို့ နောက်တစ်ယောက်ရှိလားဆိုတော့ တစ်ယောက်မှ မရှိပါဘူး။ လှမ်းခေါ်ဖို့ ကျတော့လည်း ခေါ်မကြား၊ အော်မကြားပါ။ ဒီတော့ နောက်ဆုံးမှာ အဲဒီအဒေါ်ကြီးရဲ့လက် ခွေးသွား စိတ်တွေကြားမှာ အညပ်ခံလိုက်ရပါတယ်။

 အရေးပေါ်ခလုတ် နမူနာပုံ

ကျွန်တော်သွားစစ်တဲ့အချိန်မှာတော့ ဆရာဝန်က လက်ဖြတ်ရမယ်လို့ပြောလို့ တံတောင်ကနေ ဖြတ်ပစ် လိုက်ရပါတယ်။

အဲဒီ မတော်တဆထိခိုက်မှုကို ပြန်ကြည့်ရင် -

၁။ လည်ပတ်နေတဲ့ စက်တွေမှာ ကာမထားပါဘူး။
၂။ ဘေးမှာ အကူလူရှိမနေပါဘူး။
၃။ အရေးပေါ် ခလုတ်ပိတ်ဖို့ စက်နဲ့ဝေးတဲ့နေရာမှာ ထားထားတာပါ။
၎။ သူရပ်နေတဲ့ နေရာမှားတာလည်း ပါပါတယ်။

ကျွန်တော်အဲဒီလို သုံးသပ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဥပဒေမှာတော့ ၅၁ ဥပဒေထဲမှာ ပုဒ်မ ၂၃ က စက်ကိရိယာတွေကို အကာအရံတွေ တပ်ဆင်ရမယ်လို့ ပါပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေထဲကလို အပြင်မှာ လုပ်တာကတော့ အစဉ်အလာအရ တော်တော်နည်းပါတယ်။ အခုနောက်ပိုင်း စက်မှု ဇုန်တွေမှာ ရောက်လာတဲ့ စက်အသစ်တွေမှာတော့ မူလစက်မှာ လာကတည်းက အကာတွေ ပါပြီးသားပါ။ စင်ကာပူမှာတော့ မေးစရာကို မလိုတော့တာပါ။ ကျွန်တော်မြင်ဖူးသမျှ အားလုံးအကာတွေနဲ့ချည်းပါပဲ။

 စက်တွေကို အကာအရံတွေ တပ်ထားတဲ့နမူနာပုံ

ဒီတော့ စက်တွေသုံးရင် အန္တရာယ်ရှိတယ်၊ လည်ပတ်နိုင်တယ် လို့သိနေရင် ကာထားတာ အကောင်းဆုံးပါ။ ဒီဖြစ်စဉ်မှာ ကြည့်ရင် အကူလူလိုတယ် ဆိုတာလည်း ထင်ရှားပါတယ်။ စင်ကာပူမှာတော့ Body System လို့ပြောပါတယ်။ တစ်ယောက်လုပ်ရင် နောက်တစ်ယောက် အနားရှိရမှာပါ။ မရှိရင် မလုပ်နဲ့ပေါ့။ ရှင်းပါတယ်။

နောက်တစ်ခုက အရေးကြီးတဲ့အချိန်မှာ သုံးရမယ့် အရေးပေါ်ခလုတ်။ ဒါလည်း ကိုယ်အသုံးပြုမယ့် စက်နဲ့ နီးနေရင် ကောင်းပါတယ်။ ဝေးရင်တော့ အလွယ်တကူ ပိတ်လို့မရနိုင်ပါဘူး။

မြန်မာပြည်မှာတော့ ဒီလို Mini Circuit Breaker တွေသုံးပါတယ်

 ဒါကတော့ တကယ်စက်ကြီးတွေအတွက် သုံးတဲ့ အရေးပေါ်ခလုတ်နမူနာပုံပါ

နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်တဲ့နေရာပါ။ ကြံချောင်းထည့်တာ တခြားနေရာတွေက ထည့်လို့ရရဲ့သားနဲ့ ခွေးသွားစိတ်ဘီးတွေ ရှိတဲ့နေရာက ရပ်ပြီးမှ ထည့်တာတော့ ဗဟုသုတနည်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကြီးကြပ်မှုလည်း အားနည်းပါတယ်။ အလုပ်လုပ်ရင် ကိုယ်အန္တရာယ် ကင်းတဲ့ နေရာမှာ ရပ်ပြီးလုပ်ဖို့လိုတယ်ဆိုတာလည်း မမေ့သင့်ဘူးဆိုတာ ဒီအဖြစ်က သက်သေပါ။

နောက်ဆုံး နိဂုံးချုပ်တော့ လူတစ်ယောက်ရဲ့ လက်ဆုံးရှုံးသွားရတာပါ။ ကျွန်တော်စိတ်မကောင်းပါဘူး။ သူ့ရဲ့ဘ၀တစ်လျှောက် လက်တစ်ဖက်မရှိဘဲ ရပ်တည်ရပါတော့မယ်။

တစ်ခါတစ်ခါကျတော့ ပြန်တွေးမိပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့အခါ ဘယ်ဟာက ပထမ ဦးစားပေးလဲလို့။ တည့်တည့်တော့ မပြောချင်တော့ပါဘူး။ ကိုယ့်ဘာသာ တွေးကြည့်ကြ ပါတော့လို့ပဲ ပြောပါရစေ။

ကျွန်တော့်အတွက်ကတော့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေ တောက်လျှောက်လုပ်လာတဲ့ သူမို့ မြန်မာပြည်မှာ နေကတည်းက "လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ" ဆိုတဲ့ စာတန်းလေးတွေ တွေ့ရင် အတွေးနယ်ချဲ့နေမိတော့တာပါပဲ။ စင်ကာပူမှာတော့ " Safety First " လို့ အမြဲအော်တဲ့ အသံကို ကြားနေရတော့ နေ့တိုင်း တပ်လှန့်နေသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ယောက်အဖြစ် အသက်မွေးရတာ ကျေနပ်စရာ တစ်ခုအဖြစ် သိလာရလို့ လူတွေရဲ့ ဘေးကင်းရေးကို အတတ်နိုင်ဆုံး လုပ်ပေးဖို့ ဆုံးဖြတ်ထားမိတာပါပဲ။         ။

ဆူးသစ်
၁၄: ၄၇ နာရီ
၆.၅.၂၀၁၂


Thursday, May 3, 2012

"ကျွန်တော့်မှတ်စု" (၁၁)


+       ယောကျာ်းကောင်း ယောကျာ်းမြတ်တို့၏ တန်ဆာဆင်ခြင်း အင်္ဂါခြောက်ပါး
      
        - ဦးခေါင်းထက်မှာ မြတ်စွာဘုရား၏ ခြေတော်ရာနှင့်တန်ဆာဆင်ရမည်။
        - နားနှစ်ဖက်မှာ ဗဟုသုတဖြင့် တန်ဆာဆင်ရမည်။
        - ခံတွင်းမှာ သစ္စာစကားဖြင့် တန်ဆာဆင်ရမည်။
        - လက်ရုံးနှစ်ဖက်မှာ အောင်မြင်ခြင်းဖြင့် တန်ဆာဆင်ရမည်။
        - လက်နှစ်ဖက်မှာ လှူဒါန်းပေးကမ်းခြင်းဖြင့် တန်ဆာဆင်ရမည်။
        - စိတ်နှလုံးမှာ ရဲစွမ်းသတ္တိဖြင့် တန်ဆာဆင်ရမည်။

( စာဏကျနီတိကျမ်း တတိယတွဲ-လယ်တီပဏ္ဍိတ ဦးမောင်ကြီး )

+      မိန်းမကောင်းဖြစ်ရန် လိုသောအချက်

၁။ အပြောအဆိုယဉ်ကျေးရန်
၂။ ဗဟုသုတစုဆောင်းဖို့မမေ့ရန် နှင့် အမြဲသတိရှိရန်
၃။ ကုသိုလ်ပြုဖို့မမေ့ရန်
၎။ သန့်ပြန့်ဖြီးလိမ်းခြင်းနှင့် စနစ်တကျဝတ်စားတတ်ရန်
၅။ မြန်မာ့ယဉ်ကျေးမှု အလှအပကို ဦးစားပေး၍ မယုတ်မလွန်ဝတ်ရန်
၆။ အလှအပကို အလွန်မက်မောခြင်းမရှိရန်
ရ။ အတွင်းစကားကို အပြင်ပြောလေ့မရှိရန်
၈။ မကောက်ကျစ်မစဉ်းလဲရန်
၉။ အသွားအလာနှင့် အပျော်အပါး ဆင်ခြင်သွားလာတတ်ရန်
၁၀။ ဖွယ်ဖွယ်ရာရာ ချက်တတ်ခြင်းနှင့် အိမ်တွင်းသန့်ရှင်းစွာ နေတတ်ရန်
၁၁။ အသုံးအစွဲဆင်ခြင်တတ်ခြင်းနှင့် ချွေတာသုံးတတ်ရန်
၁၂။ မိဘဆုံးမမှုကို နာခံတတ်ရန်
၁၃။ ပျင်းရိမှုမရှိ၊ ဖျတ်လတ်စွာလုပ်တတ်ရန်
၁၄။ အချစ်ကို နားနှင့်ရွေးချယ်ပြီး အလွယ်တကူလက်ခံမှုမရှိရန်
၁၅။ ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင်နေတတ်ရန်

( အဆိုပါ မိန်းမကောင်းဖြစ်ရန် လိုသောအချက်များကို ကျွန်တော်ရှာဖွေနေမှန်းသိ၍ ကျွန်တော်နှင့်ခင်သော ညီမငယ်တစ်ဦးမှ သူမှတ်ယူထားသည်ကို   ပြန်လည်မျှဝေခြင်းဖြစ်ပြီး မည်သည့်စာအုပ်မှ ကိုးကား ထားသည်ကို ရေးမထားသောကြောင့် ဖော်ပြနိုင်ခြင်း မရှိပါ။ သို့သော် အဆိုပါ အချက်များသည် အမှန် တကယ်လည်း လိုက်နာကျင့်သုံးသင့်သည်ဟု ထင်မြင်မိသောကြောင့် စာအုပ်အကိုးကို မသိသော်လည်း မှတ်ယူနိုင်ရန် ဖော်ပြ လိုက်ပါသည်။ )
Related Posts Plugin for WordPress, Blogger...