Wednesday, May 30, 2012

"ယောနသံစင်ရော်ရဲ့ ကျွန်တော်"


' အမြင့်ဆုံး ပျံတဲ့ စင်ရော်ဟာ
အဝေးဆုံးမြင်သတဲ့ ' ။

သမားရိုးကျဖြစ်စဉ်တွေကိုမှ
သူကထိုးခွင်းပိုင်းခြားဖောက်ထွက်
ပင်လယ်ထက်မှာ ပျံသန်းခြင်းရဲရင့်
အုပ်စုထဲမှာ စိတ်ဓာတ်အမြင့်မားဆုံး
ပျံသန်းရာမှာလည်း အမြင့်မားဆုံး၊ အမြန်ဆုံး။

အမှန်တရားကို မသိခင်တော့
အုပ်စုက ကျဉ်ဖယ်ခြင်းခံရ
သူ့ဘ၀က အားလုံးကိုဆန့်ကျင်
(ဒါပေမဲ့......)
အမှန်မြင်ချိန်မှာတော့ သူဟာစွမ်းအားရှင်။

မုန်းတီးခြင်းနဲ့ မကောင်းမှုကိုရွံရှာတတ်ရင်း
မေတ္တာကိုခင်းထားတဲ့ သူ့လမ်း
ထက်မြက်တဲ့စွမ်းအား
အုပ်စုထဲကတောင် ခွဲထွက်လာတဲ့တပည့်ခံသူများ
သူ့အမွေတွေခံစားဖို့ထားရစ်
ပြီးတော့ ခြေရာသစ်တွေဆီ သူ့ခရီးဖြစ်ခဲ့ပြီ။

' အို-ယောနသံစင်ရော် '
အန္ဓပုထုဇဉ်တွေအတွက် သင်ဟာမီးပြတိုက်ပါ။
ကျွန်တော့်အတွက်တော့ သင်ဟာကိုယ်ပွားတစ်ခုပါ။

ဘ၀ရဲ့အမှန်ဆိုတာတွေဟာ
ယောနသံရဲ့ ရင်ထဲမှာရှိနေဆဲ
ကုန်ဆုံးခြင်းမရှိတဲ့ လမ်းသစ်တွေအတွက်
ယောနသံရဲ့ စွန့်စားချက်
ခက်ခဲတဲ့အသက်ကို ဥပေက္ခာပြုလို့
ဘ၀ဆိုတာတစ်ခုကို ချမှတ်အကောင်အထည်ဖော်
ပင်လယ်ပျော်စင်ရော်တွေရဲ့ကြားမှာ ငြီးငွေ့
ဘယ်လိုမှ မမေ့နိုင်စရာခရီးထဲ တရွေ့ရွေ့နှင်ခဲ့ပေါ့။

သူ့အသိရဲ့အမှန်ဟာ
အန္ဓတွေအတွက် အမှား။
သူ့လုပ်ရပ်ရဲ့ သဏ္ဌာန်ဟာ
အန္ဓတွေအတွက် အလကား။
စားဖို့အသက်ရှင်သူတွေနဲ့
အသက်ရှင်ဖို့စားသူတွေရဲ့ကြားက ပဋိပက္ခ
ယောနသံရဲ့ တိကျတဲ့အဖြေ
အဆုံးသတ်မှာ အန္ဓတွေအတွက် ရှင်းလင်းနေခဲ့ပြီ။

' အို-ယောနသံစင်ရော် '
အန္ဓပုထုဇဉ်တွေအတွက် သင်ဟာအမုန်းအားပါ။
ကျွန်တော့်အတွက်တော့ သင်ဟာနှလုံးသားပါ။

' အို-ယောနသံရေ '
ပင်လယ်ရေမျက်နှာပြင်ထက်သာမက
ကမ္ဘာမြေပေါ်မှာ ထာဝရ လွတ်လပ်စွာဝဲပျံနိုင်ပါစေ။

ချစ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့အရောင်
အလင်းနဲ့အမှောင်ရဲ့သင်္ကေတ
ကန္တာရနဲ့စမ်းရေရဲ့နိမိတ်ပုံ
သိခြင်းနဲ့မသိခြင်းရဲ့ ရုပ်ဝတ္ထု
မုန်းတီးခြင်းနဲ့မကောင်းမှုရဲ့အလျဉ်
အားလုံးကို ထင်ရှားစေဖို့အတွက်
အတောင်ဝှက်ပျံလာမယ့် အသင့်ကို
ကျွန်တော်မျှော်လင့် ကြိုဆိုနေပါတယ်
ဘယ်ဆီမှာလဲ ယောနသံရယ်....
ပျံလာခဲ့ပါ ယောနသံရယ်....။            ။

သားလတ်
၁၁.၂.၉၆

[ Jonathan Livingston Seagull by Richard Bach ကိုဘာသာပြန်ဆိုထားသော ဘသန်း(ဓမ္မိက)၏' ယောနသံ စင်ရော်'၊ ထင်လင်း၏ 'ပင်လယ်ပျော်စင်ရော်' တို့ကို ခံစားရေးဖွဲ့ပါသည်။]
(အန္ဓ= အကန်း၊ ပုထု= အများ၊ ဇန=လူ)

0 comments:

Related Posts Plugin for WordPress, Blogger...