Thursday, August 1, 2013

" ဆက်၍ ကြည်နူးရပါသည် "


ပြီးခဲ့သည့် တနင်္ဂနွေတစ်ရက်က ကျွန်တော်တို့ ကုမ္ပဏီမှ မြန်မာ ၀န်ထမ်းလေးများနှင့် ဘင်္ဂလားဒေ့ရှ် ( နောက်ပိုင်းမှာ ကျွန်တော်က ဘကုန်း ဟုသာ သုံးပါမည်။ ရိုက်ရသည်မှာ ရှည်လွန်းသောကြောင့်ဖြစ်ပါသည်။) အလုပ်သမားလေးများ ဘောလုံးကန်ကြသည်။ မကန်ခင်ကတည်းက တစ်ပတ်နှစ်ပတ်လောက်မှာ ကြိုတင်ပြင်ဆင်မှုများက စိတ်ဝင်စားဖို့ ကောင်းသည်။

ဘကုန်းလေးများက သူတို့နိုင်ငံက လာမည့် သူငယ်ချင်းတစ်ယောက်ကို ဘောလုံးကန်လျှင် ၀တ်မည့် အင်္ကျီ လှမ်းမှာသည်။ ထိုသူငယ်ချင်းပြန်လာတော့ ပါလာသည်။ အင်္ကျီ က အစိမ်းရောင်။ သူတို့က သေသေ ချာချာ ပြင်ဆင်နေသည်။ ဘောပွဲကို ကန်ကန်မကန်ကန် တစ်ယောက်ကို ဒေါ်လာ နှစ်ဆယ် ထည့်ရသည်။ ပြီးတော့ လာအားပေးခိုင်းသည်။

ထိုအချိန်မှာ ကျွန်တော်တို့ မြန်မာများက အင်္ကျီရွေးတုန်း။ သူတို့က အရောင်ကို ရွေးသည်။ အသင်းကို ရွေးသည်။ ပထမ ဘာစီလိုနာ အသင်း၏ အရောင်တဲ့။ ကျွန်တော်က သူတို့ပြောကတည်းက သူတို့ ၀တ်မည့် ဘာစီလိုနာအသင်း၏ အရောင်နှင့် သူတို့ကစားမည့် ကစားကွက်ကို ပုံဖော်ကြည့်နေသည်။ တော်တော်တော့ တူဦးမည်။ တစ်ပတ်အလို အထိပင် မည်သူက မည်သည့်နေရာက ကစားမည်ကိုပင် နေရာမချရသေး။ အိပ်မက်ထဲမှာပင် ဘာစီလိုနာ ကစားကွက်နှင့် သူတို့ကို ပုံဖော်လို့တောင် မရ။

သို့သော် ကျွန်တော်က မြန်မာဖြစ်နေသောအခါ သူတို့ကို တတ်နိုင်သမျှ နည်းပေးလမ်းပြတော့ လုပ်မိသည်။ ဘောလုံးအသင်းများမှာ အနိုင်အရများသော အသင်းသည် အင်္ကျီအနီဝတ်သော အသင်းဖြစ်ကြောင်း စာထဲမှာ ဖတ်ဖူးတာကို ရှင်းပြခဲ့သည်။ ဥပမာ-အာဆင်နယ်၊ မန်ယူ အစရှိသော အသင်းများ၏ အောင်ပွဲဆင်မှုများမှာ အင်္ကျီအရောင်သည် တစ်ဖက်မှ အထောက်အကူ ဖြစ်သည်ကို သုတေသနပြုသူများ၏ ဆောင်းပါးများမှာ ပါကြောင်း ထောက်ပြခဲ့သည်။

သူတို့လည်း ဘာဝယ်လို့ ၀ယ်ရမှန်းမသိ။ ဖြစ်ချင်တော့ ဘာစီလိုနာ အင်္ကျီကို မှာသောအခါ ထိုကဲ့သို့ အများကြီးဝယ်လိုလျှင် ကြိုမှာရကြောင်း ဈေးသည်က ပြောမှ သူတို့လည်း တခြားအရောင်ပြောင်းဖို့ စဉ်းစားကြတော့သည်။ ဖြစ်ချင်တော့ ယူရိုပြိုင်ပွဲကလည်း နီးလာပြီဖြစ်၍ ယူရိုဘောလုံးပွဲမှာ ကန်မည့် အသင်းများ၏ အရောင်များကို ရွေးပြန်သည်။ ထိုအင်္ကျီများကို မှာလျှင်တော့ စနေမှာ ရမည်။ တနင်္ဂနွေကန်မှာ ဖြစ်၍ အချိန်တော့မီသည်။ သည်တော့ အရောင်ရွေးကြသည်။ မည်သည့်နိုင်ငံ အရောင်ရွေးမည်လဲ။

အရောင်သာရွေးမည် ပြောသည်။ အင်္ကျီဝယ်ဖို့နှင့် ဘောလုံးပွဲမှာ လောင်းကြေးက ဒေါ်လာငါးရာကြေးဖြစ်၍ အားလုံး တစ်ယောက်ကို အနည်းဆုံး လေးဆယ်ထည့်ရန် ညှိနေသည်ကိုပင် မြန်မာတို့၏ ထုံးစံအရ ညှိ၍မရသေး။ တချို့ကလည်း နိုင်လျှင် ဘီယာသောက်မည်၊ ရှုံးလျှင် ငွေဆုံးမည်ဖြစ်၍ ဘယ်မှာလဲ အမြတ်ဟု ဆိုသည်။ နိုင်လျှင် အင်္ကျီဖိုးက မိမိဘာသာပေးရမှာ ဖြစ်၍ တစ်ဆယ်၊ ဆယ့်နှစ်ကျပ်ကတော့ အလကားနေရင်း ပေးရပေမည်။ သည်တော့ သိပ်ပြီး အဆင်မပြေချင်။

နောက်ဆုံးတော့ ကန်ချင်သူများ လက်တွန့်မနေရဲကြတော့။ လောလောဆယ်မှာ ငွေအရင်ထည့်ကာ အနိုင်ကန်မည်ဟု ဆိုကြသည်။ သည်တော့ အသင်းအရောင်ကို ရွေးကြသည်။ အားလုံးတူညီစွာ ဆုံးဖြတ်လိုက်ကြ၏။ ဘရာဇီး......။ ကောင်းပါသည်။ ကျွန်တော်လည်း ထိုအရောင်ကို ကြိုက်၏။ အနီမဟုတ်သော်ငြား ဘရာဇီးသည် ကမ္ဘာ့ချန်ပီယံဆုကို အကြိမ်ကြိမ်ရဖူးသော အသင်း။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်အရတော့ အသာစီးရနေပါသည်။ ကစားကွက်ကတော့ လာချင်သလိုသာ လာ။ ပြဿနာမရှိ။

မကန်ခင် အပတ်မှာ အလုပ်ထဲမှာ ဘကုန်းလေးများက စိတ်ဓာတ်စစ်ဆင်ရေးလား၊ ဘာလားမသိ။ ဘင်္ဂလားဒေ့ရှ်က ၁၀၀ ရာခိုင်နှုန်းအနိုင် ဟု မြန်မာများကြားအောင် အော်နေသည်။ မြန်မာများက ပြုံးရုံပြုံး၏။ နောက်တော့ မြန်မာဘက်က ကြီးကြပ်ရေးမှူးလေး တစ်ယောက်နှင့် ဘကုန်း တစ်ယောက် လောင်းကြေးထပ်သည်။ ပထမပိုင်း မိနစ် နှစ်ဆယ်အတွင်း မြန်မာကြီးကြပ်ရေးမှူးလေးမှ ဂိုးသွင်းနိုင်လျှင် ဘကုန်းလေးက စလုံး ၂၀၀ ပေးရမည်။ မသွင်းနိုင်လျှင် သူ့ကို ၂၀၀ ပြန်ပေးရမည်။

နောက်ထပ် လောင်းကြေးတစ်ခုကလည်း ရှိသေး၏။ ထိုလောင်းကြေးကျတော့ နည်းနည်းထူးဆန်းသည်။ ဘကုန်းလေးတစ်ယောက်က မြန်မာများဘက်က နိုင်ရမည်ဆိုပြီး သူတို့ဘကုန်းထဲက ကောင်လေး တစ်ယောက်နှင့် ငါးဆယ်ကြေးလောင်းသည်။ လောင်းပြီးတော့ သူက ကျွန်တော်တို့ မြန်မာ စတိုမှူးကို လာပြောသည်။ မင်းတို့ မြန်မာတွေ နိုင်အောင်ကန်နော်။ ငါလောင်းထားတယ် တဲ့။ ကျွန်တော်ပြန်သိတော့ ဪ-ဒါကြောင့်မို့ အင်္ဂလိပ်လက်ထက် ကတည်းက သစ္စာဖောက်တို့၊ အလိုတော်ရိတို့ ဆိုတာ ရှိတာဟု တွေးလိုက်မိသေးသည်။ ဘကုန်းက သူ့လူတွေဘက်က မပါ။ သူက မြန်မာတွေဘက်က လာလောင်းနေသည်ကိုး။ ပြန်စဉ်းစားတော့ အနိုင်သေချာ၍ မြန်မာတွေဘက်က လာလောင်းတာဖြစ်မည်ဟု ကျွန်တော်တို့တွေးမိပြီး ထိုအကြောင်းပြောကာ ရယ်မိကြသေးသည်။

ထိုအချိန်မှာ ဘကုန်းလေးများဘက်က စကားတွေ ထွက်လာသည်ကို သူတို့အဆောင်များဘက်ဆီမှ ကျွန်တော်တို့ လုပ်ကွက်ထဲအထိ ကြားလာရသည်။ သူတို့က မြန်မာများသည် အရက်သောက်၊ ဆေးလိပ်သောက်နှင့် အမောခံနိုင်မှာ မဟုတ်။ ထို့ကြောင့် ဘောလုံးပွဲမှာ နိုင်ငံတကာ စည်းမျဉ်းများအတိုင်း လူလဲချင်လျှင် ၃ ယောက်သာ လဲခွင့်ရှိမည်။ ထိုထက်ပိုမလဲရ။

ထိုအချက်ကို မြန်မာအလုပ်သမားလေးများ သိသောအခါ မြန်မာများ နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘကုန်းလေးများ ထင်သလို မြန်မာများဘက်က မှန်နေ၍ပင်။ ယခင်က အဆောင်နှစ်ဆောင် ချိန်းကန်ကြစဉ်ကလည်း ဤအတိုင်း မှန်ခဲ့သည်။ အဆောင်တစ်ဆောင်က မြန်မာများက စင်ကာပူစောရောက်သော စီနီယာများ။ အရက်သမား၊ ဖွန်ကြောင် စသည်ဖြင့် လူစုံသည်။ နောက်တစ်ဆောင်က ကျတော့ လူငယ်၊ လူသစ်များ။ စင်ကာပူပါး မ၀သေးသူများ။ သည်တော့ လူငယ်များသော အသင်းက နိုင်သွားဖူးသည်။ နိုင်ပေလိမ့်မည်။ အသက်ကြီး အသင်းကား အားလုံး အိုနာကျိုးကန်းများကဲ့သို့ပင်။ အမော မခံနိုင်ကြ။ ဒူးချောင်နေသူများ များ၏။

သို့သော် ထိုအချိန်က မြန်မာ၊ မြန်မာချင်း။ ယခုကန်မှာက မြန်မာနှင့် ဘကုန်း။ ပြီးတော့ ငွေပါပါသည်။ သည်တော့ အမောခံနိုင်သူ၊ အမောမခံနိုင်သူ မျှမှရမည်။ သည်မှာပဲ ကန်ဖို့ ပထမ ၁၁ ယောက်ကို အရင်လျာထားကြ၏။ တချို့က ပွဲစကတည်းက ပါချင်သည်။ သို့သော် ကြာရှည်လည်း မကန်နိုင်။ ဒါကို အားလုံးသိသည်။ သည်တော့ ကျွန်တော်က နည်းနည်းတော့ ဆရာဝင်လုပ်ရသည်။

အမောမခံနိုင်သူများ အစကတည်းက ပါလျှင် ရှုံးဖို့များသည်။ ထို့ကြောင့် အမောခံနိုင်သူများ အရင်ဝင်၊ ရသလောက် ဂိုးသွင်း၊ ပြီးလျှင် လူစားလဲ ဆိုတော့ သူတို့လည်း လက်ခံသည်။ မြန်မာများ၏ တွေးဆချက်အရ ဘကုန်းများသည် အမြန်ကစားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်ကက်ကို အမြဲ ကစားနေကျသူများ ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်း ဘောလုံးနောက်ကို လိုက်လိမ့်မည်။ စုပြုံ ပိတ်ဆို့ကစားလိမ့်မည်။ သည်လိုတွက်သည်။

ကျွန်တော်က သိသလောက် ပြောပြပေးသည်။ ဘောလုံး ချဲကစားဖို့လိုသည်ဟု ထောက်ပြသည်။ ကိုယ့်နေရာကိုယ်နေ၊ စုလိုက်လာလျှင် ဘောလုံးကို ကိုယ့်လူဆီ အမြန်ပေး၍ မောင်းကစားဖို့ လိုကြောင်း ပြောပြသည်။ သူတို့လက်ခံ၏။ ထို့ပြင် အာဂျင်တီးနားက မာရာဒိုနာ ပြောခဲ့သည်ကိုလည်း ဥပမာပေးခဲ့သေးသည်။

မာရာဒိုနာက သူတို့ကင်မရွန်းနှင့် ကန်သည့်အခါ ကင်မရွန်းက အမြန်ကစားသော အသင်းဖြစ်၍ ကစားရခက်ခဲ့ကြောင်း၊ ပြေးအားကောင်းသော အသင်းဖြစ်၍ ပထမ ကစားရသည်မှာ အခက်တွေ့ကြောင်း၊ နောက်တော့ သူဘယ်လောက်ပြေးပြေး ကိုယ်က ဘောလုံးကို ကိုင်ထားလိုက်သောအခါ ကင်မရွန်းကစားသမားများမှာ ဘယ်ပြေးလို့ပြေးရမှန်းမသိ ရပ်တန့်ပြီး ကစားကွက်ပျက်ခဲ့ကြောင်း စသည်ဖြင့် ကျွန်တော်လည်း တတ်သလောက်၊ မှတ်သလောက် ပြောပြခဲ့၏။

ထိုအချိန် အတောအတွင်းမှာပင် သတင်းများက ကြားရသည်မှာ တက်ကြွဖွယ်ကောင်းလှသေး၏။ တချို့မြန်မာများကား ဘောပွဲအတွက် တော်တော်ပင် တက်ကြွနေပြီ ဖြစ်ရကား ဘောလုံး မကစားတာကြာပြီ ဖြစ်၍ အမောခံနိုင်ရန် ညနေအလုပ်ဆင်းလျှင် အဆောင်ကို ပတ်ပြေးကာ သက်လုံအတွက် လေ့ကျင့်နေပြီဟု ဆို၏။ လုပ်ကွက်ထဲက မြန်မာများကား အပျော်နှင့်ပင် ကြားရသည်မှာ အားတက်လှ၏။ သို့သော် ထိုသို့အပြေးကျင့်နေသူကြား အလယ်တန်းနှင့် နောက်တန်းကစားမည့်သူ သုံးဦးမှာ အပြေးတော့ကျင့်၏။ အဆောင်က ထွက်သွားစဉ်က အားကစားဝတ်စုံ အပြည့်၊ အင်ပြည့်အားပြည့်နှင့် ပြေးဟယ်၊ လွှားဟယ် ထွက်သွားပြီး ပြန်လာသောအခါ တော်တော်နောက်ကျ၍ အဝေးကြီးများ ပြေးသလား ဟု အဆောင်က သူများက ထင်နေစဉ်မှာ အနှီ ကျေးဇူးရှင်များမှာ အဆောင်အခန်းထဲသို့ပင် ခြေလှမ်းကို ထိန်းကာ မနည်းပြန်ခဲ့ရသည်ဟု သိရရာ မောလို့လားဟု ကျွန်တော်က မေးခိုက်၊ ထိုသို့မဟုတ်၊ ဘီယာဆိုင်က လှည့်ပြန်ခဲ့သောကြောင့်ဟုဆိုမှ အားလုံးက ရယ်ကြတော့၏။ ကျွန်တော်ကတော့ အင်း-မြန်မာ ကတော့ မြန်မာပဲဟုသာ တွေးထင်နေမိသေး၏။ နိုင်တော့မှာပဲ ဟု သူတို့ကိုတော့ ကျွန်တော်ရယ်လျက် ပြောမိသေးသည်။

သည်လိုနှင့် ကျွန်တော်တို့အလုပ်က တရုတ်အင်ဂျင်နီယာလေးက သူဒိုင်လုပ်မည်ဆိုပြီး ကြိုတင်အာမခံ၏။ ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် ဘေးကင်းရေးဝန်ထမ်းများက ကျွန်တော့်ကို စိတ်ဝင်တစား မေး၏။ ဘယ်သူနိုင်မည်နည်း။ ဒါကို ကျွန်တော်လည်း သိချင်လှသည်။ ဘကုန်းများကား ဘောလုံးကို သည်လောက်ကစားတတ်သည်မဟုတ်။ သို့သော် ကိုယ့်လူများကလည်း အမောခံနိုင်လား မသိ။ ယခုပင် သက်လုံကောင်းအောင် ကျင့်ပါသည်ဆိုပြီး ဘီယာဆိုင်ရောက်ကုန်၏။ မလေး Safety ကတော့ ကျွန်တော့်ကို ပြောသည်။ သည်အတိုင်းဆို မင်းတို့မလွယ်ဘူးနော်။ ဘကုန်းတွေက အပြေးသန်တယ် ဟုဆိုသည်။

ကျွန်တော်က အနေအထားကို ပြန်သုံးသပ်ပြီး ချင့်ချင့်ချိန်ချိန် ပြောပြ၏။ နောက်တန်း ကစားမည့် သူများထဲမှာ Lifting Supervisor ကောင်လေးက ခြင်းခတ်တတ်သည်။ ပြီးတော့ အဆဲသန်သည်။ သည်တော့ နောက်တန်းလုံသည်။ အကောင်းတော့ မဟုတ်။ သူဆဲမှာ လန့်၍ ရှေ့တန်းနှင့် အလယ်တန်းသည် ဘောလုံးနောက်မရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားကစားရသည်။ နောက်များ ခဏခဏ ရောက်လို့ကတော့ အဆဲခံရဖို့သာ များ၏။ သည်တော့ သောက်ရမည့် ဘီယာ ဘယ်နားနေမည်မှန်း မသိခင်မှာပင် ကွင်းထဲမှာ အဆဲခံရတာနှင့်ပင် မူးနေတော့မှာမို့ အနိုင်ရရေး ကြိုးစားပေလိမ့်မည်။

အလယ်တန်းကလည်း ဘောလုံးနှင့် လူလုံးနေမည့် လူများ များ၏။ ဘယ်လောက်လုံးသနည်းဟူမူကား ဘယ်ကိုမျှ မကြည့်ဘဲ ဘောလုံးကို ဆွဲပြေးနိုင်သော သူများပါသည်။ တစ်ခုပဲ လန့်ရ၏။ ကိုယ့်ဘက်လား၊ သူ့ဘက်လား ဘယ်ဘက်ဆွဲပြေးမလဲ ဆိုသည်ကိုပင်။

ရှေ့တန်းကျတော့ ကစားနေကျ လူတစ်ယောက်၊ နှစ်ယောက်ကို လဲသုံးမည့်သဘောမို့ ဂိုးကတော့ ရပေမည်။ သည်တော့ ကျွန်တော်က မလေး Safety ကို နိုင်တော့နိုင်လိမ့်မယ်၊ ဂိုးကတော့ ငါလည်း မပြောတတ်ဘူး ဟုသာ ပြောလိုက်တော့၏။

သည်လိုနှင့် သူတို့တကယ်ကန်ကြလေပြီ။ ထိုနေ့က ကျွန်တော် သွားမကြည့်။ အကြောင်းမှာ တစ်ပတ်တစ်ရက် နားရသော ကျွန်တော့်အတွက် လုပ်စရာ အလုပ်များကို ထိုတစ်ရက်မှာ စုပြုံ ရှင်းချင်ခြင်းက တစ်ချက်ဖြစ်သည်။ နောက်တစ်ချက်က ကျွန်တော့်အလုပ်က ၀န်ထမ်းများ ကန်မှာ ဖြစ်၍ မြန်မာဖြစ်သော ကျွန်တော်က မြန်မာဘက်က လိုက်အားပေးသော် မသင့်တော်ဟု ကျွန်တော်ထင်သည်။ ဘကုန်းလေးများ စိတ်ထဲ ငါတို့ Safety က သူ့မြန်မာဘက်က လိုက်အားပေးနေတယ်ဟု ထင်သွားသော် ကျွန်တော့်အတွက် မကောင်းဟု ထင်သည်။ ထို့ကြောင့်လည်း အရင် ရေးခဲ့သောပို့စ် တစ်ပုဒ် ဖြစ်သည့် ကြည်နူးရပါသည် မှာကတည်းက ဘကုန်းလေးများ ဒိုင်လုပ်ဖို့ခေါ်သည်ကိုပင် ကျွန်တော်မလိုက်ခဲ့။

ထိုနေ့က ကျွန်တော်အိပ်ရာနိုးသည့်အခါ မက်ဆေ့ခ်ျက ၀င်လာသည်။ ပထမပိုင်းမှာ ၇ ဂိုး- ဂိုးမရှိဖြင့် မြန်မာများက နိုင်နေသည်တဲ့။ ကျွန်တော် ကောင်းပါတယ်ဟု ပြန်လိုက်၏။ သဘောတော့ ကျမိသေးသည်။ နောက်တော့ ပွဲပြီးသွားချိန်မှာ ကျွန်တော့်ကို သူတို့ ဖုန်းဖြင့် လှမ်းခေါ်သည်။ ၁၂-၁ နှင့် မြန်မာက နိုင်ကာ ပွဲပြီးသွားသည်တဲ့။ ကျွန်တော့်ကို ဖုန်းခေါ်တော့ အားလုံး ဘီယာဆိုင်မှာ ရောက်နေကြပြီ။ ကျွန်တော့်ကို လာခဲ့ဖို့ ခေါ်၏။ ကျွန်တော် မသွားဖြစ်။

သည်အထိ ဆိုလျှင် ကျွန်တော်က မြန်မာအလုပ်သမားလေးများ နိုင်သည်ကို ပျော်၍ ကြည်နူးနေရုံသာ ရှိမည်။ သို့သော်ကျွန်တော့်အတွက် နောက်ဆက်တွဲ ထပ်၍ ကြည်နူးရသည်က မြန်မာအလုပ်သမားလေးများ ဖုန်းထဲက ထပ်ပြောသော စကား။

" အစ်ကို။ ကျွန်တော်တို့ ငါးရာနိုင်တယ်။ သူတို့နဲ့ အတူစားသောက်မလို့ပဲ။ ဒါပေမဲ့ သူတို့က မသောက်တတ်ကြဘူး။ အဲဒါနဲ့ သူတို့ကို ၂၀၀ ပြန်ပေးပြီး မင်းတို့ဘာသာ သွားစားချင်တာစား ဆိုပြီး ပေးလိုက်တယ်။ အမှန်က ၂၅၀ လောက် ပြန်ပေးမလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကို လာအားပေးတဲ့ တခြား မြန်မာတွေလည်း ရှိသေးတော့ ၃၀၀ မှလောက်မယ်ထင်လို့ သူတို့ငွေကို ၃၀၀ ပဲ ယူပြီး ၂၀၀ ပြန်ပေးလိုက်တယ် အစ်ကို "

ကျွန်တော့် အတွက် ထိုစကားက အင်မတန် ကြည်နူးစရာ ကောင်းသည်။ ကျွန်တော်တို့ လူမျိုးမတူပါ။ ဘာသာမတူပါ။ သို့သော် အချင်းချင်း မေတ္တာထားကြသည်။ ပြီးတော့ သူတို့ သည်လို ပြန်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ မြန်မာများအတွက် နိုင်နေလျက်လည်း အနိုင်မယူလို ဆိုသော သဘောကို သက်သေပြရာရောက်သည်ဟု ကျွန်တော်ထင်သည်။

ပြီးတော့ မြန်မာကြီးကြပ်ရေးမှူးလေး လောင်းထားသောကိစ္စ။ ပထမဆုံးနှစ်ဂိုးကို ထိုမြန်မာကြီးကြပ်ရေးမှူးလေး သွင်းသောအခါ သူနှင့်လောင်းထားသော ဘကုန်းလေးမှာ ဘယ်အချိန်ကမှန်း မသိအောင် ကွင်းထဲက ထွက်ပြေးသွားလေပြီ။ နောက်တော့ အလုပ်ထဲမှာ ပြန်တွေ့စဉ် မြန်မာကြီးကြပ်ရေးမှူးလေးက ငွေ ၂၀၀ မယူလိုတော့၊ မင်းဘာသာ မုန့်ပုံးနဲ့ ကော်ဖီမစ်ထုပ်ဝယ်လာပြီး လုပ်ကွက်ထဲမှာ အားလုံးသောက်ရအောင် ထားပေး ဟု ဆိုလိုက်တော့သည်။ ဒါကလည်း ကျွန်တော်တို့ မြန်မာများဘက်က နောက်ထပ် သဘောထား ကြီးမှု တစ်ခုဟု ကျွန်တော်ထင်သည်။

ပြီးတော့ မကန်ခင်က ထားခဲ့သော ဘောလုံးစည်းမျဉ်း။ ၃ ယောက်သာ လဲရမည်ကို နောက်ဆုံးမှာ ဘကုန်းလေးများက မနိုင်တော့မှန်းသိ၍ တစ်သင်းလုံးနီးပါး လူလဲကြသောအခါ မြန်မာများက ခွင့်ပြုပြီး မြန်မာများပါ လူစားလိုက်လဲကြခဲ့တော့သည်။

သည်ဖြစ်စဉ်လေးမှာ ပြောစရာ အများကြီးရှိသည်။ ကျွန်တော်တို့ အားလုံးက နယ်မြေတစ်နယ်မြေမှာ ခေတ္တ လာရောက် ပေါင်းစည်းသူများ ဖြစ်သည်။ သူ့ကို ကိုယ်ကနိုင်၍ ကိုယ်က ပျော်နေလည်း သူများကို မထိခိုက်သော အပျော်မျိုးနှင့် ပျော်ကြသည်။ ဒါကို မြန်မာလေးများ ပြခဲ့ကြသည်။ အဓိကက စာနာမှုပင်။ သူတို့ကို နိုင်၍လည်း ကျွန်တော်တို့ အတွက် ဘာမျှမဖြစ်။

မလေး Safety က နိုင်သည့်ငွေကို ပြန်ပေးသည်ဟု ဆိုတော့ အံ့ဩနေသည်။ ဘာလို့ပြန်ပေးတာလဲ ဟု ဆိုသည်။ သူတို့ရာဇ၀င်မှာ လောင်းကြေးနှင့် ချိန်းကန်ပြီး ငွေပြန်ပေးသည်ကို ကြားပင်ကြားဖူးပုံ မပေါ်။ ကျွန်တော် သူ့ကို ရှင်းပြခဲ့ပါသည်။ အတူတူကန်ပြီး သူတို့လည်း တစ်ခုခု သွားစား ရတာပေါ့ကွာ။ မြန်မာတွေ နိုင်တာကို သူတို့ကို မျှဝေပေးတာပေါ့ ဟုဆိုလိုက်တော့ ဘာမျှ မပြောတော့။

ဒါတောင် စလုံးတရုတ် Safety က နောက်တစ်ခါ မြန်မာတွေနဲ့ ခရစ်ကက် ကစားဖို့ ဘကုန်းတွေကို ပြောရဦးမယ်ဟု ကျွန်တော့်ကို စကားနာထိုးသေးသည်။ ကျွန်တော်ပြုံးလိုက်ပါသည်။ ငါတို့နိုင်ငံမှာ အဲဒီအားကစားက ခေတ်မစားဘူး။ ငါတို့လည်း နားမလည်ဘူး။ ဒါကြောင့် ငါ့လူတွေ ကစားမှာ မဟုတ်ဘူး ဟု ပြန်ပြောလိုက်သောအခါ ဘကုန်းတွေလည်း ဘောလုံးကို နားမှမလည်တာကို ဟု ဆိုသည်။

ကျွန်တော်က ဘောလုံးက ရှင်းပါတယ်ကွာ။ တစ်ဖက်ဂိုးထဲ ဂိုးသွင်းဖို့ပါပဲ ဆိုမှ ငြိမ်သွားလေတော့၏။ နောက်တော့ ဘကုန်းလေးများက မြန်မာများနှင့် နောက်ထပ် မနိုင်မချင်း ဘောလုံး ကန်ချင်သည်ဟု ဆိုတော့ ထိုအဆိုကိုတော့ ကျွန်တော်နှစ်ခြိုက်မိသည်။ သူတို့မှာ မလျှော့သော စိတ်များ ရှိနေသေးသည် မဟုတ်လား။ သို့သော် ကျွန်တော်တို့ မြန်မာဝန်ထမ်းလေးများ ကတော့ တော်ပါပြီဟု ဆိုသည်။ သူတို့ ဘောလုံးကို ကောင်းကောင်း မကန်တတ်သေးသည်ကို သိ၍ မကန်တော့ဟု ငြင်းဆန်ကြခြင်းပင်။

တကယ်တော့ ထိုနေ့က ပထမပိုင်း ဆယ့်ငါးမိနစ်လောက် ဘကုန်းလေးများက ဖိကစားသော်လည်း မြန်မာ များက ထိန်းကစားရင်း ပထမပိုင်း ဆယ်မိနစ်အတွင်းမှာပင် ဂိုးက နှစ်ဂိုးလောက် သွင်းထည့်လိုက်ရာ ထိုကတည်းက သဘောပေါက်နှင့် ပြီးသား ဖြစ်နေတော့သည်။ ဒုတိယပိုင်းမှာပင် ၂ ဂိုးသွင်းသည်ကို မြန်မာ စည်းကြပ်ဒိုင်က လူကျွံဘောသာ လုပ်ချပြီး ၂ ဂိုးကို လျှော့ချပစ်ခဲ့သည်။ ဘကုန်းလေးများ သွင်းသည့်ဂိုးကိုတော့ တမင် ဟ ပေးကာ သွင်းစေခဲ့ခြင်း ဖြစ်သည်ဟု သူတို့ပြောပြ၍ ကျွန်တော် ပြန်သိရသည်။

ကျွန်တော်တို့မြန်မာများစိတ်က နိုင်နေ၍လည်း အနိုင်မလိုချင်။ နှိပ်စက်သလို ဖြစ်မှာကို မလိုလား။ သူများရှုံးနေသည်ကိုလည်း ပျော်မှာမဟုတ်။ သည်တော့ ဆက်မကန်ခြင်းက အကောင်းဆုံးမို့ နောက်ဆို မကစားဖို့ ဆုံးဖြတ်လိုက်တော့၏။

သည်ဘောလုံးပွဲလေးက ကျွန်တော့်အတွက် ကြည်နူးစရာများ များစွာပေးပါသည်။ ယခင်က ကျွန်တော့်ကို ဒိုင်လုပ်ဖို့ပြောခဲ့သော ဘကုန်းလေးက ကျွန်တော်ဒိုင်မလုပ်ချင်ကြောင်း ငြင်းခဲ့၍ မင်းကို ငါယုံတယ်ဟု ဆိုခဲ့ဖူးသောအခါ ကြည်နူးရသည်က တစ်မျိုး။ ယခု ကျွန်တော်တို့ မြန်မာ ၀န်ထမ်းလေးများ ဘောပွဲကို နိုင်သော အခါ နိုင်သောငွေကို အကုန်မယူဘဲ ပြန်မျှပေးခဲ့သလို နိုင်သောသူကို နောက်ထပ် မနိုင် လိုခြင်းမျိုး တွေ့ရသည့်အခါ ကြည်နူးရသည်က တစ်ဖုံ။ စသည်ဖြင့် ကျွန်တော့်မှာ ၀န်ထမ်းလေးများအတွက် ဆက်၍၊ ဆက်၍ ကြည်နူးနေရပါတော့သည်။ ။

ဆူးသစ်
၁၄း၂၇ နာရီ
၁၇.၆.၂၀၁၂

[ ကျွန်တော် ဤ ပို့စ်ကို ရိုက်နေစဉ်မှာ ကျွန်တော့ဘလော့အတွက် အခက်အခဲ တစ်ခု ဖြစ်ခဲ့ပါသည်။ Sign in လုပ်ပြီးမှ ရေးလက်စ ပို့စ်ကို ပြန်ဖွင့်မရ၊ တက်လာသော Comment အသစ်များကို Publish လုပ်မရဖြင့် တော်တော်ကြာသွားပါသည်။ ထိုအတွက် ဘလော့ဂါ ညီမတစ်ဦးဖြစ်သူ အဖြူရောင်နတ်သမီး သည် အသိအကျွမ်းများသည်ဟု ယူဆကာ အကူအညီလှမ်းတောင်းစဉ် သူနှင့် သိကျွမ်းသူများကိုပါ ထပ်ဆင့် အကူအညီတောင်းခဲ့ရာမှ ယခု ဤပို့စ်ကို အောင်မြင်စွာ တင်နိုင်ခဲ့ပါသည်။ ထိုအတွက် ညီမ အဖြူရောင်နတ်သမီး၊ ကျွန်တော့် ပြဿနာကို ကူညီခေါင်းစားပေးခဲ့ကြသော လွမ်းနေခွင့်နှင့် ကိုဇောင်းတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ဤနေရာမှနေ၍ ထပ်မံ မှတ်တမ်းတင် ပြောကြားအပ်ပါသည်။]



Friday, July 26, 2013

" ကျွန်တော်တို့သည် " ( ၂၀ )



ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလမှာ ကျွန်တော်မှတ်မိသမျှ အကြောင်းအရာများကို " ကျွန်တော် တို့သည် " ဆိုသော ခေါင်းစဉ်အောက်တွင် အတွဲလိုက် ရေးလာသည်မှာ အမှတ်စဉ် ( ၁၉ ) သို့ တိုင်ခဲ့ပြီး ဆက်၍မရေးသည်မှာ နှစ်ပေါက်ခဲ့လေသည်။ ကျွန်တော်ကိုယ်တိုင် အာရုံမရသည်က တစ်ကြောင်း၊ တချို့ အကြောင်းအရာများမှာ လုံးဝမမှတ်မိတော့သည်က တစ်ကြောင်းတို့ကြောင့် ဆက်မရေးဖြစ်ခဲ့ခြင်းပင်။

ကျွန်တော် ယခုစာစုများကို ရေးစဉ်မှာ ဦးနှောက်က မှတ်မိသမျှ ရေးခြင်းဖြစ်သော်ငြား ကဗျာများကိုတော့ ကျွန်တော့်ကဗျာ စာအုပ်မှ ပြန်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုကဗျာများမှနေ၍ ကျွန်တော်တို့ ဖြတ် သန်းခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို တချို့တစ်ဝက် ပြန် အမှတ်ရ မိစေပါသည်။

သို့သော် ကျွန်တော် ကဗျာမရေးဖြစ်ခဲ့ဘဲ မှတ်မိနေသော အဖြစ်အပျက်တစ်ခု ရှိနေပါသည်။ ယခုစာစုတွင် ထိုအကြောင်းကို ကျွန်တော် ပြောချင်ပါသည်။

ကျွန်တော်တို့ စတုတ္ထနှစ်ကထင်ပါသည်။ နောက်ဆုံးအတန်းတင် စာမေးပွဲပြီးသောနေ့က ရှစ်မိုင်မှာ ခင်ရာမင်ရာ သူငယ်ချင်းများ စားသောက်ဆိုင်သွားထိုင်ပါသည်။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိမည်ထင်ပါသည်။ သောက်သူက သောက်၊ စားသူက စားပါသည်။ ကျွန်တော်က အစားသာ စားပါသည်။ အသောက်သမား မဟုတ်ပါ။ သို့သော် သူငယ်ချင်းများသောက်လျှင်လည်း ထိုဝိုင်းမှာ ကျွန်တော် ထိုင်ပါသည်။

သည်လိုနှင့် ရှစ်မိုင်မှာ စားသောက်ပြီး မည်သည့်နေရာသွားမည်နည်း ဆိုသည်ကို ဆုံးဖြတ်ကြသည့်အခါ  အားလုံး အင်းလျားကန်သွားရန် သဘောတူကြပါသည်။ သွားမည်ဆိုသောအခါ လိုင်းကားစီးရပေမည်။ ထိုစဉ်က ရှစ်မိုင်မှ အင်းလျားကန်သို့ ဟိုင်းလပ်ကားများလည်း ဆွဲပါသည်။ နံပါတ်တော့ ကျွန်တော် မမှတ်မိတော့ပါ။ သည်လိုနှင့် ကားပေါ်ကို ကျွန်တော်တို့ ရောက်ခဲ့ပါသည်။

သို့သော် ကျောင်းသားဘ၀ထုံးစံ ကားခဘယ်သူပေးမလဲ ဆိုသည်ကို Random နှိပ်ပါသည်။ ကျွန်တော်ရှုံး၍ ကျွန်တော်ပေးခဲ့ရပါသည်။ သည်သို့ဖြင့် မှောင်ရီပျိုးစမှာ အင်းလျားကန်ဘောင်ကို ရောက်ပါသည်။ ကျွန်တော့်သူငယ်ချင်းတချို့ နည်းနည်း အရှိန်ရစပြုလာပါသည်။ ကျွန်တော်တို့ ကန်ဘောင်ပေါ်မှာ ထိုင်သည်။ ပြောချင်ရာပြော၊ အော်ချင်ရာအော်သည်။ ပြီးတော့ တချို့သူငယ်ချင်းများ ကန်ဘောင်ပေါ် ကျောက်တုံးများပေါ်မှာ လှဲချ၍ ကောင်းကင်ကိုကြည့်ကာ သီချင်းဆိုကြသည်။

အချိန်နည်းနည်းကြာတော့ နေရာက ထရန်ပြင်သည်။ ဖြစ်ချင်တော့ ကန်ဘောင်က အထမှာ ကျောင်းက သူငယ်ချင်း အချို့နှင့် ထပ်တွေ့ပြီး သူတို့ကလည်း သူတို့မှာပါလာသော လက်ကျန်အရက် ပုလင်းများကို ပေးလေသည်။ ကျွန်တော်နှင့်အတူ ပါလာသော သူငယ်ချင်းများ မသယ်နိုင်တော့။ သည်တော့ ကျွန်တော်က ကျွန်တော့်လွယ်အိတ်ထဲမှာ ထည့်၍ သူတို့သောက်ရန် သယ်ပေးလေသည်။

ထို့နောက် ဘယ်ဆက်သွားမှာလဲဟု တိုင်ပင်ကြရင်း ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှသည် စတုတ္ထနှစ်အထိ အဆောင်များရှိရာ သမိုင်းဝင်းထဲသို့သွားရန် ပြင်လေသည်။ ထိုအစီ အစဉ်ကို ကျွန်တော်သဘောကျသည်။ သူငယ်ချင်းများ စာမေးပွဲပြီး၍ ညဘက် အဆောင်မှာ လူစုံနေလောက်ပြီ။ သူတို့ကိုလည်း တွေ့ချင်သည်။ တချို့နယ်ပြန်ရမှာ မဟုတ်လား။

သည်လိုနှင့် ကန်ဘောင်မှသည် လှည်းတန်းသို့ လမ်းလျှောက်၍ ခြောက်မိုင်ခွဲဘက် ကားစီးရန် လိုင်းကားစောင့်တော့ လိုင်းကားကမလာ။ ကြားကားတစ်စီး ရောက်လာသည်။ ကြားကားသာဆိုသည်။ ဘတ်စ်ကားပုံစံ မဟုတ်။ တီအီကားကြီး ဖြစ်သည်။ ကျွန်တော့်ဦးလေး အေဂျီတီအိုင် မိုင်းနင်း သမား၏ ရွှေစီမံကိန်း လုပ်ကွက်ထဲက ၀န်ထမ်းကြိုပို့ကားမျိုးကြီး။ တကယ့် အကြီးကြီးမှ အကြီးကြီး။ ကျွန်တော်တို့ကလည်း အပျော်နှင့် အရှိန်ကရနေ၊ ရန်ကုန်မြို့လယ်ခေါင်မှာ တီအီးကားကြီး စီးပြီး ညဘက်မှာ သွားချင်ရာ သွားရမှာဖြစ်၍ ဟေးဟုအော်ကာ ကားပေါ်သို့ ဖက်တက်ကြလေသည်။

ထို့နောက် သမိုင်းဝင်းသို့ သွားရန် ကားမှတ်တိုင်ရောက်သည့်အခါ ဆင်း၍ လမ်းလျှောက်ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော်တို့ သမိုင်းဝင်းများရှိရာဘက်ကို သွားသည့်လမ်းမှာ စာတိုက်ပုံးတစ်ပုံးက ပွင့်နေသည်။ စာများက ထွက်ကျနေ၏။ ကျွန်တော်တို့ စာအိတ်များကို လိပ်စာများဖတ်ပြီး ဒါက ဘယ်ကိုပို့တာ၊ ဘယ်သူ့စာ စသည်ဖြင့် လျှောက်နောက်ကြရင်း စာတိုက်ပုံးထဲ ပြန်ထည့်ပေးခဲ့လေသည်။

သမိုင်းဝင်းသို့ သွားရာလမ်းမှာတော့ ကျောင်းသားများ၏ လှုပ်လှုပ်ရှားရှား သွားလာဟန်များကို မြင်ရသလို ကားတစ်စီးကို ပျက်နေသည်ဟု ဆိုကာ ရှေ့ဖုံး၊ နောက်ဖုံးဖွင့်လျက် ရှေ့နောက် ယောကျာ်းလေး အစောင့်များနှင့် လူကြည့်ပေးနေသော ကားမျိုးကိုလည်း တွေ့ရသေးသည်။ ထိုကားကို စောင့်နေသူတို့က "စက်ပြင်ဆရာ သွားခေါ်တဲ့ကောင်ကလည်း ကြာလိုက်တာ " ဟု ရေရွတ်နေသောအခါ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က " လုပ်မနေပါနဲ့ကွာ၊ ဒါမျိုးတွေ ရိုးနေပြီ။ ငါတို့လည်း ကျောင်းသားပါပဲ " ဟု ပြောသံကြားတော့ ကျွန်တော်က နားမလည်။ နောက်မှ သူငယ်ချင်းများ ရှင်းပြသည်ကို သိရသည်မှာ ထိုအချိန်က အနှီ အင်းလျားလေးဟု ဆိုကြသည့် အာရ်စီတူးနားမှာ ညဘက်ဆို ညဥ့်ငှက်မလေးတချို့ ၀ဲပျံနေကြ၍ အလွယ်ရသည်ဟု ဆိုသည်။ မရလည်း တခြားနေရာက သွားခေါ်လာပြီး ကားပါလျှင် အာရ်စီတူးနားက မှောင်ရိပ်များသည် အဆင်ပြေသည်ဟု သိရ၏။ မှတ်သားရလေသည်။

သည်လိုနှင့် သမိုင်းဝင်းထဲသို့ရောက်ပြီး ထိုအချိန်က နာမည်ကြီးအဆိုတော် တစ်ယောက်၏ညီ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ကို ရှာ၏။ ဖြစ်ချင်တော့ ထိုသူငယ်ချင်းက မရှိ။ သို့သော် သူ့အခန်းဝင်ပြီး ကျွန်တော်တို့ နားကြ၏။ မနားလို့ မရ။ ပြည်လမ်းမှသည် သမိုင်းဝင်းသို့ လမ်းလျှောက်ရသည်မှာ တော်တော်ကြာ၏။ ကန်ဘောင်မှသည် လှည်းတန်းသို့လည်း လမ်းလျှောက်ခဲ့ ပြီးလေပြီ။ ကျွန်တော့်မှာ အရက်ပုလင်းများလည်း ပါလာသေးရာ လေးလည်းလေး၊ ညောင်း လည်းညောင်း၏။

သမိုင်းဝင်းရောက်တုန်း ကျွန်တော်ကတော့ သူငယ်ချင်းများကို မြင်ပြီး သဘောကျနေသည်။ ကျွန်တော်က နေ့ကျောင်းသား ( ရန်ကုန်က ကျောင်းတက်သူ ) ဖြစ်၍ နယ်က သူငယ်ချင်းများလို ကျောင်းဆောင် နေခွင့်မရ။ ထို့ကြောင့် သူတို့၏ အဆောင်ကျောင်းသားဘ၀ကို သိပ်သိချင်၍ ရံဖန်ရံခါ သွားလည်ရသည်။ ထီးကိုးလက် စားသောက်ဆိုင်များ၊ စဥ့်ကူ၊ အင်းလေး၊ ပုပ္ပါး၊ ဇီဝက၊ ဒူးယား စသော အဆောင်များသည်ကား ကျွန်တော်နှင့် ခင်သော နယ်မှ သူငယ်ချင်းများ၏ ကျင်လည်ကျက်စားရာ။

သူတို့ကိုမှီ၍ ကျွန်တော်က အဆောင်များကို ရောက်သည်။ ရံဖန်ရံခါ စာသွားကျက်သည်။ အာရ်စီတူးဘက်က ကင်တင်းန်မှာ လက်ဖက်ရည်ဆိုင်ထိုင်သည်။ တည့်တည့်ပြောရလျှင် ကျွန်တော်တို့ ကျောင်းနှင့် မတူသည့် အလှအပများကို သွားကြည့်သည်။ ( ကိုယ့်ကျောင်းမှာလည်း အလှအပများ မရှိဘူးဆိုလျှင် သူငယ်ချင်းများ စိတ်ဆိုးမည်စိုး၍ ကျောင်းနှင့် မတူသည့် အလှအပများဟု ကျွန်တော်သုံးပါသည်။ သူငယ်ချင်း မိန်းကလေးများ နားလည်မည်ထင်ပါသည်။ )

သည်တော့ စာမေးပွဲပြီးချိန် ညဘက်မှာ အဆောင်ကိုရောက်တုန်း ဘယ်သူဘာလုပ်နေလဲ မေးရ၊ လိုက်ကြည့်ရနှင့် ပျော်ဖို့ကောင်းနေတော့သည်။ သို့သော် တချို့ သူငယ်ချင်းများကလည်း အတန်းထဲတွင် ရိုးရိုးအေးအေး နေသလောက် ယခုအဆောင်ညဘက်မှာ အရက်ကို တိုးတိုးတိတ်တိတ် သွားဝယ်သူနှင့်၊ အခန်းသော့ခတ်ထားသူနှင့်၊ ဖဲရိုက်သူနှင့် စုံနေအောင်တွေ့ရ၍ ကျွန်တော့်မှာ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘ၀၏ တကယ့်ကျောင်းသားဘ၀ အစစ်ကို မြင်ရလေတော့သည်။ ကျွန်တော်တို့မှာ စာသင်ခန်းများ၊ စာကြည့်တိုက်၊ လက်တွေ့ခန်းများကြား ပြေးဟယ်လွှားဟယ် ဖြစ်ခဲ့ပြီးမှ ယခုလို စာမေးပွဲ နောက်ဆုံးနေ့၏ လွတ်လပ်သောညရင်ခွင်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရသည်ကို ထူးကဲသော အရသာတစ်မျိုးသဖွယ် ခံစားရလေသည်။

ခဏနေတော့ ကျွန်တော်နှင့် သူငယ်ချင်းများလည်း အခန်းပိုင်ရှင် သူငယ်ချင်း ပြန်မလာ၍ သဇင်ဆောင်ဘက် သွားရန်ပြင်လေသည်။ ထိုအချိန်မှာ ကျွန်တော့်သူငယ်ချင်း တချို့မှာ လက်ကျန်အရက်များကို အပြတ်ရှင်း၍ ရေချိန်လည်း နည်းနည်းတော့ကိုက်နေပေပြီ။ တချို့ဆိုလျှင် ကျွန်တော်က ဖိနပ်ချွတ်ထားပြီး ခုတင်ပေါ်လှဲနေစဉ်မှာ ခုတင်အောက်က ကျွန်တော့်ဖိနပ်ကို ပိတ်ကန်လိုက်သည်မှာ မနည်းပြန်ရှာယူရသည်အထိ ဖြစ်နေပေပြီ။ သို့သော် သူတို့သွားမည်ဆိုလျှင် ကျွန်တော်ကလည်း လိုက်မည်ဖြစ်၍  ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ မိန်းကလေးများထားရာ သဇင်ဆောင်ဆိုသည့် အဆောင်ကို ခြေဦးတည်နေလေရာ ကျွန်တော် လည်း ပျော်ပျော်ကြီး ထလိုက်လေတော့သည်။

ဖြစ်ချင်တော့ သဇင်ဆောင်မှာ ခြံစည်းရိုးပြင်နေသည်လား၊ အဆောင်မွမ်းမံနေသည်လား မပြောတတ်။ အဆောင်ဝမှာ သဲပုံကြီးက ပိတ်နေလေသည်။ သို့သော် တခြား သီချင်းဆိုနေသော သူငယ်ချင်းများနှင့် ရောကာ ကျွန်တော်တို့လည်း သီချင်းများ ၀င်ဆို၍ ကျွန်တော်တို့ကျောင်း၏ အလှပဂေးများ အဆောင်ပေါ်မှ ပြူတစ်၊ ပြူတစ်ဖြင့် ကိုယ်ရောင်ပြနေသည်ကို ငေးကာ ပျော်ခဲ့ ရလေတော့သည်။ ဖြစ်ချင်တော့ ကျွန်တော်တို့ အဖွဲ့ထဲမှ လျှပ်စစ်စွမ်းအားက သူငယ်ချင်းတစ်ယောက်မှာ သဲပုံပေါ်လှိမ့်ကာ၊ ပတ်ကာ ပျော်မြူးနေ၍ သူ့ကိုကြည့်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ရလေတော့သည်။

ထို့နောက် သဇင်ဆောင်က ထွက်ကာ ရှစ်မိုင်သို့ ခြေကျင်လျှောက်ကြပြန်သည်။ ထိုအချိန်အထိ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေသည်သာ ဖြစ်လေသည်။ စာမေးပွဲပြီး၍ ပျော်နေသည့် စိတ်ကို လွှတ်ပေးထားခြင်းပင်။ ရှစ်မိုင်ရောက်သည့်အခါ ညနေက စားထားသည့် စားစရာများမှာ ဗိုက်ထဲမှာ မကျန်တော့ချေ။ အားလုံးက ဗိုက်ဆာလာလေသည်။ ထို့ကြောင့်နီးစပ်ရာ ဆိုင်တစ်ဆိုင်ကို ၀င်လိုက်စဉ် ထိုဆိုင်မှာ ထမင်းဆိုင်ဖြစ်သော်ငြား ကုလားဆိုင်ဖြစ်နေကာ ပဲဟင်းသာ ကျန်တော့သည်ကို တွေ့ ရလေသည်။

ကျွန်တော်တို့မှာ ဗိုက်ကလည်းဆာ၊ တခြားဆိုင်များကလည်း သိမ်းနေပြီဖြစ်ရာ ရရာနှင့်သာ ဆွဲကြလေတော့သည်။ ထမင်းစားပြီးတော့ အိပ်ရန်နေရာကို စဉ်းစားရတော့၏။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ဖြစ်လေရာ အဆောင်လည်း မပြန်ချင်တော့။ ကျွန်တော်တို့နှင့် ရင်းနှီးသည့် သူငယ်ချင်းများထဲက ရှစ်မိုင်နှင့် အနီးဆုံး သူငယ်ချင်းကို ချက်ချင်းပြေးမြင်မိလေရာ ဖုန်းဆိုင်ကို သွား၍ ဖုန်းခေါ်ရလေ၏။ သူငယ်ချင်းကလည်း တော်ရှာပါပေသည်။ ကျွန်တော်တို့ကို ခဏစောင့်ရန်ပြောပြီး သူ့ကားနှင့် အိမ်ကိုလာခေါ်၏။

သူ့အိမ်မှာ ခြံကျယ်၊ အိမ်ကျယ်နှင့် အလုပ်သမားတန်းလျားကပင် မိသားစု လေး၊ ငါးစု အသာကလေး နေလို့ရနေရာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အတွက် အခန်းတစ်ခန်း ကပင် ချောင်ချောင်ချိချိ ဖြစ်လို့နေတော့သည်။ ကျွန်တော်တို့မှာ ရှိရင်းအုပ်စုထဲကို နောက်ထပ် အိမ်ရှင် သူငယ်ချင်းတစ်ယောက်တိုးလာ၍ စကားဝိုင်းက ရပ်မရတော့။ အိမ်ရှင်သူငယ်ချင်းကလည်း ညသန်းခေါင်ကျော်မှာ ကျွန်တော်တို့ ဆာနေမှန်းသိ၍ ပေါင်မုန့်ထုပ်များ ယူလာချပေးသည်။ ပိုဆိုးသွားသည်က ဂစ်တာတစ်လက် သူကယူလာပေး၍ ထိုညက ကျွန်တော်တို့ ဘယ်အချိန်မှာ ဘယ်လိုအိပ်ပျော် သွားမှန်းပင် မသိ။

နောက်တစ်နေ့ အိပ်ရာနိုးတော့ ကျွန်တော်က တချို့သူငယ်ချင်းများနှင့် ပြန်ရန်ကြိုးစားစဉ် အိမ်ခြံဝင်းထဲမှာ လွှတ်ထားသော ခွေးအကြီးကြီးများကိုတွေ့၍ နေရာကပင် မလှုပ်ရဲ။ အိမ်ရှင် သူငယ်ချင်းနိုး လာမှ နှုတ်ဆက်ပြီး ထပြန်လေတော့သည်။

ထိုညကလေးက သည်နေ့အထိ ကျွန်တော့်ဦးနှောက်ထဲမှာ စွဲထင်နေတုန်း။ အိမ်ရှင်သူငယ်ချင်းက ယခု ဓာတ်ပုံ အနုပညာကို လိုက်စားနေသော အင်ဂျင်နီယာ တစ်ဦး။ ထိုညက ကျွန်တော်နှင့်ပါသော သူငယ်ချင်းများထဲမှာ တချို့က သင်္ဘောလိုက်၊ တချို့က စင်ကာပူမှာ၊ တချို့က စင်ကာပူမှာ လုပ်နေရာက မြန်မာပြည်ပြန်၊ သည်လိုနှင့် ဘ၀တွေ ဆက်နေကြသည်။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်ဆိုသော ကျောင်းတော်ကြီးအောက်မှာ လည်ပင်း ဖက်ပေါင်းရင်း ရှင်သန်ပျော်ပါးခဲ့သူများ ဖြစ်၏။ ကျွန်တော်တို့သည် စာသင်ခန်းထဲမှာ ဦးနှောက်ရှုပ်နေသမျှကို စာမေးပွဲပြီးတိုင်း လွှတ်ချနိုင်သမျှ လွှတ်ချခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် ကျွန်တော်တို့သည် ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကျွန်တော်တို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် ကျွန်တော်တို့၏ အပျော်များကို စားသုံးသူများလည်း ဖြစ်သည်။ ကျွန်တော်တို့ကို ပြင်ပက မည်သူမဆို လွတ်လပ်စွာ ထင်မြင်နိုင်ခွင့်ရှိသလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကျောင်းနှင့် ပတ်သက်၍ အစွဲကြီးသူများဖြစ်ကာ သူငယ်ချင်းချစ်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြလေသည်။         ။

ဆူးသစ်
၂၃း၂၅ နာရီ
၂၆.၇.၂၀၁၃

Saturday, July 20, 2013

" ပြာတာတာ အနုပညာ "


ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဘ၀က အိမ်မှာစာအုပ်တွေ အများကြီးရှိတော့ အိမ်နီးချင်းတွေက ငှားဖတ်ကြတယ်။ အမှန်က အဖေလက်ဆောင်ရထားတဲ့ စာအုပ်တွေရယ်၊ ၀ယ်ထားတဲ့ စာအုပ်တွေရယ်ကြောင့် အိမ်က စာအုပ်စင်က သူများမြင်ရင် အကြီးကြီးမို့ ငှားချင်စရာ ဖြစ်နေတာပါ။ ကျွန်တော်တို့ တော်တော် တန်ဖိုးထားတဲ့ စာအုပ်တွေက လွဲရင် ကျန်တာကို ပေးဖတ်ပါတယ်။ ရှားပါးစာအုပ်တွေကတော့ လုံးဝမငှားပါဘူး။ စာအုပ်ငှားသူတွေ အကြောင်းသိနေလို့ပါ။ တချို့က စာအုပ်ကို ရိုသေရကောင်းမှန်း မသိဘူး။ တချို့က ကြိုက်လွန်းလို့ ပြန်ကို မပေးတော့တာပါ။ ထားပါတော့။

အဲဒီလို စာအုပ်ငှားတော့ သန်ရာသန်ရာ ငှားဖတ်ကြပါတယ်။ အချစ်ဝတ္ထုကို သန့်သန့်လေးဖတ်သူ ရှိသလို ကလေးအမေ အဒေါ်ကြီးတစ်ယောက်ကလည်း ချစ်ခန်းကြိုက်ခန်း ခပ်ကြမ်းကြမ်း ပါတာမျိုးကိုမှ တမင်ရွေးဖတ်လေ့ရှိတာကို သတိထားမိပါတယ်။ အဲဒီလိုအခန်းတွေ များများရေးတဲ့ စာရေးဆရာ၊ စာရေးဆရာမရဲ့ ၀တ္ထုကိုမှ ရွေးဖတ်တယ်ပေါ့ဗျာ။

ဒီကတည်းက ဘာသွားသတိထားမိသလဲဆိုတော့ လူတွေမှာ ရွေးချယ်စရာတွေရှိလို့ ရွေးချယ်ခဲ့ရင်တောင်မှ သူတို့စိတ်အခံအတိုင်း ရွေးသွားလေ့ရှိတယ်လို့ ကျွန်တော်သတိပြုမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့လူငယ်ကလေးတွေ အညှီအဟောက်ရေးတဲ့ စာရေးဆရာ၊ စာရေးဆရာမတွေကို သိနေပေမယ့် သူတို့ အချိန်ကုန်လို့ တကယ်ကောင်းတဲ့စာတွေ ရွေးဖတ်တာ သိနေတာပါပဲ။ တစ်ခါတစ်ရံ မသိလို့ ငှားဖတ်မိရင်တောင်မှ နောက်မဖတ်တော့တာ ကျွန်တော် သတိထားမိတယ်။ ဒါကပဲ တကယ် စာဖတ်သူမှာ ရွေးစရာရှိရင် ရွေးသွားတယ်ဆိုတာကို သက်သေပြနေတာပါ။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် စာမရွေးတတ်သူတွေ အဲဒီ အညှီအဟောက်တွေတွေ့ပြီး သဘောကျလို့ ဆက်တိုက်ဆက်ဖတ်သွားရင် သူရွေးတဲ့လမ်းတော့ သွားပြီပေါ့။ အဲဒီကတည်းက အနုပညာလို့ ပြောပြောပြီး စာဖတ်သူကို ပြာတာတာ အညှီအဟောက်နဲ့ ဆွယ်တဲ့သူတွေကို ကျွန်တော် သိပ်ခံစားလို့မရခဲ့ပါဘူး။

ကျွန်တော် ရန်ကုန်စက်မှု တက္ကသိုလ်မတက်ခင်မှာ အဖေ့မိတ်ဆွေတစ်ယောက်ရဲ့ ဗွီဒီယိုဆိုင်မှာ ခဏ၀င်လုပ်ဖူးပါတယ်။ အဲဒီတုန်းကလည်း အဲဒီလိုပါပဲ။ အမျိုးသမီးကြီးတစ်ယောက် ကလေးလက်ဆွဲပြီး အပြာကား လာငှားပါတယ်။ ကျွန်တော်ကတော့ သူမှားပြောတာပါလေဆိုပြီး တကယ့်အက်ရှင်ကား ထည့်ပေးလိုက်ပါတယ်။ သူပြန်လာလဲပါတယ်။ ကျွန်တော် သူကြည့်ချင်တဲ့ကား ပေးလိုက်တော့ လာမလဲတော့ပါဘူး။

တချို့လည်း လင်မယားကြည့်ဖို့ ဆိုပြီး အဲဒီလိုကားတွေ လာငှားပါတယ်။ လင်မယားကတော့ မထူးဆန်းတာမို့ ငှားလိုက်ပါတယ်။ ကျွန်တော်ဆိုလိုတာက လူတွေမှာ သူတို့ရဲ့ ဆန္ဒမီးပြင်းလာရင် ဘာမှမသိတော့တာပါ။ နောက်တစ်ခုက သူတို့လိုချင်တဲ့ အခွေ၊ ဒါမှမဟုတ် ပစ္စည်းဆိုတာကလည်း အလွယ်ရနေလေတော့ ဘာမှထိန်းချုပ်နေစရာ မလိုဘူးလို့ တွေးပုံရပါတယ်။ တကယ် ဆို ယောကျာ်းလေးတွေသာ အခွေ ငှားနေတဲ့ဆိုင်မှာ အဲဒီကားပေးပါလို့ ပေါ်တင်ပြောငှားရဲဖို့ ဆိုတာ တော်ရုံ အမျိုးသမီး မလုပ်ရဲတဲ့ ကိစ္စမျိုးပါ။ ဒါပေမဲ့ သူ့ဆန္ဒပြင်းပြနေတဲ့အချိန်ရယ်၊ သူ့အိမ်မှာ လူမရှိတာရယ်၊ ငှားချင်တဲ့အခွေကလည်း အလွယ်ရနေတာရယ်ကြောင့် ယောကျာ်းလေးတွေ များတဲ့ အခွေငှားဆိုင်မှာ ပါးစပ်က ထုတ်ပြောပြီး အပြာကားတစ်ကားကို ငှားရဲသွားတာပါ။

ဒီနေရာမှာ အညှီအဟောက် စာအုပ်ငှားသူကတော့ ပုန်းလျှိုးကွယ်လျှိုးနဲ့ ငှားသွားလို့ ရတာကိုး။ အပြင်လူက အဲဒီစာအုပ်မျိုး ဖတ်ဖူးမှသိမှာ ဆိုတော့ သူကတော့ မျက်နှာမပူရတော့ဘူးပေါ့။ မသိလို့ ငှားသလိုလို၊ စာအရေးကောင်းလို့ ငှားသလိုလိုပေါ့။ ဗွီဒီယိုအခွေကျတော့ လက်ကကိုင်ပြလို့ကို မရတော့တာ။ ပုန်းလျှိုးကွယ်လျှိုးကို သယ်ရတော့တာ။

အဲဒါတွေက လွန်ခဲ့တဲ့  ၁၉၉၀ အစွန်းကာလတွေနဲ့ ၂၀၀၀ ခုနှစ် အစွန်းကာလတွေမှာ ကျွန်တော်ကြုံခဲ့ရတာပါ။ ကဲ-အခု ၂၀၁၃ ခုနှစ် ရောက်နေပါပြီ။ ကျွန်တော်တို့ မြန်မာပြည်သူတွေလက်ထဲမှာ ဟန်းဖုန်းတွေ၊ အင်တာနက်တွေ ထဲထဲဝင်ဝင် နေရာယူနေပါပြီ။ အဲဒီအချိန်မှာ တစ်သက်လုံး အပြမှာ ယဉ်ကျေးလာတဲ့ မြန်မာ့ရုပ်ရှင်က တစ်စခန်းထဖောက်လာပါတယ်။

Facebook မှာ ရှယ်ထားတဲ့ အပိုင်းအစလေးနှစ်ပိုင်းကို ကျွန်တော်ကြည့်လိုက်ရပါတယ်။ ဗွီဒီယိုဇာတ်ကားနှစ်ကားရဲ့ မင်းသားမင်းသမီး ချစ်ခန်းကြိုက်ခန်းပဲ ဆိုပါတော့။ ပထမကြည့်ရတဲ့ကားက ချစ်သူရည်းစားနဲ့ နမ်းတယ်ဆိုပြီးပြတဲ့အခန်းနဲ့ မင်းသားကမှောက်မှားတဲ့အခန်း နှစ်ခန်းကို ဒါရိုက်တာက ကြိုးစားရိုက်ပြထားပါတယ်။ ချစ်သူရည်းစားနဲ့ နမ်းမလို လုပ်တဲ့အခန်းမှာဆို ကြယ်သီးစဖြုတ်တာပါ ပါပါသေးတယ်။ နမ်းတာကတော့ တကယ်မနမ်းပါဘူး။ နမ်းမလိုပြတော့ မင်းသမီးကလေး ခမျာ တွန့်သွားတာတောင် တွေ့လိုက်ရပါသေးတယ်။

အဲ-မင်းသားက အထင်မှားပြီး မင်းသမီးကလေးနဲ့ အတူအိပ်လိုက်တဲ့ အခန်းကတော့ နည်းနည်းလေး အပြကြမ်းတယ်လို့ ကျွန်တော်မြင်တယ်။ ဖယောင်းတိုင်မီးလေးပျော်သွားတာ ပြရင်း မင်းသားနဲ့ မင်းသမီး ဆက်ဆံတာကို ရိုက်ပြတာက အဲဒီလောက်အထိ လိုလားလို့ ကျွန်တော်တွေးမိပါတယ်။ ဘာဖြစ်လို့ တွေးသလဲဆိုတော့ ရှေ့ကဒါရိုက်တာတွေလည်း ရုပ်ရှင်ပေါင်းများစွာမှာ ဒီလိုအခန်းမျိုးကို တခြားနည်းနဲ့ ကျော်ဖြတ်ပြသွားပြီး သူတို့လိုချင်တဲ့ နေရာရောက်အောင် ဆွဲခေါ်သွားခဲ့တာပဲ မဟုတ်လား။ ဒီလိုအခန်းမျိုးတွေကိုပြချင်ရင်တောင် မြန်မာဆန်ဆန်လေး ပန်းပွင့်လေးကြေသွားတာ၊ ပွင့်ဖတ်လေးပြုတ် ကျတာ စသဖြင့် လူနားလည်ပြီး အနုပညာ အဆင့်ရှိတဲ့ မြန်မာဆန်ဆန် ပြကွက်နဲ့ ပြသွားကြတာပဲ မဟုတ်လား။ အဲဒီအခန်းတွေ ရိုးတယ်ဆိုတောင် ဒီထက် အနုပညာဆန်တာကို ယဉ်ယဉ်ကျေးကျေး ပြသင့် တာပဲလေ။

အဲဒီဇာတ်ကား အဲဒီအခန်းတွေနဲ့ ပတ်သက်ပြီး အသံတွေထွက်လာပြီးတော့ မင်းသမီးလေးနဲ့ ဒါရိုက်တာကို အင်တာဗျူးတော့ မင်းသမီးလေးက "ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်း မသိလို့ပါ " လို့ ဆိုထားသလို ဒါရိုက်တာကလည်း “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက်ချင်တဲ့စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တစ်မျိုးဖြစ်မယ် ဆိုရင်လည်း ကျွန်တော် စိတ် တကယ်ကို မကောင်းပါဘူး။ စေတနာ အမှားပါ” လို့ဆိုထားပါတယ်။ 

မင်းသမီးလေးက " ဒီကားက ပေါက်တယ်။ -- ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက်တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက်ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ " လို့လည်း ဆိုထားသေးတယ်။

သူကတော့ သူရိုက်တဲ့ ရုပ်ရှင်ပေါက်တော့ ပျော်နေတဲ့သဘောပါ။ ဒါပေမဲ့ ဘယ်ရုပ်ရှင်မှလည်း ဒါရိုက်တာနဲ့ မင်းသမီးနှစ်ယောက်တည်း မရိုက်တာ ကျွန်တော်တို့ သိနေတာပါပဲ။ အပြင်ဘက်က ဝေဖန်သူတွေရဲ့ ဆိုလိုရင်းက အဲဒါတွေ မဟုတ်တာ အသက်ငယ်ပြီး အတွေ့အကြုံနုတဲ့ မင်းသမီးလေး ဘယ်သိပါ့မလဲ။ တကယ်တော့ ပရိသတ်က အပြစ်တင်နေတာ မဟုတ်ပါဘူး။ မလိုအပ်ဘဲနဲ့ ပရိသတ်ကို မပြသင့်တဲ့ အပြမျိုးတွေ မပြအောင် ပြောနေတာပါ။ မင်းသမီးလေး ပြောသလို တစ်စုံတစ်ယောက်က မနာလိုလို့ ပြောတယ်ဆိုရင်တောင် သေချာတာက အခု ကျွန်တော်ပြောနေတာတွေဟာ ရုပ်ရှင်လောကနဲ့ လားလားမျှ မဆိုင်တဲ့ အနုပညာကို ချစ်တဲ့ စာရေးသူတစ်ဦးက ပြောတာဖြစ်လို့ ဒီစာကိုဖတ်မိရင် သဘောပေါက်စေချင်တာက ဘာ မနာလိုမှုမှ မရှိဘူး ဆိုတာပါပဲ။

ဒါရိုက်တာကတော့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပုံစံတူ လမ်းကြောင်းက ခွဲထွက်ချင်တယ်ဆိုရင် တခြားနည်းမရှိဘူးလားလို့ ကျွန်တော်မေးချင်ပါတယ်။ ထိုင်းက Ong Bak တို့၊ Pee Mak တို့ ဘာလို့ အောင်မြင်တာလဲ။ ရုပ်ရှင်နယ်ကလူတွေ ပိုသိပါတယ်။ ဆရာကြီး ဦးသုခတို့၊ မောင်တင်ဦးတို့ ဘာလို့ အကယ်ဒမီတွေရခဲ့တာလဲ။ " ဘယ်သူပြိုင်လို့ လှပါတော့နိုင် " တို့၊ " သင်္ကြန်မိုး " တို့ ဘာဖြစ်လို့ ဘယ်အချိန် ပြန်ကြည့်ကြည့် မျက်ရည်ကျရတာ၊ မရိုးနိုင်တာ စတဲ့ ခံစားမှုတွေ ရနေတာ ဘာကြောင့်ပါလဲ။ ခွဲထွက်ချင်လို့ ဒါမျိုးပြတယ်ဆိုတာကတော့ လက်မခံနိုင်စရာပါ။

ကျွန်တော်ဆိုလိုချင်တာက မသိနားမလည်တဲ့ မင်းသမီးကလေးလည်း ကိုယ်ပြချင်တဲ့ စစ်မှန်တဲ့ အနုပညာဆိုတာ အဲဒါမဟုတ်ဘူး ဆိုတာသိစေချင်ပါတယ်။ ကိုယ်က စိတ်သန့်တာ၊ မသန့်တာနဲ့ အနုပညာကို ဖန်တီးတာ ပြည်သူ လက်ခံ၊မခံနဲ့က ဘာမျှ မဆိုင်ပါဘူး။ သတ်သတ်စီပါ။ ကိုယ်ကစိတ်သန့် ပါတယ်ဆိုပြီး ပေါက်ကရတွေ လာပြနေလို့ကတော့ ကျွန်တော်တို့လည်း အချိန်ကုန်လို့ ကြည့်မှာ မဟုတ်ပါဘူး။ အချိန်က စကားပြောပါလိမ့်မယ်။ 

ဒါရိုက်တာကလည်း အနုပညာကို ဖော်ပြချင်ရင်၊ ခွဲထွက်ချင်တယ်ဆိုရင် ဒီထက်ကောင်းတဲ့ နည်းလေးရှာပါလို့ ပြောပါရစေ။ နမ်းပြမှ၊ ချစ်ခန်းကြိုက်ခန်းကို ကြမ်းပြမှ ဆိုတာတွေက အမှန်အတိုင်းပြောရရင် အနောက်နိုင်ငံတွေမှာ ဟိုအပြာကားရိုက်တဲ့ လူတွေသာ လုပ်တဲ့ လုပ်ရပ်လောက်သာ ရှိတာပါ။ ဟောလီးဝုဒ်က ရုပ်ရှင်တွေမှာ ပါတာကို ထောက်ပြချင်တယ် ဆိုရင်တော့ မြန်မာပြည်ဟာ အမေရိကား မဟုတ်လို့ ဥာဏ်ကလေးနဲ့ စဉ်းစားစေချင်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အတွက်က လူရှေ့သူရှေ့ နမ်းတယ်ဆိုတာ ထမင်းစား၊ ရေသောက် ကိစ္စထက်တောင် ပေါ့ပါးလွန်းပါတယ်။ လူရှေ့သူရှေ့ ဖော်ရချွတ်ရတယ်ဆိုတာကို အိမ်မှာ ရေချိုး တာလောက် ထင်ကြတာပါ။ 

ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာက ယဉ်ကျေးမှုကို တော်တော်လေး တန်ဖိုးထားတဲ့လူမျိုး၊ ဘာသာကို ကိုင်းရှိုင်းတဲ့ လူမျိုး ဆိုတာကို ခေါင်းထဲမှာ ထည့်ထားစေချင်ပါတယ်။ ငါရိုက်သမျှ ကြည့်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့တော့ မရိုက်စေချင်ပါဘူး။

နောက်တစ်ကားကတော့ ပထမကားထက် ပိုဆိုးတဲ့ကားလို့ ပြောပါရစေ။ မင်းသားနဲ့ မင်းသမီးက အပြန်အလှန် စောင်အောက်တိုးလိုက်၊ (တိုးတာမှ အောက်ပိုင်းကို ခေါင်းနဲ့ တိုးနေတာ)၊ အပေါ် ဗလာကျင်းဖြစ်နေတဲ့ မင်းသားရဲ့ ရင်ခွင်ပေါ်မှာ ပွတ်သီးပွတ်သတ်လုပ်လိုက်၊ မျက်နှာတွေကျတော့ ပြီတီတီနဲ့ အဲဒီအခန်းကို စဉ်းစားကြည့်စေချင်ပါတယ်။

သိပ်မကြာပါဘူး။ အဲဒီတခြား မင်းသမီးကလေး တစ်ယောက်က ဆိုတယ် ထင်ပါရဲ့။ " အဲဒီလို အခန်းမျိုးတွေကို မကြည့်ချင်ရင် နိုင်ငံခြား ကားတွေလည်း မကြည့်နဲ့လေ " ဆိုပြီး ပရိသတ်ကို စော်ကားတဲ့ စကားမျိုး မီဒီယာရှေ့မှာ ထွက်ကျလာပါတယ်။ ကျွန်တော် ပြုံးမိပါတယ်။ အောင်မြင်မှုကို လိုချင်တဲ့ ငယ်ရွယ်သူတွေမှာ အမှန်နဲ့ အမှားကို မကွဲပြားပါလားလို့လည်း တွေးမိပါသေးတယ်။ 

သူ့ဘာသာ လင်ခန်း၊မယားခန်း ( ခြေချောင်းတွေ ကွေးတက်တာတွေအထိ အသေးစိတ်ရိုက်ပြထားတဲ့ အခန်း) မျိုး သရုပ်ဆောင်ရင် ပရိသတ်ထဲ ပေါက်ပြီလို့ ထင်နေတဲ့ ကလေးအတွေးမျိုး ရှိတဲ့သူက ရှိနေရုံမက ဒါမျိုး မပြသင့်ဘူး ပြောတဲ့ ပရိသတ်ကိုတောင် ဒါမျိုး မကြည့်ချင်ရင် နိုင်ငံခြားကားလည်း မကြည့်နဲ့ ဆိုပြီး စော်ကားသူတွေ ရှိလာတာကတော့  သရုပ်ဆောင်တစ်ယောက် သူ့အောင်မြင်မှု ဘယ်လောက် တာရှည်မလဲဆိုတဲ့ သူ့ရဲ့ ကံကြမ္မာ ကို စောင့်ကြည့်ခိုင်းနေသလိုပါပဲ။ 

ခက်တာက ဒီဘက်ခေတ်ကလည်း Lotion လူးပြီး အွန်လိုင်းပေါ်ရောက်တာ ပိုအောင်မြင်သွားတယ် ဆိုတာမျိုး ဖြစ်နေလေတော့ လူတွေရဲ့ စိတ်ကို ခန့်မှန်းရခက်နေတော့တာပါပဲ။ ဒါပေမဲ့ ဘယ်ဟာအမှန်၊ ဘယ်ဟာ အမှားဆိုတာကို လူ့ယဉ်ကျေးမှုပေတံက တိုင်းပြပြီးသားဖြစ်လို့ အခုလည်း လူတွေကြားမှာ အဲဒီရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ဆူဆူညံညံ ကျန်နေခဲ့တာပါပဲ။

စာရေးနေတဲ့ကျွန်တော်က ကိုယ်နဲ့မဆိုင်တဲ့ ရုပ်ရှင်လောကက အကြောင်းကို ဘာဖြစ်လို့ ဒီလောက် အထိ ပြောနေရသလဲဆိုတော့ အခုလတ်တလော ပေါ်ပြူလာ ဖြစ်နေတဲ့ နည်းပညာကောလိပ် တစ်ခုက ကျောင်းသူ၊ကျောင်းသား အတွဲတစ်တွဲ စာသင်ခန်းအလွတ်ထဲမှာ နိုင်ငံခြား ရုပ်ရှင်တွေထဲက အတိုင်း စည်းမရှိ၊ ကမ်းမရှိ ချစ်ရည်လူးတဲ့ သတင်းကို ကြားရ၊ မြင်ရလို့ပါပဲ။

ကျွန်တော်တို့ စက်မှုတက္ကသိုလ်တက်တုန်းက တချို့ကျောင်းသားတွေ အဆောင်မှာ ဖဲတွေရိုက်ကြ၊ အရက်သောက်ကြ၊ အတန်းထဲမှာ Random လို့ခေါ်တဲ့ ဂဏန်းသုံးလုံးပေါင်းရလဒ်နဲ့ အနိုင်အရှုံးဆုံးဖြတ်တာ မျိုးကို လောင်းကစားလုပ်ကြနဲ့ နေလာလိုက်ကြတာ။ ကိုယ့်မျိုးဆက်လို့ ပြောရမယ့် သူတို့ကလေးတွေ လက်ထက်ကျမှ ရှေ့က နောင်တော်တွေ၊ အစ်မတော်တွေထက် ပိုဆိုးလို့ လွတ်နေတဲ့ စာသင်ခန်းကို တည်းခိုခန်းနဲ့ မှားပြီး ချစ်ရည်လူးကြတယ်ဆိုတာ သိရတော့ နောက်တက်လာမယ့် အင်ဂျင်နီယာ မျိုးဆက်သစ် ဆိုတာတွေအတွက် စိတ်မကောင်းဖြစ်မိသလို အဲဒီလို ဖြစ်အောင် ဘယ်လို အရာတွေက ပံ့ပိုးပေးနေသလဲလို့လည်း အတွေး ၀င်နေမိပါတယ်။

အခုတော့လည်း နှစ်ယောက်စလုံးကို ကျောင်းထုတ်ပစ်လိုက်ပြီ ဆိုတာမျိုးနဲ့ နိဂုံးချုပ်ခဲ့ရသလို သက်ဆိုင်ရာ ကျောင်းမှာ တက်နေတဲ့ လူငယ်တွေဘက်ကလည်း သူတို့ကျောင်းကို မကောင်းပြောချင် သူတွေကို သည်းမခံနိုင်သူတွေ ရှိလာခဲ့ကြပါပြီ။

ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ ခေတ်ကိုသာ အပြစ်တင်ချင်တော့တာပါပဲ။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ နည်းပညာတွေ၊ အသုံးအဆောင်တွေ များလာသလို တန်ဖိုးနည်းတာ၊ များတာပဲ ကွာပြီး အားလုံးနည်းပါး သုံးနိုင်လာတဲ့အခါ ဘယ်သူဘာလုပ်လုပ် အားလုံးမြင်နေရလေတော့ ကောင်း တာမြင်ရင် ပြဿနာမရှိပေမယ့် မကောင်းတာမြင်ရင်တော့ လိုက်လုပ်ဖို့လည်း လွယ်နေကြပါပြီ။ အဲဒီရဲ့ အကျိုးဆက်ကတော့ နောက်တက်လာမယ့် လူငယ်တွေမှာ ယူရင်ယူတတ်သလို အကျိုးအပြစ်ရဲ့ သက်ရောက်မှုအားက ပိုကြီးလာတယ် ဆိုတာပါပဲ။

တကယ်တော့ ကျောင်းသူ၊ ကျောင်းသားလေးနှစ်ယောက်ကို ကျောင်းထုတ်ပစ်လိုက်ပြီဆိုရုံနဲ့ သူတို့လို နောက်ဖြစ်လာနိုင်သေးတဲ့ ကလေးတွေရဲ့ အတွေးတွေကို သန့်စင်ပစ်လိုက်နိုင်ပြီလို့ ကျွန်တော်တို့ ယူဆလို့ မရတာတော့ အားလုံးသိမှာပါ။ ခေတ်ကိုက အားလုံးကို အမှားဘက်ပိုရောက်အောင် တွန်းပို့ပေးနိုင်တာတွေ အများကြီးပါ။ 

ဒါကြောင့်လည်း အဲဒါတွေ အားလုံးရဲ့ လမ်းစလို့ ပြောလို့ရတဲ့ လူငယ်တွေ အတုယူမှားနိုင်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ စတဲ့ အနုပညာ လုပ်ငန်းတွေ အားလုံးဟာ အနုပညာကို တကယ်ချစ်ရင်၊ မြန်မာပြည်နဲ့ မြန်မာလူမျိုးကို တကယ်ချစ်ရင်၊ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ နောင်မျိုးဆက်ဆိုတာကို တိုးတက်စေချင်ရင် အပြကောင်း၊ နမူနာကောင်းတွေသာ ပြစေချင်ပါတယ်။ အနုပညာဖန်တီးမှုကောင်းတွေသာ ဖန်တီးစေချင်ပါတယ်။ ဒါကြောင့်လည်း အခု ပြနေတဲ့ မြန်မာဗွီဒီယို တစ်ကား၊ နှစ်ကားထဲက ညစ်ညမ်းအခန်းတွေကို ကျွန်တော် ထောက်ပြနေတာပါ။ တဖြည်းဖြည်းနဲ့ တစ်ကားကနေ တစ်ရာဖြစ်မလာနိုင်ဘူးလို့များ ပြောနိုင်ပါသလား။ ဘယ်သူမျှ အာမမခံပါ။

ကြုံတုန်းပြောရရင် တကယ်ဖြစ်ခဲ့တဲ့ နယ်မြို့ကလေး တစ်မြို့က အဖြစ်အပျက်လေးကို သိစေချင်ပါတယ်။ ကျွန်တော့်ဦးလေး ကျောင်းအုပ်ဆရာကြီး တစ်ယောက်ပြောခဲ့တာကလေးပါ။ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြပြီးပါပြီ။

မူလတန်းကျောင်းက လေးတန်းကျောင်းသားလေးနဲ့ ကျောင်းသူလေးနှစ်ယောက် ရည်းစားစာ အပြန်အလှန် ပေးနေတာကို အတန်းပိုင်ဆရာမက မိတော့ ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားတယ်။ ဆရာမကြီးက သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ကဲ-ဘယ်လိုဖြစ်တာလဲ၊ ဘာညာဆိုပြီး စမေးတော့ ဘယ်သူမှ မဖြေဘူးတဲ့။ နှစ်ယောက်စလုံးက မဖြေတော့ ဆရာမကြီးက ဟဲ့-ပြောကြလေ ဆိုပြီး ထပ်မေးတယ်။ ကျောင်းသားလေးက ကြောက်ပြီး မပြောရဲသေးဘူး။ ကျောင်းသူလေးကတော့ ဆရာမကြီးကိုတော့ ကြောက်တယ်။ ဒါနဲ့ သူက ကျောင်းသားလေးကို တံတောင်နဲ့ တို့ပြီး တစ်ခွန်းတော့ ပြောတယ်။ ဘာပြောတယ်ထင်ပါသလဲ။ " မောင် ပြောလိုက်လေ " တဲ့။

အဲဒါကို ကြည့်ရင် အရွယ်မရောက်သေးတဲ့ ကလေးတွေမှာပါ အတုမြင် အတတ်သင် ဘယ်လောက်များနေပြီလဲ ဆိုတာ သိနိုင်ပါတယ်။ ဒီတော့ ကလေးတွေရှေ့မှာ မဟုတ်တာတွေ မပြဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားမှ တော်ရာကျမယ်လို့ မြင်မိတာပါပဲ။

ကျွန်တော် ရှေ့မှာ ဆိုခဲ့ပါတယ်။ စာရေးဆရာ အညှီအဟောက်ရေးတော့ ဖတ်ချင်သူတွေ ဖတ်တာပါပဲ။ အိမ်ထောင်ကျပြီးသား မိန်းမကြီး ဖတ်တာ ဘာမှမသိတဲ့ လူငယ်လေးတွေ ဖတ်တာနဲ့ မတူပါဘူး။ ညစ်ညမ်းအပြာကားလို ဗွီဒီယိုတွေ အိမ်ထောင်သည်တွေ ကြည့်တယ်။ လူငယ်လေးတွေ ငှားကြည့်တာနဲ့ မတူပါဘူး။ ဒါဟိုတုန်းကပါ။

အခုတော့ အချစ်ဝတ္ထုတွေ သိပ်မဖတ်လို့ ကျွန်တော် မသိတော့ပေမယ့် မြန်မာဗွီဒီယို ဇာတ်လမ်းတွေထဲမှာ နိုင်ငံခြားကားတွေကလို ချစ်ခန်းကြိုက်ခန်းရိုက်လာကြလေတော့ နောင်ဆို ကလေးတွေပါ လိုက်လုပ်ကြမှာကို စိုးရိမ်နေမိပါတယ်။ လေးတန်းကျောင်းသူ၊ ကျောင်းသားလေးရဲ့ အဖြစ်နဲ့ တက္ကသိုလ်စာသင်ခန်းထဲက အဖြစ်မျိုးတွေက သာဓကပါ။ ကျွန်တော်ပြောနေတဲ့ ဗွီဒီယိုတွေကြောင့် မဟုတ်ပေမယ့် အလားတူ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ၊ နိုင်ငံခြားကားတွေကနေ စခဲ့တာကတော့ အသေအချာပါ။ အိမ်နားက မူလတန်း ကျောင်းသားကလေး အိမ်မှာ ဗွီဒီယိုလာကြည့်တာ မင်းသမီးက အန်နေတော့ သူကရယ်တယ်။ ကျွန်တော်က ဘာဖြစ်လို့ ရယ်တာလဲ ဆိုတော့ မင်းသမီးမှာ ဒါဖြစ်နေပြီတဲ့။ သူ့ဗိုက်ကလေးရှေ့ကို လက်ကလေး ကာပြတယ်။ စဉ်းစားသာ ကြည့်ပါတော့။

အနုပညာဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့ ခံယူရင်တော့ ပြောရရင် စာရေးဆရာချင်းတောင် အညှီအဟောက်ရေးရင် ရှေ့တည့်တည့်မှာ ကန့်ကွက်တာမျိုး တကယ့်သာဓကတစ်ခု ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က စာရေးဆရာမတစ်ယောက်က အဆောင်မှာ ကျောင်း တက်နေတဲ့ ကျောင်းသူတစ်ယောက် အကြောင်း ရေးခဲ့ဖူးတယ်။ အဆောင်မှာ တနင်္လာကနေ သောကြာ အထိနေပြီး စနေနဲ့ တနင်္ဂနွေကိုတော့ သူ့ဦးလေးလို့ ပြောတဲ့ သူနဲ့ပါပါသွားတဲ့အကြောင်း။ သူငယ်ချင်းတွေကတော့ ဦးလေးလို့ထင်တာ။ နောက်မှ ဒီဘက်ခေတ် အခေါ်ဆို စပွန်ဆာလိုဟာမျိုးနဲ့ သွားအိပ်တာကို ရေးထားတာ။ စာပေလောက တစ်လောကလုံး ကန့်ကွက်တာ စုံလို့။ 

ဒါနဲ့ ဖြစ်ချင်တော့ စာပေဟောပြောပွဲ တစ်ပွဲမှာ အဲဒီဝတ္ထုတိုကို ရေးတဲ့ စာရေးဆရာမနဲ့ ဆရာသုမောင်လို့ ကျွန်တော်ထင်တယ်။ အတူတွဲ ဟောရပါလေရော။ ဆရာမက ရှေ့က ဟောပြီးလည်း ပြီးရော ဆရာသုမောင်က အဲဒီစာရေးဆရာမကို ဆရာမက သူကိုယ်တိုင် အတွေ့အကြုံရှိလို့ အဲဒီလို ရေးတယ်ဆိုတဲ့ သဘောမျိုးနဲ့ တည့်ပြောတာ အဲဒီဆရာမ စာပေဟောပြောပွဲ ဆက်နားမထောင်နိုင်ဘဲ ပြန်သွားတယ်လို့ ကြားခဲ့ဖူးတယ်။

ဒါတွေ ဆန်းစစ်ကြည့်ရင် ကျွန်တော်တို့ လူ့လောကကြီးမှာ အပြင်မှာ ဖြစ်နေတာတွေ အများကြီးပေမယ့် ပရိသတ်ကို ပေးမယ့်အချိန်ကျရင် နည်းနည်းတော့ ကိုယ့်ဘာသာ စိစစ်သင့်တယ်ဆိုတာလေး သွားတွေးမိတယ်။ ပေးတဲ့ အချက်က အကောင်းထက် အဆိုးဘက်ကို ပိုများနေပြီဆိုရင် အဲဒီ အနုပညာကို ဖန်တီးသူက ချင့်ချိန်မှု ရှိသင့်တယ်။ 

စာရေးဆရာက ကလောင်ရှိတိုင်း လျှောက်မရေးသင့်ဘူးလို့ ရှေးဆရာကြီးတွေ ရေးတာ ကျွန်တော်ဖတ်ဖူးတယ်။ အဲဒီလိုပဲ ရုပ်ရှင်ဖန်တီးသူတိုင်း၊ ဂီတဖန်တီးသူတိုင်းကလည်း ကိုယ်လုပ်ချင်တာ လုပ်လို့ရတဲ့ခေတ်ကို ရောက်နေပြီဆိုပြီး ကိုယ်ပြချင်တာ လျှောက်ပြနေလို့ မရဘူးဆိုတာ နားလည်စေ ချင်ပါတယ်။

အဲဒီလိုပဲ အနုပညာခံစားသူတွေကလည်း ခံစားမိသလို လျှောက်လုပ်လို့ မရပါဘူး။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲကလို လျှောက်လုပ်လို့ ဖြစ်လာတဲ့ မှုခင်းတွေလည်း နိုင်ငံတကာမှာ မနည်းတာ အားလုံးသိပြီးသားပါ။ လူဆိုတာကတော့ ဆန္ဒရှိကြတာပါပဲ။ ဒါပေမဲ့ ဆန္ဒရှိတိုင်း လျှောက်လုပ်လို့ မရတာ၊ ထိန်းသင့်တဲ့အရာကို ထိန်းရတာ ကျွန်တော်တို့ လူတွေရဲ့ အဓိပ္ပါယ် သတ်မှတ်ချက် တစ်မျိုးပဲ မဟုတ်လား။ လူတွေမှာ စည်းတို့၊ ဘောင်တို့ဆိုတာ ရှိနေလေတော့ အနုပညာကို ခံစားတာနဲ့ စည်းကျော်ဘောင်ဖျက်တယ် ဆိုတာမျိုးက မအပ်စပ်ပါဘူး။

တကယ်တော့ အနုပညာဆိုတာ အင်မတန်မှ တန်ဖိုးထားကောင်းတဲ့ အရာပါဗျာ။ လူတိုင်း မရနိုင်ပါဘူး။ အနုပညာ ဖန်တီးရတာ မလွယ်ဘူးဆိုတာ ပြည်သူလက်ခံတဲ့ အနုပညာမျိုးကို ဖန်တီးရတဲ့ သူတွေ ပိုသိပါတယ်။ အဲဒီလို ဖန်တီးလိုက်တဲ့ အနုပညာဟာ ပြည်သူအတွက် အဆိပ်အတောက် မဖြစ်ဘူးဆိုရင် ကျွန်တော်တို့လို အနုပညာဖန်တီးသူတွေအတွက် သေသွားတောင် စားနိုင်မယ့် ပီတိမျိုးကို ရနိုင်မှာ မဟုတ်လား။

ပြည်သူတွေကို အနာဂတ်တွေ စုတ်ပြတ်သွားစေမယ့်၊ အပြာရောင်သမ်းနေတဲ့ ပြာတာတာ အနုပညာမျိုးတော့ မဖန်တီးကြပါနဲ့လို့ သတိပေးရင်း ကိုယ့်ဘာသာလည်း ရင်ထဲမှာ အမြဲသတိပေးနေလျက်ပါပဲလို့သာ ဆိုချင်ပါတော့တယ်။         ။

ဆူးသစ်
၁၅း၄၅ နာရီ
၂၀.၇.၂၀၁၃




Thursday, July 18, 2013

" ဥဩသံ နဲ့ တိုင်ဝက်အလံ "


တကယ့် အဆိုးဆုံးတွေနဲ့
အဲဒီ ဆယ့်ကိုးဆိုတာကို ကျွန်တော်မုန်းတယ်။

အာဇာနည်တဲ့
စာတွေသာ စီခဲ့ကြတာ
ဘယ်တုန်းက ဆုံးခဲ့လို့လဲ။

တစ်ခါပဲ လုပ်ကြံတာ
သူတို့က သေပြီလို့သာ ထင်တာ
ကျွန်တော်တို့ရင်မှာ အခါခါ ပြန်မွေးဖွားခဲ့တာကြာပေါ့။

တချို့ကလည်း မေ့စေချင်လို့
မေ့စေဖို့ ကြိုးစားတယ်
ဒါပေမဲ့..........
အဲဒီဆယ့်ကိုးမှာမှ ကျွန်တော်တို့က နိုးကြားနေခဲ့တာ။

ဥဩမဆွဲဘူးတဲ့လား
အပြင်မှာ အသံမကြားလည်း
ရင်ထဲမှာ ၀မ်းနည်းကြေကွဲသံတွေ မစဲတာကြာပေါ့
နှစ်တွေလည်း မနည်းပါဘူး
ဒါပေမဲ့....
အချစ်တွေမစဲတဲ့ကြားက မျက်ရည်တွေ ၀ဲနေခဲ့ရတာ။

ကမ္ဘာ.....
အာဇာနည်တွေ ခွဲခွာသွားတာ
နောက်ထပ် အာဇာနည်တွေ ရောက်လာစေဖို့လား
ခါးသီးတဲ့ နေ့ရက်တွေကြား
ပြည်သူများရဲ့ ၀မ်းနည်းခြင်း ဥဩသံများစွာ
တစ်ကမ္ဘာလုံး ကြားသိစေချင်တယ်။

ကဗျာဆရာ မာနတွေ အလံတိုင်ထိပ် တက်ချင်တက်မယ်
ဒါပေမဲ့.....
အဲဒီ ဇူလိုင်ဆယ့်ကိုးနေ့မှာ
အပြင်ဘက်က အလံ၊ ရင်ထဲက အလံ
( အားလုံး......)
တိုင်ဝက်မှာပဲ ၀ဲပျံစေရမယ်။          ။

သားလတ်
၂၃း၁၀ နာရီ
၁၈.၇.၂၀၁၃


Sunday, July 7, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၁ )



+ သည်နေ့ အလုပ်ကအပြန် အိမ်အောက်အရောက်မှာ ဓာတ်လှေကားရှေ့မှာ လူတွေတစ်ပြုံကြီး စောင့်နေသည်ကို ခပ်လှမ်းလှမ်းက လှမ်းမြင်လိုက်သည်။ နောက်တော့ ဓာတ်လှေကားထဲက ထွက်လာသည်က လူတစ်ယောက်တည်း။ အဝေးကမြင်လိုက်ရသော ထိုမြင်ကွင်းသည် ကျွန်တော့်အဖို့ ရယ်ချင်စရာ ကောင်းနေသည်။ အဘယ့်ကြောင့်ဆိုသော် လူတစ်ယောက် အပေါ်ကဆင်းလာသည်ကို ကျန်လူများက စောင့်ကာ ကြိုနေသည့်နှယ်။ အမှန်က အပေါ်တက်ဖို့ ဓာတ်လှေကားအောက်မှာ စောင့်နေကြတာသာဖြစ်၏။ ထိုဓာတ်လှေကားထဲက ထွက်လာသော သူကတော့ ပြုံးပြုံးကြီး။ ကြည့်ရတာ သူလည်း သူ့ဘာသာ တွေးနေပုံရသည်။ အမယ်-ငါ ဓာတ်လှေကားထဲက ထွက်လာတာကို လူတွေ အများကြီး ကြိုနေပါလားဟု တွေးများနေမလားမသိ။ လောကမှာ တစ်ခါတစ်ခါ သည်လိုကိစ္စများ ကလည်းဖြစ်တတ်သည်။ လူတချို့က သူတို့ကို မကြိုဘဲလည်း ကြိုသည်ဟု ထင်တတ်တာမျိုး ရှိမှာဖြစ်သည်။ အခြောက်တိုက် မာန်တက်ကြမှာ မလွဲ။ သို့သော် ကျွန်တော့်လို အဝေးက လှမ်းမြင်ရသူများကတော့ ရယ်စရာကြီးသာဖြစ်နေ တတ်သည်ကို ထိုသူများက သိမှာမဟုတ်ဟု ကျွန်တော်တွေးမိပါသည်။  (စက်တင်ဘာလ ၆ ရက်၊ ၂၀၁၂ ခုနှစ် )

+    သည်တစ်ခါ ပိတ်ရက်တစ်ရက် ရသည်က ကျေနပ်စရာကောင်းသည်။ သူငယ်ချင်းတွေ အင်တာနက်မှာပြန်ဆုံနေကြ၏။ စရင်းနောက်ရင်း အချိန်တို့ကုန်သည်။ ရယ်ရသည်။ ပျော်ရ၏။ စက်မှုတက္ကသိုလ်ထဲ ပြန်ရောက်နေသည့်နှယ်။ (စက်တင်ဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ် )

+         တစ်နေ့က မြန်မာထမင်းဆိုင်ရှေ့ရောက်ပြီး ထမင်းမှာခါနီး တန်းစီနေတုန်း ကျွန်တော့်ရှေ့မှာ အတွဲတစ်တွဲရှိတာ သတိထားဖြစ်သည်။ ပထမတော့ သူလိုကိုယ်လို သတိမထားမိ။ နောက်တော့မှကောင်လေးက စလုံးလေသံနှင့် အင်္ဂလိပ်လိုပြောတော့ စလုံးဆိုသည်ကို သတိပြုမိသည်။ သို့သော်ကောင်မလေး ထမင်းဟင်း မှာပေးနေသည်က မြန်မာလို။ သည်လိုလားဟုတွေးနေတုန်းမှာပင် စလုံးကောင်လေးက သူတို့ထုံးစံ လူမြင်ကွင်းမှာ ကောင်မလေး၏ ခါးကိုကိုင်လိုက်၊ တင်ကိုကိုင်လိုက် လုပ်နေသည့်အခါ နောက်မှာရပ်နေသော မြန်မာမလေးများနှင့် ကျွန်တော်တို့ယောကျာ်းလေးများ၏ မျက်နှာများက မကောင်းကြတော့။ ပြောရတာတော့ခွကျသည်။ ထိုနေ့က ကျွန်တော်ထမင်းစားရသည်မှာ သိပ်မကောင်းလှ။ ဆိုင်ထမင်း၊ ဆိုင်ဟင်းကြောင့်သာဟု ကိုယ့်ဘာသာ စိတ်ဖြေရတော့သည်။ တစ်ခါ တစ်ခါတော့လည်း တွေးပါသည်။ နိုင်ငံဆင်းရဲသည်ဆိုသည့် နောက်မှာ ကျွန်တော်တို့ဘာတွေပေးဆပ်ခဲ့ရပြီလဲဆိုသည်ကိုပါ။ (စက်တင်ဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ် )

+             စင်ကာပူမှာ ဘတ်စ်ကားစီးတိုင်း.......ကလေး တစ်ပြုံတစ်မကြီးပါသော ကားနှင့် မတိုးပါရပါစေနှင့်။ ဖုန်းပြောလျှင် အကျယ်ကြီးပြောတတ်သော တရုတ်အဘိုးကြီးများပါသော ကားနှင့် မတိုးပါရပါစေနှင့်။ ဘာမျှမဟုတ်ဘဲ အကြောင်းမဲ့ အော်ကြီးဟစ်ကျယ်ရယ်တတ်သော ကောင်မလေး ငယ်ငယ် တစ်အုပ်ပါသော ကားနှင့် မတိုးပါရပါစေနှင့်။ ဒေါက်ဖိနပ်ကြီးကြီး စီးသူများ ပါသောကားနှင့် မတိုးပါရပါစေနှင့်။ ဂေါက်ကြောင် ပါသောကားနှင့် မတိုးပါရပါစေနှင့်။ နေရင်းထိုင်ရင်း ကိုယ့်ခြေထောက် လာလာနင်းတတ်သူများ ပါသော ကားနှင့် မတိုးပါရပါစေနှင့်။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )

+          နယ်ချဲ့သည်ဆိုသော စကားကို ကြားခဲ့ဖူးကြသည်။ စစ်တိုက်၍နယ်ချဲ့ခြင်း၊ ကုန်သွယ်၍နယ်ချဲ့ခြင်း၊ ဘာသာရေးဖြင့်နယ်ချဲ့ခြင်း စသည်ဖြင့် သုံးမျိုးရှိကြောင်း စာထဲမှာ ဖတ်ထားခဲ့ဖူးသည်။ နယ်ချဲ့သည့်နောက်မှာ ရှုံးသောနယ်မြေရှိ လူများက ကျွန်ဖြစ်လာကြ၏။ စစ်၏ကျွန်။ ဒါက တစ်ချိန်က ဖြစ်မည်။ ယခု သည်ဘက်ခေတ်မှာ ထိုသို့မဟုတ်တော့ဟု ကျွန်တော်ထင်သည်။ နိုင်ငံများကတိုးတက်ကြီးပွားချမ်းသာအောင် ကြိုးစားကြသည်။ အပြင်မှာမဟုတ်။ သူပိုင်နယ်နိမိတ်ထဲမှာ။ ထိုအခါ ဒေသတစ်ခုဝန်းကျင်က ဆင်းရဲသောနိုင်ငံများက လူများ လာရောက် အလုပ်လုပ်ကြရသည်။ ငွေကြေးစနစ်က ကွာဟလွန်းပြီး ထိုသို့လုပ်မှ အမြန်ချမ်းသာမည်ကိုသိ၍ပင်။ သို့သော် အနှီချမ်းသာသောနိုင်ငံက လူများ မလုပ်ချင်သောအလုပ်ကို လုပ်ရပြီး သူတို့ဇိမ်ကျနေချိန်မှာ ဆင်းရဲသောနိုင်ငံက လူများက ပင်ပင်ပန်းပန်း လုပ်ရခြင်း၊ လစာမှာလည်း အဆမတန် ကွာခြားခြင်းတို့ ရှိနေသောအခါ နယ်ချဲ့ခံရမှ ကျွန်ဖြစ်လာသည်မဟုတ်။ စစ်မဖြစ်၊ ကုန်မသွယ်၊ ဘာသာရေး မနှီးနွယ်ဘဲ တိုင်းပြည်ဆင်းရဲရုံနှင့်ပင် ကျွန်တော်တို့သည် ခေတ်သစ်ကျွန်များ ဖြစ်လာခဲ့ကြရတော့သည်။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် )

+         မနေ့ညက City Hall ကိုရောက်သည်။ City Hall နားမှာ လမ်းဘေး၌ လမ်းမကူးရန် အကာများ တပ်ဆင်ထားသည်ကို တွေ့သည်။ တလောကမှ ကျွန်တော်နှင့်ခင်သော ညီလေးတစ်ယောက်က ကျွန်တော့်ကို Message လှမ်းပို့တာ သတိရသည်။ ကားလမ်းကူးလျှင် မျဉ်းကြားကသာ ကူးရန်နှင့် မကူးလျှင်ရဲဖမ်းနေကြောင်း သတိပေးတာဖြစ်သည်။ ခုတော့ သည်ကိစ္စက ကြီးသွားတာဖြစ်မည်။ ကျွန်တော်တို့ မြန်မာများ စည်းကမ်းလိုက်နာဖို့ လိုနေတာ တွေ့ရခြင်းပင်။ ကျွန်တော်ကတော့ ထိုလမ်းဘေးက အကာများကိုကြည့်ရင်း မြန်မာတစ်ယောက်အနေနှင့် ရှက်နေမိပါသည်။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၃း၃၆ နာရီ
၆.၇.၂၀၁၃

Sunday, June 30, 2013

" လူမိုက်တစ်ယောက်ရဲ့ ကောင်းကင် "



ဒီလိုပဲ......
တိမ်တွေလည်း ပြိုချင်ပြိုမယ်
ကောင်းကင်လည်း ညိုချင်ညိုမယ်
သေချာတာက......
ဇူလိုင်လ တစ်ရက်နေ့ရဲ့ နံနက်ခင်းအစမှာ
အမေဟာ အံကြိတ်ရင်း
လောကတွင်းကို သားတစ်ယောက် ပို့ပေးခဲ့တယ်။

အမေအသက်နဲ့ရင်းထားတဲ့သား
အဖေချွေးနဲ့ ကျွေးထားတဲ့အား
လူလားမြောက် မှတ်တိုင်တွေကျော်
ကြည့်ပါဦး........
လူငယ်ဘ၀ကို ကျော်သွားခဲ့ပြီနော်။

တစ်ရက်ပြီးတစ်ရက် တစ်သက်ပြီးတစ်သက်
တစ်လပြီးတစ်လ တစ်ပြပြီးတစ်ပြ
တစ်နှစ်ပြီးတစ်နှစ် တစ်ဖြစ်ပြီးတစ်ဖြစ်
အသစ်အသစ်တွေကိုကြုံလည်း
ဆုံတာတွေက မဟောင်းတာလား
ဟောင်းပြီးသားတွေက မပြောင်းတာလားမသိ
ငါစွဲနဲ့ကြည့်ကြည့်ပြီး
ဒုက္ခအတိနဲ့ပင်လယ်ထဲ
ပက်လက်၊ မှောက်ခုံ၊ ၀ဲချာလည်လှည့်
ပြီးမှ.....
မပျော်လည်းပျော်၊ ပျော်လည်းပျော်
သံသရာကို ကျွန်တော်မကြောက်သေးတာလေ။

မနေ့ကထက် ဒီနေ့ သာရမယ်
ဒီနေ့ထက် မနက်ဖြန် သာရမယ်
အရင်လထက် အခုလ သာရမယ်
အခုလထက် နောက်လ သာရမယ်
အရင်နှစ်ထက် အခုနှစ် သာရမယ်
အခုနှစ်ထက် နောက်နှစ် သာရမယ်
အဲဒီလို ခပ်တည်တည် ကြွေးကြော်ပစ်ခဲ့တာက
လူလားမြောက်ကတည်းကနေ ယနေ့အထိ
ဒါပေမဲ့......
အတွေ့အထိကိုလည်း မတင်းတိမ်
လောဘ၊ ဒေါသ၊ မောဟ အိမ်ထဲမှာ ပျော်မွေ့
တစ်နေ့တစ်နေ့ ကျော်နင်း
ဒီလိုနဲ့......
လောကတွင်းက နာမည်မရှိတဲ့ လူမိုက်ဖြစ်နေတာကြာပေါ့။

စာကလေးတွေ ရေးမယ်
ကဗျာကလေးတွေ ဆေးခြယ်
သီချင်းကလေးတွေ ဆိုမယ်
နံနက်ခင်းကလေးတွေ ကြိုမယ်
ဒီလိုပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့ လူ့ဘဝ
သမုဒယနဲ့ မိုးလင်း
ပြီးတော့ ၀ိပဿနာနဲ့ ထိုးခွင်းချင်တယ်လို့လည်း အော်ခဲ့
( ဒါပေမဲ့...)
အရှက်မရှိတဲ့ မျက်နှာနဲ့ပဲ ပျော်ခဲ့တာ
လေးဆယ်နားတောင် ကပ်လာပါရောလား။

သေချာတာက
ငွေရှာရမယ်
သေရွာကို မသိခင်မှာ
ဒုက္ခအထုပ်အပိုးတွေ ကျောမှာဆင်ရင်း
သမုဒယငုပ်ဆိုးနဲ့ ငြိနေခဲ့ရတာ
ကမ္ဘာလင်းလည်း ကျွန်တော်မှောင်တယ်
ကမ္ဘာမှောင်လည်း ကျွန်တော်မှောင်တယ်။

အ၀ိဇ္ဖာသမား
သစ္စာလေးပါးမသိ
ဒေါ်လာတွေတော့ ကျွန်တော်သိတယ်
ခွင့်လွှတ်နိုင်မယ်ဆို ခွင့်လွှတ်ကြပါဗျာ
မှားနေတာက အခါတစ်ရာမက
တည်ငြိမ်ရမယ့် အရွယ်မှာ တည်ငြိမ်မှုမရှိချင်သူ
အပူတွေနဲ့ မွေ့ပျော်ရင်း
သက်ပြင်းတွေကို ကိုယ့်ဘာသာလှည့်စား
အထီးကျန်ခြင်းကြားမှာ မာယာလည်း များတတ်သူပါ။

ဘာတွေ ဘယ်လိုဖြစ်ဖြစ်
ချစ်သူကို ချစ်တယ်
မိဘတွေကို ချစ်တယ်
ညီအစ်ကိုတွေကို ချစ်တယ်
သူငယ်ချင်းတွေကို ချစ်တယ်
မြန်မာပြည်ကို ချစ်တယ်
ကမ္ဘာမြေကို ချစ်တယ်
အားလုံးကို ချစ်တယ်
ဘယ်တော့မှ မပစ်ပယ်တတ်တဲ့ နှလုံးသား
အညစ်တွေကို ဖယ်ရပ်လို့ အမုန်းမပွားဘူး
သက္ကရာဇ်တွေဆုံးသွားတောင် နေပျော်ချင်သူတစ်ယောက်
ဖြူစင်တဲ့ မိုးကောင်းကင်အောက်မှာ လမ်းလျှောက်မယ်
ပန်းကလေးတွေ တစ်ထောက်ကြိုပါ
ငှက်ကလေးတွေ သီချင်းတစ်ခေါက် ဆိုပါ
လေပြည်ကလေးတွေ ခပ်ညင်းညင်း တစ်ခေါက်ပြိုပါ
( ဟောဒီမှာ....)
လူမိုက်တစ်ယောက် နှစ်ပေါင်းများစွာ အသက်ဆက်ချင်လို့ပါ။          ။

သားလတ်
၁၉း၅၆ နာရီ
၃၀.၆.၂၀၁၃

[ ဇူလိုင်လ တစ်ရက်နေ့တွင် ကျရောက်သော ကျွန်တော့်မွေးနေ့အတွက် အမှတ်တရ ခံစား ရေးပါသည်။]

Tuesday, June 25, 2013

" အဝေးရောက် ထွန်းတောက်မြန်မာ "



ညီလေးရေ........

အစ်ကို အလုပ်လုပ်နေတဲ့ စင်ကာပူက Site ထဲကို အစ်ကို့သူငယ်ချင်းတစ်ယောက် တလောက ရောက်လာပါတယ်။ အလုပ်လုပ်နေတဲ့ တစ်နေ့မှာ အစ်ကိုက ဘင်္ဂလားဘေးကင်းရေး ကြီးကြပ်ရေးမှူး Safety Supervisor တစ်ယောက်နဲ့ စကားလက်ဆုံကျနေတုန်း အစ်ကိုတို့ရဲ့ Main Contractor ကုမ္ပဏီက ကြီးကြပ်ရေးမှူးတစ်ယောက်က လှမ်းခေါ်လို့ လှည့်ကြည့်တော့ သူ့ဘေးမှာ တရုတ်တစ်ယောက်က အစ်ကို့ကို ပြုံးပြုံးကြီးကြည့်ပြီး လှမ်းခေါ်နေပြန်ရော။ အဲဒါနဲ့ ဘာများပါလိမ့်ဆိုပြီး သူတို့နှစ်ယောက်ဆီ ရောက်သွားတော့မှ အမယ်-အစ်ကို့ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ တရုတ်ကြီးက အစ်ကို့သူငယ်ချင်း ဖြစ်နေပါရောလား။

သူက အပြာရောင် ယူနီဖောင်းကြီးနဲ့။ တွေ့တွေ့ချင်းပဲ " နင့်ကို ငါမြင်တာကြာပြီ။ နင့်ကို စကားပြောမလို့ လှမ်းခေါ်တာ မကြားတာနဲ့။ ဘေးက ဖား(ဖိလစ်ပိုင်) ကိုလှမ်းခေါ်ခိုင်းရတာ " တဲ့။ သူက ကရင်လူမျိုးပါ။ အရင်ကတည်းက ယောကျာ်းလေးချင်း ' နင် ' ' ငါ ' ပြောနေကျ။ အစ်ကိုလည်း အားရ၀မ်းသာ နှုတ်ဆက်မိ တာပေါ့။ စကားသေသေချာချာ မပြောရခင်မှာပဲ သူတို့ကို လာကြိုတဲ့ ကား ရောက်လာလို့ နေ့ခင်း မှ တွေ့မယ်ဆိုပြီး လမ်းခွဲခဲ့ကြတယ်။

သူက ရန်ကုန်စက်မှုတက္ကသိုလ်မှာ အစ်ကိုနဲ့အတူတူ။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်မှာလည်း အတူတူပဲ။ ရန်ကုန်နည်းပညာတက္ကသိုလ် ဖြစ်တော့ သူက ' ပြည် ' ရောက်၊ အစ်ကိုက ' လှိုင်သာယာ ' ရောက်ပေါ့။ အတူတူ မတွဲဖြစ်ပေမယ့် အစ်ကိုတို့တက်ခဲ့ရတဲ့ ခြောက်နှစ်မှာ ငါးနှစ်ကမေဂျာ အတူတူ ဆိုတော့ ကျောင်းရဲ့ထုံးစံ မတွဲလည်း ခင်ခဲ့ကြတာပါပဲ။

ကျောင်းပြီးခါစ ကိုးရီးယားကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တော့ သူလည်း ပါတယ်။ ဒါနဲ့ သူနဲ့ပိုရင်းနှီးသွားတယ်။ တစ်ကျောင်းတည်းဆင်းတွေ ဆိုတော့ လာသမျှ ပြဿနာ အတူတူရင်ဆိုင်ပြီး ရှင်းကြတာပေါ့။ ခံစားချက်ချင်းတူတော့ အလုပ်ကထွက်ပြီး လမ်းခွဲ၊ မတွေ့တာ လေးငါးနှစ်ကြာမှ အစ်ကို့အမေရတဲ့ အလုပ်က တိုက်ခန်းတွေမှာ သူနဲ့ပြန်ဆုံခဲ့ရတယ်။

သူ့ယောက္ခမကြီးက အစ်ကိုတို့အမေရဲ့ ဆေးရုံမှာ ၀န်ထမ်းပဲ။ အဲဒီတုန်းက သူ မလေးရှားက ပြန်လာ တာလို့ သိရတယ်။ အစ်ကိုကတော့ ပြည်သူ့ဝန်ထမ်း ဦးစီးအရာရှိ လုပ်နေဆဲကာလ၊ နောက်တော့ စင်ကာပူထွက်သွားတယ်လို့ ကြားလိုက်ရတယ်။ သူ့အမျိုးသမီးက ' ကရင်နှစ်သစ်ကူး ' ဆို မုန့်တွေ လာဝေနေကျ။ ဒီတော့ သူ့အကြောင်းလည်း သိနေရသေးတယ်။

ဒါပေမဲ့ နောက်တော့ သူ့မိန်းမပါ လိုက်သွားတယ်လို့ သိရတယ်။ စင်ကာပူမှာ တော်တော် အဆင်ပြေနေလောက်ပြီလို့တော့ တွေးမိတယ်။ နောက်တော့ အစ်ကို စင်ကာပူရောက်တော့ သူနဲ့ တစ်နှစ်လောက်နေမှ ဘူတာရုံမှာ တစ်ခါဆုံတယ်။ အခုနှစ်နှစ်ပြည့်ခါနီးမှာ တစ်ခါပြန်တွေ့ရတာ။ ဒီတစ်ခါတော့ အလုပ်ခွင်မှာ။

ညီလေးရေ........

နေ့ခင်းဘက်ကျတော့ အစ်ကိုနဲ့ သူငယ်ချင်း လုပ်ငန်းခွင်ထဲမှာ ပြန်တွေ့ကြပါတယ်။ အစ်ကိုလည်း အလုပ်နည်းနည်းရှိ၊ သူလည်း အလုပ်ရှုပ်နေတာနဲ့ အလုပ်ပါးချိန်မှာ ခဏ စကားထိုင်ပြောဖြစ်ကြပါတယ်။ ဒီမှာပဲ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို မြင်ရသိရတော့တာပါပဲ။

သူက မလေးရှားမှာ Designer ဒီဇိုင်နာ လုပ်နေတဲ့အချိန်မှာ Quality Control ( QC ) အရည်အသွေး ထိန်းချုပ်ရေးက အဓိကလူနှစ်ယောက် အလုပ်ထွက်သွားတယ်။ ဒီတော့ သူဋ္ဌေးက သူ့ကို ခဏတွဲကိုင်ခိုင်းတယ်။ ဒါပေမဲ့ သူက အဲဒီအလုပ်ကို အာရုံစိုက်လုပ်လိုက်တာ သူဋ္ဌေးက အင်ဂျင်နီယာနဲ့ ပိုဆိုင်တဲ့ ဒီဇိုင်နာဘက်ကို သူပြန်ပြောင်းချင်ပါတယ် ဆိုတာတောင် ပြောင်းမပေးတော့ဘူး။

နောက်တော့ လေးနှစ်အကြာမှာ မြန်မာပြည်ပြန်လာ၊ QC အလုပ်နဲ့ စင်ကာပူပြန်ရောက်ပြီး တစ်နှစ်ကျော်မှာ သူ့ကုမ္ပဏီက သူ့ကို လုပ်ငန်းခွင်တစ်ခုလုံးရဲ့ QC အရာရှိအနေနဲ့ ခန့်လိုက်တာ တာဝန်တွေ ပိုလာခဲ့တော့တယ်။ ဒါပေမဲ့ လစာတိုးမပေးလို့ အမြဲတမ်းနေထိုင်ခွင့် PR ရပြီးချိန်မှာ အလုပ်ထွက်ခဲ့ပါတယ်။

နောက်ကုမ္ပဏီမှာတော့ သူ့ကို QC ခန့်ပြီး သိပ်မကြာခင်မှာ စင်ကာပူက MOM ( Ministry of Manpower ) ( အစ်ကိုတို့ဆီက အလုပ်သမားဝန်ကြီးဋ္ဌာနနဲ့တူ ) မှာ အဲဒီဝန်ကြီးဋ္ဌာနကနေ သဘောတူ ခန့်အပ်တဲ့ စစ်ဆေးရေး အရာရှိ ( Approved Inspector ) ဖြစ်အောင် ကုမ္ပဏီက လျှောက်ပေးခဲ့တယ်။ နှစ်ရက်ပဲ ကြာတယ်။ သူဟာ အရာရှိလုပ်ခွင့် ရခဲ့တယ်။

ဒီနေရာမှာ MOM ရဲ့ အရှိန်အ၀ါကို အစ်ကိုပြောပြချင်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးလို့ပြောရင် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် အားလုံးဟာ MOM နဲ့ ရှောင်လွှဲလို့ မရပါဘူး။ MOM ကထုတ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ဆန့်ကျင်လို့မိရင် ဒဏ်ငွေနဲ့ ထောင်ပါပဲ။ အဲဒီအတွက် MOM ကို စင်ကာပူမှာလုပ်တဲ့ ကုမ္ပဏီတိုင်း ကြောက်ပါတယ်။ MOM က လာစစ်မယ်သာပြောလိုက်၊ အားလုံး ဖိန့်ဖိန့် တုန်နေတာပါပဲ။

အဲဒီလို MOM က တရားဝင် သဘောတူ ခန့်အပ်တဲ့ စစ်ဆေးရေး အရာရှိဆိုတာ ဘယ်လောက် အရှိန်အ၀ါ ကြီးလိုက်မလဲ။ စဉ်းစားသာ ကြည့်ပါတော့ ညီလေးရေ။ အစ်ကိုတို့ လုပ်ငန်းခွင်ကို MOM လာမယ် ဆိုတုန်းကလည်း ကြိုပြီး ပြင်ရဆင်ရတာ မလာခင်နေ့တွေ ကတည်းကပေါ့။

သူငယ်ချင်းကို MOM က သဘောတူ ခန့်အပ်တဲ့ လက်မှတ်သက်တမ်းက (  ၆၅ ) နှစ်တဲ့ ညီလေးရေ။ လုပ်သာ စားပေတော့ပေါ့။ ဒါပေမဲ့ ပေးထားတဲ့ ရာထူးနဲ့ညီအောင် ယူရတဲ့ တာဝန်ကလည်း ကြီးပါတယ်။ အဲဒီအရာရှိက Pass ဆို အလုပ်ဆက်လုပ်ခွင့်ရပေမယ့် အဲဒီလိုလုပ်နေရင်း တစ်ခုခုပြဿနာ တက်ပြီဆိုရင် Pass ပေးတဲ့ အရာရှိက အရင်ရှင်း၊ အခန့်မသင့်ရင် ထောင်ပါ ကျနိုင်သေးတယ်။

သူငယ်ချင်းဟာ သူ့ကိုခန့်ထားတဲ့ ကုမ္ပဏီက လစာကို စားပေမယ့် သူဟာ MOM ရဲ့ အသိအမှတ်ပြု စစ်ဆေးရေး အရာရှိပါ။ QC အရာရှိပါ။ သူတို့ကုမ္ပဏီကို အပြင်က ကုမ္ပဏီကငှားရင် သူက MOM ကိုယ်စား၊ သူ့ကုမ္ပဏီကိုယ်စား သွားစစ်ရတယ်။ သူစစ်လို့ Pass ဖြစ်ရင် အလုပ်ဆက်လုပ်လို့ ရပြီပေါ့။

အစ်ကိုနဲ့ ပြန်တွေ့တဲ့နေ့က သူဟာ အစ်ကိုတို့နဲ့ တွဲလုပ်နေတဲ့ ကုမ္ပဏီကြီးက ရေနွေးငွေ့ပိုက်လိုင်းကို လာစစ်တာပါ။ အဲဒီကုမ္ပဏီဟာ အစ်ကိုတို့ Site မှာ Sub Contractor ( Sub Con ) ပါ။ အစ်ကိုတို့ ကုမ္ပဏီလို လက်အောက်ခံ ကုမ္ပဏီပါ။ အစ်ကိုတို့ ကုမ္ပဏီတွေအထက်က Main Contractor ဆိုတဲ့ အဓိက ကုမ္ပဏီတစ်ခုရှိတယ်။ Main Con လို့ခေါ်တယ်။ Sub Con  တွေရဲ့ အလုပ်မှန်သမျှ Main Con က ရှင်းရ၊ တာဝန်ယူရ၊ ညွှန်ကြားရတယ်။ Main Con  က ငှားထားတဲ့ Sub Con ကိုး။

ဒီတော့ Sub Con က ပိုက်လိုင်းကို အစစ်ခံဖို့ Main Con က စစ်ဆေးရေး အရာရှိကို စီစဉ်ပေးရတယ်။ စစ်ဆေးပေးသူက MOM က သဘောတူခန့်အပ်တဲ့ အစ်ကို့သူငယ်ချင်း။

ညီလေးရေ.......

အစ်ကို့သူငယ်ချင်းကို Main Con က သူလာမယ့်နေရာအထိ ကားလွှတ်ကြိုပါတယ်။ ပြန်ပို့ပေးပါတယ်။ သူစစ်ဆေးမယ့်နေရာမှာ Main Con က ၀န်ထမ်းတွေ၊ Sub Con က အင်ဂျင်နီယာတွေ၊ ကြီးကြပ်ရေးမှူးတွေ ၀ိုင်းဝိုင်းလည်လို့။

သူငယ်ချင်းက အဲဒီရေနွေးငွေ့ပိုက်လိုင်းရဲ့ ဖိအား အတက်အကျကို ဂရပ်ဖ်နဲ့ စစ်တယ်။ လိုသလို မရသေးရင် သူ့ခုံမှာ ပြန်ထိုင်ပြီး Main Con, Sub Con က ဖိအားကို ညှိနေတာကို အေးအေးဆေးဆေး ထိုင်စောင့်တယ်။ အဲဒါကို သူငယ်ချင်းနဲ့ စကားပြောရင်း သိခဲ့ရပြီး အစ်ကိုတို့ ကုမ္ပဏီက မြန်မာ အလုပ်သမားလေးတွေကို ပြောပြတော့ သူတို့ သဘောကျလိုက်ကြတာ ညီလေးရေ။

သဘောမကျ ခံနိုင်ရိုးလား။ မြန်မာတစ်ယောက်ရဲ့ စစ်ဆေးမှုကိုခံပြီး သူ့လက်မှတ်ရဖို့ အဆင်မပြေပြေအောင် ခေါင်းချင်းဆိုင် တီးတိုးတိုင်ပင်၊ အလုပ်ရှုပ်နေကြတာ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလား စတဲ့ နိုင်ငံခြားသားတွေလေ။ အဲဒီအချိန်မှာ အစ်ကို့သူငယ်ချင်း မြန်မာကတော့ သူ့ထိုင်ခုံမှာ သူထိုင်၊ စစ်ဆေးမှုကျတဲ့ ဂရပ်ဖ်စာရွက်လိပ်ကို ကိုင်ပြီး ထိုင်စောင့်နေတာ။ ဒါကိုမြင်ရတဲ့ သူများ နိုင်ငံမှာ အောက်ကျို့ လုပ်နေရတဲ့ မြန်မာအလုပ်သမားလေးတွေ အားရပါးရ ရှိလိုက်တာကွာ။ သူတို့ကို ပြောပြရတဲ့ အစ်ကိုလည်း သူငယ်ချင်းအတွက် ဂုဏ်ယူမဆုံးပေါ့ကွာ။

အလုပ်သမား ကောင်လေးတစ်ယောက်ကတောင် ပြောတယ်။ " ကျွန်တော်တို့ မြန်မာတွေထဲမှာ အဲဒီလို ရှိတာ သိပ်ကောင်းတာပဲဗျာ " တဲ့။ တချို့ဆို သူငယ်ချင်း အဲဒီလိုဘ၀ ဘယ်လိုရောက်သွားလဲတောင်မေးလို့ အစ်ကို ရှင်းပြခဲ့ပါတယ်။

ပိုပြီး ကျေနပ်စရာ ကောင်းတာက သူငယ်ချင်း သွားစစ်ပြီးတဲ့ တချို့ကုမ္ပဏီတွေဆို သူ့ကြောင့် မြန်မာတွေကို ပိုပြီး ခန့်လာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းလာရင် မြန်မာတွေရှိတဲ့ ကုမ္ပဏီမို့ မြန်မာချင်း ပြောရင် ပိုအဆင်ပြေမယ်လို့ ယူဆလို့လေ။

ညီလေးရေ.....

သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်တယ်တဲ့။ ကရင်လူမျိုး၊ မြန်မာတစ်ယောက် နိုင်ငံရပ်ခြားမှာ ထွန်းတောက်နေတာ အစ်ကိုတို့ မြန်မာတွေအတွက် အားတက်စရာပေါ့ကွာ။ ဟိုတုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအထိ တက်ယူခဲ့တာလည်း ဦးသန့်ဆိုတဲ့ မြန်မာတစ်ယောက် ပါပဲ။ ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ စံနမူနာယူစရာ ပညာရှင်တွေ ထွန်းကားပွားများနေကြတာ မြောက်မြားစွာ ရှိပါတယ်။

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတို့လို မြန်မာတွေအတွက် မြန်မာတစ်ယောက် လူမျိုးခြားတွေကြားမှာ ထွန်းတောက်နေတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲကွာ။

ကိုယ့်နိုင်ငံထဲမှာ နေရင်းနဲ့ တော်အောင်၊ ထွန်းတောက်အောင် လုပ်နိုင်တဲ့ မြန်မာတွေရှိသလို၊ ကိုယ့်နိုင်ငံရဲ့ အဝေးကို ရောက်တော့လည်း ထွန်းတောက်နေတဲ့ မြန်မာတွေ ဒုနဲ့ဒေး ရှိနေပါသေးတယ်ဆိုတာ မီးမောင်းထိုးပြချင်လို့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါပဲကွာ။

ညီလေးလည်း ဘယ်မှာပဲနေနေ၊ ဘယ်ကိုပဲရောက်ရောက်၊ ဘယ်ရေပဲသောက်သောက် ထွန်းတောက်တဲ့ မြန်မာတစ်ယောက် အမြဲဖြစ်အောင် ကြိုးစားနိုင်ပါစေကွာ။           ။

ဆူးသစ်
၁၉.၉.၂၀၁၀

[ မှုခင်းရှုထောင့် ရသစုံ မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂၀၁၀ ခုနှစ် ]

Sunday, June 23, 2013

"ဧည့်သည်တစ်ယောက်ရဲ့မြို့"



ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်လုံးမြို့ကလေးရေ........
မျက်နှာသစ် သွားတိုက်
ရေမိုးချိုး အလှပြင်
ကမ္ဘာကိုရင်ဆိုင်လိုက်တော့။

East Coast မှာလေသန့်တွေခင်း
Sentosa မှာပျော်ရွှင်ခြင်းတွေကျင်းပ
West Coast မှာ ပသာဒတွေပြလို့
အသက်ဝင်စမြို့ကလေးလို
မျက်နှာဖုံးတွေကိုခွာချ
လွတ်လပ်ခြင်းရဲ့အနှစ်သာရကိုခံစားရအောင်။

ပြန်မမှောင်ပါနဲ့တော့
အလင်းကိုဆောင်
ပိတ်လှောင်ခြင်းတွေကိုကျော်ဖြတ်
မတ်မတ်ရပ်ရင်းလေပြည်တွေကိုတစ်ဝရှူမယ်
ညမနက်တွေရဲ့လှပခြင်းမှာ
မင်းခန္ဓာကိုယ်ကိုသယ်ထားပေါ့။

သဘာဝကိုပဲစားသုံးခဲ့ကြတာ
တစ်ခါတစ်ခါသဘာဝက မင်းအလှတွေကိုဖျက်စီး
ငါးအကျည်းတွေကွာမှာစိုးသလို
ခြင်္သေ့ကြီးခေါင်းကိုက်မှာလည်း စိုးမိပါရဲ့။

ငါကဧည့်သည်ပါ မြို့ကလေးရေ
ဒါပေမဲ့.....
မြို့ကလေးကိုတော့ သံယောဇဉ်ရှိပါရဲ့
သဘာဝနဲ့မြို့ကလေးကြားကတိုက်ပွဲ
မြို့ကလေးကိုပဲနိုင်စေချင်မိခဲ့ပါရဲ့
အဲဒီမြို့ကလေးမှာ
မိသားစုများစွာရှိနေတာမဟုတ်လား။

ရင်ကြပ်သွားသလားမြို့ကလေးရေ
နှလုံးခုန်သံတွေရောမှန်ရဲ့လား
ငှက်ကလေးတွေတော့အသက်မဲ့သွားသေးသတဲ့
မှိုင်းအုပ်နေတဲ့ကောင်းကင်ရဲ့တေးအသစ်မှာ
အဆွေးတွေဖြစ်ဖြစ်သွားသေးလား
သင်္ခါရတရားလို့ဖြေပေါ့
မနက်ဖြန်ဆိုနေရောင်တွေကြော့ကြော့မော့မော့ဝင်လာတော့မယ်
ပြီးမှ.......
မင်းရဲ့အိမ်ရှင်တွေရယ်၊ငါရယ်၊မင်းရယ်
ဖြူစင်တဲ့နေ့သစ်တွေမှာလမ်းလျှောက်ကြမယ်။ ။

သားလတ်
၁၄း၄၄ နာရီ
၂၃.၆.၂၀၁၃

Saturday, June 22, 2013

"ကောင်းကင်အသစ်"




အသစ်ပြောင်းသွားတဲ့ကောင်းကင်ကြောင့်
အချစ်အကြောင်းလေးတွေတောင်ပြန်ပြီးပြောချင်တယ်။
 
လောကကြီးရေ....
မိဘတွေကိုချစ်တယ်
ချစ်သူကိုချစ်တယ်
ညီအစ်ကိုတွေကိုချစ်တယ်
ဆွေမျိုးတွေကိုချစ်တယ်
သူငယ်ချင်းတွေကိုချစ်တယ်
လူသားတွေကိုချစ်တယ်
ကမ္ဘာမြေကိုလည်းချစ်တယ်
သူတို့ကိုမပစ်ပယ်ချင်ဘူး။ 

မှုန်ရီနေတဲ့နံနက်ခင်းတွေနေခဲ့
အသက်ရှူကျပ်တဲ့လောကအဟောင်းကိုစွန့်ခွာ
မင်္ဂလာပါနှုတ်ဆက်ပြီး
ကောင်းကင်အသစ်ကိုလက်ကမ်း
လောကရဲ့အနမ်းသစ်တစ်ခုလိုကြိုဆို
ဟိုမှာလေ....ငှက်တွေအတောင်ဖွင့်တဲ့စခန်း
မနက်ဖြန်မှာအားလုံးလန်းကြတော့မယ်။

မီးခိုးတွေနဲ့ပန်းနာကျ
ဖြူကာပြာကာမလှပခဲ့တဲ့ဘ၀နေ့တွေမှာ
လာကွာ...အတူတူသေမယ့်နေ့စောင့်မယ်
အဲဒီလိုကြွေးကြော်ပြီးမှရင်ဘတ်ချင်းဖလှယ်ခဲ့တဲ့ညများ
အိုဟောင်းသွားတောင်မေ့ပါ့မလား
သင်္ခါရကိုသိသိနဲ့ကစားကြည့်ချင်မိတာ
အဲဒါကမ္ဘာ.....အဲဒါငါ
ရုပ်တွေနာမ်တွေသရုပ်ခွဲ
ညထဲမှာစီးချင်းအလဲထိုးရင်း
မနက်မိုးအလင်းကိုမမြင်ရမှာကြောက်တဲ့စိတ်တွေနဲ့
နောက်ဘ၀ဆိုတဲ့အရိပ်တွေတောင်ထိုးခဲ့တာ
သတိသာထား
"မနက်ဖြန်ဆိုတာ အဝေးကြီး
နောက်ဘ၀ဆိုတာနီးနီးလေး" တဲ့
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရား
မှုန်မည်းနေတဲ့ဝန်းကျင်ကြားမှာ
ပဲ့တင်သံအလား ခဏခဏကြားနေခဲ့တာလေ။

အခုတော့ပြီးသွားပြီ
နောက်တစ်ချီလာလည်းလာပေါ့
ကောင်းကင်သစ်ရေ
ရင်ခုန်ခြင်းအစစ်တွေနဲ့ ကမ်းလင့်နေမယ်
မနက်ဖြန်တိမ်ရောင်စုံအသစ်တွေရဲ့ လမ်းအဖွင့်မှာ။     ။

သားလတ်
၁၉း၂၂ နာရီ
၂၂.၆.၂၀၁၃ 

(စင်ကာပူနိုင်ငံ၏မွန်းကျပ်လွန်းလှသောမီးခိုးများ၏လွင့်ပျယ်ခြင်းနေ့တစ်နေ့သို့)


Saturday, May 18, 2013

" အညာသား "


အမေ.........
တစ်မြေတည်းကဖွား
တစ်ဆန်တည်းကိုပဲစားလို့
တစ်ရေကိုပဲ သောက်ခဲ့ကြသူတွေမို့
သွေးမရင်းပေမယ့်
မွေးချင်းတွေလိုသူတို့က
ကျွန်တော့်အတွက် ညီအစ်ကိုလိုပေါ့ အမေ။

လူဆိုးလေးတွေ အမေ
မြာပွေချင် ပွေတယ်
အရက်သောက် မှောက်ချင်မှောက်တယ်
ကွမ်းစား ထွေးချင်ရာထွေးတယ်
အလုပ် လာချင်တဲ့အခါ လာတယ်
ဒါပေမဲ့......
သူတို့ကို ကျွန်တော် ခင်ပါတယ်အမေ။

နေပူကြီးထဲမှာလေ
ချွေးတွေထွက် အားကုန်ဖျော
ပြီးရင် ရယ်ရယ်မောမောနဲ့
အတောမသတ်တဲ့ အပြုံးတွေလှစ်
ဖုန်းအသစ်တွေ ဟိုကလိ သည်ကလိ
(ဘယ်လိုပဲနေနေ)
သူတို့ရင်ထဲမှာတော့ မြန်မာပြည်ကိုပဲ သိတယ်အမေ။

လစာထွက်တဲ့အခါ
စုမိတာလေး အိမ်ပြန်ပို့
အမေ့ဖို့ အဖေ့ဖို့
ညီလေးဖို့ ညီမလေးဖို့
.......ဖို့........ဖို့.........ဖို့နဲ့
သူတို့ဖို့က စင်ကာပူမှာပဲရှိ
ဘာလဲသိလား အမေ
ပူနေတဲ့ နေရယ်
ကျနေတဲ့ ချွေးရယ်
မြန်မာပြည်ကို လွမ်းတဲ့စိတ်ရယ်
အဖေအမေနဲ့ မိသားစုကို သတိရမှုရယ်
အဲဒါတွေပဲ သူတို့ဖို့ပါ အမေ။

လူတွေကထင်တယ်
စင်ကာပူမှာ အလုပ်ရငွေဝင်
ကြည့်စမ်း....သူတို့ အဆင်ပြေနေလိုက်တာများ
အိမ်မှာ ပစ္စည်းတွေပွားတက်လို့
ရေစက်နဲ့ ဆိုင်ကယ်
ဒီထက်ပို အဆင်ပြေတယ်ဆို
အိမ်ကလေး  ကားကလေးတွေ ၀ယ်လို့။

အဆင်ပြေလားလို့ အမေက မေးတဲ့အခါ
သားအဆင်ပြေတယ် အမေ၊ စိတ်မပူနဲ့လို့ပြော
( ဒါပေမဲ့...)
သူတို့ ဘယ်လောက်မောတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင် ခံစားသိတယ် အမေ
ကျွန်တော်လည်း ဒီလိုပဲ ပြောခဲ့ဖူးတာပဲလေ။

နေပူထဲမှာ လုပ်ရလည်း
အဲကွန်းခန်းထဲမှာ လုပ်ရသလို သဘောထား
အမေစိတ်မကောင်း ဖြစ်သွားမှာ တွေးပူလို့
ဖေးကူသူမရှိတဲ့ ဘ၀တွေကြား
ချွေးအတူတူကျခဲ့ရတာ ကျွန်တော်နဲ့ သူတို့ပေါ့အမေ။

အဆင်ပြေလားဆိုတဲ့ မေးခွန်းတွေ အပ်ကြောင်းထပ်အောင်လာတော့
အဆင်မပြေတာလည်း အဆင်ပြေပါတယ် သဘောထား
အဆင်ပြေတာလည်း အဆင်ပြေသလို ခံစားရင်း
မြန်မာပြည်က မိသားစုတွေပျော်ရင်
မှန်မှန်မှားမှား ညာချင်ညာမယ်
( အမေရယ်.....နိုင်ငံခြားမှာ.......)
လူညာလေးတွေ အမြဲအဆင်ပြေနေကြပါတယ်။           ။

သားလတ်
၂၁း၀၄ နာရီ
၁၈.၅.၂၀၁၃

[ ကျွန်တော်နှင့် အလုပ်အတူ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများသို့]
Related Posts Plugin for WordPress, Blogger...