Wednesday, April 25, 2012

" ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက် "


 သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
  '  စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။

အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။

Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။

ကွင်းပြင်ထီးတည်း
စက်ယန္တရားကြီးတွေ မမြင်ချင်အဆုံး
အရိပ်မရှိ မီးလိုပူလို့ ဟဲလ်မက်သုံးတောင်
နေလောင်ခံရတဲ့ မျက်နှာ
Safety မျက်မှန်နဲ့ ဟဲလ်မက်မေးသိုင်းကြိုးနေရာသာ  ကွက်ပြီးဖြူလို့
မျက်နှာတစ်ခုလုံး ညိုမည်းစွဲ
အဲဒါ-ကျွန်းပေါ်က သားဘ၀ နည်းနည်းပါ အမေ။

မိုးရွာရင် ရွာတဲ့အချိန်နား
လျှပ်စီးလက်ရင် အလံတင်လို့ အလံတင်ချိန်နား
ဒီလိုနဲ့ အလံတင်ချိန်၊ မိုးရွာချိန်လေးမျှော်ရင်း
အပြင်မှာ မိုးမရွာ၊ လျှပ်မလက်၊ အလံမတင်
ကိုယ့်မာနအလံ ကိုယ့်ဘာသာတင်ရင်း
ရင်ထဲမှာပဲ မိုးရွာ၊ လျှပ်အစင်းစင်းလက်လို့
နေပူထဲ ဖြတ်ခဲ့ရတဲ့နေ့တွေ နည်းမှမနည်းဘဲ အမေ။

တကယ်တော့ အမေရယ်......
ကျွန်တော်ဟာ ကျွန်းပျော်မဟုတ်တဲ့ ကျွန်းသားတစ်ယောက်ပါ။

မပျော်ပေမယ့် ပျော်သလိုနေရတဲ့ နေရာ
မချစ်ပေမယ့် ချစ်သလိုနေရတဲ့နေရာ
ကျွန်းသာသာ ဖြစ်နေတဲ့မြို့
သူ့ဘေးမှာ ကျွန်းတွေက ဟိုတစ်စို့ ဒီတစ်စို့
အဲဒီမှာ နိုင်ငံစုံက သားတို့လို လူတချို့ အလုပ်လာလုပ်ကြ
ဒါပေမဲ့....
အဲဒီမြို့က ဘာမှ မပြောပလောက်ပါဘူး အမေ။

Can or Can not နှစ်လုံးတတ်ရင်
လုပ်နိုင်တာ မလုပ်နိုင်တာ အကုန်ပြတ်တဲ့မြို့.....
Already တောင်မဟုတ် Ready လို့ ဖြီးရင် 
လုပ်ထားသမျှ အကုန်ပြီးတဲ့မြို့....
How are you? လို့ မေးရင် Fine လို့မဖြေ
Good လို့ ဖြေတဲ့မြို့........
အချောင်ခိုတဲ့သူကို အလီဘာဘာလို့ သုံးတဲ့မြို့......
ဘာလုပ်လုပ် Queue ရတဲ့မြို့.....
Queue သာ Queue တယ်
သူတို့ချင်း Neglect လုပ်တဲ့မြို့........
ရွှေတွေရဲ့'လား'နဲ့ သူတို့ရဲ့ ' Lah '
ဘယ်လားက စောတယ်မသိပေမယ့်
စကားပြောရင်း လားချင်ရင် လားတဲ့မြို့......
စည်းကမ်းရှိမလိုလိုနဲ့
စည်းကမ်း ရှိချင်ယောင်ဆောင်ထားတဲ့မြို့......
အလုပ်တကယ်ကြိုးစားသယောင်နဲ့
အလီဘာဘာတွေ များတဲ့မြို့.......
ကောင်လေး၊ ကောင်မလေးငယ်ငယ်တွေ
အားလုံးနီးပါး မျက်မှန်တပ်တဲ့မြို့......
ခြင်္သေ့ကို ငါးခန္ဓာပေါင်းထားတဲ့ ကိုယ်လုံးနဲ့အရုပ်တွေ ပေါတဲ့မြို့.....
အဲဒီမြို့လေးရဲ့ ခပ်လှမ်းလှမ်းမှာ
ပင်လယ်လမ်းကို ဖြတ်သန်း
ကျွန်းမြေမှာ သားလမ်းသလားခဲ့တာ နေ့စဉ်လိုပေါ့ အမေ။

ငွေဈေးဘယ်လောက်ပေါက်လဲ အကျအတက်ညှိရတာနဲ့
သိကြားမင်း အကျအတက်လည်း မသိ
သင်္ကြန်ကို ရင်မှာ မငြိနိုင်
အိမ်ကို ငွေပို့ဖို့  စဉ်းစားကြည့်ရင် ငိုင်တွေမော
ဒါပေမဲ့...
သားက- ထိုင်နေသော လူငယ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး အမေ။

ချွေးတွေက နဖူးကနေ ကျချင်ရာကျ
မိုးမလင်းခင်က စတဲ့ဘဝ
မိုးချုပ်တောင်နားဖို့ မကျိန်းသေတဲ့ဘဝ
ကြယ်သီးပြုတ်ကို အပ်နဲ့ချုပ်ရင် အမေ့ကို သတိရ
နေပူထဲမှာ လမ်းတွေလျှောက်ရင် အဖေ့ကို တမ်းတ
စုံတွဲတွေတွေ့ရင် ချစ်သူကို လွမ်းရ
ဘောလုံးပွဲတွေကြည့်ရင် ညီအစ်ကိုတွေကို မေ့မရ
မိုးတွေသည်းရင် မြန်မာပြည်ကို မှန်းဆ
ဒီလိုနဲ့ ဘ၀ဘ၀ဆိုတာကို ကြိတ်မှိတ်ဖြတ်သန်း
ကျွန်းသားတစ်ယောက် လွမ်းခန်းက ခပ်ကြမ်းကြမ်းပေါ့ အမေ။

' အိပ်မက်ထဲက ရထားကြီး ' ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်ကို အမြဲနားထောင်
( ပြီးတော့ သီချင်းထဲကလို)
ကလေးဘ၀ကို မြင်ယောင်ရင်း မဆုံးတဲ့ခရီး
ဘယ်အချိန်ပြီးမှန်းမသိတဲ့ ဘ၀ကို အတွေးခက်
ဒီလိုနဲ့........
ချွေးစက်များနဲ့ ပျော်ခြင်း၊ မပျော်ခြင်း မရှိတဲ့
ခရီးသွားရဲ့ နေ့ညများစွာ
တစ်လတစ်လထွက်လာတဲ့ လစာကြားမှာ ရှင်သန်
မနက်ဖြန်တိုင်းမှာ ဒီကျွန်းသားတစ်ယောက်တော့
ကျွန်းကလွတ်မြောက်ရေးကို မျှော်မက်ရင်း
အိပ်မက်တွေကြားမှာ ကျွန်တော်ဆက်လျှောက်နေပါဦးမယ် အမေရယ်။        ။

သားလတ်
၁၈.၆.၂၀၀၉

( စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း၊၂၀၁၂ ဧပြီလ တွင် ဖော်ပြခံရသော ကဗျာ ဖြစ်ပါသည်။ )


Monday, April 23, 2012

" နှလုံးသားကလာတဲ့စာ မေတ္တာပါတဲ့စကား " (၁)


ချစ်သူ......

ကိုယ်တို့ရဲ့ အားလပ်ရက် မနက်ခင်းလေးတွေမှာ ကိုယ်တို့နှစ်ယောက် ကော်ဖီဆိုင်မှာထိုင်ဖြစ်ခဲ့ကြတယ်။ တစ်မနက်ခင်း အဲဒီလိုအချိန်မှာ ကိုယ်တို့ထိုင်နေတဲ့အနားမှာ ငှက်ကလေးတွေလည်း အစာရှာနေကြတယ်။ အဲဒီမှာပဲ ငှက်ကလေးတစ်ကောင်ဟာ သူရတဲ့အစာကို မစားဘဲ နောက်ငှက် တစ်ကောင်ကို ခေါ်ကျွေးနေတာ ကိုယ်တို့ သတိထားမိခဲ့တယ်။ အဲဒါဟာ မေတ္တာတရားလား ချစ်သူ။ ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းလို့လည်း ဆိုလို့ရမယ်ထင်ပါရဲ့။ အဲဒီတုန်းက ကိုယ်တို့အတူတူ ငေးကြည့် ခဲ့ဖူးတယ်။ ငှက်ကလေးတွေရဲ့ ချစ်ခြင်းကိုပေါ့။

အခုနောက်ပိုင်း အားလပ်ရက်ကလေးတွေရဲ့ မနက်မှာ ကိုယ်တစ်ယောက်တည်း ကော်ဖီဆိုင်ကို သွားခဲ့တယ်။ ငှက်ကလေးတွေကတော့ အရင်လိုပါပဲ။ ချစ်သူကတော့ ဟိုးအဝေးမှာပေါ့။ ကိုယ် သတိရမိတယ်။ ဒီအချိန်ဆို သူဘာလုပ်နေမလဲ။ သူနေကောင်းရဲ့လား။ သူလုပ်စရာရှိတာတွေရော ပုံမှန်လုပ်ဖြစ်ရဲ့လား။ အဲဒီလိုအတွေးတွေ ကြီးစိုးနေခဲ့တယ်။

ငှက်ကလေးတွေကို ကြည့်ရင်း အဲဒီငှက်ကလေးတွေလို ဟိုးအဝေးကို ပျံသန်းနိုင်ခွင့်ရချင်တယ်။ ချစ်သူရှိရာ စိတ်ဆန္ဒပြင်းပြတဲ့အချိန် ထပျံပြေးနိုင်ဖို့ပေါ့။ လေပြေနဲ့အတူ လိုက်မယ်။ မိုးသည်းချင် သည်းပေါ့။ နေပူချင် ပူပေါ့။ နှင်းတွေ၊ မြူတွေ ပိတ်ချင် ပိတ်ပေါ့။ အဲဒီခရီးဝေးတွေရဲ့ အဆုံးမှာ ချစ်သူမျက်နှာကို မြင်ရမယ်လေ။ ဒီလိုယုံကြည်ရင်း ငှက်ကလေးတွေကိုပဲ ငေးနေမိခဲ့တယ်။ ဒါပေမဲ့ ကိုယ်မပြန်နိုင်ခဲ့ပါဘူး။ ငှက်ကလေးတွေလို အတောင်ပံလည်း မရခဲ့ဘူး။ အိမ်ပြန်ချင်လို့လည်း ပြန်လို့မဖြစ်နိုင်ခဲ့ဘူး။ ကိုယ်တို့ ခဏတော့ ဝေးနေ ဦးမယ်နော်။

ချစ်သူ.....

မနက်ခင်းဆိုတာ လူတွေရဲ့ အားအင်အသစ်တွေ မွေးဖွားစေနိုင်တယ်လို့ တော်တော်များများက ယုံကြည်ကြတယ်။ ကိုယ့်အတွက်ကတော့ မနက်ခင်းမှာပဲ အားအင်တွေ ဆုတ်ယုတ်နေခဲ့တယ်။  ကိုယ့်အနားမှာ မင်းမှမရှိဘဲလေ။

အိပ်ရာကနိုးလို့ လှည့်ကြည့်လိုက်ရင် ကိုယ်မြင်နေကျ မျက်နှာလေးတစ်ခုကို အခုအချိန်မှာ ကိုယ်မြင်တွေ့ခွင့် မရနိုင်ဘူး။ အိမ်မှာရှိရင် ကိုယ်ကြိုက်တဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက် အမြဲလို အဆင်သင့် ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ကိုယ့်အတွက် မရနိုင်ဘူး။ အိမ်ကထွက်လို့ တစ်ခုခုမေ့ကျန်ခဲ့ရင် ကိုယ်ပြန်တောင်းရမယ့်လူက အနားမှာ ရှိမနေဘူး။

ဘတ်စ်ကားမှတ်တိုင်ရောက်ရင် ကိုယ်ပို့နေကျ မက်ဆေ့ခ်ျလေးတွေ ဘယ်ကိုပို့ရမယ် ကိုယ်မသိတော့ဘူး။ ကိုယ့်အတွက် ဖုန်းလေးကိုင်ပြီး မနက်ခင်းမှာ ယောင်နနဖြစ်ခဲ့ရတဲ့ အကြိမ်တွေ များလာခဲ့ပါပြီ။ အလုပ်သွားရတဲ့နေ့တွေအတွက် လန်းဆန်းတက်ကြွမှုဆိုတာ အဝေးမှာပေါ့။ ပြီးတော့ အလုပ်သွားတော့မယ်လို့ လှမ်းနှုတ်ဆက်မယ့် ဖုန်းခေါ်သံကိုလည်း ကိုယ်မကြားနိုင်တော့ဘူး။ အဲဒီလိုနဲ့ ကိုယ့်မနက်ခင်းတွေမှာ ခြောက်သွေ့အေးစက် တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ ကြာခဲ့ပြီပေါ့ ချစ်သူ။

ချစ်သူ.......

ကိုယ့်အတွက် ငှက်ကလေးတွေက အဖော်ပဲလား။ လေပြေညင်းက ကိုယ့်အတွက် အားပေးဖော်လား။ ကိုယ်ကိုင်ထားတဲ့ ဖုန်းတစ်လုံးက ကိုယ်တို့ရဲ့ အဖြစ်အပျက်တွေကို သတိရစေမယ့် အမှတ်တရလေးလား။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ပဲရောက်ရောက်ပါ။ ဘယ်လိုပဲနေနေပါ။ ဘယ်လောက်ပဲဝေးဝေးပါ။ ကိုယ့်အတွေးထဲမှာ ချစ်သူရှိနေပါတယ်ကွယ်။ ကိုယ့်နှလုံးသားထဲမှာ ချစ်သူကို ထာဝရချစ်နေပါတယ်ကွယ်။ ကိုယ့်အသွေးအသားထဲမှာ ချစ်သူအမြဲ စီးဆင်းနေပါတယ်ကွယ်။

လွမ်းလိုက်တာ......ချစ်သူရယ်.........။         ။

သားလတ်
၂၃: ၀၆ နာရီ
၂၃.၄.၂၀၁၂



Saturday, April 14, 2012

"ဝေးလွင့် သင်္ကြန်"


ကမ္ဘာမြေထဲက လွတ်ထွက်လာခဲ့သူ
ဒဏ်ရာဆူပွက် ပူလောင်ချက်ပြင်းပြင်း
အဇ္ဈတ္တတွင်းက လှိုက်စားမှု
ဗဟိဒ္ဓကို ရိုက်ချိုးလိုက်ပြီလား။

အနာဂတ်ရဲ့မျက်စိနဲ့
ရှင်သန်မှုကို ကုစားကြည့်ချိန်
မိုးတိမ်တွေကို ငေးမော
လေညင်းတွေကြားမှာ အဆွေးရင့်
ဝေးလွင့်သင်္ကြန်
မနက်ဖြန် မနက်ဖြန်နဲ့ ပြီးဆုံးပြီ။

အိပ်မက်မဲ့
စိတ်ကူးနဲ့ အတွေးပျောက်
အဝေးရောက်နေသူများ
ပိတောက်တွေကြားမှာ ပြုံးနေပြီထင်ရဲ့
လူမမြင်ခဲ့တဲ့ ရင်ခုန်ခြင်း
မင်းတို့သင်္ကြန်တွင်းမှာ သေဆုံး
ငါ့နာရီသံဟာတော့
နှစ်ဆန်းတစ်ရက်ကို ငံ့လင့်တုန်းလေ။         ။

သားလတ်
၁၆.၄.၁၉၉၇

Friday, April 6, 2012

"ချစ်ခြင်းဖြင့် စာတင်သော မြစ်တစ်စင်း၏ ရာဇ၀င်"


ကျွန်တော်ရှစ်တန်းလောက်၊ ၁၉၈၇ ခုနှစ်လောက်တုန်းက ပုဂံကို စရောက်ဖူးခဲ့သည်။ မိသားစုစုံညီ ဘုရားဖူးထွက်ခွင့်ရခဲ့ခြင်းပင်။ သည်တုန်းက ဟိုဘက်ခေတ်မို့ သမ၀ါယမဟိုတယ် ဆိုသည့်နာမည်ဖြင့် ကန်တော့ပလ္လင်ဘုရားနားမှာ ဟိုတယ်ရှိခဲ့ဖူးသည်။ ကျွန်တော်တို့မိသားစု ထိုအချိန်က ထိုဟိုတယ်မှာ တည်းခဲ့ဖူး၏။ တစ်နေကုန်ဘုရားစုံဖူးပြီး ပြန်လာချိန်မှာ ကန်တော့ပလ္လင်ဘုရား၏ အမြင့်တစ်နေရာမှ ပုဂံ၏ အလှအပကို ခံစားခဲ့ဖူးသည်။ ကျွန်တော်တို့ဟိုတယ်ဘေးမှာ ဧရာဝတီမြစ်သည် ကောက်ကွေ့စွာ စီးဆင်းနေ၏။

ညနေနေ၀င်ချိန်အလှ။ ဧရာဝတီ။ ကန်တော့ပလ္လင်ဘုရား။ ကျွန်တော်တို့မိသားစုနှင့် အတူ နိုင်ငံခြားသား များပါ ပါသည်။ သည်လိုရှုခင်း၊ သည်လိုအလှ၊ သည်လို ပုဂံ၊ သည်လို ဧရာဝတီ။ ၁၉၉၇ ခုနှစ်ခန့်က။ 

အရွယ်ရောက်လာတော့ ပုဂံကိုနောက်တစ်ကြိမ် ထပ်ရောက်သည်။ ၂၀၀၀ခုနှစ်၏ အစွန်းပိုင်းကာလများ။ အရင်ကလို ဘုရား၏ အမြင့် အထက်ပစ္စယံများသို့ ပေးမတက်တော့။ သို့သော် ဗူးဘုရားဘေးက ဧရာဝတီကို ကျွန်တော် ခံစားခွင့်ရခဲ့သေးသည်။ ဧရာဝတီသည် အရင်ကနှယ် နုပျိုဆဲ။ 

အလုပ်ထဲမှာ ရှိနေစဉ်မှာပင် ဧရာဝတီမှာ သင်္ဘောစီး၍ ဧရာဝတီတိုင်းထဲက မြို့နယ်များကို သွားခွင့်ရသည်။ ရှည်လျားလှသည့် ဧရာဝတီ၏ အလျားကို တွေးကြည့်မိခဲ့ဖူးသည်။ ပြီးတော့ ဧရာဝတီ၏ ဘေးမှာ ဧရာဝတီကို မှီတည်ရှိနေသော မြို့များအကြောင်းကိုလည်း တွေးမိခဲ့ဖူး၏။ 

၂၀၀၈ ခုနှစ်ရောက်တော့ ရက်စက်သော နာဂစ်ကိုကြုံရသည်။ ကျွန်တော်နှင့်အတူ ဘွဲ့လွန်ဒီပလိုမာ တက်နေသော စီးပွားရေးတက္ကသိုလ်က သူငယ်ချင်းမောင်နှမများ အတူစု၍ တတ်နိုင်တာလေးတွေယူကာ ဧရာဝတီ၏ ဘေးက ရွာတွေအထိ တက်ကာ အလှူလုပ်ကြသည်။ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ကျောင်းသုံးစာအုပ်၊ လွယ်အိတ်၊ ကျောင်းဝတ်စုံ။ စုံလို့။ စာသင်ကျောင်းတွေ ပြိုကျနေသည်ကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ခံစားမှုများစွာ ဖြစ်သည်။ သမ္ဗာန်နှင့် ရွာတစ်ရွာကို အကူးမှာ ဆရာမတစ်ယောက်ပါလာတော့ သူကပြောသည်။ ကျွန်မ စာသင်ကျောင်းကို မပြန်တာ ကြာပြီ။ မိဘနေမကောင်းလို့ပါ တဲ့။ အခု နာဂစ်ဖြစ်ပြီး ကလေးတွေကျောင်း ပျက်သွားတယ် ကြားတော့ မပြန်ဘဲကို မနေနိုင်တော့ဘူး ဟုဆိုသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ၀ဲနေတာ ကျွန်တော်သတိထားမိသည်။ ကျွန်တော်တို့အားလုံး တစ်လှေတည်း စီးနေကြသည်။ တစ်ရွာတည်းကို သွားခဲ့ကြသည်။ စိတ်က တစ်စိတ်တည်း။ ထိုရွာက ကလေးများ၏ အနာဂတ်အတွက်။

ဘွဲ့လွန်ပြီးတော့ စင်ကာပူမလာခင် ကျွန်တော်တို့ကိုးကွယ်သည့် ဘုန်းကြီး ရှိရာပဲခူးတိုင်း၊ ရွှေတောင်မြို့ကို အမေတို့နှင့် ရောက်သည်။ ပြည်က သူငယ်ချင်းက ကျွန်တော်ရောက်မှန်းသိပြီး လာခဲ့ဖို့ခေါ်သည်။ ကျွန်တော်နှင့် နာမည်တစ်လုံးသာ ကပ်လွဲသော ထိုသူငယ်ချင်းက ပြည်သား။ သူက ဆိုင်ကယ်တစ်စီးနှင့် ကျွန်တော့်ကို ပြည်မှာ လိုက်ပြသည်။ ဧရာဝတီဘေးက အအေးဆိုင်လေးမှာ ကျွန်တော်တို့နှစ်ယောက် ကြံရည်သောက်သည်။ 

လှပသောညနေခင်းလေးမှာ ဧရာဝတီ၏ တစ်ဘက်ကမ်းမှ စေတီပုထိုးများ၊ သဲသောင်များ၊ လူးလာသွားလာနေသော လှေငယ်များကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ဧရာဝတီ၏ အလှကို ခံစားနေခဲ့ဖူးသည်။

နောက်ဆုံး စင်ကာပူရောက်လာပြီးမှ ကျွန်တော်ကြားရသည်။ မြစ်ဆုံ။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရသော ပထ၀ီထဲက မြစ်ဆုံ။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာရေးခဲ့ဖူးသော မြစ်ဆုံ။ ဧရာဝတီ၏ အစမြစ်ဆုံ။ ထိုမြစ်ဆုံမှာ ဆည်ဆောက်မည်တဲ့။ အတတ်ပညာရှင်များက မီးမောင်းထိုးပြသည်။ မည်သို့ဖြစ်နိုင်သည်ဆိုသော အကျိုးဆက်များ။ တွေးကြည့်တော့ စိတ်ထဲမကောင်းလှ။

ကျွန်တော် ခံစားခဲ့ဖူးသော ပုဂံနှင့် ဧရာဝတီ။ ကျွန်တော်ရင်နင့်ခဲ့ဖူးသော နာဂစ်နှင့် ဧရာဝတီ။ ကျွန်တော်နှင့်အတူ သူငယ်ချင်းများ ကိုယ်ချင်းစာပေးခဲ့ဖူးသော မြို့များ၊ ရွာများ၊ ကလေးငယ်များနှင့် ဧရာဝတီ။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း အတူတူ ခံစားခဲ့ဖူးသော ညနေခင်းတစ်ခုနှင့် လှပလွန်းသော ဧရာဝတီ။  

နာဂစ်လို သဘာဝဘေးကြောင့်ပင် မြို့များ၊ ရွာများ၊ လူများ ပြိုလဲခဲ့ရသေးလျှင် ဧရာဝတီမရှိတော့လျှင် ကျွန်တော်တို့အားလုံး ပြိုလဲသွားနိုင်သည်။

ထိုဧရာဝတီကို သိသိကြီးနှင့် ကျွန်တော်တို့ စွန့်လွှတ်ရတော့မှာလား။

၂၀၀၄ ခုနှစ်မှာ အိန္ဒိယပြည်ကို ကျွန်တော်ရောက်ခဲ့ဖူးသည်။ ကမ္ဘာကျော် တပ်ဂ်ျမဟာကိုလည်း ရောက်၏။ ထိုအဆောက်အအုံဘေးက ယမုံနာမြစ်ကမ်းပါးကနေ ကျွန်တော်တို့ မှတ်သိဖူးသော ယမုံနာကို လှမ်းငေးခိုက် ယမုံနာသည် ခြောက်တိခြောက်ကပ်။ သဲသောင်များကို မြင်ရသည်။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီသင်ရစဉ် ယမုံနာတို့၊ ဂင်္ဂါတို့ဆိုသည်မှာ နာမည်ကျော်များ။ ခုတော့ လူတော်တော်များများ မြစ်ထဲမှာ အ၀တ်ဆင်းလျှော်နေကြသည်။ အမှိုက်များကား ရှုပ်ပွနေ၏။ ကျွန်တော်တို့ ဧရာဝတီသည်လည်း တစ်ချိန်မှာ ထိုသို့ ဖြစ်သွားတော့မည်လား။

ကျွန်တော်ခံစားမိသလို လွန်ခဲ့သည့် နှစ်များစွာကတည်းက ဧရာဝတီကို ခံစားသွားသော အနုပညာရှင်တစ်ဦးလည်း ရှိသေးသည်။ သူကား သီချင်းရေးဆရာတစ်ဦး။ ထိုထက်ပိုပြောရလျှင် တကယ့်အနုပညာရှင်စစ်စစ်။ သူသည် သီချင်းဆိုသည်။ ကဗျာစပ်သည်။ 
  
ဧရာဝတီနှင့် ပတ်သက်၍ သူရေးခဲ့သော သီချင်းသည် ကဗျာတစ်ပုဒ်လို လှသည်။ အားပါသည်။ ကျွန်တော်တို့ ချစ်သော ဧရာဝတီအတွက် သူခံစားရေးခဲ့သည်။ ထိုသီချင်းအတွက် သူတစ်လလောက် အချိန်ယူခဲ့ရသည်။ အာရုံမလာလျှင် ထမရေး။ သူသည် ဧရာဝတီနှင့် ပတ်သက်၍ နင့်နင့်သည်းသည်း ခံစားတတ်ပုံရ၏။ 

သူ့သီချင်းထဲမှာ ဧရာဝတီသည် ရာဇ၀င်ထဲက လျှို့ဝှက်ချက်များကို သိမ်းဆည်းထားသည်။ ခမ်းနားသော မြို့ပြများနှင့် ရွှေရောင်လွှမ်းသော နေ့ရက်များကို ပြောပြနိုင်သည်။ ပိုင်ဆိုင်မှုအတွက် သူရဲကောင်း များစွာ ဖြစ်တည်မှုကို ပြန်ပြနိုင်သည်။ ကျွန်တော်တို့တိုင်းပြည်၏ ရွှေရောင်အနာဂတ်အတွက် ရာဇ၀င်အဟောင်းများကို စွန့်၍ ရာဇ၀င်အသစ်များကို ရေးခဲ့သည်။ ကျွန်တော်တို့၏ မိခင်ဟု သူတင်စားခဲ့သည်။ ကျွန်တော်တို့၏ ၀ိညာဉ်ဟုလည်း ဆိုသည်။ ထိုသီချင်းကိုပင် သူက "ရာဇ၀င်များရဲ့ သတို့သမီး" ဟုတင်စားခဲ့သည်။ 

ထိုတေးရေးဆရာ၊ ထိုအဆိုတော်၊ ထိုအနုပညာရှင်သည် ကိုငှက်ဟု ခေါ်ကြသည့် ထူးအိမ်သင်။ သူကား ကွယ်လွန်သွားခဲ့ချေပြီ။ သူခံစားတင်စားခဲ့သော သတို့သမီး၏ အလှအပတို့သည်လည်း သူကွယ်လွန်သွားသလို မကွယ်လွန်စေရန်နှင့် သူရှိနေစဉ်တုန်း ကလို၊ ကျွန်တော်တို့ ခံစားခဲ့ဖူးသလို ရှိနေစေရေးအတွက် ကျွန်တော် ဆုတောင်းနေမိသည်။

ထိုသို့ဆုတောင်းရင်းမှာပင် ကျွန်တော့်နားထဲမှာ ထူးအိမ်သင်၏ ရာဇ၀င်များရဲ့ သတို့သမီး သည်ကား လှပစွာ စီးဝင်နေပါတော့သည်။     ။

သားလတ်
၁၂:၅၆ နာရီ
၆.၄.၂၀၁၂



Sunday, March 25, 2012

" နှစ်ခြိုက်မိပါသည် The Lady "


ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ညက ကျွန်တော့်ဇနီးသည်နှင့်အတူ စင်ကာပူမှာ ရုံတင်နေသော "The Lady" ရုပ်ရှင်ကို သွားကြည့်ဖြစ်ခဲ့သည်။ ကျွန်တော်သည် အလုပ်ကို စနေရော၊ တနင်္ဂနွေပါ ဆင်းနေရ၍ ညဘက်ကို အပြေးအလွှား သွားကြည့်ဖြစ်ခဲ့ခြင်းပင်။

ထိုဇာတ်ကား စင်ကာပူလာမည် ဆိုကတည်းက ကျွန်တော် စိတ်ဝင်စားမိသည်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ထိုရုပ်ရှင်ကို ကြည့်ချင်မိ၏။ အဓိကက ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဇာတ်ကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြောင်း။ ဘာတွေကို ဘယ်လို ရိုက်ပြမည်နည်း။ မြန်မာပြည် ပြင်ပက လူများက ရိုက်ပြမှာ ဖြစ်၍ ပိုပြီးစိတ်ဝင်စားမိသည်။

ရုပ်ရှင်ရုံထဲရောက်တော့ လာကြည့်သူတွေကို ကျွန်တော်အကဲခတ်မိသည်။ နဂိုကတည်းက လက်မှတ်က ကုန်သွားတတ်သည်ဟု ကြားထား၍ အတတ်နိုင်ဆုံးကြိုတင်၍ ကြိုးစားထားတာကိုပင် ထိုင်ခုံက ဒုတိယတန်းသာ ရလိုက်သည်။ ရှိစေတော့။ မြန်မာပြည်၏ နိုင်ငံရေး ဇာတ်လမ်းမို့ မြန်မာများ တော်တော် ကြည့်ကြမည်ဟု တွေးထားလိုက်မိသည်။ တကယ် ရုံထဲရောက်တော့ အဖြူကောင်များ၊ စလုံးများပါ အုံနှင့်ကျင်းနှင့် လာကြည့်ကြသည်ကို တွေ့ရသည်။ ဪ-ကျွန်တော်တို့ နိုင်ငံ၏ နိုင်ငံရေးကို သူတို့လည်း စိတ်ဝင်စားကြသည်ပေါ့။

စပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း အစည်းအဝေး မသွားခင် သူ့သမီးနှင့် အိမ်မှာ စကားပြော၊ ပြီးတော့ အစည်းအဝေးသွား။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သူတို့ကတော့ ဘယ်ကအကိုးအကားနှင့် ရိုက်သည်မသိ။ လာလုပ်ကြံသည့်သူကို ဗိုလ်ချုပ်က မျက်စိပိတ်၍ သေနတ်ပစ်ခံသည်။ ပစ်သူက နဖူးကို ပစ်ချသည်။ တကယ်တော့ ကျွန်တော်ဖတ်ဖူးထားသည်က သည်လိုမဟုတ်။ ဗိုလ်ချုပ်က လက်နှင့်ကာ၍ တားသေးသည်။ ထိုသို့တားသည့်ကြားက ပစ်သွားတာဖြစ်သည်။ ကျွန်တော့်အထင် လွတ်လပ်ရေးအတွက် ကြိုးစားနေသော ဗိုလ်ချုပ်သည် သူ့ကို လုပ်ကြံမည့်သူမရှိဟု ယုံထားတာဖြစ်သည်။ ပြီးတော့ အသားလွတ်ကြီးတော့ အပစ်ခံမှာမဟုတ်။ ဗိုလ်ချုပ်မှာ ရှင်းပြစရာတွေ ရှိနေလိမ့်မည်။ မေးစရာတွေ ရှိနေမှာဖြစ်သည်။ ထားတော့။ ထိုရုပ်ရှင်ကို ပြချင်သူက The Lady ကိုသာ တည်ထားတာဖြစ်သည်။

သူတို့ဇာတ်လမ်းက ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းဘက်ကနေ ပြသွားသည်။ သူတို့မိသားစု၏ လူနေမှုဘ၀ကနေ မိခင်နေမကောင်း၍ မြန်မာပြည်ပြန်ရာကနေ ပြန်မလာနိုင်တော့သည့်အကြောင်း။ ဒါကိုတော့ အားလုံးသိပြီးသား ဖြစ်စဉ်များကို ပြန်ရိုက်ထားတာဖြစ်၍ ကျွန်တော်အကျယ်ချဲ့ မပြောလို။ ကျွန်တော်က ရုပ်ရှင်ကြည့်သူ ဖြစ်၍ ရုပ်ရှင်အတိုင်းသာ ခံစားလိုသည်။

ကျွန်တော် မှတ်သားမိသလောက် သမိုင်းနောက်ခံရိုက်လျှင် တော်တော် သတိထားရသည်။ အဘယ့်ကြောင့် ဆိုသော် အပြမှားလျှင် အမှတ်မှားတတ်သည်။ သို့သော် ယခုဇာတ်လမ်းမှာတော့ အတတ်နိုင်ဆုံး ကြိုးစားထားသည်ဟု ကျွန်တော်မြင်မိသည်။ ဇာတ်လမ်း၏ လိုခြင်း ပိုခြင်းများကိုတော့ တကယ့်ဖြစ်ရပ်မှန်ကို အသေးစိတ် အတိအကျ သိသူတစ်ယောက် မဟုတ်၍ မဝေဖန်လို။ ရုပ်ရှင်အရတော့ ကောင်းသည်ဟု ကျွန်တော်မြင်မိသည်။

ဥပမာ-ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာ ရဲဘော်လေးများ စောင့်ကြသည်။ ကျွန်တော်တို့မြန်မာများကား အားလျှင် ကျားထိုးတတ်သည်။ ထိုအချက်ကို ပီပြင်အောင်ပြထားသည်။ တစ်ယောက်က တစ်ယောက်ကို ပြောသည်။ "မင်းတော့ ငါစားရင် သေတော့မှာပဲ " တဲ့။ စကားလုံးတော့ အတိအကျ ဖြစ်ချင် မှဖြစ်ပါမည်။ ကျွန်တော်မှတ်မိသလို ပြန်ပြောခြင်းပင်။ သို့သော် ထိုအကွက်လေးကိုတော့ နိုင်ငံခြားသား ဒါရိုက်တာ ရိုက်ထားသော မြန်မာဇာတ်လမ်းအတွက် အမှတ်ပေးချင်သည်။

ပြီးတော့ အပြ။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသော မင်းသမီး မီရှဲယို၏ မျက်လုံးများ။ ကောင်းလွန်းသည်။ ကြေကွဲနေသည်။ အားတင်းထားသည်။ ငိုသည်။ ပြန်အားတင်းသည်။ လက်ပြသည်က လက်ခုပ်ကလေးနှင့်။ လက်ဝါးနှင့် မဟုတ်။ ပြင်ပက လူနှင့် တူသည်မတူသည်တော့ ကျွန်တော်မပြောလို။ သို့သော် အားတင်း၍ လက်ပြနေသည်ဟု နားလည်ပေး၍ ရသည်။

ကျွန်တော်တို့ ငယ်ငယ်က မြင်ခဲ့ဖူးသော In The Line of Duty ထဲက ဂျက်မ မဟုတ်။ Crouching Tiger Hidden Dragon ထဲက ဂျက်မ မဟုတ်။ အိမ်ထောင်ဝန်၊ နိုင်ငံရေး နယ်ပယ်ထဲက တာဝန်များနှင့် The Lady အဖြစ် မီရှဲယို၏ ဇာတ်ရုပ်က ပီပြင်လွန်းသည်။

အပြ မှားတာလေးတွေလည်း ရှိသည်။ ဗိုလ်ချုပ်နေခဲ့သည့် အိမ်နှင့် ဒေါ်အောင်ဆန်းစုကြည်နေသောအိမ်တို့ တစ်အိမ်တည်း ဖြစ်နေခြင်းပင်။

ပြီးတော့ ရုပ်ရှင်အရ ပြသွားသော အနုပညာပြကွက်လေးတစ်ခု ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ စန္ဒယားတီးသည်။ သူ့ယောကျာ်းက မြန်မာပြည်ရောက်နေတုန်း သတင်းစာကို ခြံထဲမှာ ဖတ်နေသည်။ ရဲဘော်လေးများက ခြံထဲမှာ စောင့်နေသည်။ အားလုံးတိတ်ဆိတ်နေချိန်မှာ စန္ဒယားတီးသံက ရုတ်တရက် ထွက်လာ၍ ရဲဘော်လေးများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ယောကျာ်းက ရဲဘော်များကို ကြည့်၍ တစ်ခွန်းတည်း ပြောသည်။ "This is called music" တဲ့။ ရုပ်ရှင်အရ အနုပညာပြကွက် ကောင်းလွန်းသည်ဟု ကျွန်တော်ထင်သည်။

ထိုအပြမျိုးကို နောက်တစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည် စန္ဒယားတီးသောအခါ ရဲဘော်လေးတစ်ယောက်က ငြိမ်သက်နေရာမှ ရုတ်တရက်ထလာပြီး နားထောင်၍ "Music" ဟုဆိုကာ သူ့ဘာသာ သဘောပေါက်သွား ပုံမျိုး ပြထားပြန်သည်။ ရုပ်ရှင်ကြည့် ပရိသတ် အင်မတန် သဘောကျသော ပြကွက်များ ဖြစ်၏။

အားလုံး ခြုံကြည့်လျှင်တော့ ကြည့်ရှုမိသူ ပရိသတ်သဘောကျမိလိမ့်မည်ဟု ကျွန်တော်ထင်သည်။ Action မဟုတ်။ Fighting မဟုတ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ထားသော နိုင်ငံရေး ဇာတ်လမ်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာများကတော့ ယနေ့အထိ အားပေးနေဆဲ The Lady ဖြစ်သည်။

ကျွန်တော်တစ်ဦးတည်း၏ သဘောထားကို မေးလျှင်တော့ သမိုင်းနောက်ခံ ဇာတ်လမ်းဖြစ်၍ ဖြစ်စဉ်ကို ဘာမျှ မပြောလို။ ကျွန်တော်ဆိုလိုချင်သည်က မှန်သည်၊ မှားသည်ကို မဝေဖန်လို။ ကျွန်တော်နှင့် အလှမ်းဝေးလွန်းသည်။ အနုပညာ ၀ါသနာပါသူ တစ်ဦးအနေနှင့်တော့ အမှန်အတိုင်း ၀န်ခံရလျှင် " The Lady " ကို ကျွန်တော် နှစ်ခြိုက်မိသည်ဟု ဆိုချင်သည်။ ။

ဆူးသစ်
၁၉:၂၁ နာရီ
၂၅.၃.၂၀၁၂


Sunday, March 4, 2012

" အရွယ် "


လူ့ဘ၀ကြီးထဲကို ဖြတ်သန်းရင်း ကိုယ့်ဘာသာ ဘာသိဘာသာ နေရင်းက မှတ်မှတ်ထင်ထင် ဖြစ်လာခဲ့ရတဲ့ အကြောင်းလေးတစ်ခုက ကျွန်တော့်ဘ၀ထဲကို ၀င်လာခဲ့တယ်။ အကြောင်းက ဒီလိုပါ။

စင်ကာပူရောက်ပြီး နည်းနည်းကြာတော့ ကျွန်တော့်ဆံပင်တွေ ရှည်လာခဲ့တဲ့ အချိန်မှာ City Hall လို့ပြောနေကြတဲ့ ကျွန်တော်တို့မြန်မာများရဲ့ စုရပ်၊ Peninsula Plaza မှာ ဆံပင်သွားညှပ်ခဲ့ပါတယ်။ တစ်ခါညှပ် စင်ကာပူ ဒေါ်လာ ငါးကျပ်ပါ။ ဒီနေ့အထိ ငါးကျပ်ပါပဲ။ တခြားဆိုင်တစ်ဆိုင်က သုံးကျပ်လို့ အော်နေပေမယ့် ကျွန်တော်ညှပ်နေကျ ဆိုင်က ငါးကျပ်ဆိုတာ မပြောင်းလဲသလို နောက်တစ်ဆိုင်ရဲ့ သုံးကျပ်ကလည်း ငါးကျပ်ဖြစ်လိုက် သုံးကျပ်ဖြစ်လိုက်နဲ့ ငါးကျပ်ထက်တော့ မပိုခဲ့ပါဘူး။

ဆံပင်ညှပ်ခ မပြောင်းလဲပေမယ့် ပြောင်းလဲခဲ့တာက ကျွန်တော့်ဆံပင်ပါ။ ၂၀၁၂ ခုနှစ်ထဲမှာ ကျွန်တော့်ရဲ့ ဆံပင်တွေက ပိုဖြူလာခဲ့ပါပြီ။ တကယ်တော့ ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ ပထမနှစ်လောက်မှာ ကတည်းက ဆံပင်ဖြူက တစ်ချောင်းစ၊ နှစ်ချောင်းစ ထွက်နေပါပြီ။ ကျွန်တော့်အခင်ဆုံး သူငယ်ချင်းတချို့ကတောင် မြင်တာနဲ့ ဆွဲနုတ်ပစ်ခဲ့ကြတာ။ အခုတော့ စင်ကာပူရောက်ခဲ့ပြီးမှ နားထင်တွေမှာ အဖြူတွေများလာခဲ့ပါတယ်။

ဒါကလည်း ပထမတော့ ကိုယ့်ဘာသာသတိမထားမိပါဘူး။ ဆံပင်ညှပ်ဆိုင် သွားတော့ ဒီဘက်နောက်ပိုင်းမှာ ဆံပင်တစ်ခါညှပ်တိုင်း ကျွန်တော့်ကို ညှပ်မယ့်သူက ဆံပင်ဆေးဆိုးဦးမလားလို့ မေးတာကို တော်တော်လေး ခံလာရမှ သတိထားမိလာတာပါ။ ပထမတော့ ငါ့ဆံပင် အဲဒီလောက် ဖြူနေလို့လားလို့ မာနတွေးလေး တွေးမိ ပါသေးတယ်။ ငါငယ်ပါသေးတယ်ပေါ့။

ဒါပေမဲ့ ကြာလာတော့ ဘယ်လိုမှ ညာလို့မရတော့ပါဘူး။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်၊ ဂျယ်လေးဘာလေးလိမ်းရင် အံမယ်-ရံဖန်ရံခါ ဆံပင်ဖြူက ထောင်ထနေတာ ထင်းခနဲ။ ဆံပင်ညှပ်လို့ နားထင်တွေဆံပင် ပါးသွားပြီဆို ဖြူနက်ကျားက ထင်းထင်းကြီး။

တစ်ခါများဆို ဆံပင်ညှပ်ဆိုင်မှာ ညှပ်မယ့် အမျိုးသမီးက မညှပ်ခင် မောင်လေး ခေါင်းလျှော်မလား၊ ဘာလားနဲ့။ ညှပ်ရင်း ညှပ်ရင်း ဆံပင်ဖြူတွေများနေတာလည်း တွေ့ရော အစ်ကို၊ ဆေးဆိုးဖို့သင့်ပြီတဲ့။ သေရော။ ဆံပင်ဖြူက လူကို ဆက်ဆံရေးပါ ချက်ချင်းပြောင်းပစ်လိုက်တာများလေ။ မောင်လေးလို့ခေါ်ရာကနေ အစ်ကိုလို့ကို ပြောင်းခေါ်တော့တာ။

ဒါပေမဲ့ အခုနောက်ဆုံး တစ်ခေါက် သွားညှပ်တော့ နည်းနည်းတော့ ကျေနပ်မိသေးတယ်။ ညှပ်တဲ့ အမျိုးသမီးက မောင်လေး၊ နင့်ခေါင်းမှာ ကြာဆံတွေရော၊ မီးချောင်းတွေရော အများကြီးပဲနော်တဲ့။ တစ်ခုခုတော့ လုပ်သင့်ပြီတဲ့။ သူပြောတာက ပညာပါတယ်။ ကျွန်တော့်ကို ဆံပင်ဆိုးမလား မေးတဲ့လူတွေလို တိုက်ရိုက်မမေးဘူး။ ဒါနဲ့ ကျွန်တော်က သူ့ကို အမှန်အတိုင်းပြောပါတယ်။ ရပါတယ်။ အသက်လည်း ကြီးပြီဆိုတော့ ဇရာက ညာလို့မှမရတာလို့ဆိုတော့ သူက ကျွန်တော့်ကို ပြောပါတယ်။ အမယ်၊ မောင်လေး၊ လွန်ရော၊ ကျွံရောမှ နင့်အသက်က ဘာရှိမလဲ။ သုံးဆယ်ပေါ့တဲ့။ ကျွန်တော်နည်းနည်းတော့ သဘောကျသွားတယ်။ မကျခံနိုင်ရိုးလား။ သူပြောတဲ့အသက်ကို ကျွန်တော်ဖြတ်သန်းခဲ့တာ ကြာပေါ့။

ဒါနဲ့ ဆံပင်ညှပ်ပြီး အထွက်မှာ ဇနီးသည်ကို ပြောပြပြီး ကျွန်တော်တို့ရယ်မိသေးတယ်။ ကျွန်တော်ကတော့ ဒီအစ်မကြီးကို မုန့်ဝယ်ကျွေးရဦးမယ်လို့တောင် ပြောဖြစ်သေးတယ်။ တကယ်တော့ ကျွန်တော်က ဆံပင်သာဖြူတာ။ ဘယ်တုန်းကမှ ဆေးလိပ်၊ အရက်သောက်ခဲ့တာ မဟုတ်တော့ အဲဒီအကျိုးလေးခံစားရတယ် ထင်တာပါပဲ။ ဒါပေမဲ့ ဆံပင်ဖြူတွေ ခုတလော ရုပ်ပျက်ဆင်းပျက် ထွက်နေတာတော့ ဘယ်ကြိုက်ချင်ပါ့မလဲလေ။

ကျွန်တော့်အလုပ်က ကောင်လေးတွေကတောင် အစ်ကို ဆံပင် ဆေးဆိုးသင့်ပြီတဲ့။ ကျွန်တော်က သဘာဝအတိုင်း ပိုကောင်းပါတယ်ကွာလို့။

ကျွန်တော်နဲ့ခင်တဲ့ ကျွန်တော်တို့အရွယ် သူငယ်ချင်းတွေကို လိုက်ပြီးတီးခေါက်ကြည့်တော့ တော်တော် များများက ဆေးဆိုးနေပြီ။ ကျွန်တော့် ငယ်သူငယ်ချင်းတွေထဲမှာတောင် ဆေးဆိုးတဲ့လူကဆိုး၊ မဖြူသေးဘူးလို့ ကြွေးကြော်တဲ့သူက ကြွေးကြော်နဲ့။ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေလည်း ဒီလိုပဲ။

တလောကတောင် ဖေ့စ်ဘွတ်ခ်ထဲမှာ သူငယ်ချင်းတစ်ယောက်က ကြောင်ပုံလေးနဲ့ ငါမအိုဘူး၊ ကြွပ်ဆဲ၊ ရွဆဲ လုပ်နေလို့ ကျွန်တော်ကတော့ ဆံပင်ဖြူရင်တော့ အိုပြီပေါ့ဆိုလို့ ဆံပင်မဖြူဘူး။ ဆေးဆိုးထားတယ်တဲ့။ ပြီးတော့ အိုတာမဟုတ်ဘူးတဲ့။ အတွေးတွေ များလာလို့ပါတဲ့။

ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ဆို စင်ကာပူရောက်ပြီးတော့မှပဲ ပိုဖြူလာခဲ့တာ အလုပ်ကြောင့်လား၊ အရွယ်ကြောင့်လားဆိုတာကို စဉ်းစားနေတုန်းပဲ။ ကျွန်တော်လုပ်ရတဲ့ ဓာတုဗေဒလုပ်ငန်းခွင်ဟာ အချိန်ကြာလာရင် ကြာသလောက်ကို ဆိုးကျိုးတွေ ရှိတယ်တဲ့။ တချို့ဆို နှစ်ပေါင်းများစွာ လုပ်ပြီး ကလေးမရနိုင်တော့တာတွေပါ ဖြစ်တယ်ဆိုလို့ နှစ်အနည်းငယ်သာ လုပ်ရသေးတဲ့ ကျွန်တော့်အတွက် ဆံပင်ဖြူတာကတော့ လုပ်ငန်းခွင်က ဓာတုဗေဒကြောင့် ဆိုတာထက် လုပ်ငန်းခွင်မှာ သောကတွေများ၊ ပူရပန်ရ၊ စဉ်းစားရတာတွေ များတာကြောင့်ပဲ နေမှာလို့ ဖြေတွေးမိသေးတယ်။

တကယ်တော့ အရွယ်ဆိုတာ ညာလို့ရကောင်းတဲ့ အရာမှ မဟုတ်တာ။ အခုဆို ကျွန်တော့်အသက်က တဖြည်းဖြည်းနဲ့ သုံးဆယ့်ငါးနဲ့ လေးဆယ်ကြားရောက်လို့ လေးဆယ်ဆီကို ကပ်ဖို့ သွားနေပြီ။ ဆေးလိပ်၊ အရက် မသောက်လို့ ရုပ်အခံက နုနိုင်ပါတယ်ဆိုရင်တောင် ဘယ်လောက်နုနိုင်ဦးမှာမို့လို့လဲ။

စင်ကာပူရောက်စက အိပ်ရေး ကြိုက်သလောက်ပျက်၊ နေကြိုက်သလောက်ပူ၊ အချိန်ပို ကြိုက်သလောက်လုပ် မဖြုံရေးချ မဖြုံ။ တစ်လမှာ တစ်ရက်လောက်ပဲ နားခဲ့တာတွေတောင် ရှိတာ။ အဲဒီအချိန်တွေ တုန်းကဆို ခေါင်းမူးတာတောင် မရှိ။ အခုလည်းကျရော ထိုင်ရာကနေ ရုတ်တရက်ထလိုက်ရင်ကို မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားတာမျိုး၊ တစ်ခါတလေ တစ်ယောက်တည်း ငြမ်းရဲ့ အလယ်မှာ လမ်းလျှောက်နေရင်း ဘယ်လိုကနေဘယ်လို ငြမ်းရဲ့ ဘေးက လက်တန်းနားကို အလိုလိုရောက်သွားတာလဲ မသိသလို မျိုးတွေ ဖြစ်လာတယ်။

ဇနီးကတော့ ကျန်းမာရေးဂရုစိုက်ပါတဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အိုကေတယ်ပဲ ထင်နေတုန်း။ တစ်ခုပဲ။ အရွယ်ဆိုတာက သူပေးတဲ့အချိန်မှာ ရတဲ့အခွင့်အရေးကို အရယူရတာမျိုးမဟုတ်လား။ ကျွန်တော်က လုံးချင်းဝတ္ထုတွေ ရေးချင်နေသေးတာ။ ကျွန်တော့်နှလုံးသားက အဲဒီလိုလုပ်ဖို့ လတ်ဆတ်နေဖို့တော့ လိုသေးတာပေါ့။ ဒါမျိုးကလည်း ငယ်တုန်းရေးတာပိုကောင်းမယ်ထင်တာပဲ။

နောက်တစ်ခု တွေးမိတာက အသက်ကလေး ရလာပြီဆိုတော့ ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဆိုတာမျိုးကို တွေးကြည့် တာပါ။ ကျွန်တော် လူငယ်ဆောင်းပါးတွေ ရေးတော့ " ရွှေရောင်လူငယ် " ဆိုတဲ့ ဆောင်းပါးရေးခဲ့ ဖူးတယ်။ လူငယ်တွေ ဆံပင်ဆေးဆိုးတာ တွေ့ပြီး ခေါင်းက ဆံပင်ကို ရွှေရောင် ဆေးဆိုးတာထက် ကိုယ့်ဦးနှောက်ထဲက အတွေး အခေါ်တွေကို ရွှေရောင် တောက်လာအောင် လုပ်သင့်တယ် ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ ခုလည်း ကိုယ့်အရွယ်မှာ ရလာတဲ့ အသက်နဲ့ ကိုယ့်ရဲ့ ဆံပင်အောက်က အတွေးအခေါ်၊ အကျင့်အကြံတွေ တကယ် ရင့်ကျက်လာခဲ့ပြီလားလို့ ပြန်စဉ်းစားမိပါတယ်။

လူငယ်တွေ ဖတ်ဖို့ လူငယ်ဆောင်းပါးတွေ အများကြီးရေးခဲ့တယ်။ ကိုယ်သိထားတာတွေ မျှဝေတာပါ။ ကိုယ့်မိဘ၊ ညီအစ်ကို တစ်တွေ၊ ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ အတွက် တတ်နိုင်သမျှ လုပ်ပေးခဲ့တယ်။ ဒါတွေက အရွယ်နဲ့ အတူ ဖြတ်သန်းရင်း ကျွန်တော်လုပ်ပေးနိုင်ခဲ့တာတွေ။ နောက်မှာ ကျန်နေတာတွေလည်း ရှိသေးရဲ့။

ခေါင်းဖြူလာပြီ ဆိုတာရဲ့နောက်မှာ ကိုယ့်အရွယ်ကို လေးစားအပ်တယ်လို့ ခံယူလာမယ့် လူတချို့ ရှိလာနိုင်တယ်။ ဒီထက်ပိုပြီး အသက်ကြီးလာရင်တော့ ပိုပြီးတော့ အားလုံးက အရေးတယူ ဖြစ်လာနိုင်တယ်။ ဆံပင်ဖြူတယ် ဆိုတာရဲ့ နောက်မှာ အဲဒီလူကြီးတွေ အတွက် သူတို့ရဲ့ အသိဥာဏ်၊ အတွေ့အကြုံတွေက ငါတို့ထက် ပိုတယ်ဆိုတာမျိုး ငယ်ရွယ်သူတွေက ထင်မြင်လာနိုင်တယ်။ အဲဒီအခါမျိုးမှာ ကျွန်တော်ကိုယ်တိုင်က တကယ်ကို လေးစားအပ်တဲ့လူ ဖြစ်နေမလား၊ တကယ်ကို ရင့်ကျက်တဲ့လူ ဖြစ်နေမလား ဆိုတာကို ကျွန်တော် မသိနိုင်ပေမယ့် ရှိသင့်ရှိထိုက်တဲ့ ဆံဖြူတစ်ယောက်ရဲ့ အရည်အချင်း မျိုးတွေ ရှိနေစေဖို့တော့ ခုကတည်းက ဆံပင်ဖြူတွေ ကြည့်ရင်း အတွေးဝင်နေမိတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်ဆိုတာက ညာလို့မှ မရတာ။ အဲဒီညာလို့မရတဲ့ အရွယ်ကို ဖြတ်သန်းရင်း တန်ဖိုးရှိရှိနဲ့ ဘ၀ကို ကုန်လွန်ချင်တယ်ဆိုတာကတော့ ကျွန်တော်မျှော်မှန်းထားတဲ့ အနာဂတ်တစ်ခုပါပဲ။ ခုချိန်မှာ ဆံပင်တွေ နက်နေသေးပေမယ့် အားလုံးဖြူလာတဲ့အခါ ကျရင်တော့ အရွယ်ရဲ့ တန်ဖိုးနဲ့ အရွယ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ဒြပ်တွေကို ကျွန်တော် ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆံပင်ဖြူတွေကို မြင်တိုင်း အတွေးပွားနေမိတာပါပဲ။ ။

ဆူးသစ်
၂၀:၅၁ နာရီ
၎.၃.၂၀၁၂

Monday, February 20, 2012

" ကျွန်တော်အကြိုက်ဆုံး စာရေးဆရာ "


တစ်ပင်တည်း
ရင်ထဲကနွယ်။
ခက်ညွန့်သန် နုသစ်လို့
ရစ်ပတ်နှောင်တွယ်။
သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်မျှင်ပေါ့။
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့။ ။

ဒီကဗျာလေးကို တော်တော်များများတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဆရာနွမ်ဂျာသိုင်း ရဲ့' တစ်ပင်တည်း ရင်ထဲကနွယ်' ဆိုတဲ့ လုံးချင်း ၀တ္ထုမှာ ပါခဲ့တာပါ။ ရေးသူကတော့ မောင်စိန်ဝင်း( ပုတီးကုန်း) ပါ။ ' နွယ်' လို့ သူ့ကဗျာကို နာမည်ပေးထားပါတယ်။

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ၀ါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်။

ဒါကလည်း မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ 'အချစ်ဦး' ဆိုတဲ့ ကဗျာလေးပါ။ လူတော်တော်များများ ကြားဖူးနေမယ်လို့ ထင်ပါတယ်။

ကျွန်တော်လူပျိုပေါက် အရွယ်တုန်းက အချစ်လုံးချင်း ၀တ္ထုတွေ စဖတ်ခဲ့ပါတယ်။ ပထမဆုံး ဖတ်ဖြစ်တာ မောင်သာပြည့် ပါ။ ဒီဘက်ခေတ် လူငယ်တွေ ကြားတောင် ကြားဖူးပါတော့မလား မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ စမ်းချောင်းမြို့နယ်မှာ သူနေပါတယ်။ ကျွန်တော်တို့နဲ့ တစ်မြို့နယ်ထဲမှာ ဆိုတော့ စာရေးဆရာတစ်ပိုင်း၊ စာပေစာနယ်ဇင်း အဖွဲ့ဝင်တစ်ပိုင်း ဖြစ်တဲ့အဖေနဲ့ ဆရာ မောင်သာပြည့် တို့ ရင်းနှီးခဲ့တော့ စာအုပ်တွေ အကုန်ရခဲ့ပါတယ်။ ဒီတော့ အိမ်မှာရှိတဲ့ ကျွန်တော်တို့က အချစ်ဝတ္ထုတွေ တော်တော် ဖတ်ဖြစ်ပါတယ်။

အဲဒီအချိန်က ဆရာမောင်သာပြည့်ရဲ့ အောင်မြင်မှုဟာလည်း ကြောက်ခမန်းလိလိပါ။ သူ့ရဲ့ ဇာတ်ကောင်တွေမှာ အမြဲပါနေကျ နာမည်တွေဖြစ်တဲ့ ရဲတို့၊ အောင်တို့ကနေ သူ့ဇာတ်ကောင်နာမည်ကို သဘောကျလို့ ပေးထားတယ် ဆိုတဲ့ မင်းသားတစ်လက်တောင် မြန်မာ့ရုပ်ရှင်လောကမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ သူကတော့' ကျော်ရဲအောင် 'ပါ။

နောက်တော့ ကျွန်တော်တို့အိမ်ကို မောင်စိန်ဝင်း(ပုတီးကုန်း) နာမည်နဲ့ အချစ်လုံးချင်း ၀တ္ထုတွေ စရောက်လာပါတယ်။ အဲဒီတုန်းက ကျွန်တော့်အဖေက ကြို့ပင်ကောက်မှာ အထက်တန်းကျောင်း အတူတက်ခဲ့တဲ့ သူ့သူငယ်ချင်း ရေးတာလို့ပြောတယ်။ ဒီလိုနဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ စာရေးဆရာတစ်ယောက် ဆီက စာအုပ်တွေ လက်ဆောင် ရလာတယ်။ ရန်ကုန်မှာ သူတို့နှစ်ယောက် အဆက်အသွယ်ရှိတယ်တဲ့။ အခု စာပေလောကမှာ အောင်မြင် လာပြီတဲ့။ ဒါနဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) ဆိုတဲ့ စာရေးဆရာ တစ်ယောက်ကို ကျွန်တော်လူပျိုပေါက် အရွယ်မှာ စသိခွင့်ရပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်တုန်းက သူ့ကလောင်နာမည်ကို ကြည့်ပြီး သိပ်စိတ်ဝင်တစား မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကလောင်နာမည်က တည့်တည့်ပြောရရင် လူငယ်တွေအတွက် နည်းနည်းရိုးလွန်းနေလို့ပါ။

ဒါပေမဲ့ သူ့စာအုပ်တွေ စဖတ်တော့မှ သူ့အရေးအသားတွေကို စိတ်ဝင်စားလာမိပါတယ်။ ပထမဆုံး သတိထားမိတာ သူ့ရဲ့ကဗျာပါ။ သူက ကဗျာအရေးကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။ နောက်တော့ သူ့စကားပြေ အရေးအသားတွေကို ကျွန်တော်ကြိုက်လာတယ်။ အရေးအသားပြေပြစ်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ဖြစ်ချင်တော့ ကျွန်တော်က အဲဒီအချိန်မှာ ကဗျာရူး၊ စာရူး ဘ၀ကို စနေပါပြီ။ ဒီအချိန်မှာ သူ့ကဗျာတွေကို ဖတ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ရေငတ်တုန်း ရေတွင်း ထဲကျတာပါပဲ။ ကျွန်တော်က ကဗျာရေးနည်းတွေကို စပြီးလေ့လာနေတဲ့အချိန်မို့လို့ပါ။

နောက်တော့ 'သောကခြေရာ ရတနာ' ဆိုတဲ့ သူ့ကဗျာစာအုပ်ကို ဖတ်ရပါတယ်။ တော်ရုံပါရမီရှင် မဟုတ်ဘူးဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ သူ့ကဗျာနဲ့ပတ်သက်ပြီး ဆောင်းပါးရေးထားတဲ့ ဆရာ အောင်သင်းက ' တပေါင်းနေ ချောင်းရေကို ငုံ့အသောက် ' ဆိုတဲ့စာသားကို ဖတ်ပြီး ဒီလိုစာသားမျိုးတွေက ပါရမီရှိတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) လိုလူမျိုး ဆီကိုပဲ လာတတ်ကြောင်း မှတ်ချက်ပေးထားပါတယ်။ ကျွန်တော့်ဆီကို အဲဒီလို စာသားတွေ လာမလား လို့တောင် ကျွန်တော်တွေးခဲ့မိပါသေးတယ်။ ကျွန်တော်က စာပေနဲ့ပတ်သက်ပြီး တော်တော်ရူးသွပ်နေတာကိုး။

နောက်တော့ သူ့ ၀တ္ထုစာအုပ်တွေဖတ်ရင်း ကျွန်တော် သူ့ကဗျာတွေထဲက တချို့ကို အလွတ်ရလာပါတယ်။

မြင်ကတည်းက
ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့မိသူမို့
ဪ-ဓားထိကာ အသေသတ်ရင်လည်း
ကျေနပ်မှာပါ။
မလျော်တာ အခက်ကြံဆခဲ့မိသူမို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေအချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာ မအေးလေတော့
သေဘေးကိုတဲ့ မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ။
မသင့်လျော်တာ ချစ်လာခဲ့မိသူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲ ပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ်.........)ကိုယ်ကတော့
အမြဲသေဆုံးခဲ့ပြီပဲ။ ။

' အရိန္ဒမာ သိပါသည် ' ဆိုတဲ့ လုံးချင်းဝတ္ထုထဲကပါ။ ကျွန်တော်တို့ကြားဖူးတဲ့ အနော်ရထာ၊ ကျန်စစ်သား နဲ့မဏိစန္ဒာတို့ရဲ့ နောက်ခံဇာတ်ကြောင်းကို ဖွဲ့ထားတဲ့ကဗျာပါ။ ကျွန်တော့်အစ်ကိုကြီးလည်း တော်တော် ကြိုက်ခဲ့တဲ့ ကဗျာပါ။

သူ့ဝတ္ထုတွေထဲမှာ ကျွန်တော်တော်တော်ကြိုက်ခဲ့တဲ့ လုံးချင်းတွေက တော်တော်များပါတယ်။ မှတ်မှတ် ရရ ပြောရမယ်ဆိုရင် "ပြန်ပြောချင်တဲ့ သံယောဇဉ်ဖွဲ့ စကားလေးတွေ" ဆိုတဲ့လုံးချင်းပါ။ ယောကျာ်းတွေကို အထင်မကြီးတဲ့ အမျိုးသမီးတစ်ယောက်က လုပ်ငန်းခွင်ထဲက အင်ဂျင်နီယာတစ်ယောက်ရဲ့ လေးစားအပ်တဲ့ စိတ်ဓာတ်ကို တွေ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ရဲ့ အလှည့်အပြောင်းတွေ ကတော့ အများကြီးပါ။ ဖတ်ရင်းနဲ့ကို တော်တော်သဘောကျမိတဲ့ ၀တ္ထုပါ။

နောက်တစ်အုပ်ကတော့ " ပန်းရိပ်မှာ လွမ်းလိပ်ပြာဝဲ " ဆိုတဲ့ လုံးချင်းပါ။ အလုပ်ထဲမှာ လူ့အသက်ကယ် အနစ်နာခံ ကူညီရင်း မျက်လုံးကန်းသွားလို့ ချစ်သူကို အထင်လွဲအောင် လုပ်ပြီး တမင်လမ်းခွဲခဲ့တဲ့ လူတစ်ယောက်အကြောင်းပါ။ ဖတ်ပြီးတဲ့ အချိန်မှာ ရင်ထဲမှာ နင့်နေအောင်ကျန်ခဲ့တဲ့ ၀တ္ထုပါ။ အဲဒီ လုံးချင်းရဲ့ အဓိက ကဗျာကိုတော့ ကျွန်တော် မှတ်မိနေပါသေးတယ်။

ပန်းရိပ်မှာ
လွမ်းလိပ်ပြာဝဲ။
အနုသယလမ်းမှာ
သမုဒယပန်း မခြွေသာတော့
ဝေဒနာ ၀တ်ရည်ဖြစ်ပါလို့
သံယောဇဉ် အမျှင်သစ်တွေနဲ့
ယစ်မူးတွယ်တာ နမ်းရှိုက်နေဆဲမှာပဲ
( အချစ်ရယ်....ရင်ထဲမှာတော့)
ကျွမ်းမြိုက်ကြေကွဲ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း) လို့ သေသေချာချာ သိလာခဲ့ရပြီး နောက်မှာတော့ သူ့ရဲ့စကားလုံး တချို့ကို ကျွန်တော် သတိထားမိလာပါတယ်။ သူသုံးလေ့ရှိတဲ့ စကားလုံးတချို့ပါ။ အနုသယ၊ သမုဒယ၊ သစ်တန်း၊ ဘာသာ၊ ....လေ စတဲ့ စကားလုံးတွေဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) သုံးလေ့ရှိတဲ့ စကားလုံးတွေပါ။ သူ့ရဲ့ ဇာတ်ကောင်တချို့က ကိုယ့်ဘာသာ ပြောရင် ဘာသာ လို့ သုံးပါတယ်။ မှတ်မိမယ်ဆိုရင် "ခပ်စိမ်းစိမ်းပဲ နေပါ့မယ်" ဆိုတဲ့ ၀တ္ထုထဲက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မို့မို့မြင့်အောင်ဟာ ဘာသာ ဆိုတဲ့ စကားကို အဲဒီရုပ်ရှင်မှာ တွင်တွင် သုံးခဲ့ပါတယ်။

သစ်တန်းဆိုတာကတော့ ဆရာ့ရဲ့ သစ်ပင်၊ သစ်ရိပ်တွေကို သုံးတဲ့အသုံးပါ။ အနုသယတို့၊ သမုဒယတို့ ဆိုတာကတော့ ငယ်ငယ်ကတည်းက တရားနဲ့မစိမ်းတဲ့ ဆရာက ပိုပြီး အသုံးများခဲ့တဲ့စကားတွေပါ။ ကဗျာဆရာ ဖြစ်တဲ့ သူ့အတွက် အဲဒီစကားလုံးတွေက တော်တော်လည်း လှပခဲ့ပါတယ်။ ကာရန်က ညီနေတာကိုး။ .......လေ ဆိုတာကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကိုယ်ပိုင်စတိုင် ဘာသာ ဆိုတဲ့စကားလို စာကြောင်းအချမှာ သုံးတဲ့ စကားလုံးပါ။ ဥပမာ-တွယ်ငြိတတ်လျှင် ရင်မောရ ပါသည်လေ......ဆိုတာမျိုးပါ။

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေထဲမှာ ကျွန်တော့်အတွက် နောက်ထပ်မှတ်မှတ်ရရ ဖြစ်စေတဲ့ ၀တ္ထုတွေ ရှိပါသေးတယ်။

လျှောက်ရဲသလား
နှစ်ယောက်တည်း သွားမယ်မေ။
လမ်းမပြေ ကြမ်းနေခဲ့ရင်လည်း
အနမ်းဝေ အပန်းဖြေလှည့်ပါကွယ့်
(လျှောက်ရမှာကတော့... )
ပန်းခြွေတဲ့နွေ။
ဘ၀ရာသီအလှည့်မှာ
အလှယာယီ ဖွဲ့လေသလား
ပြာရီလဲ့ ဆင်းပြေပြေ
ဪ-နှင်းဝေလို့ မှုန်ရီလောင်း။
သောကနှင်းတွေလား
မောဟနှင်းတွေလား
လောကတွင်းမှာ မှုန်ရီဝဲလေမှ
(သူ့ကိုလေ) ယုံကြည်ရဲစွာ နားလည်သမျှ အမှားဖြစ်အောင်
ထားရစ်ကာ ကျွမ်းစေခဲ့သူရဲ့
အနမ်းတွေနဲ့ အလွမ်းတွေဖွဲ့ ဖြေမပြေ မင်းစေတဲ့ အကြောင်းပါပဲ
(အချစ်ရယ်...ရင်ထဲမှာတော့)
ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း။ ။

"ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ ၀တ္ထုထဲကပါ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေကို ကျွန်တော်ဘာလို့ ပြန်မှတ်မိလဲ ဆိုရင် သူ့ကဗျာတွေ ကြောင့်ပါ။ သူ့ကဗျာတွေကို ဘာလို့မှတ်မိလဲ ဆိုရင် အသံ သာတာရယ်၊ သူ့ဝတ္ထုတွေရယ် ကြောင့်ပါ။ ဒီတော့ ပြန်စဉ်းစားကြည့်ရင် အပြန်အလှန် ဆက်စပ်နေတာ သွားတွေ့ရပါတယ်။ ဆရာအောင်သင်း ပြောတဲ့ စကားကို ဖောက်သည် ချရရင် သူ့ကဗျာတွေဟာ သူ့ဝတ္ထုတွေအတွက် ဇာတ်ဝင်သီချင်းတွေပါပဲ။ အဲဒါကြောင့် ကျွန်တော်လည်း အလွတ်ရတဲ့အထိ မှတ်မိနေတာ ဖြစ်ပါလိမ့်မယ်။

ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော့်လက်ထဲမှာ ရေးပြီးသား ကဗျာအပုဒ်ရေ တစ်ထောင်ကျော်ရှိပါတယ်။ ဘယ်နှစ်ပုဒ်များ အလွတ်ရလဲမေးရင် လက်ဆယ်ချောင်းတောင် ပြည့်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘာသာ တစ်ခါတစ်ရံ စိတ်ကူးပေါက်လို့ ကဗျာတွေ တီးတိုးရွတ်ဖြစ်ရင် ကျွန်တော့်ကဗျာကိုတောင် ကျွန်တော် မရွတ်ဖြစ်ပါဘူး။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကိုသာ ရွတ်ဖြစ်ခဲ့ပါတယ်။ အဲဒါကိုက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ထူးခြားချက်လား၊ ပါရမီလား ဆိုတာ ကျွန်တော်မသိပါဘူး။

ခုန လုံးချင်းကိစ္စ ပြန်ဆက်ရရင် အဲဒီ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ ၀တ္ထုဟာ ရုပ်ရှင်မင်းသမီး ဖြစ်သွားတဲ့ ချစ်သူ အမျိုးသမီးကိုတော့ စွပ်စွဲချင်ရာစွပ်စွဲ၊ ထင်ချင်ရာထင်ခဲ့ပြီးမှ ကိုယ်တိုင်အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာတဲ့အခါကျတော့ အောင်မြင်မှုကို ယစ်မူးသွားတဲ့ လူတစ်ယောက် အကြောင်းကို ရေးဖွဲ့ထားတာပါ။ နှစ်အုပ်တွဲ ၀တ္ထုပါ။ တကယ်တော့ ၀တ္ထုရှည်ကို နှစ်အုပ်တွဲ ရေးရတာ ခက်တယ်ဆိုတာ အဲဒီအချိန်တွေ ကတည်းက လုံးချင်းတွေ စမ်းပြီး ရေးနေတဲ့ ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရေးထားတဲ့ နှစ်အုပ်တွဲတွေကျတော့ တော်တော် ဖတ်လို့ကောင်းပါတယ်။ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုရင် ပထမအုပ်မှာကိုက ဇာတ်လမ်းဆုံးခါနီးမှာ နောက်တစ်အုပ်ကို ဆက်ဖတ်ချင်လောက်အောင် ဆွဲခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ဆို နောက်တစ်အုပ်ဖတ်ချင်လွန်းလို့ မနည်းအောင့်အည်း သည်းခံခဲ့ရဖူးတယ်။

နောက်ထပ် ကျွန်တော်ကြိုက်တဲ့ နှစ်အုပ်တွဲဝတ္ထုကတော့ " နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါညို" နဲ့" မျက်ဝန်းထဲမှာ မိုးရွာပြီညို " ဆိုတဲ့ ခေါင်းစဉ်ပါ နှစ်မျိုးပေးထားတဲ့ ၀တ္ထုပါ။ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ မောင်၊ ညို နဲ့ တိုက်ဒ်ဆိုတဲ့ ဇာတ်ကောင်သုံးယောက်ကို လှလှပပဖွဲ့ပေးထားတာပါ။

စာရေးဆရာတွေမှာ ရာသီနဲ့ပတ်သက်ပြီး အစွဲရှိတယ်ဆိုရင် ကျွန်တော့်အမြင် ပြောရရင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဟာ မိုးကို တော်တော်စွဲလမ်းပုံရတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူတပ်ထားတဲ့ အဲဒီဝတ္ထုခေါင်းစဉ်သာမက နောက်ထပ် ၀တ္ထုတစ်အုပ်ရဲ့ ခေါင်းစဉ်တစ်ခုမှာလည်း မိုးကိုတွေ့ရပါသေးတယ်။ အဲဒါကတော့ " ပြိုမယောင် ဟိုတောင်ကမိုး" ပါ။

ညို..ညို..ညို့၍
ဟို့မှာမှောင်ရီ၊ ရွာတော့မည်လား
ထင်မှတ်မှားအောင်
ပြိုမယောင်နှင့်၊ ဟိုတောင်ကမိုး...။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ဖွဲ့ထားတာက တော်တော်လှပါတယ်။ နောက်ထပ် "ကလောမိုး" ဆိုတဲ့ ကဗျာမျိုးလည်း သူရေးခဲ့ပါသေးတယ်။ အဲဒီကဗျာကိုတော့ ကျွန်တော်အလွတ်မရပါဘူး။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပတ်သက်လို့ နောက်တစ်ခု ပြောစရာရှိတာက ကဗျာဆရာမို့လို့လား မသိပါဘူး။ စကားပြေမှာ ကဗျာဆန်တဲ့၊ လှတဲ့ အဖွဲ့လေးတွေ သူ့ဝတ္ထုတွေထဲမှာ တွေ့ရပါတယ်။ ကျွန်တော်မကျက်ဘဲ မှတ်မိနေတဲ့ စာသားလေးတစ်ဖွဲ့က ဒီလိုဆိုပါတယ်။

ဘယ်သူမသိသိ၊ သူသိရင် ကျေနပ်တယ်။
ဘယ်သူမရှိရှိ၊ သူရှိရင် ပြည့်စုံတယ်။
ဘယ်သူတွေ ဘယ်လောက်ပဲ မေ့ထား၊ မေ့ထား၊ သူမေ့သွားမှာပဲ တွေးပူတယ်။
အဲဒီလို သမုဒယစကား၊ အခုဘ၀မှာ သူကြားမှကြားနိုင်ပါတော့မလားလေ.....။

အဲဒီလို စာသားလေးတွေဟာ သူ့ဝတ္ထုရဲ့ အစမှာ ပါတတ်ပါတယ်။ သီးခြားဖော်ပြထားတာပါ။ တကယ်တော့ အဲဒီစာသားဟာ ဇာတ်ရဲ့ အလယ်မှာ၊ ဒါမှမဟုတ် ဇာတ်ရဲ့အဆုံးမှာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီစာသားတွေကို စာအုပ်အစမှာ ဖတ်မိတဲ့ ကျွန်တော်တို့ကတော့ စာအုပ်ကို မဖတ်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ မိတာကတော့ အသေအချာပါပဲ။

ဒီလိုစာသား၊ ဒီလိုကာရန်တွေနဲ့ကြောင့်ပဲ ထင်ပါရဲ့။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာတချို့ဟာ သီချင်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီ သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့ပါတယ်။ နဂိုကတည်းက ကဗျာက နားမှာ စွဲပြီးသားကိုး။ မျက်သွယ်၊ ရတနာသူ၊ ချစ်သူသိလေ၊ အချစ်ဦး စတဲ့ သီချင်းတွေဟာ ကဗျာမှာ ကတည်းက လူတိုင်းနီးပါး သိခဲ့ကြတာပါ။ ကျွန်တော်တို့က ကိုတိုးကြီးလို့ ချစ်စနိုးနဲ့ ခေါ်တဲ့ ခင်မောင်တိုးကပဲ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကို သံစဉ်ဖွဲ့ပြီးရင် အမြဲ ဆိုခဲ့တာပါ။ တစ်ကျောင်းတည်းက သူငယ်ချင်းတွေ မို့လို့လားတော့ မသိပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းတွေကလည်း ကိုတိုးကြီး ဆိုတာက ကျွန်တော်တို့ အတွက် ပိုနားဝင်ကောင်းနေပါတယ်။ ကဗျာတွေကို ခံစားပြီးသား ဖြစ်နေလို့ပဲ ထင်ပါရဲ့။

နောက်ထပ်မှတ်မိနေတာက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ လုံးချင်းတွေ ရုပ်ရှင်ရိုက်ရတာကိုပါ။

သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်း ဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်နွမ်းရော့လို့
လက်ကမ်းကာ ဝေဒနာမမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒယအမောတွေ တစ်ဇာတ်သိမ်းအောင်
( အချစ်ရယ်....)
ခပ်စိမ်းစိမ်းပဲ နေပါ့မယ်။ ။

အပေါ်တုန်းက ကျွန်တော်ပြောခဲ့တဲ့ မို့မို့မြင့်အောင် သူ့ကိုယ်သူ ဘာသာ၊ ဘာသာ လို့တွင်တွင်သုံးခဲ့တဲ့ "ခပ်စိမ်းစိမ်းပဲ နေပါ့မယ် " ဆိုတဲ့ ၀တ္ထု ထဲက ကဗျာပါ။ မဝေကလေ လို့ ပြောရင် လေသံကအစနွဲ့တဲ့ အပျိုကြီး အဖြစ် သရုပ်ဆောင်ရတဲ့ မို့မို့မြင့်အောင် အဲဒီကားမှာ အကယ်ဒမီရခဲ့ပါတယ်။ ဇာတ်ကားနာမည်နဲ့ ၀တ္ထုနာမည် အတူတူပါပဲ။ ရုပ်ရှင်ကို ကြိုက်ပါတယ်။ ၀တ္ထုနဲ့ အနီးဆုံးတူအောင် ရိုက်နိုင်လို့ပါ။ ရဲအောင်လည်း လူလားမြောက်သွားခဲ့တဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။

နောက်တစ်ကားက " အရိန္ဒမာ သိပါသည်" ကို ပြန်ရိုက်ထားတဲ့ "မပြောလည်း သိပါတယ်" ဆိုတဲ့ ဇာတ်ကားပါ။ မကြိုက်ပါဘူး။ မေဆွိက ဇာတ်ကောင် မင်းသမီးနေရာက သရုပ်ဆောင်ထားပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဇာတ်ကောင် မင်းသမီးတွေဟာ များသောအားဖြင့် တည်ငြိမ်တဲ့ဇာတ်ရုပ် ရှိသူများပါတယ်။ မေဆွိနဲ့ လုံးဝမလိုက်ပါဘူး။ ၀တ္ထုကို လုံးဝမမီပါဘူး။

"အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်" ဆိုတဲ့ ဇာတ်ကားနဲ့ ၀တ္ထုနာမည်တူတဲ့ ရုပ်ရှင်ကတော့ ကျော်သူနဲ့ မို့မို့မြင့်အောင် အတွဲမို့ ကျွန်တော်ကြည့်ရတာ အားရခဲ့ပါတယ်။ နှစ်အုပ်တွဲကို ရိုက်ထားတဲ့ "မျက်ဝန်းထဲမှာ မိုးရွာပြီညို" ကတော့ စိုးသူ၊ ရဲအောင်၊ မေသန်းနု အတွဲပါ။ စိုးသူဟာ မောင် ဇာတ်ကောင်နေရာမှာ မဖြစ်ခဲ့ပါဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ဇာတ်ကောင်စရိုက်ကို နိုင်သွားတယ်လို့ ထင်ပါတယ်။

ကျန်တဲ့ရုပ်ရှင်၊ ဗွီဒီယို ဖြစ်သွားတဲ့ကားတွေ ရှိပါသေးတယ်။ နှင်းဆွတ်တောင်ပြန်လေ၊ မေ့မှာစိုးတယ် စတဲ့ကားတွေပါ။ ကျွန်တော်အားလုံးတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် ၀တ္ထုကို မမီတာများပါတယ်။ ကျွန်တော့်အထင် စကားပြေရေးတာသန်တဲ့ လုံးချင်းဝတ္ထုတွေကို ရုပ်ရှင်ရိုက်ရင် အပြအားနည်းတတ်တဲ့ သဘောပဲ ထင်ပါရဲ့။ ကျွန်တော်ကတော့ ၀တ္ထုတွေကိုပဲ ပိုကြိုက်မိပါတယ်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေမှာ ကျွန်တော်သတိထားမိတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ သူပြောချင်တဲ့ ပြင်ပက အကြောင်းအရာ၊ သူဖတ်ထားတဲ့ စာတွေထဲက အကြောင်းအရာတွေကို ၀တ္ထုထဲမှာ ညှပ်ပြီးထည့်တတ်တာပါ။ ဇာတ်ကောင်တွေ စကားပြောခန်းမှာ ထည့်တာပါ။ ဥပမာ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ ကဗျာအကြောင်း ဆွေးနွေးတာမျိုးပါ။ အဲဒီအတွက် ကျွန်တော်တို့ဟာ အချစ်ဝတ္ထုဖတ်ရင်း မှတ်သားစရာတွေလည်း တိုးပါတယ်။ တည့်တည့်ပြောရရင် သူများတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ လို ဖေတော့မောင်တော့ မဟုတ်ခဲ့ဘူး ဆိုတာပါပဲ။ အဲဒီလို ဖြစ်အောင်လုပ်နိုင်တာကိုက စာရေးဆရာရဲ့ အတတ်ပညာလို့ ကျွန်တော်ယုံပါတယ်။ စာဖတ်သူကို ကိုယ်ပေးချင်တဲ့ Message တစ်ခုကို စာဖတ်သူ ဖတ်ရင်းပျော်ဝင်နေချိန်မှာ ပေးလိုက်နိုင်တာကိုက ပညာပါပဲ။

နောက်ထပ် ကျွန်တော်နှစ်ခြိုက်မိတာက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ စာအုပ်အဖုံးက ပန်းချီပါ။ အဲဒီ အချိန်တွေတုန်းက ပန်းချီမျိုးမြင့် ဆွဲပါတယ်။ တော်တော်လေးကို ကြည့်လို့ကောင်းသလို ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဇာတ်ကောင်တွေနဲ့ သိပ်လိုက်ပါတယ်။ သစ်ရွက်လေးတွေရဲ့ အကြောလေးတွေက အစ တော်တော် ပီပြင်လွန်းပါတယ်။ နောက်ပိုင်း ပန်းချီမျိုးမြင့် နိုင်ငံခြားထွက်သွားတယ်လို့ ကြားရပါတယ်။ အဲဒီတော့ ပန်းချီမောင်မောင်သိုက် ဆက်ဆွဲပါတယ်။ ကျွန်တော်ကတော့ ပန်းချီမျိုးမြင့် ကို ပိုကြိုက်ပါတယ်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာစာအုပ်တွေမှာတော့ ပန်းချီစံတိုး ဆွဲသလို နောက်ပိုင်း တချို့ စာအုပ်တွေမှာတော့ မမွှေး လည်း ဆွဲပါတယ်။ အားလုံးရဲ့ လက်ရာတွေဟာ စာအုပ်အတွက် တော်တော်လေး ပံ့ပိုးပေးနိုင်လို့ ကျွန်တော် တော်တော်ကြိုက်ခဲ့ပါတယ်။ ကျွန်တော်သာ လုံးချင်းတွေ ထုတ်ဖြစ်ရင် အဲဒီပန်းချီဆရာ၊ ဆရာမတွေ သုံးမယ်လို့တောင် စိတ်ကူးယဉ်ခဲ့မိတာပါ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေ ကြိုက်ရခြင်းထဲက နောက်ထပ် အကြောင်းအရာတစ်ခုကတော့ သူဟာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ဖြစ်နေတာလည်း ပါပါတယ်။ သူ့ဝတ္ထုတွေထဲမှာ ကျွန်တော် တက်နေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်အကြောင်းတွေ ပါနေတာကိုး။

တစ်ချိန်က၊ ကျွန်တော်တို့ လူပျိုပေါက်အရွယ်က၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလက စွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ ၀တ္ထုတွေကို ပြောပါဆိုရင် ကျွန်တော်ကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုတွေလို့ပဲ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ်နှစ်သက်မိတဲ့၊ ၀ါသနာပါတဲ့ အရာတစ်ခုကို လုပ်နေရရင် ကျေနပ်ဖို့ ကောင်းလှပါတယ်။ အဲဒီလိုကျေနပ်ဖို့ ကောင်းတဲ့ကြားက ကိုယ်နှစ်သက်လေးစားတဲ့ အနုပညာရှင်ရဲ့ လက်ရာတွေကို အမြဲထိတွေ့ခွင့် ရနေတာကလည်း ပိုပြီး နေပျော်စရာပါ။

စာပေ၀ါသနာပါတဲ့ ကျွန်တော့်အတွက်တော့ စာတွေဖတ်နေတဲ့အချိန်မှာပဲ ကိုယ်ကြိုက်တဲ့ စာရေးဆရာ တစ်ယောက်ရဲ့ အရသာရှိတဲ့စာတွေကို ဖတ်ပြီးနေခဲ့ရတာကို တော်တော်ကြီးကို ကျေနပ်မိသလို၊ ပြန်တွေးမိ တိုင်းလည်း ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကို လေးစားကျေးဇူးတင်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ရှာဖွေမရရှိနိုင်တဲ့ အနုပညာရဲ့ အသီးအပွင့်တွေကို ခံစားခွင့်ပေးခဲ့လို့ပါ။ ။

ဆူးသစ်
၂၁:၁၃ နာရီ
၂၀.၂.၂၀၁၂

Monday, February 13, 2012

" ဖေဖော်ဝါရီ ဆယ့်သုံးဖွား "


မြန်မာတွေအတွက်
ကမ္ဘာမြေက မွေးဖွားပေးခဲ့တယ်
မြင့်မြတ်တဲ့ သွေးတွေနဲ့ လူတစ်ယောက်ကို။

အကြောက်တရားမသိဘူး
နောက်ထပ်-တစ်ယောက်ဖွားဖို့မရှိဘူး
သူ့လိုလူသားတစ်ယောက်
(မြန်မာရာဇ၀င်မှာတော့...)
တစ်ခေါက်တည်းသိရုံနဲ့ မှတ်သားလောက်တယ်။

ရိုးသားတယ် နိုးကြားတယ်
ပြီးတော့ ကြိုးစားတယ်။
မျှတတယ် သမာသမတ်ကျတယ်
ပြီးတော့ တည်ကြည်တယ်။
ရဲရင့်တယ် သတ္တိရှိတယ်
ပြီးတော့ လုပ်ရဲတယ်။
ထက်မြက်တယ် အစွမ်းရှိတယ်
ပြီးတော့ ဦးဆောင်တယ်။
မွေးဖွားတယ် ရှင်သန်တယ်
ပြီးတော့ သေရဲတယ်။


သူမွေးဖွားတာ တိုင်းပြည်အတွက်
သူရှင်သန်တာ တိုင်းပြည်အတွက်
သူသေဆုံးတာ တိုင်းပြည်အတွက်။

'ဆယ့်သုံး ဖေဖော်ဝါရီ' တဲ့
တကယ့်အဆုံး မြေမဟာပထ၀ီမှာ
ဝေဆာစွာ မြည်တင်ရိုက်ဟည်း
အာဇာနည်တို့ရဲ့ စံကိုက်ကြီးကြီးနဲ့
အချိန်မှန်ကိုက်ပြီး ပေါ်ထွက်လာသူ။

မြန်မာပြည်သူတွေ မျှော်လျက်ရှိတုန်း
ဖုံးနေတဲ့ တိမ်အခင်းကို နှိမ်ခွင်း
ပြီးမှ-နေရောင်လို 'ထိန်လင်း' လာသူ။

မြန်မာပြည် အမှောင်လမ်းကနေ
လွတ်လပ်ရေး အရောင်သမ်းဖို့
'အောင်ဆန်း' ဆိုပြီး ထွန်းတောက်လာသူ။

လွတ်လပ်ရေးရဲ့ ဗိသုကာ
ကျွန်တော်တို့ရဲ့ ပိတု မဟာ
သူသာ ကျွန်တော်တို့ရဲ့ အလင်း
သူသာ ကျွန်တော်တို့ရဲ့ သခင်
သူ့ကို မမြင်ရတော့ပေမယ့်
(ဖေဖော်ဝါရီ ဆယ့်သုံးရောက်ရင်...)
သူဟာ ကျွန်တော်တို့ရင်မှာ အစဉ်ပြန်မွေးဖွားတယ်။ ။

သားလတ်
၁၉:၀၀ နာရီ
၁၂.၂.၁၂

Sunday, February 12, 2012

" အရောင်တူများ "



ဟောဒီ နတ်သမီးလက်ထဲမှာ
ပန်းပွင့် ဆယ့်လေးခု အမြဲတမ်း။

သူတို့ကို ရောင်စုံပန်းတဲ့
( ဒါပေမဲ့...)
တစ်သွေးတည်း လန်းနေတဲ့ အလှလို့ဆိုကြ
ကဲ-သူတို့မှသိမယ်။

လွန်ခဲ့တဲ့ ရာသီတွေ ငဲ့ကြည့်ပါ
သက္ကရာဇ်ကို ပြန်ရစ်ပါ
ပြတိုက်များကို သန့်စင်ပါ
သွေးဆေးကန်မှာ ခိုလှုံပါ
ကျုံးရေပြင်ကို ငုံ့ကြည့်ပါ
တောင်တန်းတွေကို စကားပြောပါ
မြစ်ကြီးများကို တံခါးခေါက်ပါ
စာအုပ်စင်များကို စားသုံးပါ
သံစဉ်များကို တူးဖော်ပါ
ကျောက်တိုင်များကို ဖတ်ကြည့်ပါ
(အဲဒီမှာ....)
အရောင်တူ အလှတွေ
ခြေဖျားထောက်နေတဲ့ နတ်သမီးလက်ထဲ
ဟိုးကတည်းက ရင်ငွေ့ခြုံခဲ့မှ
ကဲ-ဘယ်က လက် အနုအကြမ်းတွေက ခြွေနိုင်တော့မှာလဲ။ ။

သားလတ်
၂၂:၅၁ နာရီ
၁၀.၂.၁၉၉၇

[ ( ၅၀) ပြည့်နှစ် ရွှေရတုပြည်ထောင်စုနေ့ အတွက် ရေးခဲ့သော ကဗျာဖြစ်ပါသည်။]

Wednesday, February 1, 2012

"ကျွန်တော့်မှတ်စု" ( ၁၀ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ စက်မှုတက္ကသိုလ်တွင် အဆောင်နေကျောင်းသူကျောင်းသားများအား တစ်နှစ်တစ်ခါ အထူးညစာ ကျွေးပြီး ယင်းညတွင် နှစ်လည်ညစာစားပွဲ အထိမ်းအမှတ် အဖြစ် နေ့ကျောင်းသား၊ ကျောင်းသူကော၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများပါ ပါဝင်တင်ဆက်ကြသည့် ခမ်းနားသိုက်မြိုက်လှသော အနုပညာတင်ဆက်ပွဲ တစ်ခု ကျင်းပလေ့ရှိသည်။ ( ယခုနောက်ပိုင်းတွင် ယင်းတင်ဆက်မှု အစဉ်အလာ ကျန်သေးသလား၊ မကျန်တော့ဘူးလား မသိရပါ။ )
[ '၀တ္ထုရေးသော မမြင့်ခိုင်' ဆောင်းပါးမှ- မမြင့်ခိုင်၊ ရင်ခွင်သစ်မဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၄ခုနှစ်]

+ သူတို့ကျောင်း၌ သောကြာနေ့တိုင်း ထုတ်ဝေသည့် စာကူးစက်နှင့် လှိမ့်ထားသော ' စက်မှုသတင်းစဉ်' စာစောင်ရှိသည်။
၁၉၇၀ခုနှစ်ဝန်းကျင်- သဇင်က စဥ့်ကူနှင့်ပေါင်း၊ ၄ နာရီမှ ၆ နာရီအထိ မုန့်လုံးရေပေါ်ကျွေး။ [တန်ဆောင်တိုင်ည]။ မြသီရိက ပေါင်မုန့်အုန်းနို့ဆမ်းကျွေး။ ဒီ၊ အီး၊ အက်ဖ်နဲ့ မြသီရိက ပေါင်းတယ်။
အေ၊ဘီ၊စီက ဂျီဟောနဲ့ပေါင်းတယ်။ ညနေပိုင်း ကြာဆံဟင်းခါးနဲ့ ရှောက်သီးသုပ်၊ ညပိုင်းမှာ အဆိုအက၊ မြသီရိက ဂျီဟောမှာလာပေါင်း။ ည ၉ နာရီအထိ။ မနက် ၆ နာရီမှာ ဒူးယားဆောင်က ကထိန်သင်္ကန်းကပ်ပြီး မုန့်ဟင်းခါးကျွေး။

+ ရွှေရတု - Chemical က ယိုးဒယားမုန့်ဟင်းခါး။ Textile က လွယ်အိတ်၊ Mining က လက်ဖက်ရည်ဆိုင်မှာ ဒူးယားရောင်း။ လာဝယ်ပြီး သောက်တဲ့သူတွေကို ရုပ်ရှင်မင်းသမီးတွေက မီးညှိပေး။ Mech: ကလက်ဖက်ရည်။ တက္ကသိုလ် ဓမ္မာရုံရှေ့မှာ ရဟတ်လှည့်။

+ ရွှေရတုနားနီးလေလေ အလုပ်ရှုပ်လေ ဖြစ်လာသည်။ စက်မှုအသင်းက ဆိုင်ခန်းကိစ္စ၊ ရောင်းချရေး အစီအစဉ်များ၊ ဒါတွေအတွက် အစည်းအဝေး ခဏခဏလုပ်သည်။

+ စက်မှုသတင်းစဉ်ကလည်း ရွှေရတုအတွက် အထူးထုတ်ပြုလုပ်ပြီး တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံသို့ သွားရောင်းရန် စီစဉ်ထားသည်။ တစ်စောင်- ၅၀ါး

+ မဂ္ဂဇင်းစာအုပ်များထုတ်ပေးသောအခါ ကျောင်းသားကတ်ပြပြီး ထုတ်ရသည်။ မဂ္ဂဇင်းစာအုပ်များ ဖြန့်ချိဖို့ အစည်းအဝေး လုပ်ရသည်။
[ 'ကံ့ကော်တန်းက လွမ်းချင်းရှည်' လုံးချင်း ၀တ္ထုမှ - မောင်စိန်ဝင်း(ပုတီးကုန်း)]


Related Posts Plugin for WordPress, Blogger...