ကျွန်တော်တို့ကျောင်းမှာ ခံစားရသော ဒုက္ခတစ်ခုရှိသည်။ 'ဒုက္ခ' ဟုပဲ ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် စာသင် နေတုန်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ ခဏခဏ ခံစားရသော စိတ်ပျက် စရာ ဖြစ်၍ပင်။ တခြားတော့ မဟုတ်။ လေယာဉ်ပျံ သုံးစီး အမြဲလို ကောင်းကင်မှာ ပျံသန်းနေခြင်းပင်။
ဆရာ၊ ဆရာမများက စာသင်နေပြီ၊ ကျွန်တော်တို့က အာရုံစိုက်နေပြီဆို၊ ထိုသုံးစင်းတည်းသော အသံထက် မြန်သည် ဆိုသည့် လေယာဉ်များက လေ့ကျင့်ပါလေပြီ။ အသံက ဆူလွန်း၍ ဆရာ၊ ဆရာမများ စာဆက်သင်၍ မရ။ ခဏ ရပ်ရတော့သည်။ ကျွန်တော်တို့လည်း အာရုံစိုက်မှု ပျက်တော့သည်။ ကျွန်တော်တို့ ကျောင်း၏ တည်နေရာက လေယာဉ်ကွင်းနှင့် နီးနေ၍ပဲ ထင်ပါသည်။
ပထမနှစ်မှာ အမှတ်မထင် မှတ်မိနေတာလေး တစ်ခုလည်း ရှိပါသေးသည်။ မြန်မာစာ ဆရာမ စာသင်နေချိန်၊ ခဏအနားပေးခိုက် ကျောင်းသားတစ်ယောက်က အတန်းနောက်မှာ '၀ီး..ဝေါ်၊ ၀ီး...ဝေါ်' နှင့် မီးသတ်ကားသံ၊ လူနာတင်ယာဉ်သံတွေ လုပ်ပြီး အော်နေသည်။ သူ့ဘာသာ ပျင်းရင်း လျှောက်လုပ်သည် ထင်ပါ၏။ ဆရာမက ကြားပြီး 'ဟဲ့ကောင်လေး - မလုပ်ကောင်းဘူး၊ ဇမ္ဗူဒိပ်၊ နိမိတ်' ဟု ဟန့်သည်။ ထို့နောက် စာပြန်သင်သည်။ သိပ်မကြာလိုက်။ ကျောင်းရှေ့ အင်းစိန်လမ်းမကြီးပေါ်မှာ မီးသတ် ကားများ ဖြတ်သွားသည်။ ဆရာမက ခုနက ကျောင်းသားကို ငါမပြောဘူးလား ဆိုသော ပုံစံနှင့် လှမ်းကြည့်ပါတော့သည်။ ကျွန်တော်တို့လည်း အံ့သြခဲ့ရ သေး၏။
မှတ်မိသလောက် ဆက်ပြောရလျှင် ကျွန်တော်တို့ ပထမနှစ်မှာ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ထဲက ထူးထူးခြားခြား၊ ကျောင်းသားများ အတန်း လိုက်တက်ရသူ ဟူ၍ Physics သင်သော ဆရာ ဦးသာလှိုင် တစ်ယောက်သာ ရှိသည်။ တကယ်တော့ ဆရာက Section (A), L-1 ကို သင်သူ။ ကျွန်တော်တို့ ဆရာမ မလာသော အခါ ဆရာ လာသင်ပေး၏။ ဌာနမှူးလည်းဖြစ်၊ စာသင်လျှင် သီအိုရီ နားလည်အောင် အခြေခံ သဘောတရားများကို ပြည့်စုံစွာ ရှင်းပြတတ်သူလည်း ဖြစ်၍ ကျောင်းသားများ သဘောကျ ကြ၏။ သူငယ်ချင်း တစ်ယောက်က ဆိုလျှင် 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုဖူးသည်။ ရူပဗေဒ၏ သဘောတရားများကို ဆရာဦးသာလှိုင်သည် ထုံးလို ချေ၊ ရေလို နှောက် ကျေညက်နေသည့် ပုံ။
တစ်ခါတော့ ဆရာ့ အချိန်ပြီးလျှင် မြန်မာစာ ဆရာမလေး အချိန်။ ဆရာက ကျွန်တော်တို့ အတန်းမှာ အစားထိုး လာသင်ချိန်ဖြစ်၍ ခဏ လာသင်သော်လည်း ထုံးစံအတိုင်း သီအိုရီကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းနေသောအခါ အချိန်ကုန်သွားသည်ကို မသိလိုက်။ နောက်မှ ကျောင်းသားများက မြန်မာစာ ဆရာမ စောင့်နေကြောင်း ဆရာ့ကို အားနာစွာ အသိပေးမှ ဆရာသည် မြန်မာစာ ဆရာမလေးကို ပြန်တောင်းပန်ရင်း အတန်းကို ရပ်လေသည်။
နောက်တစ်ခုက Roll Sheet ။ ကျွန်တော်တို့ ရန်ကုန်စက်မှု တက္ကသိုလ်မှာ စ၀င်ကတည်းက ဆယ်တန်း အောင်သည့် အမှတ်နှင့် ခုံနံပါတ် စီလိုက်ရာ အတန်းတက်မတက်ကို သိစေရန် ခုံနံပါတ်များအလိုက် လက်မှတ်ထိုးရသည့် စာရွက် (Roll Sheet) ကို သက်ဆိုင်ရာ ဘာသာရပ် ဆရာ၊ ဆရာမများက ယူလာပေးရ၏။ စာသင်ပြီးလျှင် ပြန်သိမ်းသွား၏။ တစ်ခါတစ်ရံ တစ်ယောက်ယောက်က လက်မှတ်မထိုးဘဲ သူ့ဆီမှာ ယူထားရင်း စာဆက်နားထောင်နေသောအခါ အတန်းပြီးသည့်အခါ၌ ၀ိုင်း၍ လုထိုးရ၏။ နောက်ဆုံးထိုးသူက ဆရာမကို အပ်ရ၏။ ဆရာမ မစောင့်နိုင်လျှင် ဌာနကို သွားပေးရ၏။ ထို့ကြောင့် တစ်ယောက်ယောက်စီ သောင်တင် နေလျှင် သတိပေးရ၏။ Roll Sheet ထိုးပြီး အခြားသူကို ဆက်ပေးဖို့။
သောင်တင်နေရသည့် နောက်ထပ် အကြောင်းအရာ တစ်ု ရှိသေးသည်။ တချို့က တစ်ယောက်တည်း ထိုးတာ မဟုတ်။ အပြင်သွားသည့် သူငယ်ချင်း၊ ကင်တင်းန် ဆင်းသည့် သူငယ်ချင်း၊ ကျောင်းလစ်သည့် သူငယ်ချင်း စသည်ဖြင့် ပတ်သက်ရာ ပတ်သက်ကြောင်းများအတွက် ထိုးနေလေရာ Roll Sheet စာရွက်မှာ နေရာ မရွေ့တော့။ ရံဖန်ရံခါ သူထိုးပေးနေသည့် လူတွေထဲမှာ တချို့က အတန်းထဲမှာ ရှိသည်။ သို့သော် ကိုယ်တိုင် မထိုး။ အဘယ်ကြောင့် ဆိုသော် ဆရာ စာသင်ပြီး လက်မှတ်ထိုးမည့်သူများ များနေပါက ထိုသူများက လုထိုး ရမည် စိုး၍ Roll Sheet စာရွက် အရင်ရနိုင်သူကို ထိုးခိုင်းသည့် သဘော။ သူတို့ ရလျှင်လည်း သူတို့ ကိုယ်စား အမြဲ ထိုးပေးနေသူများကို ပြန်ထိုးပေး၏။ များသော အားဖြင့် ယောက်ျားလေးများသာ ဖြစ်သည်။
တစ်ခါတော့ သင်္ချာ ဆရာမ အချိန်မှာ Roll Sheet ကို လေယာဉ်ပျံ လုပ်ပြီး ပစ်လွှတ်လိုက်၍ တစ်တန်းလုံး အဆူ ခံရတော့သည်။ ပစ်လွှတ်သူက ဆရာ ဦးသာလှိုင်နှင့် ပတ်သက်၍ 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုခဲ့သော သူငယ်ချင်း။ သို့သော် မည်သူမျှ မဖော်။ နောက်မလုပ်လျှင် ပြီးတာပဲဟုသာ နားလည်ပေးလိုက်ရသည်။
ဒါတောင် လက်ဆော့သူများက အတန်းထဲက ကောင်မလေးများ၏ ခုံနံပါတ်ဘေးမှာ ပေါက် ကရ ရေးချင် ရေးကြ သေးသည်။ ကောင်မလေးများတင်ပဲလား ဆိုတော့ မဟုတ်။ ယောက်ျားလေးချင်း လည်း ပါ၏။ တကယ်တော့ ထို အဖြစ်အပျက်များကား မမေ့ချင်စရာ။
ကျွန်တော်တို့သည် တစ်ချိန်က လေယာဉ်ပျံသံ ဆူညံနေသော ကျောင်းဝင်းထဲတွင် သည်းခံရင်း စာသင်ခဲ့ဖူး၏။ ကျွန်တော်တို့သည်အတွေ့အကြုံ ရင့်ကျက်သော ဆရာများနှင့်လည်း သင်ကြားခွင့် ရခဲ့ကြ၏။ ကျွန်တော်တို့သည် မိမိကျောင်းတက်ကြောင်း ရာခုန်နှုန်းရမည့် စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်များ ထိုးရင်း စနောက်ခဲ့ကြ၏။ ထိုစာရွက် များစွာပေါ်တွင်လည်း လက်မှတ်ပေါင်းများစွာ ထိုးခဲ့၏။ ရံဖန်ရံခါ မိမိလက်မှတ် မထိုးပါဘဲလျက် သူများထိုးပေးသော လက်မှတ်များဖြင့်လည်း ကျောင်းတက် ရာခိုင်နှုန်းများ ပြည့်ခဲ့ရ၏။ ကျွန်တော်တို့သည် ဆရာ၊ ဆရာမများ၏ အဆူအပူကို ရံဖန်ရံခါ ခံရ၏။ သို့သော် ကျွန်တော်တို့သည် ဆရာ၊ ဆရာမများကို လေးစားချစ်ခင်သော သူများလည်း ဖြစ်ကြ၏။ ။
ဆူးသစ်
၂၁း၀၅ နာရီ
၂၁.၁၂.၂၀၁၀

0 comments:
Post a Comment