Sunday, April 10, 2011

"လူနာများ" အပိုင်း (၃)


"မောင်သက်စံ၊ မင်းညကသောက်တာ ဘာဆေးထင်လို့လဲ။ အဲဒါ ဘာမီတွန်တွေ။ မင်းက ဘာထင်လို့လဲ။"

သူနာပြု ဆရာမ(ထဘီအနီ) တစ်ယောက်က ကိုသက်စံကို မေးနေခိုက် ကျန်သူတွေ ၀ိုင်းငေးကြ၏။

"ကျွန်တော်လည်း ဘာမီတွန်လို့ ထင်တာပါပဲ ဆရာမ"

အားလုံးဝိုင်းရယ်ကြသည်။ ဆရာမ တစ်ချက်လှည့်ကြည့်တော့ ငြိမ်သွား၏။

"ဘာမီတွန်တွေ စွတ်ရွတ်သောက်တော့ အိပ်ချင်တာပေါ့။ အဲဒါ ငါ့ကိုဘာလို့ပြောနေရတာလဲ။"

"ညက အနာ နည်းနည်းကိုက်နေလို့၊ အိပ်မပျော်လို့ သောက်လိုက်မိတာပါဆရာမ"

ဆေးရုံမှာ လူနာတွေကို သောက်ဆေးပေးချိန်ရှိသည်။ အနာကိုက်သက်သာစေသည့် ဆေးလည်းပါ၏။ အိပ်ဆေး လည်း ထည့်ပေး တတ်သည်။ တချို့က အနာကိုက်၍ အိပ်မပျော်သောအခါ ကိုသက်စံလို၊ လိုသည်ထက်ပို၍ အိပ်ဆေးကိုသောက်ကြသည်။ အိပ်ဆေးရှာမရလျှင် ဘာမီတွန်လည်း ဖြစ်တာပဲ ဆိုကာ သောက်ကြ၏။ ယခု ကြည့်ရသည်က ကိုသက်စံက မနက်မိုးလင်းချိန် အိပ်ချင်မူးတူး ဖြစ်နေသည်ကို ဆရာမ လာတုန်း ပြောတာ နေလိမ့်မည်။ ဆရာမက ညက ဘာဆေးသောက်လဲ မေးလိမ့်မည်။ ထိုအခါ ဘာမီတွန်တွေ ထုတ်ပြသည်ထင်၏။

အားလုံးကတော့ ကိုသက်စံ အနာကိုက်လို့၊ အိပ်မပျော်လို့ ဆေးသောက်တာသာ သိကြလိမ့်မည်။ အိပ်မပျော်တာ လက်က အနာကြောင့်လား၊ ပိုက်ဆံမရှိလို့ ရင်ထဲက ကိုက်တဲ့အနာကြောင့်လားဆိုတာ မည်သူမျှ မသိကြ။ ဒါကိုတော့ ကိုသက်စံသာ သိလိမ့်မည်။

"ဒါနဲ့ နေစမ်းပါဦး မောင်သက်စံ။ မင်းမနေ့က အရက်သောက်တယ်မဟုတ်လား။"

ဆရာမက ဘယ်က ဘယ်လိုသိလာသလဲ မပြောတတ်။ ကိုသက်စံကို စကားဖြတ်၍မေးသည်။ ဧကန္တ ဂျူတီ ချိန်းသည့် ဆရာမပြောသွားတာထင်သည်။

"ဟုတ်ကဲ့"

ကိုသက်စံက ဆရာမစကားကိုမငြင်း။ ခေါင်းကိုတော့ငုံ့ထားသည်။

"ဒီဆေးရုံမှာ အရက်မသောက်ရ၊ ဖဲမရိုက်ရ တားမြစ်ထားတာ မင်းတို့မသိဘူးလား။ သိလည်းလုပ်နေတာပဲ မဟုတ်လား။ ဒီတစ်ခါတော့ ရှိပါစေ။ နောက်တစ်ခါဆို ဆေးရုံကဆင်းရမယ်။ ငါဆရာဝန်ကြီးကို တိုင်ပြောမှာ၊ နားလည်လား"

"ဟုတ်ကဲ့။ ကျွန်တော် မသောက်တော့ပါဘူး"

"မင်းတို့ လက်အဆောင်က ဒီဆေးရုံမှာ အဆိုးဆုံးပဲ။ ခြေထောက်ကလည်း ကောင်းတော့ လူတွေက ကိုယ့်နေရာမှာ ကိုယ်မရှိဘူး။ အဝေးပြေးဂိတ်ထဲသွားရတာနဲ့။ ဆေးဝယ်သလိုလိုနဲ့ အရက်ဝယ် ရတာနဲ့။ ဘောလုံးပွဲ သွားကြည့်ရတာနဲ့။ လက်တစ်ဖက်က မအားတာတောင် ဖဲရိုက်နိုင်သေးတယ်။ အံ့ရော... ဒီမှာ.... အားလုံးပဲ သတိထားပါ။ လူနာတွေမို့ သိပ်မပြောချင်ဘူး။ ဖဲရိုက်တဲ့လူ၊ အရက်သောက်တဲ့ လူဆို ဆေးရုံက ဆင်းရမယ်။ ဒါပဲ"

ပြောပြီး ဆရာမလေး ထွက်သွားသည်။ အခန်းထဲက လူတွေ သက်ဝင်လှုပ်ရှားလာကြ၏။

"ဟေ့ကောင် သက်စံ။ မင်းက နုံအအနဲ့မို့ ဆရာမ ပြောတာခံရမှာပေါ့။ တို့ ကိုစိုးဝင်းကြီးလို ခွက်ထဲထည့်။ ရေသောက်သလို သောက်ရင် ဘယ်သိမှာလဲ"

ကိုဂျော်နီက အနာသက်သာနေ၍ လှမ်းအော်ပြီးနောက်သည်။ ကိုစိုးဝင်းက ဟုတ်သားပဲဟု ဆိုသည့်အခါ အားလုံးက ပြုံး၏။ ထိုစဉ်မှာပင် နောင်နောင်က သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းပြ၏။

"အရက်မသောက်ရဘူးxxxxချစ်သူကပြောတယ်xxxxxxဖဲမရိုက်ရဘူးxxxxxxxချစ်သူကပြောတယ်xxxxxx"

နောင်နောင်ဆိုလိုက်သော အဆိုတော် ဇော်ဝင်းထွဋ်၏ "ပညတ်တော်ဆယ်ပါး" သီချင်းသံကြောင့် အားလုံး ဝေါခနဲထရယ်သည်။ ခုန ဆရာမဆူ၍ ဆရာမရှေ့မှာ ကုပ်နေသော ကိုသက်စံပင် ပြုံး လိုက်တာ တွေ့၏။ သြော်-သူတို့မှာလည်း စိတ်ညစ်စရာ ကြားက ပျော်စရာကို ရအောင် ယူတတ်ကြ သားပဲဟု ကျွန်တော် တွေးလိုက် မိသေး၏။

*********************

ဆရာမတွေ တားမြစ်မည်ဆိုလျှင်လည်း တားမြစ်ချင်စရာ။ ထိုအချိန်က တစ်ဆယ့်ရှစ်ကြိမ်မြောက် အရှေ့တောင် အာရှဘောလုံးပွဲနှင့် တိုက်နေချိန်မို့၊ ဘောလုံးပွဲရှိသည့်နေ့ဆိုလျှင် လက်ကိုတစ်ခုခုနှင့် အုပ်ပြီး ဆေးရုံအပြင်သို့ အစီအရီထွက်ကြသည်က ကျွန်တော့်အဖို့ မြင်ကွင်းဆန်းတစ်ခု ဖြစ်ခဲ့ ရသေးသည်။ ဆေးရုံရှေ့မှာ အဝေးပြေး ဂိတ်မို့ ကားဂိတ်ကဆိုင်တွေမှာ လက်ဖက်ရည်သောက်ရင်း တီဗွီ ကြည့်ခွင့်ရ၍ ကိုယ့်အုပ်စုနှင့်ကိုယ် သွား၍ အဆင်ပြေရာမှာ ထိုင်ကြည့်ကြသည်။

အောင်ကျော်ကျော်အထုတ်ခံရသည့်ပွဲ( မြန်မာ၊ ဗီယက်နမ်) နေ့ပြီး၍ နောက်နေ့မှာ ခွဲခန်းဝင်သောအခါ ခွဲခန်းအထွက် "အောင်ကျော်ကျော်ကို မထုတ်ပါနဲ့၊ သန်းတိုးအောင်က မျိုးလှိုင်ဝင်းကိုပေးလေ"ဟု ယောင်သူ က ယောင်သည်။ သည်တော့ ဆရာမတွေက ဆူပြီပေါ့။

တစ်ခါ ညနေ ထမင်းပို့ချိန်မှာ အ၀င်အထွက်တွေများနေ၍ ထမင်းပို့သူတွေနှင့် ရောနှောပြီး အပြင်ထွက်၊ ပြီးလျှင် ဖဲထုပ်တို့၊ အရက်တို့ ၀ယ်ပြီး ပြန်ဝင်လာတတ်ကြ၏။ သူတို့အပြောကျတော့လည်း အချောသား။ စာအုပ် ငှားတဲ့လူတော့ ရှိပါရဲ့။ စာအုပ်က ဖတ်ပြီး ပြီးတာပဲတဲ့။ ခွဲခန်းခဏခဏ၀င်ရ၊ ဆေးရုံကို လနဲ့ချီပြီး တက်ရနဲ့၊ ကြာတော့ပျင်းလာ ရောတဲ့လေ။ ဆရာမတွေက ခြေထောက်ဆောင်က လူနာတွေထက် လက်အဆောင်က လူတွေကိုထိန်းရခက်၍ ပြဿနာဆောင်တဲ့။ ဟုတ်နိုင်သည်။ ခြေထောက်ဆောင်က လူတွေက ခုတင်ပေါ်မှာပဲ လှဲနေရသည်ကိုး။ လက်အဆောင်က လူနာများကတော့ လက်တစ်ဖက်ပဲ အနာရှိ၍ သွားသွားလာလာ လုပ်နိုင်သည့်အခါ ဆေးရုံမှာ တာဝန်ပိုကြီးမည်ကို ကျွန်တော် ခန့်မှန်း၍ရ၏။

ဆေးရုံက ၀န်ထမ်းနှင့် လူနာဆိုသည်က ပြဿနာပေါင်းစုံအောင်တွေ့ရမည် ဆိုသည်ကို ကျွန်တော် နားလည် သည်လေ။

*********************

နောင်နောင်ဆေးရုံက မဆင်းခင် ကိုစိုးဝင်း ဆင်းသွားသည်။ ဆေးရုံကို အလွမ်းပြေဟုဆိုကာ ကျွန်တော်တို့ကို တစ်ခေါက် လာတွေ့သည်။ ရင်းနှီးနေသူအားလုံးကို လက်ဖက်ရည်ခေါ်တိုက်သွားသည်။ ကျွန်တော်နှင့် နောင်နောင်က ရှင်းပါမည် ဆိုတာတောင် သူက ဆေးရုံမှာ ခင်ခဲ့ရသော နားလည်မှုများစွာနဲ့ ဘော်ဒါချင်းတွေမို့ တိုက်ပါရစေဟုဆိုကာ သူပဲ ရှင်းသွားသည်။ မှတ်မှတ်ရရ သူ၏ ကောင်းသော လက်တစ်ဖက်တည်းနှင့် အိတ်ထဲက ပိုက်ဆံ ထုတ်ခဲ့တာတွေ မြင်ရင်း ကျွန်တော်စိတ်မကောင်း။

နောင်နောင်ဆေးရုံကဆင်းခါနီးသောအခါ ကျွန်တော်သူတို့ကို အားရပါးရ နှုတ်ဆက်ခဲ့သည်။ သူတို့အားလုံးက သူတို့ မဆင်းမချင်း လာလည်ဖို့မှာသည်။ ကျွန်တော် စာမေးပွဲ နီး၍ မသွားဖြစ်တော့။ နောင်နောင်ကတော့ ဆေးရုံကဆင်းပြီးမှ ရောက်ခဲ့သည်တဲ့။ နောင်နောင်ဆေးရုံက မဆင်းခင် ခရစ္စမတ်နေ့နီးနေ၍ ခရစ်ယာန် ဘာသာဝင်များ ဆေးရုံထဲလာ၍ တစ်ခန်းချင်းလိုက်ပြီး ဆုတောင်းပေးကြသောအခါ သူတို့လက်အဆောင်မှ လူများကို တစ်ဦးချင်း လက်ဆွဲ နှုတ်ဆက်သည့် အခါ ကောင်းသည့်လက်တစ်ဖက်နှင့် နှုတ်ဆက်လိုက်ရကြောင်း နောင်နောင်ပြောပြ၍ ကျွန်တော်သိရသည်။ လက်တစ်ဖက်က ပတ်တီးနှင့်၊ လက်တစ်ဖက်က အားအပြည့်နှင့် ဖက်လှဲတကင်း နှုတ်ဆက်နေမည့် သူတို့ကို ဆေးရုံနှင့်ဝေးသွားသောအခါ ကျွန်တော်ပြန်မြင်ယောင်နေမိသည်။

သူတို့အားလုံးသည် လူနာများဖြစ်ကြ၏။ လက်မှာဒဏ်ရာအနာတရဖြစ်၍ ဆေးလာကုကြသူများဖြစ်ကြ၏။ တချို့က ငွေကြေးတတ်နိုင်သော၊ အနီးကပ် စောင်ရှောက်မည့် ဆွေမျိုးပါရှိသော၊ နောင်နောင်တို့လို လူမျိုးပါသည်။ ဒါက လူနည်းစု။ တချို့က ကိုသက်စံတို့၊ ကိုဂျော်နီတို့၊ ကိုစိုးဝင်းတို့လို ငွေကြေးက မရှိ။ ပြုစု စောင့်ရှောက်မည့် ဆွေမျိုးကလည်းမရှိ။ ဆေးရုံက ကျွေးသလောက်၊ ကုပေးသလောက်နှင့် နေနိုင် သမျှ နေကြသည်။ ထိုလိုလူတွေက ခပ်များများ။ ထို့ပြင် နယ်ကလာသူတွေလည်းရှိသေး၏။ တချို့ကတော့ ကိုနိုင်ဝင်းနှင့် မျိုးအေးတို့လို ငွေကြေး သင့်တင့်ရုံ ရှိသော်လည်း ဆွေနှင့်မျိုးနှင့်။

မည်သို့ဖြစ်ဖြစ် သူတို့အားလုံးမှာ ဒုက္ခ အနည်းနှင့်အများ ရှိကြသည်။ ပြည့်စုံသူများက သူတို့ဒဏ်ရာကြောင့်၊ မပြည့်စုံသူများက ဒဏ်ရာနှင့် ထိုမပြည့်စုံမှုကြောင့်။ အကြောင်းကြောင်းကြောင့်ပင် ဒုက္ခတွေရှိနေ ကြသေးသည်။

ဒဏ်ရာအနာတရရှိထား၍ သူတို့ကို လူနာဟု ခေါ်ကြသည်ဆိုလျှင် လက်ကဒဏ်ရာအနာကြောင့် လူနာဟု ခေါ်လေသလား။ သူတို့ဘ၀တွေက မပြည့်စုံ၍ ရင်ထဲကနာရသော အနာကြောင့်ပဲ လူနာဟုခေါ်ရလေသလား။ ဒါကိုလည်း သူတို့သာသိပေလိမ့်မည်။

ကျွန်တော်ကတော့ သူတို့ကိုတွေ့ပြီးချိန်မှစ၍ ကျွန်တော်မသိသေးသော၊ ကျွန်တော်မမြင်နိုင်သော၊ ကျွန်တော် မခံစားဖူးသော အရာများစွာကို သိမြင်ခံစားခဲ့ရ၍ သူတို့ကိုနားလည်ပေးနိုင်ခဲ့ပြီ။ သူတို့ကို သိတတ်ခဲ့ရပြီ။ သူတို့နှင့် ထပ်တူခံထားတတ်ခဲ့ရသည်။ သူတို့ကို ကိုယ်ချင်းစာမိခဲ့သည်။

ထိုအခါ ကျွန်တော့်ရင်ထဲမှာ သူတို့လို လူနာတွေအတွက် ပေးဆပ်ချင်သော စိတ်တွေ တဖွားဖွား ပေါ်လာ၏။ သူတို့ကို ပြည့်စုံစေချင်သည်။ စိတ်ချမ်းသာစေချင်သည်။ ဒဏ်ရာအတွက်ပဲ စိတ်ဆင်းရဲမှု ရှိစေချင်သည်။ သို့သော် ကျွန်တော်က တက္ကသိုလ်ကျောင်းသား အဆင့်သာ။ ပြီးတော့ သည်လိုကိစ္စမျိုးတွေက တစ်ဦးတစ်ယောက်တည်းလုပ်၍ မရ။ အများက ၀ိုင်းလုပ်မှရမည့် ကိစ္စမျိုးဖြစ်သည်။ ခုတော့ ကျွန်တော့်ဆန္ဒများကသာ ကျွန်တော့်ကို ပိတ်ဖုံးလှောင်အုပ်ထားသည်ပဲ ရှိ၏။

ဤသို့ဖြင့် အရိုးဆေးရုံမှာလူနာသွားစောင့်ပြီးနောက်မှာ၊ ကျွန်တော့်ဘ၀၌ တစ်ခါမျှမရဖူးသော ဒဏ်ရာ အနာတစ်ခု ရလာသလို ကျွန်တော်ခံစားလာရ၏။ ဟုတ်သည်။ ထိုအချိန်မှစ၍ ကျွန်တော့်မှာ ဒဏ်ရာအနာတစ်ခု သန္ဓေတည်သွားသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဒဏ်ရာအနာရှိ၍ လူနာဟု အမည်တပ်ထားသော သူတို့လို ကျွန်တော်လည်း လူနာတစ်ယောက်လုံးလုံး ဖြစ်သွားပြီဟု ဆိုရတော့မည်။

သို့သော်-

ကျွန်တော်လူနာတစ်ယောက် ဖြစ်သွားသည်ကိုတော့ ကျွန်တော့်မိသားစု၊ ဆွေမျိုး၊ ဆရာသမား၊ သူငယ်ချင်း၊ အသိမိတ်ဆွေများ သိမည်မဟုတ်။ အရိုးဆေးရုံက ကျွန်တော့်မိတ်ဆွေ လူနာများလည်း သိမည်မဟုတ်။ ။


(၁၉၉၅၊ ဒီဇင်ဘာလ၊ အရိုးဆေးရုံ (ကြည့်မြင်တိုင်) လက်အဆောင်မှ မိတ်ဆွေများသို့)

သားလတ်

(ဤ၀တ္ထုတိုသည် မြတ်မိခင်စာပေဆုပြိုင်ပွဲတွင် အထူးဆုရရှိခဲ့ပြီး၊ ကံကြမ္မာပဉ္စလက်နှင့်အခြားဝတ္ထုတိုများ စာအုပ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

2 comments:

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ပဲ အနှစ်ရသ စာလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါ အကို...
ခံစားအားပေးလျှက် ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ko 9 said...

သတိ၇မိတယ်ဗျ..
ကျွန်တော်တက်တုံးကဆ၇ာကြီးဦးသန့်ဇင်နဲ့လေ...
အခုနံမယ်ကြီးနေတဲ့ဦးခင်မောင်မြင့်ကသူ့လက်ထောက်ပေါ့

Related Posts Plugin for WordPress, Blogger...