Saturday, April 23, 2011

"ကျွန်တော်တို့သည်" (၁၅)


သည်တစ်ခါတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဦးမည်။ တခြားတော့မဟုတ်။ ဒုတိယနှစ် စက်မှု တက္ကသိုလ်မှာ စာမေးပွဲအောင်ပြီးလျှင် အမှတ်နှင့် မေဂျာခွဲမှာမို့ ဆယ်တန်းလို အပြိုင်အဆိုင် ကြိုးစားရင်း၊ တစ်ယောက်နှင့် တစ်ယောက် စာတွေ လျှိုကြ၊ ၀န်တိုစိတ်များ များကြနှင့် ဖြစ်ကြရသည့်ကိစ္စပါ။

ထိုစဉ်က အားလုံးရင်ထဲမှာ ကိုယ်စီကိုယ်စီ၊ ကိုယ်ယူမည့် ဘာသာရပ်အတွက် ရှိနေကြပါလိမ့်မည်။ ကျွန်တော်တို့နှစ် (၁၉၉၄) မှာတော့ အီးစီဟုခေါ်သည့် Electronics ကတော့ အဟော့ဆုံး။ ကျောင်းသား တစ်ရာမှာ ရှစ်ဆယ်လောက် မေးကြည့်၊ အီးစီ အီးစီဟု အော်နေသည်။ ထိုအချိန်မှာ ဘုမသိ၊ ဘမသိ ကျွန်တော်က Civil (မြို့ပြ)နှင့် Mechanical (စက်မှု)ကို ယူဖို့ စဉ်းစားပြီး အိမ်နှင့်တိုင်ပင်နေရသည်။ အလုပ်အကိုင် အခွင့်အလမ်း၊ တည့်တည့်ပြောရလျှင် ငွေရှာဖို့ ပိုလွယ်သော ဘာသာရပ်များဖြစ်၍ ယူရန်စဉ်းစားခြင်းပင်။

ထိုအချိန်မှာ ကျောင်းသူ၊ ကျောင်းသားများ အားလုံးရင်ထဲမှာ မည်မျှ ပူလောင်ဆူပွက်နေသနည်း ဆိုလျှင် မိမိတက်နေသော ကျူရှင်ဘယ်သူသင်၍၊ ဘယ်မှာ သင်နေသည်ဆိုသည်ကိုပင် မပြောချင်လောက်အောင် တစ်ယောက်နှင့် တစ်ယောက် အမှတ်သာသွားမည်ကို စိုးရိမ်နေကြ၏။ ကျောင်းစာအုပ် ငှားရန် ကိုလည်း ပြန်မရတော့မည့် အလား စိုးရိမ်ကြ၏။

ကျွန်တော်ဆိုလျှင် ရှေ့မှာဆိုခဲ့သလို ကဗျာ၏ စကားပြေ၊ စကားပြေ၏ စကားပြေများ ရေးနေသည့်ကြားမှပင် စာများ၍ မရေးနိုင်သည့်အခါ သူငယ်ချင်းများက လျှိုသည်ဟု အထင်ခံခဲ့ရ၏။ တစ်ယောက်တည်း ကျိတ်၍ စာတွေလုပ်သည်တဲ့။ မြန်မာစာကို လျှိုသည်ဟု ဆိုချင်သည့်သဘော။ အမှန်က ခြောက်ဘာသာ စလုံး နိုင်အောင်လုပ်ဖို့ မလွယ်တော့၍ပင်။ ဒါတောင် အပြင်ဆောင်မှာ နေခဲ့၍သာ။

သည်ကြားထဲမှာ မျိုးခိုင်ဆိုသော သူငယ်ချင်းကြောင့် Engineering Mechanics (ME) ကျူရှင်ကို တက်ခွင့်ရပြီး အောင်ကျော်သက်ဆိုသော သူငယ်ချင်းကြောင့် သင်္ချာကို ကျူရှင်တက်ခွင့်ရလေသည်။ တက်ခွင့်ရသည်ဟု သုံးရခြင်းမှာ သူတို့က ပွင့်လင်းစွာဖြင့်မေးလာပြီး ကျွန်တော်မလိုက်နိုင်မှန်းသိ၍ သူငယ်ချင်းပီသစွာ ကျွန်တော့်ကို လာတက်ရန် ခေါ်သောကြောင့်ပင်။

အမှတ်(၂၀)ဖိုး ဖြေရသည့်အခါနှင့် စာမေးပွဲကြီး ဖြေသည့်အခါတွင်လည်း ကျောင်းသားတချို့၏ ဘာမှန်း မသိသော အပြုအမူများကို ဒုတိယနှစ်တွင် တွေ့ရသေးသည်။ စာဖြေချိန်မှ မစေ့သေး၊ စာရွက်ကို အပ်ပြီး "တောက်" ခေါက်၊ မေးခွန်းစာရွက်ကို လုံးချေချင်ချေ။ ဆွဲဖြဲချင်ဖြဲ လုပ်ချင်လုပ်၏။ အမှန်ကတော့ မဖြေနိုင်ဘူးဟု အထင်ခံရစေရန်ဖြစ်သည်။ ပြီးတော့ အောင်စာရင်း ထွက်သည့်အခါ Roll လည်း အောက်မှာ မရောက်၊ ထိပ်လည်း မရောက်၊ အလယ်လောက်သာ တန်းနေ၏။ သည်တော့ သူတို့ထိုသို့ လုပ်ခြင်းကို ဘာကြောင့် လုပ်သလဲ စဉ်းစား၍ မရ။

ဒါလည်း စာလျှိုသည့် နည်းထဲက တစ်ခု ဖြစ်ပုံရသည်။ အခြားသူများက သူမဖြေနိုင်ဘူးထင်၍ ၀မ်းသာရမည်လား။ လူတိုင်း ကိုယ့်အပူနှင့် ကိုယ်ချည်းသာ။ သူ့ကိုကြည့်ကာ ၀မ်းသာ၍ မိမိဖြေလက်စ ကို လျှော့ဖြေရမည်လား။ လုံးဝ အဓိပ္ပါယ်မရှိ။ ထိုသူများကား Roll ထိပ်ဆုံးက လူများလည်း မဟုတ်။ ထို့ကြောင့် နောက်ဆုံး ကောက်ချက် ချရလျှင် ထိုသူများ၏ အပြုအမူများကား ခပ်ကြောင်ကြောင် အပြုအမူများဟုသာ ဆိုရပေတော့မည်။ ကျွန်တော်တို့ကို အာရုံထွေပြားအောင်လုပ်၍ ဖြေလက်စ ကျွန်တော်တို့မှာ တော်တော် အနှောင့်အယှက် ဖြစ်ရသည်မဟုတ်လား။

ထိုသို့ကြုံတွေ့ရသည့်ကြားမှ ME အမှတ်(၂၀)ဖိုးမှာ ပုစ္ဆာတစ်ပုဒ်၌ ဂဏန်းတစ်လုံးကျန်ခဲ့၍ စာမေးပွဲခန်းထဲမှ အထွက် ပွက်လောရိုက်ကုန်သည်။ ME ကား နှစ်တိုင်း ကျောင်းသားများ ကြေကွဲရ စမြဲဖြစ်၍ ကြောက်ကြသည်။ တချို့ မိန်းကလေးများဆို ME (၂၀)ဖိုး ဖြေသည့်နေ့ ငိုပြီး ထွက်လာတာတောင် တွေ့ရသည်။ ကျွန်တော်ကတော့ ဘယ်ဂဏန်းကျန်ခဲ့သည်ပင် မသိ။ တွေ့သမျှ ဂဏန်းနှင့် ရသမျှကို ချတွက်ခဲ့သည်သာ။ တော်တော် တော်လှ၏။ နောက်မှ Roll ကောင်းသော သူငယ်ချင်းများက ပုစ္ဆာကို ထောက်ပြပြီး ပြောမှ သဘောပေါက်တော့သည်။ ငိုသည့်သူများက ကျန်သောပုစ္ဆာများပါ မရ၍ ငိုခြင်းဖြစ်သည်။ တစ်မှတ်နှင့်ပင် မေဂျာတစ်ခု လွဲသွားနိုင်သည်ဟု ကျွန်တော်တို့သာ သိသည်လေ။

ထိုအချိန်တွင် ထောက်ပြချင်စရာ ကောင်းသည်က ပုစ္ဆာ၏ မပြည့်စုံမှုကြောင့် တွက်မရမှန်း သိနေလျှက် ဘာမျှ တောက်မခေါက်၊ မေးခွန်းစာရွက်မဖြဲသော Roll ကောင်းသည့် သူငယ်ချင်းများ၏ စိတ်ဓါတ်နှင့် အထက်က ကျွန်တော် ပြောခဲ့သော ဘာမျှမဟုတ်ဘဲ အော်ကြက် ထထလုပ်သူများ၏ စိတ်ဓါတ် ကွာခြားမှုပင်။ ပြည့်ခြင်းနှင့် မပြည့်ခြင်းက သိသာစွာကွဲလွဲသွား၏။ ခုတော့လည်း သူတို့တစ်တွေ ရင့်ကျက်လောက်ကြပြီဟု ထင်မိပါသည်။ ရှိစေတော့။

ME ပြဿနာကား ဆရာဦးသန်းဌေးက စာမေးပွဲအပြီး ဒုတိယနှစ်၏ အခန်းတိုင်းမှာ လိုက်ရှင်းမှ အဆင်ပြေတော့ သည်။ အမှတ်ဖြည့်ပေးပါမည်တဲ့။ ဘာကျန်ခဲ့မှန်းပင် မသိသော ကျွန်တော့်အတွက်လည်း ok ပါသည်ပေါ့ ခင်ဗျာ။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ စာမေးပွဲများစွာကို ဖြတ်သန်းခဲ့ရ၏။ ဒုတိယနှစ် စက်မှု တက္ကသိုလ်သည်ကား ကျွန်တော်တို့ အချင်းချင်းကြားမှာ ပူလောင်လွန်းလှ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ ရလိုမှုများအတွက် ၀န်တိုစိတ်၊ ဒိုင်လျှိုစိတ်များ ပိတ်လှောင်ခဲ့သူများ ဖြစ်ကြ၏။ ကျွန်တော်တို့သည် အမှတ် တစ်မှတ်ကြောင့် ဘ၀ တစ်ခုလုံး ပွန်းပဲ့ သွားမည်ကို ကြောက်ရွံ့ သူများလည်း ဖြစ်ခဲ့ကြ၏။ ဆယ်တန်းသည် ဘ၀အတွက် ပထမစစ်ပွဲဟု ဆိုလျှင် ဒုတိယနှစ် ရန်ကုန်စက်မှု တက္ကသိုလ်သည်လည်း ဘ၀အတွက် ဒုတိယစစ်ပွဲဟု ဆို၍ ရနိုင်၏။ ကျွန်တော် တို့သည် လောဘ၊ ဒေါသ၊ မောဟကြားမှ ထိုဒုတိယစစ်ပွဲကို ကြိုးစား ဖြတ်သန်းခဲ့ရ၏။ ။


ဆူးသစ်
၂၂း၂၀နာရီ
၂၂.၀၄.၂၀၁၁

3 comments:

ငွေလမင်း said...

ကိုဆူးသစ် တို့ကျောင်းတက်တုန်းက ဒုတိယနှစ်မှ မေဂျာခွဲ ကြတာလား ကျနော် တို့ အခုနောက်ပိုင်းတော့ ၁၀ တန်း ရမှတ်နဲ့ မေဂျာခွဲပေးတာ ကျောင်းသားဘ၀ကတော့ ဒီလိုပါဘဲ ကျနော်တို့ကျတော့ Roll No ကို အပြိုင်အဆိုင် ကြိုးစားကြတယ် လျိုကြတယ် တက္ကသိုလ်ရောက်မှ study Guide ခေါ်ကြပြီး စာကိုလုပ်ကြတယ် အခုတော့လဲ အမှတ်တရတွေပေါ့
ခင်မင်စွာဖြင့်
ငွေလမင်း

Angelhlaing(May everybody be happy and healthy! said...

ညီမလေးက စီးပွားရေးနဲ့ ပြိးတာဆိုတော့ သိဘူးအကိုရဲ့ :P
အဟီး..အားကျထှာ...နော်..:):):)
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ညယံ said...

ဟုတ်တယ်နော် ကျောင်းတက်တုန်းက ၀န်တိုစိတ်၊ ဒိုင်လျှိုစိတ်တွေ ကြီးကြဒယ်။ ပြီးတော့ ကျမတို့ က အီကိုကျောင်းဆိုတော့ မိန်းကလေးများတော့ ပိုဆိုးသေးဒယ်။ ညလူခြေတိတ်ချိန်မှ တိတ်တိတ်လေး စာထကျက်တဲ့ လူကရှိသေးဒယ်။ လူမိသွားပြီဆိုမှ အိပ်မပျော်လို့ ပါဟယ်ဆိုပြီး ဖောရှောတဲ့ လူက ရှိသေးဒယ်။ ခုချိန်ပြန်တွေး ကြည့်ရင် တော်တော် ရယ်စရာကောင်းတယ်။
ဘလော့ဂ်ကို အလည်လာတာလည်း ကျေးဇူးနော် :)

Related Posts Plugin for WordPress, Blogger...