စာရေးနေသောလူတစ်ဦးအတွက် အချိန်အားရလျှင် အင်တာနက်မှာ စာများဆက်ရေးနိုင်ဖို့ လမ်းစတစ်ခုကို ကျွန်တော့်ဇနီးက စတင်အသိပေးခဲ့သည်။ ဘလော့ရေး၍ ရသည်တဲ့။ သည်လိုနှင့် အစပျိုးခဲ့ဖူးသည်။
၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်။
စင်ကာပူမှာ အလုပ်လုပ်နေရင်း စာရေးဆရာ ဖြစ်ချင်သော ကျွန်တော့်ကို ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းတစ်ယောက်က ဘလော့စရေးဖို့ အကြံပြုသည်။ တကယ်တော့ စခဲ့ပြီးသား။ သေသေချာချာ မလုပ်ဖြစ်ခဲ့တာသာ ရှိသည်။
သည်လိုနှင့် " အဖြူရောင် လမ်းကလေး " ဆိုသော ဘလော့တစ်ခုကို အင်တာနက်မှာ ကျွန်တော်စတင် အသက်သွင်းခဲ့သည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ( ၂၅ ) ရက်။
တစ်နှစ်သား " အဖြူရောင် လမ်းကလေး " မှာ အထိအခိုက်၊ အပွန်းအပဲ့များရှိသည်။ အားနည်းချက်များ ရှိသည်။ ချစ်သူရှိသည်။ မုန်းသူရှိသည်။ သို့သော် ကျွန်တော် မမှုခဲ့ပါ။ ရှင်းပါသည်။ အဖြူရောင်ဟု ကျွန်တော် နာမည်ယူထားခဲ့ကတည်းက ကျွန်တော့်ဘာသာ သန့်စင်မှုကို သိသည်။ ကျွန်တော်ပေးဆပ်နိုင်သော အရာသည် အားလုံးအတွက် သန့်စင်သောအရာသာ ဖြစ်စေချင်သည်။ ထို့နောက် ကျွန်တော် လူ့လောကကို စွန့်ခွာချိန်တွင်လည်း စာဖတ်သူအတွက် ကျွန်တော်ချန်ထားခဲ့ချင်သည့် အရာသည် ထိုသန့်စင်မှုပင် ဖြစ်သည်။
သန့်စင်မှုနှင့် ကျွန်တော့် ပေးချင်သောဆန္ဒများသည် အဖြူရောင်များသာ။ လမ်းကလေး ကတော့ ရှင်းပါသည်။ လိုအပ်သူ လာလျှောက်လိမ့်မည်။ အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း စသော ခံစားမှုများမှသည် ဘ၀၏ အောင်မြင်တိုးတက်ရာ တိုးတက်ကြောင်းများသည်လည်း လမ်းကလေး ကို ဖြတ်သန်းသွားရင်း ရရှိသွားနိုင်သည်ဟု ကျွန်တော်ထင်သည်။
ထိုအခါ " အဖြူရောင် လမ်းကလေး" သည် ကျွန်တော်မရှိတော့သည့် တစ်နေ့တွင် လူ့လောကထဲ၌ သန့်စင်စွာ တည်ဆောက်ထားသော စာပေအနုပညာ လက်ရာတစ်ခုအဖြစ် တင်ကျန်ခဲ့လိမ့်မည်။ သည်လို ကျွန်တော် မျှော်လင့်မိသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ( ၂၅) ရက်။
ကျွန်တော့် နှလုံးသားဖြင့် တည်ဆောက်ထားသော " အဖြူရောင် လမ်းကလေး" သည်ကား နှစ်နှစ်သား အဖြစ် အရွယ်သစ်ခဲ့ပြီ ဖြစ်သည်။ ထိုအတွက် လမ်းကလေးမှာ ဘာတွေ ဖြစ်ခဲ့သနည်း။ ကျွန်တော့်ဘာသာ ပြန်လည် ရှာဖွေမိသည်။
မှတ်မှတ်သားသား ဖြစ်စရာလေးတွေတော့ " အဖြူရောင် လမ်းကလေး" မှာရှိခဲ့သည်က အမှန်။ ဆူးသစ် ကလောင်အမည်ဖြင့် " ညီလေးဖတ်ဖို့ ရေးတဲ့စာ" ဆောင်းပါး စာစုများကို စာအုပ်တစ်အုပ် အဖြစ် ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက် " မဟတ္တမ ဂန္ဒီ၊ ကျွန်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်း " ဆောင်းပါးကို အစ်မမြသွေးနီ၏ ဘလော့ဒိုင်ဂျက်အတွက် အရွေးချယ်ခံ၊ ဖော်ပြခံခဲ့ရသည်။
ထို့နောက် ကျွန်တော်ရေးခဲ့သော ကဗျာများထဲမှာ ကျွန်တော်အကြိုက်ဆုံး ကဗျာစာရင်းဝင် ကဗျာတစ်ပုဒ် ဖြစ်လာနိုင်သည့် " ဖေဖော်ဝါရီ ဆယ့်သုံးဖွား" ကဗျာကို ရေးဖြစ်ခဲ့သည်။ မည်သည့်မဂ္ဂဇင်းကိုမျှ မပို့သေးဘဲ ကျွန်တော့်ဘလော့အတွက် သီးခြားစတင် ဖော်ပြဖြစ်ခဲ့သည်။
ထို့အပြင် ၂၀၁၂ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဟု ကျွန်တော်ရည်ရွယ်ထားခဲ့သော ကဏ္ဍအသစ်များကို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့သည်။ ပထမဆုံးစခဲ့သည်က " ကျွန်တော် အကြိုက်ဆုံး စာရေးဆရာ " ဆိုသည့် ခေါင်းစဉ်ဖြင့် "ကျွန်တော့် အကြိုက်ဆုံးများ" ကို စတင်ခဲ့သည်။
ထိုတစ်ခုတည်းသာမက။ နောက်ထပ် ထပ်ရေးဖြစ်ခဲ့သည်က နှလုံးသားက ခံစားမှုများကို ပြောပြချင်မိသော " နှလုံးသားက လာတဲ့စာ၊ မေတ္တာပါတဲ့ စကား" ဆိုသည့် စာစုဖြစ်သည်။ ထိုကာလမှာပင် လွန်ခဲ့သော တစ်နှစ်လောက်က အရွေးခံထားရသော " ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက် " ဆိုသော စင်ကာပူ အကြောင်း ရေးထားသည့် ကဗျာတစ်ပုဒ်ကို စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရ၍ ကျွန်တော့်ဘလော့မှာ တင်ဖြစ်ခဲ့သည်။
ရသပိုင်းကို ပေးနေရင်းမှာပင် ကျွန်တော့်အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍လည်း သုတပိုင်းကို ကျွန်တော်ပေးချင်၍ " ဘယ်ဟာက ပထမလဲ " ဆိုသည့် စာစုများကို စတင်ရေးဖြစ်ခဲ့ပါသည်။ ထို့နောက်မှာ ကျွန်တော်နှင့် မရင်းနှီးသူများကို Facebook မှာ ကျွန်တော်တင်ထားသော Status များကို ဖတ်မိစေချင်၍ " Facebook ပေါ်က ကျွန်တော့် Status များ " ဆိုသည့် စာစုအသစ်ကို ထပ်မံတင်ဖြစ်ခဲ့ပြန်ပါသည်။
" အဖြူရောင် လမ်းကလေး" ၏ နှစ်နှစ်တာကာလ အတွင်း ဖန်တီးသူကျွန်တော် နှင့် စာဖတ်သူ မိတ်ဆွေများ အကြိုက်ချင်း တူနိုင်သည့် ပို့စ်မှာ " ကျွန်တော်နှင့် အင်တာနက် အလန်းများ " ဆိုသည့် စာတွဲများ ဖြစ်နိုင်သည်ဟု ကျွန်တော်ထင်မြင်မိသည်။ ပထမနှစ်က အမှတ်စဉ် (၁) သာတင်နိုင်ခဲ့ပြီး ဒုတိယနှစ် ရောက်ခဲ့စဉ်မှာတော့ အမှတ်စဉ် (၂)နှင့်(၃) ကို ကျွန်တော် ဆက်လက်ဖန်တီးနိုင်ခဲ့သည်။ လူဖတ်အများဆုံး ပို့စ်များအဖြစ် ရပ်တည်နိုင်ခဲ့သည်ကတော့ အသေအချာပင်။
ကျွန်တော့်အနေဖြင့် ပို့စ်အသစ်များကို ခေါင်းစဉ်အသစ်၊ အမျိုးအစား အသစ်များအဖြစ် တင်နိုင်ခဲ့သော်လည်း တစ်နှစ်လုံး ပြန်ခြုံကြည့်လျှင် ယခင် ပထမနှစ်က ရေးတင်ခဲ့သလောက်၊ ယခု ဒုတိယနှစ်မှာ ရေးမတင်နိုင်ခဲ့တော့သည်ကို ပြန်လည် သုံးသပ်မိပါသည်။ အကြောင်းမှာ ကျွန်တော့်အသက်မွေးဝမ်းကြောင်း ဖြစ်သည့် စင်ကာပူနိုင်ငံက အလုပ်သည် ယခုအခါ အလုပ်အကျပ်ဆုံးကာလ( Project Peak Hours) သို့ ရောက်ရှိနေခဲ့သောကြောင့်ပင်။
သို့သော် ကျွန်တော်တတ်နိုင်သလောက်တော့ ပေးဆပ်ခဲ့ပါသည်။ တချို့ညများမှာ ကျွန်တော့် အိပ်ချိန်များကို လျှော့ချပြီး ကျွန်တော်တင်ချင်သော ပို့စ်ကို မရောက်ရောက်အောင် စာဖတ်သူများဆီသို့ ပို့ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။
စာရေးကျဲသွားရခြင်း နောက်တစ်ပိုင်းမှာ ကျွန်တော့်အနေဖြင့် ခံစားချက်နှင့်အာရုံ ထပ်တူလာမှသာ စာရေးမည်ဟု ခံယူထားပြီး ရေးချင်စိတ်ပေါ်မှသာ ရေးလေ့ရှိသည်မို့ ပို့စ်အရေအတွက် နည်းလာရခြင်းလည်း ဖြစ်ပါသည်။
မှတ်ချက်များအနေဖြင့် ကျွန်တော့်ဘလော့မှာ သည်နှစ်အတွက် ထွေထွေထူးထူး ပြောစရာ သိပ်မရှိလှ။ ကျွန်တော်ကိုယ်တိုင်လည်း သူများဘလော့ သွားလည်ရန် အချိန်နည်းနေသောအခါ ကျွန်တော့်ဘလော့ကို လာလည်သူလည်း နည်းသွားကာ မှတ်ချက်ပေးသူလည်း နည်းသွားသည်ကို သတိထားမိပါသည်။ သို့သော် ကျွန်တော့်ဘလော့ဆီသို့ ပုံမှန်လာရောက် ဖတ်ရှုပြီး မှတ်ချက်ပေးသူများလည်း ရှိပါသေးသည်။ ထို့ပြင် မည်သည့် မှတ်ချက်မျှ မပေးဘဲ လာရောက်ဖတ်ရှုနေသူများလည်း ရှိနေပါသည်။
မည်သို့ဆိုစေ အားလုံးကို ကျေးဇူးတင်နေမိပါသည်။ သူတို့မရှိဘဲနှင့် ကျွန်တော်၏ " အဖြူရောင် လမ်းကလေး " ဆက်လက်ရပ်တည်ဖို့ မလွယ်ပါ။ ကမ္ဘာအရပ်ရပ်က လာဖတ်နေသည် ဆိုသော အသိကလေးကပင် စာရေးသူ ကျွန်တော့်အဖို့ အသက်ဆက်လက် ရှင်သန်နေသလို ဘလော့အပေါ်မှာ အာရုံကျက်စား၊ ခံစားရသည်မှာ ကြည်နူးစရာပင်။
ထို့ပြင် Facebook ပေါ်မှနေ၍ ကျွန်တော့်စာပေ အနုပညာနှင့် ပတ်သက်၍ အားပေးနေသော သူငယ်ချင်းများလည်း ရှိပါသေးသည်။ သူတို့မပါဘဲနှင့်လည်း " အဖြူရောင် လမ်းကလေး " ဆက်လက် ရပ်တည်၍ မရပါ။ ထိုအတွက် စာဖတ်သူများ၊ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း " အဖြူရောင် လမ်းကလေး " မှနေ၍ ထပ်ခါတလဲလဲ ပြောချင်ပါသည်။
ယခုနှစ်နှစ်သား " အဖြူရောင် လမ်းကလေး " သည် ထိုသို့သော စာဖတ်သူများ၊ သူငယ်ချင်းများ၏ တွန်းအားဖြင့် ရှေ့သို့ ခရီးဆက်ပါဦးမည်။
အတိတ်မှာ ကျွန်တော်ချစ်သော " အဖြူရောင် လမ်းကလေး " သည် ကလေးတစ်ဦးနှယ် ဖြည်းဖြည်းချင်း စမ်းတ၀ါးဝါး လျှောက်ခဲ့ဖူးသည်။ တစ်နှစ်သားမှသည် နှစ်နှစ်သား ဖြစ်လာသောအခါ " အဖြူရောင် လမ်းကလေး " အတွက် သင်ယူစရာ၊ နားလည်စရာ၊ အားတက်စရာများ ရှိလာခဲ့ပြီ ဖြစ်သည်။
ပြင်စရာရှိက ပြင်နိုင်အောင် ကြိုးစားလျက် " အဖြူရောင် လမ်းကလေး " ခရီးဆက်ပါမည်။ " အဖြူရောင် လမ်းကလေး " ကို ဖန်တီးသူ ကျွန်တော့်အနေဖြင့် စာပေ၀ါသနာတည်း ဟူသော အရင်းခံစိတ် တစ်ခုတည်းဖြင့်သာ ကျွန်တော် မသေမချင်း " အဖြူရောင် လမ်းကလေး " ထဲမှာ ဆက်လက် လျှောက်လှမ်းနေပါမည်။
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ကြေကွဲခြင်း စသောခံစားမှုများမှသည် အမျိုးမျိုးသော ရသနှင့် သုတတို့သည် " အဖြူရောင် လမ်းကလေး " ထဲမှာ ဆက်လက် ရှိနေပါဦးမည်။ လိုသူ၊ မလိုသူ၊ ချစ်သူ၊ မုန်းသူ တို့အတွက် " အဖြူရောင် လမ်းကလေး " သည် မုန်တိုင်း ထန်ထန်၊ လေပြည်ညင်းညင်း ရာသီမရွေး ဆက်လက် ရှိနေပါဦးမည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။ ။

ဆူးသစ်
၂၅.၀၉.၂၀၁၂
၁၁း၄၈ နာရီ
8 comments:
အဖြူရောင်လမ်းကလေးကို အရမ်းကြိုက်တယ်။။
သက်ဆုံးတိုင်ရပ်တည်နိုင်ပါစေ။
ဆရာဆူးသစ်ရဲ့ နှလုံးအိမ်လေး၂နှစ်ပြည့်မှ နှစ်ပေါင်းများစွာ အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါသည် ။
အမြဲအားပေးလျက်
လွင်ပြင်လှိုင်းငယ်
ဆက်လျှောက်ဦးမည့်အဖြူလမ်းကလေး
အကြောင်းအားပေးသွားပါတယ်
ရေးထားတာလေး လာဖတ်သွားပါတယ်ရှင်
စာရေးတာကတော့ သမီးတော်တို့လည်း
ဒီလိုပါပဲ စိတ်ပျံလွင့်မှူများရင် မရေးဖြစ်တော့ဘူး ကိုဆူးသစ်ရေးတာလေးတွေက
တော်တော်လေးကို ပတ်ဝန်းကျင် ဗဟုသုတ ရစေပါတယ်
Happy Birthday !!!
Keep going !!
ရေးတတ်လိုက်တာ ဆူးသစ်ရေ။ အဖြူရောင်လမ်းကလေး အချစ်အမုန်းတွေကို အပြုံးနဲ့ တုန့်ပြန်ရင်း စိတ်ဓာတ်နှစ်ပါး ကြည်လင်စွာနဲ့ စာဖတ်သူတို့အတွက် သုတ ရသ စာပေတွေဆက်လက် ရေးသား ဖြန့်ဝေနိုင်ပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆက်လျှောက်ပါ အကို....
ကျွန်တော်တို့လာရောက်ပြီး ဖတ်ရှု့ခံစား လေ့လာသင်ယူနေပါတယ် .......
အကို့စာတွေ ဖတ်ခဲ့ရသမျှ ကျွန်တော့်တို့ ဘ၀ တွေနဲ့ ထပ်တူကျခဲ့တယ် လို့ပြောလို့ရတယ် ဆိုလိုချင်တာက စိတ်ကူးယဉ် မှု့ မပါဘူး ကိုယ့်ပတ်ဝန်းကျင် ပြီးတော့ ကိုယ်မြင်သမျှ လက်တွေ့ချရေးပြနေတာမို့ ကျွန်တော်တို့အတွက် တကယ့်ကို တန်ဖိုးရှိခဲ့ပါတယ် .......
သည်နေကွယ်မယ် ဆိုရင်တောင် ဘယ်တော့မှ မပြယ်မည့် ဆေးသားတွေနဲ့ ဆက်လက် ထုဆစ်သွားနိုင်ပါစေ အကိုကြီး...။
နာမည်လဲပေးတတ်တယ်ကိုဆူးသစ်ရေ
အဖြူရောင်လမ်းကလေး တဲ့လေ
၂ နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ အဖြူရောင်လမ်းလေး
ရှင်သန်ပါစေ
အသိတရားလေးတွေလဲရစေတယ်
ဗဟုသုတတွေလဲ ရစေတယ်
ခင်မင်စွာဖြင့် jasmine
Post a Comment