Wednesday, January 23, 2013

" အိမ်သာ "


ဆရာ နွမ်ဂျာသိုင်း ရေးတဲ့ ' တစ်ခါတုန်းက တက္ကသိုလ်မှာ ' ဆိုတဲ့ ၀တ္ထုကို ဖတ်ဖူးကြမယ်ဆိုရင် အဲဒီ ၀တ္ထုထဲက တက္ကသိုလ်ကျောင်းသား အိမ်သာတက်တာလေးလည်း မှတ်မိကြမယ်ထင်ပါတယ်။ အတိအကျ မဟုတ်ပေမယ့် ကျွန်တော်မှတ်မိတာလေး ပြန်ပြောပါရစေ။

ဇာတ်လမ်းထဲက ဇာတ်လိုက် တက္ကသိုလ်ကျောင်းသား အိမ်သာထဲ ထိုင်ထိုင်ချင်းမှာ နံရံပေါ်မှာ စာလေး တစ်ကြောင်း တွေ့ပါတယ်။ သင့်ရဲ့ ဘယ်ဘက်မှာ ရှိတဲ့ နံရံကို ကြည့်လိုက်ပါ။ ကြည့်လိုက်တော့ ထပ်ပြီး သင့်ရဲ့ ဘယ်ဘက်က နံရံကို ကြည့်လိုက်ပါ လို့ထပ်ရေးပြန်တယ်။ နံရံတွေနဲ့ ခေါင်မိုးပါမကျန် ကုန်ပြီး နောက်ဆုံး သူပြောတဲ့အတိုင်း ကြည့်တာတွေ ကုန်တော့ " သင်ဟာ သူများပြောတိုင်း လိုက်လုပ်တဲ့ အတွက် အရူး " လို့ ရေးထားတာလေးပါ။ 

အဲဒီတုန်းက အဲဒီ ၀တ္ထုကို ဖတ်ပြီး ကျွန်တော်တို့ သဘောကျခဲ့ရဖူးတယ်။ နောက်တော့ ရွှေမန်းသဘင်က ချမ်းသာက အဲဒီ ၀တ္ထုကို ပြဇာတ်ကတော့ ကျွန်တော်ကြည့်ခဲ့ရပါတယ်။ အဲဒီမှာလည်း သရုပ်က ပိုပေါ်တော့ ရယ်ခဲ့ရပါသေးတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာ ၀တ္ထုအကြောင်းထက် အိမ်သာထဲမှာ တက္ကသိုလ် ကျောင်းသားတွေ ဒီလို လက်ဆော့ပါလားလို့ သိခဲ့ရတာကိုပါ။ အဲဒီတုန်းက မှတ်မိနေခဲ့တာက အိမ်သာထဲက ပျော်စရာပါ။ တက္ကသိုလ်ကျောင်းက အိမ်သာဆိုတာ ပျော်စရာ ကောင်းပါလားလို့ပေါ့။

ရန်ကုန်စက်မှုတက္ကသိုလ် တက်တဲ့အချိန်တုန်းက အိမ်သာတွေ အကြောင်းတော့ သိပ်မမှတ်မိပါဘူး။ ဒါပေမဲ့ အလယ်တန်း ကျောင်းသားဘ၀နဲ့ အထက်တန်း ကျောင်းသားဘ၀တွေတုန်းက မိန်းကလေး အိမ်သာထဲ ရောက်ခဲ့ဖူးပါတယ်။ တလွဲတော့ မတွေးပါနဲ့ဦး။ ကျွန်တော်က ငယ်ငယ်လေးကတည်းက စာစီစာကုံး ပြိုင်လေ့ရှိတော့ ကျွန်တော်တို့ မြို့နယ်က မိန်းကလေးကျောင်းမှာပဲ သွားပြိုင်ရပါတယ်။ လူရည်ချွန်၊ သချာင်္ဥာဏ်စမ်း၊ မှတ်ဥာဏ်ပြိုင်ပွဲ စတာတွေကလည်း  အဲဒီမိန်းကလေးကျောင်းမှာပဲ အလုပ်များပါတယ်။ ဒီလောက် ခဏခဏသွားနေရမှတော့ အိမ်သာတော့ ၀င်မိတာပေါ့။ သူတို့ တစ်တွေလည်း ယောကျာ်းလေးတွေနဲ့ သိပ်မကွာပါဘူး။ စုံနေအောင် ရေးထားတာ။

ပြန်စဉ်းစားတော့ အလယ်တန်း၊ အထက်တန်းကျောင်းက အိမ်သာတွေနဲ့ တက္ကသိုလ်အိမ်သာတွေထဲက လက်စွမ်းပြတာတွေက သိပ်မကွာလှပါဘူး။ တချို့ကလည်း ညစ်ညစ်ကမ်းကမ်းတွေ၊ တချို့ကလည်း ပုံတွေ၊ စုံလို့ပါပဲ။

ဒီလိုနဲ့ ကာလလေး တစ်ခုလည်း ကြာလာတော့ အိမ်သာတွေရဲ့ အခေါ်အဝေါ်တွေပါ ပြောင်းလဲလာတာ သတိထားမိပါတယ်။ Rest Room ၊ Comfort Room စတဲ့ နာမည်လေးတွေပါ။ အိမ်သာဆိုတာ အိမ်တစ်အိမ်ရဲ့ အဓိက အရေးပါတဲ့ နေရာဖြစ်သလို ခရီးသွားရင်လည်း တကယ်အရေးပါလို့ အိမ်ခန်းတစ်ခန်းထက်တောင် ပိုပြီး သားသားနားနားရှိလှတဲ့ အိမ်သာမျိုးတွေကို ကျွန်တော်တို့ တွေ့လာရပါတယ်။

နောက်တော့ စင်ကာပူမှာ အလုပ်ထဲရောက်တော့ လုပ်ကွက်ထဲက အိမ်သာတွေမှာ နံရံတွေပေါ်မှာ စာရေးတာမျိုး၊ ပုံဆွဲတာမျိုးတွေ ထပ်ကြုံရပါသေးတယ်။ ပုံဆိုတာလည်း အားလုံးသိတဲ့အတိုင်း အိမ်သာထဲမှာ ဆွဲပြီဆိုကတည်းက ညစ်တီးညစ်ပတ် ပုံမျိုးတွေ များပါတယ်။ အိမ်သာထဲတော့လည်း ဘယ်သူမျှလာပြီး ပန်းချီလှလှ ဆွဲပါ့မလဲလေ။ ဒီတော့ အိမ်သာဆိုတာ ပျော်စရာဖန်တီးသလို လိင်မှု ကိစ္စတွေ ကို စောင်းပေး ဖော်ပြနေတဲ့ နေရာတစ်နေရာလို ဖြစ်နေပါလားလို့ တွေးမိပါသေးတယ်။

ကျွန်တော်ကတော့ ပရောဂျက်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး ပိုစတာပြိုင်ပွဲ လုပ်ရင် ကျွန်တော့် အလုပ်သမားလေးတွေကို ' မင်းတို့ အိမ်သာထဲမှာချည်းပဲ ပုံတွေဆွဲ မနေနဲ့ဦး။ တကယ့်ပိုစတာ ပြိုင်ပွဲလည်း ပြိုင်ကြဦး ' လို့ ပြောပြတော့ လုပ်ငန်းအပ်တဲ့ ကုမ္ပဏီဘက်က ဆောက်လုပ်ရေး အရာရှိတွေက ရယ်ပါတယ်။ 

အဲဒီအရာရှိတွေလည်း သိနေတာကိုး။ အလုပ်သမားတွေက အိမ်သာထဲမှာ ဖုန်းနံပါတ်တွေရေးပြီး သူတို့နဲ့ ပတ်သက်ခဲ့ဖူးတဲ့ တခြားနိုင်ငံက ကောင်မလေးတွေရဲ့ ဖုန်းပါ၊ ဆက်သွယ်လို့ ရပါတယ် ဆိုပြီးရေးကြတော့ အိမ်သာကနေ ဆက်သွယ်ရေးရုံး ပုံစံပေါက်နေပါသေးတယ်။ ဒီလိုဆိုတော့လည်း အိမ်သာက အပျော် ဖန်တီးတဲ့ နေရာ၊ လိင်မှုကိစ္စ ဖော်ပြတဲ့ နေရာ တစ်ခုထက် ပိုလာပြီး ဆက်သွယ်ရေးအတွက် ကြားခံနေရာ လို ဖြစ်လာတယ်လို့ ကျွန်တော် ထင်မိပြန်ပါတယ်။

နောက်တော့ အဲဒီလိုပုံတွေဆွဲ၊ ဖုန်းနံပါတ်တွေရေးရာကနေ နောက်ဆုံးမှာတော့ သူတို့ မကျေနပ်တဲ့၊ သူတို့ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကိုရော၊ လုပ်ငန်းရှင်ကုမ္ပဏီ နာမည်ကိုရော ချရေးပြီး အားရပါးရ ဆဲထားတာ တွေ့တော့ အဲဒီလိုဆိုတော့လည်း အိမ်သာဆိုတာ ဗိုက်ထဲက လွယ်မထားချင်တာတွေ လွှတ်ချတဲ့ နေရာဖြစ်ရုံသာမက ရင်ထဲက သိမ်းထားလို့မရတာတွေကိုပါ ဖွင့်အံထုတ်တဲ့ နေရာပါလားလို့ သိလိုက်ရပါတော့တယ်။          ။

သားလတ်
၁၀း၅၆ နာရီ
၂၃.၁.၂၀၁၃


4 comments:

မိုးနတ်ကြယ်စင် said...

အကို့ ဘ၀လေးထဲကနေကြုံရတဲ့ အကွေ့လေးတွေမှာ
တွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ဟိုအရင်က
အကြောင်းလေးတွေနဲ့ နှိုင်းယှဉ်လို့ ဟာသစွက်
အသိပညာဖက် တွေးစရာလေးရေးထားတာ
တကယ်ကို ဗဟုသုတရခဲ့ပါတယ် အကိုတော်
တွေးစရာတွေနဲ့ ရေးဟန်ပေါ့ပေါ့ကြားမှာ
ပျော်ဝင်စီးမြောခဲ့ပါကြောင်းးးးးးးးးးးးးးးးးး :)
ခင်တဲ့....မိုးနတ်

3rdthameetaw said...

ကိုဆူးသစ်ရေ ကျောင်းအကြောင်းလေးတွေက
ပြောမကုန်ဘူးနော် သတိရစရာတွေများနေပြီလား

အလွမ်းမြို့ said...

အားပေးသွားတယ်။ ပိုစ့်စဖွင့်တော့ အိမ်သာပုံလေး မြင်တော့လန့်သွားတယ်။နောက်ပိုင်း
အဆုံးလေး ဖတ်လို့ပိုကောင်းလာပါတယ်။


ခင်တဲ့
အလွမ်း

နွေတေးရှင် (မင်းဧရာ) said...

ဖတ်ရင်းနဲ့ ပြုံးမိသွားတယ် အစ်ကို....
တစ်မျိုးမတွေနဲ့ ဦးဆိုတဲ့ နေရာပေါ့။

အိမ်သာတွေကတော့ အမျိုးမျိုးအဖုံဖုံ ကို အသုံးချခံနေရတယ်ထင်ပါ့ အစ်ကိုကြီးရာ။

Related Posts Plugin for WordPress, Blogger...