Tuesday, January 8, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၇ )


 +    လူတော်တော်များများကပြောကြသည်။ Over Sea မှာ အလုပ်လုပ်သည်တဲ့။တော်တော်ကိုဂုဏ်ယူကြပုံ ရသည်။ နိုင်ငံခြားသွားတာနှင့်ကို Over Sea သွားသည်ဟုဆိုကာကြွားလို့မဆုံး။ ထိုသို့ပြောကြကြေးဆို ကျွန်တော့်ကို မည်သူမျှ မီမှာမဟုတ်။ သူတို့ပြောသည့်Over Seaကိုနေ့တိုင်းချည်းသွားနေတာဖြစ်သည်။ ဘူကုန်းကျွန်းကိုရောက်ဖို့ Pasir Panjang ကနေ သင်္ဘောစီး၍ ပင်လယ်ဖြတ်ကာ အလုပ်ဆင်းနေ သည်မှာနေ့တိုင်း။ ဘာပြောကောင်း မည်နည်း။ ပင်လယ်ဖြတ်မှတော့ ထိုသို့သွားနေခြင်းကို Over Sea သွားသည်ဟုသာဆိုရပေမည်။ ( ဇွန်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် )

+ ငယ်ငယ်ကမိုးရွာလျှင် ဟုတ်ဟုတ် မဟုတ်ဟုတ် ပျော်သည်။ လမ်းထဲမှာ ကော်ဘောလုံး ဆင်းကန်ဖြစ် ကြ၏။ ထို့ကြောင့် မိုးကိုမျှော်သည်။ ၀န်ထမ်းဘ၀ရောက်တော့ အပြင်ကို အလုပ်ကိစ္စ သွားစရာ ရှိလျှက် မသွားချင်လျှင် မိုးရွာပါစေ ဆုတောင်းကာ မိုးရွာလျှင် ရုံးမှာသာ ထိုင်နေခဲ့ဖူးသည်။ ထို့ကြောင့် မိုးကိုမျှော်သည်။ စင်ကာပူမှာ အလုပ်လုပ်ရသည့်အခါ ကျွန်းပေါ်မှာသာ လုပ်ရသည်ကများ၍ နေပူလွန်းသည်။ စင်ကာပူရာသီဥတုကိုက ပူတတ်သည့် သဘောရှိသည်။ အလုပ်ထဲမှာတော့ မိုးရွာလျှင် အလုပ်နာရသည်။ ရာသီဥတု အပူသက်သာသည်။ ထို့ကြောင့် မိုးကိုသာ မျှော်မိခဲ့သည်။ လွန်ခဲ့သည့် သုံးလေးပတ်လောက် ကတည်းက ပျောက်ချင်းမလှ ပျောက်သွားသောမိုးသည် မနေ့တစ်နေ့က ဖွဲခနဲ ခဏပေါ်လာပြီး သည်နေ့ကျမှ အငြိုးနှင့်ရွာတော့သည်။ ငယ်ငယ်က ကလေးဘ၀လိုပင် မိုးရွာတော့ ပျော်ရပြန်သည်။ အပူသက်သာသည်က တစ်ပိုင်း၊ အလုပ်နားရသည်က တစ်ပိုင်း။ ကလေးဘ၀လို လွတ်လွတ် လပ်လပ် ပျော်ရခြင်းမျိုးတော့ မဟုတ်။ လူကြီးပျော်လေး ပျော်ရတာ ဖြစ်သည်။ ကိုယ့်ဘာသာ လည်း တွေးပါသည်။ တစ်သက်လုံး မိုးမျှော်ရခြင်းက မလွတ်နိုင်သူ ဖြစ်နေပါလားဟု။ ( ဇွန်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် )

Facebook ကြီးက ပို့သောမေးလ်များ ၀င်လာသည်ကို တွေ့၍ ယခုပင် ကောက်ကာငင်ကာ ဖတ်ကြည့်လိုက်သည်။ သူငယ်ချင်းနှစ်ယောက်မွေးနေ့ လာမည့်အပတ်မှာ ရှိသည်တဲ့။ တစ်ယောက်က မိန်းကလေး။ သူကတော့ အသက်က အမှန်။ နောက်တစ်ယောက်ကကျတော့ ယောကျာ်းလေး။ သူ့အသက်ကြည့်မိတော့ မြတ်စွာဘုရားဟု တမိသည်။ ၁၀၂နှစ်တဲ့။ တော်တော် ကျန်းမာတဲ့ကောင်ဟု တွေး လိုက်သည်။ သူ့မွေးနေ့ကျမှ နောက်ရဦးမည်။ ကျန်းမာရေးဂရုစိုက်ဟု။ ( ဇွန်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် )

+             ဂျပန်ကဗျာများကို ဖတ်စဉ်ကာလက ကဗျာတစ်ပုဒ်ကို မှတ်မှတ်ရရ ဖြစ်နေ ခဲ့ဖူးသည်။
" ချစ်သူလက်မောင်းမှာ
ခေါင်းအုံးပြီး အိပ်မိတဲ့နေ့ကစပြီး
ငါ့ဆံပင်တွေ မညှပ်တော့ဘူး "
ဆိုသည့်ကဗျာ......။
မနေ့က City Hall မှာ ဆံပင်သွားညှပ်မိသည်။ ဇနီးသည်ကိုလွမ်းသော်ငြား ကိုယ့်အလုပ်နှင့် မသင့်တော်၍ ညှပ်လိုက်ရခြင်း ဖြစ်သည်။ ကျန်ရှိနေသော ဆံပင်များဖြင့် လွမ်းခြင်းကို အမှတ်တရတော့ ရှိစေမည် ဖြစ် သည်ဟု ယုံ၏။
( ဇူလိုင်လ ၁ ရက်၊ ၂၀၁၂ ခုနှစ် )

+        လွန်ခဲ့သည့် နှစ်များစွာက ဒေါက်တာရဲနိုင် ဆိုသည့် စာရေးဆရာ ရေးသော" အနောက်ကိုရွှေ့ အရှေ့ကိုမျှော် " ဆိုသည့် ၀တ္ထုကို တော်တော်နှစ်သက်ခဲ့ဖူးသည်။ ထိုအထဲကမှ ဆေးရုံပေါ်မှာ လမ်းလျှောက်နေသော ဆရာဝန် တစ်ယောက်၏ခြေလှမ်းသည် နှေးလွန်း၍ ထိုဆရာဝန်သည် မြန်မာဖြစ်ရ မည်ဟု ကောက်ချက်ချထားသည်ကို ဖတ်ရသည်။ အပြင်ကလူများ အမြင်နှင့်ပါ။ စင်ကာပူကဟု ဆိုထားသည်။ သိပ်မကြိုက်ချင်။ ကျွန်တော်က မြန်မာဖြစ်နေသည်ကိုး။ သည်နေ့ညနေ ကျွန်တော် တစ်ယောက်တည်း ဘူတာရုံပေါ်က တံတားမှာ လမ်းလျှောက်စဉ် ရှေ့မှာနှေးကွေးစွာ လမ်း လျှောက်နေသော လူများစွာကိုကြုံရသည်။ ခိုင်ထူးသီချင်းကို စိတ်မှာအာရုံနှစ်ရင်း " အားလုံး ကို ကျော်ဖြတ် ရမယ် " ဟု စိတ်ကိုတင်းကာ ကျော်ဖို့ကြိုးစားကြည့်သည်။ မရ။ ယဉ်ကျေးသည်ဟု ဆိုရလောက်သော Excuse me လေးရှိလို့သာ။ နောက်မို့ဆို  အားလုံးကို တွန်းထိုးပြီးသာကျော်တက် လိုက်ချင်တော့သည်။ တကယ်တော့ ဒေါက်တာရဲနိုင်၏ စကားလုံးများက လွန်ခဲ့သော နှစ်များစွာက။ ယခုတော့ဖြင့် ကျွန်တော်ပြန်ပြောင်းချင်သည်။ ဘူတာရုံပေါ်မှာ လမ်းလျှောက်နေသည့်အလွန်မြန်သော ယောကျာ်း တစ်ယောက်သည် မြန်မာ တစ်ယောက်ဖြစ်သည် ဆိုတာမျိုး။ ကိုယ့်အမြင်နှင့် ကိုယ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ရှေ့မှာ လျှောက်နေသည်မှာ စလုံးများဖြစ်နေ၍ပင်။ ( ဇူလိုင်လ ၂ ရက်၊ ၂၀၁၂ ခုနှစ် )

+            လူတိုင်း တစ်ရာ ရာခိုင်နှုန်းပြည့်ဝဖို့ ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်ဟု ကျွန်တော် လက်ခံ ထားသည်။ ကျွန်တော်လည်း ဘယ်တော့မှ Perfect ဖြစ်သူမဟုတ်။ ကိုယ်က သူများကို လက်ညှိုး တစ်ချောင်း ထိုးလျှင် ကိုယ့်ဘက်ကို လက်သုံးချောင်းလောက်က ပြန်ထိုးနေတတ်တာ သတိထားဖြစ်၏။  ( ဇူလိုင်လ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၂း၃၈ နာရီ
၈.၁.၂၀၁၃

6 comments:

လင်းခေတ်ဒီနို said...

နှစ်ဆန်းတစ်ရက်နေ့မှာ ဆံပင်ညှပ်တာတော့ ကောင်းတာပဲ . . .း)

လင်းခေတ်ဒီနို said...

နှစ်ဆန်းတစ်ရက်နေ့မှာ ဆံပင်ညှပ်တာတော့ ကောင်းတာပဲ . . .း)

ပွင့်မြုးဇင် said...

Add me on FB, bro.. I use my real name Pwint Myue Zin :)

မိုးနတ်ကြယ်စင် said...

၅ ပုဒ်မြောက်ကို ကြိုက်တယ်ဗျို့..ဒီလိုပဲဖြစ်ရမယ်လေ
တကယ်က စာရေးသူရဲ့ ရင်ဘတ်ထဲက
အပိုင်းအစအားလုံးကို ဆက်စပ်ပြီး
သေချာခံစားခဲ့ကြောင်းပါ.....:)
ခင်မင်နေလျက်....မိုးနတ်

Aunty Tint said...

အမှတ်တရ မှတ်တမ်းလေးတွေ သိမ်းဆည်းတတ်တဲ့ အကျင့်ကောင်းလေး သဘောကျတယ် ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဆရာဆူးသစ်ရဲ့ အမှတ်တရတွေကို
အမှတ်ရရဖတ်ခွင့်ရလို့ကျေးဇူးပါနော်

Related Posts Plugin for WordPress, Blogger...