Thursday, February 28, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " (၂)


ကျွန်တော် မြန်မာပြည်ကို ခဏပြန်တိုင်း ဆောင်းပါးများ ရေးလေ့ရှိသည်။ ကျွန်တော်ရေးသည်များကို ဖတ်ပြီး အကောင်းမြင်မှု နည်းသည်ဟု မထင်စေချင်။ ကျွန်တော့်စိတ်က ကျွန်တော်တို့ မြန်မာပြည်ကို အကောင်းချည်း ဖြစ်စေချင်သည်။ မဖြစ်သေးလျှင်လည်း ဒါလေးတွေတော့ဖြင့် ကျွန်တော် သည်လိုမြင်မိသည် ဆိုပြီး ချပြခြင်းပင်။ ပြီးတော့ မြန်မာပြည်အပြင်မှာ နေပြီး မြင်မိသောအမြင်များက ဘ၀င်မြင့်၍ မြင်သောအမြင် မဟုတ်။ တကယ်အရိုးခံနှင့် သူများနိုင်ငံမှာ ကောင်းနေသည်များကို ကျွန်တော်ချစ်သော မြန်မာပြည်ထဲမှာ ပြောင်းသွားစေချင်၍ပင်။

ကျွန်တော် မြန်မာပြည်ရောက်ခိုက် ပထမဆုံး အပတ်မှာ ကျွန်တော့်အိမ်အတွက် လိုအပ်သော ပရိဘောဂ ပစ္စည်းများ လိုက်ဝယ်ဖြစ်သည်။ ကျွန်တော့်ဇနီးသည်က ခွင့်ယူထား၍ အိမ်အတွက် လိုအပ်သော ပစ္စည်းများကို လိုက်ဝယ်ကြသည်။ ပထမဆုံး ယုဇနပလာဇာမှာ ဆက်တီ၊ တီဗွီစင် စသည်ဖြင့် လိုက်ရှာကြ၏။ ထိုနေ့က တနင်္လာနေ့ဖြစ်သောအခါ မြေညီထပ်က ပိတ်၏။ ကျွန်တော်ပင် အလုပ်သမား ဥပဒေကို သွားသတိရမိသေးသည်။ တစ်ပတ်တစ်ရက်ပိတ်လျှင်ပိတ်၊ မပိတ်လျှင် အလှည့်ကျနားသည့် စနစ်ဆိုတာမျိုး ဥပဒေမှာ ပြဋ္ဌာန်းထားသည်။ ( ယခု ကျွန်တော်ပြန်လာပြီးမှ ထိုမြေညီထပ်များ တစ်ပတ်တစ်ရက် မပိတ်တော့သောကြောင့် ဆန္ဒပြကြသည်ဟု သတင်းထဲမှာ ဖတ်ရသည်။ )

ကျွန်တော်နှင့် ကျွန်တော့်ဇနီးက အပေါ်ထပ်ကို တက်ပြီး ပရိဘောဂဆိုင်များကို ပတ်ရှာသည်။ ပထမဆုံးဆိုင်ကို ကြည့်တော့ ဆက်တီစားပွဲ၊ ဆိုဖာထိုင်ခုံများကို သဘောကျမိသည်။ ကျွန်တော် တို့ နှစ်ယောက်စလုံး အကြိုက်တူသည်။ သို့သော် အခန်းနှင့် သင့်တော်မတော်၊ အရွယ်ကို တိုင်းမလာ၍ နောက်နေ့မှ ပြန်လာရန် ရည်ရွယ်ရသည်။ ထိုဆိုင်က ကလေးမလေးများ၊ အရောင်း ၀န်ထမ်းများ အားလုံးက တက်ညီလက်ညီ ၀ိုင်းရှင်းပြသည်။ ပြီးတော့ အခန်းနှင့် စားပွဲ၊ ဆိုဖာအရွယ် မကိုက်မိမှာ စိုး၍ အတိုင်းများကို သေသေချာချာ တိုင်းပြပြီး အိမ်က အခန်းကို ပြန်တိုင်း၍ ခန့်မှန်းနိုင်အောင် အကြံပေးသည်။ အခန်းအကျယ်ကို သေသေ ချာချာ သိမှ ၀ယ်ပါဟုလည်း အကြံပြုပြန်သည်။

ကျွန်တော် သဘောကျသွားသည်။ ဇနီးသည်လည်း အတူတူပင်။ သဘောမကျလျှင် ခံနိုင်ရိုးလား။ ဆိုင်ဝန်ထမ်းလေးများ ဈေးဝယ်သူကို ဂရုစိုက်ပုံက သဘောကျစရာ။ ရန်ကုန်မှာ ဈေးဝယ်လျှင် တချို့ဆိုင်က ၀ယ်သူကို မသိချင်ယောင်ဆောင်သည်။ တချို့ကျတော့ ရွှန်းရွှန်းဝေအောင်ပြော၍ ထက်ကြပ်မကွာ လိုက်ပြီး ဆိုင်က ပစ္စည်းကို ၀ယ်သူက အလစ်သုတ်မှာမို့ စိတ်မချဟန် လိုက်ကြည့်သည်လည်း ရှိသည်။ ကျွန်တော်တို့က ထိုနှစ်ခုကြားမှာ နေသူကို သဘောကျသည်။ လုံးဝ ဥပေက္ခာလည်း မပြု။ ၀ယ်သူကို အလွန်အကျွံလည်း ဂရုစိုက်ဟန် မပြ။ ဈေးရောင်းသူ တစ်ဦးက ဈေးဝယ်သူ တစ်ဦးကို ထားအပ်သော အပြုအမူကိုသာ သဘောကျသည်။ ယခု ဆိုင်က ထိုအချက်နှင့် ကိုက်ညီသည်။ စိတ်ရှည်လက်ရှည်လည်း ရှင်းပြသည်။ မယုံသင်္ကာ အပြုအမူလည်း မရှိ။ ဥပေက္ခာလည်း မပြု။ အ၀ယ်မှားမှာ စိုး၍ သတိပင်ပေးလိုက်သေးသည်။

နောက်နေ့မှာ အိမ်က ဧည့်ခန်းကို တိုင်းပြီးမှ ပြန်လာမည် ပြောပြီး ဆိုင်ကထွက်တော့ ကျွန်တော်တို့နှစ်ယောက် ဆိုင်ဝန်ထမ်းလေးများ၏ စေတနာနှင့် သွက်လက်ချက်ချာပုံကို ပြောဖြစ်သည်။ သည်လိုနှင့် ရှိသမျှ အထပ်များကို ပတ်ပြီးနောက်မှာတော့ ကျွန်တော်တို့ သဘောကျခဲ့သည့် ပထမဆုံး ဆိုင်မှာသာ ၀ယ်ရန် သဘောတူခဲ့ကြသည်။ အကြောင်းကလည်း ရှိသည်။

တစ်ဆိုင်လောက်သာ ကျွန်တော်တို့လင်မယား ဆိုင်ရှေ့ကဖြတ်စဉ် လေးလေးစားစား မေးရှာသည်။ ထိုဆိုင်ကိုပါ သဘောကျ၍ ၀င်ကြည့် ဖြစ်ခဲ့သေးသည်။ တခြားဆိုင်များကတော့ တချို့ဆို အရောင်းဝန်ထမ်း ကောင်မလေးများက ထိုင်ရာကပင် မထ။ သူတို့ ကိစ္စနှင့် သူတို့ ရှုပ်နေလေသည်။ ရှုပ်သည် ဆိုခြင်းမှာ အလုပ်ကြောင့် မဟုတ်။ တခြား ကိစ္စများပင်။

တချို့ဆိုင်ကျတော့လည်း ၀ယ်မှာလည်း မဟုတ်ဘူး ဆိုသော မျက်နှာပေးဖြင့် ကြည့်သည်။ ဒါတောင် ကျွန်တော်တို့ လင်မယားက လူမြင်သင့်တော်သည့် အ၀တ်များ၊ လူလေးစားမှုရှိပြီး တင့်တယ်သည့် အ၀တ် ၀တ်သွားပေလို့သာ တော်တော့သည်။ ကလေကချေလို တွေ့သည့် အ၀တ် ကောက်ဝတ်ကာ ထွက်သွားပြီး ဆိုင်ရှေ့လျှောက်လျှင် မျက်နှာ အရှုံ့တောင် ခံရနိုင်သည်။ အရောင်းဝန်ထမ်း တို့၏ သဘောသဘာဝကို မကျေညက်သည်လား။ ဆိုင်ရှင်နှင့် မန်နေဂျာတို့ကပဲ မသင်ပြလေသလား။ သူတို့ကိုယ်တိုင်ကပဲ လေ့လာမှု အားနည်းလေသလား။ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေ ဆိုသည့် သဘောပဲလား။ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ ရောင်းရမှာပဲ ဆိုသည့် သဘောလား စသည်ဖြင့် ကျွန်တော် အတွေးဝင်မိသေးသည်။

ထူးခြားချက် တစ်ချက်က ဆိုင်တိုင်းလိုလို ဆယ်ရာခိုင်နှုန်း အထူးလျှော့ဈေးဟု ဆိုကြသည်။ ဒါကတော့ ကျွန်တော်တို့လည်း ရိုးခဲ့လေပြီ။ အားလုံးက တစ်ညီတည်း ညှိထားပြီးသား။ တင်ပြီးသား ဈေးကို ဆယ်ရာခိုင်နှုန်း ပြန်လျှော့ပြီး သူတို့အမြတ်ကို ပုံမှန်ရအောင် ပြန်လုပ်သော နည်းများ။ ဆိုင်ကွာသည်။ လူကွာသည်။ သို့သော် အားလုံး မူကတော့ အတူတူဟု ကျွန်တော်တွေးမိသည်။

မည်သို့ဆိုစေ နောက်နေ့မှာလည်း ကျွန်တော်တို့ လင်မယား ပထမနေ့က ကြည့်ထားသော ဆိုင်သာ ၀င်မေးရင်း ဈေးဖြတ်ခဲ့တော့သည်။ ကျွန်တော်တို့ လင်မယားသည် ထိုသို့ ဈေးဝယ်ပြီးသော အခါ လျှောက်သွားခဲ့ကြ၏။ Junction Maw Tin နှင့် ရွှေပုဇွန် သို့ရောက်သည်။ ဇနီးသည်နှင့် ရုပ်ရှင်ကြည့်သည့်အခါ စင်ကာပူက Jurong Point တို့၊ ဘာတို့မှာ ရှိသည့် Golden Village ပုံစံမျိုး၊ ကိုယ်ကြိုက်သည့်ကား ၀င်ကြည့်ပုံစံမျိုး တွေ့ရသည်။ တရုတ်ကား တစ်ကား ၀င်ကြည့်ဖြစ်၏။

ကျွန်တော် တော်တော်စိတ်ပျက်မိပါသည်။ ရုပ်ရှင်က 3D တရုတ်ကား။ ရုံကလည်း ကောင်းပါသည်။ အသံလည်း ကောင်းသည်။ မကောင်းသည်က ကျွန်တော်တို့ မြန်မာများ။ စာတမ်းတစ်ခု တက်လာသည်။ နိုင်ငံတော် အလံကို အလေးပြုဖို့။

စဉ်းစားသာ ကြည့်ကြပါတော့။ ကိုယ့်နိုင်ငံတော် အလံကို အလေးပြုဖို့ ပြန်နှိုးဆော်နေရသည့် ကျွန်တော်တို့ မြန်မာများ။ ပြီးတော့ နိုင်ငံတော် သီချင်းဆုံးအောင်ပင် မစောင့်နိုင်ကြ။ ပြန်ထိုင်ကြသည်။ ဘာဖြစ်လို့လဲ စဉ်းစားကြည့်သည်။

ရုပ်ရှင် တစ်ကားလုံးတောင် ဖင်ပူအောင်ကြည့်နိုင်ပြီး နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်ရပ်၊ အလေးပြုဖို့ ခက်နေကြသည့် မြန်မာများကို ကျွန်တော် ရုပ်ရှင်ရုံထဲမှာ တွေ့ခဲ့ရသည်။ ကျွန်တော်နှင့် ဇနီးသည်ကတော့ နိုင်ငံတော်သီချင်း ဆုံးသည်အထိ မတ်တတ်ရပ်သည်။ ကျွန်တော်တို့လို တချို့လူငယ်များလည်း ရှိသည်။ လူငယ်တော်တော်များများကတော့ ထိုသို့ သီချင်းဆုံးအောင် မတ်တတ်ရပ်ရသည်ကို ရှက်သည်ထင်သည်။ ကျွန်တော်တို့ ဘေးက မိသားစုကလည်း ထိုင်တာ မြန်သည်။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံတော် အလံကို ကိုယ်အလေးပြုသည့် အနေဖြင့် မတ်တတ်ရပ်တာ ဘာမျှ မရှက်နိုင်။ ဘာကို ရှက်ရမည်နည်း။ သီချင်း ဆုံးမှထိုင်သည်။

ရုပ်ရှင်ပြတော့ နိုင်ငံတော် အလံကို သီချင်းအဆုံးထိ စောင့်ပြီး အလေးမပြုချင်သည့် မိသားစု ဘက်က နိုင်ငံခြား ဆိုသော အသံများကို မိုးမွှန်အောင် ကြားရသည်။ ကျွန်တော် တော်တော် အော့နှလုံး နာမိသည်။ ကိုယ့်နိုင်ငံတော် အလံကို အလေးမပြုချင်ကြဘဲ နိုင်ငံခြားဟု အော်နေသော မြန်မာများ ကျွန်တော်တို့ နိုင်ငံမှာ မည်မျှ ရှိနေသည် မသိ။

ကျွန်တော် ရောက်နေသော ထိုစူပါမတ်ကက်ကြီးထဲက ဆိုင်များကလည်း နိုင်ငံခြား တံဆိပ်ပေါင်းစုံဖြင့် တင့်တယ်နေသည်။ ထိုနိုင်ငံခြား တံဆိပ်၊ နိုင်ငံခြားကို အထင်ကြီးသော မြန်မာများကြားမှာ ကိုယ့်နိုင်ငံတော်အလံကို အလေးပြုဖို့ ရှက်တတ်လာကြသည်လား။ နိုင်ငံတော် အလံကို အလေးပြု ရန်ပင်' နိုင်ငံကြီးသား ပီသစွာ နိုင်ငံတော်အလံကို အလေးပြုကြပါရန် ' ဟု ကြေငြာရသည်တဲ့လား။

ရုပ်ရှင်ရုံက အထွက်မှာတော့ ကျွန်တော့်စိတ်ထဲ စက်ဆုပ်စွာဖြင့် နိုင်ငံတော် အလံကို အလေးပြုရန် ၀န်လေးရှက်ရွံ့တတ်သော မြန်မာများ၊ နိုင်ငံခြားကိုမှ အထင်ကြီးသော မြန်မာများ အကြောင်း ကျွန်တော့် ဇနီးကို ရင်ဖွင့်မိခဲ့ပါသေးသည်။

ဆူးသစ်
၂၃း၂၀ နာရီ
၂၈.၂.၂၀၁၃

( ဆက်ပါဦးမည် )


4 comments:

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးး
ညလေးတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး
အကိုရယ်....ခေတ်ကြီးကလဲ ဘာတွေဖြစ်နေမှန်း
တောင် လိုက်လို့မမှီတော့ဘူးရယ်.....:(((
ဆက်ပါအုံးနော် အကိုတော်...
ညလေးနဲ့ အမြင်ချင်းထပ်တူကျသူမို့ လေးစားစွာနဲ့
အကို့အရေးအသားလေးတွေကို မျှော်နေမိပါကြောင်းးးး
:))))
ခင်မင်လေးစားလျက်
မိုးနတ်

mypersonalspace said...

ငယ်ငယ်က ကျောင်းမှာ ကျောင်းအုပ်ကြီးက assembly မှာ ပြောဖူးတယ် တိုက်ဆိုင်လို့များ ရုပ်ရှင်ရုံမှာတွေ့ရင် နိုင်ငံတော်အလံကို အလေးမပြုတာ ငါ့ကျောင်းကကျောင်းသားဆိုရင် နေရာမှာတင် ဆွဲထိုးမယ်တဲ့

Han Kyi said...

ဒါ အကင်းပဲ ရှိသေးတယ် ကိုဆူးသစ်...မြန်မာပြည်သားဖြစ်ရတာကို အရှက်ကြီးရှက်နေတဲ့လူတွေက တပုံကြီးရှိသေးတာရယ်...ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းရာကျမှာစိုးလို့ အသာမြုံထားရပါရဲ့...

ထစ်ခနဲရှိရင် ကိုယ့်နိုင်ငံမကောင်းကြောင်း အသုံးမကျကြောင်း ပြောဖို့ပဲ ချောင်းနေကြတာကလား...ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်အလုပ်ကို ကျေပွန်အောင်လုပ်မယ်ဆိုတဲ့လူမျိုးတွေ့ရင် ဘုရားစင်ပေါ်တင်ပြီး ကိုးကွယ်ရတော့မယ် ထင်ပါရဲ့...

နိုင်ငံတကာက ၀င်လာရင် သည့်ထက်ပိုဆိုးတာတွေ မြင်ရပါဦးမဗျား...း(

အမ်တီအန် said...

ရန်ကုန်ခရီးကဆောင်းပါးက စိတ်ဝင်စားစရာ.. ဆက်လက်စောင့်ဖတ်ပါဦးမည်..

Related Posts Plugin for WordPress, Blogger...