Saturday, September 25, 2010

"ပိတောက်တစ်ကိုင်း"


ခက်လက်မပါ
ရွက်မဖြာပဲ၊ ပွင့်ဝါမရှိ
ပကတိတိုင်း၊ တစ်ကိုင်းပိတောက်။

မိုးဒဏ်လေဒဏ်
နေဒဏ်နှင်းဒဏ်၊ ကြံ့ကြံ့ခံရင်း
သဏ္ဍာန်ပြောင်းလဲ၊ ကြာရှည်ဆဲမှာ
ခက်လဲ(လည်း)ဝေဖြာ၊ ရွက်ဝါပြူဝင့်
ကြွားကြွားဆင့်လို့၊ မြင့်၍တက်လာ
ဖုထစ်ပါလို့၊ လေမှာမတ်တတ်
နေမှာရပ်လို့၊
မိုးတပ်ချီဆဲ၊ သူမလဲရင်း
နှင်းတပ်ချီဆဲ၊ သူမလဲရင်း
အားတင်း၍သာ၊ နေခဲ့ပါ၏။

နွေလမ်းတစ်ရပ်
မတ်တတ်ထိုပင်၊ အေးရိပ်ဆင်လျှက်
ရွှေစင်ပွင့်ဝါ၊ ရနံ့ဖြာလျှက်
လေမှာပျံ့အေး၊ လူတိုင်းမွှေးတော့
ဘေးမှမြင်သူ၊ ရင်ပူအေးချမ်း
လက်တို့လှမ်းပြီး
နမ်းဆဲသူမြင်၊ သူ့ရင်ကြည်နူး
သူ့ဖူးသူဆင်၊ သူပင်ပျော်မြူး
နေခဲ့ဖူးသည်
နှစ်ဦးဆိုလျှင် ရွှေရောင်တွေ ဝေသည်တကား။ ။

သားလတ်


(၁၉၉၅ခုနှစ်-ဧပြီလ၊ ပွင့်ဦးမဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...