Saturday, September 25, 2010

"ချစ်ခြင်းများစွာဖြင့်"

ကြည့်စမ်းပါဦး
အပြုံးမပျက်၊ ခရီးဆက်ကာ
အသက်ရှည်သမျှ
အခက်ပွေကြလည်း
(သူမကတော့...........)
အရှက်တွေနဲ့လှဆဲပင်။

၇၅-နှစ်
ချစ်ချစ်စရာ၊ ကာလကျော်ဖြတ်
မားမားရပ်လို့၊ မပြတ်သမုဒယ
ခွဲခွာကြသူ၊ မျှယူခံစား
အဆွေးတွေကြားထဲ
ဝေးနေငြားလည်း ချစ်ဆဲပင်။

နွေထဲဆိုလျှင်
ရော်ကျင်ညှိုးခြောက်၊ သစ်ခေါက်သစ်ရွက်
ပင်ထက်မှကျ၊ ထိုခဏတောင်
သူမအလှ မကွယ်ဝှက်။

မိုးထဲဆိုလျှင်
ရေစင်ဆွတ်ဖျန်း၊ တက်ကြွလန်းလို့
ပန်းတို့လည်းလှ၊ သူလည်းလှလို့
သူမအလှ မဖုံးကွယ်။

ဆောင်းထဲမှာလည်း
အမြဲအေးချမ်း၊ မြူငွေ့လွှမ်းထား
ဘယ်ဘယ်နားကြည့်၊ ချမ်းမြေ့မိကာ
သူမသာပဲ လှနေဆဲ။

အိုတက္ကသိုလ်
အရှက်ပိုလှ၊ ကာလများစွာ
ထာဝရမပမ်း၊ ခရီးကြမ်းနှင်
လမ်းထွင်လျှောက်လှမ်း၊ ရာသီလမ်းမှာ
တမ်းတမ်းတတ၊ အဝေးမှလူ
ပျော်ကြပါးကြ၊ အနီးမှလူ
ဘယ်သူခွဲခွဲ၊ အမြဲတမ်းပြုံး
အမုန်းမဖက်၊ မေတ္တာယှက်ကာ
တစ်သက်တာကာလ
အစဉ်ထာဝရသာ
အကြင်နာအချစ်ဟောင်းများဖြင့်
နှစ်ပေါင်းများစွာနွှဲနိုင်စေ ။ ။

သားလတ်


(၁၉၉၅ခုနှစ်-မတ်လ၊ အရိန္ဒမာမဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...