Monday, September 27, 2010

'' Blog တစ်ခု၏နိဒါန်း ''

ဘလော့စရေးမည် ဆိုတော့ ကျွန်တော့်ဇနီး၏ သူငယ်ချင်း၏ ချစ်သူကောင်လေးက ကျွန်တော့်ကို စိတ်ရှည် လက်ရှည် ရှင်းပြသည်။ ကျွန်တော်က စာရေးချင်သည့်စိတ်သာရှိသည်။ ကွန်ပျူတာကို ထဲထဲဝင်ဝင် မနှံ့စပ်။ သို့သော် ကျွန်တော့်ဇနီးက ကျွန်တော့်ထက်ပိုသိသည်။ ထိုစဉ်က ၂၀၀၈ခုနှစ်။ ဘလော့ စရေးမည်ဆိုပြီး နာမည် ရွေးသည့်အခါ 'အဖြူရောင်လမ်းကလေး' ကို ကျွန်တော်နှင့် ဇနီးသည် သဘောကျမိ၏။ သည်သို့ဖြင့် ခေါင်းစဉ် တင်ကာ 'ရင်ထဲကအမှတ်တရ' ကဗျာကို တင်လိုက်သည်။

နောက်ပိုင်း ကျွန်တော် စင်္ကာပူလာဖို့ လုံးလည်ချာလည်လိုက်ပြီး စင်္ကာပူရောက်၊ ထို့နောက် အလုပ်ဝင်၊ စသည်ဖြင့် နေလာခဲ့သည်မှာ ကျွန်တော့် ဘလော့ကို ကျွန်တော်ပင် မေ့သွား၏။ ယခု ကျွန်တော့်ဇနီး လိုက်လာ ပြီးချိန် ' မှုခင်းရှုထောင့်မဇင်း ' ကဆောင်းပါးများကို Scan ဖတ်၍ သူငယ်ချင်း များထံ မေးလ်နှင့် ဖြန့်ချိန်၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ ကတည်းက စာပေ၊ ဂီတ၊ အနုပညာ ၀ါသနာတူ သူငယ်ချင်း သွင်ကြီးက ဘလော့ရေးဖို့လုပ်ဦးဆိုမှ သတိပြန်လည်ကာ ကောက်ကာ ငင်ကာ ထဖန်တီးကြ တော့သည်။

ရယ်တော့ရယ်ရ၏။ ၂၀၀၈ခုနှစ်တွင် ကျွန်တော်ဘလော့စတင်စဉ်က 'သားလတ်' ဆိုသော အမည်ဖြင့် ယခု Google မှာ ရှာကြည့်သောအခါ ' အားလားမား' ဟုသာ ' မလေး' တွေလို အော်လိုက်ချင်သည်။' သားလတ် ' တွေ နည်းတာမဟုတ်။ ကျွန်တော်က မဇင်းစာမျက်နှာပေါ်မှာ 'သားလတ်' ကလောင်အမည်နှင့် ကဗျာ၊ ၀တ္တူတို/ရှည် များရေးပြီး ကျင်လည်ခဲ့သူ။ မဇင်းစာမျက်နှာပေါ်မှာ ကလောင်နာမည်တူ ရှိစဉ်က စာရေးပြီး ဖြေရှင်းခဲ့ရာ တစ်ဖက်က နောက်ဆုတ်သွားသည်။ ကျွန်တော့ကလောင်က စာမျက်နှာပေါ်သို့ ဦးစွာ ရောက်ခဲ့သောကြောင့် ဖြစ်သည်။

ယခုဘလော့မှာတော့ 'သားလတ်' ဆိုသော ကလောင်အမည်က နောက်ကျနေလေပြီ။ ရှိစေတော့။ သည်သို့ဖြင့် ကျွန်တော် နောက်ဆုံးယူထားသော 'ဆူးသစ်' ဆိုသည့် ကလောင်ဖြင့် ကျွန်တော့် ဘလော့ကို တင်လိုက်သည်။ ဒါတောင် ဓါတ်ပုံဆရာ 'ဆူးသစ်' ဆိုသည်ကို 'Google Search' မှာ တွေ့လိုက် ရသေးသည်။ ကိစ္စမရှိ။ ကျွန်တော်က စာပဲရေးမည့်သူ။ သူကလည်း ဓါတ်ပုံရိုက်မည့်သူ။

သည်လိုနှင့် မဇင်းစာမျက်နှာထက်က 'သားလတ်' ကလောင်အမည်ဖြင့် ရေးခဲ့သော ကျွန်တော့် ကဗျာများကို စတင်သည်။ ဇနီးသည်က စာရိုက်ပေးသည်။ ကျွန်တော်ကယခုထိ မြန်မာလက်ကွက်ကို မရိုက်တတ်။ ဘလော့ကို စမ်းသည့်အနေနှင့် 'Google' မှာ ကဗျာပြန်ရှာသည်။ ဗုဒ္ဓေါ၊ ကျွန်တော့်ကဗျာ 'ရင်ထဲကအမှတ်တရ' ကို ဘလော့ရေးသူ မိန်းမငယ်တစ်ဦးက သူ့ဘလော့မှာ ဖော်ပြထားတာ တွေ့လိုက် ရသည်။ သို့သော် ကျွန်တော့် ကလောင်နာမည်နှင့် မဟုတ်။ ထို့ပြင် နောက်ဆုံးစာကြောင်း '(သြော်........ကျွန်တော်တို့ရဲ့) ရင်ထဲမှာပေါ့ စက်မှုတက္ကသိုလ်' ကို သူတို့က 'သြော် ကျွန်တော်တို့ ရင်ထဲက အ.ထ.က. (၂) ကျောင်းတော်ကို' ဟု ပြောင်းရေးကာ ခပ်တည်တည်နှင့် လုပ်ထားတာ တွေ့လိုက် ရသည်။ ကလောင်နာမည် ကြည့်တော့'သဲသဲလှုပ်(ရာရား)' တဲ့။

ထိုကဗျာက ရွှေသမင်မဇင်း အချစ်ဆုံးသို့အိတ်ဖွင့်ပေးစာ ကဏ္ဍမှာ 'သားလတ်' ကလောင်အမည်ဖြင့် 'အစဉ်ထာဝရ' ဆိုသော အိတ်ဖွင့်ပေးစာ ရေးခဲ့စဉ်က ပါခဲ့ခြင်းဖြစ်သည်။ ဆေးတက္ကသိုလ်က သူငယ်ချင်းနှင့် 'အနမ်းတစ်ရှိုက်ဖြစ်တည်ရာရင်ခွင်ဦး' ဆိုသည့် ကဗျာစာအုပ် ထုတ်တော့ ထပ်ပါသည်။ ဒါကိုပဲ ဘယ်က ရလေသည် မသိ။ ဘလော့ဝင်ရေးမှပင် မိမိကဗျာကို လုပ်ထားတာမြင်ရတော့သည်။

ထိုကဗျာပါသော ဘလော့ပိုင်ရှင်ကိုတော့ Cbox မှာဝင်၍ သူ့ဘလော့မှာပြန်ရှင်းပေးဖို့ သတိပေးခဲ့သည်။ သူကတော့ သူ့သူငယ်ချင်းရေးပေးတာဟု ဆိုထားသည်။ သို့သော် သူ့ဘလော့မှာတင်ထား၍ သူ့ကိုပဲ ပြောရ တော့သည်။ ဘယ်နှစ်ယောက်က ကျွန်တော့် နှလုံးသားဖြင့် ရင်း၍ ရေးထားသော 'ရင်ထဲက အမှတ်တရ' ကဗျာကို သူတို့ကဗျာထင်၍ ဖတ်ပြီးပြီမသိ။ ကျွန်တော့်ကဗျာဖြစ်ကြောင်း သက်သေပြ ဖို့က ရွှေသမင်မဇင်း၊ ထိုမဇင်း၏ အယ်ဒီတာအဖွဲ့၊ 'အနမ်းတစ်ရှိုက်ဖြစ်တည်ရာရင်ခွင်ဦး' ကဗျာစာအုပ်၊ ထိုစာအုပ်နှင့်ပတ်သက် ခဲ့ဖူးသော စက်မှုတက္ကသိုလ် နှင့် ဆေးတက္ကသိုလ်မှ သူငယ်ချင်းများ ( ၁၉၉၁ ခုနှစ် ဆယ်တန်းအောင်)၊ စက်မှုတက္ကသိုလ် ကျောင်းဆင်း ယခုစင်္ကာပူရှိ ကျွန်တော့်သူငယ်ချင်းများ ရှိသည်။ လောလောဆယ်တော့ သူတို့ဘက်က တုန့်ပြန်မှုကို ကျွန်တော် စောင့်နေပါသည်။

ဘလော့တစ်ခု၏နိဒါန်းက ကျွန်တော့်အတွက်တော့ အဆင်ပြေေ ချာမွေ့လှသည်တော့ မဟုတ်။ ။

သားလတ်
၂၇.၀၉.၂၀၁၀


0 comments:

Related Posts Plugin for WordPress, Blogger...