"ငါက နယ်မှာ ဟိုင်းလပ်မောင်းရင်း ကားချင်းတိုက်မိတာကွ။ အရှောင်ကောင်းလို့ လူမထိဘဲ လက်ပဲညပ်သွားတာ။ လက်မနဲ့ လက်ညှိုးကြားက ပြန်ဆက်မရတော့ဘူးတောင်ထင်တာ။ ခုတော့ အသားကျက်ရင်ဗိုက်က အသား ပြန်ထည့်ရမယ်တဲ့"
ကိုနိုင်ဝင်းစကား။ သူကနယ်က။ ရန်ကုန်မှာလည်း အမျိုးတွေရှိသည်။
"ငါ့အရင်ရောက်နေတဲ့ကောင်တွေ ညည်းတာမခံနိုင်လို့ကွာ။ အဲဒါ ဒီကောင်တွေ ငါ့ထက်ငယ်တာရော၊ ခင်နေတာနဲ့ရောပြီး ဓားနဲ့ ခြောက်ကြည့်တာ။ အရင်က တချို့ကောင်တွေ ငြိမ်သွားတယ်ကွ။ ညက ဂျော်နီကြီး တော်တော်ဆိုးတယ်ကွာ။ ငါ့ဓားတောင် မကြောက်တော့ဘူး"
"ကိုနိုင်ဝင်းကြီး အလှည့်ကျမှ တွေ့မယ်။ ၀ဋ်လည်မယ်"
ကိုနိုင်ဝင်း ခုတင်ဘေးက မျိုးအေး ဆိုသည့် ကောင်လေး၏ စကား။ သူကတော့ ခုံပေါ်ကပြုတ်ကျကာ လက်ကျိုးပြီး အရိုးပဲ့သွား၍ ခွဲပြီး အရိုးကိုပြန်ဆက်ရသည်တဲ့။ သူလည်း လက်အနည်းငယ် တိုနေသည်။
"ဒီဆေးရုံကိုရောက်လာရင် အနည်းဆုံး ခွဲခန်း နှစ်ခေါက်ဝင်ရတာ ငါသိပြီးသားပါကွာ.....ဟဲ..ဟဲ။ ငါ့ကျတော့ မကိုက်အောင် ကြိုပြီးဆေးနိုင်အောင် ထိုးထားမှာပေါ့"
ကိုနိုင်ဝင်းက စပ်ဖြဲဖြဲနှင့် ပြောသည်။
"ဟိုညက ကိုဂျော်နီ ညဘက်ကြီးငိုသေးတယ်။ လက်စသတ်တော့ ခွဲခန်းဝင်ခါနီး ပိုက်ဆံမရှိလို့ကိုး"
မျိုးအေးက တွေးတွေးဆဆပြောသည်။ နယ်ကလာသူတွေမို့ လူနာစောင့်မရှိ။ လူနာစောင့် ငှားရန်လည်း ငွေကမရှိ။ ဒါကြောင့်ကိုးဟု ကျွန်တော်တွေးလို့ရသည်။ ကျွန်တော်က စနေ၊ တနင်္ဂနွေသာ ဆေးရုံကိုရောက်သူမို့ တစ်ပတ်အတွင်း ဘာတွေဖြစ်နေသည်ကိုမသိ။ မျိုးအေးပြောမှ ကိုဂျော်နီ့ ခုတင်ဘက်လှမ်းကြည့်မိသည်။ ကိုဂျော်နီက ကျွန်တော်တို့စကားဝိုင်းကို ငြိမ်သက်စွာ ငေးနေ တာတွေ့၏။
"နိုင်ငံတော်လာပြီ၊ နိုင်ငံတော်လာပြီ"
စကားကောင်းနေစဉ်မှာပင် ထမင်းပေးချိန်မို့ အော်သံကြားလိုက်ရ၏။ နိုင်ငံတော် ဆိုတာ ဆေးရုံ ကကျွေးသော ထမင်း နှင့် ပဲဟင်းကိုပြောတာဖြစ်သည်။
အိမ်က ထမင်းဟင်း လာမပို့သူတွေ၊ နယ်ကလာပြီး ဆေးကုသသူတွေက ခွက်တွေ၊ ပန်းကန်တွေနှင့် သွားယူတာတွေ့သည်။ ကိုဂျော်နီလို ခွဲခန်းဝင်ထားသူတွေ အတွက်တော့ ဘေးနီးရာ လူ၊ ထနိုင်သည့်လူက ယူပေးလိုက်သည်။
"ဒီဆေးရုံက ပဲဟင်းတော်တော်ကောင်းတာ။ အာလူးတို့၊ ဘာတို့လည်းပါတယ်။ စားကြည့်ပါလား"
ကိုဂျော်နီက ကျွန်တော့်ကို လှမ်းပြောသည်။
"ရတယ် ကိုဂျော်နီ။ ကျွန်တော် နောင်နောင်တို့အိမ် ပြန်မှာ" လို့ပြောလိုက်၏။
ကိုနိုင်ဝင်းတို့၊ မျိုးအေးတို့က အိမ်မှ ထမင်းလာပို့သူတွေ ရှိသော်လည်း၊ သူတို့လည်း ပဲဟင်းကြိုက်၍ သွားယူကြ၏။ နောင်နောင်ကတော့ အိမ်မှလာပို့သော ထမင်းချိုင့်ကိုသာ စား၍ ကျွန်တော်လည်း ထမင်းယူနေသူတို့ကိုသာ ငေးနေမိတော့သည်။
**********************
"ကျွန်တော့်ကို စာလေးနည်းနည်းရေးပေးပါလားခင်ဗျာ။"
"ဟာ...ရပါတယ်၊ လာပါ၊ ထိုင်ပါ။"
ကျောင်းစာတွေကို ဆေးရုံယူသွားပြီး ကျက်နေစဉ် ကိုစိုးဝင်းခုတင်ဘေးကလူက စာရေးပေးရန် အကူအညီ တောင်း၍ ကျွန်တော်နေရာပေးလိုက်သည်။
"ပြော ဘာရေးပေးရမှာလဲ"
သည်အဆောင်က ယောက်ျားလေးလက်အဆောင် (လက်မှာဒဏ်ရာရရှိသူချည်း) မို့ လက်ကောင်းသူတွေက ကူညီရတာများသည်။ ပုဆိုးဝတ်တာ၊ အလေးအပေါ့သွားတာတော့ သူတို့ဘာသာ အလေ့အကျင့်ရနေ၍ ဘယ်သူမျှ မလုပ်ပေးရ။ သူတို့ကလည်း ထိုနှစ်ခုကို ဘယ်သူမျှ လုပ်မပေးစေချင်။
"ကျွန်တော့်အမေကို ငွေမှာချင်လို့ပါဗျာ။ အဲဒါ လူမလာပါနဲ့။ ငွေသာအမြန်ရောက်အောင်ပို့ပေးပါလို့"
ကျွန်တော့်ရင်ထဲ နင့်ခနဲဖြစ်သွားသည်။ ငွေကလည်းလိုချင်၊ အမေလိုက်လာလျှင် ပင်ပန်းမှာရော၊ ငွေကုန် မှာရောစိုး၍ ငွေသာပို့ခိုင်းခြင်းဟု ကျွန်တော်နားလည်လိုက်၏။ အမြန်ပို့ပါဆို၍ ခွဲခန်းဝင်ခါနီး၍လားဟု ကျွန်တော်တွေးမိသည်။
သူ့အသံက တုန်တုန်ချိချိ။ ပုံကနယ်ကလာသည့်ပုံ။ ကျွန်တော့်ကို ရှက်ကိုးရှက်ကန်း ဖြစ်နေသေးသည်။ သူ့မှာငွေမရှိတာ ဘေးလူတစ်ယောက်ကို အသိပေးရ၍လားမဆိုနိုင်။ သို့သော် ငွေတကယ်ပြတ်နေချိန်၊ လက်ကလည်း ရေးမရသောအခါ မရှက်တော့ပါဟုလည်း ခံယူထားပုံရသည့်ပုံ။ ကျွန်တော်နားလည်စွာ စာကို ရေးပေးလိုက်သည်။ ငွေကို ဆက်ဆက်မြန်မြန်ပို့ပါဆိုသော စကားလုံးများကို သူပြောသည်ထက် ပို၍ ကျွန်တော်ထည့်ရေးလိုက်သည်။ စာအဆုံးမှာတော့ သူ့နာမည် သက်စံဆိုတာ ကျွန်တော် သိလိုက်ရ၏။
"လိပ်စာပြောလေ။ စာအိတ်ပေါ်မှာ ရေးပေးလိုက်မယ်"
သူ့လိပ်စာမေးတော့ ပဲခူးကလိပ်စာ ဖြစ်နေသည်။ ပဲခူးဆိုတော့ မြန်မြန်ရောက်နိုင်သားပဲဟု တွေးရင်း စာမြန်မြန် ရောက်ပါစေဟုလည်း ကျွန်တော် ဆုတောင်းနေမိသည်။ သူ့စာကို ပိတ်ပေးလိုက် ပြီးမှ ပေးလိုက်တော့ ကျေးဇူးစကားဆိုပြီး ထွက်သွားသည်။ သူ့ကျောပြင်ကို ငေးရင်း ကျွန်တော် လိုက်ကြည့်နေမိ၏။
*******************
သားလတ်
(ဆက်ပါဦးမည်။)
သားလတ်
(ဆက်ပါဦးမည်။)
2 comments:
ရင်မောရတဲ့ ဘဝတွေများ ပါလားနော်...အသက်ရူတောင် ကြပ်လာတယ် အကိုရေ..စာအသစ်လေးတင်လို့ အရင်ဆုံး အားပေးသွားလျှက်.. ကောင်းသောနေ့ လေးဖြစ်ပါစေအကို။
ဘဝဆိုတာတော့ အဲလိုပါပဲ။
လုပ်ပေးနိုင်တာပဲ လုပ်ပေးရမှာပေါ့လေ။
Post a Comment