Wednesday, March 30, 2011

"လူနာများ" အပိုင်း (၁)


"အား ........ကျွတ်....ကျွတ်"

ညည်းသံတစ်ချက်ကြောင့် ကျွန်တော် လန့်နိုးသွားသည်။ အပြင်ဘက်မှနေ၍ အခန်းထဲသို့ ဖြာကျနေသော မှိန်လဲ့လဲ့ မီးအလင်းရောင်အောက်မှာ အိပ်မောကျနေသည့် နောင်နောင့်ကိုတွေ့မှ ကျွန်တော် သက်ပြင်း ချမိသည်။ နောင်နောင် ညည်းတာမဟုတ်။ ဒါဆို တခြားခုတင်က ဖြစ်နိုင်သည်။

နောင်နောင်ဆိုတာ ကျွန်တော်နှင့် ညီအစ်ကိုလို ခင်သော ချာတိတ်တစ်ယောက်။ သူတို့မိသားစုက ကျွန်တော်တို့နှင့် ဆွေမျိုးလိုရင်းနှီးသည်။ အိမ်ချင်းကပ်လျက် နေဖူးသူ။ ကျွန်တော်တို့ အိမ်ပြောင်း ပြီးတော့လည်း သူတို့ဆီပဲ ခဏခဏ သွားလည်ဖြစ်သည်။ နောင်နောင့်အဖေက တွင်ခုံတစ်ခုံရှိသည်။ ကားပြင်အလုပ်ရုံ ရှိသည်။ နောင်နောင်တို့ ညီအစ်ကိုတစ်တွေက သူ့အဖေကို ကျောင်းအားချိန်တိုင်း လိုက်ကူရသည်။ သည်လိုနှင့် တစ်ရက်မှာ နောင်နောင့်လက်ကို တူထုမိ၏။ ဘယ်လက်ညှိုး အလယ်သား ပဲ့သွား၏။ မြို့ထဲက ဆေးခန်းတစ်ခုကို သွားပြသည်။ ဆရာဝန်က ပဲ့သွားသောအသားကို ပြန်ကပ်ပြီး ချုပ်ပေးလိုက်သည်တဲ့။

ရက်အနည်းငယ်ကြာသောအခါ အနာက ကိုက်ပြီး ပြည်ထွက်လာသည်။ တခြားဆရာဝန်ကို ပြပြီး ချုပ်ရိုးဖြေမှ အထဲက အနာက လှောင်ပြီး ပြည်တွေလှိုက်စားနေတာတွေ့သည်။ အရိုးအကြော အထူးကုဆရာဝန်နှင့်ပြဖို့ ပြောသည်။ သည့်နောက်မှာ အထူးကုဆရာဝန်ကြီး တစ်ယောက်နှင့် ပြကြည့်တော့ မှ လက်ညှိုးက အကြော တစ်ချောင်းကိုပါ ပြည်က စားသွားသည်တဲ့။ ဆေးရုံတင်ပြီး ခွဲစိတ်ရမည်ဆိုသည့်အခါ ကြည့်မြင်တိုင်က အရိုးဆေးရုံမှာ တင်ခဲ့ရ၏။

ကျွန်တော်က ကျောင်းတစ်ဖက်နှင့် သူတို့ဆီမရောက်သည့်အခါ သူတို့ဖုန်းဆက်မှသိရသည်။ ဤသို့နှင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ နောင်နောင့်ကို ညအိပ်စောင့်ဖို့ အရိုးဆေးရုံကို ရောက်ခဲ့ရခြင်းဖြစ်၏။

"ဟီး.......ဟီး............ဟီး....ဟီး"

ဒုတိယအကြိမ် ညည်းသံတစ်ချက် ကြားလိုက်ရ၍ သည်တစ်ခါ မနေနိုင်တော့။ သည်အသံ ဘယ်ကလာသလဲဆိုတာ လိုက်ရှာနေမိသည်။

"ကိုကြီးဇော်......ဘာလုပ်မလို့လဲ"

နောင်နောင်က တစ်ရေးနိုးပြီး ကျွန်တော့်ကို မေးသည်။

"လူနာညည်းသံ ကြားသလားလို့။ ငါသွားကြည့်မလို့"

"မကြည့်နဲ့ ကိုကြီးဇော်၊ ရတယ်။ ဒါတွေက ဒီလိုပဲ။ ခွဲခန်းဝင်ထားတော့ နည်းနည်းတော့ နာမှာပေါ့။ အေး ကလည်း အေးတာကိုး "

နောင်နောင့် စကားကြောင့် နေရာမှာပြန်ထိုင်ရင်း စောင်ခြုံ၍ အိပ်ဖို့ကြိုးစားသည်။ သည်အဆောင်က လက်မှာ ဒဏ်ရာရသူတွေချည်းသာ ထားသောအဆောင်ဖြစ်ပြီး ကျွန်တော်သိသလောက် သူတို့မှာ လူနာစောင့် သိပ်မရှိကြ။ အမျိုးမရှိကြလို့လား။ အသိမိတ်ဆွေ မရှိကြလို့လား။ ဘာလို့ လူနာစောင့် မငှားတာလဲ။ ခွဲခန်းက ထွက်တဲ့နေ့မှာ အဖော်အစောင့်အရှောက် တစ်ယောက်လောက်တော့ ရှိသင့်တာပေါ့လို့ တွေးရင်း ကျွန်တော် မကျေနပ်ပြန်။

ညည်းသံတွေ ထပ်ပြီးကြားရချိန်မှာတော့ ကျွန်တော်အိပ်မပျော်နိုင်တော့။


*******************

"ဒီလိုပါပဲ ညီလေးရာ။ ညီလေးက ဒီကိုရောက်တာ ဘာမှမကြာသေးလို့။ နောင်နောင်ဆို သိသွားပြီ"

မနက်မိုးလင်းတော့ ကျွန်တော်က ဘေးခုတင်က အစ်ကိုကြီးကို ညကညည်းသံတွေ ပြောပြလိုက်သည်။ သူတို့ကတော့ ဘာမျှမထူးဆန်းသလို။ အေးလေ၊ ငါသာ ဆေးရုံတွေကို ဟုတ်တိပတ်တိ မရောက်ဖူးသေးလို့ နေမှာပေါ့ ဟု ကျွန်တော့ဘာသာဖော့ပြီးတွေးသည်။

သည်လိုနှင့် နောင်နောင့်ကိုစောင့်ပေးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်နှင့် 'လက်' အဆောင်က လူတွေ ရင်းနှီးကုန်ကြပြီ။

နောင်နောင့်ခုတင်က ထောင့်စွန်း။ နောင်နောင့် ခုတင်ဘေးက ကိုစိုးဝင်း။

သူက မီးရထားက ၀န်ထမ်း။ ရထားလမ်းအောက်မှာရှိသည့် မြောင်းထဲမှာဝင်ပြီး လက်တစ်ဖက်က ရထား သံလမ်းပေါ်မှာတင်လျက် ရထားအောက်မှာပြင်နေစဉ် သူပြင်နေသောတွဲကို တခြားတွဲတစ်တွဲက အရှိန် မထိန်းနိုင်ဘဲ ၀င်ဆောင့်သည်တဲ့။ လက်ဖျံရိုးတစ်လျှောက်က အသားတွေပဲ့ပြီးပါသွားသည်။ အရိုးလည်း ကျိုးသွား၏။ သည်လိုနှင့် ဆေးရုံရောက်ခဲ့သည်တဲ့။

"အစ်ကို ဆေးရုံရောက်တာ လေးငါးခါရှိပြီ"

"ဟာ...ဘာဖြစ်လို့လဲ"

"အစ်ကို့ဟာက တစ်ခါတည်းမှ မပြီးတာ။ ပေါင်ကအသားကိုလှီးပြီး လက်မှာပြန်ပြန် ကပ်ရတယ်။ အသား ပြည့်အောင်လေ။ တစ်ခါ ပေါင်ကအသားလည်း အသားတက်အောင် စောင့်ရသေးတာကိုး။ အရိုးလည်း ပြန်ဆက်ရသေးတယ်။"

ကိုစိုးဝင်း၏ လက် အနည်းငယ်တိုနေတာ ကျွန်တော် သတိထားမိလိုက်၏။

"လက်ထဲမှာ ငွေကမရှိတော့ ခွဲစိတ်ပြီး အနာကျက်ပြီဆို ပြန်ဆင်း၊ ခွဲဖို့လိုရင် ပြန်တက်နဲ့၊ ဆေးရုံနဲ့ ခွဲခန်း ဆိုတာကွာ ငါ့အိမ်လိုတောင်ဖြစ်နေပြီ"

"ဟုတ်တယ် ကိုကြီးဇော်ရ။ ကိုစိုးဝင်းကို ကျွန်တော် စတက်ကတည်းက တွေ့တာ။ သူခွဲခန်းဝင်တာ ကျွန်တော့် ထက်တောင်များတယ်။ ကျွန်တော်က လက်ညှိုးကို လက်ခလယ်က အသားကူးတာ တစ်ခါ။ အဲဒီတုန်းက လက်နှစ်ချောင်းကို ပူးထားရတယ်။ အခု အဲဒါလုပ်ပြီးတော့ အဲဒါကိုပြန်ခွာပြီး လက်ခလယ်မှာ ပေါင်က အသား ဖြည့်ရမှာတစ်ခါ။ အဲဒါ မလုပ်ရသေးဘူး။ ဒီဆေးရုံတက်ပြီး လူတိုင်းနှစ်ခါလောက်တော့ ခွဲခန်းဝင်ရတာ။ ကိုစိုးဝင်းဆို လေးခါလောက်ရှိနေပြီ။ ကျွန်တော်ရှိနေတုန်းနော်။ အရင်အခေါက်တွေပါဆို စဉ်းစားသာ ကြည့်တော့။"

သူတို့စကားကြောင့် ကျွန်တော် အံ့သြရသည်။ သူတို့ကတော့ ခွဲခန်းဝင်ရတာ ဘာမျှမထူးဆန်းသလို။

"ဒါနဲ့ ကိုစိုးဝင်းကို အလုပ်က လျော်ကြေးမပေးဘူးလား"

"ပေးတာပေါ့ ညီလေးရာ။ ဒါပေမဲ့ ခွဲခန်းဝင်တဲ့စရိတ် ဘယ်လောက်ကြီးတယ်ဆိုတာ ညီလေးလည်း သိသားပဲ။ တစ်ခေါက်က နှစ်ခေါက်ဖြစ်လာတော့ အစ်ကို့ အိတ်စိုက်ပဲပေါ့။ လိုအပ်တဲ့ ဆေးတွေကလည်း အပြင်မှာပဲ ရတယ်။ ဈေးကလည်း ကြီးတယ်လေ။"

ကျွန်တော်သက်ပြင်းချမိသည်။ ကိုစိုးဝင်းကတော့ မော၍လားမသိ။ သူ့ခုတင်ဘေးက ပစ္စည်းတွေတင်သည့် ခုံလေးပေါ်က မတ်ခွက်ကို ယူ၍ ရေသောက်တာတွေ့သည်။

" အနာမကိုက်အောင်တော့ ဆေးကောင်းကောင်းလေးဘာလေး ခုလို မှီဝဲရတာပေါ့"

ကျွန်တော်နားမလည်။ ကိုစိုးဝင်း ရေသောက်တာပဲတွေ့၍ ဘာမှန်းမသိ။

"ကိုကြီးဇော်က နားမလည်ဘူး ကိုစိုးဝင်းရ။ နားလည်အောင် ရှင်းပြလိုက်ဦး။"

"သြော်-ငါ့ညီက သဘောမပေါက်ဘူးကိုး။ ဒါတွေက ရေတွေမဟုတ်ဘူး။ အရက်တွေ။"

သူ့အတွက် စိတ်ဖြေရာက ဒါလားလို့တွေးရင်း ကျွန်တော်သူ့ကို မဝေဖန်ခဲ့။ ဆေးရုံပေါ်က လူနာ တစ်ယောက် အဖြစ်တော့ စိတ်ဝင်စားခဲ့တာအမှန်။

************************

"ရှီး.......ရှီး.........ရှီး.........ဟီး........ဟီး.........ရှီး........ရှီး"

"ဟေ့ကောင် ဂျော်နီ။ ဒီမှာ တွေ့လား။ ဒါဘာလဲ ကြည့်စမ်း။"

"ရှီး.....ရှီး.......ရှီး....ရှီး၊ ကိုနိုင်ဝင်းကလည်းဗျာ၊ ကိုက်ရတဲ့အထဲ။"

"ဟေ့ကောင်-ငါတကယ် ထိုးထည့်လိုက်မှာနော်။ တွေ့လား။"

ညည်းသံနှင့် စကားသံအကြား ကျွန်တော်အိပ်မရ။ ဖျတ်ခနဲ လန့်နိုးသည်။ နောင်နောင့်ခုတင် ခြေရင်း တည့်တည့်က ကိုနိုင်ဝင်းက သူ့ခုတင် တစ်ခုကျော်က ကိုဂျော်နီ့ခုတင်မှာ ခြင်ထောင်ဟ၍ ဘာလုပ်နေသည်မသိ။ ကျွန်တော်သွားကြည့်သည်။

"ကိုနိုင်ဝင်း-ဘာဖြစ်တာလဲဗျ"

"ဒီကောင် ခွဲခန်းဝင်ထားလို့ညည်းတာကွာ။ ဘယ်လိုညည်းတာလဲ မသိဘူး။ မြက်ရိတ်စက်အသံ ကျနေတာပဲ။ ရှီးရှီး ရှီးရှီး နဲ့။ ငါအိပ်မရတော့ဘူး။ အဲဒါ ရပ်ရင်ရပ်၊ မရပ်ရင် သတ်ပစ်မယ်လို့ ဓားနဲ့ ခြောက်နေတာ"

ကိုနိုင်ဝင်းက ကျွန်တော့်ကို ပြောရင်း မျက်စိတစ်ဖက် မှိတ်ပြသည်။ ကျွန်တော်ပြုံးပြီး ကိုဂျော်နီကို ကြည့်လိုက်၏။

"ကိုဂျော်နီ ဘယ်လိုနေလဲ။ ညဦးပိုင်းက ဆရာမ လာတော့ ဆေးမထိုးခိုင်းဘူးလား"

"အဲဒီကောင်မှာ ပိုက်ဆံမရှိဘူးကွ။ အကိုက်အခဲ ပျောက်ဆေး ၀ယ်မထားဘူး။ ဒါကြောင့် ဒီကောင် ဒီလောက် ဖြစ်နေတာ။ ငါ့ဓားကို မကြောက်တာကြည့်။ အရင်က ငါ့ဓားပြတာနဲ့ ဒီကောင် ငြိမ်သွားပြီ"

"ကိုနိုင်ဝင်းကလည်းဗျာ။ သူကနေမကောင်းတဲ့ဟာ။ နောက်နိုင်သေးတယ်"

ကျွန်တော့်စကားကြောင့် ကိုဂျော်နီ ညည်းနေရင်း ပြုံးဖြစ်အောင်ပြုံးသည်။ ကျွန်တော်က ခဏနေဦး ဟုဆိုကာ နောင်နောင့်ခုတင်ကိုပြန်ပြီး နောင်နောင့်ကို ဆေးမေး၏။ ကုန်နေသည်တဲ့။ သွားပြီ။ သည် တစ်ညတော့ ကိုဂျော်နီ ခံရပေဦးမည်။ ဒီဇင်ဘာဆောင်းရာသီ၏ အအေးဒဏ်ကလည်း လူနာတွေအဖို့ မခံနိုင်စရာကောင်းအောင် စိမ့်ပြီး အေးနေပြန်၍ အနာခွဲသူတွေတော့ ပို၍ ကိုက်ပြီဟုတွေးရင်း ကျွန်တော့်နေရာမှာသာ ထိုင်နေမိတော့သည်။

ကိုနိုင်ဝင်းလည်း ခဏကြာတော့ သူ့ခုတင်ပြန်လာပြီး အိပ်တာတွေ့သည်။ ကိုဂျော်နီ့ ညည်းသံက ညလယ်မှာ လျှံထွက်နေဆဲ။ အိပ်ပျော်သူတွေက ပျော်ကြ၏။ ကျွန်တော်ကတော့ အိပ်မပျော်နိုင်ပြန်။


*********************

သားလတ်

(ဆက်ပါဦးမည်။)

2 comments:

IDIOT-Ki said...

မြန်မာပြည်မှာ လူနာဖြစ်ရတာလည်း သနားစရာကောင်းနေပါပြီ ။ ငွေမရှိရင် ပိုပြီးနာကျင်နေကြရတယ် ။း((

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော်.. လူနာဖြစ်ရတဲ့ ဒုက္ခကလည်း တော်တော် မသေးတာပဲနော်..။ အကိုရေ... ကောင်းသောနေ့ လေးဖြစ်ပါစေ။

Related Posts Plugin for WordPress, Blogger...