Sunday, July 29, 2012

" Facebook ကြီးက ဟောသောတရားများ "

ကျွန်တော် Facebook စသုံးတာ မကြာသေးပါဘူး။ ၂၀၁၀ ခုနှစ်မှာ စပြီး ၀င်ဖြစ်ခဲ့ပေမယ့် တကယ်သုံးဖြစ်တာက ၂၀၁၁ ရောက်မှပါ။ စသုံးတော့ ဘာတွေခံစားရလဲဆိုတော့ ကျွန်တော့်ရဲ့ မတွေ့တာကြာနေတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတာ ပျော်ပါတယ်။ တစ်ယောက်ချင်းစီ လိုက်ရှာပြီး ကျွန်တော့်စာမျက်နှာမှာ ပြန်ပြီး စလိုက်နောက်လိုက်နဲ့ နေခဲ့ကြပါတယ်။

နောက်တော့ Facebook ထဲမှာ သူတို့ရှယ်တဲ့ သတင်းအစအနတွေ လိုက်ဖတ်ရင်း အဲဒါလေးတွေလည်း ကြိုက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ သိပ်သဘောမတွေ့တာတွေလည်း Facebook မှာ ရှိလာပါတယ်။ ခက်တာက ကိုယ်က ခင်လို့ ဖိတ်ထားပြီးမှ ကိုယ်ခင်တဲ့သူကြောင့် ကိုယ့်စာမျက်နှာမှာ ပေါက် ကရတွေ တွေ့ရတဲ့ အခါ ကိုယ့်ကိုယ်ကိုသာ အပြစ်ဖို့နေရတော့တာပါပဲ။

တချို့လူတွေကို ကျွန်တော်သိပ်နားမလည်ပါဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တစ်ရာ ရာခိုင်နှုန်း ပြည့်ဝသူ မဟုတ်ဘူးဆိုတာတော့ သိပြီးသားပါ။ ဒါပေမဲ့ သူတို့တင်ထားတာတွေ ကြည့်ပြီး ကျွန်တော့် စိတ်နဲ့မတည့်လို့ ထင်ပါရဲ့။ ကြိတ်မှိတ် သည်းခံပြီးသာ နေရပါတော့တယ်။ Facebook က ကျွန်တော့်ကို သည်းခံခြင်းတရားတွေ ပိုမို ရင့်ကျက်လာဖို့ သင်ပေးခဲ့သလိုပါ။

ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်တော်တွေးမိပါတယ်။ ကျွန်တော်တစ်ယောက်တည်းများ အဲဒီလို ခံစားနေရ တာလား။ တခြားသူတွေရဲ့ သဘောထားကရော ဘယ်လိုရှိနေမလဲလို့ ကျွန်တော်သိချင်ပါတယ်။ ကျွန်တော် သိပ်သိချင်တဲ့ အဖြေပါ။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော့်မှာ ရှိတဲ့ အနုပညာ ဓာတ်အခံက ကျွန်တော့်ကို တွန်းလွှတ်ပါတယ်။ ဒါကတော့ ဒီလို ပြောသင့်ပြီဆိုပြီး တွန်းအားပေးလာပါတယ်။ အဲဒီမှာပဲ Facebook နဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲက ပြောချင်တာတွေကို ဇာတ်ကောင် တစ်ကောင် ဖန်တီးပြီး ပြောခဲ့ ပါတော့တယ်။ အဲဒီ ဇာတ်ကောင်ရဲ့ နာမည်က ' သာဂိ ' ပါ။ သူနဲ့ပတ်သက်ပြီး Facebook မှာ ဖြစ်နေတာတွေကို ကျွန်တော်ပြောခဲ့တာတွေက " ကျွန်တော်နှင့် အင်တာနက်အလန်းများ " ဆိုပြီး စခဲ့ပါတယ်။

နောက်တော့ အဲဒီလို ပြောနေရင်းကနေ ထပ်ပြောစရာတွေ ရလာပြန်ပါတယ်။ အဲဒါကို "ကျွန်တော်နှင့် အင်တာနက်အလန်းများ" (၂) ဆိုပြီး ထပ်တင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော့်မှာ အရင်တုန်းက (၁) တွေ၊ (၂) တွေ ရေးဖို့ အစီအစဉ်မရှိလို့စရေးကတည်းက (၁) တောင် မတပ်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့တခြား ပြောစရာတွေ များလာတဲ့အခါ မနေနိုင်တော့ပါဘူး။

ဘာတွေများ ပြောနေကြလို့လဲ။ ဒီ Facebook ကြီးထဲမှာ လူတွေက သူတို့အကြောင်းကို မမေးဘဲ ပြောတယ်။ ဘယ်နေရာမှာ ဘာလုပ်နေတယ်။ ဘယ်နေရာမှာ ဘယ်သူနဲ့ ရှိနေတယ်။ ဘယ်နေရာမှာ ဘာစားနေတယ်။ ဘယ်နေ့မှာ ဘာလုပ်ကြမယ်။ စုံနေတာပဲ။ တကယ်တော့ Facebook ရဲ့ ဖန်တီးသူက သူနဲ့သူ့သူငယ်ချင်းတွေ ဒီစာမျက်နှာပေါ်မှာ အတူရှိနေဖို့ အတွက် စဖန်တီးခဲ့တာလို့ ကျွန်တော်မှတ်သားဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ သုံးတဲ့ ကျွန်တော်တို့က ကြိုက်လွန်းလို့ သူ့လိုမဟုတ်ဘဲ သူ့ထက်ကျယ်ပြန့်စွာ သုံးလို့ရပါတယ်။ သုံးသူရဲ့ လွတ်လပ်ခွင့်ကိုး။ ဒါပေမဲ့ အကျိုးသင့် အကြောင်းသင့် ဖြစ်ဖို့ကျတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ထိန်းချုပ်နိုင်သလဲ ဆိုတာမျိုးမှာ မူတည်နေမယ် ထင်ပါတယ်။

သုံးတဲ့သူက သတင်းရှာဖတ်နေတာလား။ သူငယ်ချင်းတွေ အတွက် ဗဟုသုတ မျှဝေနေတာလား။ ကျွန်တော့်စိတ်အထင် အမှန်အတိုင်း သုံးသပ်ရရင် Facebook သုံးသူတော်တော်များများဟာ ကိုယ့်ကိုယ်ကို နာမည်ကြီးချင်၊ ထင်ပေါ်ကျော်ကြားအောင် လုပ်ချင်သူများတယ်လို့ ထင်ပါတယ်။ အရင်ဦးဆုံးက ကိုယ့်နာမည်ကို လူတော်တော်များများ သိစေချင်ပါတယ်။ အဲဒီမှာ ကိုယ်တိုင်သတိမထားမိတဲ့ အကြောင်းအရာ၊ အမှားအယွင်းတွေ တော်တော်များများ တက်လာတာကို ဒီဘက်ခေတ်မှာ သေသေ ချာချာ မြင်နိုင်ပါတယ်။

တချို့က လာသမျှလူ အကုန်လက်ခံပါတယ်။ မြင်ဖူးတာ၊ မမြင်ဖူးတာ၊ သိတာ၊ မသိတာ မစဉ်းစားဘူး။ ကိုယ့်ကို လာပြီး Add တာနဲ့ကို အားပါးတရ လက်ခံပါတယ်။ သူ့ကို လူသိစေချင်တာကိုး။ ပြီးတော့ ကိုယ့်မှာ လက်ခံမိတ်ဖွဲ့ထားတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိပြီဆိုပြီး ဂုဏ်ယူတတ်ပါတယ်။ ကျွန်တော့်အမြင်အရ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲက အရေးမကြီးပါဘူး။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကသာ အရေးအကြီးဆုံးပါ။

ဒါနဲ့ပတ်သက်လို့ အခုတလော တချို့အွန်လိုင်းမှာ၊ Facebookမှာ ဓာတ်ပုံတွေ တင်ချင်တိုင်းတင်ပြီး လူတကာကို မြင်အောင်ပြနေသူတွေထဲက တချို့ရဲ့ပုံတွေကို လူမဆန်တဲ့လူတချို့က အဲဒီ Facebook ကပုံတွေယူပြီး နှမသားချင်းမစာမနာ ပေါက်ကရ ခေါင်းစဉ်တွေ တပ်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို တွေ့လာရပါတယ်။ လုပ်တဲ့သူက အပြစ်ဆိုရင် ကိုယ့်အကြောင်းတွေ အားလုံး သူများသိအောင် တင်နေသူတွေမှာလည်း အားနည်းချက်ရှိပါတယ်လို့ ကျွန်တော်မြင်ပါတယ်။

ကိုယ်နဲ့ခင်သူတွေ သိရင်တော်ပြီပေါ့ဗျာ။ ဘာလို့ လောဘတွေ ကြီးနေတာလဲဆိုတာ ကျွန်တော် စဉ်းစားလို့ကို မရပါဘူး။ နာမည်ကြီးချင်တာလား။ ထင်ပေါ်ချင်တာလား။ နောက်ဆုံးတော့ ကိုယ်ပဲထိတာပါပဲ။ သေသေချာချာ စဉ်းစားကြည့်ရင် Facebook မှာ ဓာတ်ပုံတွေ တင်နေတာ ကိုယ့်ပုံတွေကို ကိုယ့်မိသားစုဝင်တွေတောင် အားလုံး သေသေချာချာ ကြည့်ပြီးပါရဲ့လား ဆိုတာ ပြန် စဉ်းစားကြည့်ပါဦး။ သွေးရင်းသားရင်းတွေတောင် အဲဒီလို မကြည့်ရ၊ မမြင်ရသေးဘဲ တစ်ကမ္ဘာ လုံးက မြင်အောင်တင်နေတာ ကိုယ့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ဖြစ်လာဖို့ပဲ ရှိမှာပါပဲ။ ဒါကြောင့် ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေသာ မြင်ရုံ မျှဝေ သင့်တယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

ကျွန်တော် ဗွီဒီယိုဖိုင်လ် အတိုလေး တစ်ကားကြည့်ဖူးပါတယ်။ ကောင်မလေးတစ်ယောက် သူသွားတဲ့နေရာ တိုင်းမှာ သူ့ကိုလူတွေက နာမည်ပါသိပြီး နှုတ်ဆက်ကြပါတယ်။ သူတော်တော်လေး အံ့ဩပြီး နောက်ဆုံး စိတ်ဓာတ်ကျ ခံစားသွားရတာကိုပြထားတာပါ။ သူက Facebook သုံးတာကိုး။ သုံးတာက သုံးပါ။ တစ်ကမ္ဘာလုံး သိစရာမှမလိုတာဗျာ။ လူဆိုတာ နာမည်ကြီးလာရင် နာမည်ကြီးလာတာနဲ့အမျှ ဘယ်လောက်ဒုက္ခခံရလဲ ဆိုတာ သိမှမသိကြဘဲကိုး။ Celebrity တွေ သွားအထင်ကြီးပြီး သူတို့လို သွားလုပ်လို့ကတော့ ဟိုမရောက် ဒီမရောက် မျောက်သစ်ကိုင်းလွတ်တာထက်တောင် ဆိုးလိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက Facebook ကနေ ကိုယ်နာမည်ကြီးအောင် လုပ်ရင်း ပြန်ထိတတ်တယ်လို့ ကျွန်တော့်ကို သင်ပေးတာပါ။

နောက်တစ်ခုက Facebook မှာ တင်တဲ့ Status တွေပါ။ ကိုယ့်စိတ်ထဲခံစားလို့ ရတဲ့အတိုင်း တင်လို့ရတော့ ကောင်းပါတယ်။ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို မျှဝေလို့ ရတာပေါ့။ ဒါပေမဲ့ အားလုံးသိကြတဲ့ အတိုင်း လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ အားလုံးဟာ ထိန်းချုပ်မှု အလျဉ်း ကင်းမဲ့လို့ ရေးချင်တာ ရေးကြပါတော့တယ်။

လူမျိုးမရွေး၊ ဘာသာမရွေး သုံးနေကြတဲ့အခါ အားလုံးဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို နည်းနည်းမှကို ထိခိုက်မခံနိုင်အောင်ဘဲ ရေးကြ၊ လက်တုန့်ပြန်ကြနဲ့ Facebook ဟာ အသုံးပြုသူအားလုံးရဲ့ အသုံးချခံ လက်နက်တစ်မျိုး ဖြစ်သွားခဲ့ပါတော့တယ်။

ဒီနေရာမှာ ကျွန်တော့်သဘောထားကတော့ ရှင်းပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ကျွန်တော် သူများဘာသာကို မစော်ကားပါဘူး။ ဒါကြောင့် ကျွန်တော့်စာမျက်နှာမှာ ကျွန်တော့်ကို တိုက်ရိုက်ပြောသလိုနဲ့ ဘာသာကို စော်ကားလာရင်တော့ ကျွန်တော်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ကျွန်တော့်လို Facebook သုံးနေသူတွေလည်း တခြားဘာသာကို မစော်ကားသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ လူတိုင်းကတော့ ကိုယ့်သာသာ၊ ကိုယ့်လူမျိုး ကောင်းတယ်ထင်တဲ့ သူချည်းပါပဲ။ အပြန်အလှန်လေးစားမှု ဆိုတာ လူတိုင်းမှာ ရှိရင် အကောင်းဆုံးပေါ့ဗျာ။

တစ်ခါတစ်ခါ ပြင်ပက ကိစ္စတွေပေါ် မူတည်ပြီး Facebook ရဲ့ စာမျက်နှာထက်မှာ ထချကြပါတယ်။ မှတ်ချက်တွေထဲမှာ အယုတ္တ၊ အနတ္တတွေ စီနေအောင် ရေးပါတယ်။ တော်တော်လေး အကျည်းတန်ပါတယ်။ အဲဒီအခါ Facebook ကြီးကို ကျွန်တော်စိတ်ပျက်မိပြန်ပါရော။ အပြင်မှာတောင် မဆဲရဲတာတွေကို ပညာတတ်တွေရော၊ မတတ်တာတွေရော ဆဲနေကြတာ အားရပါးရမို့ ကျွန်တော်လည်း " ကျွန်တော်နှင့် အင်တာနက် အလန်းများ " (၃) [သို့မဟုတ်] "သာဂိပြောသော Fuck You" ဆိုတဲ့ စာကို ကျွန်တော့်ရဲ့ ဇာတ်ကောင် သာဂိနဲ့ တင်လွှတ်လိုက်ပါတော့တယ်။

မယုံမရှိပါနဲ့။ တချို့မိန်းကလေးတွေက ကျွန်တော်တို့ ယောကျာ်းလေးများ သုံးတဲ့စကား ထက် တော်တော်လေး ကြမ်းတာမျိုးကို မှတ်ချက်ထဲမှာ အားပါးတရ ရေးနေကြတာ ကျွန်တော်တွေ့ ဖူးပါတယ်။ မသိခင်ကတော့ ကောင်းတိကောင်းရဲ့နဲ့။ အကြောင်းတကယ်သိလာတော့ ကျွန်တော်တို့က ရှက်ပေမယ့် သူတို့က မရှက်သူတွေလည်း ရှိပါသေးတယ်။ ဒါကိုလည်း ကျွန်တော်ကတော့ မသိမသာ ခွာထုတ်ပါတယ်။ ကျွန်တော့်ဇနီးကိုလည်း အဲဒီလိုလူတွေ ရှိလာရင် ဘာမျှ စဉ်းစားမနေနဲ့၊ Unfriend သာ လုပ်ပစ်ပါလို့ မှာထားပါတယ်။ သူတို့ကြောင့် Mutual Friend ဆိုပြီး တစ်ဖက်မှာ သွားပေါ်နိုင်တဲ့ ကျွန်တော်တို့ပါ သိက္ခာကျတော့မှာကိုး။ တကယ်ကို ပြောသင့်၊ မပြောသင့်၊ ရေးသင့်၊ မရေးသင့်တာတွေကို ရေးတာပါဗျာ။ လင်မယား သုံးတဲ့အသုံးတို့၊ သမီးရည်းစား သုံးတာတို့ကို Facebook မှာ ပေါ်တင်ကြီးတွေ ချပြနေတာ။ ချစ်စရာကောင်းတဲ့ စကားလုံးတွေဆိုတော်သေးတာပေါ့။ သူတို့သုံးတာ ကျွန်တော်တို့ ယောကျာ်းလေး အချင်းချင်းတောင် လူရှေ့သူရှေ့ မပြောရဲတာမျိုးကို တည့်တွေချည်း Facebook မှာ လွှတ်နေတော့တာ။ နောက်ဆုံး ကိုယ်က အစဖြတ်မှပဲ အေးသွားပါလေရော။ အဲဒါမျိုးတွေလည်း Facebook ကြီးက ပြောပြတတ်ပါသေးတယ်။

ကျွန်တော်ရှေ့မှာ ပြောခဲ့ပါတယ်။ ကျွန်တော့်လို Facebook သုံးနေသူတွေကရော ဘယ်လိုခံစားနေရလဲ ဆိုတာကို သိချင်ပါတယ်လို့။ ကျွန်တော်တစ်ယောက်တည်း ဖြစ်တည်နေတဲ့ ခံစားမှုမျိုး မဟုတ်ဘူးဆိုတာကိုတော့ သာဂိရဲ့ ဇာတ်လမ်းတွဲတွေက ကျွန်တော့်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ပို့စ်တွေထဲမှာ ပါလာခဲ့တာက သက်သေဖြစ်လို့လာပါတော့တယ်။ ဆိုလိုတာက ကျန်တဲ့သူတွေမှာလည်း တူညီတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာကို ဒီပို့စ်ကို လာဖတ်တဲ့သူတွေရဲ့ အမြင်ကို ကြည့်ပြီး ကျွန်တော်သိနိုင်ခဲ့ပါတယ်။ ဒါလည်း Facebook ကြီးကနေ ကျွန်တော့်ကို အမှန်တရား အတွက် ဟောခဲ့တဲ့တရားတွေလို့တောင် ဆိုနိုင်ပါသေးတယ်။

နောက်တစ်ခုက Facebook မှာ ကိုယ်သာ တော်တယ်၊ တတ်တယ် လို့ အထင်ရောက်ပြီး သူများအတွေး၊ သူများကဗျာ၊ သူများစာတွေကို ခိုးကူးပြီး ခပ်တည်တည်နဲ့ ကိုယ့်စာ၊ ကိုယ့်အတွေးလုပ် သူတွေကို တွေ့ရတာပါပဲ။ သူများစာယူသုံးတယ်။ ခပ်တည်တည်နဲ့ ဘာအညွှန်းမှ မပါဘူး။ ကိုယ့်စာလိုလို လုပ်ထားတယ်။ ကျွန်တော့်ကဗျာ တစ်ပုဒ်ကို Facebook သုံးတဲ့ လူတစ်ယောက်က သူ့ရဲ့ Status မှာ တင်ထားတယ်။ သူက သူ့အတွေးလို လုပ်တင်ထားတာ။ Like ထားတာ တစ်ပုံကြီးပဲ။ ပြီးတော့ ကျွန်တော့်ကဗျာတစ်ပုဒ်ကို တခြား တစ်ယောက်က ရေးသူ မသိလို့ပါ ဆိုပြီး ခပ်တည်တည်နဲ့ Facebook မှာ တင်ထားပြန်တယ်။ တော်တော် များများ Like ထားပြန်ပါတယ်။ ဒါနဲ့ ကျွန်တော့်ဇနီးက တွေ့ပြီး ကျွန်တော်က မှတ်ချက်မှာ ၀င်ရေး ရပါတော့တယ်။ ကျွန်တော့်ဇနီးက ပြန်ပြီး ရှယ်ရပါတော့တယ်။ အဓိကက ကျွန်တော်က ဘလော့မှာသာ စာတင်ပြီး Facebook ရဲ့ Notes မှာ ပြန်မတင်ဖြစ်တာပါ။

ဒီတော့ ကျွန်တော်လည်း စဉ်းစားပါတယ်။ လူတွေရဲ့ အကျင့်တွေက တော်တော်လေး နိမ့်ကျလာပါလားလို့။ Facebook ထဲမှာ လူမမြင်ရဘူးဆိုပြီး စာခိုးပါတယ်။ အတွေးအခေါ်တွေ ခိုးပါတယ်။ မူလပိုင်ရှင်ဆိုသူတွေကို အလေးမထားပါဘူး။ Like ဆိုတာတွေကို ဘယ်လောက်လိုချင်သလဲတော့ မသိဘူး။ ကိုယ်နာမည်ကြီးဖို့ တစ်ခုတည်းနဲ့ သူများရဲ့ အနုပညာပစ္စည်းကို ခိုးယူကြပါတော့တယ်။ သူတို့မျက်နှာတွေတော့ သူတို့ရဲ့ စာမျက်နှာတွေမှာ ရှိမနေပါဘူး။ ကိုယ့်အကြောင်း ကိုယ်သိလို့နေပါလိမ့်မယ်။

ကျွန်တော်ကတော့ ဓာတ်ပုံမပါဘဲ လာ Add ရင် ဘယ်တော့မှ လက်မခံပါဘူး။ သူ့ဘာသာ ဘာကြီးဖြစ်နေနေပါ။ ဓာတ်ပုံပါခဲ့ရင်ရောလို့ ဆိုခဲ့ရင်လည်း လက်ခံချင်မှ လက်ခံပါမယ်။ ကျွန်တော့်ဘက်က လက်ခံနိုင်လောက်တဲ့ ယုံကြည်မှုမျိုး ရှိမနေရင် ဘယ်သူမျှ လက်မခံပါဘူး။ ဒါက ကျွန်တော့်ရဲ့ လွတ်လပ်ခွင့် ဖြစ်ပြီး ကျွန်တော့်ဘာသာ ချထားတဲ့ စည်းပါ။ ကျွန်တော်က သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းပဲ လိုတာပါ။ မလိုအပ်ဘဲ ကျွန်တော့်ရဲ့ Facebook ထဲမှာ လူများနေပြီး အဲဒီလူတွေ မကောင်းတာမျိုး ကျွန်တော်မလိုလားလို့ပါဘဲ။

ပြီးတော့ ရှယ်( Share )တဲ့ကိစ္စပါ။ ကောင်းပါတယ်။ ရှယ်ပါ။ မရှယ်နဲ့လို့ မဆိုလိုပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ကိုး။ ဒါပေမဲ့ပေါ့ဗျာ။ လည်ပင်းကို ကြိုးစွပ်ပြီး သူ့ဘာသာ ဆွဲကြိုးချသေတာတို့၊ မြင်မကောင်း ရှုမကောင်းသေနေတာတို့ ဆိုတာတွေဟာ ရှယ်သင့်တဲ့ အရာတွေလား ဆိုတာ ကျွန်တော် စဉ်းစားကြည့်မိ ပါတယ်။ အဲဒါတွေက ဘာပညာမှ မပေးပါဘူး။ ဘာအမျိုးသားရေးမှလည်း မဟုတ်ပါဘူး။ အများအကျိုးဆောင်ရင်း သေသွားတာကို ရှယ်တာနဲ့ သူ့ဘာသာ ဆွဲကြိုးချသေတာကို ရှယ်တာက တော်တော်လေး အဓိပ္ပါယ်ကွာပါတယ်။ နေရင်းထိုင်ရင်း အဲဒီပုံတွေတင်မိခါမှ နှလုံးရောဂါ ရှိသူတွေ ကြည့်မိရင် ဒုက္ခဖြစ်နိုင်ပါတယ်။ ဒီတော့ Facebook ကြီးကို ကြည့်ကြည့်ပြီး ကျွန်တော်လည်း ရှယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဆင်ခြင်နေမိပါတယ်။

နောက်တစ်ခုကတော့ နိုင်ငံရေးတွေ ဆွေးနွေးကြ၊ ပြောကြ၊ ဆိုကြနဲ့။ ကောင်းပါတယ်။ မကောင်းတာက သူ့ဘက် ကိုယ့်ဘက် ကြိုက်တာ၊ မကြိုက်တာ ပြောကြရင်း ထဆဲကြတာပါ။ နောက်တော့လည်း သူကသာတယ်၊ ငါကသာတယ်နဲ့။ နောက်ဆုံး ပုံတွေကအစ လုပ်ကြံဖန်တီးထားတာတွေတင်၊ အထင်တွေနဲ့ ရမ်းတုတ်ကြနဲ့။ အားလုံးဟာ နိုင်ငံရေးအတွက် ငြင်းခုံနေလိုက်ကြတာ။ နောက်ဆုံး Facebook ကြီးကို ကြည့်ပြီး ကျွန်တော်တရားတွေ ရနေပါတယ်။

တစ်ဖက်မှာ အဆိုးတွေပြနေသလို တစ်ဖက်မှာ Facebook ကြီးက အကောင်းတွေကိုလည်း တစ်ပြိုင်တည်း ပြနေပါတယ်။ သူငယ်ချင်းတွေရဲ့ မိသားစုတွေ ပျော်မြူးနေတာ၊ ဘယ်နေရာမှာဖြင့် ဘယ်အလှူ၊ ဘယ်နေရာမှာဖြင့် ဘယ်တရားပွဲ၊ ဘယ်စာပေဟောပြောပွဲ၊ ဒါတွေ တွေ့ရတာကလည်း Facebook ကြီးကနေ ကောင်းတာတွေ ရလိုက်တာပါပဲ။ ကျွန်တော်နဲ့ ငယ်သူငယ်ချင်းတွေဆို မဆုံတာတော်တော် ကြာခဲ့ပြီးမှ Facebook ကြီးထဲမှာ စာမျက်နှာ တစ်ခုဖွင့်ပြီး အချိန်တော်တော်များများ ဆုံခဲ့ကြပါတယ်။ အလုပ်၊ ဘ၀ ဆုံနေအောင် ဆွေးနွေးကြနဲ့။ Facebook ကြီးမှာ အဲဒီလို လွတ်လပ်စွာ ပျော်ပါးရတာတွေလည်း ရှိပါတယ်။

ကျွန်တော်တို့က လူမှုကွန်ယက်တစ်ခုကို သုံးတာ မကောင်းတာတွေချည်း ရှာဖွေ ဖော်ထုတ်ပြီးမှ သုံးမလား၊ ကောင်းတာလေးတွေ မျှဝေခံစားရင်း သုံးမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါတယ်။ ဒီ Facebook ဆိုတာ လောလောဆယ်မှာ လူတွေရဲ့ ဖျော်ဖြေရေး အဆင့် တစ်ခုကို ရောက်နေသလို မီဒီယာတစ်ခုလို အားကောင်းနေပါတယ်။

ဒါပေမဲ့ တလွဲသုံးကြသူတွေလို့ ကျွန်တော်ထင်မြင်မိတဲ့သူတွေကြောင့် တစ်ခါတစ်ခါများဆို Facebook ကြီးကို ကျွန်တော် Refresh လုပ်ပစ်ချင်စိတ်တောင် ပေါက်မိပါတယ်။ မတတ်နိုင်ဘူးပေါ့ဗျာ။ လူအများသုံးတဲ့ ကွန်ယက်ဆိုကတည်းက ကောင်းတာရော၊ ဆိုးတာရော ပါလာမှာ မလွဲဘူးလို့ ကျွန်တော်နားလည်ထားပါတယ်။ နည်းပညာတွေ မြင့်လာတဲ့ ခေတ်ကြီးထဲမှာ အတွေးအခေါ် အဆင့်အတန်းတွေ နိမ့်ကျလာတဲ့ လူတချို့ကြောင့် ဒီ Facebook ကြီးလည်း တစ်ခါတစ်ခါ ဆို တော်တော်လေးကို ကျက်သရေ မရှိသလောက်ကို တန်ဖိုးမဲ့နေပါပြီ။

အဲဒီကြားထဲကပဲ သတင်းအသစ်လေးတွေ၊ ရယ်စရာလေးတွေ၊ ကောင်းတဲ့မျှဝေတာတွေ ရဖို့နဲ့ သူငယ်ချင်းကောင်းလေးတွေနဲ့ အမြဲထိတွေ့နေချင်တဲ့ လူတွေကတော့ Facebook ကြီးကိုပဲ ဆက်ပြီး တွယ်ဖက်နေရတာပါပဲ။

ကျွန်တော့်အတွက်ကတော့ အပြင်က ဘုန်းကြီးတွေ ဟောတဲ့ တရားတွေ သွားမနာနိုင်ပေမယ့် Facebook ကြီးကို ကြည့်ကြည့်ပြီး Facebook ကြီးက ဟောတဲ့တရားတွေတော့ တော်တော်လေး နာယူမှတ်သားမိနေတယ်လို့သာ ဆိုပါရစေတော့ ခင်ဗျား။ ။

ဆူးသစ်
၂၀း၃၉ နာရီ
၂၉.၇.၂၀၁၂



6 comments:

mstint said...

လူအမျိုးမျိုး စိတ်အထွေထွေမှာ ခံယူချက်ကိုယ်စီနဲ့ပေါ့ ဆူးသစ်ရေ။ နေရာတိုင်းမှာ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာမို့ Face book ရဲ့ တန်ဘိုးကို နားလည်သူတို့အဘို့တော့ အတိုင်းအတာမဲ့ ပညာဗဟုသုတတွေရနိုင်တာပေါ့နော်။ မောင်ဆူးသစ်ရဲ့ Facebook မှာဖြစ်ပျက်နေမှုလေးတွေ ဖတ်သွားတယ်။
(စကားကြုံတုန်း လာမဲ့ ဒီဇင်ဘာလမှာ စက်မှုတက္ကသိုလ် အင်ဂျင်နီယာများအားလုံး ဆရာကန်တော့ပွဲကြီးကို R.I.T မြက်ခင်းပြင်မှာကျင်းပမယ်လို့ သိရတယ်)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

အားပေးတွားတယ်။ ဖေ့ဘွတ် မသုံးပေမဲ့
ကြားသမျှ မြင်သမျှတွေကို ခုလို
ထိထိမိမိလေး ရေးပေးသလို သတိပေးရာရောက်လို့
ကျေးဇူးပါ။

သိင်္ဂါကျော် said...

ဟုတ်တယ်.. ဓါတ်ပုံတွေကို public တင်မှတော့ မလိုသူတွေက မဟုတ်တာ လုပ်တာလည်း ခံရတော့မှာပဲလေ..
ကိုယ်တော့ သူငယ်ချင်း အများကြီး မလိုပါဘူး.. ကိုယ်သိတဲ့ ကိုယ့်ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ကျောင်းနေဘက် သူငယ်ချင်းဟောင်းတွေ လောက်ဆို တော်ပါပြီ..။
မမြင်ချင်တဲ့ အနိဌာရုံ အာရုံနောက်စရာတွေ ပေါ်လာရင် hide လုပ်ပစ်လိုက်တာပဲ..။ ဖြတ်ကလည်း မဖြတ်နိုင်သေးတော့ အကောင်းဘက်ကလေးကပဲ ကြည့်ပြီး သုံးနေရတာပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

FB ကြီးကနေ ရတဲ့ တရားတွေ လူတွေအကြောင်း သိရတာတွေလည်း အတော်များနေပါပြီ။
ရိုးသားတဲ့သူတွေရှိသလို မရိုးသားတဲ့သူတွေလည်း FBပေါ်မှာ အများကြီးဆိုတော့ ကိုယ့်အကြောင်းကို အားလုံး ချပြတာမျိုးက နည်းနည်းတော့ Risk များတယ်လို့ ထင်ပါတယ်။
သတင်းအစုံအလင်သိရတဲ့အတွက် FB ကိုတော့ သဘောကျတယ်
ဒါပေမဲ့ သဘောမကျတဲ့အချက်တွေလည်း ရှိတာပါဘဲ.

Angelhlaing(May everybody be happy and healthy! said...

fbသုံးရင် တရားရတယ်ဆိုတာတော့ အမှန်ပဲ...အကို..:) တော်တော်လေးကိုစုံတဲ့ fb ပါပဲ...။

နွေတေးရှင် (မင်းဧရာ) said...

အင်း...
ပြောမယ်ဆိုလည်း ပြောလောက်ပါပေတယ် အကိုကြီးရာ
အတော်လေးကိုလည်း စိတ်ပျက်ဖို့ကောင်းတဲ့နေရာကြီး ။

ကျွန်တော်လည်း သူငယ်ချင်းတွေကြောင့် အကောင့်ဖွင့်ထားပေမယ့်လို့ မရောက်သလောက်ပါဘဲဗျာ
သူတို့ဟာက ထမင်းစားတာကအစ အိမ်သာ သွားတာအဆုံး အကုန်လုံး လူသိအောင်လုပ်တယ်

အပြောသင့်တာလည်းပြောတယ်
မရေးသင့်တာလည်း ရေးတယ်

fb မှာတော့ ကျွန်တော်ရေးလည်း မရေးဘူး ဖတ်လည်းမဖတ်ဘူး သွားလည်း မသွားဘူး အကိုရေ..

အကိုရေးသမျှကိုတော့ ဘလောဒ့်မှာတင်းပေးပါ အကိုရာ။

Related Posts Plugin for WordPress, Blogger...