Tuesday, February 12, 2013

" ရင်ထဲက ခေါင်းဆောင် "


' တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ဆောင်းအကုန် နွေအကူးဝယ်
လေရူးရယ် တသုန်သုန်ကြွယ်
လင်းအရုဏ်ကျင်းတဲ့ အချိန်အခါမယ်
စနေနေ့ဝယ် မွေးဖွားခဲ့ပါတယ် ' တဲ့
သီချင်းတွေနဲ့ သီဖွဲ့
မြင့်မြတ်တဲ့ သူတစ်ဦးရဲ့ အကြောင်း
ဖေဖော်ဝါရီ အဟောင်းများထဲမှာ။

စနေသား ဆယ့်သုံးဂဏန်း
သူ့လမ်းက ကြမ်းတယ်
သူ့ကံက နွမ်းတယ်
( ဒါပေမဲ့...)
သူ့နိုင်ငံအတွက် သူမပန်းခဲ့ဘူး။

အမြော်အမြင် ကြီးပုံများ
အထက်တန်း ကျောင်းသားတစ်ယောက်ရဲ့အတွေး
နိုင်ငံ လွတ်လပ်ရေးအတွက်ဆို
ခိုင်မာတဲ့ တပ်မတော် လိုသတဲ့။

ဖြောင့်မတ်လိုက်ပုံများ
မိဘပြောတာ မှားရင်မှားတဲ့အတိုင်း ဝေဖန်
အမှန်တရားကို ရင်မှာပိုက်
သူက ရိုးသားတဲ့ လူမိုက်တောင် လုပ်ခဲ့တာ။

တာဝန်ယူတတ်ပုံများ
တက္ကသိုလ်ကျောင်းသားဘ၀ အယ်ဒီတာ
' ငရဲခွေးကြီး လွတ်နေသည် ' ဆိုတာ ဘယ်သူရေးမှန်းမသိ
အဲဒီလို ရေငုံနှုတ်ပိတ် နေခဲ့မိတာ။

စွန့်စားလိုက်တာများ
ခန့်ညားတဲ့ ရုပ်ကို ပုံမှားရိုက်
တရုတ်ပုံ သွားတွေစိုက်လို့ အမွိုင်ကိုသွား
ဖမ်းချင်သူများတဲ့ ကြားကလေ။

အပင်ပန်းခံပုံများ
အနိုင်ကျင့်ခံရတဲ့ကြားက စစ်ပညာ
ရဲဘော်သုံးကျိပ်ဝင် အဖြစ်နဲ့ လေ့လာလို့
တစ်နေ့မှာ လွတ်လပ်စေဖို့ပေါ့။

ခေါင်းဆောင်ပီသလိုက်ပုံများ
လမ်းဘေးက ချမ်းအေးတဲ့ အကြော်သည်ကို သနားလို့
ကိုယ်ပေါ်ပါတဲ့ အ၀တ်ကို ချွတ်လို့ လွှမ်းခြုံ
ပြည်သူအတွက် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုပြ
ပြည်သူဆင်းရဲတာ ခေါင်းဆောင် အသုံးမကျလို့ဆိုတာမျိုး ခံယူခဲ့တာလေ။

လက်ရုံးရည်တင်မက
နှလုံးရည်လည်း လှလို့
နိုင်ငံတကာ ခေါင်းဆောင်တွေကြား
စစ်ရေး၊ နိုင်ငံရေး ဖလှယ်ကစားခဲ့တဲ့ ခေါင်းဆောင်
( သူ့ကြောင့်ပဲ.......)
ကျွန်တော်တို့မြန်မာတွေ နိုင်ငံတကာအလယ်မှာ လက်မထောင်ခဲ့ရတာလေ။

ဖေဖော်ဝါရီ ဆယ့်သုံးဖွားတွေ ရှိနေနိုင်ပေမယ့်
သူလိုလူ နောက်ထပ်မရှိနိုင်တော့ပါဘူး။
စနေသားတွေ ထပ်ထပ်ဖွားပေမယ့်
သူလိုလူ ထပ်ထပ် မဖွားနိုင်တော့ပါဘူး။

ဪ-ဒီလိုနဲ့
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါးရဲ့
စနေသား၊ ဖေဖော်ဝါရီ ဆယ့်သုံးဖွား တစ်ယောက်
ကျွန်တော်တို့ရင်မှာ ဘယ်တော့မျှ မပျောက်ပျက်နိုင်တော့ပါဘူး။         ။

သားလတ်
၁၉း၃၀ နာရီ
၁၂.၂.၂၀၁၃

[ ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အတွက် ခံစားရေးဖွဲ့ ပါသည်။ ]

3 comments:

3rdthameetaw said...

ချစ်ခင်ခြင်း မြတ်နိုးခြင်း လေးစားခြင်း တို့ ကို
အပြည့်အ၀ ခံယူထိုက်သော
ဗိုလ်ချုပ်ကို လှိုက်လှဲစွာ အလေးပြုပါတယ်n

မိုးနတ်ကြယ်စင် said...

:)))

နွေတေးရှင် (မင်းဧရာ) said...

ကျွန်တော်တို့ ဘ၀ တစ်လျှောက်မှာ
တစ်ကြိမ်တည်း တောက်ခဲ့သော ကြယ်
နောက်ထပ်တွေ့ဖို့ မလွယ်တော့ဘူးဗျာ

ဟိုတုန်းက နိုင်ငံရေ...
အခု နိုင်ငံရေ.....
နောက်ထပ်လာဦးမည့် နိုင်ငံရေ....
သူ့လိုလူတွေ မွေးပါဦးမလား

ဦးအောင်းဆန်း
တအားကို ပင်ပန်းခဲ့တယ်။

Related Posts Plugin for WordPress, Blogger...