Saturday, February 2, 2013

" ရခိုင်ပြည် အလွမ်းပြေ "( ၄ )


ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် မြောက်ဦးမှာ တစ်ရက်တိတိ ဘုရားဖူးပြီး စစ်တွေကို ပြန်သည်။ ကျွန်တော်တို့ အဓိက အလုပ်သည် စစ်တွေမှာသာ ရှိသည်မို့ စစ်တွေကိုသာ ပြန်ခဲ့သည်။ နယ်မြေခံ အရာရှိ အမျိုးသမီးကြီး ခမျာလည်း ကျွန်တော်တို့ကို တွေး၍ ပူနေရှာသည်။ ဆရာက ပင်စင်ယူခါနီး၊ ကျွန်တော်က ထိုနယ်မြေကို တစ်ခါမျှ မရောက်ဖူးသူ၊ သူတို့က အဆင်ပြေပါ့မလား ဟု စိတ်ပူတာဖြစ်သည်။

ကျွန်တော့်အထင် ဘာမျှ ပူစရာမရှိ။ ပါးစပ်ပါ ရွာရောက်ပင်။ ပြီးတော့ ဗုဒ္ဓဘာသာ ထွန်းကားသော ပြည်နယ်၊ မြို့တစ်မြို့။ ဘုရားပုထိုးများနှင့် တင့်တယ်နေသော မြို့ကလေးမှာ ကျွန်တော်တို့ အေးဆေးချမ်းသာစွာ ဘုရားဖူးရသည်က မည်မျှ အေးချမ်းပါသနည်း။ မည်မျှ ကြည်နူးစရာ ကောင်းပါသနည်း။

စစ်တွေကနေ လေယာဉ်ဖြင့် ဆရာနှင့် အတူ ပြန်ခဲ့သည့်နောက်မှာ ကျွန်တော်တို့ ဋ္ဌာန၏ ဒု ၀န်ကြီးက ကျောက်ဖြူသို့ သွားစစ်သင့်ကြောင်း ကျွန်တော့်ကို ညွှန်ကြားလာပါသည်။ သည်သို့ဖြင့် ကျွန်တော်၏ စစ်တွေ နောက်တစ်ခေါက်မှာ ကျောက်ဖြူသို့ ကျွန်တော်မဖြစ်မနေ သွားခဲ့ပါတော့သည်။ 

ကျောက်ဖြူကို စစ်တွေမှသည် ' မလိခ 'ဟု ခေါ်သော ရှပ်ပြေးယာဉ်ဖြင့် သွားပါသည်။ ရှပ်ပြေးယာဉ်ဆို၍ ဘာကြီးလဲဟု တွေးမနေပါနှင့်။ ရေပေါ်မှာ ရှပ်ပြေးသော သင်္ဘောငယ်သာ ဖြစ်ပါသည်။ အရှိန်ကတော့ မြန်၏။ အထဲမှာ အဲကွန်းနှင့် တီဗွီပါသည်။ ဗွီဒီယိုပြသည်။ ကျွန်တော်ကတော့ အလုပ်တာဝန်နှင့် သွားရသည့် ခရီးမှာ မည်သို့မျှ ဇိမ်မခံနိုင်။

ကျွန်တော့်ကို နယ်မြေခံ အမျိုးသမီးကြီးကသာ လိုက်ပို့ပေးခဲ့၍ ကျောက်ဖြူကို ရောက်ခဲ့ပါတော့သည်။ တည်းခိုခန်းတစ်ခန်းရှာ၊ သူတစ်ခန်း၊ ကိုယ်တစ်ခန်းနားပြီး ထမင်းစားထွက်ခဲ့ပြီး ညရောက်မှ တည်းခို ခန်းမှာ ပြဿနာက တက်ပါတော့သည်။ တခြားမဟုတ်။ ကြမ်းပိုးကိုက်ခြင်းပင်။ ညဘက်မှာ မီးကမရှိ။ ကျွန်တော်က နယ်တွေသွားနေကျ ဖြစ်၍ ဖယောင်းတိုင်နှင့် မီးခြစ်ကို ဆောင်ထား တတ်ရာ တော် ပါသေးသည်။ မှေးခနဲ ဖြစ်လိုက်၊ ခေါင်းအုံးအောက်ကနေ ကျွန်တော့် ကုပ်ပိုးကို ကိုက်လိုက်နှင့် ထကြည့် လိုက်သောအခါ လား......လား၊ တစ်ကောင်မက။ အပြုံလိုက်ကြီး။ ကျွန်တော်လည်း ဘယ်လိုမျှ နေမရ။ ရှင်းရတော့သည်။

ရှင်းပြီး တစ်ခါပြန်အိပ်သည့်အခါ ခဏ မှေးခနဲ ဖြစ်လိုက်၊ ပြန်ကိုက်လိုက်နှင့် မနက် ငါးနာရီလောက်မှ ခေါင်း အုံးပေါ်ကို ကျွန်တော်ပါလာသော ပုဆိုးလေး ဖြန့်ခင်းပြီး အိပ်မှ မိုးအလင်း အိပ်ပျော်သွားပါတော့သည်။ ပြီးတော့ တစ်နေကုန် စစ်ဆေးရေး ဆင်းရ၏။ နိုင်ငံပိုင် စက်ရုံလည်း ပါသည်။ ထုံးစံအတိုင်း ငါး၊ ပုစွန်လုပ်ငန်းများ ပေါ၍ အအေးခန်းစက်ရုံ များလည်း ရှိသည်။

ထူးခြားတာ တစ်ခု မှတ်မိသည်ကို ပြောရလျှင် ကျောက်ဖြူမှာ ကွမ်းယာဆိုင်တစ်ဆိုင် မည်မျှ ရောင်းရ သနည်း ဆိုလျှင် ကွမ်းယာယာဖို့ရန် အတွက် ဆေးလိပ်ခုံလို ကွမ်းယာယာသူများကို ခန့်ထားပြီး ရောင်းရ ပါသည်တဲ့။ ဒါလေးတော့ ကျွန်တော် မှတ်မိသည်။ နောက်တစ်ခုက စက်ရုံတစ်ရုံက အင်ဂျင်နီယာ တစ်ယောက် ကျွန်တော့်ကို ပြောပြတာလေးပါ။ ကျောက်ဖြူမှာ လေယာဉ်က တစ်ပတ်ကို တစ်ရက်၊ နှစ်ရက် သာ လာသည်တဲ့။ မလိခကိုသာ အားကိုးရသည်တဲ့။ မလိခက သံတွဲဘက်ပါ ပတ်သည်။ ဥပမာ - စစ်တွေက လာသော မလိခသည် ကျောက်ဖြူကို ၀င်သည်။ ပြီးမှ သံတွဲကို သွားသည်။ သံတွဲက ပြန်လာသော အခါ ကျောက်ဖြူကို အရင်ဝင်သည်။ ပြီးမှ စစ်တွေကို သွားသည်။ ဒါတောင် မလိခလည်း သူ့ရက်နှင့် သူပါတဲ့။ ကျွန်တော်ကတော့ ကျောက်ဖြူကို ပင်လယ်ထဲက မြို့ဟုသာ တင်စားချင်တော့သည်။

တစ်ဆက်တည်းမှာပင် ကျွန်တော့်မှာ ကျောက်ဖြူနှင့် ပတ်သက်၍ တွေးစရာတွေ အများကြီး ရပါသည်။ သည်ဒေသကလူများ ဘယ်လို ရှင်သန်နေပါသနည်း။ သည်ဒေသကလူများ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်ဆံမှု လွယ်ကူပါသလား။ သည်ဒေသက လူများ၏  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများကရော မည်သို့ ရှိပါသနည်း။ ကျောက်ဖြူက ကျွန်တော့်ကို အတွေးများစွာ ပေးခဲ့ပါသည်။

ကျောက်ဖြူက ပြန်မည့် မနက်မှာတော့ စက်ရုံများကို ကြုံသလို ၀င်စစ်ရင်း သင်္ဘောဆိပ်သို့ ဆင်းရပါတော့သည်။ မဆင်း၍ မရ။ အင်ဂျင်နီယာ ပြောသလို မလိခနှင့် ကြုံတုန်း ပြန်ရမှာ ဖြစ်သည်။ မကြုံလျှင် နောက်ထပ် ဘယ်နှစ်ရက် နေရမည်မသိ။ သည်လိုနှင့် မလိခ နှင့် စစ်တွေကို ပြန်ရောက်ခဲ့သည် ဆိုရမည်။ ကျွန်တော့်ကို လိုက်ပို့သော နယ်မြေခံ အဒေါ်ကြီးမှာလည်း မလိခ ဒဏ်မခံနိုင်သည်လား၊ ပင်ပန်းလွန်း၍လား မဆိုနိုင်။ အပြန်ခရီးမှာတော့ ခေါင်းများမူးကာ မဟန်နိုင်တော့သည်ကို သတိပြုမိ ပါတော့သည်။ ကျွန်တော် အားနာမိပါသည်။

သူမသည် ရခိုင်လူမျိုး ဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော့်ဆရာ ဒု-ညွှန်မှူး စစ်တွေ လာစဉ်ကလည်း တော်တော် ဂရုစိုက်ရှာသည်။ ယခုလည်း ကျွန်တော် ကျောက်ဖြူကို မရောက်ဖူး၍ တစ်ကြောင်း၊ ဒုဝန်ကြီး၏ ညွှန်ကြားချက် ပါ၍ တစ်ကြောင်း ကျွန်တော့်ကို သူမ လိုက်ပို့ခြင်းပင်။ တကယ်တော့ အသက်အရွယ်အရ ခရီးများများ မသွားသင့်သည်ကို ကျွန်တော် သိနေ၍ သူ့ကို အားနာမိခြင်းပါ။ 

စစ်တွေပြန်ရောက်တော့ ကျွန်တော်က မြတည်းခိုခန်းမှာ ပြန်တည်းသည်။ နယ်မြေခံကိုတော့ နားစေတော့ သည်။ ကျွန်တော့်အတွက်က စစ်တွေဘက်ရောက်လျှင် စစ်တွေသည် ကျွန်တော့် အိမ်ရှိရာ ဒေသလို ပြန်ဖြစ် သွားသည်။ သံတွဲဘက်သို့ သွားလျှင်တော့ သံတွဲသည် နေအိမ် ရှိရာ ဒေသဖြစ်သည်။ စစ်တွေနှင့် သံတွဲကို အခြေပြုကာ လျှောက်သွားခဲ့ရသည်ကိုး။

ထိုသို့သွားရင်းလာရင်း သတိထားမိ သည်က ကျွန်တော်ရောက်ဖူးခဲ့သော ရခိုင်ပြည်နယ်ရှိ ဒေသများ ထဲမှာ ကျောက်တော်ရှိ ပြည်သူများသည် စကားအ၀ဲဆုံး ဖြစ်မည်ဟု ကျွန်တော် ထင်မိသည်။ ဘူးသီးတောင်၊ မောင်တော နှင့် အခြား ရခိုင်ပြည်နယ် ဒေသများကိုတော့ မရောက်ခဲ့လိုက်၍ မသိလိုက်ပါ။ ကျွန်တော်ရောက်ခဲ့ဖူးသော စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့ များတွင်တော့ ကျွန်တော်နှင့် ကျွန်တော့်ဆရာ ကြုံခဲ့ရသော ကျောက်တော်ဒေသရှိ ရခိုင်လူမျိုးများက ပို၍ စကားဝဲသည်ဟု ထင်မိခြင်းပင်။ ကိုယ့်စကား၊ သူနားမလည်။ သူ့စကား ကိုယ်နားမလည်တောင် ဖြစ်ခဲ့သေး သည်ကိုး။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်အနေဖြင့် တာဝန်ဖြင့် ခရီးသွားရသော ဒေသများထဲတွင်ရော၊ ကျွန်တော့်ဘာသာ အလည်အပတ်သွားရင်း ရောက်ခဲ့သော ဒေသများထဲတွင်ရော ရခိုင်ပြည်နယ်ကို သံယောဇဉ် ဖြစ်မိသည်ကတော့ အမှန်ပင်။ ထိုအထဲကမှ ကျွန်တော်ရောက်ဖူးသော ရခိုင်ပြည်နယ်ရှိ မြို့များထဲမှာ စစ်တွေကို ပို၍ သံယောဇဉ်ဖြစ်မိသည်။

ကျွန်တော့်ဘာသာလည်း သိပါသည်။ ငပလီသည် လှပသည်။ အေးချမ်းသည်။ မြောက်ဦးသည် ဘုရားပုထိုးများဖြင့် ငြိမ်းအေးသော ဒေသဖြစ်သည်။ သို့သော် ကျွန်တော့်ရင်ထဲမှာ စစ်တွေက စွဲထင်ကျန်ရစ်သည်။ ဘာကြောင့်မှန်းတော့ ကျွန်တော်မသိ။ ကျွန်တော် ခံစားရသည်ကို ကျန်တာနှင့် မဆုံးဖြတ်တတ်။ ကဗျာရေးသူမို့ ကဗျာနှင့်သာ ဆုံးဖြတ်မိသည်။

ဟုတ်ပါသည်။ ကျွန်တော် ငပလီအတွက် ကဗျာ မရခဲ့ပါ။ ငပလီကို ရည်ရွယ်ရေးသော တိုက်ရိုက်ကဗျာမျိုး မရခဲ့ခြင်းပါ။ သို့သော် သွယ်ဝိုက်၍ ရခဲ့သော ကဗျာမျိုးတော့ ရှိခဲ့ပါသည်။ မြောက်ဦး၊ ကျောက်တော်၊ တောင် ကုတ် စသည်ဖြင့် ရောက်ခဲ့သော်ငြား ကဗျာမဖြစ်။ သို့သော် စစ်တွေမှာ ကျွန်တော်ရေးစရာ ကဗျာတွေ ရလာခဲ့သည်။ စစ်တွေ ကိုယ်၌ကိုက ကဗျာရေးချင်စရာ ဖြစ်လာခဲ့သည်။ သည်တော့ စစ်တွေကို သံယောဇဉ် ဖြစ်မိသည်ဟု ကျွန်တော် ဆိုပါလျှင် လွန်ပါမည်လား။

ဆူးသစ်
၂၃း၂၄ နာရီ
၁.၂.၂၀၁၃

( ဆက်ပါဦးမည် )


1 comments:

မိုးနတ်ကြယ်စင် said...

အဆက်လေး လာဖတ်ရင်း
ဆက်ရန်လေးကို မျှော်နေကြောင်းပါ အကိုရေ :)

Related Posts Plugin for WordPress, Blogger...