ကျွန်တော်နှင့် ကျွန်တော့်ဇနီး အပြင်ထွက်လျှင် လူစုံသည့်နေရာများမှာ ကြုံရတာ တစ်ခုရှိသည်။ အထူးသဖြင့် MRT အဆင်းလို နေရာမျိုးမှာ။ တခြားတော့ မဟုတ်။ ကြော်ငြာစာရွက်များ ကမ်းခြင်းပါ။
IMM လို Market ကြီးမျိုးဆို တစ်ရှူးထုပ်ပင် ပါသေးသည်။ တစ်ရှူးအဖုံးမှာ သူတို့ကုန်ပစ္စည်း ကြော်ငြာများ ထည့်ထားသည်။ အခြားကြော်ငြာများကတော့ စာရွက်ပါးပါးက တစ်မျိုး၊ ကြွေစက္ကူက တစ်ဖုံ၊ စုံလှ၏။ ကြော်ငြာ ဝေသူများကရော။ ငယ်ငယ်ရွယ်ရွယ်မှသည် အသက်ကြီးကြီးအထိ။
ထိုသို့ ကြော်ငြာစာရွက် ဝေသူများကား လုပ်အားခ မည်ရွေ့၊ မည်မျှ ရသည်မသိသော်လည်း လုပ်အားခတော့ ရပါလိမ့်မည်။ သို့သော် တစ်နေကုန်အောင် ဝေနေရသည့် သူ့အလုပ်က မစားသာလှဟု ကျွန်တော် တွေးမိ၏။ သိုသော် စင်္ကာပူလူမျိုး ဆိုသည်ကလည်း တစ်မျိုးတော့၊ တစ်မျိုး။ ကျွန်တော် တွေ့ဖူးသမျှ ကြော်ငြာစာရွက် ထိုးပေးလျှင် အငြင်းပယ်ဆုံးက စင်္ကာပူလူမျိုး။
ကျွန်တော်ကတော့ ပေးလျှင် ယူလိုက်သည်။ မပေးတော့လည်း မယူ။ ဇနီးလည်း ထို့အတူ။ ထိုသို့ ပေးသမျှ ကြော်ငြာ ယူသည့်သဘောတွင် ကျွန်တော်တို့က ယူလိုက်၍ သူတို့အလုပ် မြန်မြန် ပြီးတော့ ပြန်ရတာပေါ့ ဟူသော စေတနာလည်း ပါ၏။ ထိုစကားသည် အမှန်။ ဖတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့သည်မှာလည်း အမှန်။
သို့သော် ထိုကြော်ငြာကမ်းသူများ၏ မူမမှန်သော သဘောကို ကျွန်တော် ဖြည်းဖြည်းချင်း တွေ့လာရသည်။ တချို့ လက်ကမ်းကြော်ငြာ ဝေသူများက ကျွန်တော်တို့ကို မပေး။ လူရွေးပေးသည်။ အမှန်မှာ အချို့နေအိမ် တိုက်ခန်းကြော်ငြာ၊ ဆေးကြော်ငြာများမှာ ကြော်ငြာစာရွက်က တန်ဖိုးကြီးမည် ထင်၏။ ကြွေစက္ကူ နှစ်ချိုး၊ သုံးချိုးဖြင့် ဒီဇိုင်းကလှလှ။ ဒါတော့လည်း သူတို့နိုင်ငံသား 'စ' လုံးကသာ ပိုသင့်တော်မည်။ ဒါကို ကျွန်တော် နားလည်၏။
သို့သော် စားသောက်ဆိုင်၊ သင်တန်း စသော ကြော်ငြာများကိုပင် ကျွန်တော်တို့ကို မပေးချင်သောအခါ လူ၏သဘော၊ ဘာမို့လို့လဲ ဆိုသော မခံချင်စိတ်နှင့် မာနကလေးက ကျွန်တော်နှင့် ဇနီးဆီ ၀င်လာ၏။ တကယ်တော့ ကျွန်တော်တို့က ကြော်ငြာစာရွက်မရ၍ ဒေါကန်တာမဟုတ်။ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံသလို ခံစားရ၍ မခံချင်စိတ် ဖြစ်နေခြင်းပင်။
သိပ်မကြာသေးမီကပင် ကျွန်တော်တို့လင်မယား ဘူတာကအဆင်းမှာ တရုတ်မတစ်ယောက် ကြော်ငြာ ကမ်းနေစဉ် ကျွန်တော်တို့ကို တစ်ရွက် ကမ်းပေး၍ ယူရန်ဟန်ပြင်နေစဉ်၊ နောက်ကစလုံးကို ဖျတ်ဆို ပြောင်း ပေးလိုက်သောအခါ ကျွန်တော် တော်တော် ဒေါကန်သွားပါသည်။ ဇနီးသည်က သူလည်း အဲဒီလို ကြုံဖူးတယ်ဟု ဆိုသောအခါ နောက်ဆို ဘယ်သူပေးပေး မယူနဲ့ဟု ယတိပြတ် ဆုံးဖြတ်ချက်နှင့်သာ ပြောလိုက်ပါတော့သည်။ တကယ်လည်း မယူဖြစ်တော့ပါ။
ဘယ့်နှယ်ဗျာ။ သူ့နိုင်ငံသားချင်းတောင် စာနာစိတ်နှင့် ယူတောင် မယူသည့်ကိစ္စ။ ခွဲခြားဆက်ဆံ ခံရသည့် ကျွန်တော်တို့လို၊ သူတို့နိုင်ငံသား မဟုတ်သည့် တခြားနိုင်ငံက လူက ဘာများ အရေးစိုက်စရာ ရှိပါသနည်း။ အနေသာကြီး။ တစ်ခါတစ်ရံ တစ်ရွက်၊ နှစ်ရွက် ကျန်နေစဉ် ကျွန်တော်ယူလိုက်၍ thank you ဟု ပြောပြီး ပြုံးပြ ပြန်သွားသော သူများကို ငဲ့ညှာမိသော်ငြား တော်တော်များများ၏ မူမမှန်သော စိတ်ဓါတ်ကို မကြိုက်၍ မည်သည့် ကြော်ငြာမျှ လက်ခံရန် စိတ်ကူးပင် မရှိတော့။
အပေးအယူဆိုသည်က မျှမှကောင်းသည် မဟုတ်လား။ ။

ဆူးသစ်
၂၀း၄၅ နာရီ
၁၇.၀၂.၂၀၁၁
4 comments:
:)).. စလုံးလိုနေရာမှာ ကျွန်တော်တို့နိုင်ငံသားတွေ ပိုနှိမ်ခံရတာ ခံပြင်းဆုံးပဲနော်.... သူ့ထက်တိုးတက်လွန်းတဲ့ နိုင်ငံတွေတောင် ဒီလိုမလုပ်ဘူး....
ခင်မင်တဲ့
နေ၀သန်
ဒီမှာလည်း အတူတူပဲ အကို..
ခံပျင်းလွန်းလို့...း(
စာလေးတွေလာဖတ်သွားတယ် ကျေးဇူးပါ လင့်ယူသွားပါတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟုတ်တယ် ..
တစ်ခါတစ်လေ
အဲ့လို ခွဲခြားဆက်ဆံတာတွေ
ခံရတာ အရမ်း ရင်နာတယ် ..
စိတ်ထဲမှာ ဒေါသပဲ ထွက်မိသလိုလို၊
တစ်ခုခု ခံစားလိုက်ရတယ် ..
ဒါပေမယ့်
ကိုဆူးသစ် ပထမပိုင်း ပြောသလိုပေါ့ ..
သူတို့ အလုပ်မြန်မြန် ပြီးပါစေတော့ ဆိုပြီး ယူတယ် ဆိုတာ ..
ကောင်းတဲ့ စိတ်ထားတာ
မွန်မြတ်တဲ့ အလုပ်ပါ ..
ခွဲခြား ခွဲခြား ဆက်ဆံတာက
ဆက်ဆံတာ တစ်ပိုင်းပေါ့ ..
ပေးနေတဲ့ အဖွားကြီးတွေ ၊ အဖိုးကြီးတွေ
ဘယ် အရွယ် ပဲ ဖြစ်ဖြစ်ပါ ...
သူပေးလာခဲ့ရင် ကိုယ့်လက်လေး
တစ်ဘက်ကမ်းပေးလိုက်တာ
ဘာမှ အပင်ပန်း မကြီးပါဘူး ..
c box မှာ
အရင်တုန်းက ဆောင်းနှင်းရေးထားခဲ့ဖူးတဲ့
ကျောက်ရုပ်များဆိုတဲ့
ပို့စ်လေး တစ်ပုဒ် ကို ထားခဲ့ပါ့မယ် ..
အပြုသဘောဆောင်၍
ပြောခြင်းသာ ဖြစ်ပါတယ် ..
ဆရာလုပ်တာ မဟုတ်ပါဘူး ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Post a Comment