Saturday, February 12, 2011

"တစ်ပြည်တည်းသား"


ကျွန်တော်တို့ လုပ်ကွက်ထဲမှာ တိုင်းရင်းသားတော်တော်စုံ၏။ စပြောရလျှင် ရခိုင်လူမျိုးပါသည်။ မြောက်ဦး၊ မောင်းတော ဘက်ကသူများ။ မြောက်ဦးဘက်က ကောင်လေးသည် စကားများ၏။ သူက တခြားလူ ဘေးမကင်းသည်များ လုပ်လျှင် ကျွန်တော့်ကို ချွန်တတ်သေး၏။ နောက်ရခိုင်လေး တစ်ယောက်က ပြန်သွားသည်။ ထားဝယ်တွေလည်း ကျွန်တော့်လုပ်ကွက်မှာ ရှိသည်။ အလုပ်ကြိုးစားသော ထားဝယ်လေး တစ်ယောက်ကတော့ ပြန်သွားပြီ။

နောက်ပြီး ချင်းလူမျိုးပါသည်။ စတို ကိုင်ရသည့် ချင်းလေးကား ပြုံးပြုံး ပြုံးပြုံးနှင့် သဘောကောင်းလှသည်။ သူက အင်္ဂလိပ်စာ ကောင်း၍ ပင်မစတိုမှာ ထားသည်။ အလုပ်ရှုပ်သလောက် ရှိသမျှ ကြီးကြပ်ရေးမှူးများ အနိုင်ကျင့်သမျှ ခံရသည်။ ကျွန်တော်ပင် ရံဖန်ရံခါ လုပ်ကွက်မှာ ပစ္စည်းမရလျှင် သူ့ဆီ တန်းမှာပြီး မြန်မြန် ပို့ခိုင်းရ၏။ ထိုအခါ လုပ်ပေးပါ့မယ် အစ်ကိုရာဟု ဆိုတတ်၏။ လုပ်ကွက်ထဲက ချင်းလေးကျတော့ မြန်မာစကားပင် ရေလည်အောင် နားမလည်။ သူ့အကြောင်း ပို့စ် သတ်သတ် တင်ရဦးမည်။

နောက်လူမျိုးတစ်မျိုးက မွန်။ မော်လမြိုင်၊ မုဒုံ စသဖြင့် စုံနေအောင် ပါသည်။ ရွှေဓူဝံနှင့် တူသော မွန်တစ်ယောက် ပါ၍ သူ့ကို ရောက်စကတည်းက ဓူဝံဟု ကျွန်တော်ခေါ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သည်နေ့ ၁၂.၀၂.၁၁ မှာ မြန်မာပြည် ပြန်သွားသည်။ အလုပ်ထွက်၍ ပြန်ခြင်းပါ။ နောက်အလုပ်ရ၍ ပြန်သည်ဟု လျှို့ဝှက်စကား သိရသည်။ သူနှင့် ပြန်ဆုံဦးမည်ပေါ့။ မနေ့က ကျွန်တော့်ကို ဖုန်းဖြင့် နှုတ်ဆက်သွားသည်။ နောက် မွန်တစ်ယောက်က လုပ်ကွက်ထဲက စတိုမှာ။ သူတို့ စကားဝဲပုံတွေက ကျွန်တော် မနည်းနားထောင်ယူရသည်။

ကရင်လူမျိုးတွေလည်း ကျွန်တော်တို့ လုပ်ကွက်မှာ ရှိ၏။ ကရင်နှစ်သစ်ကူးတုန်းက ကျွန်တော်က ပြက္ခဒိန် ကြည့်ပြီး ပြောမှ သူတို့ သတိရသည်။ မင်းတို့ငါ့ကို မုန့်ကျွေးရမယ် ဟု စတော့ ညနေ Jurong East လာခဲ့၊ တစ်ဝိုင်းကျွေးမယ် အစ်ကိုတဲ့။ ကျွန်တော် ရယ်နေမိသည်။ တကယ်တော့ ကျွန်းပေါ်ကအဆောင်မှာ နေပြီး ပိတ်ရက်မှ အပြင်ထွက်ခွင့်ရသော သူတို့သည် ကြားရက်မှာ ဘယ်မှာ ထွက်နိုင်ပါမည်နည်း။ အလုပ်ကပိ၊ ပြက္ခဒိန်က မရှိ၍ သူတို့နှစ်ကူးကို သူတို့ဘာသာ မေ့နေလေပြီ။

နောက်လူမျိုး တစ်မျိုးက ရှမ်း။ ကောင်လေးတစ်ယောက်က စကားတော်တော်များသည်။ သူရောက်စက တစ်နေရာမှာ သွားငိုက်နေ၍ ကြီးကြပ်ရေးမှူး ဟောက်ဖူး၏။ ခုတော့ ထို ကြီးကြပ်ရေးမှူး၏ လက်ရုံး ဖြစ်နေ လေပြီ။ ဘုန်းကြီးကျောင်း နေခဲ့ဖူး၏။ တော်ရုံမဟုတ်။ အတန်းပညာကို ဘယ်မျှတတ်သည်ဟု ကျွန်တော် မသိရသော်လည်း အားလပ်ချိန်မှာ ကျွန်တော်တို့တစ်တွေ ဘာသာရေးအကြောင်း ဆွေးနွေးနေစဉ် သူသင်ဖူးသော ဗုဒ္ဓစာပေများအကြောင်းပြောတော့ ကျွန်တော်တို့ မျက်လုံးပြူးရသည်။ သူက ဗုဒ္ဓစာပေများကို အတန်းပညာထက်ပိုပြီး ကျွမ်းဝင်သူ ဖြစ်လို့နေ၏။ ပအို့ဝ်လေးတစ်ယောက်ကတော့ WP ကုန်ခါနီး၍ ပြန်ရမည်လား၊ သက်တမ်းတိုးမည်လား မသိသေး။ တလောက ရခိုင်လေးတစ်ယောက်က ပအို့ဝ်မလေး တစ်ယောက်ကို ကြိုက်၍ ထိုပအို့ဝ်လေးထံမှ ဘာသာစကား သင်နေသည်ကို အလုပ်ဆင်းချိန် စတို ကွန်တိန်နာထဲမှာ တွေ့ရသည်။ ကျွန်တော် သဘောကျမိ၏။ ထိုပအို့ဝ်လေး ပြန်လျှင် ဘယ်သူ့ဆီက ဆက်သင်မည် မသိ။

ကချင်နှင့်ကယားတော့ ကျွန်တော်တို့ လုပ်ကွက်မှာ မရှိသေး။ ဗမာတော့ များ၏။ နယ်လည်း စုံသည်။ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် စသဖြင့်။ သည်နေ့ ဓူဝံနှင့်အတူ မန်းကျော်ဟု ခေါ်သည့် မန္တလေးသားလည်း အပြီး ပြန်တော့မည်။ မြင်းခြံသား၊ ကျောက်ပန်းတောင်းသား စသဖြင့် အညာဘက်က လူများလည်း လုပ်ကွက်ထဲမှာ ရှိသေး၏။

သည်နေ့ ဖေဖေါ်ဝါရီ(၁၂)ရက်။ ပြည်ထောင်စုနေ့။ (၆၄)နှစ်ပင် ရှိချေပြီ။ ထိုအခါ ကျွန်တော့် လုပ်ကွက်ထဲမှ တိုင်းရင်းသားများအကြောင်း ပြန်တွေးမိသည်။ ရင်ထဲကိုလည်း သီချင်းတစ်ပုဒ်ရောက်လာ၏။ စောခူဆဲ ရေး၍ ဇော်ဝင်းထွဋ် ဆိုထားသည့် သီချင်း။

ကျွန်တော်သည် Safety Supervisor တစ်ယောက် ဖြစ်ပြီး၊ ဗမာတစ်ယောက် ဖြစ်၏။ ကျွန်တော်တို့ လုပ်ကွက်ထဲရှိ တိုင်းရင်းသားပေါင်းစုံ ဘေးကင်းရေးအတွက် စောင့်ရှောက်နေရသော ကျွန်တော့် အလုပ်အပေါ် ကျေနပ်မိ၏။ ဇော်ဝင်းထွဋ်သီချင်းကိုလည်း ဟိုစဉ်၊ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ကြိုက်ခဲ့ဖူး၏။ ဂျပန်နိုင်ငံသို့ လေ့လာရေး သွားစဉ်က သီချင်းဆိုပြရန် သီချင်းရွေးစဉ် ထိုသီချင်းလေးပါခဲ့သည်။ ယခု အချိန်မျိုးမှာ နိုင်ငံတကာ၌ ရောက်ရှိနေသော တိုင်းရင်းသားများလည်း ခံစား၍ ရမည်ထင်သည်။ 'စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်' ဆိုသော သီချင်းပါ။ ။

ဆူးသစ်
၂၀း၂၀ နာရီ

၁၂.၂.၂၀၁၁(ပြည်ထောင်စုနေ့)




0 comments:

Related Posts Plugin for WordPress, Blogger...