Sunday, February 20, 2011

" ကျွန်တော်တို့သည် " (၁၂)


ကျွန်တော် ငှားနေသောအဆောင်သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ နောက်ဘက်ထဲမှာ။ G-hall ကို ဖြတ်ပြီး အနောက်ဘက် ဆက်သွားလျှင် ကျောင်းနောက်ဘက် မလွယ်ပေါက်ကို ရောက်၏။ ထိုမှတစ်ဆင့် ကြို့ကုန်း ရပ်ကွက်ကို ရောက်သည်။

အဆောင်မှာ ရေချိုးရန် အုတ်ကန်အကြီးကြီး ရှိသည်။ အိမ်သာများလည်း အများကြီးရှိ၏။ မီးကိုတော့ ညမှောင်မှ ပေးသည်။ မီးသီးပဲ ရှိ၏။ မီးချောင်းမရှိ။ ထို့အပြင် ပလပ်ပေါက် မရှိ။ ပလပ်ပေါက်နေရာတွင် ငုတ်စများ ထုတ်ထားတာသာ ရှိ၏။ လျှပ်စစ်မီးဆို၍ ထိုအချိန်က ကျွန်တော်တို့ ဒဂုံမြောက်ပိုင်းမှာ မီးမရသေး။ ပထမနှစ်ကို ဘတ္ထရီမီး၊ ဖယောင်းတိုင်မီးများဖြင့် ကျွန်တော် ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ယခု မီးသီးနှင့် ကြည့်ရသည်က မီးချောင်းမရသော်ငြား တော်ပါသေးလားဟု တွေးမိချင်စရာ။

အဆောင်ဒုက္ခကတော့ ပိုင်ရှင်များက လစာပေးပြီးလည်း မပေးရသေးဘူး အထင်နှင့် ကျွန်တော်တို့ အခန်းမှာ စာ လာလာ ထားသွားခြင်းပင်။ ကျောင်းမှာ ခေါင်းရှုပ်ပြီး ပြန်လာချိန် ထိုစာမျိုး မြင်ရသည်က စိတ်ညစ်ညူးစေ၏။ ကျွန်တော်ရော၊ ကိုအောင်ကျော်သက်ပါ ခဏခဏ သွားတွေ့ရ၏။ ပိုင်ရှင်ကတော့ 'မောင်ဘယ်သူရေ၊ လစာကိစ္စ မေးစရာရှိလို့ လာခဲ့ပါဦး' ဟု ရေးထားတာ လွယ်လွန်းသည်။ ကျွန်တော်တို့ကတော့ ညစ်နေလေပြီ။ ပြီးတော့ ဘာမျှ မဟုတ်။

ညဘက်ဆို အဆောင်အပြင်ထွက်၊ ထမင်းဝယ်စား၊ ပြီးလျှင် စာကြည့်။ စာမေးပွဲနီးသောအခါ ကိုအောင်ကျော်သက်က အိမ်ပြန်နေ၏။ ကျွန်တော်နှင့် ခင်မောင်ရွှေသာ ကျန်သည်။ ခင်မောင်ရွှေလည်း နောက်ပိုင်း သူပိုင်သော လက်ဖက်ရည်ဆိုင် စိတ်မချ၍ ပြန်လိမ့်တော့သည်။

အဆောင်မှာ သန့်ရှင်းရေးလုပ်သော ကလေးလေးတွေလည်း ရှိ၏။ ကျွန်တော့်မှာရှိသော မုန့်တွေ သူတို့ကို ကျွေး၏။ သနားဖို့ကောင်းသလို ခင်ဖို့လည်းကောင်းသည်။ ကိုအောင်ကျော်သက်နှင့် ကျွန်တော် ထမင်း အပြင်ထွက်ဝယ်မစားချင်၍ ပလပ်ကြိုးကို ချိတ်ပြီး ရေနွေးအိုးမှာ ဆန်ထည့်၍ ရေခန်း ချက်သည်ကို ဘေးခန်းက အဆောင်နေ ၀န်ထမ်းတစ်ဦး သွားချွန်သောအခါ ထိုကလေးတွေ လာစောင့် ဖမ်းကြ၏။ မမိ။ နောက်တော့ ကိုအောင်ကျော်သက် ပြန်သွားပြီးချိန်မှာ ကျွန်တော့်ကို သူတို့ချက်သော ထမင်းများယူလာပြီး ကျွေးကြသည်။ တစ်သက်နှင့် တစ်ကိုယ် မျက်ရည်လည်အောင် ခံစားခဲ့ရ၏။ အဆောင်ပိုင်ရှင်၏ စိတ်ဓါတ်နှင့် ကလေးများ၏ စိတ်ဓါတ်၊ ဘေးခန်းက အတူနေ ယောက်ျား တစ်ဦး၏ စိတ်ဓါတ်များကား ဘ၀ထဲက သင်ခန်းစာ ယူစရာများအဖြစ် ကျန်ရစ်ခဲ့လေသည်။

ကျောင်းမှာတော့ ME က ခက်၍ အတန်းထဲက မျိုးခိုင်ဆိုသော သူငယ်ချင်းက ကျူရှင်တက်ရန် သူတို့ သင်နေသော တက္ကသိုလ်ရိပ်သာလမ်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ လာသင်ဖို့ ခေါ်သည်။ သည်လိုနှင့် ထိုကျူရှင်တက်ရင်း သူငယ်ချင်းတွေလည်း တိုးကုန်၏။ မျိုးခိုင်၊ တင်အောင်မိုး၊ မိုးကြီး၊ ထွန်းမျိုးလွင်တို့ကို နာမည် မှတ်မိပြီး ကျန်သူတွေက ရေးတေးတေး။ လင်းလင်းဆိုသော ကောင်မလေး တစ်ယောက်လည်း ပါသေးသည်။

သည်လိုနှင့် အဆောင်လခ၊ ကျူရှင်လခတွေ ကြားမှာ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကို ခါးသီးစွာ ဖြတ်သန်းရတော့သည်။ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ပါ ရလာ၏။ အောက်က ကဗျာပါ။


"ယိုင်နဲ့နေသော ပန်းတိုင်တစ်ခု"

အင်ဂျင်နီယာ
တိုက်တာတွေဆောက်၊ တံတားဆောက်နဲ့
လမ်းဖောက်လမ်းသွယ်၊ ပညာကြွယ်ဘိ
တယ်ဂုဏ်ရှိဆိုပဲ။

ဖြတ်ခဲ့တဲ့လမ်း
ချိုင့်ဝှမ်းပေါများ၊ နေစားတာက
မှိန်ပြပြအိမ်၊ စည်းစိမ်မဲ့ကင်း
ချွေးနဲရရင်းတဲ့ခရီး၊ မငြီးမမော
လျှောက်သောကာလ၊ အိမ်မှစရိတ်
သူ့ရဲ့အိတ်ထဲ၊ ပြည့်သိပ်ဖောင်းကား
ကျူရှင်များ၊ စာသင်ခန်းများ
လမ်းသလားခဲ့တာတွေ
ဘယ်သူတွေသိကြသလဲ။

အရင်းအနှီးများစွာ
ကာလများစွာဖြတ်လို့
ဘီအီးနဲ့ ဘီအတ်ခ်ျ
တစ်ခုခုတပ်ဖို့အတွက်
အသက်တွေလည်းတို၊ လက်တွေလည်းညိုလို့
တူဆိုတူ၊ 'တီ' ဆို 'တီ'
ခပ်တည်တည်နဲ့ မာန်ပြ
နှိပ်ကြ၊ ထုကြ၊ ဆွဲကြရင်း
အဲဒီကာလတွေရဲ့ အစွန်းရောက်ခဲ့ကြမှာပေါ့။

စီမံကိန်းအရာရှိ၊ ဘာအရာရှိ၊ ညာအရာရှိ
ဂုဏ်ထူးဝိသေသကြီးကြီးနဲ့
အင်ဂျင်နီယာကြီး ကြွပါခင်ဗျာဆိုရင်
မျက်နှာကမော့မော့၊ ဟန်ကကြော့ကြော့၊ ခြေလှမ်းက ပေါ့ပေါ့နဲ့
မြူးဆော့တဲ့ စိတ်ကူးထဲကအတွေး
ကွယ်-ဝေးတတ်လိုက်တာ။

လောလောဆယ်မှာ
အင်ဂျင်နီယာ ကျူရှင်လခ၊ ကျောင်းလခ
အဆောင်လခ၊ ထမင်းလခ၊ ကားခစရိတ်
အိတ်ထဲကနေခုန်ထွက်
လူနေမှုစရိတ်အတွက် တွက်ချက်
(အင်ဂျင်နီယာရဲ့ပန်းတိုင်ကြီးလည်း......)
လှုပ်စိလှုပ်စိနဲ့ယိုင်နဲ့လျှက်............။

ကျွန်တော်တို့သည် အင်ဂျင်နီယာဘွဲ့ဟူသော ဘီအီး တစ်လုံးရဖို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရ သူများ ဖြစ်ကြ၏။ ငွေ၊ အချိန်တို့ကို မြှုပ်နှံကာ ဖြတ်သန်းရင်း အရင်းအနှီး မည်မျှကြီးသည်ကို ကျွန်တော်တို့ ဘာသာ သိသူများလည်း ဖြစ်ကြ၏။ ။

ဆူးသစ်
၂၂း၃၀ နာရီ

၂၀.၂.၂၀၁၁

1 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်နော်အကို ဘွဲ့လေးတစ်ခုရဖို့ ရင်းလိုက်ရတာ
အများကြီးရယ် ရလာပြိးတော့လည်း အသုံးချခွင့်ဆိုတာ.......
အားပေးသွားပါတယ်အကို။

Related Posts Plugin for WordPress, Blogger...