Friday, February 4, 2011

"ကျွန်တော်တို့သည်" (၁၁)


ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်တော့ L-6 မှာ။ ဒုတိယနှစ်၏ Section - B မှာ။ ကျွန်တော့်မှာ သူငယ်ချင်းတွေလည်း ပိုတိုးလာ၏။ ရှေ့မှာပြောခဲ့သော သွင်ကြီးဟုခေါ်သည့် သွင်မောင်မောင်၊ ဂျယ်ကြီးဟု ခေါ်သည့် စိုးမင်းဆက်တို့ အပြင် ပြည်စိုးဟု ကျွန်တော်တို့ ခေါ်သော ပြည်စိုးထွန်းဆိုသည့် သူငယ်ချင်းပါ ထပ်တိုးလာ၏။ မင်းဘုန်းလှိုင်က Section - A ရောက်သွားပြီး၊ ကျွန်တော်က သွင်ကြီးတို့၊ ပြည်စိုးတို့နှင့် ပိုတွဲ ဖြစ်သည်။ ထို့ပြင် 'ဘဲဥ' ဆိုသည့် ကာတွန်းရုပ်ဖြင့် အောင်မြင်သော ကာတွန်းဆရာ ကိုမောင်မောင်၏သား ဆွေဆက်ကပါ ကျွန်တော်တို့နှင့် တစ်အုပ်စု တည်း။ နောက်တော့ ဆွေဆက်သည် ကျောင်းပြောင်းပြီး ရူပဗေဒ ဘာသာရပ်ကို ပြောင်းယူ ခဲ့တော့၏။ သူက သူ့ အစီအစဉ်နှင့် သူ။

ကျွန်တော်က ကျောင်းအဆောင် မရသောအခါ ကျောင်းတက်ပြီး နှစ်လလောက်နေတော့ ကျောင်းနောက် က အပြင်ဆောင် တစ်ဆောင်မှာ ငှားနေဖြစ်ခဲ့၏။ သည်တုန်းက ကျွန်တော်တို့ ဒဂုံ၊ မြောက်ဥက္ကလာ အုပ်စုထဲက ကိုအောင်ကျော်သက်နှင့် ခင်မောင်ရွှေက ကျွန်တော်နှင့် အတူတူ အပြင်ဆောင် ငှားနေသည်။ သူတို့ နှစ်ဦးစလုံးက ကျွန်တော့်ထက် အသက်ကြီး၏။ ခင်ဖို့လည်း ကောင်းသည်။ ရိုးလည်းရိုး၊ အေး လည်း အေးကြ၏။ ကျွန်တော်နှင့် စာအတူတူ လုပ်ဖြစ်ကြသည်။

မနက်မိုးလင်း အဆောင်ကထွက်လျှင် ကျွန်တော်တို့ စုရပ်က နွေးအေး (သို့မဟုတ်) ၀ါဝါဦး လက်ဖက် ရည်ဆိုင်။ နွေးအေးကိုတော့ နွမ်ဂျာသိုင်းတို့၊ မောင်စိန်ဝင်း (ပုတီးကုန်း)တို့ ၀တ္ထုတွေ ဖတ်ဖူးသူဆို သိကြမည်။ ရာဇ၀င်ထဲက နွေးအေးဖြစ်သည်။ ဘယ်တုန်းကတည်းက စခဲ့သည် မသိ။ ၀ါဝါဦးကတော့ ကျွန်တော်တို့ နှစ်များ၏ အမှတ်တရ၊ အထင်ကရ ဖြစ်စရာ တစ်ခုတည်းသော လက်ဖက်ရည်ဆိုင်။

နွေးအေးသည် ဂျီဟော(G Hall) ဘက်ကလာလျှင် ညာဘက်အစွန်နား၊ ၀ါဝါဦးက ဘယ်ဘက် အစွန်။ စာကြည့်တိုက်၊ ကားပတ်ကင်ဘက်ကလာလျှင် ၀ါဝါဦးက ညာဘက်အဆုံး၊ နွေးအေးက ဘယ်ဘက်အဆုံး။ ကျွန်တော်တို့ ကျောင်းတက်ချိန်က ပဲထမင်း၊ မြေပဲထမင်း၊ လက်ဖက်ထမင်း စသဖြင့် ၁၂ကျပ်လောက်နှင့် ပွဲဖြစ်သည်။ မနက်ဘက်ဆို တစ်ပွဲလောက်စားပြီး ကျောင်းတက်၊ နေပေတော့ နေ့လယ်အထိ။

အဲ - လက်ဖက်ရည် သောက်ချင်လျှင်တော့ ၀ါဝါဦးက ကျွန်တော်တို့ ရင်ဘတ်ထဲ အငြိဆုံး။ နွေးအေးက ကက်ဆက်သံ မကြားရ။ ဘာလို့လဲ မသိ။ ကျောင်းဘက်နီး၍ ဖြစ်နိုင်သည်။ ၀ါဝါဦးက ကားလမ်းဘေး၊ ဘောလုံးကွင်းဘက် ကျ၍လားမသိ။ Box ကြီး အကြီးကြီးနှင့်ကို ဆော်သည်။ စာသင်၍ ခေါင်းရှုပ်လျှင် ၀ါဝါဦးက ကျွန်တော်တို့နှင့် ကိုက်သည်။ လက်ဖက်ရည်လည်း ကောင်း၏။ သီချင်းနားထောင်ပြီး အစွန်ဘက် စားပွဲလေးမှာ ဟိုငေး၊ သည်ငေး လုပ်ရင်း (ကျောင်းသူတွေလည်း ငေးခဲ့ တာပေါ့ဗျာ) ပြောချင်ရာပြော၊ ရယ်ချင်ရာ ရယ်ခဲ့၏။ စာအကြောင်း၊ ဘ၀အကြောင်း၊ အနုပညာ အကြောင်းများလည်း ပါ၏။

ထိုစဉ်က လေးဖြူ၏ 'ပင်လယ်အော်သံ' အခွေထွက်သည်။ 'အသည်းကွဲ သီချင်းသစ်' နှင့် 'အလွမ်းများ' သီချင်းများက ကျွန်တော်တို့ ရင်ဘတ်ကို ၀ုန်းခနဲ ဆောင့်၏။ ၀ါဝါဦးမှာ ကျွန်တော်တို့က ကိုလေးဖြူနှင့် ငြိမ့်သည်။ ပြီးတော့ 'အသက်ထက်ဆုံး' အခွေနှင့် အောင်မြင်ခဲ့သော 'ဗလ' က 'ယဉ်တစ်ကိုယ်မိုး' အခွေထွက်လာသည်။ ထိုအခွေထဲက 'သိချင်တယ်' ဆိုသော သီချင်းက ကျွန်တော့် အကြိုက်။ ရွှေဂျော်ဂျော် ရေးသည် ထင်၏။

နောက်တော့ မြန်မာ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကာ ကျွန်တော်တို့ ကျောင်းထဲက လက်ဖက်ရည် ဆိုင်များမှာပင် အားလုံးလိုလို မဖွင့် မနေနိုင်၊ များသောအားဖြင့် ဖွင့်ချိန်ချင်းပင် တူတတ်သော ကက်ဆက်ခွေ တစ်ခွေ ပေါ်လာပြန်၏။ ထိုအခွေကား အခွေနာမည်နှင့် လိုက်အောင် နေရာ ယူလွန်းသော 'ဗဒင်' ၏ 'နေရာ' ခွေ။ ကောင်းလည်း ကောင်းသည်။ ကျွန်တော်တို့မှာ စာသင်၍ ခေါင်း ရှုပ်လျှင် လေးဖြူ၊ ဗဒင်၊ ဗလ တို့နှင့် ရှင်းထုတ်လိုက်သည်။ ထိုအထဲကမှ မိန်းကလေးအခွေ တစ်ခွေက ထပ်ပေါ်လာသေးသည်။ ကျောင်းက ဆိုင်တချို့ စဖွင့်လာ၏။

ကျွန်တော့် သူငယ်ချင်း ပြည်စိုးက ပြောသည်။ 'အဲဒီအခွေပေါက်လိမ့်မယ်၊ သူ့နာမည်နဲ့ အခွေ နာမည်ကိုက ပေါက်မှာဗျ' လို့ ပြောတော့ ကျွန်တော် နားမထောင်ဖူး၍ 'ဘယ်သူလဲ' ဟုမေးတော့ 'အေးချမ်းမေ တဲ့ဗျ၊ အခွေ နာမည်က ပျော်ရွှင်ခြင်းနိုင်ငံတဲ့' ဟုဆိုသည်။ တကယ်လည်း ထပေါက်ခဲ့သည်။ ပြည်စိုးစကား သွေးထွက်အောင် မှန်၏။

ထိုစဉ်က သီချင်းတွေက အပြိုင်အဆိုင်။ ကျွန်တော်တို့ ကျောင်းမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင်နှင့်။ သည်လို အရသာများ ရှိမှတော့ Library ဆိုတာကို ခြေဦးလှည့်ဖို့ ခက်တော့သည်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းက စာကြည့်တိုက် ဆိုသည်ကလည်း ကျွန်တော် ကျောင်းစရောက်စက ထင်ထားသလို ကျွန်တော်တို့ ဖတ်ချင်သော ၀တ္ထုများ၊ သုတ၊ ရသများ ရတာမဟုတ်။ အားလုံး Technical Book များသာ။ ကျွန်တော့် အထင်လွဲသွားတာ ကျောင်းတက်ရင်း သိလာသည့်အခါ၌ သူငယ်ချင်းများ ရံဖန်ရံခါ စာလုပ်ရန်နှင့် သင်နေရသော ဘာသာရပ်မှ လိုအပ်လျှင် စာအုပ်ငှားရန် အချိန်လောက်သာ ရောက်တော့သည်။ မိမိဖတ်လိုသော စာအုပ်တစ်အုပ်ကို တရှိုက်မက်မက်နှင့် ထိုင်ဖတ်နေရလောက်အောင် သွားချင်သည့် စာကြည့်တိုက်မျိုးဟု ကျွန်တော် မခံစားတတ်ခဲ့။ ကျွန်တော်က ဂန္ထ၀င်စာအုပ်များ၊ သုတ၊ ရသများကို ထိုစဉ်က တော်တော် ဖတ်ချင်နေခဲ့ပြီ ဖြစ်လေသည်။

ကျွန်တော်တို့သည် သူငယ်ချင်းများနှင့် ၀ါဝါဦးမှာ၊ နွေးအေးမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ကြ၏။ ကျွန်တော်တို့ ဦးနှောက်၏ မွန်းကျပ်မှုကို ထိုနေရာများမှာ ဖောက်ထုတ်ခဲ့ကြ၏။ ကျွန်တော်တို့၏ ရင်ဘတ်များသည် အနုပညာကို ခံစားရင်း ပို၍ နီးကပ်ခဲ့ကြ၏။ ပို၍ သံယောဇဉ်ကြီးခဲ့ကြ၏။ ကျွန်တော်တို့အတွက် ထားခဲ့သော စာကြည့်တိုက်သည် ကျွန်တော်တို့ ဦးနှောက်ကို သစ်လွင်တောက် ပစေခဲ့သည့် အရာ ဖြစ်သည်ဆိုလျှင် ထို လက်ဖက်ရည်ဆိုင်များကတော့ ကျွန်တော်တို့ နှလုံးသားများကို အစဉ်ထာဝရ နုပျိုလန်းဆန်းနေစေခဲ့သည့် အရာများ ဖြစ်ခဲ့သည်ဟု ကျွန်တော် ဆိုချင်သည်။ ထိုအချက်ကို ကျွန်တော့်သူငယ်ချင်းများ ငြင်းမည် မဟုတ်သည်ကို ကျွန်တော် ယုံကြည်ပြီးသား။ ပြန်တွေးသည့် အခါတိုင်း ကျွန်တော်တို့ နှလုံးသားမှာ ၀ါဝါဦးတို့၊ နွေးအေး တို့က နွေးထွေးနေဆဲ မဟုတ်လား။ ။


ဆူးသစ်၂၀း၅၂ နာရီ
၎.၂.၂၀၁၁

0 comments:

Related Posts Plugin for WordPress, Blogger...